Monday, April 30, 2012

ဘ၀အောင်မြင်နည်း(၄)မျိုး

ဘ၀အောင်မြင်နည်း(၄)မျိုး

၁၃၇၄ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်အမှတ်တရအဖြစ် အရှင် ယ္ခုစာတမ်းလေးကို ရေးသားတင်ပြအပ်ပါတယ်၊၊
နှစ်သစ်မှာ အောင်မြင်မှုအပေါင်း၊ စိတ်ချမ်းသာမှုအပေါင်း၊ ပျော်ရွှင်မှုများစွာတို့နှင့် ပြည့်စုံကြပါစေလို့ အရှင် မေတ္တာပြုလိုက်ပါတယ်၊၊

ရန်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို အောင်မြင်စေဖို့ မြတ်စွာဘုရားရှင်က နည်းလေးမျိုးကို သင်ပြပေးထားပါတယ်၊၊ လေးမျိုးဆိုတာတွေက-
(၁) မေတ္တာထားတတ်မှု၊
(၂) ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊
(၃) ပေးကမ်းရက်ရောမှု၊
(၄) အမှန်ကိုပြောဆိုတတ်မှု၊
တို့ဖြစ်ကြပါတယ်၊၊

"မေတ္တာထားတတ်မှု"
လောကကြီးမှာ မေတ္တာကြီးမားသူတွေဟာ တဒင်္ဂအခက်ခဲကြားတွင်ရောက်နေရသည့်တိုင် သေခြာပေါက် အဲဒီအခက်ခဲတွေ၊ ဒါမှမဟုက် ရန်တွေကနေ လွတ်မြောက်ရပါတယ်၊၊ ဒါဟာ မေတ္တာရဲ့စွမ်းရည်လို့ ဆိုရမှာပါ၊၊ ကိုယ့်ဘက်ကတော့ စစ်မှန်တဲ့ မေတ္တာကိုထားတတ်ဖို့လိုတာပေါ့၊၊ မေတ္တာကြီးလာရင် အရာရာကိုအောင် နိုင်တော့တာပါ၊ သာမာန်အခက်ခဲလောက်တော့ ပြောနေဖို့ကို မလိုတော့ပါဘူး၊ မြတ်စွာဘုရားရှင်ဟာ ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ကိလေသာစစ်ပွဲများစွာ၊ မာန်နတ်ရဲ့စစ်တပ် ကြီးနှင့်အတူ၊ဒေ၀ဒတ်ရဲ့လုပ်ကြံမှု၊ဆင်ကြမ်းကြီးရဲ့ရန်ကနေလွတ်ခဲ့တာပါ၊၊

"ကိုယ်ကျင့်တရားဖြောင့်မတ်မှု"
ကိုယ်ကျင့်တရားသည်လည်း တကယ့်အစွမ်းထက်တဲ့ လက်နက်တမျိုးပါပဲ၊ လုပ်ငန်းခွင်တခုမှာ ရေရှည် လုပ်လာရပြီဆိုရင် ကိုယ်ကျင့်တရားကောင်းသူတွေကို အများက အားကိုးကြရပါတယ်၊ လေးစားကြရပါတယ်၊၊ လိမ်တာ လှည့်ပတ်တာတွေဟာ ခဏတော့ကောင်းစားကောင်း ကောင်းစားမှာပါ၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ "မြန်မာစကားမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်"ဆိုတဲ့ စကားတခုရှိပါတယ်၊၊ ဒီစကားဟာ အရမ်းလျပ်ပေါ်လွန်းတဲ့ စကားတခုပါ၊၊ သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်သူတွေအတွက် အားပေးထားတဲ့စကားတခုဖြစ် ပါတယ်၊၊

စဉ်းစားဖို့ကောင်းတာက "ခြုံပေါ်ရောက်တယ်ဆိုတာ တိုက်ပေါ်၊ ဒါမှမဟုက် ကားပေါ်ရောက်သလောက်
မကောင်းဘူး"
ဆိုတာပါ၊၊ ကိုယ်ကျင့်တရားကို ထည့်မစဉ်းစားဘဲ လည်သလို၊ တတ်သလို လုပ်တတ်သူတွေဟာ ခြုံပေါ်ခဏရောက်ရသလို ကြီးပွားတတ်ပေမဲ့ ခြုံဆိုတာခိုင်မာတဲ့အရာမဟုက်တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်ရတော့တာပါပဲ၊၊

ကိုယ်ကျင့်တရားကို အခြေခံပြီး စီးပွားရှာတတ်သူတွေ အလုပ် လုပ်တတ်သူတွေကတော့ ကြီးပွားဖို့ အောင်မြင်ဖို့ နည်းနည်းနှေးပေမဲ့ ရလာပြီးပြီဆိုရင် အရမ်းခိုင်မာပါတယ်၊ "ကံခိုင်ပြီး သံတိုင်အိမ်ဆောက်" ဆိုသလိုပါပဲ၊ ဘယ်မုန်းတိုင်းကမှ ပြိုပျက်အောင် မလုပ်နိုင်တော့ပါဘူး၊၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုသည် အောင်မြင်ဖို့၊ အခက်ခဲများကြားကနေ လွတ်မြောက်စေဖို့ အစွမ်းထက်တဲ့လက်နက် တစ် မျိုးဆိုတာကိုယုံရမှာဖြစ်ပါတယ်၊၊

"ပေးကမ်းရက်ရောမှု"
လောကကြီးမှာ သေခြာမြင်ကြည့်တတ်ရင် ယူနေသူတွေသာ များပါတယ်၊ ပေးနေတဲ့သူတွေက အလွန်ပင် နည်းလွန်းလှပါတယ်၊၊ စာပေမှာတော့ "သစ်ပင်တွေက သစ်သီးတွေ၊ ပန်းတွေကို လောကကြီး အတွက်ပေးတယ်တဲ့၊ နွားမတွေက လူသားတို့အတွက် နို့ရည်နဲ့ သူတို့ရဲ့အင်အားတွေကို ပေးပါတယ်တဲ့၊ မြစ်ချောင်း အင်းအိုင်တွေက လူသားတို့အတွက် ရေနဲ့ရေလမ်းကို ဆက်သွယ်ပေးပါတယ်တဲ့၊၊"

ဒီလိုဆိုရင်"လူသားဖြစ်တဲ့သူများကရော လောကကြီးအတွက် ဘာတွေပေးနေပါသလဲ၊" စဉ်းစားသင့်ပါတယ်၊၊ အမှန်ပြောရရင် လူသားတွေဟာ လောကကြီးအတွက် ပေးတာနည်းနည်း ယူတာများများပါ၊၊ ဒါကြောင့်လည်း လောကကြီးက တခါတခါ လူသားတွေဆီကနေ အကြွေးတွေပြန်တောင်းတတ်ပါတယ်၊ အဲဒါတွေကတော့ သဘာဝဘေးဒဏ်တွေပါပဲ၊၊ နာဂစ်မုန်တိုင်းကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဟာ တကယ်တော့ လောကကြီးက သူ့ဆီကအများကြီးယူထားတဲ့ လူသားတို့ဆီကနေ အကြွေးပြန်တောင်းတယ်လို့ဆိုရမှာပါ၊၊ ဒါကြောင့် ပေးကမ်းရက်ရောမှုသည် လောကကြီးဆီက ယူထားမိတဲ့ အကြွေးကိုပြန်လည် ပေးဆပ်ရာ
ရောက်ပါတယ်၊၊

နောက်ပြီး ပေးကမ်းရက်ရောမှုသည် နှမျောဝန်တိုတတ်သူတွေကို အနိုင်ယူဖို့အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူပါတယ်၊၊ (=ဇိနေ ကဒရိယံ ဒါနေန၊)၊၊ လောကကြီးမှာက လည်း ကြည့်လိုက်ရင် နှမျောတတ်၊ တွန့်တိုတတ်တဲ့သူတွေက များတာဆိုတော့ မိမိကသာရက်ရော ပေးကမ်း တတ်သူဖြစ်လျင် စစ်မတိုက်ဘဲ ကမ္ဘာကိုစိုးမိုးလို့တောင်မှရနိုင်ပါတယ်၊၊

ရက်ရောမှုသည် နှမျောဝန်တိုတတ်သူများကို အောင်နိုင်စေသည့်နည်းမျှသာ မဟုက်သေးပါဘူး၊ သူတော် ကောင်းများ မိမိကို ချစ်စေသည့်နည်းလည်း ဖြစ်ပါတယ်၊၊ သူတော်ကောင်းများကချစ်လျင် သူတော်ကောင်း များ၏ လမ်းညွန်မှု၊ ချီးမြှောက်မှုကိုရသဖြင့် မိမိဘ၀တွင် ဘုန်းကြက်သရေ မင်္ဂလာတိုးရုံမျှမကဘဲ စိတ်၏ ပြည့်စုံမှုကိုပါ ရစေတတ်ပါတယ်၊၊

"အမှန်ကိုပြောဆိုတတ်မှု"
လူနှစ်ယောက်ပေါင်းသင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ အသိုင်းဝိုင်းကြီးတွေခြင်း ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ်၊ အမှန်ကို ပြောဆိုတတ်မှုသည် အလွန်အရေးကြီးပါတယ်၊၊ လူတယောက်စကားမှန်ကို မပြောတတ်ဘူးဆိုရင် အခြားဘယ်နေရာတွေမှာ အားသာနေနေ ယုံကြည်ဖို့၊ အလုပ်အတူလုပ်ဖို့ အတော်ကိုခက်သွားပါပြီ၊၊

တချို့က ဘာရယ်လို့မဟုက်ဘဲ၊ အမှားကိုအချိန်ယူပြီး၊ အရသာခံပြောနေတတ်ပါတယ်၊ အစပိုင်းတော့
သိပ်ပြဿနာ မဖြစ်သေးပေမဲ့ တကယ်အလုပ်တခုကို တည်တည်ကြည်ကြည်လုပ်တော့မယ်ဆိုရင်တော့
အများက မယုံတော့တဲ့အတွက် အခက်ကြုံရတတ်ပါတယ်၊၊

ငါးပါးသီလမှာ အမှားပြောမှု=မုသာဝါဒကို အရေးပါဆုံးဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြား ထားပါတယ်၊၊ "အမှားကို အရေးတယူပြောဆိုတတ်သူသည် မလုပ်ဝံ့သော အကုသိုလ်မရှိ"လို့ မြတ်စွာ ဘုရားရှင် မိန့်တော်မူပါတယ်၊၊ ဒါကြောင့်မို့ အမှားကိုမပြောမိဖို့၊ အမှန်ကိုပြောဆိုတတ်ဖို့သည် အလွန်မှ အရေးကြီးပါတယ်၊၊

အသေးအဖွဲကအစ တည်တည်ကြည်ကြည် လေးလေးနက်နက်ပြောတတ်တယ်ဆိုရင်တော့ ချပြစရာ ပညာတတ်လို့ အသိမှတ်ပြုထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ မရှိရင်တောင်မှ ပတ်ဝန်းကျင်က အလိုလိုအလေးထား တာကို ခံရပါတယ်၊၊ တချို့က ပညာတတ်လို့သာ အမည်ခံထားတာ၊ ပါးစပ်ကထွက်လာသမျှကကြတော့
တစ်ခုမှ ပညာရှင်မဆန်တာကို တွေ့ရပြန်ပါတယ်၊၊

ဒီလိုလူမျိုးတွေကို အင်္ဂလိပ်မှာတော့ so called wise လို့ခေါ်မယ်ထင်ပါတယ်၊၊ ပညာတတ် အတုကြီး ဆိုပါတော့၊၊ အတုဆိုမှတော့ ဘယ်မှာလာပြီး အစစ်လောက်ကောင်းမှာလဲ၊၊ ဘ၀တစ်ခု အောင်မြင်ဖို့ ဆိုတာကလည်း တစ်ယောက်တည်း အလုပ် လုပ်လို့ရတာမျိုး မဟုက်ပါဘူး၊ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင် တွေနဲ့ နှီးနှော၊ ပေါင်းသင်းဆက်ဆံပြီး လုပ်ယူရ၊ ကြိုးစားကြရတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လေးစားဖို့၊အထင်ကြီးဖို့က ရာခိုင်နှုံးအတော်များများ အရေးပါပါတယ်၊၊

ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအ ရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊

မြတ်စွာဘုရားရှင်ကလည်း "အမှားကိုလုပ်ကြံပြောဆိုတတ်သူကို မိမိကလေးလေးနက်နက် အမှန်ကို ပြောဆိုခြင်းဖြင့် အနိုင်ယူတတ်ရမယ်"လို့ ဟောကြားတော်မူထားပါတယ်၊၊ (=သစ္စေ နာဠိက ၀ါဒိနံ၊၊) အမှန်ကို ပြောတတ်ဆိုတတ်မှုသည် ဘ၀တစ်ခုအောင်မြင်မှု အတွက်ရော၊ သံသရာအတွက်ပါ အရေး ပါကြောင်းကို ပါဠိစာပေနေရာများစွာမှာ လေ့လာရပါတယ်၊၊

သာမန်အောင်မြင်မှု၊ အခက်ခက်တွေကနေ အောင်မြင်ဖို့အတွက်လောက်ကိုမဆိုသာ၊ လောကသုံးပါးမှာ ဘုရားဖြစ်ဖို့နေရာမှာပင် အမှန်ပြောတတ်တဲ့အလေ့ကို သစ္စာပါရမီလို့နာမည်တပ်ပြီး ဘ၀အသင်္ချေများစွာ ကျင့်သုံးကြရပါတယ်၊၊ အခြားအရာတွေ ခက်သည်ထက်၊ ဘုရားဖြစ်ဖို့ အဆုံးစွန်ခက်ခဲ ကြောင်းပြောနေဖို့ မလိုပါဘူး၊၊

ဤမျှခက်ခဲသည့် အဆင့်ကြီးတခုကိုပင် အမှန်ကိုပြောဆိုတတ်မှုက ပါရမီတစ်ပါးအဖြစ်နဲ့ အထောက် အကူပေးတယ်ဆိုရင် သာမန်ဘ၀အခက်ကိုကျော်လွန်ဖို့၊ သာမန်ရန်တွေကို အောင်မြင်စေတယ် ဆိုတာလောက်ကို စကားအရာပင် ပြောနေဖို့မလိုတော့ပါဘူး၊၊ သေခြာပေါက် အစွမ်းထက်တဲ့ အရည်အခြင်း တစ်ခုပါ၊၊

အနှစ်ချုပ်ကြည့်ကြရအောင်ပါ၊၊ ဘ၀တစ်ခုအောင်မြင်ဖို့၊ အခက်ခဲတွေ၊ ရန်တွေကနေ လွတ်မြောက်ဖို့ နည်းလေးမျိုးကို စာပေမှရယူကြရမှာဖြစ်ပါတယ်၊၊ မေတ္တာ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊ ရက်ရောမှု၊ သစ္စာတို့ဖြစ်ပါတယ်၊၊

ဒီလေးမျိုးသာ မိမိမှာရှိမယ်ဆိုရင် လိုချင်တာကိုရပါတယ်၊၊ ဘုရားတောင်မှဖြစ်စေတဲ့နည်းတွေ ဖြစ်တယ်ဆို တာကို လက်ခံနိုင်တယ်ဆိုရင် အခြားအောင်မြင်မှုလေးများလောက်ကို လုံးဝပေးနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်၊၊ မိမိမှာ မရှိသေးဘူးဆိုရင် ကျင့်ယူရမှာ ဖြစ်ပါတယ်၊၊ နည်းနည်းကနေစပြီး အလုံးစုံပြည့်စုံလာတဲ့အခါ သိပ်ခက်ခဲတဲ့ အကျင့်မဟုက်ဘူးဆိုတာကို သိရမှာပါ၊၊

ယနေ့မျက်မြင်ကြီးပွားတိုးတက်နေသူတွေကို ကြည့်လိုက်ရင် အရည်အခြင်းလေးမျိုးထဲက တစ်ခုခြင်းစီဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ပြည့်စုံနေတာကို တွေ့ရပါတယ်၊၊ ဘာအရည်အခြင်းမှ မရှိဘဲတော့ မအောင်မြင်တတ်ပါဘူး၊၊ မိမိ မတိုးတက်သူဖြစ်နေခဲ့တယ်ဆိုရင် ဒီအရည်အခြင်းတွေထဲမှာ တစ်ခုမှရေရေရာရာ မပြည့်စုံသေးလို့ဆို တာကို အားမနာတမ်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်၊၊

စာဖတ်သူများ မင်္ဂလာရှိတဲ့ ၁၃၇၃၊ခုနှစ်သစ်ရဲ့၊ နှစ်သစ်ကူးမှာ ဘုရားရှင်ပေးတဲ့ အောင်မြင်နည်းလေးမျိုးကို လေ့လာသိမှတ်၊ ကျင့်ကြံသောအားဖြင့် ဘ၀မှာအောင်မြင်ပြည့်စုံသူများ ဖြစ်ကြပါစေ၊၊ ၊၊

အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ

Sunday, April 29, 2012

လူငယ်ဆိုတာ အဖြူထည်လေးတွေပါ

 
လူငယ်ဆိုတာ အဖြူထည်လေးတွေပါ
 
တစ်ခါတလေ အွန်လိုင်းမှာ စာတွေရေးနေတဲ့ ဘုန်းဘုန်းကို တစ်ချို့က လူငယ်တွေနဲ့ ပတ်သက်ပြီး ဆုံးမစာတွေ များများလေး ရေးပေးဖို့ လျှောက်ထားတောင်းဆိုတာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာလူငယ်များအကြောင်း၊ မြန်မာတွေရဲ့ အသောက်အစား၊ လောင်းကစားနဲ့ အပျော်အပါးတွေမှာ အလွန်အကျွံ ဖြစ်နေတဲ့အကြောင်း၊ ကိုယ့်ကျင့်တရားတွေ ပျက်ပြားနေပြီး ဘာသာတရားနဲ့ ဝေးကွာနေတဲ့အကြောင်း စသဖြင့် သူတို့သိနေတာလေးတွေ ပြောပြရင်း ဘုန်းဘုန်းရဲ့ ကလောင်အားနဲ့ တားဆီးပေးဖို့ လျှောက်ထားလာကြပါတယ်။ လူတွေဆိုတာက လူအချင်းချင်းပြောရင် လက်မခံချင်တဲ့ သဘောတွေရှိတဲ့အတွက် ဘုန်းဘုန်းတို့လို သာသနာ့ဝန်ထမ်း ရဟန်းတော်တွေရဲ့အားနဲ့ အမှားလေးတွေကို ပြုပြင်ပေးစေချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ကောင်းစေချင်တဲ့ စေတနာ အရင်းခံ လျှောက်ထားလာတာဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့လည်း အမှန်ကိုပြောရင် မကြိုက်တတ်တဲ့ လောကကြီးမှာ မကြိုက်တာကို ဘေးဖယ်ပြီး ကောင်းတာလေးတွေနဲ့ ပြောင်းစရာလေးတွေကို ပေးနိုင်အောင် ကြိုးစားရတာ ဖြစ်ပါတယ်။
အမှန်တော့ အကျင့်ပျက် ချစားပြီး မကောင်းမှုတွေမှာ အားပါကာ ဘာသာတရားနဲ့ ဝေးလာနေကြတဲ့ သူတွေဟာ လူငယ်တွေချည်းပဲ မဟုတ်ပါဘူး။ လူရွယ်လူကြီးတွေလည်း အများကြီး ရှိနေတတ်ပါတယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက ပိုလို့တောင် ဆိုးနေမလားပဲ။ တစ်ခါတလေ လူငယ်တွေ ပြောင်းလဲပျက်ဆီး စေတဲ့အကြောင်းတွေထဲမှာ အဲဒီလူရွယ်၊ လူကြီးတွေရဲ့ နည်းပေးလမ်းပြမှုတွေက အများကြီး ပါနေတာကို တွေ့ရတတ်ပါတယ်။ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း နည်းပေးလမ်းပြမှု ကောင်းထဲမှာ မပါဝင်တဲ့ လူရွယ်လူကြီးတွေနဲ့ တွေ့ဆုံပေါင်းသင်းမိကြတဲ့ လူငယ်များဟာ အဲဒီ စီနီယာကြီးတွေရဲ့ အားပေးအားမြောက် ပြုမှုတွေကြောင့် တစ်ခါမှမလုပ်ဖူးတဲ့ အသောက်အစား၊ အလောင်းအစားနဲ့ အပျော်အပါးတွေမှာ လုပ်လာတတ်တော့တာ ဖြစ်ပါတယ်။ အလုပ်ပင်ပန်းတာရယ်၊ စိတ်ဖိစီးမှု များနေတာရယ်၊ လွတ်လပ်တာရယ်၊ ဘာသာတရား၊ အသိပညာ အခြေမခိုင်တာတွေရယ်၊ မကောင်းတဲ့ မိတ်ဆွေအပေါင်း အသင်းကို ပေါင်းမိတာတွေရယ် စတာတွေက လူငယ်တွေကို မကောင်းတဲ့ဘက်မှာ ရုန်းမထွက်နိုင်အောင် ဖြစ်စေတတ်တဲ့ သဘောတွေ အများကြီးရှိပါတယ်။
တကယ်တမ်း ပြောရရင် လူငယ်လေးတွေဟာ အဖြူထည်လေးတွေပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းရင်၊ မိတ်ဆွေအပေါင်းအသင်းကောင်းရင်၊ ပင်ကိုသဒ္ဓါတရား အားကောင်းရင် အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်တဲ့ အဖြူထည်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ သူတို့ကို ဆုံးမဖို့ ပြောကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဘုန်းဘုန်းတို့ ဆုံးမတဲ့ အဆုံးအမ၊ အသိပညာပေးမှု အပိုင်းတွေမှာ မသိကြလို့ မဟုတ်ကြပါဘူး။ လူငယ်အတော်များများ သိကြပါတယ်။ သူတို့လေးတွေရဲ့ လုပ်ရပ်လေးတွေ မကောင်းဘူးဆိုတာလည်း သူတို့ကိုယ်တိုင် သိကြပါတယ်။ ခက်တာက အဲဒီ အသိနောက်ကို ကိုယ်ကိုယ်တိုင်ကလိုက်ပြီး ရုန်းမထွက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ရုန်းထွက်မယ်လို့ ကြံမိရင်လည်း ခုနပြောခဲ့တဲ့ စီနီယာကြီးတွေရဲ့ အဆွယ်အပြောလေးတွေကြောင့် မရုန်းထွက်နိုင်ဘဲ ဖြစ်နေတာလည်း ရှိနေတတ်ပါတယ်။
ဘုန်းဘုန်းအနေနဲ့ ဘာဖြစ်လို့ လူငယ်တွေဟာ အဖြူထည်လေးတွေပါလို့ ပြောရတာလည်းဆိုရင် လူငယ်လေးတွေဟာ ကလျာဏမိတ္တကောင်းတွေကိုသာ ပေါင်းသင်းဆည်းကပ်မိလိုက်ရင် အပြောင်းအလဲကောင်းတွေနဲ့ အားအင်တွေကို ဖြစ်ထွန်းစေလို့ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းမြန်မာပြည်မှာ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တရားပွဲတွေမှာရော၊ လူမှုကူညီရေး အသင်းတွေမှာရော၊ အများအကျိုးပြု လုပ်ငန်းလေးတွေမှာရော တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေကို အများကြီး တွေ့ကြုံခဲ့ရပါတယ်။ သူတို့လေးတွေကိုလည်း အားပေးစကား၊ ဆုံးမစကားလေးတွေ အများကြီး ပြောခဲ့ဖူးပါတယ်။ အဲဒီ ကလေးတွေဟာ အသက်အရွယ်ပိုင်းအရ ကြည့်မယ်ဆိုရင် အခုပြည်ပမှာ အလုပ်လာလုပ်နေကြတဲ့ လူငယ်တွေ အရွယ်လောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နေတဲ့ ပတ်ဝန်းကျင် သူတို့တွဲနေတဲ့ ကလျာဏမိတ္တ၊ သူတို့ကိုယ်တိုင်ရဲ့ ခံယူလုပ်ဆောင်ချက်တွေကြောင့် ငယ်ပေမယ့် အတော်အားရှိကြတဲ့ လူငယ်လေးတွေ ဖြစ်နေတာကို တွေ့နေရတာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ လူငယ်လေးတွေထဲမှာလည်း အဲဒီလို မိတ်ကောင်းဆွေကောင်း၊ အပေါင်းအသင်းကောင်းနဲ့၊ ပင်ကိုယ်သဒ္ဓါတရား အခြေခံကောင်း ရှိနေကြတဲ့ လူငယ်လေးတွေ အများကြီး ရှိနေတတ်ပါတယ်။ အလုပ်ပင်ပန်းတဲ့ကြားက အမျိုးဘာသာ၊ သာသနာတော်အတွက် အားကျိုးမာန်တက် ဆောင်ရွတ်နေကြတဲ့ လူငယ်လေးတွေဟာလည်း အများကြီးပဲ ဖြစ်ပါတယ်။
ဆိုတော့ကား လူငယ်လေးတွေဟာ အဖြူထည်လေးတွေ ဖြစ်တဲ့အတွက် ဘဝမှာ ပြုပြင်လိုက်မယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ကြပေမယ့် ကိုယ့်ရဲ့အပျော်အပါးကို အလွန်အကျွံ မဖြစ်စေဖို့ ကိုယ်ကိုယ်တိုင် ပြုပြင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အဖြူထည်ဆိုတဲ့ ငယ်ရွယ်တဲ့ဂုဏ်ကို အရင်းပြုပြီး ကိုယ့်ရဲ့ငယ်ရွယ်တဲ့ အချိန်တွေကို အကျိုးရှိအောင် အသုံးချဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အပျော်အပါးများပြီး အချိန်ကုန်တာတွေ၊ ဘဝမှာ ဆုံးရှုံးတာတွေ ရှိနေတယ်ဆိုရင်လည်း အချိန်မီ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မမှားသော ရှေ့နေ မသေသော ဆေးသမားဆိုတာ မရှိတဲ့အတွက် အမှားတစ်ခုခုကို လုပ်မိတဲ့အခါမှာလည်း အဲဒီအမှားကို မှားမှန်းသိသိနဲ့ ဆက်လျှောက်နေတဲ့ အဖြစ်မျိုး မဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပျက်အစဉ် ပြင်ခဏဆိုသလို အပျက်တွေရှိနေရင်လည်း ကိုယ့်ကိုယ်ကို ပြင်နိုင်အောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင် ဒီနေ့ခေတ် လူငယ်အတော်များများ လိုအပ်နေတာက ကိုယ့်ကိုယ်ကို ပြုပြင်နိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ ဘယ်သူတွေဘာပြောပြော လူဟာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်မှာဘာဖြစ်နေတယ်၊ ကိုယ့်မှာဘာရှိနေတယ်၊ မရှိဘူးဆိုတာ၊ ကိုယ်ဘာလုပ်တယ်၊ မလုပ်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံး ပြုပြင်ထိန်းကျောင်းဖို့ဟာလည်း ကိုယ့်မှာပဲ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အဓိကက ကိုယ့်ကိုယ်ကို သိအောင်ကြိုးစား၊ ပြီးရင် ပြုပြင်နိုင်အောင် အားထုတ်၊ နောက် ဒီအကောင်းဆုံး အခြေအနေကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း။ ဒါဆိုရင် လူငယ်တိုင်းဟာ တန်ဘိုးရှိတဲ့ အဖြူထည် လူငယ်လေးတွေ ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုမှ ကိုယ့်ကိုယ်ကို မသိဘူးဆိုရင် ဒါဟာ ဘာဝမှာ ကျရှုံးဖို့နဲ့ မထူးဇာတ်ခင်းဖို့အတွက် တွန်းအားတွေပဲ ဖြစ်စေတော့တာ ဖြစ်ပါတယ်။
လူအတော်များများက ပြောတတ်ကြပါတယ်။ ပြည်ပရောက် လူငယ်အတော်များများဟာ ပျက်ဆီး နေတတ်ကြတယ်တဲ့။ ပျက်ဆီးတတ်တာကတော့ ပြည်တွင်းမှာ ရှိနေတဲ့သူတွေလည်း ပျက်ဆီးနေတာပါပဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ဆိုတာကလည်း ထိန်းသိမ်းပြုပြင်နိုင်တဲ့ အသိပညာရှိဖို့ပဲ ဖြစ်ပါတယ်။ အသိရှိဖို့ဆိုတာ ဒီအတိုင်း နေလို့ကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အသိရှာမှ အသိရမှာဖြစ်ပါတယ်။ အသိရှာချင်ရင် စာများများဖတ်ဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် မြန်မာလူမျိုးတွေဟာ စာဖတ်အလွန် အားနည်းတာကို တွေ့ရတတ်ပါတယ်။ စာဖတ်အားနည်းတဲ့သူဟာ အသိပညာ အားနည်းတတ်ပြီး အသိပညာ အားနည်းရင် ဆင်ခြင်တုံတရားနဲ့ ထိန်းသိမ်းပြုပြင်မှု တရားပါ အားနည်းတတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ အမှားအမှန်ကို ခွဲခြားနိုင်မှုဟာလည်း လျော့နည်းလာနေတော့တာ ဖြစ်ပါတယ်။
ဒီတော့ကား လူငယ်တွေ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်စွမ်းတွေ ရှိလာအောင် အသိပညာ ဗဟုသုတ များများ ရှာကြဖို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အသိပညာရှာဖို့ဆိုတာ နိုင်ငံခြား ရောက်နေသူတွေအတွက် အလွန်လွယ်ကူတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အိုင်တီခေတ်ကြီးမှာ အင်တာနက်ကို အသုံးပြုပြီး အသိပညာ ဗဟုသုတ ရှာဖွေကြမယ်ဆိုရင် လိုချင်တဲ့ ပညာရပ်ကို အကုန်လုံး ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသဖြင့် ဘယ်လိုပညာရပ်မျိုး မဆို လူငယ်တွေအနေနဲ့ ငယ်တုန်းမှာ၊ အခွင့်အရေးရှိတုန်းမှာ ကြိုးစား ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အပျော်အပါးတွေကို လျော့ပြီး ကိုယ့်ဘဝအတွက် ရသင့်ရထိုက်တာ၊ ရှိသင့်ရှိထိုက်တာကို အချိန်ပေးပြီး ရှာဖွေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လွန်းတဲ့ ခေတ်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာနောက်ကိုပဲ လိုက်မနေဘဲ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာတွေ နောက်ကိုလည်း လိုက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ အကျင့်တရားပိုင်းဆိုင်ရာ တိုးတက်စေဖို့အတွက် ဘာသာရေး အသိဟာလည်း သိပ်ကို အရေးကြီးလှတာ ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ တို့အရွယ်ဟာ ငယ်ပါသေးတယ်၊ ဘာသာရေးဟာ တို့အတွက် မလိုအပ်ဘူးလို့ မတွေးလိုက်ပါနဲ့။ ငယ်ရွယ်သူတွေ အတွက်လည်း ဘဝမှာ တရားလေးတွေနဲ့ တွဲထားနိုင်မှ အချိန်မရွေး ပြောင်းလဲနေတဲ့ ဘဝအပြောင်းအလဲကို ခံလာနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေရဲ့ ဘဝမှာ တရားဓမ္မ တွဲထားခိုင်းတာဟာ တောထွက်ပြီး လွှတ်မြောက်ရာကို ရှာဖို့မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ဘဝမှာ ဖြတ်သန်းရမယ့် အချိန်တွေအတွက် ဘဝအတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိအောင်နဲ့ ဘဝတစ်ခု ယိမ်းယိုင်မှု မပြုနိုင်အောင် ဘာသာတရားနဲ့ အားပြုထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေဟာ အရွယ်တိုင်းမှာ လိုအပ်နေတဲ့ တရားတော်တွေ ဖြစ်တဲ့အတွက် လူငယ်တွေအတွက်လည်း ဘုရားအဆုံးအမတွေကို နှလုံးသားမှာ အသုံးချ ဘာသာရပ် တစ်ခုအနေနဲ့ ထည့်သွင်းတည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ဒီလို တရားဓမ္မနဲ့ နေနိုင်ဖို့အတွက်လည်း အဓိက လိုအပ်တာက ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းနိုင်မှုပဲ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ လူငယ်တွေ ပျက်ဆီးနေကြတယ်လို့ ပြောနေကြတာတွေ ရှိနေပေမယ့် ဘုန်းဘုန်းအနေနဲ့ကတော့ အဲဒီလို မပြောလိုပါဘူး။ လူငယ်တွေ ကိုယ့်ကိုယ်ကို ပြုပြင်မှု အားနည်းနေကြတယ်လို့ပဲ ကောက်ချက်ပေးလိုတာ ဖြစ်ပါတယ်။ လူငယ်ဆိုတာ ငယ်ရွယ်တဲ့ ဂုဏ်ပိုင်ရှင်တွေ ဖြစ်တဲ့အတွက် အဖြူထည်ဖြစ်နေတဲ့ လူငယ်တွေမှာ လိုအပ်နေတာက ပြုပြင်နိုင်မှုပဲ ဖြစ်ပါတယ်။ အဲဒီလို ပြုပြင်နိုင်ဖို့အတွက် အဓိကက ကိုယ်ကိုယ်တိုင် ပြုပြင်ချင်တဲ့ စိတ်ရှိဖို့နဲ့ ကိုယ့်ကို ပြုပြင်လာနိုင်အောင် အထောက်အကူ ပြုပေးမယ့် ကလျာဏ မိတ္တလို့ခေါ်တဲ့ အပေါင်းအသင်းကောင်း ရှိဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် အောင်မြင်မှုကို လမ်းပြပေးနိုင်တဲ့သူနဲ့ ပေါင်းသင်းရမှာ ဖြစ်တဲ့အတွက် ကိုယ့်အပေါင်းအသင်းဟာ အရက်သမားလား၊ ဖဲသမားလား၊ တကယ့်စစ်မှန်တဲ့ မိတ်ကောင်းဆွေကောင်းလား၊ ကိုယ့်ကိုအကျိုးပြုမယ့်သူလား၊ ကိုယ့်ကို ချောက်တွန်းမယ့်သူလား စတာတွေကိုလည်း ကိုယ်ကိုယ်တိုင် ရွေးချယ်ပေါင်းသင်းကြရမှာ ဖြစ်ပါတယ်။ ကိုယ်လည်းပြုပြင်မယ်၊ အပေါင်းအသင်းကလည်း ပြုပြင်ပေးတယ်ဆိုရင် လူငယ်တွေဟာ အမှန်တကယ်ပဲ တန်ဘိုးရှိတဲ့ အဖြူထည်တွေဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘဝမှာ လူငယ်တွေပဲ ဖြစ်ဖြစ်၊ လူရွယ်တွေပဲ ဖြစ်ဖြစ်၊ အိုပယ်တွေပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိတဲ့အတွက် လူငယ်မှသည် အဖြူထည်၊ လူရွယ်မှသည် အဖြူထယ်၊ အိုပယ်မှသည် အဖြူထည်ဆိုတဲ့ အပြစ်ကင်းဆုံး၊ အဖြူစင်ဆုံး ဘဝတွေကို ပိုင်ဆိုင်ကြတဲ့ အဖြူထည် လူသူကြွယ်တွေဖြစ်အောင် ကိုယ့်ကိုယ်ကို အသိသတိ အမြဲရှိပြီး အကောင်းဆုံး ပြုပြင်ထိန်းကျောင်း နိုင်တဲ့သူများ ဖြစ်အောင်သာ အချိန်ရှိခိုက် ကြိုးစားလိုက်ကြဖို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ 
 

Saturday, April 28, 2012

ချစ်ခြင်းမေတ္တာ "Copy--- Paste" 我們更應該把愛“複製——粘貼”

 

ချစ်ခြင်းမေတ္တာ "Copy--- Paste"  

我們更應該把愛“複製——粘貼”


အိမ်ရောက်တာနဲ့ "ထမင်းဆာလိုက်တာ... ထမင်းမကျက်သေးဘူးလား" လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။

"ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ" လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။
အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။

အမြဲတမ်း ပိုက်ဆံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။

မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။

အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။

တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။

ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။

အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။

စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိမ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။

ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကိုဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။

အိမ်ကစုဆောင်းထားတာတွေ ခဏ"ချေးငှား"ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့်သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။

အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။

မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။
သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။

ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။


ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။ သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်မတို့က အဲဒီချစ်ခြင်းမေတ္တာကို " Copy----- Paste" အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကို ကျွန်မတို့ပေးနိုင်ပါလိမ့်မယ်။

***** "အမေ"ဆိုတဲ့နေရာမှာ "မိဘ" လို့ ဖြည့်ဖတ်နိုင်ပါတယ်။

မူရင်း--- http://www.jj59.com/jingpinwenzhang/0100450.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



