Saturday, June 30, 2012

ရွှေမြန်မာတို့ သတိပြုစေဖို့


 ရွှေမြန်မာတို့ သတိပြုစေဖို့

ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား ဓမ္မရှိ/မရှိကို ဂုဏ်ဖြင့်တိုင်းတာ
 နေကြပေသည်။ ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်- ဟု ဆိုကာ
သားတစ် ၀ိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ၀ိုင်းအုံနေကြပေသည်။ ဘာကြောင့်  ထင်ပေါ်ကျော်ကြားနေသည်ကိုကား ရွှေမြန်မာတို့ စိတ်မ၀င်စားကြပေ။

ထို့အပြင် ရွှေမြန်မာတို့သည် အကြောက်တရား လွန်စွာကြီးမားကြပေ၏။ အရှိန်အ၀ါကို ကြောက်ကြသည်။ သြဇာပါဝါကို ကြောက်ကြသည်။ ထိုသူတို့ မှားလျင်လည်း မှားမှန်းသိလျက်နှင့် မသိဟန်လွဲနေနိုင်ကြ၏။
အပါယ်ရောက်ကြောင်းကြီး ဖြစ်ပါလျက်နှင့် ကိုယ့်အချင်းချင်း ကယ်တင်ရန် စိတ်မကူးမိကျချေ။
အန္တရာယ်ကို တွေးကြောက်ပြီး ရေငုံနုတ်ပိတ် နေနိုင်လွန်းကြ၏။ လက်ရှိသာသနာကို
 ခြုံငုံသုံးသပ်ကြည့်ပါလျင်မူ ရွှေမြန်မာတို့ကို အလွန်မတန် ရင်နာမိ၏။ ရွှေမြန်မာတို့သည် ကိုယ့်သာသနာကို စော်ကားနေလျင်လည်း ဘာမှမဖြစ်သလို နေတတ်၏။

ကိုယ့်သာသနာကို သူစိမ်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။ အချင်းချင်းက
 စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။ အပြင်လူက စော်ကားလျင်လည်း နာရကောင်းမှန်းမသိ၊
အတွင်းလူက စော်ကားလျင်လည်း နာရကောင်းမှန်း မသိကြချေ။ ကိုယ့်မယား၊ ကိုယ့်သားထိမှ နာတတ်ကြ၏။ ကိုယ့်အသား၊ ကိုယ့်သွေးထိမှ နာတတ်ကြ၏။ သာသနာကို ကိုယ့်မယား ကိုယ့်သားလောက်တောင် တန်ဖိုးမထားတတ်ကြ။ ကိုယ့်အသား၊ ကိုယ့်အသွေးလောက်တောင် တန်ဖိုးမထားတတ်ကြပေ။

မယားမရှိလျင် မယားကို အစားထိုးလို့ ရနိုင်၏။ သားမရှိလျင် သားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသားပဲ့ပါသွားလျင် ကိုယ့်အသားကို အစားထိုးလို့ ရနိုင်၏။ ကိုယ့်အသွေးခန်းခြောက်သွားလျင် ကိုယ့်အသွေးကို အစားထိုး၍ ရနိုင်၏။ သာသနာဖျက်ဆီးခံရလျင်ကား သာသနာကို အစားထိုး၍ မရနိုင်ပေ။
သာသနာပျက်စီးသွားလျင်ကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။

မြတ်စွာဘုရား၏ သာသနာသည်ကား တိတ္ထိတို့၏ သာသနာကဲ့သို့ ပရမ်းပတာ ဆောက်တည်ထားသည် မဟုတ် “ဥုံဟယ် ဖွဟယ် အပ်ချလောင်းဟယ်” ဖြင့် မန်းမှုတ်၍ တည်ဆောက်ထားသည် မဟုတ်၊
တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် တည်ဆောက်ထားသည်လည်း မဟုတ်ချေ။ ယုံတမ်းစကားများလည်း မဟုတ်ပါ။

မြတ်စွာဘုရား ကိုယ်တော်တိုင် ဘုရားလောင်းဘ၀မှ စ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး မနားမနေ ပါရမီဖြည့်ကျင့်တော်မူပြီးမှ တည်ဆောက်ထားခြင်း ဖြစ်၏။
ထိုသို့ မနားမနေ ပါရမီဖြည့်ဆီးရာ၌ အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
သွေးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။ ချွေးပေါင်းများစွာဖြင့်လည်း တည်ဆောက်ခဲ့ရ၏။
 ခြေလက်အင်္ဂါပေါင်းများစွာ မျက်လုံးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။

ထိုသို့ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့၍ သာသနာဆိုတာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထိုသို့ ရင်းနှီးတည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်သည် တစ်ခြားသော တိတ္ထိတို့၏သာသနာနှင့် လုံးဝ (လုံးဝ) မတူပါပေ။ မြတ်စွာဘုရား၏ သာသနာသည် ကမ္ဘာမှာ အနှစ်သာရ အရှိဆုံး သာသနာဖြစ်ခဲ့ပါ၏။

ဗုဒ္ဓဘာသာသည် လောက၌ အလိမ္မာဆုံး အယဉ်ကျေးဆုံး ဘာသာတစ်ခု ဖြစ်ခဲ့ပါ၏။ ဗုဒ္ဓ၏
ဓမ္မများသည် အစမ်းသပ် ခံနိုင်ဆုံး၊ ကျင့်သုံးအပ်ဆုံး၊ ဆောက်တည်အပ်ဆုံး၊ ပွါးများအပ်ဆုံး၊ အချမ်းမြေ့ဆုံး၊ အာမခံချက် အရှိဆုံး ဓမ္မများဖြစ်ခဲ့ပါ၏။ ဤကဲ့သို့ အဖိုးတန်လှသောသာသနာကို အင်္ဂါခြေလက် မပျက်ဆီးအောင် စောင့်ရှောက်သည်ထက် ပို၍ စောင့်ရှောက်အပ်ပါ၏။

မိမိအသက်တစ်ချောင်းကို တန်ဖိုးထားသည်ထက် ပို၍တန်ဖိုးထားအပ်ပါ၏။ ထို့ကြောင့် အသက်ပေါင်း များစွာကို စတေး၍ တည်ဆောက်ခဲ့သော အင်္ဂါခြေလက်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော သွေးနှင့် ချွေးနှင့်ရင်းနှီး၍ တည်ဆောက်ခဲ့သော မြတ်စွာဘုရား၏
သာသနာကို ပေါ့ပေါ့တန်တန် မတွေးအပ်ပေ။ လွယ်လွယ်ကူကူဖြင့် ထူထောင်ထားသောသာသနာမဟုတ် ခက်ခက်ခဲခဲဖြင့် တည်ဆောက်ထားသော သာသနာဖြစ်ပေသည်။

ထိုသို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားသော သာသနာကို အသက်နှင့်လဲ၍
စောင့်ရှောက်အပ်ပါ၏။ အသက်တစ်ချောင်း လက်ခြေပေါင်းကို စတေး၍ စောင့်ရှောက်အပ်ပါ၏။
သို့မှသာ သင်သည် ဗုဒ္ဓဘာသာဝင် ပီသပေလိမ့်မည်။ သို့မှာသာ သင်သည် ဗုဒ္ဓသာဝက ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဘုရားသားတော် ပီသပေလိမ့်မည်။

သို့မဟုတ်လျင်မူ သင့်ကို အပေါ်ယုံဗုဒ္ဓဘာသာ၊ ရေသာခို ဗုဒ္ဓသာဝက၊ နာမည်ခံ ဗုဒ္ဓသားတော်
(မောဃပုရိသ) ဟု ဗုဒ္ဓက ကဲ့ရဲ့တော်မူပေလိမ့်မည်။ ဤအချက်ကို နက်နက်နဲနဲ သတိချပ်အပ်ပါ၏။

(မှတ်ချက်။ ။ဤဘလော့ပါစာသားများမှာ ကျွန်တော့မူလုံးဝမဟုတ်ပါ၊ တခြားသောဆိုဒ်မှ ကူးယူမျှဝေပေးထားခြင်းဖြစ်သည်။ မည်သူတဦးတယောက်ကိုမျှရည်ရွယ်ခြင်းမဟုတ်ကြောင်းကိုတော့ အထူး သိစေလိုပါတယ်ခင်ဗျ။ ယခုလို ကျွန်တော်တို့ ဘာသာအပေါ် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ထိုးနှက်ပြီး အတိုက်အခိုက်များနေသောကာလမှာ တင်သင့်တယ်ထင်လို့တင်လိုက်တာပါ၊ ထပ်လောင်း၍သတိပေးခြင်းပေါ့။ ကျွန်တော်တို့လက်ဝယ်ရောက်ရှိလာသော တာဝန်နဲ့ ဝတ္တရားကို ကျေပွန်စွာနဲ့ ဆထက်တပိုးလို့ သယ်ပိုးရွက်ဆောင်နိုင်သူများ ဖြစ်ကြပါစေ။)

ဇော်ထက်မောင် 

Friday, June 29, 2012

*မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား*



 *မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား* 

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာဟာ တိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်းဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊ အကာသက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြားသွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိသောကြောင့်တည်း။

 ``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။

အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။ ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းလောဘကြောင့် ကုသိုလ်ကောင်းမှုမျး တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသော လောဘသည် ဖြစ်သင့်သောလောဘတည်း။ မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။

ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။ ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။

 ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။

မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။


လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြ သောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။ ``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့ လိုအပ်လှ၏။

တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။

 ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။ ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။

မတရားလောဘဆိုတာ

မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သော စိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။ ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။

ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။ ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။

အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)

လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။ ``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။

 ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းးသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။ ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။

ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။

သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ်ကောင်း လေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော

လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။ တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။

ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။

 လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်

စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။


တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။


မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။

လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။

 ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
-------------------------------
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
 ashindevindabhivamsa@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

Thursday, June 28, 2012

ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်နိုင်သော ဂုဏ်


  
ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်နိုင်သော ဂုဏ် 

ဂုဏ်ဟူသော စကားလုံးသည် ထူးခြားစွာ မြတ်နိုးဖွယ်ကောင်းသော အရည်အသွေးတို့နောက်တွင် တွဲဖက် အသုံးပြူသည့် ဝေါဟာရ ဖြစ်ပါသည်။  "ဂုဏ်ယူသည်" ဆိုသည့် စကားကို ပြောရန် ဂုဏ်ယူစရာအကြောင်း၊ ဂုဏ်ယူစရာအလုပ်၊ ဂုဏ်ယူစရာ အရည်အချင်း တစ်ခုခုရှိကြမှာ ဖြစ်ပါသည်။


မည်သည့်အရာတို့ကို ဂုဏ်ရှိသည်ဟု ဆိုလေ့ရှိပါသနည်။ ရွှေ၊ ငွေ၊ ဥစ္စာ၊ ရတနာ ပေါများ ကြွယ်ဝသူများကို ဓနဂုဏ်ရှိသူဟု လည်းကောင်း၊ ရာထူး ဌာနန္တရ ကြီးမြင့်သူများကို ပညာဂုဏ်ရှိသူဟု လည်းကောင်း ဆိုမြဲဖြစ်ပါသည်။

သို့ဆိုလျှင် ဂုဏ်ဆိုသော စကားရပ်ကို ပိုင်ဆိုင်နိုင်ရန် ချမ်းသာကြွယ်ယရမည်၊ ရာထူးကြီးရမည်၊ ပညာတက်ရမည်ဟု နားလည်နိုင်ပါသည်။ ထိုသို့သော အရည်အသွေးများကို ရရှိနေသော သူများသည် ကျွန်ုပ်တို့ လူအများထဲတွင် မည်သို့ ကြိုးစားခဲ့ကြရကြောင်း ခန့်မှန်းနိုင်ကြမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုဂုဏ်များ ရှိသင့်ပါသည်။ မရှိခဲ့လျှင်လည်း ရှိသော ပုဂ္ဂိုလ်များအတွက် မုဒိတာတရားထားကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ကြပါသည်။
ဂုဏ်သည် ကြီးမားသော ကျေးဇူးတရားကိုလည်း ထင်ရှားစေနိုင်သော ဝေါဟာရဖြစ်သည်။

 ကျွန်ုပ်တို့ အားလုံးအတွက် မိဘကျေးဇူးမှာ မြင့်မိုရ်ဦး ဖြစ်ပါသည်။ ထိုမိဘကျေးဇူးကို ဖော်ပြရာတွင် မိဘဂုဏ်ဟု ဆိုပါသည်။ မိဘဂုဏ်ကျေးဇူးဟု ဆိုပါသည်။ ဂုဏ်သည် မိဘနှင့် တွဲဖက်အသုံးပြုနိုင်သကဲ့သို့ ဆရာနှင့် တွဲဖက်ကာ ဆရာ့ဂုဏ်ဟု ဆိုနိုင်ပါသည်။ ဆရာ့ဂုဏ်ကျေးဇူးဟု ဆိုပါသည်။ သို့ဆိုလျှင့် ဂုဏ်ဟူသော စကားလုံးသည် မိဘတို့၏ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ဆရာတို့၏ ဝါသနာ၊ စေတနာ၊ အနစ်နာတို့ကို တစ်လုံးတည်းဖြင့် မြင်သာအောင် ဖော်ကျူးနိုင်သည့် ကျယ်ဝန်းသော အဓိပ္ပာယ်ကို ဆောင်နေပါသည်။
ဂုဏ်ဟူသော အသုံးအနှုန်းသည် ဤမျှသာ အရေးပါသည် မဟုတ်ပါ။ 

ကျွန်ုပ်တို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ၌ ထူးခြားခြင်း ကိုးပါးရှိပါသည်။ ကိလေသာ အညစ်အကြေးကင်းစင်၍ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇောမှုကို ခံယူထိုက်ခြင်း၊ တရားအလုံးစုံတို့ကို ဆရာမရှိဘဲ ကိုယ်တိုင်ဥာဏ်ဖြစ့် သိမြင်တော်မူခြင်း၊ ထူးခြားသော အသိဥာဏ်မှန်ကန်သော ကျင့်ကြံမှုတို့နှင့် ပြည့်စုံတော်မူခြင်း၊ ကောင်းသော စကားကိုသာ မိန့်ဆိုတက်၍ နိဗ္ဗာန်မြတ်သို့ ရောက်ရှိခြင်း၊ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတည်း ဟူသော လောကသုံးပါးကို သိမြင်ခြင်း၊ မယဉ်ကျေးသော သူတို့အား ယဉ်ကျေးအောင် ဆုံးမရာတွင် အတုမရှိခြင်း၊ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်ခြင်း၊ သစ္စာလေးပါးကို ကိုယ်တောင်တိုင် ဥာဏ်ဖြင့် ခွခြမ်းစိတ်ဖြာ သိမြင်ခြင်း၊ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။

