Sunday, August 4, 2013

သူတို့စိတ်နှင့် အများဆန္ဒ



သူတို့စိတ်နှင့် အများဆန္ဒ
(မျိုးစောင့်ဥပဒေကို လေ့လာသုံးသပ်ခြင်း)

သီတင်းလေးပတ်ခန့် ဟော့တ် နယူးစ် (Hot News) ဖြစ်နေခဲ့တဲ့ မျိုးစောင့်ဥပဒေနှင့်စပ်တဲ့ အစ်ရှူး (issue) အင်းစိန်သံဃာ့ညီလာခံကြီးအပြီးမှာ ငြိမ်သက်သွားခဲ့တယ်။ ထိုသံဃာ့ညီလာခံကြီးကို သံဃာတော် များက ဦးဆောင်၍ ကျင်းပပြုလုပ်တာဖြစ်ပြီး ဓမ္မ၀ိနယနှင့်အညီ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ကြလို့ “ညီညွတ် ခြင်းသည် အင်အား↔ဆိုတဲ့ သံဃသမဂ္ဂီ သဘောထားကို ပေါ်လွင်ထားရှားစေခဲ့တယ်။ တိုင်းပြည်မှာ ငြိမ်ချမ်းရေး တည်ဆောက်နေဆဲ အချိန်အခါဖြစ်လို့ ငြိမ်းချမ်းရေးကို လိုလားတော်မူကြသော သံဃာတော် များအား ကြိုဆိုမိခြင်းပါ။

ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကိစ္စမျိုးဆိုတာ လွယ်ကူလှတဲ့ အရာမျိုးတော့မဟုတ်ပါ။ တခါတရံမှာ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဆောင်ရွက်တာမျိုးဖြစ်ပေမဲ့ တချို့ကိစ္စတွေမှာ မငြိမ်းမချမ်း ဖြစ်သွားတတ်တာ မျိုးတွေလည်း ရှိနေတတ်ခြင်းပါ။ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ များစွာရှိကောင်းရှိပါလိမ့်မယ်။ သို့သော် အဲဒီထဲမှ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်း တွေကတော့ – အမြင်မတူတဲ့ အတွေးတွေ၊ ယဉ်ကျေးမှုခြင်းမတူတဲ့ လူ့ပတ်ဝန်းကျင်၊ သင်ကြားတတ်မြောက်ထားတဲ့ မတူညီတဲ့ ဘာသာရပ်၊ ဖြတ်ကျော်ခဲ့ရတဲ့ ခြားနားတဲ့ ဘ၀ခရီး၊ သင်ယူလေ့လာထားတဲ့ မတူညီတဲ့ လူ့သမိုင်း၊ ကွဲပြားခြားနားတဲ့ ဘာသာယုံကြည်ကိုးကွယ်မှု စတဲ့ ဒီလို မတူကွဲပြားမှုတွေ ရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းခြင်းဆိုတဲ့ သဘာဝ တရားနှင့် မငြိမ်ချမ်းခြင်းဆိုတဲ့ သဘာဝတရား နှစ်ခုအကြား အားပြိုင်မှုတွေဆိုတာ ရှိမြဲရှိနေမှာပါ။

ကိုယ့်အမြင်၊ သူ့အမြင်၊ ကိုယ့်ဆန္ဒ၊ သူ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အမြူတေ လို့ဆိုရမှာပါ။ သို့သော် ကိုယ့်ဆန္ဒကို သဘောကျ ထုတ်ဖေါ်ပြောဆိုခြင်းကိုသာ လူ့အခွင့်အရေးထင်ပြီး အများ ဆန္ဒကို အများသဘောကျ ထုတ်ဖေါ်ပြောဆိုခြင်းကိုမူ လူ့အခွင့်ရေး ချိုးဖေါက်သည်ဟု ထင်မြင် ယူဆသူ တွေကလည်း ရှိနေလေတော့ လွတ်လပ်မှုရှိရမည်ဆိုတဲ့ ဒီမိုကရေစီစနစ်ရဲ့အမြူတေကိုေ၀၀ါးသွားစေခြင်းပါ။ ̏လူ့အခွင့်ရေးစကားကို များများပြောဆိုနေသူသည် လူ့အခွင့်အရေးကိစ္စများ၌ ကိုယ်တိုင်က ချိုးဖေါက်နေမိ တတ်၏။ ဒီမိုကရေစီစကားကို လိုသည်ထက်ပို၍ ပြောနေသူသည် ကိုယ်တိုင်က အာဏာရှင်စနစ်ကို ကျင့်သုံး နေမိတတ်၏˝ တဲ့။ ခေတ်သစ်ပညာရှင်တို့၏ အယူအဆပါ။ ထိုအဆို၏ မှားခြင်း၊ မှန်ခြင်းကို ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်ဆင်ခြင်နိုင်ဖို့ပါ။