我們更應該把愛“複製——粘貼”

那個一進門就喊“肚子餓了,飯怎麼還沒做好”的是兒女。那個一進門,衣服都來不及換,就下廚房燒菜做飯的人是父母。  那個一會說“粥燙了”一會嫌“菜鹹了”的人是兒女。那個哪怕就一點青菜,豆腐,也要精心烹飪,力爭做出滋味的人是父母。   

那個動不動就開口要錢,不給就生氣的人是兒女。那個省吃儉用,精打細算,卻從不在教育投資上吝嗇的人是父母。  那個早上懶床,還不停抱怨家人的是兒女。那個夜深入睡,黎明即起,準備早點的人是父母。  那個成天抱怨作業多,實在太累的人是兒女。那個累了一天毫無怨言,洗衣打掃衛生再“陪讀”的人是父母。  那個總羨慕人家多麼有錢,自己家多麼寒酸的人是兒女。

 那個沒工作還不“安分”,起早摸黑掙錢的人是父母。  那個記不住家人生日,可一到同學生日就早早要錢買禮的人是兒女。那個很少記自己生日,卻用心為家人準備生日禮物的人是父母。  那個受了一點委屈回家苦水倒個不停,以求得同情和安撫的人是兒女。那個在外面受了再多氣,回家卻強作歡笑的人是是父母。  

 那個有牢騷就發,就煩惱就怨,把家當作壞情緒“宣洩所”的人是兒女。那個把苦埋在心裡,生怕自己的不良情緒影響家人的人是父母。  那個總以學業、工作忙為托詞,很少往家打電話問候的人是兒女。那個在電話裡噓寒問暖,總為家人牽腸掛肚的人是父母。  

 那個一開口就將家裡的積蓄“借”走,然後舒舒服服住大房子的人是兒女。那個勞苦了一輩子,到現在還住在破舊小屋的人是父母。  那個寧願把大量閒暇時間放在娛樂、和朋友聚會,卻不願回家看看的人是兒女。那個只要看到親人,哪怕就一會,都神清氣爽的人是父母。  

 那個娶了媳婦忘了娘,嫁了老公忘了爹的人是兒女。那個為了兒女操了一輩子心,老了還得幫兒女帶小孩的人是父母。  那個總喜歡將愛掛在嘴邊,卻很少付諸行動的人是兒女。那個從不把愛字說出口,卻將愛播撒於生活土壤中的人是父母。 
   
愛,總差那麼一點點!這就是父母和兒女的區別所在。或許,只有兒女也成了父母而且慢慢變老的時候,才能真正理解什麼叫愛,並將其付諸於生活的點滴中去。現在我們則更需要把這份愛“複製——粘貼”幾次,那麼我們就會給父母帶來些許歡喜與感動。

  
作者:紅罌粟

Friday, April 27, 2012

ဘာတွေက မညီတာလဲ ဘယ်လိုညှိရမလဲ


     ဘာတွေက မညီတာလဲ ဘယ်လိုညှိရမလဲ
ဘုန်းဘုန်းဘုရား

ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

လူမှာ သဒ္ဓါတရားဖြစ်ဖို့ အရမ်းအရေးကြီးသလို ဒီသဒ္ဓါ လွန်ပြန်တော့လည်း တဏှာကျွန်ပြန်ဖြစ်တယ်ဆို  အဲဒါလေးကို သေသေချာချာလေး သိချင်လို့ပါဘုရား။ ထိပ်ဆုံးကနေ အောက်ဆုံးကိုပြန်ကျသွားတော့ ဘာတွေက မညီတာလဲ ဘာတွေနဲ့ ညှိရမလဲဆိုတာနဲ့ ဘယ်လို သာဓကတွေ ရှိခဲ့သလဲ ဆိုတာ သိချင်ပါတယ် ဘုရား။

မကြည်ပြာ(စင်္ကာပူ)

ဟုတ်ပါတယ် ဒကမလေးရေ.. သဒ္ဓါတရားဖြစ်ဖို့ အရေးကြီးသလို သဒ္ဓါလွန်လို့ကွန့်တာ သဒ္ဓါလွန်လို့ တဏှာဖြစ် တတ်တယ်ဆိုတာ ဟုတ်ပါတယ်။
သဒ္ဓါဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှု လို့ခေါ်တဲ့သဒ္ဓါတရား မရှိရင် ဒီလူဟာ ကောင်းတာလုပ်လုပ် မကောင်းတာဘဲ လုပ်လုပ် ဘာမှမထူးပါဘူးကွာ..ဆိုတဲ့ စိတ်ဝင်သွားပါမယ်။ ဒီလိုစိတ်ဝင်သွားရင် မကောင်းတာမှန်သမျှ မလုပ်ရဲတာ မရှိတော့ပါဘူး။ မကောင်းတာမှန်သမျှ လက်ရဲ ဇက်ရဲ လုပ်လာတဲ့ ဒီလူမှာ မကောင်းမှုတွေ ဆက်တိုက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်၊မကောင်းမှုတွေဆက်တိုက်လုပ်ရင် အကုသိုလ်တွေ တပုံတပင်နဲ့ အပါယ်ငရဲကို တန်းသွားရပါလိမ့်မယ်။ ဒါကြောင့် သဒ္ဓါတရားဖြစ်ဖို့အရေးကြီးပါတယ်။

သဒ္ဓါတရားဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုရင်

၁။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့သူတစ်ပါးကို လှူဒါန်းပါ၊ကူညီပါ(စိတ်မကြည် မလင်မဖြစ်ရပါဘူး)၊

၂။ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါ၊

၃။ယုံကြည်ချက်အားလျော်တဲ့ ဥပုသ်သီလ စောင့်ထိန်းပါ၊

၎။ဂုဏ်တော်ပွားပါ တရားထိုင်ပါ(အဘိ၊ဋ္ဌ၊၁၊၁၆၂)-ဒါဆိုရင် ကိုယ့်ရဲ့ သဒ္ဓါတရားတွေ ပြန်ဖြစ်လာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။

သဒ္ဓါလွန်ရင် ကွန့်-တဲ့၊ သဒ္ဓါလွန်လို့ တဏှာဖြစ်ခဲ့တာတွေ ဘုရားလက်ထက်မှာရော ယနေ့ခေတ်မှာပါ ရှိခဲ့ ရှိနေပါတယ်၊ သူ့နာမည်က သုပဗ္ဗာ.တဲ့၊ သံဃာတော်တွေကို သိပ်ကြည်ညိုပါတယ်၊ ကြည်ညိုလွန်း သဒ္ဓါဖြစ်လွန်းတော့..သူစဉ်းစားတာက..သံဃာတော်တွေကို ဒကာ ဒကာမတွေက လှူနေတဲ့ပစ္စည်းတွေ အများကြီးပဲ၊ မလှူတာ တစ်ခုပဲရှိတယ်၊ လူများတွေ မလှူတဲ့ အဲဒီအလှူကို လှူရင် အမြတ်ဆုံးဒါန ဖြစ်လိမ့်မယ်လို့ တွေးပြီး သံဃာတော်များကို မေထုန်အလှူ လှူတယ်၊ (ပါ။၁။နှာ၄၉) ၊ဘုရားရှင်က သံဃာတော်များအတွက် စည်းကမ်းချမှတ်ရသလို သုပဗ္ဗာရဲ့ သဒ္ဓါတရားကိုလဲ အကျိုးမရှိတဲ့ သဒ္ဓါတရားလို့ မိန့်တော်မူပါတယ်။ ပုဂံခေတ်မှာ ပန်းဦးဆက်ရတဲ့ လုပ်ရပ်ကလဲ သဒ္ဓါလွန်တဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါမယ်။

ဟုတ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီတဲ့ သဒ္ဓါတရား ငြိမ်းချမ်းမှုရှိတဲ့သဒ္ဓါ၊ ပြတ်သားတဲ့ သဒ္ဓါတရားဖြစ်ဖို့  ပညာနဲ့ ညှိရပါမယ်။ သဒ္ဓါတရား အားကောင်းပြီး ပညာမပါရင်လဲ တလွဲဖြစ်တတ်တယ်။ နည်းလမ်းမကျဖြစ်လိမ့်မယ်၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပါလိမ့်မယ်၊ ပညာအားကောင်းပြီး သဒ္ဓါတရားမပါရင်လဲ ဘာကိုမှ မယုံကြည်တော့ပဲ လူချော်ကြီး ဖြစ်သွားပြန်ပါတယ်။

 မြန်မာပြည်မှာထင်ရှားခဲ့တဲ့ လူသေလူဖြစ်ဝါဒ ကို လေ့လာနိုင်ပါတယ်။ ပညာပဲဦးစားပေးပြီး ယုံကြည်မှု သဒ္ဓါတရားမရှိတော့.. ဘုရားဟောတဲ့ နတ်ပြည်ခြောက်ထပ် ဗြဟ္မာပြည် ၂၀ ဆိုတာ မရှိဘူး..လူသေရင် လူပဲပြန်ဖြစ်မယ်..တိရိစ္ဆာန် နတ် ဗြဟ္မာ ဆိုတာ မဖြစ်နိုင်ဘူး၊ သုံးဆယ့်တစ်ဘုံဆိုတာ မရှိနိုင်ဘူးတွေ ဖြစ်ကုန်ပါတော့တယ်။

ဒါကြောင့် မကြည်ပြာရေ.. သဒ္ဓါတရားကို ပညာနဲ့ ညှိပါ၊ ပညာကိုလဲ သဒ္ဓါနဲ့တိုင်းတာပါ သဒ္ဓါ ပညာမျှတဲ့ ဘ၀ဟာ ငြိမ်းချမ်းသာယာပါလိမ့်မယ်လို့ ဖြေလိုက်ပါရစေ။

ယုံကြည်မှု သဒ္ဓါတရားကလဲ အဆင့်လေးဆင့်ရှိပါသေးတယ်. ဘုရားလောင်းတွေရဲ့ ယုံချက် အာဂမသဒ္ဓါ၊တရားထူးရပြီးတဲ့ အရိယာပုဂ္ဂိုလ်များရဲ့ အဓိဂမသဒ္ဓါ၊ ရတနာသုံးပါးအပေါ်မှာ တကယ့်ကို သက်ဝင်ယုံကြည်တဲ့ ဩကပ္ပနသဒ္ဓါနဲ့ ရတနာသုံးပါးအပေါ်မှာ အစဉ်အလာယုံကြည်တဲ့ ပသာဒသဒ္ဓါဆိုပြီး လေးမျိုးရှိသလို ပညာမှာလဲ သူ့အဆင့်နဲ့သူရှိတယ်ဆိုတာကိုပါ ပူးတွဲမှတ်ထားစေချင်ပါတယ်။

သဒ္ဓါ ပညာ ဟန်ချက်ညီညီဖြင့် အတ္တဟိတ ပရဟိတ.ကို ဆက်လက် လုပ်ဆောင်နိုင်ပါစေ။

by  http://tknn.org

Thursday, April 26, 2012

အဖေ ဆိုတာ.....


                                                                      အဖေ ဆိုတာ...

အသက် ဆယ့်တစ်နှစ်အရွယ်ရှိတဲ့ ကောင်မလေးတစ်ယောက်က တစ်နေ့မှာ သူ့ အဖေကိုမေးတယ် ။
“ ဖေဖေ သမီး ရဲ့ ဆယ့်ငါးနှစ်မြောက်မွေးနေ့မှာ
သမီးကို ဖေဖေ ဘာလက်ဆောင်ပေးမလဲဟင် ”
သူ့အဖေကပြန်ပြောတယ် ။
“ အချိန်အများကြီးကျန်ပါသေးတယ်သမီးရယ် ”

ကောင်မလေး အသက် ၁၄ နှစ်ရောက်တဲ့အခါမှာ
ကျန်းမာရေးမကောင်းလို့ သတိလစ်ပြီး ဆေးရုံတင်လိုက်ရတယ် ။
ဆရာဝန်က ကောင်မလေးအဖေကို ကောင်မလေးရဲ့
ဆိုးရွားတဲ့ နှလုံးအကြောင်းနဲ့ မကြာခင် သေဆုံးတော့မှာဖြစ်ကြောင်းပြောပြလိုက်တယ် ။
ကောင်မလေးက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေရင်း သူ့အဖေကိုပြောတယ်။
“ ဖေဖေ ....သူတို့ပြောသလိုပဲ သမီးတကယ်သေမှာလားဟင် ”
ကောင်မလေးအဖေက ငိုကြွေးနေရင်းနဲ့ပြန်ပြောတယ်။
“ မဟုတ်ပါဘူးသမီးရယ် သမီးက အသက်ဆက်ရှင်သန်မှာပါ ”
ကောင်မလေးကပြန်မေးတယ် ။
“ ဖေဖေက ဘာလို့အဲဒီလိုပြောနိုင်တာလဲဟင် ”
ကောင်မလေးအဖေက တံခါးဖက်ကို မျက်နှာမူလိုက်တယ် ပြီးတော့ ပြောတယ်
“ ဖေဖေ သိတာပေါ့ကွယ် ”

ကောင်မလေး အသက် ၁၅ နှစ်ရောက်ရှိလာခဲ့တယ် ။
သူမ နေလည်းပြန်ကောင်းလာခဲ့တယ် ။
ပြီးတော့ သူမ ခေါင်းအုံးအောက်မှာထားတဲ့ စာတစ်စောင်ကိုရှာဖို့အတွက် ဆေးရုံကနေအိမ်ကိုပြန်လာခဲ့တယ် ။
စာထဲမှာရေးထားတာကတော့
“ ချစ်လှစွာသော သမီးရေ သမီးဒီစာဖတ်နေတဲ့အချိန်မှာ အရာအားလုံးဟာ ဖေဖေ ပြောခဲ့သလိုကောင်းမွန်စွာ ဖြစ်ခဲ့တယ်မဟုတ်လား
ဟိုး လွန်ခဲ့သော နှစ်တွေရဲ့ တစ်ရက်က သမီးဖေဖေ့ကိုမေးခဲ့တယ် ဆယ့်ငါးနှစ်မြောက်မွေးနေ့ပွဲမှာ ဖေဖေ ဘာပေးမလဲလို့လေ ။
အဲဒီတုန်းက ဖေဖေ မသိခဲ့ဘူး အခုတော့ ဖေဖေ သိသွားပါပြီ
သမီးအတွက် အဖေ့လက်ဆောင်ကတော့ ဖေဖေ့ နှလုံးသားပါ သမီးရယ် ”
ဟုတ်ပါတယ် ။ ကောင်မလေးအဖေသေဆုံးသွားခဲ့ပါပြီ ။
သူ့သမီးလေးအသက်ရှင်ဖို့အတွက်သူ့ဖေဖေက သူ့ နှလုံးသားကို သမီးလေးဆီ လှူခဲ့ခြင်းဖြစ်ပါတယ် ။
#######################################################

အဖေ ---
သားသမီးအတွက်ဆို လိုအပ်ရင် နှလုံးသားပါ စတေးရဲ တဲ့ဖေဖေ-- ဖေဖေ ကောင်းရာမွန်ရာဘုံဘ၀မှာ သမီးကို အမြဲစောင့်ရှောက်နိုင်ပါစေ ---
ကမ္ဘာပေါ်ရှိ သားသမီးများကိုယ်စား အဖေသို့ . . . .


by သက်တန့်ချို .
  

အဖေ့ ပျိုးခင်း


လောကထဲ ခြေချ
ကျွန်တော် ဘ၀ကို မိတ်ဆက်တုန်းက
အပြုံးစတွေ အထပ်ထပ်နဲ့
ရင်ခွင်ထဲ ပွေ့ဖက်
မျက်ရည်တွေကို အပြုံးဖက်အောင် သူချြော့မူ
ကျွန်တော့် ဘ၀ကို
နွေးထွေးတဲ့ မေတ္တာတွေနဲ့
ဖေးကူခဲ့ သူ…..

နေ့ရက်တွေကို ကျော်ဖြတ်
ကျွန်တော့်ဘ၀ကို လှမ်းခဲ့စဉ်က
စကားသံတွေ အထပ်ထပ်ကို
မာနတွေနဲ့ ကျောခိုင်း
ကျွန်တော့် စိတ်တွေ ရိုင်းခဲ့ပေမယ့်
ဂရုဏာ မပြတ်
ပဲ့ကိုင်ကာ လမ်းညွန်ခဲ့သူ….

