ငြိမ်းချမ်းရေးကို ရှာဖွေခြင်း.
မိမိတို့သည် မွေးလာကတည်းက မျက်စိဖွင့်၍ အပြင်လောကကြီးကို မော်ကြည့်ကာ
တဖြည်းဖြည်းနှင့် ကြီးပြင်းလာရသည်။ အပြင်လောကမှာ မတွေ့ဖူးတာတွေ
မမြင်ဘူးတာတွေ မကြားဘူးတာတွေ များလွန်းလှတော့ အံ့သြစွာနှင့်
အထင်ကြီးစွာနှင့် အပြင်လောက၏ ဖမ်းစားမှု နောက်ကို တဖြည်းဖြည်းနှင့် မသိမသာ
မျောပါသွားရတော့သည်။
အပြင်လောကမှာ ကိုယ်မသိတာတွေ များလွန်းတော့ သိချင်စိတ်တွေက များလာသည်။
သိချင်စိတ်တွေက များလာတော့ လေ့လာမှု စူးစမ်းမှုတွေကလည်း များလာတော့သည်။ ပထမ
အရွယ်မှာ ပညာရှာဆိုသည့် အတိုင်း ပထမအရွယ် အသက်အစိတ် သုံးဆယ်လောက်အထိ ပညာ
တွေရှာကြရသည်။ ပညာခေတ်ဆိုတော့ ပညာကမရှာလို့မဖြစ်။ပညာမတတ်လေ ပညာမသိလေ ပညာမရှိလေ နောက်ကောက်ကျလေ ကျကျန်ရစ်မှာသေခြာသည်။ သည်တော့ ပညာတတ်ဘို့ ပညာလက်ဝယ်ရှိဖို့ လိုသည်။လိုတော့ရှာကြရသည်။ ပညာရှာတော့လည်း အပြင်လောကက ပညာတွေကိုပဲ မျက်စိဖွင့်၍ ရှာကြရသည်။ပညာကို အသံထွက်က ပြင်ညာဟု အသံထွက်ကြသည်။ပရမတ်နယ်ကကြည့်တော့  ပြင်ညာဟူ၍ အသံ ထွက်သည့်အတိုင်း အပြင်လောကကြီးက ပြင်ကြ ညာကြနှင့် ပြင်ပြင်ပြီး ညာနေကြတာတွေက များ ပါသည်။
ပရမတ်နယ်မဆိုက်နိုင်သေးလေတော့ သူကကိုယ့်ညာ ကိုယ်ကသူ့ညာနှင့် ပြင်လိုက် ညာ လိုက်နှင့်ပဲ အချိန်ကုန်သွားခဲ့ကြလို့ ယခုလို သံသရာရှည်နေရခြင်း ဖြစ်သည်။ ဒုတိယအရွယ်မှာ ဥစ္စာရှာဟုဆိုသည်။ ဥစ္စာရှာကြတော့လည်း အပြင်လောကမှာဘဲ မျက်စိ ဖွင့်၍ ရှာကြရသည်။ဆရာတို့ကလည်း “ မျက်စိကိုဖွင့်၊ နားကိုစွင့်” ဟု တပ်လှန့်ဆော်သြကြသည်။ မျက်စိကိုမဖွင့် နားကိုမစွင့်လျှင် ငတုံး ငအဖြစ်ရတော့မည့်ပုံစံမျိုး ခြောက်လှန့်ကြသည်။သည်တော့ မျက်စိကိုလည်း အစွမ်းကုန်ဖွင့်ကြရသည်။နားကိုလည်း အစွမ်းကုန် စွင့်ကြရသည်။
မျက်စိကဖွင့်ရ ဖန်များတော့ ပြူးပြူးထွက်လာရသည်၊ နားကစွင့်ရဖန်များတော့ ကားကားထွက်လာသည်၊ သည် ခေတ်ထဲမှာ မျက်ပြူးလေးတွေ နားကားလေးတွေသာ လူရာဝင်ကြရတော့မည့် အနေအထားမျိုး ဖြစ်လာသည်။ သိပ္ပံပညာကို အဓိပ္ပါယ်ဖွင့်တော့ မျက်စိနှင့်နားကို အလုပ်ရှုပ်အောင် လုပ်လိုက်ခြင်းဟု ဆိုရ လိမ့်မည်၊ မျက်စိနှင့်ကြည့်စရာ အသစ်အဆန်းတွေကလည်း များများလာသည်၊ နားနှင့်ကြားစရာ အသစ်အဆန်းတွေ စိတ်ဝင်စားဖွယ်ရာတွေကလည်း များများလာလေသည်၊
