(၁)
`အစကတည်းက ခင်လေးပြောပြီးသားပဲ
မောင်ရာ၊ အဖေ့ဆီကိုသွားရင် ဖိုးသားလေးကို ဘယ်လိုမှ ခေါ်သွားလို့မဖြစ်ဘူးဆိုတာ။
အခုတော့ ဘယ့်နှယ်လုပ်မလဲမောင် ဖိုးသားလေးချောင်းဆိုးတာ သုံးရက်ရှိပြီ။ အဲဒါမောင်ပေါ့လျော့တာ´
ငိုသံစွက်ရုံမက မျက်ရည်တွေပါ
ပိုးပိုးပေါက်ပေါက် ကျနေပြီဖြစ်သော ဇနီးသည်၏ ပြောစကားအောက်တွင် ကျွန်တော့်၌ ပြောစရာစကား
အဆင့်သင့်ရှိမနေပါ။
တကယ်ဆိုလျှင်
ခင်လေးပြောသလို ကျွန်တော်ပေါ့လျော့ခဲ့သော အပိုင်းလည်းပါသည်။ ပြဿနာသည် တီဘီရောဂါဟု သံသယရှိနေခြင်းခံရသော
အဖေ့အိမ်သို့ ငါးနှစ်အရွယ်ကျွန်တော့်သား ရောက်ရှိသွားခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။
(၂)
တကယ်တမ်းတွင် အဖေ့အိမ်နှင့်ကျွန်တော့်အိမ်သည်
စည်းရိုးတစ်ခုသာ ခြားထားသော အ၀န်းအ၀ိုင်းတစ်ခုတည်းမှသာ ဖြစ်သည်။ ကျွန်တော်အိမ်ထောင်ကျတော့
အဖေနှင့်အမေက အိမ်ဘေးက မြေကွက်လပ်တွင် ကျွန်တော့်ကို အိမ်ဘေးက မြေကွက်လပ်တွင် ကျွန်တော့်ကို
အိမ်ဆောက်ပေးခဲ့လေသည်။ စည်းရိုးတစ်ခုခြားထားသော်လည်း အချိန်မရွေးဥဒဟို ၀င်ထွက်၍ ရနိုင်ရန်
ခြံစည်းရိုးအလယ်တွင် လူသွားစရာတံခါးတစ်ပေါက်ကို အမြဲတမ်းဖွင့်ထားလေ့ရှိသည်။
ကျွန်တော်က ညီအစ်ကိုသုံးယောက်တွင်
အငယ်ဆုံးသားဖြစ်သော်ငြား အိမ်ထောင်ကျသည်နှင့် တစ်ပြိုင်နက် အဖေက ပျဉ်ထောင်သွပ်မိုးအိမ်တစ်လုံး
ဆောက်ပေးပြီး အိမ်ခွဲထားပေးခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်အစ်ကို
နှစ်ယောက်မှာ တစ်ရပ်ကွက်ထဲတွင် အိမ်ထောင်ကိုယ်စီနှင့် အိမ်အသီးသီး ရှိကြသော်လည်း ကျွန်တော့်လို
နီးနီးကပ်ကပ် နေကြသူတွေမဟုတ်။ မိသားစုကိုယ်စီနှင့် ညီအစ်ကိုသုံးယောက်လုံးက စီးပွားရေးပိုပိုလျှံလျှံမဟုတ်သော်ငြား
စားနိုင်သောက်နိုင်သည့် အခြေအနေမှာတော့ အားလုံးရှိနေသည်။
အဖေက ဌာနတစ်ခုမှာ
ရုံးအုပ်တစ်ယောက်လုပ်ခဲ့ပြီး ပင်စင်ယူလို့ အေးအေးဆေးဆေးနေမည် ကြံရုံမှမရှိသေး ချောင်းတဟွတ်ဟွတ်ဆိုးကာ
ခဏခဏ ဖျားတော့သည်။ အိပ်ရာထဲမှာလည်း နေသူမဟုတ်သော်လည်း တရှောင်ရှောင်နှင့် ဖြစ်လာရသည်။