ဆိုးလွန်းတဲ့  ဘဝ
အတိဒုက္ခရောက်တဲ့ ခဏ
သူ့ရင်တွင်း ကျွန်တော်ဝပ်ဆင်း
မေတ္တာပျိုးခင်းလေးကို မြင်မှ
အတွေးတွေ ပြန်ပြောင်း
ကျွန်တော့် အသိတွေ မနှောင်းခင်
ခြေအစုံကို ကျွန်တော် ဖက်
မျက်ရည်တွေ အထပ်ထပ်နဲ့
အပြစ်တွေ ဆေးရင်တောင် မကျေ
သားမောင် မိုက်ခဲ့ပါတယ် အဖေ…

ကျခဲ့မျက်ရည် ချွှေးစက်တွေ
သားမောင် တစ်သက်ဆပ်မကျေပေမယ့်
အဖေမွေးတဲ့သား
အဖေ့ရင်ကို ခွဲတဲ့ဓါး မဖြစ်ရအောင်
အဖေ့ မျှော်လင့်ခြင်း သားမောင် ဘ၀နဲ့ ရင်းပြီး
ကြိုးစားခွင့်ဆပ်ခွင့်ပြုပါ….အဖေ….
  
by  rainmaker

  

Wednesday, April 25, 2012

ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း


 ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း

စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ အခါမလပ် ပြောင်း၍ ပြောင်း၍ နေသည်။ နွေမိုး ဆောင်းဥတုသုံးပါး စဉ်ဆက်မပြတ်ပြောင်း၍ပြောင်း၍နေ သည်။ သစ်ပင်ပန်းမန်တို့လည်း ရွက်ဟောင်းတွေကြွေ၊ ရွက်သစ်တွေ ဝေကာ ပြောင်း၍ ပြောင်း၍နေသည်။ သံသရာမှာ ခန္ဓာတွေ အဖန်ဖန် အခါ ခါ ပြောင်း၍ပြောင်း၍ လာခဲ့သည်။ သက်ရှိသက်မဲ့ အရာခပ်သိမ်း ရပ်နေသည်မရှိ၊ တည်နေသည်မရှိ၊ တန့်နေသည်မရှိ၊ ဖြစ်ပျက်၍နေသည်၊ ပြောင်းလဲ၍နေသည်။ ရွေ့လျား၍နေသည်။ ယင်းသည်ပင် အနိစ္စ၊ ယင်းသည်ပင် ဒုက္ခ၊ ယင်းသည်ပင် အနတ္တ။

သံသရာမှာ ခန္ဓာတွေအကြိမ်ကြိမ် ပြောင်းခဲ့လေပြီ။ မဟာပထ၀ီ မြေတစ်ပြင်လုံး ကိုယ့်အလောင်းမသာ မမြှုပ်နှံဖူးသည့်နေရာအလွတ် မရှိတော့။ စင်စစ်မှာတော့ မဟာပထ၀ီမြေ တစ်ပြင်လုံးဟာ မိမိ၏သုဿန်သာ။ ထိုသို့ ထိုသို့ သံသရာမှာ ခန္ဓာတွေ အလီလီပြောင်းခဲ့လေရဲ့။ လူဖြစ်သည့်အခါဖြစ်၊ နတ်ဖြစ်သည့်အခါ ဖြစ်၊ ငရဲသားဖြစ်သည့် အခါဖြစ်၊ တိရစ္ဆာန်ဖြစ်သည့် အခါဖြစ်၊ ပြိတ္တာ ဖြစ်သည့်အခါဖြစ်၊ ဘယ်ဟာအတည်မမြဲ၊ ဖောက်လွဲဖောက်ပြန် အကြောင်းကတော့ မိမိတို့ပြုခဲ့သည့်ကံ။
မြင်မြင်သမျှ သင်္ခါရ၊ ပြုလျှင်လည်း ပြောင်းမည်၊ မပြုလျှင်လည်း ပြောင်းမည်၊ ပြင်လျှင်လည်း ပြောင်းမည်၊ မပြင်လျှင်လည်း ပြောင်းမည်၊ ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ်ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာ နေမည်။ ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းကမကောင်း၊ ထူးမခြားနား၊ မတည့်ဘဲ လွဲချော်၍သွား။


ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ်ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာနေမည်။
ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းက မကောင်း

သဗ္ဗေ သင်္ခါရာ အနိစ္စာ - သင်္ခါရဟူသမျှ အနိစ္စ။ အနိစ္စဆိုတာ သင်္ခါရ။ ရုပ်ဓမ္မ နာမ်ဓမ္မအားလုံး အနိစ္စ။ ရုပ်တရားဟူသမျှပြောင်း၍ နေသည်။ ရွေ့၍နေသည်။ နာမ် တရားဟူသမျှ ပြောင်း၍နေသည်။ ရွေ့၍နေသည်။ ငြိမ်နေသည် မရှိ။ ရပ်နေသည်မရှိ။ လှည့်၍နေသည်။ လည်၍နေသည်။ ပတ်၍နေသည်။

သဗ္ဗေသင်္ခါရ အနိစ္စာဟုဆိုသဖြင့် အများစုက သင်္ခါရကိုအနိစ္စအဖြစ်သာ မြင်ကြသည်။ သင်္ခါရသည် ပျက်စီးတတ်၏။ သင်္ခါရသည် ပျက်စီးခြင်းဖြစ်၏။ သင်္ခါရနှင့် အပျက် သဘော၊ အပျက်သဘောနှင့် သင်္ခါရ  ထပ်တူထပ်မျှ ရှုမြင်ကြသည်။ သင်္ခါရဟုဆိုလျှင် မျက်စိထဲ၌ပျက်စီးနေတာ တွေ၊ အပျက်အစီးတွေ၊ အပျက်သဘောတွေကိုပဲ မြင်ယောင်ကြသည်။အမှန်က သင်္ခါရသဘောသည် ထိုသို့ မဟုတ်။
‘သမ္မာ ကရောတီတိ သင်္ခါရော’ ဟူသော ကတ္တုသာဓ်ဝိဂြိုဟ်အရ ပြု တတ်သောသင်္ခါရကတစ်မျိုးရှိသည်။  ‘သမ္မာကရီယ တေတိ သင်္ခါရော’ ဟူ သော ကမ္မသာဓ်ဝိဂြိုဟ်အရ အပြုခံ သင်္ခါရကတစ်မျိုးရှိသည်။ သင်္ခါရ သည် ပြုတတ်သော သင်္ခါရရှိသည်။ အပြုခံရသော သင်္ခါရဟူသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ဥာဏ်၊ ၀ီရိယ ဟူ၍ ခြောက်ပါးရှိသည်။ အပြုခံ သင်္ခါရဟူသည် သည်ရုပ်၊ သည်နာမ် သည်ခန္ဓာ၊ သည်ဘ၀၊ သည်ရာထူး၊ သည်ဥစ္စာ၊ ပိုင်ဆိုင်မှုမှန်သမျှနှင့် စည်းကမ်း သတ်မှတ်ချက်တွေ၊ မူတွေ၊ ဘောင်တွေ၊ ပညတ်ချက်ဥပဒေ တွေ၊ ပတ်ဝန်းကျင် ရေမြေသဘာဝ စသည် စသည် သက်ရှိသက်မဲ့ အားလုံးပါဝင်သည်။

ပြုတတ်သော သင်္ခါရသည်လည်း အနိစ္စ-အမြဲမရှိ။ အတည်တကျမရှိ။ ထာဝရမရှိ၊ တဒင်္ဂ တခဏမျှနှင့်ရွေ့ နေသည်။ ပြောင်းနေသည်။ အပြုခံ သင်္ခါရကလည်း အနိစ္စ-အမြဲမရှိ။ အတည်တကျမရှိ၊ ထာဝရမရှိ၊ တဒင်္ဂ  တစ်ခဏမျှနှင့်ရွေ့နေသည်။ ပြောင်းနေသည်။ သင်္ခါရဟူသမျှ အနိစ္စဟု ဆိုသဖြင့်သည်အတိုင်း ထား၍တော့ မရ။ ပစ်ထား၍တော့မရ။ ပြုစရာရှိ သည်ကိုပြုနေရမည်။ ပြင်စရာရှိသည်ကို ပြင်နေရမည်။ သင်္ခါရဟူသည် ပြုပြင်မှုကို တောင်းဆိုနေသည်။  ပြုပြင်မှုကိုငံ့လင့်နေသည်။ ပြုတတ်သည့်သင်္ခါရကိုလည်း ပြုနေ၊ ပြင်နေ ရမည်။ အပြုခံသင်္ခါရကိုလည်း ပြုနေ၊ ပြင်နေရမည်။ ပြုခြင်းနှင့် ပြင်ခြင်းသည် ဘ၀ပေး တာဝန်ဖြစ်သည်။ ပြုနေသူတို့ ရှေ့ရောက်သည်။ ပြင်နေသူတို့ ထွန်းပေါက်သည်။

သင်္ခါရဟူသည် ဂရုစိုက်မှုကို လိုလားသည်။ လူ၏သဘာဝကလည်း သူ့ကိုဂရုစိုက်မှ ကြိုက်သည်။ သူ့ကိုဂရုစိုက်တာကို ခံချင်သည်။ လူ ရိုသေ၊ ရှင်ရိုသေဟူသောစကားသည် လူ၏ဂရုစိုက်မှုအပေါ် လိုလားမှုကို ပြဆိုသောသက်သေ သာဓက ဝေါဟာရ ဖြစ်သည်။ ဘုရားကလည်း အည မညဂါရ၀ - အချင်းချင်း ဂရုစိုက်ကြဖို့၊ ပဋိသန္တာရဂါရ၀ - ကူးလူးဆက် ဆံရာမှာ လေးလေးစားစားဆက်ဆံ ကြဖို့ အလေးထားမှာကြားခဲ့သည်။ ဂရုစိုက်ဟူသည် ဂရုဂါရ၀မှလာ သည်။ အလေးထားခြင်း၊ လေးစား ခြင်း၊ ရိုသေခြင်းဟူသောအဓိပ္ပာယ် များသင့်သလိုသိမ်းကျုံးပါဝင်သည်။
လူမှဂရုစိုက်ခံချင်သည်မဟုတ်။ ခွေးလေး၊ ကြောင်လေးကအစ တိရစ္ဆာန်ဟူသမျှလည်း ဂရုစိုက်မှု ခံချင်ကြသည်။ ခွေးလေး၊ ကြောင်လေးတွေ သူတို့ကိုဂရုစိုက်သူဆိုလျှင် သူတို့ကလည်း ပြန်လည်၍ ခင်မင် ရင်းနှီးမှုကို ပြကြသည်။ သူတို့ကို ဂရုမစိုက်သူဆိုလျှင် သူတို့ကလည်း လှည့်တောင်မကြည့်။ မသိသလို၊ မထီသလို ဘာသိဘာသာနေကြသည်။

သက်ရှိတွေမှ ဂရုစိုက်ခံချင်ကြသည်မ ဟုတ်။ သက်မဲ့သစ်ပင်လေးတွေလည်း လူတို့၏ ဂရုစိုက်မှုကို တောင်းဆိုကြသည်။ စိုက်ပျိုးရေးသမားတွေက ပို၍သိမည်။ အနုအရွ အလှအပပန်းပင်လေးတွေဆိုလျှင် ပို၍ ဆိုးသည်။ ပိုးသတ်ဆေးဖျန်း၊ မြေ သြဇာကျွေး၊ ရေလောင်းပေးနှင့်တော် တော်ဂရုစိုက်နိုင်မှကို သူတို့ကပွင့်ကြ သီးကြသည်။ နှင်းဆီတို့၊ သစ်ခွတို့ ဆိုလျှင် ကလေးငယ်တစ်ယောက် ပြုစုစောင့်ရှောက်သလိုကို ပြုစုစောင့်ရှောက်ရသည်။ တော်တော်ကြီးကို ဂရုစိုက်ရသည်။

မိဘနှင့်သားသမီးတွင် မိဘက ပြုတတ်သော သင်္ခါရ၊ သားသမီးက အပြုခံသင်္ခါရဖြစ်သည်။ မိဘအများ စု သားသမီးကို အလွန်ဂရုစိုက်ကြသည်။ ခြင်တစ်ကောင် မကိုက် အောင်၊ နေတစ်ပြောက်မထိုးအောင်၊  လေစိမ်းတစ်ချက် မတိုက်အောင် အစစအရာရာ ဂရုစိုက်ကြသည်။ ပြုစုစောင့်ရှောက်ကြသည်။ သားသမီးတို့ အတွက် ကျန်းမာရေး၊ ချမ်းသာရေး၊ ရှင်သန်ကြီးထွားရေး၊ အစစအရာရာ အဆင်ပြေရေးအတွက် ပြုသင့်သည် ကိုပြု၊ ပြင်သင့်သည်ကို ပြင်၍ ပြုစု စောင့်ရှောက်သည်။
ဥယျာဉ်မှူးသည် သူစိုက်ပျိုးသည့် ပန်းပင်၊ သစ်ပင်လေးတွေကို ဂရုတစိုက်နှင့် ပြုသင့်သည်ကိုပြု၊ ပြင်သင့်သည်ကို ပြင်ပေး၍ ပြုစု သည်။ စောင့်ရှောက်သည်၊ ဆရာ သမားသည် တပည့်တို့ကိုပြုသင့် သည်ကိုပြု၊ ပြင်သင့်သည်ကို ပြင်ပေး၍ ပြုစုစောင့်ရှောက်သည်။ အခြား အခြားသူများလည်း ကိုယ်တာဝန်ယူ ထား၊ ကိုယ်တာဝန်ခံထားသော အရာဟူသမျှ အလုပ်ဟူသမျှ ပြုသင့်သည် ကို ပြုရ၊ ပြင်သင့်သည်ကို ပြင်ပေး၍ ဂရုစိုက်ရမည်။

လယ်စိုက်သူသည် လယ်ကိုပြုသူဖြစ်သည်။ ယာစိုက်သူသည် ယာကိုပြုသူဖြစ်သည်။ ၀န်ထမ်းက ဆိုင်ရာတာဝန်ကိုပြုသူဖြစ်သည်။ စီးပွား ရေးသမားက စီးပွားရေးကို ပြုသူဖြစ်သည်။ နိုင်ငံရေးသမားက နိုင်ငံကိုပြု သူဖြစ်သည်။ စာရေးဆရာက စာကို ပြုသူဖြစ်သည်။ တေးရေးဆရာက တေးကိုပြုသူဖြစ်သည်။ ပြုဟူသည် ဖျက်ခြင်းမဟုတ်။ ပြုဟူသည် ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။ ဖြစ်မြောက်အောင် လုပ်ခြင်းဖြစ်သည်။ ဖြစ်ထွန်းအောင်လုပ်ခြင်းဖြစ်သည်။ ပြုဟူသည်ဖြစ်အောင် လုပ်ခြင်းဖြစ်သည့်အတွက် ကိုယ်ပြုသည့်ကိစ္စသည် ဖြစ်ထွန်းမှ၊ အောင်မြင်မှ၊ ဖြစ် မြောက်မှ၊ အကောင်အထည်ပေါ်မှ၊ ရလဒ်တွေကောင်းမှ၊ ကောင်းကျိုး တွေမြင်ရမှပြုရာရောက်သည် သို့မဟုတ်လျှင် ပြုရာမရောက်ဘဲ ဖျက်ရာ ရောက်တတ်သည်ကို သတိပြုရမည်။

တစ်စုံတစ်ခုပြုကြပြီဆိုလျှင် ကိုယ်ကပြုတတ်မှ၊ ပြုနိုင်မှ၊ ကျွမ်း မှ၊ စွမ်းမှသာပြုသင့်သည်။ ကိုယ်က မပြုတတ်၊ မပြုနိုင်၊ မကျွမ်းဘဲ၊ မစွမ်းဘဲပြုခဲ့လျှင် မျောက်အုန်းသီးရသလို ဘာမှအဓိပ္ပာယ်ရှိမည်မဟုတ်။ ထို့အပြင် ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကဖြစ်မလာဘဲပျက်ကုန်တတ်သည်။  ထို့ကြောင့် မိမိက တစ်စုံတစ်ခုတာ ၀န်ယူ၍ပြုတော့မည်ဆိုလျှင် ထိုကိစ္စ နှင့်စပ်၍ မိမိကကျွမ်းမှဖြစ်မည်။ စွမ်း မှဖြစ်မည်။ ကျွမ်းမှ၊ စွမ်းမှသာပြု တတ်မည်၊ ပြုနိုင်မည်။

ဟုတ်တာကိုမလုပ်လျှင် မဟုတ်တာကို လုပ်နေခြင်းဖြစ်သည်။ လုပ်သင့်သည်ကို မလုပ်လျှင် မလုပ်သင့် သည်ကို လုပ်နေခြင်းဖြစ်သည်။ ဤကား တိကျသေချာသော အချက်ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် ဟုတ်တာကိုလုပ်နေဖို့၊ လုပ်ဖြစ်ဖို့လိုပါသည်။ လုပ်သင့်သည်ကို လုပ်နေဖို့၊ လုပ်ဖြစ်ဖို့ လိုပါသည်။
မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတွင် အတ္တသမ္မာပဏိဓိမင်္ဂလာက အချုပ်ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာထားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

မိမိကိုယ်ကို ကောင်းစွာထားဟူသည် ပြုသင့်သည်ကို ပြုဖို့နှင့် ပြင်သင့်သည်ကို ပြင်ဖို့ဖြစ်သည်။ ရဟန္တာဖြစ်မှသာ ကတံ ကရဏီယံ - ပြုဖွယ်ကိစ္စဟူသမျှ ပြု၍ ပြီးလေသည်။ နာပရံ ဣတ္ထတ္ထာယ - အ ခြားတစ်စုံတစ်ရာပြုဖွယ်ကိစ္စမရှိတော့ ခြင်းဖြစ်သည်။ ရဟန္တာဖြစ်မှသာ ပြု ခြင်းကိစ္စ၊ ပြင်ခြင်းကိစ္စဟူသမျှ ပြီးဆုံးသည်။ မိမိကိုယ်၌ ပြန်ကြည့်လိုက်တော့ ပြုသင့်တာတွေကလည်း များစွာပါလား၊ ပြင်သင့်တာတွေက များစွာပါလားဟု တွေ့ရလိမ့်မည်။

မိမိတို့ပြုသင့်သည်ကို မပြုလျှင် ပြင်သင့်သည်ကို မပြင်လျှင် အနာဂတ်ခရီးလမ်းက ဆူးခင်းလမ်းမှ တစ်ပါး အခြားမရှိပြီ။ ပြုသင့်သည်ကိုမပြု၊ ပြင်သင့်သည်ကိုမပြင်ဘဲပြောင်းကြ လျှင်ဖြင့် ဆူးခင်းလမ်းမှာ သွေးရဲရဲ သံရဲရဲဖြင့် လျှောက်ရပေဦးမည်။ ထို့ကြောင့် ပန်းခင်းလမ်းကို လျှောက်နိုင်ဖို့ ပြုသင့်သည်ကို ပြုမှဖြစ်မည်။ ပြင်သင့်သည်ကိုပြင်မှဖြစ်မည်။ ဘ၀ဟူသည် ပြု၍ပြင်၍ပြောင်းမှသာ ကောင်းရာသုဂတိသို့ ရောက်ရှိမည်။

အများစုသည် တစ်ခုခုကိုပြုတော့ ပြုနေကြသည်။ သို့ရာတွင် ပြင်သင့်သည်ကိုမပြင်ဘဲ ပြုကြသည်။ ထိုသို့ ပြင်သင့်သည်ကိုမပြင်ဘဲပြုနေ လျှင် ပြုသမျှကိစ္စအ၀၀သည် ထိရောက်မှုရှိ၊ မရှိ၊ ကောင်းကျိုးသက် ရောက်မှု ရှိနိုင်၊ မရှိနိုင် စဉ်းစားဖို့ တော့လိုပေမည်။ “လူဆိုတာ အသက်လေးဆယ်ကျော်ရင် ယုတ်မာသွားတော့တာပဲ”ဟု ဆိုခဲ့သော ကမ္ဘာကျော်ခွ စာရေးဆရာကြီးဘားနပ်ရှော့က “စာတစ်မျက်နှာရေးတာထက် အဲဒီစာ တစ်မျက်နှာကို ပြန်ပြင်နေရတာက အချိန်ပိုကြာတယ်။ အချိန်ပိုပေးရတယ်”ဟု ဆိုခဲ့သည်။ စာကောင်းပေကောင်း တစ်ပုဒ်ဖြစ်ဖို့ ပြုခြင်းထက် ပြင်ခြင်းကပို၍ အရေးပါနေသည်။

