Friday, June 1, 2012

စုံပုဝါ ဘယ်ညာချပါလို့ 


 
စုံပုဝါ ဘယ်ညာချပါလို့ 

လူနဲ့ လူ့ပတ်ဝန်းကျင်။ ကံအကြောင်းတရားနဲ့ ကံအကျိုးတရား။ မျှတမှု မရှိတဲ့လူနေမှုဘ၀။ ဘ၀တွေနဲ့စပ်ပြီး စဉ်းစားစရာတွေက အများကြီး။ ဘုရားဟောတဲ့လမ်းက မဇ္ဈိမပဋိပဒါလမ်း (အလယ်လမ်း)။ လူ့ဘ၀မှာ ဖြစ်ပျက်နေတာတွေက ဟိုဘက်အစွန်းနဲ့ ဒီဘက်အစွန်း။ ဆင်းရဲလွန်း သူနဲ့ ချမ်းသာလွန်းသူ။ ဘ၀အဆင့်အတန်းတွေက မိုးနဲ့မြေကြီး။ အတွေး၊ အမြင်တွေက စပ်ဟပ်မှုမရှိနိုင်တဲ့ ပင်လယ်ပြာနဲ့ ကောင်းကင်ပြာ။ ဒီလူတွေမှာရှိနေတဲ့ အသိပညာ၊ အတတ်ပညာများနှင့် ဘ၀အတွေ့အကြုံများက လုံးဝခြားနားနေကြတော့ အတွေးအမြင်ခြင်း တူညီဖို့ဆိုတာ ကလဲ ဆုံစည်းဖို့ခက်ခဲတဲ့ တောင်ဝန်းရိုးစွန်းနဲ့ မြောက်ဝန်ရိုးစွန်းပမာ။ 

ဒီအရေးတွေကိုတွေးမိတဲ့အခါ မွန်းကြပ်လာတဲ့ ခံစားမှုဝေဒနာ။ ဒီလို မတူညီနိုင်တဲ့ဘ၀တွေကိုစဉ်းစားမိရင်း အမှတ်မထင် အတွေးလေးတစ်ခုဝင်လာတယ်။ အဲဒါက “စုံပုဝါ ဘယ်ညာချပါ”လို့ ဆိုတဲ့အတွေး။ မြန်မာတို့ရဲ့ ၀တ်စားဆင်ယဉ်မှုနဲ့ စပ်နွယ်နေတဲ့အတွေးပါ။
“စုံပုဝါ ဘယ်ညာချပါ” လို့ဆိုတဲ့ စကားစုနဲ့ လူ့ဘ၀အခက်အခဲတွေက ဘယ်လိုများပတ်သက်နိုင်သလဲလို့ တစ်ဦးတစ်ယောက်က တွေး ကောင်း တွေးမယ်။ ပြောခဲ့ပြီးပြီပဲ။

အတွေးဆိုတာ ရောက်တတ်ရာရာကို တွေးတာပါလို့။ ဒါပေမဲ့ ဒီနေရာမှာ အတွေးနဲ့စုံပုဝါ သက်ဆိုင်မှုရှိ နေပါတယ်။ ပုခုံးပေါ်မှာတင်ထားတဲ့ ပုဝါရဲ့အလှဟာ တစ်ဖက်ဖက်မှာ အစွန်းထွက်နေရင် ကြည့်ရတာ ကျက်သရေ မရှိနိုင်သလို၊ ဘ၀တွေမှာ လဲ ဆင်းရဲလွန်း၊ ချမ်းသာလွန်း ဒီလိုအစွန်းမျိုးတွေထွက်နေရင် ကြည့်ရတာ ဘယ်မှာကျက်သရေရှိပါ့မလဲ။ ဖြစ်နိုင်ရင် အစွန်းထွက် နေတဲ့ ဘ၀တွေကို ညီမျှစေချင်တာ။ အားနွဲ့နေသူတွေကို တတ်နိုင်သမျှ ကူညီပေးချင်တာ။

ကိုယ်တတ်ထားတဲ့ပညာနဲ့ ပြည်သူတွေရဲ့ဘ၀ကို အားဖြည့်ပေးချင်တာ။ ဒီလိုအခြေအနေမျိုးမှာ တွေးနေမိတာက စုံပုဝါနဲ့ လူ့ဘ၀။ ပုဝါဟာ အစွန်းနှစ်ဖက် ညီညာနေတဲ့အခါမှသာ အလှကျက် သရေရှိနိုင်သလို လူ့ဘ၀တွေမှာလဲ လူတန်းစားညီမျှမှုရှိတဲ့အခါမျိုးမှာသာ ကျက်သရေရှိပြီး ၀မ်းသာကြည်နူး နိုင်မယ်ဆိုတာ သတိမူနိုင်ကြ ဖို့ပါ။ “စုံပုဝါ ဘယ်ညာချကာဖြင့်ရယ် …၊ မှုံနံသာ ချယ်ကာသပါလို့…၊ အလှတပြင်ပြင်နဲ့…”” ဆိုတဲ့ အဖွဲ့အနွဲ့မျိုးဟာ အချိုးအစားညီမျှတဲ့ ဘ၀မျိုးတွေကို ကြည်နူးစွာခံစားနိုင်ဖို့ ရည်ညွှန်းဖို့ဆိုထားတာမျိုးမို့ ဒီစာပိုဒ်လေးကို ဖတ်ရတဲ့အခါ ရသအမြင်နဲ့ စိတ်ဘ၀င်မှာ ကြည်နူးမိပါရဲ့။