မျိုးစောင့်ဥပဒေနှင့်စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ပေါ်ထွက်လာခဲ့တယ်။ သုံးသပ်ပုံခြင်း မတူညီကြ၍ ကမ္ဘာ့လူ့သားများအလယ်မှာ စိတ်ဝင်းစားဖွယ်ကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဒီမိုကရေစီစနစ် အောက်မှာ ကိုယ့်ဆန္ဒ၊ သူ့ဆန္ဒကို ထုတ်ဖေါ်ပြောကြားခွင့်များ ရရှိကြ၍ ကျေနပ်မိခြင်းပါ။ သို့သော် လူ့အခွင့်ရေး စကားကို များများ ပြောဆိုပြီး၊ ဒီမိုကရေစီစနစ်ရဲ့ ကျင့်ထုံးကို လေးစားလိုက်နာသင့်သည်ဟု တွင်တွင်ကြီး ပြောဆိုနေသူများသည် ဒီမိုကရေစီစနစ်နှင့်အတူ မွေးဖွားလာတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ ဒီမိုကရေစီ ကျင့်ထုံးကို မေ့ထားကြဟန်တူ၏။ အများဆန္ဒဖြစ်တဲ့ မျိုးစောင့်ဥပဒေကို လွတ်တော်သို့ တင်သွင်းမည့်ကိစ္စ၌ ကန့်ကွက်ရှုတ်ချနေကြသည်ကို တွေ့ရှိကြရသည်။ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်မို့ ကြိုဆိုပါသည်။ သို့သော် ဝေဖန်ပြောဆိုရာ၌ ကြောင်းကျိုးယုတ္တိဆီလျှော်၍ သုံးနှုံးပြောဆိုသောစကားတို့၌ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ အဆင့်ရှိဖို့တော့လို၏။

အမျိုးသမီးများ လက်ထပ်ခြင်းကိစ္စနှင့်စပ်သော မျိုးစောင့်ဥပဒေမျိုးဆိုတာ အမျိုးသမီးများကသာ ရေးဆွဲကြရမှာဖြစ်သည်ဟု ယူဆထားသူတွေလည်း ရှိနေခြင်းပါ။ ထိုအဆို (သို့မဟုတ်) ထိုအယူ အဆသည် သီအိုရီသဘောအရ မှန်းကောင်း မှန်နိုင်သော်လည်း ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်သုံးသပ် ပြောဆိုရလျှင် ထိုအဆိုကို မှန်သည်ဟုပြောဖို့ခက်၏။ အဘယ့်ကြောင့်ဆိုသော် ယနေ့ပြည်သူများအကြား ပြဌာန်းပေးထားသော ဥပဒေများကို ခြုံငုံသုံးသပ်ကြည့်လျှင် ဥပဒေအမျိုးအစား (၂)မျိုးကို တွေ့ရှိနိုင်သည်။
နံပတ် (၁) ဥပဒေအမျိုးအစားက  ကိုယ်တိုင်က (ဥပဒေပညာရှင်များနှင့် နိုင်ငံခေါင်းဆောင်များက) ဥပဒေကို ရေးဆွဲပြဌာန်း၍ ကိုယ်တိုင်လည်းလိုက်နာရသောဥပဒေမျိုး၊ နံပတ် (၂) ဥပဒေအမျိုးအစားက ဥပဒေကို ကိုယ်တိုင်က (ပြည်သူလူထုက) ရေးဆွဲထားသူမဟုတ်သော်လည်း လိုက်နာရသောဥပဒေ ဟူ၍ ဥပဒေ အမျိုးအစား နှစ်မျိုးရှိကြောင်း တွေ့ရှိနိုင်သည်။

