အမြင်မကြည်လင်စရာများနှင့် ဝေဿန္တရာ
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဖဇိတေန န သေ၀ိတဗ္ဖာ အစရှိတဲ့
တရားတော်မြတ်တွေကို ဟောကြားနိုင်တဲ့ ဘုရားဖြစ်သို့ ရောက်ရှိဖို့အတွက်
ပေးဆပ်ခဲ့ရတာတွေက အင်မတန်မှကို များပြားလွန်းလှပါတယ်။ ဒီလိုများပြားလွန်တဲ့အထဲက
ဝေဿန္တရာမင်းဘ၀ တစ်ခုကိုပဲ သေချာစေ့ငုစွာ လေ့လာကြည့်ရှုမယ်ဆိုရင်
ရှင်တော်မြတ်ဘုရားရဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုတွေကို
နားလည်ခံနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အချို့အချို့သော ပုဂိုလ်တွေကတော့
ဝေဿန္တရာမင်းကြီးကို အမြင်မကြည်လင်ကြပါဘူး။ အကြောင်းပြချက်ကတော့ သားမယားကို
ပေးလှုတာဟာ လူကုန်ကူးမှုဥပဒေနဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့
ညှိစွန်းနေလို့ပါတဲ့။
သားတော်ဇာလီက ခမည်းတော် သင်ခမည်းတော်သည်
ဆင်းရဲခြင်းသို့ရောက်ကုန်သော အကျွန်ုပ်တို့ကို တွေ့မြင်နေပါလျှက် လူသူမရှိသော
တောကြီးမြိုင်ယံထဲမှာ ဘီလူးကဆောင်ယူသည်ရှိသော် တားမြစ်တော်မမူပေ။ သင်ခမည်းတော်၏
နှလုံးတော်သည် ကျောက်ခဲအတိ ဖြစ်လေဘိသလော ရယ်လို့ ပြောခဲ့သေးတာမို့ ဘေးက သာမာန်လူတွေ
ဒီလိုရှု့မြင်ကြတာဟာ အပြစ်တော့လဲ မဆိုသာပြန်ပါဘူး။
ဒီလိုမျိုး ဝေဿန္တရာမင်းကြီးကို
အမြင်မကြည်လင်ကြသူတွေထဲမှာ မိလိန္ဒမင်းကြီးလဲ ထိပ်ဆုံးကနေ ပါရှိပါတယ်။
အရှင်နာဂသေနနဲ့ ဓမ္မအကြောင်းတွေ ဆွေးနွေးပြောဆိုတဲ့အခါမှာ ဝေဿန္တရာမင်းကြီးဟာ
သားမယားကို ပေးလှုတာဟာ ပညာဥာဏ်အမျှော်အမြင် အဆင်အခြင်ကင်းမဲ့ပြီး ပေးလှုတဲ့
အလှုဟာလဲ လွန်ကဲလွန်းတယ်။ လွန်ကဲတဲ့အလုပ်ဆိုတာ မကောင်းဘူး။ ပညာရှိဆိုတာ
လွန်ကဲတဲ့အလုပ်ကို မလုပ်ဘူး။ အစချီပြီးတော့ ဥပမာဥပမေယျများစွာနဲ့
ဝေဿန္တရာမင်းကြီးကို အပြစ်တင်စကားပြောဆိုခဲ့ပါတယ်။
အများစုသောသူတွေဟာ သားတော်ဇာလီနဲ့ သမီးတော်
ကဏှာဇိန်ကို ဇူးဇကာပုဏားက ရိုက်ပုတ်ကာ ခေါ်ဆောင်သွားတာတွေကို မင်းဘူးဦးသြဘာသနှင့်
ရွှေမန်းတင်မောင်တို့ရဲ့ အတင်အပြကောင်းတာကြောင့် မျက်စိရှေ့အောက်မှာ