သို့ဆိုသဖြင့် မဟုတ်လို့ပြင်ခြင်း၊ မှားလို့ပြင်ခြင်း၊ မကြိုက်လို့ပြင်ခြင်း၊ ပျက်လို့ပြင်ခြင်း၊ မကောင်းလို့ပြင် ခြင်းစသည်ဖြင့် နဂိုအရှိပကတိကို ပြင်ခြင်းအပြင် မိမိတို့လက်ရှိပြုနေသည့် အထဲမှာပဲ ပြင်စရာတွေများစွာ ပါနေပါလားဟူသော ကောက်ချက်ကိုတွေ့ ရှိရသည်။ ထို့ကြောင့် နဂိုအမှားတွေ ကိုလည်း ပြင်ရမည်။ ပြုနေတာတွေ ကိုလည်း ပြင်ပြီးတော့ပြုရမည်ဟု ပြင်ခြင်းနှစ်မျိုးတွေ့ရလေသည်။
ဘုရားရဟန္တာအရှင်မြတ်တို့ သည် သူတို့ကိုယ်သူတို့ပြုသင့်သည် ကိုပြု၍ ပြင်သင့်သည်ကိုပြင်၍၊ ပြု ၍၊ ပြင်၍ အဆင့်ဆင့်ပြောင်းလဲခဲ့ကြ သဖြင့် ထိုသို့ ဘုရားရဟန္တာအရှင် မြတ်များဖြစ်ကြရသည်။
ထိုနည်းထုံး ကို အာရုံပြု၍ မိမိတို့အနာဂတ်ရှေ့ ခရီးကိုလည်းပြု၍၊ ပြင်၍၊ ပြောင်း ၍ ခရီးဆက်ကြရပေလိမ့်မည်။
  
Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)   

Tuesday, April 24, 2012

နယူးယောက် မိန့်ခွန်း



 နယူးယောက် မိန့်ခွန်း
တူညီသော လမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်ကြပါစို့


၂၀၁၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီး ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ တင်သွင်းဖတ်ကြားခဲ့သော စာတမ်း။


အလွန်အရိုသေပြုအပ်ပါသော ရဟန်းသံဃာတော်များ၊
ဂုဏ်သရေရှိ သံတမန်များအဖွဲ့ဝင်များ၊
ချစ်ခင်လေးစားရပါသော ပရိသတ်အားလုံးကို လှိုက်လှဲစွာ နှုတ်ခွန်းဆက်ပါတယ်။
          ဒီနေ့ဟာ ၀ိသာခပုဏ္ဏမာရယ်လို့ ဗုဒ္ဓဘာသာလောကမှာ လူသိများထင်ရှားတဲ့ မေလရဲ့ လပြည့်နေမှာ မြတ်ဗုဒ္ဓဖွားမြင်တော်မူခြင်း၊ သစ္စာတရားကို ဖော်ထုတ်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်းနှင့် ဘ၀နှင့်ခန္ဓာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (ပရိနိဗ္ဗာန်စံခြင်း) ဟူသော ထူးမြတ်သည့် ဖြစ်ရပ်ကြီးများ ဒီတနေ့တည်းမှာပဲ ကျရောက်ခဲ့တာဖြစ်လို့ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ထူးမြတ်သော နေ့ထူးတစ်ခု ဖြစ်ပါတယ်။
          ယခုလို လူနတ်လောကကြီးတစ်ခုလုံး၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို အောင့်မေ့တသ ပူဇော်သောအားဖြင့် နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့ နှစ် (၂၆၀၀)ပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးမှာ တက်ရောက်ပါဝင် စကားပြောခွင့်ရတဲ့အတွက် အလွန်နှစ်သက် ကျေနပ်ရုံမျှမက တကယ့်ကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဤကဲ့သို့ ဘုရားဖြစ်သည့် နှစ် (၂၆၀၀) ပြည့်မြောက်သည့်အခါတော်ဝယ် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှ နေ၍ ကျွန်ုပ်၏ဖြူစင်သောနှလုံးသားမှ ကောင်းမြတ်သောဆု ဆန္ဒမွန်များ အေးချမ်းသောမေတ္တာတော်များ၊ ငြိမ်းချမ်းသော ကရုဏာဓာတ်များကို ကမ္ဘာတစ်ဝှမ်းလုံးရှိ သတ္တ၀ါအားလုံးထံ ပို့လွတ်ပါတယ်။ သတ္တ၀ါလောကတစ်ခုလုံး စစ်ဘေးနှင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ အမြန်ဆုံး ရရှိနိုင်ကြပါစေ။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးသည့်နောက် ဗုဒ္ဓအဖြစ်ဖြင့် (၄၅) နှစ် နေခဲ့ပါတယ်။ (၄၅) နှစ် အတွင်းမှာ ဟောပြောဆုံးမသွားတဲ့ စကားရပ်အားလုံးဟာ ‘‘ဓမ္မ’’ ဆိုတဲ့ လှပတဲ့စကားလုံးထဲမှာ ပါဝင်ပါတယ်။ ဗုဒ္ဓရဲ့ဓမ္မဟာ religious system မျိုး မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မဆိုတာဟာ သင်ဘို့၊ ကျင့်ဘို့၊ လေ့ကျင့်ဘို့၊ သိနားလည်ဘို့ ဖြစ်ပါတယ်။ ဘ၀ရဲ့စာမျက်နှာသစ်တစ်ခုလုံးကို ဖွင့်လှစ်ဘို့ စိတ်အား သန်ကြတဲ့ လူတွေဟာ ဓမ္မကို သင်ကြ ကျင့်ကြပါတယ်။ လောကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဓမ္မဟာ တန်ခိုးစွမ်းအားကြီးမားသည့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ပေါင်း မြောက်များစွာတို့ဟာ လူသားတွေရဲ့ ဘ၀ပြဿနာတွေကို ဖြေရှင်းဘို့ မြောက်များစွာသော အသင်းအဖွဲ့တွေကို ဖွဲ့စည်းကြပါတယ်။ ဒီကုလသမဂ္ဂအသင်းကြီးဟာ စံနမူနာယူလောက်တဲ့ တစ်ခုတည်းသော အသင်းကြီးဖြစ်ပါတယ်။
 သို့-- ညီညွတ်ခြင်းထဲမှ ကွဲပြားခြင်း၊ ကွဲပြားခြင်းထဲမှ ညီညွတ်ခြင်း၊ ချစ်ခြင်းထဲမှ မုန်းခြင်း၊ မုန်းတီးခြင်းထဲမှ ချစ်ခြင်း၊ လက်တွဲခြင်းထဲမှ လမ်းခွဲခြင်း၊ လမ်းခွဲခြင်းမှာ ပြန်တွဲခြင်းဆိုတဲ့ ဒွန္ဒ၀ါဒ၊ နှစ်ခုတွဲသဘောတွေဟာ အပြန်အလှန်ရှိနေကြပါတယ်။ ဘယ်သူ ဘယ်အဖွဲ့ကမှ ကမ္ဘာ့လူသားတို့၏ ပြဿနာများရဲ့ နောက်ဆုံးအဖြေကို ယနေ့အထိ ရှာဖွေလို့ မတွေ့နိုင်ကြသေးဘူး။ သိပ္ပံပညာ နည်းပညာတို့ဆိုတာဟာလည်း  လူ့စိတ်နှင့်ဆိုင်သော အဆုံးသတ်အဖြေကို ရှာဖွေ မပေးနိုင်ပါဘူး။ သုတေသနတွေ ဘယ်လိုပဲ လုပ်လုပ် သိပ္ပံနည်းပညာသည် ရုပ်ဝတ္ထုအဖြေကိုသာ ရှာဖွေနိုင်ကြတာ ဖြစ်ပါတယ်။ သိပ္ပံနည်းပညာအရ သုတေသန အကြိမ်ကြိမ်လုပ်၍ ရုပ်ဝတ္ထု၏အဖြေကို ရှာဖွေရာမှာပင် နောက်ဆုံးပြီးနောက်ဆုံး နောက်ဆုံးပြီး နောက်ဆုံးတွေပဲဖြစ်နေပါတယ်။ အပြီးသတ် အဖြေကို သိပ္ပံမှာ ရှာမရဘဲ ဖြစ်နေပါတယ်။
လူသားတွေရဲ့ဘ၀ဟာ ရုပ်ဝတ္ထုတစ်မျိုးတည်းနှင့် ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုနှင့် စိတ်စေတသိတ်တို့ ဟန်ချက်ညီညီ ဖွဲ့စည်းပေါင်းစပ် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖွဲ့စည်းတည်ဆောက်ရာမှာ ရုပ်ကတော့ လေယာဉ်၊ ရေယာဉ်၊ ကုန်းယာဉ် တစ်ခုလို ဖြစ်ပါတယ်။ စိတ်စေတသိတ်ဆိုတဲ့ နာမ်တရားတွေကတော့ ယာဉ်မောင်းသမားနဲ့ တူပါတယ်။ ယာဉ်တွေကို ကောင်းကောင်း နိုင်နိုင် မကိုင်နိုင်တဲ့ ယာဉ်မောင်းသမားဟာ ယာဉ်စီးတဲ့ ခရီးသည်တွေကိုသာမက သူကိုယ်တိုင်ကိုပါ သတ်ဖြတ်နှိပ်စက်သူ ဖြစ်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဗိသုကာ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး သတင်းစကား များစွာထဲက စကားတစ်ခွန်းလောက် ပြောပြချင်ပါတယ်။
‘‘မနော ပုဗ္ဗင်္ဂမာ ဓမ္မာ’’ ဆိုတဲ့စကားပါပဲ။ ‘‘စိတ်သည် လူ့ဘ၀၏ ရှေ့ဆောင် ခေါင်းဆောင်’’ ဖြစ်ပါတယ်။ စိတ်သည် ဆင်းရဲချမ်းသာ အကောင်းအဆိုး အားလုံးကို ဖန်ဆင်းပါတယ်။ ဒါ့ကြောင် ကောင်းစိတ်သည် ဘ၀ကောင်း တစ်ခုကို ဖန်ဆင်းမှာ ဖြစ်ပြီး မကောင်းသော စိတ်သည် ဘ၀ဆိုးတစ်ခုကို ဖန်ဆင်းပါလိမ့်မယ်။ လူသားတွေရဲ့ ဘ၀ဗိသုကာဟာ လူသားတွေရဲ့ စိတ်ပါပဲ။ လှပသောဘ၀တစ်ခု တည်ဆောက်လိုလျှင် စိတ်ကို လှပအောင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ စိတ်ဆိုးလျှင်တော့ အရုပ်ဆိုးသော ဘ၀ကိုရကြမှာပဲ။ ယနေ့ ကမ္ဘာလောကကြီးဟာ ညစ်ညမ်းမှုတွေ၊ ပြစ်မှုတွေ အမည်းစက်တွေ၊ လုယတ်လွန်ကြူးမှုတွေ၊ သောင်းကျန်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ စစ်ပွဲတွေနဲ့ အပြည့်ပါပဲ။ ဒီလို အရုပ်ဆိုးနေတဲ့ လောကကို စိုးရိမ်ပူဆွေးခြင်း၊ ဆင်းရဲခြင်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ ထို့ကြောင့် ငြိမ်းချမ်းသော သာယာ လှပသော ကမ္ဘာကြီးကို ဖန်ဆင်းဘို့ကတော့ ဆိုးသွမ်းသော စိတ်ဓာတ်ကို ကောင်းမြတ်သော စိတ်ဓာတ်သို့ ပြောင်းဘို့ လိုပါတယ်။
အလွန်စိတ်ဆင်းရဲဖွယ် ငြီးငွေ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြီးတွေနဲ့ စီးပွားရေးနှင့် လက်နက်ပြိုင်ဆိုင်မှုတွေဟာ အတ္တသန်သောကမ္ဘာမှာ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်က စတင်ကြတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးစကားများစွာထဲက စိတ်ဝင်စားဖွယ်ကောင်းသော စကားတစ်ခွန်းမှာ ‘‘အတ္တမှ အနတ္တသို့ ပြောင်းလဲမှု’’ပဲ ဖြစ်ပါတယ်။ ပြီးတော့ ‘‘ဣဿာမှ မုဒိတာသို့’’ ‘‘ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့’’ ဟူသော ဘ၀စာမျက်နှာသစ် ဖွင့်လှစ်ဘို့ အကြိမ်ကြိမ် မိန့်ကြားခဲ့ပါတယ်။
ဤယနေ့ဟာ နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဤထူးမြတ်သည့် အခါတော်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံခန်းမဆောင်ကြီးမှာ အစည်းအဝေးသို့ ရောက်ရှိလာကြကုန်သော ဘာသာရေးခေါင်းဆောင်များအားလုံး နိုင်ငံရေးခေါင်ဆောင်များအားလုံး သံတမန်များ အားလုံး လူ့လောကကြီး၏ အတွင်းရန်သူကြီးဖြစ်တဲ့ ယုတ်မာသော စိတ်ဓာတ် (ပဒုဋ္ဌစိတ်)ကို မွန်မြတ်သော စိတ် (ပသန္နစိတ်)သို့ ၀ိုင်းဝန်းကြိုးပန်း ပြောင်းလဲကြပါစို့ဟု တိုက်တွန်းလိုပါသည်။ မြတ်ဗုဒ္ဓ၏ငြိမ်းချမ်းရေး တည်ဆောင်မှုအတွက် နောက်ထပ် သတင်းစကားတစ်ခုကတော့ ခန္တီတရားပဲဖြစ်ပါတယ်။ အက္ခန္တီ (၀ိဟိံသ)တရားသည် ဘာသာရေး နိုင်ငံရေး လူမှုရေးအားလုံးတို့၏ ရန်သူကြီးတစ်ပါးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သူ၏တပည့်တွေကို အမြဲတန်းပြောတာကတော့ မည်သူက မည်သို့ပင် မကောင်းစေကာမူ ထိုသူကို စိတ်မဆိုးဘို့၊ မကျေမနပ်မဖြစ်ဘို့ပင်ဖြစ်ပါသည်။ အကယ်၍ မိမိအား မကောင်းပြု မကောင်းပြော မကောင်းကြံလာသော သူအား အမျက်ထွက်လျှင် ‘‘ မိမိသည်ပင် မိမိကိုယ်ကို စိတ်ဓာတ်ရေးရာမှာ ဆုံးရှုံးခြင်းဟူသော အန္တရာယ်အတွင်းထဲသို့ ပို့လိုက်ပြီ ဖြစ်သည်ဟု မှတ်ယူရမည်။
အခြားလေးနက်သော မြတ်ဗုဒ္ဓ၏ဆုံးမချက်များမှာ- သတ္တ၀ါအမျိုးအစား မခွဲခြားဘဲ မေတ္တာတရား ဖြန့်ချီထားရခြင်းပင်ဖြစ်သည်။ မေတ္တာနှင့် ခန္တီ စိတ်ဓာတ်နှစ်ပါးကို ဘာသာရေး နိုင်ငံရေးခေါင်းဆောင် အားလုံး တည်ဆောက်ရမည်။ ညီအစ်ကို မောင်နှမစိတ်၏ အခြေခံအုဌ်မြစ်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက် ညွှန်ပြခဲ့သည်။ မေတ္တာ ခန္တီ ကရုဏာ တရားတို့ရဲ့ အရည်အသွေးကို ပညာဖြင့် တောက်ပြောင်စေဘို့ အစဉ်တစိုက် ဆုံးမတော်မူသည်မှာလည်း ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓပင်ဖြစ်သည်။ ဤမေတ္တာ ကရုဏာ ခန္တီ ပညာတရားများဟာ လောကသားတို့ရဲ့ ကယ်တင်ရှင်များပါပဲ။ ဤတရားများဖြင့် လူမျိုး လူတန်းစား ခွဲခြားမှုဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။
ဘာသာရေး ယုံကြည်ချက်နှင့် နိုင်ငံရေး လူမျိုးရေး ယဉ်ကျေးမှုများ မတူခြားနားကြသော်လည်း မွန်မြတ်သောစိတ်များဖြစ်ကြသည့် ခန္တီ မေတ္တာ ကရုဏာ ပညာဟူသော ဤကျင့်စဉ်များအပေါ်မှာ အားလုံးသော ကျွန်ုပ်တို့လူသားတွေ လက်တွဲလမ်းလျှောက်ကြရမှာ ဖြစ်လို့ ဘုံလမ်းကြောင်းတစ်ခု (Common Platform) လို့ ဆိုလိုချင်ပါတယ်။ အကယ်၍သာ ဒီလမ်းကြောင်းပေါ်မှာ ကျွန်ုပ်တို့ နိုင်ငံရေး ဘာသာရေး လူမှုရေးခေါင်းဆောင်များဟာ ခန္တီ မေတ္တာ ကရုဏာ ပညာ ဟူသော မွန်မြတ်သော စိတ်ဓာတ် (ပသန္နစိတ်)တို့ဖြင့် မတွေ့ဆုံနိုင်၊ တွဲမလျှောက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ မအောင်မြင်ရုံမျှမက ဆုံးရှုံးသွားကြဘွယ်သာ ရှိပါတယ်။
ရိုသေလေးစားအပ်ပါသော ဘာသားရေးခေါင်းဆောင်များ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အထူးသဖြင့် ဤအစည်းဝေးကြီးကို ဦးဆောင်စည်းရုံးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတန်းသံအမတ်ကြီး ‘‘ဒီလုပ ဥာဏယကရ’’၊ ထို့ပြင် နိုင်ငံ (၁၆) နိုင်ငံမှ ကိုယ်စားလှယ်တော်များ၊ တက်ရောက်လာကြသော မြန်မာမိသားစု ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ ကျွန်ုပ်တို့ အားလုံးမှာ မတူညီသော အချက်တွေ များစွာ ရှိပေမဲ့ ခန္တီ မေတ္တာ ကရုဏာ ပညာ ဆိုတဲ့အပေါ်မှာ ဘာမှငြင်းခုံစရာ မရှိပါဘူး။ ဒီတရား လေးပါးဟာ ကျွန်ုပ်တို့လူသားအားလုံးရဲ့ ဘုံလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီဘုံလမ်းကြောင်းကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့၊ ဤဘုံလမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်လှမ်းကြပါစို့။ လူသားလောကကြီးတစ်ခုလုံးရဲ့ အတားအဆီး အနှောက်အယှက် ရန်သူမှန်သမျှ ၀ိုင်းဝန်းကာကွယ် တားဆီးကြပါစို့-ဟု တိုက်တွန်းတောင်းဆိုလိုက်ရပါကြောင်း။   ။
လူသားအားလုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စစ်ဘေး စစ်ဒဏ် အန္တရာယ်အပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ လွတ်မြောက်ကြပါစေ။