ဒီနေရာမှာ ပခုံးပေါ်မှတင်ထားတဲ့ပုဝါကို အဓိကပြောလိုရင်းမဟုတ်ပါ။ စုံပုဝါကို အချိုးစားညီညီနဲ့ ဘယ်ညာချထားတဲ့အခါ ဖြစ်ပေါ်လာတဲ့ မြန်မာအမျိုးသမီးတို့ရဲ့ ဂုဏ်ကျက်သရေကို ပြောလိုရင်းပါ။ ပုဝါမှာ တန်ဖိုးညီမျှနေတဲ့ဂုဏ်၊ အစွန်းနှစ်ဖက်ကို ညီမျှစွာချထားလို့ အနိမ့်အမြင့် အားဖြင့်လဲ ညီမျှနေတဲ့ဂုဏ်။ ဒါတွေဟာ လူတန်းစားညီမျှခြင်း၊ ဘ၀အချိုးအစားညီမျှခြင်းကို ကိုယ်စားပြုထားတဲ့ မြန်မာတို့ရဲ့ ကျက်သရေ (သို့မဟုတ်) ဂုဏ်သိက္ခာဆိုတာ ဒါမျိုးပဲဖြစ်မှာပဲလို့ တွေးမိလို့ပါ။

လူ့ဘ၀မှာ (ကံအကြောင်းတရားကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းများ ကြောင့်ပဲဖြစ်ဖြစ်) ဆင်းရဲ၊ ချမ်းသာခြင်းတွေဆိုတာရှိနေပေမဲ့ ချမ်းသာသူများက ဆင်းရဲသူများကို ကြင်နာစိတ်နဲ့ ပံ့ပိုးကူညီကြမယ်ဆိုရင်၊ ပညာတတ်သူများက ပညာမဲ့သူများကို ပညာတတ်သူများဖြစ်လာအောင် စာနာစိတ်နဲ့ ဖေးမကူညီပေးကြမယ်ဆိုရင် ဘာသာနှင့် သာသနာ၊ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာတွေဆိုတာ တိုးတက်လာမှာပါ။ ဒီလိုမှ မလုပ်နိုင်ကြဘူးဆိုရင် မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကြား မှာ တူညီတဲ့အပြုံးတွေဆိုတာ ဘယ်သောအခါမှ ရှိလာနိုင်မှာမဟုတ်ပါ။ တူညီတဲ့ရပိုင်ခွင့်တွေ၊ မျှတတဲ့လွတ်လပ်ခွင့်တွေဆိုတာလဲ ဘယ် သောခါမှ ရလာနိုင်မယ်မဟုတ်ပါ။ ဖြစ်နိုင်၊ မဖြစ်နိုင် တွေးကြည့်ဖို့ပါ။

လူ့မျိုးဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ သို့မဟုတ် တစ်သင်းတစ်ဖွဲ့တည်းနဲ့ တည်ဆောက်ထားလို့မရပါ။ လူအများစုပေါင်းမှ လူမျိုးဆိုတာ ဖြစ်လာတာ။ လူမျိုးကောင်းစားစေချင်ရင် လူမျိုးကောင်းစားနိုင်တဲ့အလုပ်တွေကိုဝိုင်းဝန်း လုပ်ကိုင်ကြရမှာ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ လူမှုရေးကအစ တရားဥပဒေစိုးမိုးရေးအထိ ပြည်သူတို့လိုလားနေတဲ့အရေးများကို ၀ိုင်းဝန်းစဉ်းစားကြရမှာ။ ဒီလိုစဉ်းစားပေးတာဟာ ကိုယ့်အရေးသက်သက်ချည်း မဟုတ်ဘူးဆိုတာကိုတော့ သဘောထားရှင်းဖို့ပါ။

 နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ နိုင်ငံတွင်းမှာရှိနေတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ ရပိုင် ခွင့်တွေကိုအချိုးညီအောင်၊ တရားဥပဒေကိုလဲ ကျောသား၊ ရင်သားမခွဲခြားပဲ တပြေးညီ စိုးမိုးနိုင်အောင် ပြု လုပ်ကြရမှာ။
လူအများစုပြောနေတဲ့ ငြိမ်းချမ်းတဲ့ပြည်ထောင်စုမျိုးဆိုတာ တရားဥပဒေစိုးမိုးတဲ့နိုင်ငံမျိုးကိုပြောတာ။ ရပိုင်ခွင့် တွေညီဖို့၊ တရားဥပဒေစိုမိုးနိုင် ဖို့ဆိုတာ လူဦးရေအများစုက အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်နေပါမှ ဖြစ်နိုင် တာ။ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကိုသိထားဖို့ဆိုတာ အခြေခံဥပဒေကို သိထားမှဖြစ်မှာ။

ဒီတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေ အခြားတိုင်းပြည်၊ အခြားလူမျိုးတွေနည်းတူ တိုးတက်ကြီးပွား စေချင်ရင် အများနည်းတူ မျှတတဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို ကျင့်သုံးနိုင်အောင် ၀ိုင်းဝန်းကူညီတည်ဆောက်ကြရမှာ။ ကိုယ့်နိုင်ငံတွင်းမှာ အသိပညာ ရှင်တွေ၊ အတတ်ပညာရှင်တွေ ပေါများလာအောင် ကူညီပေးကြရမှာ။ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်လိုတဲ့ အတ္တတရားတွေ၊ မာနတရားတွေကို လျော့နည်းအောင် ပြုလုပ်ပေးကြရမှာ။ အဲဒီလို ပြုလုပ်ပေးလိုက်ရလို့ ကိုယ်လည်းချမ်းသာမယ်၊ အများစုလည်း ချမ်းသာမယ်လို့ ကိုယ်တိုင်က နားလည်သဘောပေါက်ထားရင် လျှော့သင့်တဲ့အတ္တတရားတွေ၊ မာနတရားတွေကို လျှော့ကြဖို့ပါ။ အနည်းစု ချမ်းသာတာနဲ့စာရင် အများစုချမ်းသာတာက ပိုကောင်းနိုင်တယ်ဆိုတဲ့အတွေးကိုတော့ လူတိုင်းနီးနီး တွေးဖူးကြမှာပါ။

ဒီနေရာမှာ အသိပညာ၊ အတတ်ပညာမျိုးဆိုတာ စာသင်ကျောင်းများမှ သင်ယူလို့ရခဲ့တဲ့ ဘွဲ့ဒီဂရီပညာအရည်အချင်းမျိုးကိုသာ ဆိုလိုရင်း မဟုတ်ပါ။ စက်ရုံ၊ အလုပ်ရုံများနှင့် အလွတ်ပညာသင်ကျောင်းများ (သို့မဟုတ်) လူနေမှုဘ၀အထွေထွေမှရခဲ့တဲ့ အတွေ့အကြုံများ၊ အသိပညာမျိုးတွေဟာလဲ လူ့ဘ၀မှာလိုအပ်တဲ့ အရည်အချင်းတွေပါ။ (မ၀ံ့မရဲနဲ့) ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မြန်မာလူမျိုးအများစုမှာ ဒီလိုအရည်အချင်းမျိုးတွေ ရနိုင်ဖို့ဆိုတာ အဝေးကြီးမှာရှိနေသေးတာ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့လူဦးရေ (၇၀) ရာခိုင်နှုန်းခန့်ဟာ တောရွာတွေမှာနေကြရတာ။ တန်းတူအခွင့်အရေးတို့၊ ပညာသင်ခွင့်တို့၊ နိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်တို့ဆိုတာ ဘာပြောမှန်းတောင် သိကြမယ် မဟုတ်သေးပါ။ ဒီလိုအခြေအနေမျိုးတွေကို မသိတဲ့လူတွေက အများကြီး။ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် ပြည်သူ၊ ပြည်သားအများစုဟာ ပညာတတ်တွေ နည်းနေကြသေးလို့ပါ။

 မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စာနာတတ်သူများအတွက် ၀မ်းနည်းမိကြမှာအမှန်ပါ။ မြန်မာနိုင်ငံတော်ကြီးကို တိုးတက်စေချင်ပါတယ်ဆိုတဲ့လူတွေ ဒီအချက်ကိုတော့ သတိမှရကြပါလေစ။
ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်များနိမ့်ကျနေလို့လဲဆိုတဲ့အတွေး။ ဒီနေရာမှာ အခွင့်သာလို့ နိုင်ငံတကာစံနှုန်းကို နဲနဲလောက်နှိုင်း ယှဉ်ပြပါရစေ။ ယနေ့မျက်မှောက်ခေတ်မှာ ကမ္ဘာကို ဦးဆောင်နေတဲ့နိုင်ငံများကို လေ့လာသုံးသပ်ကြည့်စေချင်ပါတယ်။

အမေရိကန်နိုင်ငံက ကျောင်းသား၊ ကျောင်းသူများကိုကြည့်ပါ။ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ အထက်တန်းပညာကို ပြီးဆုံးအောင်သင်ယူကြရတယ်။ အသက် (၅) နှစ်မှ (၁၈) နှစ်ထိ ပညာကို မသင်မနေရ (Compulsory Education) ပညာရေးစနစ်ကို သတ်မှတ်ပြဋ္ဌာန်းထားတယ်။ ပညာရေးစနစ်ကောင်းမွန်မှုကြောင့် အမေရိကန်နိုင်ငံမှာနေထိုင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူများဟာ သူတို့ရဲ့ ရပိုင်ခွင့်ကို ငယ်ငယ်ကြီး ကြီး အားလုံးနီးနီး သိနားလည်ထားကြတယ်။ (၅) နှစ်အရွယ်၊ (၆) နှစ်အရွယ် ကလေးငယ်လေးများကစပြီး မတရားလုပ်ခဲ့ရင် ၉၁၁ (အရေး ပေါ် ဖုန်းလိုင်း) ကိုခေါ်ပြီး၊ ကိုယ်တိုင်တိုင်ကြားပြောဆိုနိုင်ကြတယ်။