ဤဂုဏ်တော်များသည် ဗုဒ္ဓနှင့်ထပ်တူ အထွက်အမြတ်ထားလျက် ကိုးကွယ်အပ်သော ဗုဒ္ဓ၏ ထူးခြားချက်များ ဖြစ်ပါသည်။ "ဂုဏ်တော်များ" ဟု ဝိဂြိုဟ်ပြုပါသည်။ အလားတူပင် တရားတော်မြတ်၏ ထူးခြားသော ဂုဏ်တော်များ၊ သံဃာတော်မြတ်များ၏ ထူးခြားသော ဂုဏ်တော်များ ရှိနေပါသေးသည်။
သို့ဖြစ်လျှင် ဂုဏ်ဟူသည်မှာ မြင့်မြတ်သော သဘောဆောင်နေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ အားလုံး၌ ကိုယ်ကျင့်ဖြည့်ဆည်းခြင်းဖြင့် ပိုင်ဆိုင်နိုင်သော ဂုဏ်များသည်လည်း ရှိနေပါသေးသည်။ 

ဤသည်တို့မှာ"အလုပ်ဂုဏ်" "ရိုးဂုဏ်" ဟူသော ဂုဏ်များမှာ ဂုဏ်ယူစရာ ဂုဏ်များ ဖြစ်ပါသည်။ "အလုပ်ဟူသမျှ၊ ဂုဏ်ရှိစွ"ဟုအလုပ်ကို လုပ်ချင်၊ ကိုင်ချင်စိတ်ဖြစ်ပေါ်လာစေရန် မြတ်နိုးဖွယ်ရာ ဂုဏ်ဟူသော စကားဖြင့် ဆွဲဆောင်ခြင်း ဖြစ်ပါသည်။ အလုပ်ဂုဏ် ဟူသည်မှာ ဂုဏ်ယူနိုင်ဖွယ်ကောင်းသော အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ဆိုပါသည်။ သို့သော် သူ့ဥစ္စာခိုးခြင်း၊ ဓားပြတိုက်ခြင်း စသော သမာအာဇီယ မဟုတ်သည့် အလုပ်များကို လုပ်လျှင် ဂုဏ်ကို ရရှိမည် မဟုတ်သည့်အပြင် ထိုအလုပ်များက ဂုဏ်ပျက်စေမည့် ဆိုးကျိုးများကို ပေးပါလိမ့်မည်။

ရိုးဂုဏ်ဟူသည်မှာ ရိုးသားစွာ တွေးခြင်း၊ ရိုးသားစွာပြောခြင်း၊ ရိုးသားစွာ လုပ်ကိုင်ခြင်းဖြင့် ရရှိနိုင်သော ဂုဏ်ဖြစ်ပေရာ ဥစ္စာရှိရန်၊ ရာထူးရှိရန်၊ ပညာရှိရန် အထူးလိုအပ်ခြင်း မရှိသဖြင့် ထူးခြားသောဂုဏ် ဖြစ်ပါသည်။  ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်နိုင်သော ဂုဏ်ဖြစ်ပါသည်။ ထိုရိုးဂုဏ်သည် မိမိ၏ လူမှုဆက်ဆံရေးဘဝကို ချောမွေ့အောင်မြင်နိုင်သော အကျိုးကို ရရှိစွမ်းသဖြင့် လူတိုင်းသည် ထိုဂုဏ်ကို ပိုင်ဆိုင်သင့်လှပါသည်။

သားသမီးတို့၏ ပညာထူးချွန်ကြခြင်း၊ ယဉ်ကျေးလိမ္မာကြခြင်းများသည် သားဂုဏ်ရည်၊ သမီးဂုဏ်ရည်များ ဖြစ်ပါသည်။ ထိုဂုဏ်ရည်ရှိသော သားသမီးတို့သည် မိမိကျောင်းဂုဏ်ဆောင်၊ မိမိနိုင်ငံဂုဏ်ဆောင် သားကောင်း သမီးကောင်းများလည်း ဖြစ်နိုင်ကြပါသည်။ မိမိကျောင်းကို ကိုယ်စားပြု၍ အားကစား၊ ပညာရေး၊ အခြားဖွံ့ဖြိုးရေး ကိစ္စများတွင် ဆောင်ရွက်ရန် ရွေးချယ်ခံရသော သားသမီးတို့သည် ကျောင်းဂုဏ်ဆောင် သားသမီးများ ဖြစ်သဖြင့် ထိုသားသမီးအတွက်  ဂုဏ်ယူရမည် ဖြစ်ပါသည်။ လိုအပ်သော ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသင့်ကြပါသည်။ နိုင်ငံဂုဏ်ဆောင် ပုဂ္ဂိုလ်တို့ဖြစ်မူ ထူခြားသော ရတနာများ ဖြစ်ပါပြီ။ ထိုရတနာများကို တစ်မျိုးသားလုံးက တန်ဖိုးထားတက်ကြပါသည်။

ကျွန်ုပ်တို့တွင် အကျင့်စာရိတ္တဆိုင်ရာ ဂုဏ်ရည်များ၊ ကြိုးစားမှု၊ ထူးချွန်မှုဆိုင်ရာာ ဂုဏ်ရည်များ ရရှိနိုင်ကြောင်း ထင်ရှားနိုင်ပြီ ဖြစ်ပါသည်။ ထိုမျှသာမက ကျွန်ုပ်တို့တွင် မွေးရာပါ ဂုဏ်များလည်း ရှိပါသည်။ ဤသည်များထဲတွင်"အမျိုးဂုဏ်၊ ဇာတိဂုဏ်" သည်လည်း အပါအဝင် ဖြစ်ပါသည်။  ကျွန်ုပ်တို့အတွက် မိမိကပေးသော၊ မိမိဇာတိကပေးသော ဂုဏ်များ ဖြစ်ပါသည်။ 

ကျွန်ုပ်တို့သည် နိုင်ငံ့ဂုဏ်ကို ဆောင်ရသကဲ့သို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ရှောက်ကြရမည်လည်း ဖြစ်ပါသည်။ မိမိအမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ရိုးရာအမွေအနှစ်များကို ချစ်တက်မှ အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ရှောက်နိုင်ကြမည် ဖြစ်ပါသည်။"ဇာတိပုညဂုဏ်မာန" သည် မိမိတို့အတွက် ပျံကျယဉ်ကျေးမှုတို့ ရောသမမွှေကာ ယဉ်ကျေးမှု ပျက်သုဉ်းခြင်းကို ကာကွယ်နိုင်မည့် အကြောင်းတရားတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့တွင် ဂုဏ်မြောက်သော စာပေးများ ရှိပါသည်။ ဂုဏ်မြောက်သော တူရိယာသံစဉ်များ ရှိပါသည်။ ဂုဏ်မြောက်သော ယဉ်ကျေးမှု အနုလက်ရာများ ရှိပါသည်။ နံနက်လင်းလျှင် သတ္တဝါအများ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့လျက်၊ အလှူအတန်း ကောင်းမှုကုသိုလ်ပြုလျက် ဂုဏ်ကျက်သရေရှိစွာ နေတက်သောလူမျိုး ဖြစ်ပါသည်။ 

အချိန်အခါတိုင်းတွင် မကောင်းမှုရှောင်လျက်၊ ကောင်းမှုကို နှလုံးသွင်းလျက်၊ ဝံသာနုရက္ခိတတရား လက်ကိုင်ပြုလျက်၊ ဆင်းရဲနွမ်းပါးသူများကို ငဲ့ညှာလျက်၊ မိမိတို့အလုပ်၌ သစ္စာရှိလျက် ဂုဏ်သိက္ခာရှိစွာ နေတက်သော လူမျိုး ဖြစ်ပါသည်။ မတရားမှုကို ရွံ့မုန်းရန်၊ စော်ကားမှုကို တုံ့ပြန်ရန်၊ ကျူးကျော်မှုကို တော်လှန်ရန် မည်သည့်အခါမှ ဝန်မလေးသည့် ဂုဏ်သိက္ခာရှိသော လူမျိုး ဖြစ်ပါသည်။

ကျွန်ုပ်တို့ ပတ်ဝန်းကျင်နယ်ပယ် အားလုံး၌ အဓိပ္ပာယ်များစွာကို ဆောင်ကျဉ်းသည့် အလွန်ကျယ်ဝန်းသော"ဂုဏ်ရည်" များ ရှိနေကြပါသည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် မြန်မာလူမျိုးများ ဖြစ်သည့် အားလျော်စွာ မွေးရာပါ ဇာတိဂုဏ် ရှိနေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ မြန်မာများသည် ဂုဏ်ကျက်သရေ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သတ္တိရှိသော လူမျိုး ဖြစ်ပါသည်။
မောင်ချိုဝေ

Wednesday, June 27, 2012

လူစွမ်းကောင်း

လူစွမ်းကောင်း

ကမ္ဘာ့ရာဇ၀င်ကို လေ့လာမည်ဆိုလျှင် နိုင်ငံအသီးသီး၌ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်ကို တွေ့ရလိမ့်မည်။ မြန်မာ့ရာဇ၀င်၌လည်း ပုဂံခေတ်က ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူ၍ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်။ သူတို့လေးဦးလောက် မကျော်ကြားသော်လည်း အခြားလူစွမ်းကောင်းတွေ မြန်မာရာဇ၀င်၌ ရှိခဲ့ကြသည်။ လူတွေက လူစွမ်းကောင်းတွေကို ချစ်ခင်မြတ်နိုးကြသည်၊ လူစွမ်းကောင်းကို သူရဲကောင်းအဖြစ်လည်း သတ်မှတ်ကြသည်။

ဤဆောင်းပါး၌ "လူ" ရယ်၊ "စွမ်း" ရယ်၊ "ကောင်း" ရယ် တစ်ခုချင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုချင်သည်။ လူဖြစ်လာလျှင် ပထမ-လူလူသူသူ ဖြစ်ဖို့လိုသည်။ ဒုတိယ-စွမ်းဖို့လိုသည်။ တတိယ-ကောင်းဖို့လိုသည်။ လူလူသူသူလည်းဖြစ်မှ၊ တစ်ခုခုလည်း စွမ်းမှ၊ ကောင်းလည်းကောင်းမှ လူစွမ်းကောင်းဟု ဆိုနိုင်ပေမည်။ လူတိုင်း လူစွမ်းကောင်းဖြစ်ခွင့် ရှိသည်။ လူစွမ်းကောင်းဖြစ်အောင်လည်း ကြိုးစားကြရမည်။

''လူဖြစ်အောင်လုပ်ရတာ မလွယ်ဘူးဗျ'' ဟု တစ်ဦးက ညည်းတွားသည်။ ထိုစကားကို အတွေးချော်သူတစ်ဦးက ရယ်မောသည်၊ ထိုသူပြောသည်မှာ အမှန်ပင်။ အမိဝမ်းကကျွတ်ပြီး လူ့လောကရောက်လာရုံနှင့် လူဖြစ်သည်မဟုတ်၊ လူဆိုသည်မှာ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ တသီကြီးနှင့် လက်ရှိဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူ ဖြစ်သည်။

လူဆိုသည်မှာ အညွန့်တုံးနေသူမဟုတ်၊ အတတ်ပညာတွေ၊ အသိပညာတွေ၊ တိုးတက်မှုတွေ၊ မျှော်လင့်ချက်တွေနှင့် တစ်နေ့တခြား အညွန့်တလူလူ ဝေဆာနေသူ ဖြစ်ရမည်။ လူရယ်လို့ ဖြစ်လာပြီးနောက်ပိုင်း လူနှင့်တူအောင် နေရသင့်သည်။ လူနှင့်တူအောင် ၀တ်ရသင့်သည်။ လူနှင့်တူအောင် စားရသင့်သည်။ လူနှင့်တူအောင် အပြုအမူ ဆက်ဆံခံရသင့်သည်။ လူတစ်ဦး၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ လူတစ်ဦး၏ ရသင့်ရထိုက်သော ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှ၊ သာတူညီမျှအခွင့်များ ရသင့်သည်။ အခွင့်ထူးကို မလိုပါ၊ တပြေးညီ သာတူညီမျှ အခွင့်ကိုသာ လိုပါသည်။

လူသည် လူတစ်ဦး ရသင့်ရထိုက်သော အခွင့်အရေးကို ခံစားခွင့်ရှိမှ လူဖြစ်သည်။ "လူဖြစ်အောင် လုပ်ရတာမလွယ်ဘူးဗျ" ဆိုသူ၏ စကားက အမှန်ပင်ဖြစ်သည်။

မနုဿပဋိလာဘော ဒုလ္လဘော - လူ့အဖြစ်ကို ရခဲသည်ဟု ဘုရားမိန့်သည်။ လူ့အဖြစ်ရခဲပုံကို ရှင်းပြရာ၌ လူ့အရေအတွက်ကို တိရစ္ဆာန် အရေအတွက်နှင့် နှိုင်းယှဉ်ပြကြသည်။ လူ့ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးရှစ်ဆယ် ရှိသည်ဟုဆိုသည်။ ပိုးအကောင်ရေ ရှစ်ဆယ်မဟုတ်၊ အမျိုးအစားပေါင်းကို ရှစ်ဆယ်ရှိသည်။ တစ်မျိုးတစ်မျိုးတွင် မည်မျှရှိလေမည်နည်း၊ ဘီပိုးရောဂါရှင်များ သွေးစစ်ရာတွင် တချို့သွေးတစ်ယူနစ်မှာ ပိုးကောင်ရေ ကုဋေနှင့်ချီ၍ ရှိနေသတဲ့။

လူဦးရေက တစ်ကမ္ဘာလုံးမှ သန်း ၆၀၀၀ ခန့်သာရှိသည်။ ပိုးမွှားတိရစ္ဆာန်က လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းမှာပင် သန်း ၆၀၀၀ ကချင်မှကမည်။ ထို့ကြောင့် လူ့အဖြစ်ရခဲကြောင်းကို တိရစ္ဆာန်ပမာဏနှင့် နှိုင်းယှဉ်ပြခြင်းကလည်း ယုတ္တိတန်ပါသည်၊ တချို့ကလည်း လူအဖြစ် ရခဲသည်ဟူရာ၌ သာမန်မည်ကာမတ္တ လူမျိုးမဟုတ်၊ အသိဉာဏ်ရှိသော လူမျိုးဖြစ်သည်ဟု ဆိုပါသည်။ ဤအဆိုကလည်း ကောင်းမွန်ပါသည်။ သေချာတွေးတော့ လူဖြစ်ဖို့ကလည်း မလွယ်၊ လူနှင့်တူအောင်နေရဖို့ကလည်း  မလွယ်။

လူ၏ဇာစ်မြစ်ကို နောက်ကြောင်းပြန်ကောက်ရာ၌ ဗုဒ္ဓစာပေက ဗြဟ္မာ့ပြည်မှ ဗြဟ္မာတွေစုတေပြီး လူ့ပြည်လာ လူဖြစ်ကြသည်ဟု ဆိုသည်။  သိပ္ပံစာပေက လူဆိုသည်မှာ မျောက်ကနေ အဆင့်ဆင့် ပြောင်းလဲလာသည်ဟု ဆိုသည်။ ထိုအယူအဆနှစ်ခုလုံး လက်ခံနိုင်ဖွယ်ရာရှိသည်။ တချို့လူတွေက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိတ်များ အရှိန်မပြယ်သေး၊ မြင့်မြတ်သော ဗြဟ္မာစိတ်များ ရှိနေကြသေးသည်။ တချို့ကတော့ လူ့စိတ်သည် မျောက်စိတ်ဟု ဆိုသည့်အတိုင်း တည်တည်ကြည်ကြည် တည်တည်တန့်တန့် မရှိ၊ အပြောင်းအလဲ မြန်သည်၊ ဆင်ခြင်တုံတရား မရှိ၊ စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ် မရှိ၊ မောဟဦးစီးသော လေဘ၊ ဒေါသ၊ မာန်မာနတွေသာ ရှိသည်။