ဒေါက်တာအရှင်ဥာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာနိုင်ငံ

ထို ညီလာခံကြီး၏ ဓာတ်ပုံကဏ္ဍများကို ဖူးမျှော်လိုက ဤလင့်ခ်သို့ သွားနိုင်ပါသည်။

ထို ညီလာခံ (pdf) စာဖိုင်နှင့် ဓာတ်ပုံများ ပို့ပေးသော အမေရိကမှ ကိုခွန်သီရိအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Monday, April 23, 2012

သေခြင်းရဲ့တံခါးများကိုခြေနဲ့နင်းပြီး ကိုယ်တွေ့ အမှန်တရားကို ရှာဖွေခဲသူ


သေခြင်းရဲ့တံခါးများကိုခြေနဲ့နင်းပြီး ကိုယ်တွေ့ အမှန်တရားကို ရှာဖွေခဲသူ

ကျွန်တော်ခုတင်တဲ အကြောင်းအရာလေးကတကယ့်အဖြစ်ပါ အဲဒိမိတ်ဆွေကလည်းကျွန်တော်တိုနားမှာရှိနေပါတယ်။ အခုဒီပိုစ်ကိုလည်းသူစီမှာခွင်တောင်းပြီးမှတင်တာပါ  မတင်ခင် စာထဲမှာပါတဲ အကြောင်းအရာတွေအားလုံးသူပြောတာနဲ့မကိုက်ညီတာ ပိုတာလိုတာရှိရင်မကြိုက်တာရှိရင် ဖယ်ရှားပေးနိုင်အောင်လို ပိုစ်မတင်ခင် သူစီကို  မေလ်ပိုး ပြီးအကြောင်းကြားခဲ့ပါတယ် ။
သူဘက်က ဒီအတိုင်းအားလုံမှန်ပါတယ်။ခွင်ပြုပါတယ်တင်ပါဆိုမှ့ဒီ Forever Friends ဆိုဒ်မှာ တင်လိုက်တာပါ ။ အားလုံးသောသူငယ်ချင်းတွေ ဗဟုသုတ ရစေဖိုရည်ရွယ်ပြီးတင်လိုက်တာပါ အထူးသဖြင့် ကျန်းမာရေး  မကောင်းသူများအတွက် ဘာလုပ်သင်တယ် ဘယ်လိုပြင်ဆင်သင်တယ်ဆိုတာကိုသိစေချင်လို ကြိုတင်ပြင်ဆင်မှုရရှိစေချင်သောစေတနာနဲ့တင်လိုက်ခြင်းဖြစ်ပါတယ် ။ သူနံမည်ကိုတော်လူငယ်လေးလိုဘဲပေးလိုက်ပါတယ် သူငယ်စဉ်အခါတုံးကဖြစ်ခဲ့တာမိုလိုပါ ။ အဲဒိလူငယ်လေး ဟာ အသက် ၉နှစ်သားလောက်မှာ ကစားရင်း သူခေါင်းကွဲခဲရပါတယ် ။
သူမိဘတွေက သူကို ဆေးခန်းခေါ်သွားပြီး ဆရာဝန်နဲ့ ပြတဲ့အခါမှာတော ဆရာဝန်ကလိုအပ်တာတွေအားလုံးလုပ်ပေးပြီး သူ၏မိဘများအား ခင်ဗျာတိုကလေးက သွေးကင်ဆာ ရောဂါလက္ခဏာတွေ
 တွေရတယ်ဆေးရုံကို အမြန်းသွားပြီးသွေးသွားစစ်ပါဆိုပြီး ခိုင်းလိုက်ပါတယ်။သူ၏မိဘများကလည်း စိတ်ပူသွားပြီး ဆေးရုံကိုချက်ချင်းပြေးကြပါတော့တယ။် ဆေးရုံကသွေးစစ်လိုက်တဲ့အခါမှာတော ဆေးခန်းက ဆရာဝန်ပြောတဲ့အတိုင်းဘဲ
သွေးကင်ဆာ ဖြစ်နေပြီဆိုတဲ့ ဖြေကိုရရှိလိုက်ပါတော့တယ် ။
အဲဒီအချိန်ကစပြီး ထိုလူငယ်လေးဟာသွေးစသွင်းရပါတော့တယ်။စသွင်းတုံးကတော့ ၃ လတစ်ကြိမ်သွင်းရပါတယ် နောက်တော့ ၂ လ တခါဖြစ်လာပါတယ် ဒီလိုနဲ နောက်တော့၁ လတစ်ခါဖြစ်လာပါတော့တယ် ။

၁ လတစ်ခါသွင်းနေတာကနေ ၃ပတ်တစ်ခါ နဲ့ သွေးသွင်းရက်တွေဟာ စိတ်သထက်စိတ်စိတ်
်လာပါတော့တယ် အဲဒီနောက်မှာတော့ ဆေးရုံမှဆရာဝန်ကြီးတွေက သူ၏မိဘများအား ကလေးကို ဆေးရုံမှာဘဲထားမှ့ဖြစ်
တော့မယ် မထားလိုမဖြစ်တော့ဘူးဆိုပြီးပြောကြားလာပါတယ်မိဘတွေကလည်းဆရာဝန်ညွန်ကြားသည့်အတိုင်းဆေးရုံတင်လိုက်
ပါတော့တယ်။
ဒီလိုနဲ့ဘဲထိုလူငယ်လေးဟာ ဆေးရုံမှနေစဉ်ရက်စက်သွေးသွင်းခြင်းကို ခံရပါတောတယ် သူ၏လက်နှစ်ဘက်စလုံးဟာလည်း နေစဉ်ရက်စက်သွေးသွင်းနေရသည့်အတွက်ကြောင့်အပ်ပေါက်ရာတွေဟာ  နေရာလွတ်
မရှိတော့အောင်ပါဘဲ လက်နှစ်ဘက်စလုံးဟာလည်း ရောင်ကိုင်းပြီး အထိပင်မခံနိုင်တော့ပါ ။ ဒီလိုနဲ့သူခန္ဓာကိုယ်ထဲကသွေးတွေဟာနည်းသထက်နည်းနည်းလိုလာပါတော့တယ် ။
သူပြောပြတာက သွေးတွေလျှော့နည်းသွားတဲ့သူရဲခန္ဓာကိုယ်ကြီးဟာ ရေအပြည်မရှိတဲရေဘူးတစ်လုံးလိုဖြစ်နေပါတယ် သူခန္ဓာကိုယ်ထဲကသွေးတွေဟာ ရေ၏သဘောအတိုင်း
နိမ့်ရာမှ့မြင်ရာသိုစီးဆင်းလိုနေပါတယ် သူအိပ်နေရင်သူရဲသွေးတွေဟာအနိမ့်ပိုင်းဖြစ်တဲ့ကျေဘက်ကို အကုန်လုံးစီးဆင်းသွားပြီး အပေါ်ပိုင်းခန္ဓာကိုယ်ပေါ်မှာသွေးတွေရှိမနေတော့ပါ ။ဒီလိုဘဲ ထိုင်လိုက်ပြန်လိုက်ရင်လည်း သွေးတွေဟာ အောက်ပိုင်းက
ိုစီးဆင်းကုန်ပြီး ခန္ဓာကိုယ်အထက်ပိုင်းမှာသွေးတွေမရှိတော့ပါ ။

သွေးတွေအပြည်အဝမရှိတော့တဲ့အတွက် ထိုလူငယ်လေးဟာ တချိန်းလုံးအမောဖောက်တဲ့ဝေဒနာကြီးကို ခံစားနေရပါတော့တယ်။ ဆေးရုံတွင် ၆ လ လောက်ကြလာတဲ့အခါမှာတော့ဆရာဝန်ကြီးများကသူ၏မိဘများအား ခင်ဗျားတိုခလေးအတွက် ကျွန်တော်တိုစိတ်မကောင်းပါဘူး ဒီကလေးဟာဒီ ၁ လ ၂ လ အတွင်းမှာကိုသေရပါတော့မယ် အဲဒိအတွက်ကြောင့်ခလေးကိုအိမ်ပြန်ခေါ်သွားပြီး သူစိတ် ဆန္ဒရှိသည်အတိုင်း လုပ်ပေးလိုက်ကြပါ ခလေးကိုနောက်ဆုံးအချိန်စိတ်ချမ်းသာအောင် ထားပေးလိုက်ကြပါဆိုပြီးသူ၏မိဘများထံသိုပြန်လည်အပ်နှံလိုက်ပါတော့သည်။
ဒီလိုနဲ့အိမ်ရောက်တဲ့အခါမှာတော့ သူ၏မိဘများက သူအား သားဘာလုပ်ချင်လဲ့ပြော သူလုပ်ချင်တာအကုန်လုပ်ပေးမယ်
ဟုပြောပါတော့တယ်။ အသက်ပင်ကောင်းကောင်းဝအောင်မရှုနိုင်တော့တဲထိုသူငယ်လေးဟာ ကိုယ်ကိုကိုယ် သေရတော့မယ်ဆိုတာသိနေတာကတစ်ကြောင်း ဆေးရုံပေါ်မှာနေစဉ်လိုလို သူနဲ့သက်တူရွယ်တူခလေးငယ်လေးတွေ သူမျက်စိရှေတွင် တစ်ယောက်ပြီးတစ်ယောက် သေသေသွားတာကို မျက်ဝါးထင်ထင်မြင်တွေနေရတာကတစ်ကြောင်းတို့ကြောင့် သူမှာ ဆောစကားချင်စိတ်လည်းမရှိ စားသောက်ချင်စိတ်လဲမရှိ ဟိုဟာလိုချင်ဒိဟာလိုချင်စိတ်လည်းမရှိတော့ပါ။ သူစိတ်ထဲမှာ ကိုရင်လေးဝတ်ရရင်ကောင်းမှာဘဲဟု ဖြစ်ပေါ်လာပြီးသူ၏မိဘများအား ကိုရင်ဝတ်ချင်ပါတယ်ဟုပြောလိုက်ပါတောတယ်။

တကယ်တော့ထိုလူငယ်လေးဟာ ဗုဒ္ဓဘာသာနဲ့ရင်းနှီးပြီးကြီးလာရသူမဟုတ်ပါ အဖေကဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့်သူသားကိုဘာသာရေးအကြောင်းပြောပြဖို အချိန်မရအောင်ပင် မိသားစုစားဝတ်နေရေးအတွက်လုံးပန်းရင်းနဲ့ဘဲမအားလပ်ခဲ့ပါ
သိုပေမယ် ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အမေကတောခရစ်ယာန်ဘာသာဝင်တို၏ထုံးစံအတိုင်းသူ၏သားကို ကျမ်းစာသင်တန်းတွေပိုပြီး အချိန်ရတိုင်းခရစ်ဘာသာကျမ်းစာတွေကို ထိုသူငယ်လေးအားသင်ပေးနေခဲ့တဲ့အတွက် ခရစ်ယာန်ဘာသာနဲ့သာ ကျွမ်းဝင်ခဲ့ရပါတယ်။
သူတောင်းဆိုလိုက်သည်အတိုင်းသူ၏မိဘများကလည်းလိုက်လျှောခဲ့ပြီးထိုသူငယ်လေးအား သူတိုနားကဘုန်းကြီးကျောင်းသို
ခေါ်သွားပြီး ဆရာတော်အား ထိုသူငယ်လေး၏အကြောင်းဆုံကိုပြောပြပါတယ်။ ဆရာတော်ကလည်း ခလေး၏နောက်ဆုံးဆန္ဒကို လိုက်လျှောပြီးကိုရင်လေးဝတ်ပေးလိုက်ပါတောသည်။
ထိုသူငယ်လေးဟာကိုရင်လည်းစည်းပြီးရော ဆရာတော်အား
ဘုန်းဘုန်း တရားအားထုတ်တာ ဘယ်လိုအားထုတ်ရပါသလဲ သင်ပေးပါဟုတောင်းဆိုလိုက်ပါတယ်။ ဆရာတော်ကလည်း အရွယ်ကငယ်လွန်းတာကတစ်ကြောင်း ရောဂါဝေဒနာရှင်လေးဖြစ်နေတာကတစ်ကြောင်းတိုကြောင့် လွယ်ကုစွာသိနိုင်စေဖိုအတွက် တစ်ခုခုကိုသိနေလိုက်ဆိုပြီး အတိုဆုံးလေးကိုဘဲ ပြောကြားလိုက်ပါတယ။်
အဲမှာတင်ဘဲထိုသူငယ်လေးဟာ လူရှင်းတဲ့ နေးရာလေးမှာတစ်ယောက်တည်းသွားထိုင်ရင်း ဘုန်းကြိးပြောကြားတဲ့အတိုင်း သူရဲ့အမောဖောက်နေတဲ့ဝေဒနာကို သွားသိနေလိုက်ပါတော့တယ်။

ဒိလိုသိနေရင်းနဲ့အချိန်တွေကြာလာတော့အမောဖောက်နေတာတွေဟာ သိသိသာသာကြီးသက်သာလာပါတော့တယ် ။အမောသက်သာလာတာ သိလာရတဲ့ထိုသူငယ်လေးဟာ တရားထိုင်ရတာကို သဘောကြပြိးထိုင်လိုက်တာ ၃ နာရီလောက်ကြသွားပါတယ် ။
ဒါပေမယ်သူတရားထိုင်တာရပ်လိုက်တဲ့အချိန်မှာတော့သူကိုယ်သူငါတရားထိုင်တာ နာရီဝက်လောက်လေးဘဲကြာသွားတယ်လိုထင်နေပါတယ် နာရီကြည်လိုက်တော့မှ ၃နာရီလောက်တောင်ကြသွားပါလားဆိုတာကို သိလိုက်ရပြီး သူကိုယ်သူအံသြနေပါတော့တယ်။ ထိုသူငယ်လေးဟာ ဘုန်းကြီးကျောင်းတွင်း ၁ ရက်သာနေထိုင်ပြိးကိုရင်ဝတ်နဲ့ဘဲသူမိဘတွေအိမ်ကိုပြန်လာနေထိုင်ခဲ့ပါတယ် ဝေဒနာရှင်တဦးကို ပြုစုဖိုအတွက်ဆရာတော်တွေ ဝန်ပိုမှာကိုမလိုလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုနဲ့ ထိုသူငယ်လေးဟာ သူရဲမောဟိုက်ခြင်းဝေဒကြီးသက်သာစေသော တရားထိုင်ခြင်းအလုပ်ကို နှစ်ခြိုက်လာပြီး အမြဲတန်းတရားထိုင်ခြင်းအလုပ်ကိုဘဲလုပ်နေပါတောတယ်။
ဒီလိုနဲ့ အမောဝေဒနာတွေသက်သာသထက်သက်သာလာပြီး သမာဓိတွေ အားကောင်းလာပါတော့တယ် ဒီလိုနဲထိုင်ပါများလာတော့ သမာဓိနမိတ်တွေသူစီကိုဝင်လာပါတောတယ် ။

သူတရားထိုင်လိုသမာဓိမိပြိဆိုတာနဲ့သူရဲကိုယ်ခန္ဓာကြီးဟာ လေးထဲတွင်ဝဲပျံနေတဲ နမိတ်တွေထင်လာပါတယ် သမာထနမိတ်တွေဆိုတာကိုလဲထိုသူငယ်လေးကတောမသိရှာပါဘူး သူကောင်းကင်ထဲပျံနေရလိုသဘောကြနေတာလောက်ဘဲသိပါတယ် ။
ဒီလိုနဲ့ တရားထိုင်းခြင်းအလုပ်ကိုဘဲအချိန်ရှိတိုင်းလုပ်နတဲထိုလူငယ်လေးဟာ သမာဓိတွေကောင်းသထက်ကောင်းလာပြီး အမြင်တွေပိုပြီးထူခြားလာပါတော့တယ်
သူရဲခန္ဓာကိုယ်ထဲက နှလုံးသားကြီးတချက်ခုန်လိုက်ရင် နှာလုံးကနေထွက်လာတဲ့ သွေးတွေဟာ သူရဲလက်ဖျားထိပ်လေးတွေအထိ လျှပ်စီးကဲ့သို့ အလွန်လျှင်မြန်တဲ့ အရှိန်တွေနဲ လက်ဖျားထိပ်တွေထိအောင်စီးဆင်းသွားတာကိုတွေနေရပါတယ် ။
ဒီလိုထူးစမ်းတာကြိးတွေနေရတော သဘောကြပြီး အဲဒါကြီးကိုဘဲ အရုံစိုက်ပြီးကြည်နေပါတော့တယ် တနေ သူငယ်လေးဟာပုဇွန်တောင်မှာ ရှိတဲ့ရွှေဘုန်းပွင်ဘူရားကိုသွားဖူးရင်းတရားထိုင်နေပါတယ်သမာဓိတွေကောင်းလာတော့
သူခန္ဓာကိုယ်ကြီးဟာလေးထဲမှာပျံဝဲလိုနေပါတယ်ဒါကိုသဘောကြပြီးသိနေလိုက်တဲ့ထိုသူငယ်လေး၏ခန္ဓာကိုယ်ဟာငြိမ်သက်ပြီးလုံးဝလုပ်ရှားခြင်းမရှိတော့ပါ ။ဒီလိုနဲ့သူစိတ်ထဲမှာ နာရီဝက်လောက်ရှိပြီတောလိုက်တော့မယ်ဆိုပြိး ရပ်လိုက်ပါတယ် အဲဒီအချိန်မှာသူရဲ့သင်္ကန်းပေါ်မှာပိုက်ဆံတွေ အမြောက်အများတွေလိုက်ရပါတော့တယ်၇ုတ်တရက်အံသြသွားပြီး နောက်တော့မှဘုရားဖူးလာတဲ့သူတွေငါတရားထိုင်နေတုံးလှုသွားတာနေမှဆိုပြီး အဲဒီပိုက်ဆံတွေ အကုန်လုံးကို ဘုရားမှာရှိတဲ့ အလှုခံပုံးထဲသို အကုန်လုံးလှုခဲလိုက်ပါတယ်။