ဥပမာ၊ အဲနီးမဲလ် ရိုက်တ် (Animal Right) တိရစ္ဆာန်များအခွင့်အရေးအတွက် ကာကွယ်ပေးထား သောဥပဒေကို တိရစ္ဆာန်များက ရေးဆွဲထားခြင်းမဟုတ်ကြောင့် သိမြင်နိုင်ခြင်းပါ။ ယာဉ် စည်းကမ်း၊ လမ်းစည်း ကမ်းနှင့်ဆိုင်သော ဥပဒေများကို ယာဉ်မောင်းသူများက ရေးဆွဲထားခြင်းမျိုး မဟုတ် သည်ကိုလည်း လေ့လာ သိရှိနိုင်ခြင်းပါ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် အမျှော်အမြင်ရှိကြသော ခေါင်းဆောင်များနှင့် ဥပဒေ ပညာရှင်များ ပူးပေါင်း၍ ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်သူများက လိုက်နာနေရခြင်းပါ။ ဥပဒေပညာနှင့် စပ်လျဉ်း၍ တွေးခေါ်မျှော်မြင်တတ်သူတိုင်း ဤအခြေအနေများကို သိရှိနိုင်ခြင်းပါ။ မျိုးစောင့်ဥပဒေနှင့်စပ်လျဉ်း၍ သံဃာ တော်များက ဥပဒေကို ရေးဆွဲသူများမဟုတ်ပါ။ နိုင်ငံတော်အား၊ ပြည်သူလူထုအား မြန်မာ့အမျိုးသမီးများ (တိုင်းရင်းသူအမျိုးသမီးများလည်းပါဝင်)နှင့် ထိုအမျိုးသမီးများနှင့် စပ်သော မိသားစုဝင်များအတွက် ဆုံးရှုံး နစ်နာ နေမှုများကို နိုင်ငံတော်မှ ဥပဒေဖြင့် ကာကွယ်ပေးရန် တောင်းဆိုတိုက်တွန်းခြင်းသာဖြစ်ကြောင်း သိရှိနိုင်ကြဖို့ပါ။