မြင်တွေ့တွေ့နေရသလို ခံစားကြရတာမို့ ဇာလီနှင့် ကဏှာဇိန်ကို ကရုဏာသက်ပြီး
ဝေဿန္တရာမင်းကြီးကို အမြင်မကြည်ကြတော့တာလို့ ဦးဇင်းကတော့ ထင်ပါတယ်။
တကယ်တော့ မိလိန္ဒမင်းကြီးပြောခဲ့သလို
ဝေဿန္တရာမင်းကြီးဟာ အဆင်ခြင်ဥာဏ်ပညာ ကင်းမဲ့လို့ လွန်လွန်ကဲကဲ အလှုကို
ပေးလှုတာလဲမဟုတ်ပါဘူး။ အများထင်သလို သားမယားအပေါ်ကို မညှာမတာမထောက်မထား
ရက်ရက်စက်စက်နဲ့ မျက်နှာလွှဲခဲပစ် ပေးလှုခဲ့တာလဲ မဟုတ်ပါဘူး။ အလှုပေး အလှုခံ
အလှုခံရတဲ့သူ အားလုံးသောသူများ အကျိုးထူးရရှိခံစားနိုင်တယ်လို့
ဆင်ခြင်စဉ်းစားပြီးမှ ပေးလှုခဲ့တာပါ။
ဇာလီနဲ့ကဏှဇိန်ကို မပေးလှုခင်မှာ ငါ၏
အလှုဝတ္တရားသည်လည်း မယုတ်လျော့ခြင်းဖြစ်လတ္တံ့။ တောထဲတောင်ထဲမှာ တောသစ်ဥ တောသစ်ဖု
တောသစ်သီးစားပြီး ဆင်းဆင်းရဲရဲ နေထိုင်ကြရတဲ့ သားတော်သ္မီးတော်တို့လဲ
ဘိုးတော်သိဉ္စည်းမင်းကြီးက ပုဏားလက်မှ ရွေးထုတ်ပြီးတော့ နန်းတော်မှာ
ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ပြီး ချမ်းချမ်းသာသာထားလတ္တံ့။
ငါနှင့်မဒ္ဒီသည်လည်း ဒီအလှုကို အကြောင်းပြုပြီးတော့ နန်းတော်ကို ပြန်ဝင်ရလတ္တံ့လို့
သေချာတွေးတောဆင်ခြင်ပြီးမှ ဒီအတိုင်းလဲ တကယ်ဖြစ်မယ်ဆိုတာ သေချာသိလို့
သားသ္မီးအတွက်ပါ အကျိုးရှိလို့ သားသ္မီးရဲ့ ရှေ့ရေးကို ဆင်ခြင်စဉ်းစားပြီးမှ
ပေးလှုခဲ့တာပါ။
ကျောင်းမသွားချင်တဲ့ မိမိရဲ့ ငါးနှစ်အရွယ်
သားသမီးငယ်လေးတွေကို ရိုက်နှက်ပြီးတော့ ကျောင်းပို့ပေးရတဲ့ သဘောကို
သေချာဆင်ခြင်စဉ်းစားရင် ဝေဿန္တရာမင်းကြီးကို နားလည်ခံစားနိုင်မယ်ဆိုတာ
သေချာပါတယ်။
ဝေဿန္တရာမင်းကြီးဟာ မိမိရဲ့ မိသားစုအတွက်တင်မဟုတ်ပဲ
ဇူဇကာပုဏားရဲ့အတွက်ပါ အကျိုးရှိအောင် သေချာစီမံခန့်ခွဲပြီးမှ ပေးလှုခဲ့တာလဲ
ဖြစ်ပါတယ်။
ချစ်သားဇာလီ သင်ချစ်သား၏ ဘိုးတော်မင်းကြီးသည်
ပုဏားလက်မှ ဥစ္စာပေး၍ ရွေးနုတ်ခဲ့ရင် သင်ချစ်သားကို ရွှေစင်နိက္ခတစ်ထောင်ပေး၍
ရွေးနုတ်ပါစေ။ ကဏှာဇိန်ကို ရွေးနုတ်ခဲ့ရင် ကျွန်ယောကျာင်္းတစ်ရာ ကျွန်မိန်းမတစ်ရာ
ဆင်တစ်ရာ မြင်းတစ်ရာ နို့ညှစ်နွားမတစ်ရာ နွားလားဥဿဖတစ်ရာ ရွှေစင်နိက္ခတစ်ရာ