အကျိုးဆက်အနေနဲ့ ပညာရေးကောင်းမွန်တော့ စီးပွားရေးတွေလnf; ကောင်းမွန်တယ်။ လူနေမှုအဆင့်တန်းတွေလည်း မြင့်မားတယ်။ လူတစ်ယောက်ရဲ့ရပိုင်ခွင့်တွေကို အများစုက သိနားလည်ထားကြတော့ အမေရိကန်နိုင်ငံလိုနိုင်ငံမျိုးမှာ ကမ္ဘာ့လူသားတွေ ပျော်ပျော်ကြီး လာရောက်နေနိုင်ကြတာဟာ အဆန်းတကျယ်ကြီးတော့ မဟုတ်တော့ပါ။ မျှမျှတတ ဆင်ခြင်သုံးသပ်နိုင်ဖို့ပါ။
ဥရောပနိုင်ငံတွေကိုလည်း လက်လှမ်းမှီသမျှ လေ့လာကြည့်စေချင်ပါတယ်။

ပညာရေး၊ စီးပွားရေးကအစ လူနေမှုအဆင့်အတန်းများ ထိပ်တန်းမှာရှိနေတဲ့ အင်္ဂလန်နိုင်ငံရဲ့ပညာရေးစနစ်ကို သုံးသပ်ကြည့်ပါ။ ကျောင်းသား၊ ကျောင်းသူများဟာ အသက် (၅) နှစ်မှ (၁၆) နှစ်အထိ ပညာကိုသင်ကြားကြရတယ်။ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အထက်တန်းပညာကို အိုလယ်ဗယ် (O- Level) အထိ မသင်မနေပညာရေးစနစ်အနေနဲ့ ပြဌာန်းသတ်မှတ်ထားတယ်။ အေလယ်ဗယ် (A-level) ကိုတော့ မသင်မနေရ ပညာရေးအနေမျိုးနဲ့ သတ်မှတ်ထားခြင်းမဟုတ်ပဲ သင်ယူလိုက သင်ယူနိုင်ပြီး၊ မသင်ယူလိုကလဲ မသင်ပဲနေနိုင်တဲ့အနေအထားမျိုးနဲ့ သတ်မှတ်ပြဌာန်းပေး ထားတာ။

ပညာတတ်မြောက်ဖို့ဆိုတာ အားကျတတ်သူများသာ ရနိုင်တဲ့ဆုလဒ်မျိုးပါ။ လူတိုင်းလူတိုင်း ပညာသင်ယူဖို့ အခွင့်အလမ်းလည်း ရှိ၊ ကြိုးစားသင်ယူလိုတဲ့စိတ်မျိုးလည်း ရှိရင် ပညာတတ်ကြီးဖြစ်ဖို့ဆိုတာ အခက်ကြီးတော့မဟုတ်လှပါ။
အိမ်နီးနားခြင်းဖြစ်တဲ့ စင်္ကာပူနိုင်ငံရဲ့ပညာရေးစနစ်ကို လေ့လာကြည့်ပါ။ အင်္ဂလန်နိုင်ငံရဲ့ပညာရေးစနစ်ကို အတုယူထားတာကို တွေ့ရတယ်။ ကောင်းတာကိုအတုယူထားတာမျိုးမို့ အထင်သေးစရာမရှိပါ။ ရှက်စရာလည်း မဟုတ်ပါ။ တကယ်ရှက်သင့်တာက ပညာသင်ကြားခွင့် ရပါလျှက်နဲ့ မသင်ယူပဲ အချိန်တွေကို အလကားဖြုန်းနေတာမျိုးကသာ ရှက်စရာပါ။

သူတို့နိုင်ငံမှာ ပညာသင်ကြားရမဲ့ အသက်အရွယ်ဟာ အသက်အားဖြင့် (၆) နှစ်မှ (၁၅) နှစ်ထိ ပညာကိုသင်ယူဖို့ သတ်မှတ်ပေးထားတယ်။ လယ်ဗယ်အားဖြင့် အိုလယ်ဗယ် (O- Level) အထိ။ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေရမည့်အရွယ်၌ ကျောင်းမှန်မှန် မတက်ခဲ့သော် (သို့မဟုတ်) ကျောင်းမတက်ပဲနေခဲ့သော် မိဘများ ကို တိုင်ကြားလေ့ရှိတယ်။ ကလေးများရဲ့ပညာသင်ကြားမှုကို မိဘများကမကူညီခဲ့သော် မိဘများပါအပြစ်ရှိတယ်လို့ ဥပဒေနဲ့ပြဌာန်း ထား တာဖြစ်လို့ ကျောင်းပျက်ကွက်တဲ့ကလေးများရဲ့မိဘများကို ဒဏ်ငွေအဖြစ် စင်္ကာပူဒေါ်လာ ၅၀၀၀ (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ် ကျခံရန်သတ်မှတ်ထားတယ်။ ဒီလိုဥပဒေမျိုးကို ထုတ်ပြန်ထားတော့ စင်္ကာပူနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အရှေ့တောင်အာရှနိုင်ငံများထဲမှာ ရှေ့တန်းကရောက်နေတာကို တွေ့မြင်နိုင်ကြမှာပါ။ စင်္ကာပူနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာလည်း အထက်တန်းမှာပဲ ရှိနေဆဲပါ။