လူ့ပြည်၌ ဗြဟ္မာစိတ်ရှိသူနှင့် မျောက်စိတ်ရှိသူ မည်သူက များနေသနည်းဟု မေးက မျောက်စိတ်ရှိသူက များပါသည်ဟု ဖြေလိမ့်မည်။ သို့ဆိုလျှင် လူသည် မျောက်ကနေ ဆင်းသက်လာသည်ဟူသော ဒါဝင်၏ အယူအဆ မှန်ကန်ဖွယ်ရှိသည်။ လူ့အဖြစ်ကို ရခဲသည်ဟု ဘုရားမိန့်ရာ၌ ဘုရားက ဗြဟ္မာအဖြစ်ကနေ ဆင်းသက်လာသော ဗြဟ္မာစိတ်ထားရှိသည့် လူမျိုးကိုသာ ဆိုလိုသည်။ ဗြဟ္မာစိတ်ထားရှိမှ ဘုရားက လူရာသွင်းသည်ဟုဆိုလျှင် လူဖြစ်ဖို့က ခက်နေသေးသည်မှာ ထင်ရှားသည်။

လူကို ပါဠိလို ''မနုဿ' ဟု ခေါ်သည်။ သဒ္ဒါဆရာတို့ အဆိုအရ မနုဿ၏ အဓိပ္ပာယ်က "ကုသိုလ်-အကုသိုလ် တရားတို့ကို ခွဲခြားသိသူ"ဟု အဓိပ္ပါယ်ထွက်သည်။ အမှန်တော့ သိရုံနှင့်မပြီး။ အကုသိုလ်ကို ရှောင်၊ ကုသိုလ်ကို ဆောင်မှ လူဖြစ်သည်။ အကုသိုလ်ပြုခြင်းသည် အ၀ိဇ္ဇာကြောင့် ဖြစ်သည်။ ကုသိုလ်ကိုပြုခြင်းသည် ၀ိဇ္ဇာကြောင့် ဖြစ်သည်။ လူဟူသည် ၀ိဇ္ဇာဖြစ်သည်၊ ၀ိဇ္ဇာဖြစ်ရမည်။

အဋ္ဌကထာဋီကာတို့ အဆိုအရ "မနုဿန္နမှ မနုဿဟူ၍ ဖြစ်လာသည်။ သတိရှိခြင်း၊ ရဲရင့်ခြင်း၊ မြတ်သောအကျင့်အား လျောက်ပတ်သော ဂုဏ်တို့ဖြင့် ဆည်းပူးအပ်သော စိတ်ရှိ၍ အမြတ်ဆုံးဂုဏ်တို့ဖြင့် ဆည်းပူးအပ်သော စိတ်ရှိသူ"ဟု အဓိပ္ပါယ်ထွက်သည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် မုချအားဖြင့် မနုဿ အမည်ရသည်။

ထက်မြက်သောစိတ်ရှိသူကို "လူ"ဟု ခေါ်၏။ မကောင်းမှုအရာ၌ ပဉ္စာနန္တရိယကံတိုင်အောင် ပြုရဲကြ၏။ ကောင်းမှုအရာ၌ ဘုရားဖြစ်သည့်တိုင်အောင် စွမ်းနိုင်ကြ၏။ ထိုသို့ ထက်မြက်သောစိတ် ရှိရကား ဇမ္ဗူဒိပ်ကျွန်းသားတို့ကို မုချအားဖြင့် "မနုဿ"ဟု ခေါ်၏။ အခြားကျွန်း၌ရှိသူတို့ကား ရုပ်ဆင်းပုံသဏ္ဌာန် တူကြသဖြင့် သဒိသူပစာရအားဖြင့် "မနုဿ"ဟု ဆိုသည်။ သဂြိုဟ်ဘာသာဋီကာ၌ ဤသို့ဆိုသည်။

ဝိမာန၀တ္ထု အဋ္ဌကထာ၌ နေရယိကမနုဿ - ငရဲသားကဲ့သို့ ဆင်းရဲသောလူ၊ ပေတမနုဿ - ပြိတ္တာကဲ့သို့ ငတ်ပြတ်နေသောလူ၊ တိရစ္ဆာနမနုဿ - တိရစ္ဆာန်ကဲ့သို့ အသိဉာဏ်မရှိ၊ အသိတရားမရှိ၊ ဘာမျှ မသိတတ်သောလူ၊ ပရမတ္ထမနုဿ - ကောင်းကျိုး၊ ဆိုးကျိုးသိသူ၊ ကံ၏အကျိုးကို ယုံကြည်သူ၊ အရှက်အကြောက်နှင့် ပြည့်စုံသူ၊ သတ္တ၀ါတို့အပေါ် သနားညှာတာတတ်သူ၊ သံဝေဂများသူ၊ ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်၍ သုစရိုက်တရားတို့ကို ကျင့်သုံးသူ၊ ထိုသို့မနုဿဓမ္မ၌ တည်သောလူ ဟူ၍ လူလေးမျိုး ဖွင့်ပြသည်။

ပရမတ္တမနုဿဟူသည် မြတ်သောလူ၊ လူသားစင်စစ်ဟု အဓိပ္ပာယ်ရသည်။ တကယ့်လူစင်စစ်သည် ကောင်းကျိုး-ဆိုးကျိုး ခွဲခြားသိရမည်။ ကံ၏အကျိုးကို ယုံကြည်ရမည်။ အရှက်အကြောက်ရှိရမည်။ အများအပေါ် သနားညှာတာတတ်ရမည်။ သံဝေဂ မကြာမကြာ ရ,ရမည်၊ ယူရမည်။ ဒုစရိုက်တရားတွေ ရှောင်ကြဉ်ရမည်။ သုစရိုက်တရားတွေ ကျင့်သုံးရမည်။ သို့မှ ပရမတ္တမနုဿ လူစင်စစ်ဖြစ်သည်။ ဘုရားမိန့်သော ရခဲသောလူ့အဖြစ်ဟူသည် ထိုပရမတ္ထမနုဿ ဖြစ်သည်။

လူသည် ပထမ- လူဖြစ်အောင် လုပ်ရမည်၊ လူဖြစ်အောင် ကြိုးစားရမည်၊ လူလူသူသူ ဖြစ်ရမည်၊ လူတစ်လုံး သူတစ်လုံးဖြစ်ရမည်။ လူဖြစ်ပြီးသည့်နောက်ပိုင်း ဒုတိယ- တစ်ခုခု စွမ်းရမည်၊ လူထဲမှာ စွမ်းထည့်၍ ပေါင်းရမည်၊ သင်သည် တစ်ခုခုမှ မစွမ်းလျှင် လူညံ့ဖြစ်မည်။ လူတုံး(ငတုံး) ဖြစ်မည်။ ထို့ကြောင့် သင်သည် တစ်ခုခုတော့ စွမ်းမှဖြစ်မည်။

"စွမ်း"ဟူသော ပုဒ်နှင့်စပ်၍ စွမ်းဆောင် - (ပြီးစီးအောင်မြင်အောင် လုပ်နိုင်သည်)၊ စွမ်းပကား-(ခွန်အား)၊ စွမ်းရည် - (လုပ်ကိုင်ဆောင်ရွက်နိုင်သော အရည်အချင်း)၊ စွမ်းအား- (လုပ်ကိုင်ဆောင်ရွက်နိုင်သော အင်အား)၊ စွမ်းစွမ်းတမံ (အစွမ်းကုန်ကြိုးစားသည်) မြန်မာအဘိဓာန်၌ ဤသို့ဖွင့်သည်။

စွမ်းရည်သတ္တိဟုလည်း သုံးသဖြင့် မိမိ၏အစွမ်း၊ မိမိ၏ အရည်အချင်းသည် မိမိ၏ သတ္တိဖြစ်သည်။ ပညာရဲရင့် ပွဲလယ်တင့်ဟု ဆိုသည့်အတိုင်း ပညာက သတ္တိကို မွေးဖွားပေးသည်။ ပညာကြောင့် သတ္တိရှိသည်။ သတ္တိရှိလို့ ရဲရင့်သည်၊ လူပုံအလယ်၌ ပြောရဲဆိုရဲရှိသည်။ လုပ်ရဲကိုင်ရဲရှိသည်။ ထို့ကြောင့် ပွဲလယ်၌ တင့်တယ်သည်။

လူဆိုသည်မှာ ဘ၀ပေးတာဝန်အရ၊ သမိုင်းပေးတာဝန်အရ ၀န်တစ်ခုခုကိုတော့ ထမ်းနေကြရသည်။ ဆောင်နေကြရသည်။ ထမ်းဆောင်နေကြရသည်။ ထိုအခါ စွမ်းဖို့လိုသည်။ စွမ်းဆောင်ဟုဆိုရာ၌ စွမ်းမှသာ ဆောင်နိုင်သည်။ မစွမ်းက မဆောင်နိုင်၊ မစွမ်းဘဲ ဆောင်ခဲ့လျှင် ရှေ့ကိုရွေ့မည် မဟုတ်၊ ရှေ့ကို ရောက်မည်မဟုတ်၊ မစွမ်းဘဲနှင့် ဆောင်နေလျှင် ၀န်ထမ်းမဟုတ်ဘဲ "၀န်စီး" သို့မဟုတ် "၀န်ထုပ်ဝန်ပိုး" ဖြစ်တတ်သည်။ ထို့ကြောင့် ၀န်စီး မဖြစ်စေဖို့၊ ၀န်ထုပ်ဝန်ပိုး မဖြစ်စေဖို့ မိမိတို့ ထမ်းသည့်ဝန်ကို မိမိတို့ ဆောင်နိုင်စွမ်းရှိဖို့ အရေးကြီးသည်။

"ဦး"ကနေ၍ ဆောင်မည်ဆိုလျှင်လည်း အမှန်တကယ် ဆောင်နိုင်စွမ်းရှိရမည်။ "ပဲ့"ကနေ၍ ဆောင်မည်ဆိုလျှင်လည်း အမှန်တကယ် ဆောင်နိုင်စွမ်း ရှိရမည်။ ရှေ့ကို တိုးသွား၊ တက်သွား၊ ရောက်သွားပါမှ ဆောင်နိုင်စွမ်းရှိသူဟု သတ်မှတ်၍ရမည်။ မတိုး၊ မတက်၊ ခရီးမတွင်ပါလျှင် မစွမ်းဘဲနှင့် ဆောင်နေရာရောက်သည်။

လူသည် တစ်ခုမဟုတ်တစ်ခု ထမ်းပိုးရွက်ဆောင် နေရသည်။ မိမိ ထမ်းပိုးရွက်ဆောင်နေသော ၀န်ကို ထမ်းပိုးနိုင်စွမ်း၊ ရွက်ဆောင်နိုင်စွမ်း ရှိရမည်။ သို့မှ တာဝန်ကျေပွန်သူအဖြစ် သတ်မှတ်ရသည်။ တာဝန်ကျေပွန်မှသာ လူလိမ္မာဖြစ်သည်၊ မကျေပွန်လျှင်လူမိုက်ဖြစ်သည်။ ထို့ကြောင့် လူသည် မိမိဆိုင်ရာဆိုင်ရာ ၀န်နှင့်စပ်၍ စွမ်းနေဖို့လိုသည်၊ စွမ်းဆောင်ဖို့လိုသည်။

လူထဲကို အစွမ်းတစ်ခုခု ထည့်ပေါင်းပြီးနောက် တတိယအနေနှင့် "ကောင်း"ဆိုတာကို ထည့်ပေါင်းဖို့ လိုသည်။ လူသည် အစွမ်းအစရှိရုံနှင့် လူတော်သာ ဖြစ်နိုင်သေးသည်။ လူကောင်းဖြစ်ဖို့အတွက် စိတ်ကောင်းနှင့် အကျင့်ကောင်း နှစ်ခုကို ထည့်ပေါင်းပေးရမည်။ လူသည် စိတ်ကောင်းလည်း ရှိမှ၊ အကျင့်ကောင်းလည်း ရှိမှ လူကောင်းဖြစ်သည်။

လူတော်ဖြစ်လျက် စိတ်ကောင်းမရှိက လူကောင်းမဖြစ်နိုင်သလို အကျင့်ကောင်းမရှိ၊ အကျင့်မကောင်းပြန်လျှင်လည်း လူကောင်းမဖြစ်နိုင်၊ သက်ရှိသက်မဲ့ပတ်ဝန်းကျင်ကို ကောင်းအောင်လုပ်နိုင်တာက လူတော်မဟုတ်၊ လူကောင်းတွေသာ ဖြစ်သည်။ ထို့ကြောင့် လူသည် လူကောင်းဖြစ်ဖို့ လိုသည်။ စွမ်းလည်း စွမ်း၊ ကောင်းလည်း ကောင်း ဆိုလျှင်တော့ အတိုင်းအထက်အလွန် တံခွန်နှင့်ကုက္ကားသို့ ရှိချိမ့်မည်။

"လူ+စွမ်း" ထဲကို "ကောင်း" ထည့်ပေါင်းရာ၌ မရှိမဖြစ် လိုအပ်တာကတော့ စိတ်ကောင်းနှင့် အကျင့်ကောင်းဖြစ်သည်။ ထို့အပြင် အခြားအကောင်းတွေကို ရှာဖွေကြည့်သောအခါ ကံလည်း ကောင်းရမည်။ ဉာဏ်လည်း ကောင်းရမည်။ ၀ီရိယလည်း ကောင်းရမည်။ ဇွဲလည်း ကောင်းရမည်။ နေရာလည်း ကောင်းရမည်။ အမှီလည်း ကောင်းရမည်။ မိတ်လည်း ကောင်းရမည်။ အပေါင်းအသင်းလည်း ကောင်းရမည်။

ကံကောင်းဖို့အတွက် စေတနာ ကောင်းရမည်။ အလုပ် ကောင်းရမည်။ ဉာဏ်ကောင်းဖို့အတွက် ဗဟုသုတ လေ့လာလိုက်စားရမည်။ နေရာကောင်းဖို့အတွက် ပဋိရူပဒေသ၀ါသ ဖြစ်ရမည်။ ပဋိရူပဒေသ၀ါသကို ရွေးချယ်၍ အခြေချရမည်။ လူသည် ပထမ- လူဖြစ်အောင် ကြိုးစားရမည်။ ဒုတိယ- တစ်ခုခုစွမ်းအောင် လုပ်ရမည်။ တတိယ- ဆိုခဲ့သည့်အကောင်းတွေ ထည့်ပေါင်းပေးရမည်။ ထိုအခါ "လူ+စွမ်း+ကောင်း" ဖြစ်ပါလိမ့်မည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)







Weekly Eleven News Journa

Tuesday, June 26, 2012

ဘက်မလိုက် ကြားမနေ “မဇ္ဈိမ”




                  
                                                   ဘက်မလိုက် ကြားမနေ “မဇ္ဈိမ”
     “အမှားအမှန်ကို ဆုံးဖြတ်ပေးရမည့်ပုဂ္ဂိုလ်က သိလျက်နဲ့ အမှန်ဘက်က မရပ်တည်ဘဲ ကြားနေတယ်ဆိုတာဟာ အမှန်ကို မျက်ကွယ်ပြုပြီး အမှား ဘက်လိုက်တာနဲ့ အတူတူပါပဲ” (ဟေမဝတသုတ္တန်)