သိပ္ပံခေတ်ကြီးကြောင့် မျက်စိနှင့် နားမှာ တော်တော်အလုပ်ရှုပ်ရသည်၊ မျက်စိနှင့်နားအလုပ်တွေများတော့ မျက်စိလည်း ပင်ပန်းသည်၊ နားလည်း ပင်ပန်းသည်၊ ထိုကြောင့် ယခုခေတ်မှာ မျက်မှန်တပ်ရသည့်လူတွေ များ များလာသည်၊ နောက်တဖြည်းဖြည်းနှင့် နားကြပ်တပ်ရမည့်သူတွေလည်း များလာဖွယ်ရှိသည်။ မျက်စိအကျင့်ဆိုသည့်အတိုင်း မျက်စိကကြည့်ဖန်များတော့ ကြည့်ချင်လာသည်၊
ဆာ လောင်မွတ်သိပ်သည်၊ နားကလည်းကြားဖန်များတော့ ကြားချင်လာသည်၊ ယခုခေတ်မှာ ပါးစပ်က ဆာလောင်မွတ်သိပ်မှုထက် မျက်စိနှင့်နားက ပို၍ဆာလောင်မွတ်သိပ်သည်ဟု ထင်သည်။ တတိယအရွယ်မှာ တရားရှာဟုဆိုသည်၊ သို့သော် မဟာဓနသူဋ္ဌေးသားဝတ္ထု၌ ဘုရားမိန့် သည်ကိုကြည့်တော့ ပညာရှာတာပဲဖြစ်ဖြစ် ဥစ္စာရှာတာပဲဖြစ်ဖြစ် တရားရှာတာပဲဖြစ်ဖြစ် ပထမ အရွယ်က အကောင်းဆုံး၊ ပထမအရွယ်ကအခွင့်အရေးအရှိဆုံးဆိုတာတွေ့ရသည်၊
ထိုဝတ္ထု၌ ဘုရားမိန့်သည်အတိုင်းဆိုလျှင် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ပထမအရွယ်က ကံဥာဏ် ဝီရိယတို့ကို မမီတော့၊ တတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့ကို မမီတော့၊ ထိုကြောင့် အတက်ကားကို ဦးစားပေးပါဟူသော စကားသည် မှန်ကန်မှုရှိသည်၊ အတက်ကားက စွမ်းဆောင်မှုတွေပိုနေတာတွေ့ရသည်။
နီတိဆရာတို့က အရွယ်သုံးပါးနှင့် အရှာသုံးမျိုးကို ယေဘုယျအားးဖြင့် ပိုင်းခြားထားခဲ့သော် လည်း အများစုက မွန်းတည့်ချိန်မှာ နေဝင်သည်ဟုဆိုရမလား၊ ဒုတိယအရွယ်မှာပဲ အချိန်ကုန်သွားကြတာက များသည်။ တတိယအရွယ်ကိုသိပ်မရောက်ဖြစ်လိုက်၊ အဘယ်ကြောင့် ဆိုသော် မျက်စိဖွင့်ရှာနေကြတာက များသောကြောင့်ဖြစ်သည်၊ နောက်ဆုံး အပြီးတိုင် မျက်စိမှိတ် သွားမှသာ မှိတ်လိုက်ကြသည်၊ ထိုသို့မမှိတ်မချင်းကတော့ ဖွင့်၍သာထားကြသည် ၊ ဖွင့်၍သာရှာ ကြသည်။