ဒီနေရာမှာ ဒီ issue (ဒီအရေး) ကို ထည့်ပြီးဆွေးနွေးနေတာဟာ လူနည်းစုရဲ့ လူနေမှုအဆင့်အတန်းကို ကွက်မကြည့်ကြပဲ လူအများစုရဲ့ လူနေမှုအဆင့် တန်းကို ခြုံငုံကြည့်တတ်ကြဖို့ပါ။ တကယ်တော့ သူတို့လူမျိုးတွေ ဒီလိုအခြေအနေမျိုးနဲ့ အရှေ့တောင်အာရှရှိနိုင်ငံများအလယ်မှာ ဂုဏ်ရှိရှိ နဲ့နေနိုင်ပြီး၊ ကိုယ့်လူမျိုးတွေကမနေနိုင်ကြတာဟာ “သူတော်တာ မဟုတ်ဘူး၊ ခင်ဗျားညံ့တာ”လို့ပဲ ဆိုရမှာပါ။ ဆင်ခြင်မှုတရားနဲ့ အဖြေရှာ နိုင်ကြဖို့ပါ။
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်နဲ့ လူနေမှုအဆင့်အတန်းကို ကြည့်ပါဦး။ ဘယ်အဆင့်အတန်းမှာ ရှိနေလဲလို့မေးခဲ့ရင် တိတိကျကျဖြေနိုင်သူ ရှိမယ်မဟုတ်ပါ။

ဘာကြောင့်လဲဆိုရင် ဒီအမေးကိုဖြေဖို့ သင့်တော်တဲ့အချိန်အခါ မဟုတ်သေးလို့ပါလို့ပဲ ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ်လေ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ပညာရေးစနစ်ဟာ အလွန်နိမ့်ကျနေတာကတော့ အမှန်ပါ။ အထက်တန်းအထိ ပြဌာန်းကျမ်းစာများဟာ သင်ရိုးညွှန်းတမ်းအနေနဲ့ အင်္ဂလိပ်စာကလွဲရင် အခြားဘာသာရပ်များ အလွန်အမင်း မနိမ့်ကျလှပေမဲ့ သင်ကြားရေးစနစ်နဲ့ ပြဌာန်းထားတဲ့ စနစ်က အလွန်နိမ့်ကျနေတော့ အရာအားလုံးဟာ နိမ့်ကျနေတယ်လို့ပဲ ဆိုရမှာပါ။

ဥပမာ၊ ပညာရေးနဲ့ပတ်သက်ပြီး ပြဌာန်းထားတဲ့စနစ်ကို အရင်သုံးသပ်ကြည့်ပါ။ ပညာကိုမသင်မနေရ သတ်မှတ်ထားတဲ့အရွယ် (Compulsory School Age) က အသက်အားဖြင့် (၆) နှစ်မှ (၉) နှစ်အရွယ် (၄-တန်း) ထိသာဖြစ်တယ်။ ပညာသင်ကြားချိန်အရွယ်ကနည်းရတဲ့အထဲ ကျောင်းသား (သို့မဟုတ်) ကျောင်းသူတစ်ယောက် လေးတန်းပညာပြီးဆုံးသည်အထိ ကျောင်းမတက်ခဲ့သော် (သို့မဟုတ်) ကျောင်းမနေခဲ့သော် ဘယ်မိဘကိုမှ (သို့မဟုတ်) ဘယ်အုပ်ထိန်း သူကိုမှ ဒဏ်ငွေရိုက်ခြင်း (သို့မဟုတ်) ထောင်ဒဏ်ကျခံစေခြင်း ဥပဒေကို ပြဌာန်းထားခြင်းမရှိပါ။

ဒီလိုဆို မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူများ ပညာရေးနိမ့်ကျနေခြင်းဟာ ဘယ်သူမှာအပြစ်ရှိလဲလို့မေးခဲ့ရင် ဘယ်သူမှာမှ အပြစ်မရှိဘူးလို့ဆိုရမှာပါ။ ဘာကြောင့်လဲ ဆိုရင် အပြစ်တင်ခြင်းသက်သက်နဲ့တော့ Solution (ပြဿနာကိုဖြေရှင်းပေးခြင်း) ကို ဖြေရှင်းပေးနိုင်မှာမဟုတ်လို့ပါ။ မျှမျှတတ ပြောရ မယ်ဆိုရင်တော့ နိုင်ငံတော်က ပညာသင်ကြားရေးစနစ်နဲ့စပ်တဲ့ဥပဒေကို တိတိကျကျ ထုတ်ပြန်ပေးထားခြင်းမျိုးမရှိသေးတာဟာလည်း အကြောင်းတစ်ရပ်ဖြစ်တယ်။ ဒီလိုမှမဟုတ်ပဲ ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှာ အပြစ်ရှိနိုင်လဲ၊ ပြောပါလို့ ဇွတ်အတင်းမေးနေရင်တော့ အားလုံး မှာ အပြစ်ရှိတယ်လို့ပဲ ဖြေရမှာပဲ။ စဉ်စားနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ပညာသင်ကြားရေးစနစ်ကို သုံးသပ်ကြည့်ပါ။ ဘာမဆို အလွတ်ကျက်မှတ်ရတဲ့ စနစ်။ ဒီကြားထဲ ဆရာ၊ ဆရာမများက ကျက်မှတ်ခိုင်းထားတဲ့ စာပိုဒ်ကိုဖြေဆိုရာမှာ စာပိုဒ်အဆုံး (သို့မဟုတ်) ၀ါကျအဆုံးမှာ “၏၊ သည်” စသည်လောက် လွဲသွား ရင်ပဲ ဖြေဆိုတဲ့ကျောင်းသားအား အမှတ်လျှော့တဲ့စနစ်ဆိုတော့ ဒီကျက်မှတ်တဲ့ပညာရေးစနစ်ဟာ ဘယ်လိုလုပ်ပြီး ရှေးတန်းကို ရောက်နိုင် မလဲ။ ဒီပြဿနာကို ပညာရှင်များ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။