အစပိုင်းတွင် ရပ်ကွက်ထိပ်ဆေးဆိုင်မှ စပ်ဆေးအချို့နှင့် သဟဇာတဖြစ်နေခဲ့သော်လည်း အဖေ့ချောင်းဆိုးရောဂါက
ပျောက်သွားလှ ငါးရက်၊ တစ်ပတ်သာ။ ပြီးလျှင် ချောင်းက ပြန်ဆိုးလာပြန်သည်။ ချောင်းဆိုးပုံကြီးကလည်း
သက်တောင့်သက်သာတော့မဟုတ်။
တကယ့်ကို ရင်ခေါင်းသံကြီးနှင့်။
အဖေချောင်းတစ်ခါဆိုးလျှင် ၀မ်းဗိုက်ထဲက ကလီစာတစ်ခုခု ပြုတ်ထွက်ပါလာတော့မည်ဟု ထင်ရလောက်အောင်ပင်
အဖေ၏အခြေအနေမှာ ဆိုးလာခဲ့သည်။
အဖေ့ကို ကျွန်တော်တို့
သံသယ၀င်ပြီ။
အဖေတစ်ခုခုများ ဖြစ်သလား။
တစ်ခုခုဆိုတာလည်း အခြားတော့မဖြစ်နိုင်။ ချောင်းတွေ ဒီလောက်အဆက်မပြတ် ဆိုးနေပုံထောက်လျှင်…။
အတွေးများ၏ အဆုံးတွင်
အစ်ကိုနှင့်တိုင်ပင်ပြီး အထူးကုဆေးခန်း မဟုတ်သော်ငြား၊ အတော်အသင့် နာမည်ရှိသော ဆေးခန်းတစ်ခု
ပြေးရပြီ။ အဖေ့ကိ သွေးစစ်ကြ၊ ဆီးစစ်ကြ၊ ဓာတ်မှန်ရိုက်ကြသည်။ နောက်ဆုံး ဆေးခန်းလေး၏
အဖြေက အဖေ့မှာ အဆုတ်တစ်ခြမ်း မကောင်းတော့ပါတဲ့။ တီဘီဟု သံသယရှိသည်တဲ့။
တိတိကျကျ အဖြေတစ်ခုထွက်လာသည်တော့
မဟုတ်ခဲ့။ အဲ့ဒီနောက်တွင် တီဘီရောဂါသည်တစ်ယောက်ကို ပြုစုရမည့် နည်းလမ်းများ၊ တိုက်ရမည့်ဆေးများ၊
လုပ်ဆောင်ရမည့် လုပ်ငန်းများအား မေးပြီး လောလောဆယ် အဖေ့ကို အိမ်မှာပင်ပြန်ခေါ်ထားခဲ့သည်။
`ဖိုးသားလေးလည်း မတွေ့ပါလားကွ´
ဆေးခန်းတွင် ငါးရက်ခန့်နေပြီး
အိမ်ပြန်ရောက်သော နေ့မှာပင် ကျွန်တော့်သားနှင့်ပတ်သက်ပြီး အဖေ့ဆီမှ စကားစလာခဲ့သည်။
`အင်း… သူများအိမ်သွားဆော့နေတယ်ထင်တယ်´၊
`သူ့ဘကြီး လာခေါ်သွားလား မသိဘူး´ စသော ကျွန်တော့်မိန်းမ၏ မသေချာ မရေရာလှသော အဖြေများအောက်တွင်
အဖေသည် တစုံတခုသော အချိန်အတိုင်းအတာထိ တိတ်ဆိတ်သွားခဲ့သည်။
အဖေ့မျက်လုံးများ
မှေးစင်းပြီး အိမ်ခေါင်မိုးမျက်နှာကျက်ကို ငေးစိုက်ကြည့်နေသည်က တကယ့်ကို ရီဝေေ၀။
တကယ်ဆိုလျှင် ကျွန်တော့်သားက
အဖေတို့နှင့် နေလာခဲ့သည်မှာ အဖေပင်စင်ယူကာစကတည်းက ဆိုတော့ တစ်နှစ်လောက်ပင် ရှိပြီ။
ကျွန်တော်တို့လင်မယားက ရုံးလုပ်ငန်းကိုယ်စီနှင့်မို့ မနက်မိုးလင်းလျှင် ကလေး၏ ဝေယျဝစ္စများလုပ်။
လိုအပ်သည်များ စီစဉ်ကာ ဖိုးသားကို အဖေ့အိမ်မှာဥာ ထားခဲ့၇ခြင်း ဖြစ်ဥည်။ သည်တော့ ဖိုးသား၏