ဤသို့အလုံးစုံတစ်ရာစီအားဖြင့် စုစုပေါင်းခုနှစ်ရာပေး၍ ရွေးနုတ်ပါစေ။ ချစ်သာဇာလီ
သင်တို့၏ အဘိုးသည် သင်ချစ်သားတို့ကို ပုဏားလက်မှ အကယ်၍များ မင်းအာဏာဖြင့်
အချည်းနှီးအလကား ပုဏားကို ဘာမှမပေးပဲ ယူလေငြားအံ့။ သင်ချစ်သားတို့သည်
ဘိုးတော်မင်းကြီးရဲ့စကားကို မလိုက်နာကြကုန်လင့်။ ပုဏားသို့သာ အစဉ်လိုက်ကြကုန်လော့ဟု
ပုဏားအတွက်ပါ သေချာစဉ်းစားပြီးတော့ သားတော်ကို အသေအချာ
မမေ့မလျော့မှာလိုက်ပါတယ်။
ဘိုးတော်မင်းကြီးနဲ့ တွေ့တဲ့အခါမှာ သားတော်ဇာလီဟာ
ဘိုးတော်မင်းကြီးကို အမှာစကားကို သေချာပြန်ပြောပြပါတယ်။ ဘိုးတော်မင်းကြီးကလဲ
မှာလိုက်တဲ့အတိုင်းအပြင် အပိုတောင်ဆုချပါသေးတယ်။
ဘိုးတော်မင်းကြီးက ဝေဿန္တရာမင်းကြီးကို
သွားခေါ်တဲ့အခါမှာ သားတော်ဇာလီရော သမီးတော်ကဏှာဇိန်ပါ တောထဲကို လိုက်သွားကြပါတယ်။
ပြီးတော့ တစ်သက်လုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဥမကွဲသိုက်မပျက်
ဆက်လက်နေထိုင်သွားကြပါတယ်။
ဒီလိုမျိုး နေထိုင်သွားပုံကို ထောက်ရှု့ရင်
သားတော်သမီးတော်ပါ ခမည်းတော်ဝေဿန္တရာမင်းကြီးအပေါ်ကို အပြည့်အဝ
နားလည်ခံစားပေးနိုင်တဲ့ သဘောပါ။ ဒီလိုမဟုတ်ရင် ဘယ်မှာ ဒီအတိုင်း ဇာတ်လမ်းက
အဆုံးသတ်ပါ့မလဲ။
မိလိန္ဒမင်းကြီးနဲ့ ဓမ္မအကြောင်းဆွေးနွေးပွဲမှာ
ဇူဇကာလို ပုဏားအိုတစ်ယောက်ဟာ ဝေဿန္တရာလို ဘုန်းကံကြီးမား ထင်ပေါ်ကျော်ကြားတဲ့
ဘုရင်တစ်ပါးရဲ့ သားနဲ့သမီးကို ကျွန်အဖြစ် အသုံးပြုနိုင်တဲ့ အစွမ်းအစမရှိဘူးဆိုတာ
အသေအချာသိလို့ ဝေဿန္တရာမင်းကြီးဟာ ဇူဇကာကို သားတော်သမီးတော်တို့ကို
ပေးလှုခဲ့တာပါအစချီပြီးတော့ ဥပမာဥပမေယျများနဲ့ ရှင်းပြခဲ့ပါသေးတယ်။
အခုခေတ်လူကုန်ကူးတာဟာ ဘယ်သူသေသေ ငတေမာရင်ပြီးတာပဲ။
ဘယ်သူဘာဖြစ်ဖြစ် ငါချမ်းသာရင်ပြီးတာပဲဆိုတဲ့ ယုတ်ညံ့တဲ့ တစ်ဘို့ထဲစိတ်ဓာတ်နဲ့
လုပ်နေကြတာပါ။
ဝေဿန္တရာမင်းကြီးဟာ ဒီလိုယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့
လုပ်ခဲ့တာမဟုတ်ပါဘူး။ အများချမ်းသာရေးအတွက် လုပ်ခဲ့ရတာပါ။ အသွင်သဏ္ဍာန်အားဖြင့်