ကျက်မှတ်တဲ့စနစ်ကို မကောင်းဘူးလို့ပြောနေခြင်း မဟုတ်ပါ။ မလိုအပ်ပဲ အသုံးပြုနေလို့ တင်ပြနေခြင်းပါ။ ဖေါ်မြူလာတို့၊ အီကွေရှင်းတို့၊ (ဂဏန်း) အလီတို့ကို ကျက်မှတ်ခိုင်းတာဟာ ကောင်းပါတယ်။ လိုလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ သဘောတရားနဲ့မှတ်လို့ ရနိုင်တဲ့ဘာသာရပ်မျိုးတွေကို ဇွတ်အတင်းကြီး ကျက်မှတ်ခိုင်းနေတာ ဟာ ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ကုန်၊ လူပင်ပမ်းပြီး၊ အကျိုးများလဲ ရှိသင့် သလောက်မရှိနိုင်လို့ ပြောနေခြင်းပါ။ အကယ်၍ သာ နိုင်ငံတော်မှ (၁) ပညာရေးစနစ်နဲ့ (၂) ပညာသင်ကြားနည်းစနစ်များကို ပြောင်းလဲပြုပြင်ပေးမယ်ဆိုရင် မြန်မာလူမျိုးတို့ရဲ့ပညာရေးဟာ ပြန်လည်ဦးမော့လာနိုင်တယ်လို့ ပြောလိုရင်းပါ။ ဘ၀အဆင့်အတန်းတွေမြင့်မားဖို့ လူကပညာကို မှီရတယ်ဆိုတာမှန်ပေမဲ့ ပညာဆိုတာ လူကမြှင့်တင်ပေးမှ ရနိုင်တယ်ဆိုတာကိုလဲ သတိမူနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံမှာ ပညာရေးစနစ်တွေ၊ ပညာသင်ကြားရေးစနစ်တွေ ပြောင်းလဲချင်တယ်ဆိုရင် ခက်ခဲမယ်တော့မထင်ပါ။ သယံဇာတတွေ ပေါများလှတဲ့ မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ၊ နိုင်ငံသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတိုင်းနီးနီး သိရှိလာအောင် အစဦးမှာ ပညာပေးဖို့ပါ။ ချမ်းသာတဲ့ဘ၀၊ ငြိမ်းချမ်းတဲ့ဘ၀၊ တည်ငြိမ်တဲ့ဘ၀မျိုးတွေနဲ့ နိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်အောင် စုပေါင်းပြီး ကျိုးစားကြဖို့ပါ။ ပညာရေးအဆင့်အတန်း၊ လူနေမှုအဆင့်အတန်းများ မြင့်မားလာအောင် တနိုင်ငံလုံး မသင်မနေရပညာရေးစနစ်ကို မူလတန်းပညာရေး စနစ်မှသည် အထက်တန်းပညာရေးစနစ်ဆီသို့ရောက်အောင် ၀ိုင်းဝန်းပြောင်းလဲပေးကြရမှာ။ လူမျိုးဂုဏ်ထယ်မှ နိုင်ငံရဲ့ဂုဏ်ဟာလည်း ထည်လာနိုင်မှာပါ။ ပညာရေးစနစ်ကောင်းမွန်ပါမှ လူမျိုးရော၊ နိုင်ငံပါ ကောင်းမွန်လာမှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ရပိုင်ခွင့်တွေ၊ တရားဥပဒေစိုးမိုးမှုတွေ၊ တရားမျှတမှုတွေ ရလာတဲ့အဲဒီနေ့မှာ ဒို့ဟာ “မြန်မာနိုင်ငံသားတွေပါ”လို့ ရင် ကော့ပြီး ဖြေနိုင်ဖို့ပါ။