အကြောင်းအရာကိစ္စအတော်များများသည် အဖေတို့ အမေတို့နှင့်သာ ပိုပြီး သက်ဆိုင်နေရသလိုပင်
ဖြစ်တော့သည်။
ယခုကဲ့သို့ အဖေဖြစ်သောအခါ
ဖိုးသားနှင့်အဖေ မဆုံရန် ကျွန်တော်တို့ စီစဉ်ရပြီ။
အမေက ဘာမှဝင်မပြောသော်ငြား
စိတ်မကောင်းသည့်ပုံတော့ ပြသည်။ `ဘာပဲပြောပြော ကလေးက အရေးကြီးတယ်။ ဖိုးသားလေးကို ဒီဘက်အိမ်မလာစေနဲ့´
ဟု ပြောရှာသည်။
`အဖေသိရင် စိတ်ကောင်းမှာမဟုတ်ဘူး
ဆိုတာတော့ တွေးမိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးမောင်။ အဖေ့နားကို သွားဖို့ဆိုတာ လူကြီးတွေတောင်
စဉ်းစားရမယ့်ကိစ္စလေ။
သားလေးကိုတော့
အဖေ့နားကို ဘယ်လိုနည်းနဲ့မှ လွှတ်လို့မဖြစ်ဘူး´
အတ္တစကားမှန်း သိသော်လည်း
မိခင်တစ်ယောက်၏ မေတ္တာကို လှစ်ဟလာသည့်စကားမို့ ကျွန်တော်လက်မခံလို့ မရ ဖြစ်ရသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း
သားနှင့်ပတ်သက်၍ စိုးရိမ်မှုတစ်ခု ဖြစ်ရသည်က အမှန်ပင်။ နောက်ဆုံး အလွယ်ကူဆုံးနည်းကိုသာ
ကျွန်တော်တို့ သုံးလိုက်ကြသည်။ ထိုနည်းမှာ ကျွန်တော်တို့အိမ်နှင့် အဖေတို့အိမ်ကို ခြားထားသော
တံခါးကို သော့ခတ်လိုက်ကြခြင်းဖြစ်သည်။ ထိုနည်းသည် ငါးနှစ်အရွယ် ကျွန်တော့်သားအား အဖေ့အိမ်ဘက်
မရောက်ရန် ထိန်းသိမ်းဖို့ လုံလောက်သောနည်းဖြစ်နေသည်။
ကျွန်တော်တို့လင်မယားနှစ်ယောက်
အဖေ့အိမ်ဘက်လာလျှင် ဖိုးသားသည် ခြံထဲတွင် ရှိနေသည်ဖြစ်စေ၊ အိမ်ပေါ်တွင်ရှိနေသည်ဖြစ်စေ
ကျွန်တော်တို့က တံခါးကို သော့ခတ်ပြီး ဖွင့်ပြီးလျှင် သေသေချာချာ ပြန်ပိတ်စသော နည်းဖြင့်သာ
အဖေနှင့်ဖိုးသားအား မတွေ့ဖြစ်ရန် ကျွန်တော်တို့ စည်းထားခဲ့ကြသည်။ သို့သော်… ခြံနှစ်ခြံကို
ခြားထားသော တံခါးလေးမှ သော့ခလောက်အား အဖေတစ်နည်းနည်းနှင့်များ မြင်သွားမလားဟု ကျွန်တော်စိုးရိမ်မိသည်ကတော့
အခါခါပင်ဖြစ်သည်။
(၃)
အဖေရိပ်မိသည် မရိပ်မိသည်
မသေချာသော်လည်း ခြံစည်းရိုးတံခါးသော့ခတ်ထားသော နည်းသည် အဖေနှင့်ဖိုးသားကို ခြားထားနိုင်သည့်
ကန့်လန့်ကာကောင်းကောင်း တစ်ချပ်တော့ ဖြစ်နေခဲ့သည်။ အဖေ့ရောဂါသေချာတိကျစေရန် မြို့ထဲက