တူညီတူညီပါလိမ့်မယ်။ သို့သော် အတွင်းအနှစ်သာရကတော့ (ရိုင်းရိုင်းပြောရရင်)
နံ့သာဆီနဲ့ ချီးဆီလို အရာရာမှာ ကွဲပြားခြားနားပါတယ်။
အခုခေတ် လူကုန်ကူးတယ်ဆိုတာဟာ ရောင်းခံရသူအတွက်
အကျိုးမဲ့ဖြစ်စေပေမယ့် ဝေဿန္တရာမင်းကြီး ပေးလှုခဲ့တာက ဘယ်သူ့ကိုမှ
အကျိုးမဲ့မဖြစ်စေခဲ့ပါဘူး။
ဘုရားဖြစ်ပြီးမှတောင် ငါသည် နှစ်ယောက်ကုန်သော
သားငယ်သ္မီးငယ်တို့ကို မုန်းသည်မဟုတ်၊ မဒ္ဒီမိဖုရားကိုလည်း မုန်းသည်မဟုတ်၊ ငါသည်
သဗ္ဖညုတဥာဏ်တော်ကို ချစ်ခင်အပ်၏။ ထို့ကြောင့် ချစ်လှစွာသော သားမယားတို့ကို
ငါပေးလှုဘူးခဲ့လေပြီ ဟု မိန့်တော်မူခဲ့ပါတယ်။
ရှင်တော်မြတ်ဘုရား သဗ္ဖညုတဥာဏ်ကို ချစ်တယ်ဆိုတာလဲ
သူ့တစ်ယောက်ထဲအတွက် မဟုတ်ပါဘူး။ အများအတွက်ပါ။ သူ့တစ်ယောက်ထဲအတွက်ဆိုရင် ဒီလောက်
ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ပါရမီတွေ ဖြည့်နေဖို့မလိုတော့ပါဘူး။
ဒီပင်္ကရာဘုရားရှင်ရဲ့ ရှေ့မှောက်မှာပဲ အရဟတ္တမဂ်ဥာဏ်ကို ရယူပြီးတော့
ပရိနိဗ္ဖာန်စံဝင်လိုက်ရုံပါပဲ။
ရှင်တော်မြတ်ဘုရားဟာ ပါရမီဖြည့်စဉ်
ကာလရှည်ကြီးထဲမှာ ငါ့ဖို့ ငါသား ငါ့သ္မီး ငါ့မယားဖို့ဆိုတဲ့ အတွေးကို မတွေးခဲ့
မလုပ်ခဲ့ပါဘူး။ အများချမ်းသာရေးအတွက်ပဲ ရှေ့ရှု့ပြီးတော့ တွေးခဲ့လုပ်ခဲ့တာပါ။
သတ္တ၀ါတွေရဲ့ ပါးပြင်ထက်က စီးဆင်းနေတဲ့
မျက်ရည်စက်တွေကို ရပ်တန့်သွားစေချင်လို့ မျက်ရည်စတွေရဲ့အောက်မှာ
ဒူးမထောက်လက်မမြှောက်ခဲ့တာပါ။
ရှင်တော်မြတ်ဘုရားဟာ အများအတွက်ဆိုရင် မိမိရဲ့
သားမယားကိုမဆိုထားနဲ့ မိမိရဲ့အသက်နဲ့ခန္ဒာကိုယ်ကိုတောင်မှ စွန့်လွှတ်ခဲ့တယ်ဆိုတာ
ဗုဒ္ဒစာပေလေ့လာ လိုက်စားဘူးသူတိုင်း သိနိုင်ပါတယ်။
အများအတွက် မိမိရဲ့ အသက်ကို စွန့်လွှတ်တဲ့အလုပ်ဟာ
ဂုဏ်ယူစရာကောင်းတယ်လို့ ခံယူထားကြတယ်ဆိုရင် ဝေဿန္တရာမင်းကြီးကို
အမြင်မကြည်လင်စရာမရှိတော့ဘူးလို့ ဦးဇင်းကတော့ ထင်ပါတယ်။
(စက်က စာလုံးတိုင်းမထွက်လို့
ဖြစ်သလိုရိုက်ထားရပါတယ်။ သည်းခံပြီး ဖတ်ရှု့ပေးကြပါကုန်)
………………………………………………………………………………………………မိုးသု(မန္တလေး)