မြန်မာနိုင်ငံမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမားရေးနှင့် လူနေမှုအဆင့်အတန်းများ သိပ်ကိုနိမ့်ကျနေတာပဲလို့ တစ်စုံတစ်ယောက်ကပြော လာခဲ့ရင် ပြောသူကို အမျိုးသားရေးစိတ်ဓာတ်ရှိသူများက ၀ိုင်းပြီးအပြစ်တင်ကြမှာလား။ အပြစ်တင်သူနဲ့ အပြစ်မြင်သူ။ အတူတူပဲလား။ ဒီနေရာမှာ ပညာရေးအမြင်နဲ့ပတ်သက်ပြီး တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အတွေးအမြင်ကို တင်ပြပါစေ။ မြန်မာပြည်ဖွား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေကို ကြီးပွားချမ်းသာစေချင်တဲ့ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက တိုင်းသူပြည် သားတွေ လူ့အဆင့်အတန်းတွေ နိမ့်ကျနေရတာဟာ ပညာရေး၊ စီးပွားရေးကြောင့်သာမဟုတ်ပဲ ပြည်သူ၊ ပြည်သားများ၊ အထူးသဖြင့် အမျိုး သားများ လုံ့လ၀ီရိယတရားများ နည်းပါးနေမှုကြောင့် ဖြစ်ရတာလို့ ထောက်ပြတော်မူတယ်။ ကိုယ်ပိုင်အတွေးနဲ့ ဆင်ခြင်နိုင်ဖို့ပါ။

ဆရာတော်ဘုရားကြီးက “အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည်မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂေဇက်ကို ကြည့် လျှင် ဂုဏ်းထူးဆောင်နှင့် အောင်မြင်သူနည်းပါးလှသည့်အပြင် အထက်တန်း ပညာရပ်၌လည်း အခြားလူမျိုးများထက် ရာခိုင်နှုန်း နည်းပါးသည်ဟု ကြားရ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေး ကျများစွာခံပြီးနေကြပါလျှက် ငွေထောက်ပံ့ကြရသော မိဘအစ်ကို အစ်မတို့ကို မငဲ့ညှာကြဘဲ လုံးလ၀ီရိယကင်း၍ အပျင်းပေါပြီး ကမြင်း ကြောထနေမှုတို့ကြောင့်သာ အများအပြားဖြစ်တန်ရာ၏”တဲ့။ (ကိုယ်ကျင့်အဘိဓမ္မာ နှာ-၁၃၆-၁၃၇) ဆရာတော်ဘုရားကြီးရဲ့ မေတ္တာ၊ စေတနာများကား အံ့သြလောက်စရာပါ။ မေတ္တာ၊ စေတနာတို့ရဲ့ တန်ဖိုးမျိုးဆိုတာ တန်းဖိုးသိသူများသာ တန်ဖိုးရှိမှန်းသိနိုင်ကြတယ် မဟုတ်ပါလား။ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် ပညာရေးမှာ မကြိုးစားတာဟာအမှန်ပါ။

ဥပမာလေးတစ်ခုကို ထုတ်ပြမယ်။ ယခုခေတ် မြန်မာ နိုင်ငံတွင် ဆေးကျောင်းတက်ရန် ကျောင်းဝင်ခွင့်အမှတ်ကို သတ်မှတ်ခေါ်ယူရာ၌ ကျောင်းသူများရဲ့ ဆယ်တန်းအောင်ရမှတ်အောက်၊ အမှတ် (၃၀) လျှော့၍ ကျောင်းသားများကို ခေါ်ယူထားကြောင်း ကြားသိရတယ်။ ကိုယ်တိုင်လည်း စုံစမ်းမေးမြန်းကြည့်တယ်။ ကြားတဲ့ အတိုင်းလည်း မှန်နေတာ။ မတူညီတဲ့အချိုးအစား၊ မမျှ တတဲ့ ပညာရေးစနစ်ကို တွေ့နေရသေးတယ်။ ဆိုကြပါစို့။ ဆေးကျောင်းဝင်ခွင့်အမှတ်ကို (ယခုနှစ်၌) ကျောင်းသားများအတွက် အမှတ်ပေါင်း (၄၆၅) ရလျှင် ဆေးကျောင်းသို့ တက်ရောက်နိုင်ခွင့်ရှိပြီး၊ ကျောင်းသူများအတွက်တော့ အမှတ် ပေါင်း (၄၉၅) မှတ်ရမှ ဆေးကျောင်းသို့ တက်ရောက်ခွင့်ရရှိကြတယ်။ နှိုင်းယှဉ်ကြည့်ဖို့နဲ့၊ စဉ်းစားဝေဖန်နိုင်ဖို့ပါ။

ဆရာတော်ဘုရားကြီး ဆက်လက်မိန့်ကြားထားတာက “(တက္ကသိုလ်) ကျောင်းတော်သို့ရောက်ကြသည့်အချိန်မှာ အသက် (၂၀) နီးပါး ရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက်မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာစသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေထွန်းကားခဲ့သော အမျိုးသားဖြစ်ပါလျက် ငါတို့လက်ထက်မှ အဘယ့်ကြောင့် အပျင်းဘ၀၌ အဖျင်းအအလုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားဖြင့် ရဲရဲတောက်တောက် ကလေးများ ဖြစ်သင့်ကြသည်မဟုတ်လော” တဲ့။ (ကိုယ်ကျင့် အဘိဓမ္မာ နှာ-၁၃၇) ဆရာတော် ဘုရားကြီး ထောက်ပြထားတဲ့အတိုင်း အရာရာတိုင်းမှာ နိမ့်ကျနေခြင်းဟာ “အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ”ဆိုတဲ့ အချက်ကလေးကို သတိပြုနိုင်ကြဖို့်ပါ။