မြန်မာအမျိုးသမီးများအတွက် ရသင့်ရထိုက်သော လူ့အခွင့်ရေးများကို ရရှိနိုင်ရန် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော ဒီမိုကရေစီကျင့်ထုံးအရ ပြည်သူ့သဘောဆန္ဒကို သံဃာတော်များက လက်မှတ်ကောက်ခံ နေမှုအတွက် အသဲအသန်ကန့်ကွက် ရှုတ်ချပြောဆို ရေးသားနေမှုများသည် အမှန်တရားကို မသိမမြင်၍လော။ သို့မဟုတ် သိကားသိ၏။ ဆုံးရှုံးနစ်နာနေသော မြန်မာအမျိုးသမီးများအား ကိုယ်ချင်းစာတရားများ မထားနိုင်၍လော။ သို့မဟုတ် အတ္တ မာနတရားတွေ အစွန်းထွက်နေ၍ သတိမမူနိုင်ခြင်းမျိုးလော။ ဝေခွဲဖို့ ခက်နေခြင်းပါ။
မိမိဆန္ဒကို မိမိလွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခြင်းသည် ဒီမိုကရေစီစနစ်ရဲ့ အမြူတေလို့ ဆိုနိုင်ခြင်းပါ။ သို့သော် မိမိပြောသောစကားများ၌ အက်သစ်က်စ် (ethics) ရှိဖို့တော့လိုအပ်နေခြင်းပါ။ ပြောသော စကား များသည် အဆင့်အတန်းရှိလား၊ မရှိလား။ သင့်တော်လား၊ မသင့်တော်လား။ အကျိုးရှိလား၊ မရှိလား စဉ်းစား နိုင်ဖို့တော့လိုမှာပါ။ လောက၌ ဖြစ်လေ့ဖြစ်ထရှိသည်မှာ – ဥာဏ်ရှိယောက်ျားများသည်ပင် (ပညာပြည့်ဝ သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများပင်) ဖြစ်လင့်ကစား မိမိပြောလိုသောစကား၌ ဥာဏ်မယှဉ်ဘဲ ပြောဆိုခဲ့မိလျှင် လွဲမှားသောအဓိပ္ပါယ်ကို ဖေါ်ဆောင်သွားတတ်ခြင်းပါ။ ရိုင်းပြသောသဘောသို့ သက်ဝင်သွား တတ်ခြင်းပါ။ ကျမ်းဂန်များ၌  ဖေါ်ပြထားသည်မှာ – “ဥာဏ်ရှိယောက်ျား၊ မှားလတ်သောခါ၊ ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊ အကုခက်၏↔တဲ့။ ကြမ်းကျွံလျှင် နှုတ်လို့ရနိုင်သေးသော်လည်း စကားကျွံလျှင် နှုပ်ရခက် ကြောင်း သတိပေးစကား အဆိုရှိထား၍ ပညာရှိသူတို့ သတိမူနိုင်ကြဖို့ပါ။ အထူးသဖြင့် ခေါင်းဆောင် လုပ်သူများ၊ ပြည်သူလေးစားသောပုဂ္ဂိုလ်များ အထူးသတိထားစရာပါ။ မလွှဲသာ၍ စကား တစ်ခွန်းကို ပြောရ၊ ဆိုရတော့မည်ဆိုလျှင် သတိတရား၊ ဆင်ခြင်တုံတရား၊ မျှော်မြင်တုံတရားများနှင့် ပြောနိုင်၊ ဆိုနိုင်ဖို့ အကြံပြုလို ခြင်းပါ။

သတိတရား မထားနိုင်ပဲ ဖြစ်ချင်တဲ့ဆန္ဒကို ရှေ့တန်းတင်လျှက် လူ့အခွင့်အရေးတစ်ခုတည်းကိုသာ လက်ဆုပ်လက်ကိုင်ပြုပြီး၊ မြန်မာတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံများကို လုံးဝလျစ်လျူရှု၍ ပြောကြဆိုကြမည် ဆိုလျှင်(ရေးသားကြမည်ဆိုလျှင်) ထိုပြောသောစကားများသည် အစွန်းထွက်သွားနိုင်ပြီး၊ ထိုသူ၏အစွန်းထွက် နေသောစိတ်၌် အတ္တဆိုတဲ့ ကြီးစိုးစိတ်အစဉ်၊ မာနဆိုတဲ့ ထောင်လွှားစိတ်အစဉ်တို့သည် အမှားအမှန်ကို မသုံးသပ်နိုင်တဲ့ အ၀ိဇ္ဇာဆိုတဲ့ မသိစိတ်များအသွင်သို့ ရောက်ရှိသွားနိုင်ပြီး တာကျိုးသောရေသည် ဦးတည်ရာသို့ တရှိန်ထိုးစီးဝင်သွားနိုင်သကဲ့သို သတိကင်းသောစိတ်သည် တာကျိုးသောရေကဲ့သို့ ဖြစ်ရှိသွားနိုင်ခြင်းပါ။

အ၀ိဇ္ဇာသဘောကို လေ့လာသုံးသပ်ကြည့်လျှင် အလင်းကို အမှောင်ထုက ဖုံးလွှမ်းနိုင်သလို ဥာဏ်အလင်းကို အ၀ိဇ္ဇာအမှောင်ထုက ဖုံးလွှမ်းထားနိုင်ခြင်းပါ။ အမှန်ကိုလည်း အမှားထင်၊ အမှားကိုလည်း အမှန်ထင်သွားနိုင်စေခြင်းပါ။ အမှားသံသရာလည်ခြင်းကိစ္စမှာ ဒီအ၀ိဇ္ဇာက ဦးဆောင်နေပြီး၊ အမှန်လမ်းကို မရောက်အောင် တားဆီးပေးနေတဲ့တရားဟာလည်း ဒီအ၀ိဇ္ဇာတရားပါ။