အထူးကုဆေးခန်းကြီးတစ်ခုတွင် ဆေးစစ်ချက်များကို အသေချာပြုလုပ်ထားပြီးဖြစ်ပေမယ့် အဖြေတော့
ထွက်မလာသေး။
တစ်နေ့တွင် အဖေ၏ မိတ်ဆွေတစ်ယောက်
အဖေ့ထံသို့ လာပြီး အပြန် ကျွန်တော့အိမ်ဘက်ကို ၀င်ချင်သော သူ့ဆန္ဒကြောင့် ခြံစည်းရိုး၏
တံခါးမှ ဧည့်သည်ကို ကျွန်တော်သော့ဖွင့်ပေးခဲ့သည်။ ထိုအခိုက်အတန့်လေးအတွင်းမှာပင် ကျွန်တော့်သားသည်
ဖွင့်ထားသော တံခါးပေါက်မှဝင်ကာ အဖေ့ဆီ ရောက်သွားခဲ့ခြင်းဖြစ်သည်။
အဖေအိပ်နေသော အိပ်ရာဘေးသို့
ဖိုးသားရောက်သွားသည်မှာ ဘယ်၍ ဘယ်မျှ ကြာသွားသည်မသိသော်လည်း ကျွန်တော်တို့၏ စိုးရိမ်မှငသည်
အတိုင်းထက်အလွန် ဖြစ်သွားပြီ။ အားလုံးထဲမှာ အဆိုးဆုံးက ကျွန်တော့်မိန်းမပင်ဖြစ်သည်။
အမှန်တွင် အဖေ့နားသို့ ဖိုးသားရောက်သွားသည်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော
အဖေက သိပင်မသိလိုက်။ သို့သော် တိုက်ဆိုင်စွာပင် အဖေ့အိမ်မှပြန်လာပြီးနောက်နေ့တွင် ကျွန်တော့်သား
အပြင်းဖျားလေသည်။
အဖျားက သိပ်မကြာဘဲ
ကျသွားသော်လည်း ချောင်းဆိုးမှာ လုံးဝမကျတော့။ သားအတွက် ကျွန်တော့်မိန်းမ၏အပူမီးသည်
ကျွန်တော့်ထံသို့ပါ ကူးစက်ရပြီ။ ကျွန်တော့်မိန်းမပြောသလို တာဝန်ရှိသူက ကျွန်တော်များလားလို့လည်း
တွေးရပြီ။ အမေသည်လည်း ကျွန်တော်တို့ကိုကြည့်ပြီး စိတ်မချမ်းသာနိုင်တော့။ မတွေးမကောင်း
တွေးမကောင်း အတွေးတို့ဖြင့်သာ ကျွန်တော့်အာရုံမျာ ရစ်ဝဲနေတော့သည်။
အဖေက အသက်ကြီးပြီ။
ဒီရောဂါနဲ့ လူ့လောကက ထွက်သွားရင်လည်း ကိစ္စမရှိတော့။ ငါးနှစ်အရွယ် ကျွန်တော့်သားလေးသာ။
ဘုရား… ဘုရား။
အိမ်မပျော်၍ တွေးသောအတွေးတို့သည်
အိပ်စက်ခြင်းကို ပို၍ ဝေးစေခဲ့ပြီ။ ကျွန်တော့်မိန်းမသည်လည်း သားလေး၏ ဟိုမှာဘက်မှာ ငုတ်တုတ်။
နှုတ်ခမ်းလေးချွန်၊ ရင်လေးမောက်ကာ လူးလိမ့်နေအောင် ချောင်းဆိုးနေရသော သားလေးကလည်း ကျွန်တော်တို့
နှစ်ယောက်ကြားမှာ တကယ့်ကို သနားစဖွယ်အတိ။
`ဒါတွေဟာ ခြံတံခါးဖွင့်ပြီး
ပြန်မပိတ်မိတဲ့ ဖေဖေ့အပြစ်တွေပါ။ ဖေဖေ့ကို ခွင့်လွှတ်ပါ သားရယ်´
သားကိုကြည့်ရင်း မျက်ရည်မကျစေရန်
ကျွန်တော် ထိန်းသိမ်းနေရသည်။ မနက်မိုးလင်းလျှင် တစ်စုံတစ်ခုစီစဉ်ရမည်။ မြို့နယ်ဆေးခန်းနှင့်တော့