“မဇ္ဈိမပဋိပဒါဆိုတာ ဘက်မလိုက်တဲ့ ကြားနေဝါဒလို့ ဆိုလိုတာပဲ မဟုတ်လား”ဆိုတဲ့စကားကို ကြားရတဲ့အခါတိုင်း ကဿပဘုရားရှင်ရဲ့ သာသနာမှာ နောက်ဆုံးဝိနည်းဓိုရ်ဆရာတော်ကြီးနှစ်ပါး နောင်တပူပန် ဖြစ်ရပုံကို သတိရမိလေ့ရှိတယ်။

    လွန်ခဲ့ပြီးတဲ့ အန္တရကပ်တစ်ကပ်သာသာအချိန် လူတို့ရဲ့ သက်တမ်းအနှစ်နှစ်သောင်းတန်းတုန်းက ကဿပမြတ်စွာဘုရားရှင် ပွင့်တော်မူပါတယ်။ အန္တရကပ်ဆိုတာ လူတို့ရဲ့ သက်တမ်း အသင်္ချေအထိတက်ပြီး ဒုစုရိုက်တရားတွေ ထူပြောလာတဲ့အခါ တဖြည်းဖြည်း(၁၀)နှစ်တန်းအထိ လျော့တယ်၊ အဲဒီနောက် သံဝေဂ တွေရကြလို့ ဒုစရိုက်တွေ ရှောင်ကြဉ်လာတဲ့အခါ တဖြည်းဖြည်း အသင်္ချေတန်းအထိ ပြန်တက်ပြန်တယ်။ အဲဒီလို အတက်အကျ တစ်စုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်တာပါ။

    ဒီလို အတက်အကျဖြစ်ရာမှာလည်း တက်ကပ်ကာလမှာ ဘုရားရှင်တို့ မပွင့်ပေါ်ဘူး၊ ဆုတ်ကပ်ကာလ အသက်တစ်သိန်းတန်းနဲ့ တစ်ရာတန်းရဲ့ ကြားကာလမှာသာ ပွင့်တော်မူရိုး ဓမ္မတာဖြစ်ပါတယ်။ သံဝေဂဉာဏ်နဲ့ သင်္ခါရတရားတို့ကို လက္ခဏာများ ပီပြင်ထင်ရှားတဲ့ကာလ ဖြစ်လို့ပါ။ တစ်သိန်းတန်းအထက်မှာဆိုရင်လည်း သံဝေဂဉာဏ်ဖြစ်ခဲတယ်၊ တစ်ရာတန်းအောက် ရောက်ပြန်တော့လည်း ကိလေသာ အပူရှိန် ပြင်းလွန်းတယ်၊ ဒါကြောင့် သမပိုင်းဇုန်လို့ခေါ်ရမယ့် တစ်သိန်းနဲ့ တစ်ရာကြားမှာ ဘုရားရှင်တို့ ပွင့်ပါတယ်။

   ကဿပဘုရားရှင်က ဆုတ်ကပ်ကာလ အနှစ်နှစ်သောင်းတန်းမှာ ပွင့်တော်မူပါတယ်။ အဲဒီနောက်(၁၀) နှစ်တန်းထိတက်၊ ပြီးတော့ အသင်္ချေတန်းအထိ ပြန်တက်၊ တက်ပြီးလို့ ပြန်အကျ အနှစ်တစ်ရာတန်းမှာအခု ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတာဖြစ်လို့ ကနေ့ကစပြီး နောက်ပြန်ရေတွက်ရင် တက်ကပ်၊ ဆုတ်ကပ် တစ်စုံခေါ်တဲ့ အန္တရကပ်တစ်ကပ်သာသာ လူတို့ရဲ့  သက်တန်းအနှစ်နှစ်သောင်းတန်းမှာ ကဿပဘုရားရှင် ပွင့် တော်မူတယ်လို့ နားလည်ရပါမယ်။   (မင်းကွန်းဆရာတော် ဟောစဉ် ပ-၁၉၃)

သက်တော်ရှည်ဘုရားရှင်တို့ရဲ့ သာသနာမှာ တပည့်သားစဉ်ဆက် ရှင်ရဟန်းပြုပေးဖို့ အာဏာဝိနည်းကံ ရယ်လို့ ပညတ်သတ်မှတ်ပေးခဲ့တာ မရှိဘူး၊ တပည့်ကြီးများကသာ ရှင်ရဟန်းပြုပေးခွင့်ရှိတယ်၊ အဲဒီကနေ နောက်တစ်ဆက်ရောက်ရင် ရှင်ရဟန်း အစဉ်အဆက်ပြတ်ပြီ။

    ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါ အသမ္ဘိန္နဓာတ်လို့ခေါ်တဲ့ တစ်ခုတည်း ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်ကို စေတီတော်ကြီးတည်ပြီး ပူဇော်ပွဲကျင်းပတဲ့အခါ အမျိုးကောင်းသားနှစ်ယောက်တို့ သာသနာတော်ကို ကြည်ညိုလွန်းလို့ ရဟန်းပြုကြပြီး အသက်ငယ်ကြသေးတဲ့အတွက် ပရိယတ္တိဓုရကို ထမ်းဆောင်ပြီး စာပေသင်ကြားပို့ချကြတယ်။ တစ်ပါးတစ်ပါးမှာ တပည့်ငါးရာစီနှင့်  စာပေပရိယတ္တိသင်ကြားပို့ချ ပေးနေကြတဲ့ ဆရာတော်နှစ်ပါးတို့ဟာ ဖြစ်ပေါ်လာသမျှ ဝိနည်းမှုခင်းများကိုလည်း ဆုံးဖြတ်ပေးကြလို့ ဂိုဏ်းဆရာကြီးများလည်းဖြစ်၊ ဝိနည်းဓိုရ်ကြီးများလည်း ဖြစ်ကြပါသတဲ့။

   အဲဒီအချိန်မှာပဲ “ပွဲကောင်းတုန်း ခဲကျ”ဆိုသလို တောရွာတစ်ရွာမှာ ရဟန်းနှစ်ပါး ပြဿနာဖြစ်ကြတယ်၊ တစ်ပါးက အဓမ္မဝါဒီ၊ တစ်ပါးက ဓမ္မဝါဒီပေါ့၊ အဓမ္မဝါဒီရဟန်းရဲ့ လုပ်ရပ်တွေကို ဓမ္မဝါဒီပုဂ္ဂိလ်က အမြင်မတော်လို့ ပြောတဲ့အခါ အဓမ္မဝါဒီပုဂ္ဂိလ်က လက်မခံတဲ့အပြင် ငေါက်ဆတ်ဆတ် မာကျောကျောနဲ့ “မင်း ဘယ်လောက် တတ်လို့ သိလို့လဲ” ဆိုတဲ့ သဘောမျိုးနဲ့ ပြန်ပြောတော့ ဓမ္မဝါဒီပုဂ္ဂိလ်လေးက “ဝိနည်းဓိုရ် ပုဂ္ဂိုလ်များ သိကြပါ  လိမ့်မယ်”လို့ ပြောလိုက်တယ်။

   ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးတွေ ဆုံးဖြတ်တာကိုခံရရင် သာသနာဘောင်မှာ ဆက်လက်ရပ်တည်ခွင့် မရနှိုင် တော့ဘူးဆိုတာ သဘောပေါက်တဲ့ အဓမ္မဝါဒီပုဂ္ဂိုလ်ဟာ မမှန်ကန်သူတို့ရဲ့ ထုံးစံအတိုင်း အကြံအဖန်လုပ်ဖို့ ကြိုးစားတော့တယ်၊ ပြီးတော့ ဗာရာဏသီပြည်မှာရှိတဲ့ ဝိနည်းဓိုရ် ဆရာတော်ကြီးတွေရှေ့မှာ ကန်တော့ပွဲကြီးတွေ ဟိန်းနေအောင် ပြင်ပြီး ကန်တော့တယ်၊ ပထမတော့ နိဿရည်းခံ တပည့်ခံပြီး စသင်ချင်လို့ပါလို့ လျှောက်ထား တယ်၊ နောက်တော့ ဆရာတော်ကြီးတွေနဲ့ ရင်းနှီးအောင် ဝတ်ကြီး ဝတ်ငယ်တွေပြု၊ နေ့နေ့ညည ခြေဆုပ်လက် နယ် အနင်းအနှိပ်ပါ အားလုံးပြုပေးတယ်။ ဆရာတော်ကြီးတွေ သူ့စကားကို ဘယ်လိုမှ မငြင်းပယ်ရက်လောက် အောင်အထိ ရင်းနှီးလာတော့မှ သူ့ရဲ့ လိုရင်းကိစ္စကို လျှောက်ထားတော့တယ်။

   ဆရာတော်ကြီးများက ပထမတော့ သူ့စကားကို ငြင်းပယ်သေးတယ်၊ “ဝိနည်းဓိုရ်ခုံရုံး ရောက်လာတဲ့ အမှုကို အမှန်အတိုင်း မဆုံးဖြတ်လို့ မဖြစ်ဘူး” ဆိုပြီးတော့ပေါ့။ ဒီတော့ အဓမ္မဝါဒီကိုတော်က “ဒီလိုပြုခဲ့ရင် တပည့်တော်မှာ ဆောက်တည်ရာမရ ဖြစ်သွားရပါလိမ့်မယ်ဘုရား၊ တပည့်တော်ရဲ့ မကောင်းမှုဟာ တပည့်တော် ကံနဲ့ တပည့်တော်ရှိပါစေ၊ ဆရာတော်တို့လည်း အပြစ်မဖြစ်ရလေအောင် ဘယ်လိုမှ မဆုံးဖြတ်ဘဲ ကြားနေ တော်မူပေးရင် တော်ပါပြီ”ဆိုပြီး သနားလောက်အောင် ဟီးချ ငိုကြွေးလျှောက်ထားပါတော့တယ်။
(မင်းကွန်းဆရာတော် ဟောစဉ်-၂၁၁)

   ဒါနဲ့ နောက်ဆုံးတော့ ဆရာတော်ကြီးတွေလည်း အားနာပါးနာနဲ့ “ဒီအမှုကို ဆုံးဖြတ်မပေးပဲ ကြားနေ ပါတော့မယ်”လို့ ဝန်ခံလိုက်ရတော့တယ်။ အဲဒီခေတ်မှာ မုသာဝါဒကံဆိုတာ အောက်တန်းအကျဆုံး ဒုစရိုက် (မုသာဝါဒဿ ဇန္တုနော၊ နတ္တပါပံ  အကာရိယံ)ဖြစ်လို့ “ဆိုခဲစေ မြဲစေ” ဆိုတဲ့အတိုင်း ဝိနည်းဓိုရ် ဆရာတော်တို့ ရဲ့ စကားဟာ အတည်ဖြစ်တယ်လို့ အဓမ္မဝါဒီပုဂ္ဂိုလ်က သိလိုက်တယ်။

   သူ့လုပ်ဖွယ်ကိစ္စ အောင်မြင်ပြီဆိုတော့ အဓမ္မဝါဒီပုဂ္ဂိုလက သူ့အရပ်သူပြန်ပြီး ဓမ္မဝါဒီပုဂ္ဂိုလ်အပေါ် ရှေးကထက်ပိုပြီး မထီမဲ့မြင် နိုင်ထက် စီးနင်းလုပ်လာတယ်။ ဒါနဲ့ ဓမ္မဝါဒီပုဂ္ဂိုလ်က မနေသာဘဲ မြို့ကိုသွားပြီး စုံစမ်း ကြည့်တယ်၊ အဓမ္မဝါဒီပုဂ္ဂိုလ်ကလည်း နောက်တစ်နေ့မှာ မြို့ကို လိုက်သွားတယ်။

   မြို့ကိုရောက်လို့ အခြေအနေအားလုံးကို စုံစမ်းသိတဲ့အခါ ဝိနည်းဓိုရ်ဆရာတော်ကြီးများက အမှုကို လက်ခံစစ်ဆေးခြင်း မပြုတော့ဘူး၊ ဒီကိစ္စမှာ ကြားနေလိုက်တယ်ဆိုတဲ့ အကြောင်းသိရတော့တယ်။ ဒါနဲ့ အဓမ္မ ဝါဒီပုဂ္ဂိုလ်က ဓမ္မဝါဒီပုဂ္ဂိုလ်ကို “ကိုယ်တော့အမှုရှုံးပြီ၊ ဒီကနေ့ကစပြီး ကျောင်းပြန် မလာနဲ့”လို့ ခြိမ်းခြောက် ကြိမ်း မောင်းပြီး သူ့အရပ်သူ ပြန်သွားတယ်။

  ဓမ္မဝါဒီပုဂ္ဂိုလ်လေးကတော့ သူ့အရပ်သူလည်း မပြန်ဝံ့တော့ဘူးဆိုတော့ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကြီးတွေထံ ဝင်ပြီး နောက်ဆုံးလျှောက်ထားသွားတဲ့ စကားတွေဟာ ကြင်နာစရာ၊ ရင်နာစရာ အပြည့်နဲ့ပါပဲ။

   “အရှင်ဘုရားတို့ဟာ သာသနာကို မစောင့်ဘဲ ပုဂ္ဂိုလ်ကိုစောင့်ကြတယ်။ ဒီနေ့ကစပြီး အရှင်ဘုရားတို့ဟာ ဘယ်လိုကိစ္စမျိုးကိုမှ မဆုံးဖြတ် သင့်တော့ဘူး။ ခုအချိန်ကစပြီး ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူ သွားပါပြီ၊ ကဿပဘုရားရှင်ရဲ့ သာသနာတော်ဟာ ပျက်စီးခြင်းမလှ ပျက်စီးသွားပါပေါ့ဘုရား” တဲ့ အဲဒီလို ပြောဆိုငိုကြွေးမြည်တမ်းပြီး ကိုယ်တော်လေးလည်း ဦးတည်ရာကို တစ်ခါတည်း ထွက်သွားတော့တယ်။
(မင်းကွန်းတိပိဋကဓရဆရာတော် စောစဉ်-၂၁၅)

    ဟုတ်ပါတယ်။ သက်တော်ရှည်ဘုရားရှင်တို့ရဲ့ သာသနာမှာ နောက်ဆုံး ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ အမှန် တရားကို လက်မခံတော့ရင် သာသနာလည်း ပျက်သွားပါပြီ၊ သာသနာရဲ့အခြေခံဖြစ်တဲ့ ဝိနည်းကံ၊ သီလသိက္ခာ မရှိရင် ကျန်တဲ့သိက္ခာတွေလည်း တိုးတက် ဖြစ်ထွန်းခွင့် မရှိတော့ပါဘူး၊ ဒါကြောင့်လည်း ဓမ္မဝါဒီပုဂ္ဂိုလ်လေးက “ခုချိန်ကစပြီး ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီ”လို့ ငိုကြွေးမြည်တမ်း သွားတာပါ။