“ တရားပျောက်တော့ ကိုယ်မှာရှာ၊ တရားရှာတော့ ကိုယ်မှာတွေ့ ” ဟုဆိုသည်၊ ရှာခြင်းက နှစ်မျိုးရှိသည်၊ တရားရှာခြင်းနှင့် မတရားရှာခြင်း၊ တရားရှာကိုယ်မှာတွေ့ဆိုတော့ တရားကအပြင် မှာ မတွေ့နိုင်သည့်သဘော ဖြစ်သည်၊ အပြင်မှာမတွေ့နိုင်တာက အပြင်မှာမရှိလို့ဖြစ်လိမ့်မည်၊ အပြင်မှာရှိနေတာတွေက မတရားတာတွေပဲများနေပုံရသည်၊ သို့ဆိုလျှင် အပြင်မှာရှာနေခြင်းက တရားရှာခြင်းမဟုတ်၊ မတရားရှာခြင်းသာဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်သည်။ အပြင်မှာတရားမရှိ အပြင်ကဟာတွေက မတရားလို့ဆိုတော့ လွန်များသွားလေမလားပဲ။
မတော်မတရားဟုဆိုသဖြင့် တော်မတရားဆိုတာကလည်း ရှိရမည်၊ ထိုကြောင့် မတော်မတ ရားနှင့် တော်မတရားဟူ၍ မတရားတာကနှစ်မျိုးရှိသည်။ ပုထုဇဉ်ဆိုတာက အကောင်းအဆိုး ဒွန်တွဲနေသည်၊ အဆိုးမရှိပါဘူး၊ အကောင်းချည်းပါဆိုလျှင် အရိယာဖြစ်သွားလိမ့်မည်၊ ပုထုဇဉ်တို့ ဆိုးရာ၌ ကိုယ့်အဆိုးက သူတပါးကိုထိခိုက်လျှင် “ မတော်မတရား” ဖြစ်သည်၊ ကိုယ့်အဆိုးက သူ တပါးကိုမထိခိုက်လျှင် “ တော်မတရား ” ဖြစ်သည် ။ ထို့်အပြင် ကိုယ်ကအကောင်းဟုခံယူထား သည်၊ အကောင်းဟုသိထားသည်၊ သို့သော် ကိုယ့်အကောင်းဆိုတာကြီးက သူတပါးအတွက် မကောင်းလျှင် ၊ သူတပါးမှာ ထိခိုက်နစ်နာနေလျှင် “ မတော်မတရား ”ဟူ၍သာသတ်မှတ်ရမည်။
အရက်ကြိုက်လို့အရက်သောက်သည်၊ သို့သော် သူတပါးကို ထိခိုက်အောင်မပြော၊ ထိ ခိုက်အောင်မလုပ်၊ ထို့အတူ အခြားအပျော်ကိစ္စ ဖျော်ဖြေရေးကိစ္စတွေလည်း မကင်းတတ်၊ သို့သော် သူတပါးအတွက် ဘာထိခိုက်နစ်နာမှုမှ မရှိလျှင် မတရားမှုမှန်သော်လည်း တော်သေး သည်၊ သို့ဆိုလျှင် “ တော်မတရား ”ဟုဆိုရမည်၊ ပုထုဇဉ်ဟူသည် မကောင်းမှုတွေမကင်းနိုင်သေး တော့ အဓမ္မခေါ် အကုသိုလ်ကိစ္စတွေက မကင်းနိုင်သေး ၊ ရှိနေလိမ့်ဦးမည် ။ အရေးကြီးတာက သူတပါးကို မထိခိုက်စေဖို့ မနစ်နာစေဖို့ဖြစ်သည်၊ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ တဖက်သားမှာ ထိခိုက်နစ်နာသွားလျှင် တော်လည်းမတော် ၊ တရားလည်းမတရားတော့ ။