အ၀ိဇ္ဖာသဘောကို ဥာဏ်သဘောဖြင့် မသက်ဝင်နိုင်လျှင် – မသိမှုအ၀ိဇ္ဇာက အတ္တတရားကို အစွန်း ရောက်သွားအောင်၊ မာနတရားကို ခေါင်းထောင်လာအောင် စွမ်းဆောင်နိုင်တာမို့ ငါကဲ့သို့သော လူသားအား အဘယ်သူက အန်တုနိုင်မှာလဲဟု ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဖြင့် အတ္တကိုအထွဋ်တင်၊ မာနကို အလံထူ၍ အမှားလမ်းကို တစိုက်မတ်မတ် လိုက်မှားမိတတ်ခြင်းပါ။ အတ္တရဲ့ ပဲ့ထိမ်း၊ မာနရဲ့ ပဲ့ကိုင်ထားခြင်းကို ခံရတဲ့ စိတ်ဓာတ်မျိုးဆိုတာ – ̏လှေခွက်ချည်းကျန် အလံမလှဲ˝ ဆိုတဲ့ စိတ်ဓာတ်မျိုးပါ။

ဇွန်လ (၂၇)ရက်နေ့က ပြီးဆုံးသွားခဲ့တဲ့ အင်းစိန်သံဃာ့အစည်းအဝေးကြီးအကြောင်းကို ပြောရမယ် ဆိုရင် ပြောစရာတွေကအများကြီးပါ။ အဲဒီအများကြီးထဲက – ပြောစရာတစ်ခုက အလုပ်လုပ်တဲ့နေရာမှာ စိတ်ရှည်ရှည်ထားပြီး၊ သည်းခံပြီး အလုပ်လုပ်ကြဖို့၊ သည်းခံစိတ်မမွေးဘဲ စိတ်လိုက်မာန်ပါ လုပ်ကြမယ်ဆိုရင် မလိုအပ်တဲ့အဓိပ္ပါယ်တွေ သက်ရောက်သွားနိုင်ပြီး မိမိတို့ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အနှောက်အယှက် အဟန့်တားတွေ များစွာဖြစ်လာနိုင်တယ်လို့ သပိတ်အိုင် ဆရာတော်ဘုရားကြီးက သံဃာတော်များအား မိန့်မှာသွားတော်မူုခြင်းပါ။

သည်းခံရမယ်ဆိုပေမဲ့ မြတ်စွာဗုဒ္ဓဟောကြားခဲ့တဲ့ တရားအဆုံးအမကိုလည်း အမှတ်ရတော်မူကြပါဟု ဆက်လက်မိန့်ကြားတော်မူပြန်တယ်။ ဗြဟ္မဇာလသုတ္တံမှာ မြတ်စွာဘုရားက ချစ်သားတို့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးမဲ့ကို တစုံတစ်ယောက်သူက ပြောဆိုလာခဲ့သော် မဟုတ်မမှန် ပြောဆိုတာကို မဟုတ်မမှန်ဘူး (အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ) လို့ ပြန်လည်ပြောဆိုကြရမယ်။ (ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို) ဟုတ်မှန်တဲ့အတိုင်း ပြောဆိုနေခဲ့ရင်လည်း ဟုတ်မှန်ကြောင်း (ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ) ၀န်ခံပြောဆို နိုင်ရမယ်လို့လဲ မှာကြားသွားတော်မူခဲ့တယ်။