   ကိုယ်တော်လေး ထွက်သွားပြီးတဲ့နောက် ဝိနည်းဓိုရ်မထေရ်ကြီးတွေ နောင်တပူပန်ဖြစ်ပြီး၊ ညည်းညူ တဲ့စကားကလည်း သူတို့ရဲ့ သနားကမား ရွံစရာလုပ်ရပ်ကို အထင်းသား ဖော်ပြနေသလိုပါပဲ။

   “ငါတို့ဟာ ပုဂ္ဂိုလ်ကိုစောင့်ရှောက်လိုကြတဲ့အတွက် ဘုရားသာသနာဆိုတဲ့ ရတနာထုပ်ကြီးကို ချောက် ကမ်းပါးကြီးထဲ ပစ်ချမိကြပြီ”တဲ့။ မိမိအနေနဲ့သွားပြီး သတိရလေ့ရှိတယ်ဆိုတာ ဒီသံဝေဂ စကားကိုပါပဲ။

    ဒီလိုနဲ့ နောင်တပူပန်တွေ နှိပ်စက်ပြီး မဂ်ဖိုလ်တရားထူးလည်း အားထုတ်လို့ မရတော့ဘဲ သက်တမ်း ပြည့်တဲ့အခါ ပျံလွန်တော်မူကြတယ်။
အမှားနဲ့အမှန်ကို အဆုံးအဖြစ်ပေးရမည့် ပုဂ္ဂိုလ်က သိလျက်နဲ့ အမှန်ဘက်မှာ မရပ်တည်ဘဲ ကြားနေတယ်ဆိုတာ တကယ်တော့ အမှန်ကို မျက်ကွယ်ပြုပြီး အမှားဘက် လိုက်တာနဲ့ အတူတူပါပဲ။
   ဒါကြောင့်လည်း သီလနဲ့ ပတ်သက်လို့ တခြားညစ်နွမ်းမှုမရှိဘဲ အနှစ်နှစ်သောင်းနီးပါး ရဟန်းတရားအားထုတ်ခဲ့ကြပေမဲ့ အထက်သုဂတိဘုံတွေမှာ မဖြစ်ရဘဲ ဟေမဝတနဲ့ သာတာဂိရိဆိုတဲ့ နတ်ဘီလူး စစ်သူကြီးတွေ သွားဖြစ်ရတယ်။

   “ကောင်းမှု မကောင်းမှုတို့နဲ့ ပတ်သက်လို့ “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ဝေစုယူ” ဆိုတဲ့ အတိုင်း ဆရာတွေလုပ်သမျှကို စိတ်တူ ထောက်ခံခဲ့ကြတဲ့ နောက်လိုက်တပည့် ရဟန်းငါးရာစီတို့လည်း ဘာတရားထူးမှ မရကြဘဲ နောက်လိုက်နတ်ဘီလူး စစ်သည်တွေ ဖြစ်သွားကြရတယ်။

   ဒီဖြစ်ရပ်တွေကို ကြည့်ရင် အမှားနဲ့ အမှန်ဆိုတဲ့ ဘက်နှစ်ဘက်ရှိတဲ့ နေရာမျိုးမှာ အမှား၊အမှန်ကို ကွဲကွဲ ပြားပြား သိရှိပြီးရင် အမှန်ဘက်ကို ရဲရဲလိုက်ဖို့ လိုပါတယ်။ ဘက်မလိုက်ဘူး ကြားနေတယ်ဆိုတာဟာ မသိလို့ ရှိရင်တော့ ရပ်တည်ချက် မရှိသူ၊ တွေဝေသူလို့ပဲ ဆိုရမယ်။ သိလျက်နဲ့ဆိုရင်တော့ အမှန်ဘက် မလိုက်သူဟာ အမှားဘက် အလိုလို ရောက်သွားပြီ ဖြစ်ပါတယ်။

 ဒါကြောင့်လည်း ရှေးဆရာတော်ကြီးများက-
မှားမှန်အဖြစ် စိစစ်ရဲစေ၊
မှားအမှန် ဝေဖန်သိရဲစေ။
မှားမှန်ဝေခွဲ ပြောရဲကြစေ၊
အမှားလှန် အမှန်ကျင့်ရဲစေ။ လို့ ဆုံးမခဲ့တာပါ။

အမှန်တရားနဲ့ ပတ်သက်ရင် ရဲရဲ ဘက်လိုက်တတ်ကြပါစေလို့ ဆိုချင်တဲ့ သဘောပါ။
ဒီစာရဲ့ အစမှာပြောခဲ့တဲ့ “မဇ္ဈိမပဋိပဒါဆိုတာ ဘက်မလိုက်တဲ့ ကြားနေဝါဒလား”ဆိုတဲ့ပြဿနာကတော့ အထက်ပါဖြစ်ရပ်နဲ့ မတူပါဘူး၊ စဉ်းစားကြည့်ရင် လုံးဝခြားနားနေပါတယ်။

   မဇ္ဈိမပဋိပဒါမပေါ်မီ ရှိနေတဲ့ အစွန်းနှစ်ပါးဆိုတာ အမှားနဲ့အမှန်ဆိုတဲ့ ဘက်နှစ်ဘက် မဟုတ်ပါဘူး၊ ပြုမှုဆောင်ရွက်ပုံအရ အချင်းချင်း ဆန့်ကျင်ကြလို့သာ အစွန်းနှစ်ပါးလို့ ဆိုရပေမဲ့ ဘက်အနေနဲ့ ပြောရရင်တော့ ဓမ္မစကြာမှာ ပြဆိုထားတဲ့အတိုင်း “အနရိယော အနတ္ထ သံဟိတော= အရိယာတို့ လက်မခံတဲ့ အကျိုးမဲ့ လမ်းစဉ်”ချင်း အတူတူဖြစ်လို့ “အမှား”ဆိုတဲ့ ဘက်တစ်ဘက်တည်းသာ ဖြစ်ပါတယ်။ တစ်ဘက်တည်းသာ ဖြစ်တဲ့အတွက် “ကြား”ဆိုတာလည်း မရှိနိုင်တော့ပါဘူး။

   ဒါကြောင့်“မဇ္ဈိမပဋိပဒါ”ဆိုတာ နေစရာ “ကြား”လည်းမရှိ၊ လိုက်စရာ “ဘက်”လည်းမရှိဘဲ၊ သဗ္ဗညု ဘုရားရှင်တို့ ပွင့်ထွန်းတော်မူတဲ့အခါမှာသာ ဖော်ထုတ်ဟောကြားနိုင်တဲ့ လမ်းစဉ်မှန်ဖြစ်တယ်လို့သာ ဆိုရပါလိမ့် မယ်။

   ဒီလမ်းစဉ်ကို ကျင့်သုံးရာမှာ အာရုံငါးပါးကိုရော၊ ခန္ဓာကိုယ် အပင်ပန်းခံမှုကိုပါ လိုအပ်သလို အသုံးချနိုင် တယ်ဆိုတာနဲ့ ပတ်သက်ပြီး သဘောပေါက်နိုင်ဖို့အတွက် အာရုံတို့ရဲ့ အဆင့်သုံးဆင့်ကို နားလည်ဖို့ လိုမယ်ထင် ပါတယ်။

   ဘယ်လောကီအာရုံမှာမဆို အဿာဒလို့ခေါ်တဲ့ သာယာဖွယ်အဆင့် အာဒီနဝ လို့ခေါ်တဲ့ အပြစ်မကင်း (ချွတ်ယွင်းဖေါက်ပြန်)ခြင်းသဘောရှိတဲ့ အဆင့်၊ နိဿရဏ လို့ခေါ်တဲ့ လွတ်မြောက်မှုအဆင့်ဆိုပြီး သုံးမျိုးသုံး ဆင့်ရှိပါတယ်။ ဒီအဆင့်များဟာ တစ်ဆင့်ထက် တစ်ဆင့် နက်နဲသိခဲတဲ့ သဘောလည်း ရှိပါတယ်။

   ကာမသုခလ္လိကာနုယောဂ သမားများကတော့ အာရုံတို့ရဲ့ အာဒီနဝ ပိုင်းအထိ တိုးတက် သိမြင်လာတဲ့ အတွက် အာရုံခံစားမှု အားလုံးကို စွန့်လွှတ်ပြီး အစွန်းရောက်အောင် ခန္ဓာကိုယ်ကို ညှင်းပန်းကျင့်ကြံ ရုန်းကန်ရင်း သံသရာမှာ မျောနေကြသူများလို့ ဆိုရပါလိမ့်မယ်။

    မဇ္ဈိမပဋိပဒါလမ်းကို သဘောပေါက်သူများကတော့ အတွင်း အနှစ်ဖြစ်တဲ့ နိဿရဏအဆင့်အထိ နားလည်သဘောပေါက်ကြတဲ့အတွက် အဲဒီနိဿရဏအဆင့်အထိ ရောက်အောင် မဇ္ဈိမယာဉ်ကို လှော်ခတ်ရာမှာ အပေါ်ယံနှစ်ဆင့်တို့ကို လိုအပ်သလို အသုံးပြုကြတာပါ။ နိဿရဏဆိုတဲ့ အဆင့်အထိ ရည်မှန်းပြီး အသုံး ချတာဖြစ်လို့ အပေါ်ယံအဆင့်များနဲ့ ထိပေမယ့် မငြိဘူးလို့ ဆိုရတာပါ။ သြဃတရဏသုတ်မှာ ဟော တော်မူတဲ့ “မရပ်လည်း မရပ်၊ မကူးလည်းမကူးဘဲ၊ သြဃလေးပါးမှ လွတ်တယ်”ဆိုတဲ့ ပဟေဠိဆန်ဆန် တရားတော် အဓိပ္ပာယ်ဟာ ဒီသဘောကို ပြောလိုရင်းပါပဲ။

မဇ္ဈိမမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ရဲကြပါစေသော်….
  ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Monday, June 25, 2012

မွေ့လျော်ဖွယ်ရာ..မြေကမ္ဘာ အဖြစ်


 မွေ့လျော်ဖွယ်ရာ..မြေကမ္ဘာ အဖြစ်

ကျွန်မတို့ ဗုဒ္ဓ ဘာသာတွေသည် ဗုဒ္ဓဝါဒ အရ ဘဝ ကိုတည်ဆောက်ကြရပါတယ်..။*ထီး* အဖြစ်တည်ဆောက် ရတာမဟုတ် ဘူး။ *ငြမ်း* အဖြစ်သာတည်ဆောက်ရခြင်းဖြစ်ပါတယ်..။ငြမ်းကို ဘယ်လိုပင် ခိုင်မာအောင်..လှပအောင် တည်ဆောက် ရစေပေမဲ့ တစ်ခုသောတစ်နေ့ ငြမ်းရဲ့ ကိစ္စ ပြီးဆုံး ပါက ထို ငြမ်းကိုမလွဲမသွေဖျက်သိမ်း ရမှာပါပဲ..။
အခြားသော ဝါဒ များ အရကတော့ ဘဝကို *ထီး*အဖြစ်တည်ဆောက် ခြင်းဖြစ်ပါတယ်..။ 

ဘဝကို ထီး အဖြစ်တည်ဆောက်နေသမျှ ကာလပတ်လုံး လူတွေဟာ သံသရာမှ မလွတ်တော့ပဲ သံသရာဝဲ ဂယက်မှာ နစ်တစ်ခါ ပေါ်တစ်လှည့် မျော နေရပါလိမ့်ဦးမယ်..။အဲလို မျောနေသမျှ ကာလပတ်လုံး*စံ တစ်ခါ..ခံတစ်လှည့်*ဖြင့် သောက ကိုရင်မှာပိုက်ပြီး သံသရာခရီး သည် ရှည်လျားထွေပြား မနေမနား သွားရပါတော့မယ်..။
လူချမ်းသာ ၊နတ်ချမ်းသာ ဗြဟ္မာ ချမ်းသာဆိုတဲ့ဘဝ လှလှ တွေတည်ဆောက်မယ်..ချမ်းသာတွေ ခံစားမယ်ဆို တာကလည်း ရည်မှန်းချက် ပန်းတိုင်မဟုတ်ပါဘူး။ အဲဒီ ဘဝချမ်းသာတွေ ကို ငြမ်း လို အသုံးပြုပြီး အထွဋ်အထိပ်ရောက်စေလျက် ဘဝကို စွန့်ခွာ ကာ လွတ်မြောက်မှုကို ရယူ ဆုပ်ကိုင်နိုင်ရေးသည်သာ ဘဝ ပန်းတိုင်ဖြစ်ပါ.တယ်.။

တစ်ခါ တစ်ခါ..ဗုဒ္ဓ ဘာသာ ထွန်းကားတဲ့ ကျွန်မ တို့မြန်မာ နိုင်ငံကြီးမှာ လူအများ စုဟာ ဆင်းရဲ ကြတယ်..။ အချိန်ပြည့်လို လို စားဝတ်နေရေးကို ရုန်းကန် ကြရပါတယ်..။ အမြင့်တက်ဘို့ ငြမ်း ဆိုတာကို မတည် ဆောက်နိုင်ကြပဲအောက်ခြေ မှာ ပဲမျောကြမြုပ်ကြ ရသလို ရှိပါတယ်..။
*မြန်မာ က တရားရိပ်သာတွေဆိုတာက ချမ်းသာကြွယ်ဝ တဲ့ သူတွေရဲ့ အပန်းဖြေ စခန်းတစ်ခု လိုပါ *လို့ ပြောဘူး ခဲ့တာ မြန်မာ ရဟန်းတော် တစ်ပါးဖြစ်တဲ့ ဘုန်းဘုန်းဓမ္မဂင်္ဂါ ဖြစ် ပါတယ်.။ဒီစကား ကမှန်ပါတယ် ။ သေချာသုံးသပ်ဘို့လိုအပ် ပြီး အဖြေ မထုတ်ပေးထားတဲ့ပုစ္ဆာ တစ်ပုဒ်လိုတော့ ဖြစ်နေပါသေးတယ်..။
အဲဒီ ပုစ္ဆာ ရဲ့ အဖြေ ကို တစ်နေ့နေ့မှာ ထုတ် ဖေါ် ပါလိမ့်မယ်ဆိုတာကျွန်မ ယုံကြည်နေပါတယ်။ လူမှုပတ်ဝန်းကျင် ရဲ့ ခံစားနေ ရတဲ့ ပြဿနာ ကိုဖြေရှင်းနိုင်တဲ့ထွက်ပေါက်နဲ့ စနစ်သစ်ရဟန်းတစ်ပါး ရဲ့ တာဝန်တွေကို ဘုန်းဘုန်းက အလွန်သိနားလည်ပါတယ်..။ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ လူမှုစံနစ်ရဲ့ အားနည်းချက် တွေ လိုအပ်ချက်တွေကို သေချာထောက်ပြ နိုင်ပြီးတက်ကြွစွာစွမ်းဆောင်နိုင်မဲ့ ရဟန်းတစ်ပါး အဖြစ်မျှော်လင့်မိတာပါပဲ။