“ ရဟန်တို့ … အနရိယ ပရိယေသနာ - မမြတ်သောရှာခြင်း၊ အရိယပရိယေသနာ-မြတ်သောရှာခြင်းလို့ ရှာခြင်းနှစ်မျိုးရှိတယ်၊ မိမိကိုယ်တိုင်က အိုရ နာရ သေရတဲ့ သဘောရှိနေပါ လျှက် အအို အနာ အသေ မလွတ်တဲ့ မတရားတာတွေပဲ ရှာနေတယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်နေရပါလျက်နဲ့ စိတ်ညစ်စရာတွေပဲ ရှာနေတယ်၊ ဒါဟာ မမြတ်သောရှာခြင်းပဲ၊ မိမိကိုယ် တိုင်မှာ အိုရ နာရ သေရတဲ့ သဘောရှိနေလို့ အအိုလွတ် အနာလွတ် အသေလွတ်တဲ့ တရားကိုရှာ တယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်ရလွန်းလို့ စိတ်မညစ်ရမဲ့တရားကို ရှာတယ်၊ ဒါဟာ မြတ်သောရှာ ခြင်းပဲ ” ၊ ပရိယေသနသုတ္တန်၌ ဘုရားက ဤသို့မိန့်ခဲ့သည်။
ကမ္ဘာတစ်လွှားမှာ အားလုံးကတော့ အရှာသမားတွေချည်းပါပဲ၊ ဘာတွေရှာနေကြတာလဲ၊ ပညာ၊ ဥစ္စာ၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာမှု၊ အဓိကကတော့ ငွေ၊ ငွေဆိုတာကလည်း ချမ်းသာဖို့ပါပဲ၊ ဒါတွေက ဘယ်အတိုင်းအတာအထိ မိမိပိုင်ဆိုင်ခွင့်ရနေရမှာလဲ၊ အားလုံးက အနိစ္စ၊ အားလုံးက ပုတိ၊ ဘင်္ဂ၊ မရဏ၊မိမိလက်ထဲမှာ အခိုက်အတန့်ပါပဲ၊ ထိုကြောင့် ဘုရားက ဒါတွေကို ရှာနေတာ အနရိယပရိယေသနာ-မမြတ်သောရှာခြင်းဟုမိန့်ခဲ့သည်။
တစ်ခါက ဥပတိဿနှင့် ကောလိတ သူငယ်ချင်းနှစ်ယောက်ပွဲကြည့်နေကြသည်၊ သူတို့နှစ် ယောက်ပွဲကြည့်ရင်း စဉ်းစားတာက “ ဒီပွဲ ကနေသူတွေရော ပွဲကြည့်နေသူရော အားလုံးဟာ အနှစ်တရာအတွင်း သေကြေပျက်စီးကြရမှာ၊ အနှစ်တရာလောက်ဆိုရင် နာမည်တောင်ကျန်မှာ မဟုတ်တော့ဘူး၊ အားလုံးဟာ “မတ” သေကြရမှာ၊ “မတ ”ဆိုတဲ့ သေခြင်းရှိရင် “ အမတ ”ဆိုတဲ့ မသေရာအမြိုက်တရားလည်းရှိရမှာပေါ့၊ အဲဒီ အမြိုက်တရားကို ငါတို့နှစ်ယောက် ရှာဖွေကြရ အောင် ” ဟု တိုင်ပင်ပြီး အရှာထွက်ခဲ့ကြသည်။
ကောလိတသည် အရှင်အဿဇိထံမှ တရားနာရသဖြင့် အမတခေါ် အမြိုက်တရား ရသွား သည်။ ဥပတိဿက ကောလိတထံမှတဆင့် တရားနာရသဖြင့် အမြိုက်တရားရသွားသည်၊ ဥပတိဿက အရှင်သာရိပုတ္တရာဖြစ်လာသည်၊ ကောလိတက အရှင်မောဂ္ဂလာန် ဖြစ်လာသည်၊ သူ တို့၏ ဆုတောင်းနှင့် ဖြည့်ကျင့်မှုကြောင့် အရှင်သာရိပုတ္တရာက ပညာအရာမှာ အမြတ်ဆုံးအဖြစ် နှင့် ဧတဒဂ်ရပြီး လင်္ကျာရံအဂ္ဂသာဝကကြီး ဖြစ်ရသည်၊ အရှင်မောဂ္ဂလာန်က တန်ခိုးအရာမှာ အမြတ်ဆုံး အဖြစ်နှင့် ဧတဒဂ်ရပြီး လက်ဝဲရံအဂ္ဂသာဝကကြီး ဖြစ်ရသည်။