ဒိလိုနဲ့ကျမ်းမာရေးတွေတစထက်တစ်စ ကောင်းလာပြီး သူတက်ခဲ့သောကလေးဆေးရုံကြီးသို သွားပြီး သွေးပြန်လည်စစ်ဆေးကြည်လိုက်တဲ့အခါမှာတော့ သွေးကင်ဆာရောဂါကြီးလုံးဝမရှိတော့တာကိုတွေရပါတော့တယ် သူကိုဆေးကုသပေးကြတဲက ဆရာဝန်ကြီးတွေဟာ အလွန်အံသြကုန်ကြပြီး သူ၏မိဘများအား
ထူသူငယ်လေး ဘာကြောင့်သွေးကင်ဆာပျောက်ကင်းရသလဲဆို တာကိုသူတေသနပြုလုပ်ခွင့်ပြုပါဆိုပြီးဆရာဝန်ကြီးတွေက တောင်းဆိုလာပါတယ် ။
ထိုသူငယ်လေး၏မိဘတွေဟာလည်း အလုပ်တွေမအားလပ်တဲ့အတွက် သူတေသနပြုဖိုအတွက် ထိုသူငယ်လေးအား ခလေးဆေးရုံကြီးသိုမပိုပေးနိုင်ခဲ့ကြပါ ။ထိုလူငယ်လေးသည်လည်းရောဂါသက်သာသွားပြီး ကျောင်းပြန်တက်တော တရားလည်းဆက်မထိုင်ဖြစ်တော့ပါ ။သွေးကင်ဆာလည်းလုံးဝကိုပျောက်ကင်းသွားပါတော့သည် ။ အဲဒိအချိန်ကစပြီးထိုသူငယ်လေးဟာ ခရစ်ယာန်ဘာသာကိုလုံးဝ စွန်လွတ်လိုက်ပါတော့သည် ။

သူ၏အဖိုးအဖွားတွေအဒေါ်တွေဆွေမျိုးတွေက သူအား ခရစ်ယန်စာဟောဆရာတွေလွတ်ပြီး အမျိုးမျိုးတရားဟောခိုင်းသော်လည်းဘဲ
ဗုဒ္ဓအဖဘုရား၏ တရားထူးမြတ်လှပုံကို ကိုယ်တိုင်အသက်နှင်ရင်းပြီးသိရှိခဲ့ရတဲ့အတွက် ထိုလူငယ်လေးဟာစာဟောဆရာ တွေသူကို လာဟောရင် ထိုစာဟောဆရာအား ကျမ်းပြင်တွင်ထိုင်ခိုင်းပြီး သူကိုယ်တိုင်က ထိုင်ခုံတွင်ထိုင်ပြီး ထိုစာဟောဆရာအား
သူကိုယ်တိုင်သင်လာခဲ့ရသော ကျမ်းစာ ၏ အမှားအယွင်းများကိုထောက်ပြီးမေးခွန်းပေါင်းများစွာပြန်လည်မေးမြန်းလိုက်ပါတောသည် ။ ထိုစာဟောဆရာတွေလည်းမေးခွန်းတွေ ပြန်ပြန်မေးတာကိုမဖြေနိုင် တောနောက်မလာရဲကြတော့ပါ ခုဆိုရင်ထိုလူငယ်လေးဟာ ကလေးတစ်ယောက်ဖခင်ဖြစ်နေပြိး ကိုရီးယားတွင်အလုပ်လုပ်ကိုင်နေပါသည်။
  ကာယကံရှင်၏ထပ်မံဖြည့်စွက်ချက်........ကျွန်တော်ဒီပိုစ်ကိုသူစိမေလ်းပိုပြီး င်္ဂျီတော မှာသူနဲ့စကားပြောကြတော့ ကျွန်တော်ရေးထား
တာတွေဖတ်ပြီး သွေးကင်စာကြီးအခုဖြစ်နေသလိုလိုဖြစ်လာပြီး ကြောက်ရွံနေမိကြောင်း အကြောင်းကြောင်းကြောင့်ကားဖြင့်ခရီးသွား
လာတဲ့အခါမှလဲ သူတက်ခဲ့တဲ့ခလေးဆေးရှံရှေကိုဖြတ်သွားခဲ့ရင်တောင်မှ အဲဒီဆေးရုံကြီးကို ကြောက်လွန်းလိုမျက်နှာတဖက်လွဲပြီး
ကားစီးရတဲ့အကြောင်း အခုအချိန်ထိ ထိတ်လန်နေတုန်းဘဲဖြစ်ကြောင်းပြောပြပါတယ်။
ပြီးတော့ သူရောဂါပျောက်ကင်းသွားပြီးတဲ့နောက်ပိုင်းမှာလည်း သူ၏အမေက ခရစ်ယာန်ဘာသာဘက်ကို သိမ်းသွင်းတာမျိုး သိပ်မလုပ်တော့ပေမယ့်လည်း သူ၏ အဖိုးနှင့် အဖွားကတော့အရမ်းကိုစည်းရုံးခဲ့ပါတယ် ။

သူ ၁၀ တန်းအောင်ပြီးတဲ့နောက်မှာတော့ သူ၏အဖိုးနှင့်အဖွားက သူကို ခရစ်ယာန်ထဲ ဝင်ရင် အမေရီးကားကိုပိုပေးမယ်ဆိုပြီးစည်းရုံး သိမ်းသွင်ကြပါတော့သည် သိုသော်လည်းဘဲ တရားထူးတရားမြတ်နှင့်ကြုံခဲ့ရပြီဖြစ် သောထိုသူငယ်ချင်းကတော့ လုံးဝကိုလက်မခံတော့ပါ။ သူအဖိုးနဲကအဖွားကလည်း သူကိုအမေရီကားကို လုံးဝမပိုပေးခဲ့ပါ ။
သူကို သိမ်းသွင်းလိုမရတော့ သူငယ်ညီငယ်လေးတွေကို စည်းရုံးပြီး ခရစ်ယာန် ဘုရားကျောင်းကဖွင့်ထားသော ကျောင်းဘော်ဒါဆောင်မှာ သွားထားခဲပါတယ်။ မသိနားမလည်သော သူ၏ညီငယ်လေးများခရစ်ဘာသာဝင်ဖြစ်သွားမှာဆိုးတဲ့ထိုသူငယ်ချင်းဟာ ထိုခရစယာန် ဘုရား ကျောင်းဘော်ဒါဆောင်သို့သွားသွားပြီး သူညီလေးများကို သူကိုတိုင်းဗုဒ္ဓဘာသာတရားများကိုပြောပြဆုံးမပြီးပြန်စည်းရုံးနိုင်ခဲ့
ပါတယ် ။

ခုဆိုသူညီလေးတွေလည်းဘဲဗုဒ္ဓဘာသာဝင်တွေအဖြစ်ခံယူထားကြသူတွေဖြစ်ပါတယ်လိုပြောပြပါတယ် ။ ကယကံရှင်ကိုယ်
တိုင်က စာဖတ်တဲ့သူတွေ ကျွန်တော့အား ဒီပိုစ်လေးနဲ့ပတ်သတ်ပြီးမေးမြန်းလာတာတွေရှိခဲ့ရင်လည်းဘဲ သူကိုယ်တိုင်ဖြေကြားပေးမယ်လိုပြောသွားခဲ့ပါတယ် ။
.......... တရားထိုင်ခြင်းနှင့်ပတ်သတ်ပြီး ရရှိလာသောအကျိုးကျေးဇူးများကို ပြန်လည်ပြောနေကြသော အနောက်နိုင်ငံမှ ခရစ်ယာန်
ဘာသာဝင်များနှင်မူစလင်ဘာသာဝင်တို၏သက်သေများ
http://www.youtube.com/watch?v=utmo3k-mMm8&feature=relmfu ဟောလီးဝုဒ် ဘုရင်လိုတောင်တင်စားထားကြတဲ့ မင်းသားကြီးကလင့်အိစ်ဝုဒ်၏ တရားထိုင်ခြင်း  ၏အကျိုးရလဒ်များကို ရှင်းလင်းပြောပြထားပါသည်။
http://www.youtube.com/watch?v=abWlgBAeIbI&feature=related  မူစလင်တွေလည်း သက်သေ ပြ ခရစ်ယာန်တွေလည်းသက်သေပြ ကုန်ပြီ
http://www.youtube.com/watch?v=q5bpNAAOSgk&feature=player_embedded#!  ဥရောပနိုင်ငံမှားမှ ဗုဒ္ဒဘာသာဝင်မဟုတ်သူများ၏ ကိုယ်တွေလေးများ
http://www.youtube.com/watch?v=8y2_hIg2lBM&feature=relmfu ဗြိတိန်နိုင်ငံက ကျောင်းသားတွေသက်သေ
                                 ဒီအကြေားအရာကိုပြောပြပေးသော   ကယကံရှင်သူငယ်ချင်းအား ကျေးဖူးတင်လျှက်
ဒီပိုစ်ကိုမည်သူမဆိုကူးယူနိုင်ပြီးမည်သည်လင်မှာမဆိုဖြန်ဝေခွင်ပြုပါသည်                                                                                               
                                                                      
                                                                                                   သန်စင် Forever Friends

Saturday, April 21, 2012

အဆင်ပြေအောင် နှလုံးသွင်း အနုပညာ


 အဆင်ပြေအောင် နှလုံးသွင်း အနုပညာ

ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်းမှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လဲ ဝေးနေတတ်ပါတယ်၊

လောကအရေးဖြစ်ဖြစ် လောကုတ္တရာအရေး မှာဘဲဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကိုလေ့ကျင့်ထားသင့်ပါတယ်၊ ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာအရေးမှာလဲ တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်.( ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို့ တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင်ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်..

မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ် လို့ ကဲ့ရဲ့ပစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်..တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင်ကိုယ်တိုင်လဲ အကုသိုလ်တိုးပွားရပါတယ်။
အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့လူကတော့ မပြောခင်လဲ စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လဲ နောင်တတွေ တပွေ့တပိုက်ဖြစ်နေတတ်တယ်.ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့်ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကိုရောက်လာပါတယ်..ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့.ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာနေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင်သာရိပုတ္တရာဆီသွားပါတယ်..အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာနဲ့ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့ ..ဒီလောက်ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလားဆိုပြီး မကျေမနပ်ဖြစ်ပြန်ပါတယ်..

အရှင်အာနန္ဒာဆီရောက်တော့  အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရားဟောတာက တိုလိုကတာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်..နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင်ပြန်လျှောက်ပြတော့..ဘုရားရှင်က..လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူး လို့ ဟောပြလိုက်ပါတယ်..ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ..တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ..တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခုကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစုအတွင်းမှာလဲ မနက်မိုးလင်းအိပ်ယာထ ပြီးဆိုကတည်းက ..တပူပူ တဆူဆူ လုပ်တတ်တဲ့သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျဉ်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့အတွက်ကြောင့်ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လဲ ဖြစ်တယ်လို့ ဘုရားရှင်ဟောပြတော်မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံလုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံပူညံသံပဲကြားရ..ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလဲ သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှုနည်းပါး..ယုံကြည်မှုနည်းပါးလာတော့ အာရုံတွေသမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ပါဘူး..

အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်.
.

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..
သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ..သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..
ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှုတိုးတက်ပါမယ်
ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်
အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်
ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ဒီလိုစောင့်စည်းနိုင်ပါမယ် ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..
ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာဖြစ်ပါတယ်..ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင်နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့လိုသလို ဘ၀လွတ်မြောက်ဖို့အတွက်လဲ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်.  အတ္တ မာနလွန်ကဲလာရင် အပေါင်းအသင်းကောင်းတွေကို လက်လွတ်ဆုံးရှုံးနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလဲ အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး.ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီကျန်ဆန်လေဖြစ်တော့မှာပါ.ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

အရှင်တိက္ခဥာဏာလင်္ကာရ

Friday, April 20, 2012

အောင်ပွဲရှင်တို့ အောင်ပွဲဆင်ဖို့

 
အောင်ပွဲရှင်တို့ အောင်ပွဲဆင်ဖို့
 
မြတ်စွာဘုရားရှင် ဘုရားအဖြစ်ရောက်တော်မူပြီးစ ပထမ၀ါကို မိဂဒါဝုန်တောမှာ ၀ါဆိုဝါကပ်တော်မူပြီး တရားဓမ္မများဟောကြားတော်မူခဲ့တာ ၀ါတွင်းသုံးလပြည့်တော့ ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုတဲ့ တပည့်ရဟန္တာပေါင်း ခြောက်ကျိပ် (၆၀) ရရှိတော်မူပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ရဟန္တာခြောက်ကျိပ်တို့ အချင်းချင်း ဖိတ်မန္တကပြုတဲ့ “ပ၀ါရဏာပွဲ’’ ဆင်နွှဲကြပါတယ်။ ပ၀ါရဏာပွဲဆိုတာ တစ်ဦး နဲ့တစ်ဦး အမြင်မတော်၊ အကြားမတော်တဲ့ကိစ္စတို့၊ အများကသံသယဖြစ်စရာ ပြောဆို၊ ပြုမူ၊ နေထိုင်မှုတို့တွေ့ခဲ့ရင် အချင်းချင်း ပြောဆိုဆုံး မကြဖို့ ဖိတ်ကြားတဲ့ပွဲပါပဲ။

ဖိတ်ကြားသူက ရိုးသားစွာဖိတ်ကြားသလို ဆုံးမသူကလည်း ကရုဏာရှေ့ထားပြီး အကျိုးလိုလားတဲ့စိတ်နဲ့ ပြော ဆိုဆုံးမပေးဖို့ အချင်းချင်း ကတိက၀တ်ပြုတဲ့သဘောဆောင်ပါတယ်။ အနှစ်ချုပ်ကတော့ ရိုးသားမှုကို ရိုးသားမှုနဲ့ဖိတ်ကြားတဲ့ပွဲပါပဲ။
အချင်းချင်းဖိတ်ကြားကြလို့ပြီးတဲ့အခါ မြတ်စွာဘုရားရှင်က -“ချစ်သားတို့ … ငါဘုရားရှင်ဟာ ကိလေသာကျော့ကွင်းအားလုံးက လွတ်မြောက် အောင်မြင်တော်မူပြီးသလို သင်ချစ်သားတို့လည်း ကျော့ကွင်းအားလုံးက လွတ်မြောက်အောင်မြင်ပြီးတဲ့ အောင်ပွဲရှင်များဖြစ်ကြပြီ။ အောင်ပွဲ ရှင်တို့အောင်ပွဲဆင်ကြရအောင် အရပ်ဒေသအသီးသီးကို ခရီးတစ်ကြောင်း တစ်ပါးစီ လှည့်လည်ကြရမယ်။

ဒီခရီးဟာ အောင်ပွဲဆင်ရမည့် ခရီးဖြစ်တဲ့အတိုင်း အရေးအကြီးဆုံး ပထမအချက်က ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးဆိုတာကို လုံးဝမငဲ့ကွက် မတောင့်တပဲ လောကကို သနားစောင့်ရှောက်ဖို့နဲ့ လောကအားလုံးရဲ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားရမယ်။
နောက်တစ်ချက်က လူတိုင်းအတွက် ကိုယ်ကျင့်တရား ခိုင်မာမှု (အစ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု (အလယ်)၊ အသိပညာမြင့် မားတိုး တက်မှု (အဆုံး) ဆိုတဲ့ ကောင်းခြင်းသုံးဖြာနဲ့ ပြီးပြည့်စုံတဲ့တရားကို ဟောကြပါ။

တရားဟောတဲ့အခါ သူတစ်ပါးက ဖြည့်စွက်စရာ၊ ပယ်ဖျက် ငြင်းဆန်စရာမရှိအောင် ခိုင်မာတိကျဖို့အတွက် အနက်အဓိပ္ပာယ်နဲ့လည်း ပြည့်စုံသလို ငါဘုရားရှင်ဟောညွှန်ခဲ့တဲ့ အဆိုအမိန့် အထောက် အထားပါဠိများလည်း အခိုင်အမာ ပြည့်စုံကြပါစေ။
နောက်ဆုံး အလေးအနက်သတိပြုရမည့်အချက်ကတော့ ချွတ်ယွင်းချက်မရှိ ပြီးပြည့်စုံတဲ့ အကျင့်မြတ်ရဲ့ စင်ကြယ်မှု၊ ငြိမ်းချမ်းမှုကို ထင်ရှား ပြကြပါ’’လို့ တိုက်တွန်းမိန့်ကြားတော်မူပါတယ်။ အရပ်ဒေသအသီးသီးဆီကို သာသနာပြုခရီးထွက်ကြဖို့ စေလွှတ်တိုက်တွန်းတော်မူတာပါပဲ။

ရရှိနိုင်တဲ့ အကျိုးကျေးဇူးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်များ၊ ပြဿနာများကို ကြိုတင်သိမြင်တော်မူနိုင်စွမ်းတဲ့ ဘုရားရှင်ရဲ့သာသနာပြုခရီးညွှန်သြ၀ါဒတော်ဟာ အပေါက်အကြားမရှိလောက်အောင်ကို စေ့စပ်သေချာလှပါတယ်။
ဒီညွှန်ကြားချက်ထဲမှာ သဘောပေါက်ဖို့လိုအပ်တဲ့အချက်ကတော့ “အကျင့်မြတ်ရဲ့ စင်ကြယ်ငြိမ်းချမ်းမှုကို ထင်ရှားပြကြ’’ ဆိုတဲ့အချက်ပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ အတွင်းစိတ်ဓာတ်ကို ထင်ရှားပြဖို့ဆိုတာ သူ့ရဲ့ ကာယကံ ၀စီကံများနဲ့ပဲ ပြသနိုင်မှာဖြစ်လို့ အတွင်းစိတ်ဓာတ် စင်ကြယ် ငြိမ်းချမ်းသလို အပြင်က သိသာမြင်သာတဲ့ ကာယကံ ၀စီကံများလည်း “စင်ကြယ်ငြိမ်းချမ်းရမယ်၊ ရင့်ကျက်တည်ငြိမ်ရမယ်၊ ယဉ်ကျေးသိမ် မွေ့ရမယ်’’လို့ ဆိုလိုတဲ့သဘောပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ ဒီညွှန်ကြားချက်များဟာ အောင်ပွဲရှင်များပီပီ သိက္ခာရှိရှိ အောင်ပွဲဆင်နိုင်ရေးအတွက် ခြွင်းချက်မရှိ လိုက်နာရမည့် အချက်များဖြစ်ပါတယ်။ ဒီအချက်များထဲက တစ်ခုခုကိုပဲဖြစ်ဖြစ် အရေးမထား မလေးမစားလုပ်ခဲ့ရင် အောင်ပွဲရှင်ဖြစ်သော်လည်း အောင်ပွဲ မဆင်နိုင်ဘဲ အရှက်တကွဲအကျိုးနဲ ကြုံရပြီး အောင်ပွဲအပြင်ရောက်သွားရတဲ့ သာဓကတွေ ပိဋကတ်တော်မှာထင်ရှားရှိပါတယ်။