စာရေးကောင်းတယ် ဆိုတာထက် ဗုဒ္ဓဘာသာနိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေမှုစနစ်ကို ကယ်တင်လို တဲ့ အတွေးအခေါ် တွေ၊ နည်းလမ်းတွေ ထွက်ပေါ်လာတတ်လို့ ကြည်ညိုမိတာ ဖြစ်ပါတယ်။
ဆင်းရဲတဲ့သူတွေ ဘာကြောင့် တရားစခန်းရိပ်သာ တွေမရောက်သလဲ..အကြောင်း တစ်ခုခုတော့ ရှိမှာပါ..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကြီး က ပြောဘူးပါတယ်..။ မဂ်ဥာဏ် ဖိုလ် ဥာဏ် နဲ့ လက်လှမ်း မီနိုင်တဲ့အနေအထား၊ ဝိပဿနာ တရားတွေ နာယူ ရတယ် ဆိုတာ ကုသိုလ် ကံ ဆိုတာ က အကျိုးပေးခြင်း ရဲ့ အမြင့်ဆုံး အနေအထား အထွဋ်အထိပ် ကို ပို့ဆောင်ပေး လိုက်တာပါတဲ့..။အဲဒီအခြေအနေကို ငြမ်းလို အသုံးချ တတ်ဘို့လိုအပ်ပါတယ်..။

ကံ ကံ၊ ရဲ့အကျိုးပေးကို နားလည်နေတဲ့ ဘုန်းဘုန်းကတော့ ပြစ်မှားကံ တွေ အကုသိုလ် ကံတွေ ကျေပျောက်အောင် သစ္စာ လေးပါး တရားမဟော ခင်မှာ ခင်ပွန်းကြီး ၁၀-ပါး ကန်တော့ခန်းလေးကို ထည့်ထားပေးလျက် သစ္စာတရားကို လက်လှမ်းမီစေခဲ့ပါတယ်..။
ပြစ်မှားကံများ နှင့် ပြုမိမှားခဲ့သော အကုသိုလ် တရားများက သစ္စာ တရား နှင့်ဝေးစေခဲ့သည်မဟုတ်ပါလား။
ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ အရာရာကို ပုဂ္ဂိုလ် သတ္တဝါ ခွာပြီး သဘော တရားနဲ့ တရားသဘောသက်သက်ကို သာကြည့်တတ် သုံးသပ်ခဲ့ဘူးပါတယ်..။ အားကိုးမှီခိုရာ ရတနာ သုံးပါး မှာ သံဃာ ရတနာ ပါတယ်မဟုတ်လား တဲ့။ အားကိုးတယ် ဆိုတာကလည်း *ဆင်းရဲကင်းပျောက်၊ ချမ်းသာရောက် အောင်*စောင့်ရှောက် ပေးတတ်သောသဘောရှိလို့ အားကိုးရာလို့ဆိုသည်မဟုတ်ပါလား။ နောက်ဆုံး လုံးဝ ဆင်းရဲကုန်ရာနိဗ္ဗာန် သို့ပင်ပို့ဆောင် ပေးနိုင်ရမည် မှသာ *ရတနာ *မည်ပါလိမ့်မယ်..။

ဒီတော့ သံဃာ ရတနာတွေကသတ္တဝါတွေ ရဲ့ ဆင်းရဲခြင်း ကို ကင်းပျောက်အောင် မကယ်တင်နိုင် မစောင့်ရှောက် နိုင် မှတော့ လူတွေဗေဒင်ဆရာဆီသွားကြတာ..ကိုးကွယ်မှားကာဘိုးတော်တွေ မယ်တော်တွေဆီကို…သွားကြတာ သွားသင့်တယ်တဲ့..။ ဆင်းရဲကင်း ပျောက်ကာချမ်းသာလို ကြတာကိုး။ ချမ်းသာ စေတဲ့နည်းကို သံဃာ ရတနာတွေ က လမ်းညွှန်မယ်ဆိုရင်တော့ ဗေဒင်ဆရာဆီ သွားကြမှာမဟုတ်ပါဘူး။
လူတွေကို အပြစ်မတင်ခဲ့ပါ..။ သံဃာ တိုင်းသည် အားကိုးဘွယ်ရာဖြစ်အောင် လမ်းပြရှေ့ဆောင် ဖြစ်ရပါမည်တဲ့။ တကယ်တော့ ဗုဒ္ဓစာပေ တွေရဲ့ ပါရမီ -၁၀-ပါး ကျင့်စဉ်တွေဟာ ငြမ်း အဖြစ်တည်ဆောက်ခဲ့ တဲ့ ဘဝတွေပါ..။ ဘဝအရည်အသွေး မြင့်မားစေတဲ့နည်းလမ်းတွေပါ။ ပါရမီ ပြည့်ဝသော ဘဝမှာတော့ အားလုံးကို စွန့်ခွာထားခဲ့ပါတော့တယ်..။

ဘုန်းဘုန်းက တပည့် ဒါယိကာ ဒါယိကာမ အပေါင်းကို တရားတော် နဲ့ အညီ ဆင်းရဲကင်းအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ယောဂီသစ်တွေ ရဲ့စခန်းပွဲတိုင်းလိုလိုမှာသင်ကြားပေးခဲ့ပါတယ်..။ ဒါန အစဖြာသော (၁၀) ပါးသောပါရမီ ကျင့်စဉ် များသည် ခိုင်ခန့် လှပသောငြမ်း တည်ဆောက်ခြင်းပင် မဟုတ်ပါလော။
လူတွေမှားတယ်ဆိုတာ မသိလို့ မှားကြတာပါ။ သိအောင်ပြောပေးရမယ်။ နားလည်အောင်ပြောပေးရမယ်… ကျင့်ကြံ လိုက်နာအောင် ပြောပေးရမယ်ဆို တာ တွေအတွက် တရားဟောပုဂ္ဂိုလ် တာဝန်ကျေဘို့ လိုတယ်ဆိုတာ ဘုန်းဘုန်းက အမြဲညည်းညူလေ့ရှိပါတယ်။ တကယ်တော့ ဒီစကား ဟာ ဘုန်းဘုန်းက ကိုယ့်ကိုကို ပြန်ဆုံးမတဲ့စကားပါ..။

တစ်ခါ က သင်္ကြန် တွင်းမှာ ဘုန်းဘုန်း ဆွမ်းစား ရာကအပြန်မှာ ဘုန်းဘုန်းစီးလာတဲ့ကားကို အမျိုးသမီးလေးငယ်လေးတယောက်က တားပါတယ် ။ မလုံ့တလုံ အဝတ်အစားနဲ အရက်ကလည်း မူးနေ ပါသေးတယ်..။ ဒီလို မြင်ခဲ့ရတာတောင် ဘုန်းဘုန်းကဘယ်သူ့ မှ အပြစ်တင်စကားမဆိုပါဘူး။ *တို့ညံ့လို့ လိမ္မာ အောင် ဆုံးမ ရမဲ့တာ ဝန်တွေ လိုအပ် နေသေး လို့ပဲ* လို့ ညည်းရှာပါတယ်..။
နောက်တော့ သင်္ကြန် တွင်း စခန်းပွဲ တိုင်းမှာ ကျွန်မတို့ လူငယ်လေးများ သာလက်ခံပေး ပါတယ်..။လူကြီး တွေကသင်္ကြန် မှာ လိမ္မာ အောင် နေတတ်တယ် ကလေးတွေ အပြင်ဘက် မရောက်စေနဲ့ တတ်နိုင်သမျှ လက်ခံလို့ မိန့်တော်မူပါတယ်..။

တစ်ခါ က ကင်ဆာရောဂါသည် လင်သားရယ် အသက်ကြီးကာမှ စိတ်မူမမှန်ဖြစ်လာတဲ့ သား ရယ်နဲ့ အသက်ကြီးကာမှ အခက်တွေ့နေတဲ့ကျွန်မ ရဲ့ ငယ်ဆရာမ တယောက်ကကျွန်မကို ခေါ်ပြောဘူးပါတယ်..။
ဆရာတော်ဘုရားကို အိမ်ကို ပင့်ပြီးအန္တရာယ်ကင်းပရိတ်လေး ရွတ်ချင်တယ်..။ ဘုန်းကြီး ပင့်ဆွမ်းကျွေး လောက်ရအောင် တာဝန်တွေကိုလည်း မလုပ်နိုင်ရှာပါဘူး။ ကျွန်မကို သမီးရယ် ဆရာတော်က နာမည် ကြီးဆိုတော့ ကြွပါ့မလားတဲ့..။ ကျွန်မ က ရအောင် ပင့် ပေးပါ့မယ် ရဲရဲ အာမခံခဲ့ပါတယ်..။ ဆရာမ ရေ.. ကြွလာမဲ့ ရက်လောက်သာညှိရမှာပါ လို့ သေသေချာချာ ပြောခဲ့ပါတယ်။ ဝေနေယျတွေ ဆင်းရဲကင်းပျောက် ချမ်းသာရောက် စေရေး ဆိုတဲ့မူကို လက်ကိုင်ထား ပြီး ဆင်းရဲချမ်းသာမရွေး ကြွရောက်ဆုံးမသွန်သင် ပေး တတ်တဲ့ ဆရာတော်ဘုရားရဲ့ စိတ်ထားကို သိနေလို့ပါ..။

ဆရာတော် ဘုရား က ကျွန်မ လျှောက်ထားတာကို သေချာ နားထောင်ပြီး တရားစခန်းပွဲ တစ်ခု ရဲ့ ခင်ပွန်းကြီး ၁၀ ပါးကန်တော့ပွဲအပြီး ည တစ်ခုကို ကျွန်မအားစောင့်နေခိုင်းပါတယ်..။ အဲဒီနေ့တွေဆို ညနေ ၅နာရီကစပြီး ၃နာရီလောက်ကြအောင် ဘုန်းဘုန်းမှာ တရားဟောရပါတယ်..။ ည၈နာရီလောက်မှ သိမ်း ပါတယ်..။ တခြား နေ့တွေဆိုရင်တော့ ညတရားပွဲ နဲ့ ဆိုတော့ ည၉နာရီလောက်မှ ပြီးတာပါ..။ ၈နာရီ ခင်ပွန်းကြီး ၁၀ ပါး ကန်တော့ပွဲ ပြီးပြီးချင်း ဘုန်းဘုန်းက အနားမယူပဲ ကိုယ့် ကားနဲ့ကိုယ် တိုးကြောင်လေးကနေ ကြည့်မြင်တိုင်ကို ကြွပေးတော်မူပါတယ်..။ ဆရာမ ရဲ့ အိမ်ရောက်တော့ ည၉နာရီထိုးနေခဲ့ပါပြီ..။
ကာယကံရှင်ဝန်မတက်စေတဲ့ ကပ်လှူ မှုမျိုးကိုသာ ဘုန်းဘုန်းကလက်ခံခဲ့ပါတယ်..။ ဆရာမ က အအေး လောက်သာ ကပ်စရာလိုပါတယ်.။ ဘုန်းဘုန်း ကတစ် နေကုန် ပင်ပန်းနေ ပေမဲ့ ရဟန်းတစ်ပါး ဆောင်ရွက်ရမဲ့ကိစ္စ အားလုံး ကို တည်တည်ညိမ်ညိမ် ထက်ထက်သန်သန် ဆောင်ရွက်စေလျက် အားကိုးမှီခို ရာ အဖြစ်ရပ်တည်ပေးခဲ့ပါတယ်..။

ဆရာတော် ဘုရား အမေရိကန် ကိုကြွရောက်စဉ်မှာ တစ်ချို့ ပြည်နယ်တွေကအလှမ်းကွာ ဝေး ပြီး တရားနာသူ လင်မယားနှစ်ဦးသာ ရှိတဲ့ ဝေးလံတဲ့ အရပ်ကို ဆရာတော်ကြွ ရောက်ပေးပါတယ်..။ ကျွတ်ထိုက် တဲ့သူ ရှိတဲ့ နေရာဆို ဘယ်လောက်ဝေးဝေး ကြွရောက်ပေး တဲ့ ဘုရားရှင်ရဲ့လမ်းစဉ် ကို လိုက်နာခဲ့တာပါ။
ဒါကတော့ ကျွန်မ သိဘူးတဲ့ သံဃာ ရတနာတွေပေါ့လေ..ကျွန်မ မသိမကြုံသေးတဲ့ သီတဂူဆရာတော်ဘုရားတို့လို၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ တို့လို..မေတ္တာရှင်ရွှေပြည်သာ ဆရာတော်တို့လို…သံဃာရတနာတွေ ရဲ့ စွမ်းဆောင်ချက် တွေ..ဆရာတော်တွေများ စွာရှိပါတယ် ။လူမှုရေး သူရဲကောင်း ဦးကျော်သူ တို့လိုလူတွေ၊ ပညာရှင်တွေဘက်ကလည်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်တို့လို ဆရာမဂျူး တို့ ဆရာမသန်းမြင့်အောင်တို့လို လူတွေ များစွာ ရှိကြပါတယ်..။
သူလို ငါလို အဆင့်ထက်ကျော်လွန်အောင်စွမ်းဆောင်နိုင်ကြတဲ့သူတွေက* ပါရမီရှင် * တွေလို့ခေါ်ကြပါတယ်။ ပါရမီ ဆိုတာက အများကောင်းစားရေးအတွက် မိမိ ဘဝကို စတေး တာပါပဲ။ အရာရာတိုင်းမှာ အများအတွက် မိမိ ဘဝကို စတေးတာ ဖြစ်ပါတယ်။

နိုင်ငံဖြစ်စေ..လူမျိုးဖြစ်စေ… နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာ ခံနိုင်သူများ ၊ ဘဝကိုစတေးနိုင်သူများ ပေါများလာလေ အဲဒီနိုင်ငံ..အဲဒီလူမျိုးတွေ တို့ ဟာ ကမ္ဘာမှာ ထိပ်တန်း နိုင်ငံ၊ထိပ်တန်းလူမျိုး ဖြစ်မှာအသေအချာပါပဲ။
ထိပ်တန်း ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုထိပ်တန်းကို ဆိုလိုတာ မဟုတ်။
အတတ်ပညာ ပိုင်းဆိုင်ရာပြည့်စုံမှုထိပ်တန်းကိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။
ကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာပြည့်စုံမှုထိပ်တန်း ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။
အမှန်အားဖြင့် ရင့်ကျက်မှု အမြင်သာရှိခဲ့ပါလျှင်..ရုပ်ပိုင်း ဆိုင်ရာ ပြည့်စုံမှုတွေ ကလည်းမြတ်နိုးဘွယ်မဟုတ်။
အတတ်ပညာပိုင်းဆိုင်ရာပြည့်စုံမှုတွေကလည်း မြတ်နိုးဘွယ် မဟုတ်ပါ။
တကယ်တမ်း မြတ်နိုးဘွယ် ကား *ကိုယ်ကျင့်သိက္ခာ နှင့် ပြည့်စုံမှု* သာဖြစ်ပါတယ်။
ကျွန်မတို့သည်လည်း စွန့်လွှတ်နိုင်မှု တစ်ခုခုနဲ့ တစ်နေရာရာ က ပါဝင်ရပါလိမ့်မယ်..။ ကျွန်မ တစ်ခါက ကိုးကားခဲ့ဘူးတဲ့ မှတ်သားဖွယ်ရာ *ဓမ္မပဒ* ထဲက စာပိုဒ် ကလေး ကို ပြန်လည်ဖေါ်ပြချင်ပါတယ်..။