သူတို့နှစ်ဦး ပထမတော့ မျက်စိဖွင့်ရှာကြသည်၊ မျက်စိဖွင့်ရှာနေတာတွေက သေခြာတွေး ကြည့်လိုက်တော့ စိတ်ညစ်စရာတွေချည်း ဖြစ်နေသည်၊ သူတို့လမ်းကြောင်းပြောင်းလိုက်ကြတော့ သည်၊ အာရုံပြောင်းလိုက်ကြသည်၊ အပြင်လောကထဲ မျက်စိဖွင့်ရှာနေရာကနေ မိမိရုပ် နာမ် ခန္ဓာ အတွင်းလောကထဲ စိတ်ပြန်ထည့်ပြီး မျက်စိမှိတ်၍ ရှာကြည့်ကြသည်၊ သူတို့လိုချင်သော ညစ်ညမ်း မှုတွေ ကင်စင်၍ သန့်ရှင်းသောစိတ်ကို တွေ့သွားကြသည်၊
ထိုစိတ်ကို တွေ့ရှိလိုက်သဖြင့် အမြိုက်တရားကိုလည်း တွေ့သွားကြသည်။ ဂေါတမဘုရားရှင် ဘုရားဖြစ်တော်မူကာစ ကျွတ်ထိုက်သည့် ဝေနေယျအများကို ကြည့် လိုက်တော့ ဘဒ္ဒဝဂ္ဂိယညီနောင် မင်းသားသုံးကျိပ် ကျွတ်တမ်းဝင်မည့် အရေးကို တွေ့ရသည်၊ ထိုကြောင့် တောထဲတစ်နေရာ မင်းသားတွေနှင့် တွေ့နိုင်မည့်နေရာက သွားကြိုနေသည်။
တစ်နေ့တော့ မင်းသားသုံးဆယ်သည် ပျော်ပွဲစား ထွက်လာကြသည်၊ ၂၉-ယောက်သော မင်းသားတွေက ကိုယ်ပိုင်ကြင်ယာတွေ ရှိကြသည်၊ တစ်ယောက်သောမင်းသားက ကိုယ်ပိုင်မရှိလို့ အမျိုးသမီးတစ်ယောက်ကို အခကြေးငွေနှင့် ခေါ်လာသည်၊ နေ့လည်ခင်း မင်းသားတွေ မူးရူးပြီး အိပ်ပျော်နေခိုက် အခပေးခေါ်လာသော အမျိုးသမီးက မင်းသားတွေ၏ လက်ဝတ်တန်ဆာ ရတနာ တွေကို ခိုးယူထွက်ပြေးလေတော့၏ ။ ညနေစောင်း မင်းသားတွေနိုးလာသောအခါ သူတို့ပစ္စည်းတွေလည်းပျောက်၊ ခေါ်လာ သော အမျိုးသမီးလည်း ပျောက်မို့ စိတ်ဆိုးဆိုးနှင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်မယ်ဟဲ့ရယ် လို့ အမျိုးသမီးပျောက်လိုက်ရှာကြသည်၊
လမ်းတစ်နေရာ ဘုရားနှင့်တွေ့တော့ သူတို့က ဘုရားမှန်း လည်းမသိ သာမန်ရသေ့ပရဗိုဇ်တစ်ပါးမျှသာ ယူဆသည်။ မင်းသားတွေက “ အရှင်ဘုရား …. ဒီနားမှာ အမျိုးသမီးတစ်ယောက်များ ဖြတ်သွားတာ မတွေ့မိပါလားဘုရား ” ဟု မေးလျှောက်တော့ ဘုရားက “ နေစမ်းပါဦးကွယ် …မင်းတို့ကို ငါ စကားတစ်ခွန်းလောက် အရင်မေးစမ်းပါရစေ၊ ယခုလို အမျိုးသမီးပျောက်လို့ ရှာတာနဲ့ ကိုယ့်ကို ကိုယ်ရှာတာ နှစ်ခုမှာ ဘယ်ရှာတာက ပိုကောင်းပါသလဲ ” ဟု မေးခွန်းထုတ်သည်။