နမူနာ တစ်ခု ကို ထုတ်ပြရမယ်ဆိုရင်တော့ …
မြတ်စွာဘုရားရှင် စေတိယတိုင်းကို ဒေသစာရီကြွတော်မူတဲ့အခါ ဘဒ္ဒ၀တိကဆိုတဲ့ ရွာကြီးကိုရောက်ပါတယ်။ နွားကျောင်းသား၊ ဆိတ် ကျောင်းသားတွေနဲ့ လယ်သမားတွေက မြတ်စွာဘုရားရှင်ကို အဝေးကနေလှမ်းမြင်တဲ့အခါ ပြေးသွားကြပြီး မြတ်စွာဘုရားရှင်ကို “အရှင် ဘုရား သရက်ပင်ဆိပ်ဘက်ကိုတော့ မသွားပါနဲ့ဘုရား၊ အဲဒီမှာ ရသေ့ရဲ့ကျောင်းသင်္ခမ်းနားက နဂါးကြီးဟာ တန်ခိုးလည်းကြီး အဆိပ်လည်း အလွန်ပြင်းထန် လျှင်မြန်ပါတယ်။ အဲဒီနဂါးကြီးက အရှင်ဘုရားကို နှိပ်စက်ပါလိမ့်မယ်’’ ဆိုပြီးလျှောက်ထားကြပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထား တားမြစ်ကြပေမယ့် ဘုရားရှင်ကတော့ စကားတုန့် မပြန်ဘဲ ကြွသွားမြဲ ကြွသွားပါတယ်။

မြတ်စွာဘုရားရှင် ဘဒ္ဒ၀တိကကိုရောက်ရှိသီတင်းသုံးနေစဉ်မှာပဲ လောကီဈာန်အဘိညာဉ်ကိုရရှိထားတဲ့ အရှင်သာဂတမထေရ်က သရက် ပင်ဆိပ်မှာရှိတဲ့ ရသေ့ရဲ့ကျောင်းသင်္ခမ်းရှိရာကိုသွားပြီး နဂါးကြီးကို တေဇောဓာတ်အခြေခံတဲ့ ဈာန်အဘိညာဉ်တန်ခိုးနဲ့ နှိမ်နင်းအောင်မြင် လိုက်ပါတယ်။
မြတ်စွာဘုရားရှင်က ခရီးစဉ်အတိုင်း ကောသမ္ဘီပြည်ကို ကြွတော်မူတဲ့အခါ နောက်ပါသံဃာများထဲမှာ အရှင်သာဂတမထေရ်လည်း ပါပါ တယ်။

 ကောသမ္ဘီကိုရောက်တဲ့အခါမှာတော့ နဂါးကြီးကို နှိမ်နင်းအောင်မြင်တော်မူတဲ့ အရှင်သာဂတရဲ့ဂုဏ်သတင်းက ဟိုးလေးတကျော် ပျံ့နှံ့ပြီး တမြို့လုံး ပြောမဆုံးနိုင်တဲ့ သတင်းထူးကြီးတစ်ခု ဖြစ်နေပါတော့တယ်။ မြို့သူ မြို့သားတွေဟာ မြတ်စွာဘုရားကို ဖူးမြော်ကန် တော့ ပြီးတာနဲ့ အရှင်သာဂတနားမှာပဲ ၀ိုင်းဝိုင်းလည်နေကြပါတော့တယ်။

အဲဒီနောက်ပါသံဃာတွေထဲမှာ နေရာတကာ ပေါ့ပျက်ပျက် ရွှတ်နောက် နောက်လုပ်လေ့ရှိတဲ့ ဆဗ္ဗဂ္ဂီဆိုတဲ့ ရဟန်းခြောက်ပါးတို့လည်း ပါပါတယ်။ မြို့သူမြို့သားတွေက အရှင်သာဂတကို ဂုဏ်ပြုချင်ကြလွန်းလို့ “အ ရှင်မြတ်တို့မှာ ရလည်း ရခဲ၊ အရှင်မြတ်တို့လည်း နှစ်သက်မယ့် ဘယ်လိုအစားအသောက်များနဲ့ စီစဉ်ပူဇော်ရပါမလဲ’’ လို့ လျှောက်ထားကြ တဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများက ခိုခြေထောက်လိုနီမြန်းတဲ့ စိမ်ရည်အရက်များနဲ့ စီစဉ်ပူဇော်ဖို့ အကြံပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာ ရဟန်း တော်များအတွက် “အရက်သေစာ မသောက်ရ’’ ဆိုတဲ့သိက္ခာပုဒ်က မပညတ်ရသေးပါဘူး။

ဒါနဲ့ပဲ နောက်တစ်နေ့မှာတော့ အိမ်ပေါက်စေ့လိုလို ခိုခြေနီအရက်တွေစီစဉ်ကြပြီး အရှင်သာဂတကို ဆက်ကပ်ပူဇော်ကြပါတယ်။ လောကီ အဘိညာဉ်လောက်သာရရှိပြီး တကယ်တရားအနယ်ထိုင် တည်ကြည်မှုကိုမရသေးတဲ့ အရှင်သာဂတလည်း ချီးကျုးထောမနာ သြဘာသံ ကြားမှာနစ်မျောပြီး အိမ်ပေါက်စေ့က ဂုဏ်ပြုပူဇော်တဲ့ ခိုခြေနီအရက်တွေကို တစ်အိမ်တက်ဆင်းသောက်လိုက်တာ နောက်ဆုံးမြို့က အ ထွက်မှာတော့ မြို့တံခါးအနီးမှာပဲ ကျွမ်းထိုးမှောက်ခုန် ပစ်လဲသွားပါတော့တယ်။

မြတ်စွာဘုရားရှင်နဲ့ ရဟန်းအများတို့မြို့ထဲက ပြန်ကြွလာချိန်မှာ အရှင်သာဂတကိုတွေ့ရတော့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားချက်အရ ရ ဟန်းများက အရှင်သာဂတကိုတွဲခေါ်ကြတယ်။ ကျောင်းထဲရောက်တဲ့အခါ အရှင်သာဂတကို ဘုရားရှိရာဦးခေါင်းပြုပြီး လှဲအိပ်စေနေပါတယ်။ ဒါပေမယ့် အရှင်သာဂတကတော့ အမူးမပြေသေးတဲ့အတွက် ဟိုဟိုဒီဒီ လူးလှိမ့်ရင်း ဘုရားရှင်ရှိရာဘက်ခြေပစ်ပြီး အိပ်နေပါတော့တယ်။

 မြတ်စွာဘုရားရှင်က ရဟန်းတို့ကို “ချစ်သားတို့… အရင်က သာဂတဟာ မြတ်စွာဘုရားကို သိပ်ပြီးရိုသေလေးစားပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူး မဟုတ်လား။ အရင်က သာဂတဟာ သရက်ပင်ဆိပ်က အဆိပ်ပြင်းထန်လှတဲ့နဂါးကြီးကိုတောင် အနိုင်ယူခဲ့တဲ့ အောင်ပွဲ ရှင်ကြီးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ သူ့ကိုယ်ပေါ်တက်နေတဲ့တီကောင်ကိုတောင် ဖယ်ရှားနိုင်သေးရဲ့လား။ ဒါဟာ အရက်သေစာ သောက်စားတဲ့အတွက် ပင်ကိုယ်စိတ်ပျောက်သွားတာပဲ။
 
သာဂတဟာ ပင်ကိုယ်စိတ်ပျောက်သွားတဲ့အတွက် အောင်ပွဲရှင်အဖြစ်ကနေ အောင်ပွဲအပြင်ရောက်သွားရပြီ။ ဒါဟာ မကြည်ညိုသေးသူ တွေကို ကြည်ညိုစေဖို့မဆိုထားနှင့် ကြည်ညိုပြီးသူတွေကိုပင် အကြည်ညိုပျက်သွားစေတဲ့ ကိစ္စဖြစ်တယ်။ သေရည်သေရက်ဆိုတာ ရဟန်း တော်များနှင့် လားလားမှမသင့်လျှော် မအပ်စပ်တဲ့ကိစ္စလည်းဖြစ်တယ်။ ဒါကြောင့် “ရဟန်းတော်များ သေအရက်ကိုသောက်သုံးရင် ပါစိတ် အာပတ်သင့်စေ’’လို့ သိက္ခာပုဒ်ကိုပညတ်တော်မူလိုက်ပါတယ်။

အရှင်သာဂတမထေရ် အောင်ပွဲရဲ့အပြင်ကိုရောက်သွားရခြင်းရဲ့အကြောင်းရင်းများကို စိစစ်ကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓညွှန်ကြားတဲ့အတိုင်း “ကိုယ်ကျိုးကို လုံးဝမငဲ့ကွက်ရ’’ ဆိုတာနဲ့ဆန့်ကျင်ပြီး ကိုယ်ကျိုးငဲ့ကွက်ခဲ့တာရယ်၊ “ကောင်းခြင်းသုံးဖြာနဲ့ပြည့်စုံတဲ့ တရားကို ဟောကြားပါ’’ ဆိုတာနဲ့ဆန့်ကျင်ပြီး တရားမဟောဘဲ တန်ခိုးဣဒ္ဓိပါဒ်ကို ပြခဲ့တာရယ်၊ (အမှန်ကတော့ တန်ခိုးဣဒ္ဓိပါဒ်ဆိုတာ အထင်ကြီးမှုကိုသာဖြစ်စေပြီး အသိတိုးမှုကိုမဖြစ်စေနိုင်တဲ့အတွက် အသိဉာဏ်နည်းပါးတဲ့ပတ်ဝန်းကျင်မှာ အဆန်းတကြယ်အံ့သြဖွယ်များကိုပြခြင်းဟာ အသိဉာဏ်ကို ပိုပြီးကန်းသွားစေတတ်လို့ မှားယွင်းတုံ့ပြန်မှုများကို ရရှိတတ်တယ်ဆိုတာ အရှင်သာဂတ သတိမထားမိတာပါ) “အကျင့်မြတ်ရဲ့ စင်ကြယ် ငြိမ်းချမ်းမှုကို ထင်ရှားပြကြ’’ ဆိုတာနဲ့ ဆန့်ကျင်ဘက်အကျင့်မြတ်ကို အထင်အမြင်သေးစေတဲ့ ကာယကံအမှား၊ ၀စီကံအမှားတွေကို ကျူး လွန်မိခဲ့တာရယ်ဆိုတဲ့ ချွတ်ယွင်းချက်များကို တွေ့မြင်ရမှာဖြစ်ပါတယ်။
 
ဒီဖြစ်ရပ်မှာ မြတ်စွာဘုရားရှင်ဟာ မြို့တံခါးဝမှာ မြင်မကောင်း၊ ရှုမကောင်းဖြစ်နေတဲ့တပည့်ကို ကျောင်းအထိသယ်ဆောင်စေပြီး ဒီဖြစ်ရပ်ရဲ့ အကျိုးအပြစ်များကို တပည့်သားအားလုံး ရှောင်ကြဉ်စေလာအောင် ဆုံးမတော်မူတာရယ်။ ဒီအဖြစ်မျိုး သံဃာ့အဖွဲ့အစည်းထဲမှာ နောက်ထပ် မဖြစ်ပေါ်စေရအောင် သိက္ခာပုဒ်ပညတ်တော်မူခဲ့တာရယ်ကတော့ ခေါင်းဆောင်ကောင်းတို့အတွက် အားကျအတုယူစရာ စံနမူနာကောင်း တစ်ခု ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ ညွှန်ကြားချက်များအတိုင်း အတိအကျလိုက်နာကျင့်သုံးခဲ့တဲ့အတွက် အောင်ပွဲရှင်ပီပီ အောင်ပွဲတွေ အလီလီဆင်ခဲ့ရတဲ့ သာဓက အနေနဲ့တော့ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးသာသနာပြုစေလွှတ်တဲ့ တပည့်ရဟန္တအရှင်မြတ်များထဲက ရာဇဂြိုဟ်ဝန်းကျင်ကို သာသနာပြုကြွ တော်မူတဲ့ အရှင်အဿဇိမထေရ်မြတ်နဲ့ နောင်အခါ သာသနာတော်မှာ အမြတ်ဆုံးတပည့်ကြီး (အဂ္ဂသာဝက) ဖြစ်လာကြမယ့် သာရိပုတြာပရိဗိုဇ်တို့တွေ့ဆုံပုံကလည်း ထင်ရှားပါတယ်။

မသေရာ အမြိုက်တရားကို လှည့်လည်ရှာဖွေနေတဲ့ သာရိပုတြာပရိဗိုဇ်ဟာ ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံကြွတော်မူတဲ့ အရှင်အဿဇိမထေရ် မြတ်ရဲ့ စက္ခုစတဲ့ ဣနြေ္ဒအားလုံး အေးချမ်းတည်ငြိမ်တဲ့ သွားလာလှုပ်ရှားပုံနဲ့ ကြည်လင်အေးချမ်းလှတဲ့ မျက်နှာတော်ကို မြင်လိုက်ရုံနဲ့ “မသေရာ အမြိုက်တရားမြတ် မုချရရှိပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်’’လို့ သိလိုက်ရပြီး အရှင်မြတ်နောက်ကို လိုက်ပါဖူးမြင်တွေ့ဆုံပါတယ်။ တရားမြတ်ကိုနာယူတဲ့အခါ ဂါထာထက်ဝက် (အက္ခရာ ဆယ့်ခြောက်လုံး) မျှ နာကြားရရုံနဲ့ သောတာပန်ဖြစ်သွားပါတယ်။

အဲဒီနောက်မှာတော့ တရားရှာဖတ်ဖြစ်တဲ့ မောဂ္ဂလာန်ပရိဗိုဇ်ကိုပါခေါ်ပြီး သာသနာဘောင်ဝင်ရောက်တဲ့အခါမှာ အဂ္ဂသာဝကဆိုတဲ့ လကျာ် ရံ၊ လက်ဝဲရံ အမြတ်ဆုံးတပည့်ကြီးမျာ ဖြစ်သွားကြပါတယ်။ သာသနာ့ထုံးစံအရ ဘုရားရှင်မှာတပည့်ပေါင်း ဘယ်လောက်များနေနေ အဂ္ဂ သာဝကဖြစ်တဲ့ လကျာ်ရံ၊ လက်ဝဲရံတို့ရှိပြီးမှသာ တပည့်သံဃာရဲ့အင်္ဂါရပ် ပြည့်စုံပါတယ်။

ခုတော့ အရှင်အဿဇိမထေရ်မြတ်ရဲ့ မှန်ကန်တဲ့ သာသနာပြုမှုကြောင့် တပည့်သံဃာအင်္ဂါရပ် ပြည့်စုံသွားပါပြီ။ ဒါကြောင့် အရှင်အဿဇိမထေရ်မြတ်ရဲ့ ဣနြေ္ဒသိက္ခာ ရင့်ကျက်တည်ငြိမ် အေးချမ်းစွာ သွားလာလုပ်ကိုင်ပြောဆိုမှုများဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ တပည့်သာဝကအင်္ဂါရပ်ကို ပြည့်စုံစေလောက်အောင်အထိ အောင်ပွဲတွေဆင်နိုင်ခဲ့ပါတယ်။
အဲဒီလို တပည့်အင်္ဂါရပ် ပြည့်စုံသွားလို့လည်း အဲဒီမဟာသက္ကရာဇ် ၁၀၃ ခု၊ တပို့တွဲလပြည့်နေ့မှာ ပထမဦးဆုံး သာဝကစုံညီစည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကြီးမှာပဲ နောင်အခါ မြတ်စွာဘုရားရှင်တို့ရဲ့ အဆုံးအမ အနှစ်ချုပ်အဖြစ်နဲ့ ထင်ရှားတည် တန့်မည့် …
သဗ္ဗပါပဿ အကရဏံ = မကောင်းမှုရှောင်
ကုသလဿ ဥပသမ္ပဒါ= ကောင်းမှုဆောင်
သစိတ္တ ပရိယောဒပနံ = ဖြူအောင်စိတ်ကိုထား
ဧတံဗံဗုဒုဒ္ဓါန သာသနံ = ဒီသီသုံးပါးဟာ ဘုရားရှင်တိုင်းရဲ့ဆုံးမစကား ..စတဲ့

သြ၀ါဒပါတိမောက်ကို ဟောညွှန်ပြတော်မူပါတယ်။ ဒီအဆုံး အမသုံးခုဟာ သာသနာတော် အရှည်ခန့်ပြီး တည်တံ့ခိုင်မြဲရခြင်းရဲ့ အဓိကခြေထောက်သုံးချောင်းဆိုရင်လည်း မမှားပါဘူး။
ဒီလို သာသနာ့အခြေခံကြီးပေါ်ထွန်းပြီး သာသနာစဉ်ဆက် တည်တံ့ပြန့်ပွားလာသည်အထိ အောင်ပွဲအဆင့်ဆင့်တွေကို ဆင်မြန်းနိုင်ခဲ့ခြင်းဟာ အရှင်အဿဇိမထေရ်မြတ်က ဘုရားရှင်ရဲ့အဆုံးအမအတိုင်း လိုက်နာပြီး အကျင့်မြတ်ရဲ့ စင်ကြယ်အေးချမ်းမှုကို ထင်ရှားပြခဲ့လို့ဆိုတာက တော့ အထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ “အနှစ်သာရ တိုးတက်မြင့်မားရေးမှာ အသွင်သဏ္ဌာန်ဟာလည်း အရေးကြီးတယ်’’ ဆိုတဲ့ အချက်ကိုလည်း အရှင်မြတ်က ထင်ရှားပြလိုက်တာပါ။

ဘုရားရှင်ရဲ့ သာသနာပြုလမ်းညွှန်ချက်များနဲ့ တပည့်ကောင်းတို့ရဲ့ကောင်းမွန်တဲ့ လိုက်နာကျင့်သုံးမှုများဟာ အောင်ပွဲအဆင့်ဆင့် ဆင်လိုကြ တဲ့ အောင်ပွဲရှင်တိုင်း အလေးထားလိုက်နာစရာလမ်းညွှန် အမြုတေရတနာများဖြစ်တယ်လို့သာ ထပ်ဆင့်အသိပေးလိုက်ပါရစေ။
အောင်ပွဲရှင်တို့ အောင်ပွဲဆင်နိုင်ကြပါစေသော် … ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
ဧပြီ ၁၂၊ ၂၀၁၂