*ဂါမေ ဝါ ယဒိ ဝါ ရညေ ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတၳ အရဟေႏၱာ ဝိဟရႏၱိ ၊ တံဘူမိ ရာမေဏယ်ကံ။*
(ဓမၼပဒ ဂါထာ-၉၈)
*ဒေသ တစ်ခု သည် (ရွာ) ဖြစ်ချင်ဖြစ်မည်။ (တော) ဖြစ်ချင်ဖြစ်မည်။(ချိုင့်ဝှမ်း) ဖြစ်ချင်ဖြစ်မည်။ (ကြည်းကုန်း) ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် မည်သို့ပင် ဖြစ်စေ သူတော်စင်များနေထိုင်ရာဖြစ်ရိုး မှန်ပါက ထိုနေရာထိုဒေသသည် ကမ္ဘာပေါ်၌ မွေ့လျော် ဘွယ်အကောင်း ဆုံး ဖြစ် ၏ * လို့ အဓိပ္ပါယ်ရပါတယ်..။

ကျွန်မတို့ အားလုံးချစ်တဲ့အမိမြေ ဟာ ရုပ်ပိုင်းဆိုင်ရာတွေ၊ အတတ်ပညာဆိုင်ရာတွေ ချို့ တဲ့ချင်ချို့တဲ့နေပါလိမ့်မယ်.. ။ မွေ့လျော်ဖွယ် ခိုနားရာလေးဖြစ်ဘို့ ကတော့ စွန့်လွှတ်ပေး ဆပ်လိုကြ သူတွေ..များသထက် များ ကာ ပေါများလာစေချင်လှ ပါတယ်..။
ကျွန်မကိုယ်ကျွန်မ ကိုတော့ နေ့စဉ်လိုလို အသေအချာ ဆုံးမ နေမိပါတော့တယ်..။ ငြမ်းလို တည်ဆောက်ကြမဲ့ ဘဝ အတွက်ပေါ့။

မေတ္တာဖြင့်-သစ္စာအလင်း
မှတ်ချက်။ ဆရာကြီး ဦးရွှေအောင်ရေးသား သော *ဗုဒ္ဓ လောကသားတို့ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓဝင်)* စာမျက်နှာ-၁၉-၂၁ မှ အတွေးအခေါ်ကို အားယူကိုးကားရေးသားအပ်ပါတယ်။

Sunday, June 24, 2012

“ကိုးကွယ်တယ်ဆိုတာ ဘာလဲ ”


“ကိုးကွယ်တယ်ဆိုတာ ဘာလဲ ”

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။
‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။
အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။
‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။
သရဏဆိုတာ
‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။
‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။
‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။
ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။
ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။

ဗုဒ္ဓသရဏဂုံ
မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။
ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။

ဓမ္မသရဏဂုံ
တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။
အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။
လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။
အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။

သံဃသရဏဂုံ
သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။
 ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။
ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။
ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။
နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။
သရဏဂမန = သရဏဂုံ
သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။
ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။
ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။
အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။
ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။
တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။
တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။

သမ္မာဒိဋ္ဌိ
ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။
ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။
သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။
အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။
သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။
နားလည်မှုပါမှ သရဏဂုံ စစ်
ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။
ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။
‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။
မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။
ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။
မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။
ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။
အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။
ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။
ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။
အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။
မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?
မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။
ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ
တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။
မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။
တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။
ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။
တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။
ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။

(ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှပြန်လည်ကူးယူ
မျှဝေပါသည်)
ချမ်းသာကြပါစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလာ..
(ည.ည.တ)

Saturday, June 23, 2012

မိဘ နှင့်သားသမီး ကြားက ငွေရေး ကြေးရေး ကိစ္စ



                                   
                                   မိဘ နှင့်သားသမီး ကြားက ငွေရေး ကြေးရေး ကိစ္စ

မိဘ ဆိုတာ သတ္တဝါ တိုင်းလိုလိုမှာ ရှိကြပေမယ့် မိဘက သားသမီး အတွက် တာဝန်ယူ၊ ပြုစု၊ သင်ကြားပေးတတ် တာတွေ ကိုတော့ လူအပါအဝင် တချို့ သတ္တဝါ တွေမှာပဲ တွေ့ရ တတ်ပါတယ်။ ဒီလိုတာဝန်ယူ၊ ပြုစု၊သင်ကြားပေး တတ်တဲ့ အထဲကမှ ကာလအပိုင်း အခြားတစ်ခုရောက်ရင်တော့ တာဝန် တွေရပ်ပြီး သားခွဲတတ်ကြတာ ဓမ္မတာ ပါ။ သားမခွဲဘဲ တစ်သက်လုံးတာဝန် ယူတတ်တာတော့ "လူ" သတ္တဝါပဲ ရှိမယ်ထင်ပါတယ်။


ဒီတော့ မိဘနဲ့ သားသမီး ရေရှည်ဆက်ဆံရေးကို တည်ဆောက်ကြရပါတယ်။ အဲဒီ ရေရှည် ဆက်ဆံရေး တွေထဲကမှငွေရေး ကြေးရေးနဲ့ ပတ်သက်တာတွေကို ဒီ ဆောင်းပါးမှာ ဆက်လက်ဆွေးနွေး သွားပါ့မယ်။ ရေရှည်ဆက်ဆံရေးဆိုတဲ့အတိုင်း တကယ့်ကို ရှည်ပါတယ်။
 
မိဘ ဒါမှ မဟုတ် သားသမီးတစ်ဦးဦး မဆုံးပါး မချင်း ဒီဆက်ဆံရေးက တည်ရှိနေမှာ ပါ။ ဆက်ဆံရေးပုံစံကလည်း ကာလ အပိုင်းအခြားကိုလိုက်ပြီး ပြောင်းလဲနေ တတ်ပါတယ်။ ပြောင်းလဲရမယ့် ဆက် ဆံရေးကို ဂရုမထားမိဘဲ မိဘဘက်က ဖြစ်ဖြစ်၊ သားသမီးဘက်ကဖြစ်ဖြစ်၊ နှစ်ဖက်စလုံးကဖြစ်ဖြစ် ပျက်ကွက် ခဲ့ရင် ဆက်ဆံရေးမှာ အဖု အထစ်တွေဖြစ်လာတော့တာ ပါပဲ။ ဆက်ဆံရေးပုံစံ ပြောင်း လဲရတတ်တဲ့ ကာလတွေ ကို သားသမီးတွေရဲ့ အသက်ပေါ်မူတည်ပြီး ၄ ပိုင်းလောက်ပိုင်းလို့ရပါ တယ်။
 
အသက် ၁၂ နှစ်အောက် ကလေး အရွယ်ကာလ၊ ၁၂ နှစ်မှ ၁၈ နှစ်အထိ လူငယ်အစပိုင်းကာလ၊ ၁၈ နှစ်နဲ့ ၂၅ နှစ် ကြား လူငယ်ဘဝ အဆုံးပိုင်းကာလနဲ့ အသက် ၂၅ နှစ်အထက် လူကြီးပိုင်း ကာလဆိုပြီး ခွဲခြားထားလို့ရပါတယ်။ အသက် ၁၂ နှစ်အောက် ကလေးအရွယ်မှာ ဖြစ်တတ်တာက ၂ ခုပဲရှိပါတယ်။ ကလေးကို သိပ်ချစ်လို့ ဆိုပြီး ပူဆာသမျှ မရှိရှိတာနဲ့ ကြံဖန်ပြီး ဝယ်ပေး၊ အလိုလိုက်တာမျိုးရယ်။ နောက်တစ်မျိုးကတော့ ကျောင်းထား ပေးရင်၊ အစာကျွေးပေးရင် တာဝန် ကျေပြီပဲ၊ တခြားဘာမှမလိုပါဘူးဆိုပြီး ပစ်ထားတတ်တာမျိုးပါ။
 
မိဘတွေရဲ့ ငွေကြေးချမ်းသာမှု အဆင့်အတန်းက အမျိုးမျိုးရှိနိုင်တော့ ဘယ်လောက်ဖိုး ဝယ်ပေးသင့်တယ်၊ ဘယ်လောက် တော့ မကျော်သင့်ဘူးဆိုပြီး မပြောနိုင် ပေမယ့်မူလတန်းကလေးတစ်ယောက် ကို မုန့်ဖိုးတစ်နေ့ ၅၀ဝ၀-၁၀ဝ၀ဝ ပေးနေတာမျိုးကတော့ ဒီကနေ့ မြန်မာပြည် စံနှုန်းနဲ့ဆိုရင် ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်နေမယ်ထင် ပါတယ်။ ကျောင်းမှာ သူများတွေ ဝယ်စားနေတာကို ငေးကြည့်နေရတာ မျိုးလည်း မဖြစ်စေချင်ပါဘူး။
 
တကယ့် ကို မတတ်နိုင်လို့ မပေးနိုင်တာဆိုရင် လည်း အကျိုးအကြောင်း သေသေချာ ချာရှင်းပြပြီး ကိုယ်တတ်နိုင်သလောက် ပေးရင် ဒီခေတ်ကလေးတွေကနားမဝေး တတ်ကြပါဘူး။ တစ်ခုရှိတာက ကလေးကိုတော့ ခြိုးခြံခိုင်းပြီး ကိုယ် ကိုယ်တိုင်က သောက်စား၊ သုံးဖြုန်း နေရင်တော့ နားမဝေးပေမယ့် နား မဝင်နိုင်ပါဘူးဆိုတာပါပဲ။ တတ်နိုင်တဲ့ မိဘတွေ၊ ဆွေမျိုး တွေရှိလို့ ကလေးတွေဆီမှာ မုန့်ဖိုး တွေ များနေရင်လည်း ကလေးကို သိမ်းခိုင်းထားတာထက် မိဘက စာရင်း လုပ်ပြီး သိမ်းထားပေး၊ ဖြစ်နိုင်ရင် လစဉ်အတိုးသဘောမျိုး နည်းနည်း ပါးပါးထပ်ဆောင်းပေး၊ သူဝယ်ချင် တာရှိရင်လည်း အဲဒီထဲက အချိုးအစား နည်းနည်းပဲဖြစ်ဖြစ် စိုက်ပြီးဝယ်ခိုင်း၊ ဒါဆိုရင် ငွေရဲ့အတိုးအပွားသဘော သဘာဝကိုပါ သင်ပေးပြီးသား ဖြစ် သွားပါမယ်။ ဘဏ်မှာအပ်ထားပေး တာမျိုးအထိ အဆင်ပြေရင်တော့ ပို ကောင်းတာပေါ့။ ကလေးလက်ထဲမှာ ပိုက်ဆံများများ မထားတော့ အလွယ် တကူမပျောက်ဘူး၊ မသုံးမိဘူး။ အိမ်မှာ ရှိတဲ့ တခြားသူတွေလည်း တာဝန်ပေါ့ တယ်။
 
တော်ကြာ ကလေးပိုက်ဆံ ပျောက်တာနဲ့ အိမ်ဖော်လေး အရိုက် ခံရတာ ဖြစ်နေပါဦးမယ်။ နောက်တစ်ပိုင်း ၁၂ နှစ်ကနေ ၁၈ နှစ်ကြား ကာလကတော့ အခက် ခဲဆုံးကာလပါပဲ။ ကလေးလိုလည်း ဆက်ဆံလို့မရ၊ လူကြီးလိုလည်း တာဝန်မယူချင်တဲ့ ကာလပါ။ လှချင်၊ ပချင်၊ြွကားချင်၊ ဝါချင်တဲ့ စိတ်လေး တွေကလည်း ပေါ်။ အပြိုင်အဆိုင် ကလည်း များ။ လူပျိုပေါက်၊ အပျို ပေါက်။ ဇီးကွက်လို မျက်စိပြူးအောင် ရှာရတဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ ဆိုပိုဆိုးသေး။ ဘဝရဲ့အစ တက္ကသိုလ တွေ စဝင်ဖို့၊ လိုင်းခွဲဖို့ကလည်း ဒီ ကာလမှာ။ အဲဒီမှာ မိဘနဲ့ သားသမီး အားပြိုင်ကြတော့တာပါပဲ။ တွေ့ဖူးတဲ့ ဥပမာတစ်ခုပြောပါ မယ်။ သား ၁၀ တန်းဖြေမယ့်နှစ်မှာ မိဘကို ပူဆာတာက iphone ဝယ် ပေးရမယ်။ တစ်လ ၆ သိန်းတန် ဘော်ဒါထားပေးရမယ်တဲ့။ မိဘက ဘယ်လောက်တတ်နိုင်လဲ။ တတ်နိုင် တယ်ထားဦး ရလာတဲ့ iphone နဲ့ အလုပ်ရှုပ်နေပြီး ကျောင်းစာမှာ ပျက် ကွက်ရင်ကော၊ ဒီလိုပါပဲ။
 
သူငယ်ချင်း တွေကို အားကျပြီး မွေးနေ့ကို ဟို တယ်မှာ တက်လုပ်ပေးကာ တစ်ည တည်းနဲ့ ၁၅ သိန်းအကုန်ခံလိုက်ရင် မိဘတာဝန်ကျေသွားပြီလား။ သေချာ တာကတော့ နောက်နှစ်မွေးနေ့မှာ ၂၅ သိန်းကုန်ဖို့ မှန်းထားရပါမယ်။ ဒီကိစ္စမျိုးကို ဖြေရှင်းတဲ့နည်းက လွယ်လွယ်လေးပါ။ မိဘနဲ့ သားသမီး အားမပြိုင်ကြပါနဲ့။ မိဘက ငါငွေကုန် ခံထားတယ်၊ နင့်ဘက်က တာဝန် ကျေဖို့ကြိုးစား ဆိုတာမျိုး သဘော မထားနဲ့။ သားသမီးဘက်ကလည်း အမေတို့က ဒီလောက်ပဲပေးတာ၊ သူငယ်ချင်းတွေဆိုရင် ဒီလောက်သုံး တာ၊ သူတို့လို ပေးနိုင်လို့လားဆိုပြီး မဆိုးပါနဲ့။ ပြောရရင် ကိုယ့်မိသားစု တစ်လဝင်ငွေရဲ့ ဘယ်အချိုးအစားကို သားသမီးအတွက် သုံးနေပြီလဲဆိုတာ ပြန်စဉ်းစားပါ။ မိသားစုဝင်ငွေက ၁၀ဝ ရှိတယ်ဆိုရင် လုပ်ငန်းအတွက် ပြန် ရင်းနှီးဖို့ကို ၂၅၊ အိမ်အသုံးစရိတ်က ၅၀၊ လှူဒါန်းဖို့က ၁၀၊ စုဆောင်းတာ က ၁၀၊ တခြားအထွေထွေကိစ္စတွေ အတွက်က ၅ ဆိုပြီး ရှိတယ်ဆိုပါ တော့။ အိမ်အသုံးစရိတ် ၅၀ ထဲကမှ ၂၅ က သားသမီးအတွက်ဖြစ်နေရင် စဉ်းစားရပါပြီ။
 