ဟသာင်္တမြို့၊ မိုးကောင်းဆရာတော်ဘုရားကြီးကတော့ – ရွာတစ်ရွာတွင် အိမ်လေးအိမ်ရှိရာမှာ အိမ်သုံး လုံးကတော့ မိသားစုဝင်တွေ လုံခြုံမှုရှိအောင် ခြံစည်းရိုးခပ်ထားပြီးဖြစ်တယ်။ ကျန်တဲ့အိမ်တစ်လုံးက ခြံမခတ်ရ သေးလို့ သားသမီးများရဲ့ လုံခြုံမှုအတွက် မိဘများက ထိုအိမ်ကို ခြံခတ်ဖို့ ပြင်ဆင်တဲ့အခါ အခြားအိမ်များက ကန့်ကွက်လာမယ်ဆိုရင် တရားမျှတမှု ရှိနိုင်ပါမလား။ ဒီလိုမှမဟုတ်ပဲ ခြံမခတ်ရသေးတဲ့အိမ်မှ သားသမီး တွေကိုယ်တိုင်က အိမ်တွင်း အိမ်ပြင် ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်ချင်လို့ စည်းမဲ့၊ ကမ်းမဲ့ နေလိုတဲ့ သဘောကြောင့် မိဘများက ခြံခပ်တာကို ကန့်ကွက်နေကြမယ်ဆိုရင် ထိုသားသမီးမျိုးတွေဟာ ဘယ်လို သားသမီးမျိုးတွေ ဖြစ်မလဲ – ဆိုပြီး မေးခွန်းထုတ်သွားတော်မူခဲ့ခြင်းပါ။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးက ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံအလုပ်ရုံဆွေး နွေးပွဲတစ်ခုမှာ နိုင်ငံခြားသူ သတင်း ထောက်တစ်ယောက်က အရှင်ဘုရားက မြန်မာအမျိုးသမီးတစ်ယောက် အခြားဘာသာဝင်တစ်ယောက်နှင့် ထိမ်းမြားလက်ထပ်တာကို သဘောတူနိုင်ပါသလားလို့ အမေးခံရဘူးတယ်။ သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာအမျိုးသမီးတွေ အမေ့အိမ်ကထွက်သွားစဉ်အခါက အပြုံးများနှင့် ထွက်သွားကြသလို၊ အကြောင်းအမျိုးမျိုးကြောင့် အမေ့အိမ်ကို ပြန်လာခဲ့ကြရတဲ့အခါမှာလည်း အပြုံးများနှင့် ပြန်လာတာကိုပဲ မြင်ချင်တယ်။ အငိုမျက်လုံးများနှင့် ပြန်လာတာကိုတော့ လုံးဝမမြင်ချင်ပါလို့ ဖြေကြားခဲ့ ဘူးတယ်။

အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများ သိထားသင့်သည်မှာ – သံဃာတော်များသည် မျိုးစောင့်ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးမည်သူများမဟုတ်ပါ။ ပြဋ္ဌာန်းပေး၍လည်းမရပါ။ နိုင်ငံတော်အား သစ္စာစောင့်စည်းသောအားဖြင့်၊ အမျိုးသမီးအခွင့်အရေးများ၊ မိသားစုအခွင့်ရေးများ၊  အမျိုး ဘာသာ သာသနာအတွက် ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိနိုင်ရန် ဒီမိုကရေစီ ဘောင်အတွင်းက၊ လူ့အခွင့်ရေး စည်းအတွင်းက ဥပဒေပြုလွတ်တော်သို့ တင်ပြပေးသူများသာဖြစ်ကြောင်း မေတ္တာဖြင့် ရေးသား တင်ပြခြင်းပါ။ မျိုးချစ်စိတ်ရှိသူများအတွက် အမျိုး ဘာသာ သာသနာတော်ကို စောင့်ရှောက်ခြင်းသည် ဘိုးဘွားအမွေနှစ်ဖြစ်တဲ့ တိုင်းပြည်ကို စောင့်ရှောက်ခြင်းပင် မဟုတ်ပါလား။

တိုင်းပြည်တွင်းမှာ နေထိုင်ကြကုန်သော ဘူမိပုတ္တ (ဤမြေမှဖွားသော သားသမီးများ) နိုင်ငံသားအားလုံး ချမ်းသာစွာ အိပ်စက်နိုင် ကြပါစေ။



ဒေါက်တာဓမ္မပိယ (ITBMU)
ဇူလိုင် ၂၆၊ ၂၀၁၃