လူ့ဘ၀မှာ အမှန်ကိုပြောပေမဲ့ အမှန်ပြောသူရဲ့စကားကို လက်ခံသူက လက်မခံ နိုင်ဘူးဆိုရင် ကောင်းကျိုးဆိုတာကို ဘယ်မှာဖြစ်လာနိုင်မှာလဲ။ ဆရာတော်ဘုရားကြီးကတော့ စေတနာအပြည့်နဲ့ အခွင့်အခါသင့်တိုင်း လူတွေကိုရော၊ ရှင်ရဟန်းတွေကိုပါ မိန့်ကြားတော်မူခဲ့တာပဲ။ အလုပ်ကျိုးစားလို့ ကြီးပွားချမ်းသာသူများကို အပြစ်မြင်နေတာမျိုးထက် ကိုယ့်ဘ၀ကို ကိုယ်နားလည်အောင်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်နိုင်အောင် ပြောခဲ့တာပါ။ ဆရာတော်ဘုရားကြီးရဲ့တိုက်တွန်းချက်တွေဟာ အမျိုးသားရေးအတွက်ဆိုတာ ကြည့်တတ်သူများ မြင်နိုင်ကြမှာပါ။ “ကြည့်သောသူမြင်၏” ဆိုတာ ဒီလိုသဘောမျိုးဖြစ်မှာပါ။

“လူတို့ဘက်၌သာ ပညာစံချိန်ညံ့သည်မဟုတ်သေး။ သာသနာပညာလည်း အခါအလျောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်း တော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်းသား မှူးမတ်သားတို့၏ ဆရာတော် များဖြစ်ကြသည်။ မိမိတို့သည် (ခေတ်) အခါနှင့်လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုမပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှောကျရုံသာမက တချို့ကျေးရွာ ကျောင်း၊ ရွာကျောင်းများ၌ ဆွမ်းခံပေးမည့်ကလေးပင် မရှိတော့ချေ။ ဤအချက်ကား မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင် နေခြင်းပင် ဖြစ်တော့သည်။

ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုရှင်းရလျှင် ကိုယ့်အထုပ်ကိုယ်ဖြေပြရာရောက်မည်ဖြစ်၍ မရှင်းလင်းလိုတော့ ပါ။ ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ၀ီရိယကင်း၍ အပျင်းများမှုကြောင့်ဖြစ်သည်”ဟု မိန့်မှာတော်မူခဲ့တယ်။ (ကိုယ်ကျင့်အဘိဓမ္မာ- နှာ ၁၃၇-၁၃ဂ) ရဟန်းသံဃာတော်များသည် တိုင်းသူပြည် သားတို့၏ဆရာအဖြစ် ရပ်တည်နိုင်ရေးအတွက် ပြုလုပ်သင့်တဲ့အရာတွေထဲမှာ ဘယ်အရာကပိုအရေးကြီးနေပြီလဲဆိုတာ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။

ဆရာတော်ဘုရားကြီးရဲ့အမြင်မှာ ရဟန်းရှင်လူများအားလုံး လုံ့လ၀ီရိယများ တိုးမြှင့်ပေးကြဖို့ အမျိုးသားရေးအမြင်နဲ့ တိုက်တွန်းနှိုးဆော်ခဲ့ တာပါ။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ အပြောတစ်ခုတည်းနဲ့ မလုံလောက်သလို၊ အလုပ် တစ်ခုတည်းနဲ့လဲ မလုံလောက်နိုင်ပါ။ ပြည်သူ၊ ပြည်သားများရဲ့ စိတ်ဓာတ်တွေကိုမြှင့်တင်ပေးခြင်း၊ အကျိုးပြုလုပ်ငန်းတွေကိုလည်း စွမ်းနိုင်သမျှ ပူးပေါင်းလုပ်ဆောင်ပေးခြင်း-စတဲ့ လက် တွေ့ကြတဲ့ အကျိုးပြုလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်ပေးကြရမှာ။ အမျိုးသားရေးဆိုတာ နက်ရှိုင်းတဲ့ သမုဒ္ဒရာပြင်ကြီးလိုပါ။

လူနဲ့လူ့ပတ်ဝန်းကျင်။ မျှတမှုမရှိတဲ့လူနေမှုဘ၀။ အမြင်မတူတဲ့အတွေးများ။ လူအချင်းချင်း မာနတွေကလည်း မိုးထိနီးပါးမြင့်မား။ အမြင်မတူ လို့ဝေးကြမယ်ဆိုရင်လဲ “ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ” ဆိုတဲ့ လူမျိုး။ ဒီအခက် အခဲတွေကို ဘယ်လိုကျော်လွှားနိုင်ကြမှာလဲ။ ဘယ်သူတွေက ကျော်လွားနိုင်အောင် ကူညီပေးကြမှာလဲ။ တွေးရင်းတောရင်း “စုံပုဝါ ဘယ်ညာချ” နိုင်ဖို့အရေး စုပေါင်းပြီးစဉ်းစားပေးကြပါလို့ တိုက်တွန်း နှိုးဆော်ရင်း တွေးလက်စ အတွေးများကို ရပ်နားပါရစေ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ …။

ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)
စက်တင်ဘာ ၃၊ ၂၀၁၁