အဲဒီ ၂၅ ချိုးထဲမှာ တကယ်ကုန်တာက ကျူရှင်ဖိုး၊ ကျောင်း လခ။ တစ်နည်း ပညာရေးအတွက် ရင်းနှီးတာဆိုရင်တော့ ရင်းနှီးသင့်ပါ တယ်။ ဒါမှမဟုတ် Iphone ကိစ္စ၊ သူ့လက်ကိုင်ဖုန်းအတွက် မြန်မာ့ ဆက်သွယ်ရေးကို လစဉ်ပေးနေရ တာဆိုရင်၊စတိတ်ရှိုးသွားချင်လို့၊ ဖိနပ် ဝယ်ချင်လို့ စသည် စသည်တို့အတွက် ဆိုရင်တော့ ချင့်ချိန်ဖို့ ကောင်းပါပြီ။ မူလတန်းကလေးကို မုန့်ဖိုး ၅၀ဝ၀-၁၀ဝ၀ဝ ပေးလို့ ပျက်စီးတတ် သလို၊ အလယ်တန်း၊ အထက်တန်း အရွယ်တွေမှာ သူပူဆာသမျှ ဝယ်ပေး ပြီး၊ သူတောင်းသမျှပေးပြီး ကိုယ့်သား သမီးကိုယ် ဖျက်ဆီးလို့ရပါတယ်။ စာ ဖတ်ရတာ ညောင်းလို့ ကာရာအိုကေ သွားမယ်၊ အနှိပ်ခန်းသွားမယ်ဆိုပြီး ငွေ ၂၀ဝ၀ဝ ကျော်ကို တစ်ညတည်း နဲ့ သုံးခဲ့တဲ့ လူငယ်တစ် ယောက်ရဲ့ အဖြစ်က ရင် လေးစရာပါ။ ဒီလိုသာ သွားနေရင် ကူးစက် ရောဂါကိစ္စ၊ မူးယစ် ဆေးဝါးကိစ္စတွေပါ ငြိ သွားလို့ကတော့သား သမီးရဲ့ အသုံးစရိတ် အချိုးက ၂၅ က နေ ၈၀-၉၀ အထိ တက်သွားနိုင်တယ် ဆိုတာ တွေးပူထား ပါ။
 
အစကတည်းက အား မပြိုင်ခဲ့ရင် ဒီလိုအဖြစ်တွေ ကလည်း ကင်းဝေးပါလိမ့် မယ်။ တစ်နည်း တူညီတဲ့ ပန်းတိုင်ရှိကြရင် ဒီလိုမဖြစ်ပါ ဘူး။ မိဘနဲ့ သားသမီးကြားမှာ နားလည်မှုရှိကြရပါမယ်။ ဒီနှစ် အဖို့ ငါတို့မိသားစုရဲ့ အဓိက ရည်မှန်းချက်ကဘာလဲ။ ဒီရည်မှန်း ချက်ပန်းတိုင်ရောက်အောင် ဘယ် လိုသွားကြမလဲ၊ ဘယ်သူတွေက ဘာတာဝန်ယူမလဲ၊ ဒီအတွက် ဘယ် လောက်ကုန်ကျမလဲ၊ ဆွေးနွေးတိုင် ပင်ရပါမယ်။ ဆွေးနွေးတိုင်ပင်တာဟာ ငွေပစ်ပေးတာ၊ ငွေကြိုက်သလောက် ယူသုံးခိုင်းတာထက် ပိုပြီးအချိန်ကုန်ပါ လိမ့်မယ်။ အဓိကအချက်က အချိန် ပေးရပါလိမ့်မယ်။ ဆွေးနွေးဖို့အချိန် မရှိဘူး၊ ငွေရှာဖို့ အချိန်တောင် မလောက်ပါဘူးဆိုရင် အဲဒီငွေရှာတာ ကရော ဘယ်သူ့အတွက်လဲ ပြန်မေး ကြည့်ပါ။ တစ်ပတ်မှာ ၁ နာရီ၊ ၂ နာရီလောက်တောင် သားသမီးနဲ့ ဆွေးနွေးဖို့အတွက် အချိန်ပေးဖို့ မဖြစ် နိုင်ရင်တော့ ခင်ဗျားရှာတဲ့ငွေဟာ လည်း သားသမီးကို ဖျက်ဆီးဖို့သက် သက်ဖြစ်နေမလားပဲ။ ငွေက အစား ထိုးလို့ရပါတယ်။
 
အချိန်ပေးတာက အစားထိုးလို့မရပါဘူး။ မိဘမေတ္တာကို အချိန်နဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ ငွေနဲ့ ပုံမဖော်မိပါစေနဲ့။ အဖေပြောပြဖူးတဲ့ ပုံပြင်တစ်ပုဒ်ဟာ တန်ဖိုးကြီးကြီးနဲ့ ဝယ်ပေးခဲ့တဲ့ ကစား စရာတွေထက် သားသမီးတွေအတွက အမှတ်တရ ဖြစ်နေတတ်ပါတယ်။ သားသမီးတွေဘက်ကလည်း ငွေတောင်းဖို့၊ ရစ်ဖို့ပဲ မစဉ်းစားဘဲ ကိုယ့်မိဘအခြေအနေ၊ အခက်အခဲကို နားလည်ပေးဖို့ပါ။ မိသားစုတာဝန်ဆို တာ မိဘတွေဆီမှာပဲ ရှိတာမဟုတ်ဘဲ သားသမီးတွေဆီမှာလည်း ရှိပါတယ်။ ပညာရေး ရင်းနှီးမှုလို ငွေကြေးကို သုံးစွဲတာမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် အပြိုင်သုံးနေရင်း ကိုယ့်ဘဝရဲ့ အခြေခံအုတ်မြစ်တွေ တည်ဆောက်နေချိန်မှာ အဖိုးတန် အချိန်တွေကို မဖြုန်းမိစေဖို့ပါ။ ပညာ သင်ပြီး ပညာတွေတတ်တော့ ဘာလုပ် မှာလဲလို့ လက်ရှိအခြေအနေတွေကို ကြည့်ပြီး မပြောပါနဲ့။ တကယ်တတ် အောင်သင်ထားပါ။ သုံးပါရစေဆိုပြီး လာခေါ်ပါလိမ့်မယ်။ ဒီနေရာမှာ ပညာ တတ်တယ်ဆိုတာကို အတန်းအောင် တာတစ်ခုတည်းနဲ့တော့ မတိုင်းနဲ့ ပေါ့။
 
တစ်ချိန်တည်းမှာပဲ ကိုယ်တတ် နိုင်သလောက် မိသားစုတာဝန်တွေကို ယူပေးဖို့ပါ။ အကြောင်းတစ်ခုခု ကြောင့် မိဘတွေ စီးပွားမရှာနိုင်ရင် တောင် ကွင်းဆက်မပြတ်တော့ဘူးပေါ့။ လူငယ်ဘဝရဲ့ အဆုံးသတ် ၁၈- ၂၅ နှစ်ကြားက ကာလတွေမှာ တချို့ တလေဆိုရင် အိမ်ထောင်တောင်ကျ နေပါပြီ။ အိမ်ထောင်မကျသေးရင် တောင် လက်တွဲဖော်လေးတွေနဲ့ပါ။ တချို့က လုပ်ငန်းခွင်မှာ။ တချို့က ပညာသင်တုန်း။ ဘဝပေးအခြေအနေ အရ ပုံစံအမျိုးမျိုးနဲ့ပါ။ ပုံစံတွေသာ အမျိုးမျိုးကွဲနေတာ သေချာတာက တော့ ငွေကြေးလိုအပ်မှု ပိုများလာ တတ်ကြတာပါပဲ။ ကျားကြီးတော့ ခြေ ရာလည်း ကြီးမှာပေါ့။ အရေးကြီးတာ က ခြေရာပဲကြီးပြီး ခန္ဓာကိုယ် အလိုက် သင့်ကြီးမလာရင် လမ်းလျှောက်လို့ မရပါဘူး။ ဒီကာလတွေမှာ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ လူငယ်တွေထဲက တချို့ ဟာ ကိုယ့်ဝင်ငွေကို မိဘဆီအပ်ပြီး လိုသလောက် ပြန်တောင်းသုံးတတ် တာ ရှိပါတယ်။ (အပ်တာထက် ပြန် တောင်းတာက များချင်လည်း များနေ တတ်ပါတယ်)။
 
တချို့ကတော့ ပြန် မအပ်ဘဲ ကိုယ့်ပိုက်ဆံ ကိုယ်သုံးတယ်၊ ပိုလည်းမပေးဘူး။ လိုလည်းမတောင်း ဘူး။ ခပ်ရှင်းရှင်းပေါ့။ စနစ်နှစ်မျိုးစလုံး မှာ ကောင်းကွက်ရော ဆိုးကွက်ပါ ရှိနေပေမယ့် တစ်နေ့ကျရင် ဘဝထဲ လျှောက်လှမ်းရတော့မှာမို့ ကိုယ့်ဝင် ငွေ ကိုယ်ချင့်ချိန်ပြီး ကိုင်သုံးတာက ပိုကောင်းပါတယ်။ အလေ့အကျင့် လည်း ရတာပေါ့။ သိတတ်လို့ မိဘ ကို ထောက်ပံ့ချင်ရင်လည်း အချိုး အစားတစ်ခု သတ်မှတ်ပြီး ထောက်ပံ့ လို့ရပါတယ်။ လုပ်ငန်းခွင်အတွက် အရင်းအနှီး၊ ကျူရှင်အတွက် လုံးခနဲ ငွေလိုအပ်လာတာမျိုးအတွက်ကတော့ ထုံးစံအတိုင်း မိဘတို့ဝတ္တရားပေါ့။ ဒီ နေရာမှာ မိဘရော၊ သားသမီးဘက် ကပါ စဉ်းစားဖို့က သားသမီးတစ်ဦး တည်းရှိတာလား၊ တခြားသားသမီး တွေရှိခဲ့ရင် သူတို့အတွက်ရော ဆိုတာ ပါ။ သားကြီး မလေးရှားသွားဖို့ကို အိမ်ပေါင်ပြီး လွှတ်လိုက်တာ၊ သမီး အငယ်အတွက်ကျတော့ ဘာမှမကျန်၊ သားကြီးကလည်း မလေးရှားက ပြန် လာပြီး မိန်းမယူသွားတယ်ဆိုတာမျိုး တွေမဖြစ်စေဖို့ပါ။ တစ်ဦးတည်းသော သား၊ သမီးဆိုရင်တော့ ချစ်သမျှ ပုံအော ချင်လည်း အောပေါ့။
 
အသက် ၂၅ နှစ်အထက် လူငယ်ဘဝ အဆုံးသတ်နဲ့ နောက်ပိုင်း လူလတ်၊ လူကြီးဘဝတွေမှာလည်း မိဘနဲ့ သားသမီး ငွေရေးကြေးရေး ကိစ္စတွေက ရှိတတ်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်းနဲ့ ရပ်တည်တာရှိသလို၊ မိဘ လက်ငုတ်လက်ရင်း လုပ်ငန်းနဲ့ ရပ် တည်တာမျိုးလည်း ရှိတတ်ပါတယ်။ မိဘ လက်ငုတ်လက်ရင်းလုပ်ငန်းနဲ့ ရပ်တည်တာမျိုးမှာ ထုံးစံအတိုင်းတစ်ဦး တည်းသော သားသမီးတွေအတွက်က သိပ်ပြဿနာမဟုတ်ပေမယ့် တစ်ဦး ထက်ပိုလာရင် မိဘရှိစဉ်ကတည်းက ပြတ်ပြတ်သားသား မရှိခဲ့ရင် မိဘတွေ လည်း မရှိရော မောင်နှမတွေကြားမှာ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာတတ်ပါ တယ်။ 
 
ဒီတော့ မိဘရှိစဉ်မှာကတည်းက ဘယ်သူကတော့ ဘယ်လုပ်ငန်းကို လုပ်၊ ဘယ်သူက ဘယ်အချိုးအစား နဲ့ယူ စသည်ဖြင့် ခွဲဝေပေးထားနှင့်ရင် နောင်ရေး စိတ်အေးရပါလိမ့်မယ်။ ဒီနေရာမှာ သားသမီးတွေဘက်က လိုအပ်နေတတ်တာ တစ်ခုကို တင်ပြ လိုပါတယ်။ တချို့မိဘတွေက ပုံမှန်ဝင် ငွေလေးနဲ့ စားနိုင်သောက်နိုင်ရှိမယ်၊ တချို့ဆို သားသမီးထက်တောင် ဝင် ငွေကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ ငါ မပေး၊ မကျွေး လည်း စားနိုင်တာပဲဆိုပြီး ပြန်လှည့် မကြည့်ဘဲ ရှိနေတတ်ပါတယ်။
 
တကယ်တမ်းကျတော့ မိဘဆို တာ သူ့ဘာသာသူ ဘယ်လောက် တတ်နိုင်တတ်နိုင် သားသမီးက ဝယ် ပေးလာတဲ့ တစ်ရာတန် သရက်သီး တစ်လုံးကို စားရရင် ပိုချိုတတ်ပါ တယ်။ သားသမီးတွေ အလိုက်သိ တတ်ကြဖို့ပါ။ မိဘတွေဘက်ကလည်း အလိုက်မသိတတ်တာလည်း ရှိတတ် ပါတယ်။ သူ့မိဘက တတ်နိုင်တာပဲ ဆိုပြီး ယောက္ခမဘက်က လှည့် မကြည့်တာမျိုး။ သူ့ယောက္ခမက သူဌေးပဲ၊ မိဘက လှည့်မကြည့်တာ မျိုးတွေပါ။ အထူးသဖြင့် မွေးချင်းများ ရင် ဆိုးတဲ့သား၊ ပါးရှားတဲ့ သမီးကို စွန့်ကြဲပြီး လိမ္မာတဲ့၊ တတ်နိုင်တဲ့ သားသမီးကျတော့ တတ်နိုင်သားပဲ ဆိုပြီး မပေးတတ်၊ မကျွေးတတ်တာ ပါ။ တကယ်တမ်းကျတော့ ကိုယ်ပေး ရင် ကိုယ့်သားသမီး မျက်နှာရတာ ပေါ့။
 
အိမ်ထောင်ကျပြီးပြီဆိုရင် သူစိမ်း ဖက်နေပြီမို့ ကိုယ့်သားသမီးတွေက မမြော်မြင်ရင်တောင်မှ သားမက်၊ ချွေးမတွေကမြော်မြင်တတ်ကြပါတယ်။ ဒီတော့ကိုယ့်မှာသားသမီးတစ်ယောက် ထက်ပိုနေရင် အတတ်နိုင်ဆုံး မွေးအ တူ၊ ကျွေးအတူဖြစ်အောင် စီမံပေးရင် အကောင်းဆုံးပါပဲ။ ငိုတတ်တဲ့ ကလေး နို့ပိုစို့ရတယ်ဆိုတာ မိဘမစစ်မှ ဖြစ် တာပါ။ မိဘစစ်ရင် မငိုတတ်တဲ့ ကလေး၊ ငိုဖို့တောင် အားမရှိတော့တဲ့ ကလေးကိုလည်း နို့တိုက်မှာပါ။ ဒီတော့ အချုပ်ဆိုရရင် မိဘနဲ့ သားသမီးဆိုတာ ရှိနေသမျှ မိဘနဲ့ သားသမီးကြားက ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးဆိုတာ ကမ္ဘာတည်သရွေ့ ရှိနေမှာမို့ တစ်ဖက် နဲ့တစ်ဖက် အပြန်အလှန် မေတ္တာ စေတနာထားရင်း ကိုယ့်တာဝန်ကိုယ် ကျေအောင် ကြိုးစားကြရင်ဖြင့် အထူး အထွေ ပြဿနာမရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
 
ဒေါက်တာ ဌေးအောင်