ပါရမီဓါတ်ခံ ရင့်သန်နေသော မင်းသားတွေဖြစ်တော့ ချက်ချင်းသဘောပေါက်သွားသည်၊ ဦးတွေညွတ်သွားကြသည်၊ ဒူးတွေ ကွေးသွားကြသည်၊ လက်ထဲကဓားတွေ လှံတွေ ဘေးလွှတ်ချ လိုက်သည်၊ ပုဆစ် ဒူးတုပ်လျက်သား ဖြစ်သွားသည်၊ လက်အုပ်က အလိုလိုချီပြီးသား ဖြစ်သွား သည်၊ သူတို့ပြန်ဖြေကြသည်၊ “ အရှင်ဘုရား … ကိုယ့်ကိုကိုယ် ပြန်ရှာတာက ပိုကောင်းပါတယ် ဘုရား ….” ။ “ ဒါဆိုလျှင်လည်း ငါပြောတာ နားစိုက်ကြ ” ဟု မိန့်ပြီး ဘုရားက ဒါန သီလ သဂ္ဂ မဂ္ဂကထာတို့ကို ဆက်ဟောသည်၊ မင်းသားတွေ မျက်စိမှိတ်ပြီး ခန္ဓာထဲ ဥာဏ်စိုက်ရှာဖွေလိုက်ကြ သည်၊
သစ္စာလေးပါးတရားကို တွေ့ရှိသွားကြသည်၊ မင်းသားတွေ အပြင်လောကကို မျက်စိဖွင့်ပြီး ရှာကြစဉ်ကတော့ ပူလွန်း၊ လောင်လွန်းလိုက်တာ၊ ဒေါသ၊ ဒေါမနဿတွေနှင့် စိတ်ဆိုးလိုက်ရတာ၊ စိတ်တွေညစ်လိုက်ရတာ၊ အခုတော့မျက်စိမှိတ်ပြီး အတွင်းလောကကို အာရုံပြုကာ ခန္ဓာဥာဏ်စိုက် ရှာလိုက်ကြတော့ အပူတွေ အလောင်တွေ အားလုံးလည်း ငြိမ်းသွား အေးသွားတော့သည်၊ အရှုပ်တွေအားလုံးလည်း ရှင်းသွားတော့သည်၊ အညစ်တွေအားလုံးလည်း သန့်ရှင်းစင်ကြယ်သွား တော့သည်။
မိမိတို့ မျက်စိဖွင့်ရှာခဲ့ကြတာ များနေပြီ၊ နောက်ဆုံး အပြီးတိုင် မျက်စိမမှိတ်ခင်လေး အတွင်းမှာ မျက်စိမှိတ်ပြီး ရှာကြည့်ဖို့တော့ လိုအပ်နေသေးသည်၊ ငြိမ်းချင် ၊ အေးချင်၊ သန့်ချင် ၊ ရှင်းချင် ၊ စင်ကြယ်ချင်လျှင်တော့ မျက်စိမှိတ်၍ ရှာကြရဦးမည်။
ကဲ….မျက်စိမှိတ်ပြီး -
ကိုယ့်စိတ်ကလေးကိုယ် - ကြည့်ကြည့်လိုက်စမ်းပါ- ဘာရှိလည်း ဘာမှမရှိဘူး - ဘယ်သူရှိလည်း ဘယ်သူမှမရှိဘူး ငါရှိလား ငါလည်းမရှိဘူး - မရှိတာကို အရှိလုပ်နေလို့ခက်နေတာ မရှိကို အရှိမှတ်နေလို့ - လောဘ ဒေါသ မာန်မာနတွေနဲ့ ခက်ထန်နေကြ - မောက်မာနေကြ - ရိုင်းစိုင်းနေကြ ပူလောင်နေကြတာ - မျက်စိဖွင့်ကြည့်နေသမျှတော့ ရှိနေမှာပဲ မျက်စိမှိတ် ကြည့်လိုက်လျှင်တော့ - ဘာမှမရှိပါလား ဘာမှမဟုတ်ပါလားဆိုတာ အမှန်အတိုင်း သိသွား မြင်သွားပြီ - လောဘ ဒေါသစသည် အားလုံး ချုပ်သွား
ငြိမ်းသွား ပျောက်သွားလေပြီ - ငြိမ်းချမ်းရေးဟူသည် အတွင်းမှာသာရှိသည် - မျက်စိမှိတ်ရှာမှတွေ့မည် …….။
ဓမ္မပီယဆရာတော်
(လွမ်းလို့သာ ကျန်ရစ်ခဲ့ပါစေလေ ….စာအုပ်မှ)