မဖြစ်တော့။ မြို့ထဲက အထူးကုဆေးခန်းတစ်ခုမှာ သားလေးကို သွားပြမှ ဖြစ်တော့မည်။
`တီဘီရောဂါဆိုရင်တောင်
ဆေးပတ်လည်အောင် သောက်ရင်ပျောက်တယ်´
လမ်းထဲမှ လူတစ်ယောက်
ညနေကပြောသွားသော စကားကို ပြန်ကြားယောင်တော့ အတော်လေးအားတက်သွားသည်။
ဟုတ်သည်။ မနက်ဖြန်
မြို့ထဲက အထူးကုဆေးခန်းတစ်ခုကို သွားရမည်။ မရှိ၊ ရှိတာလေးတွေ ထုခွဲရောင်းချပြီး သားလေးရဲ့အသက်ကို
ဆက်မှဖြစ်မည်။ ကြည့်စမ်းပါဦး။ သူ့ခမျာ အရွယ်နဲ့မလိုက်အောင် ချောင်းဆိုးနေရရှာတာ လူးလိမ့်နေတာပဲ။
အဲဒါ ဖေဖေ့ကြောင့်ပါသားရယ်။ ဖေဖေ့ရဲ့ ပေါ့ဆမှုကြောင့် သားမှာ ဝေဒနာတွေ တစ်ပြုံတစ်သီကြီး
ခံစားနေရပြီ။ သားကိုကြည့်ရင်း အတွေးမျိုးစုံတို့ဖြင့် ကျွန်တော့်ရင်မှာ မွန်းကျပ်ရပြန်ပါသည်။
(၄)
တိုက်တိုက်ဆိုင်ဆိုင်ပင်
သားလေးကို ကွန်ပျူတာ ဓာတ်မှန်ရိုက်၊ သွေးစစ်၊ ဆေးစစ်ကြည့်သောနေ့မှာပင် အဖေ့အတွက် ဆေးစစ်ချက်အဖြေက
ထွက်ခဲ့သည်။ ကျွန်တော့်သားအတွက် ဆေးစစ်ချက်က မရသေး။ ဆေးခန်းမှာ သားအတွက် လုပ်စရာကိစ္စ
အပုံအပင်နှင့် ဖြစ်နေသော ကျွန်တော်သည် တိတိကျကျ ၀န်ခံရလျှင် အဖေ့ရောဂါနှင့် ပတ်သက်ပြီး
ဆရာဝန်ကြီးနှင့် ကျွန်တော့်အစ်ကိုတို့၏ ဆွေးနွေးစကားများကို ကျွန်တော်မသိလိုက်ပါ။ သားကိစ္စနှင့်
ထူပူနေသော ကျွန်တော်သည် အဖေ့အတွက် မျှော်လင့်မှုတစ်ခုကိုလည်း ခေါင်းထဲထည့်မထားဖြစ်ခဲ့ပါ။
အပြန်အငှားကားပေါ်ရောက်မှ
အဖေ့ရောဂါဖိုင်တွဲများ ပေါင်ပေါ်တင်ကာ ကားရှေ့ခန်းတွင် ငူငူငိုင်ငိုင်နှင့်ထိုင်နေသော
အစ်ကိုကြီးကို အဖေ့ရောဂါနှင့် ပတ်သက်ပြီး မေးမိသည်။
`အဖေ့ရဲ့ တီဘီရောဂါအခြေအနေ
အတော်ဆိုးနေပြီလား အစ်ကိုကြီး´
ကျွန်တော်က ကားနောက်ခန်းမှ
လှမ်းမေးတော့ ကျွန်တော့်ဘေးမှ ကျွန်တော့်မိန်းမကလည်း ဖိုးသားကို ပေါင်ပေါ်တင်ထားရင်းမှ
စိတ်ဝင်စားဟန် နားထောင်နေသည်။ ဖိုးသားက အရင်နေ့လောက် ချောင်းမဆိုးတော့သော်လည်း `အဟွတ်ဟွတ်´နှင့်
ချောင်းဆိုးမျှင်တော့ မပြတ်နိုင်သေး။
`အဖေ့ကို ငါတို့ဘက်က
ဆေးခန်းက တီဘီရောဂါလို့ သံသယရှိပြီး သတ်မှတ်ခဲ့တာ။ တကယ်တော့ အဖေ့ရောဂါက တီဘီရောဂါမဟုတ်ပါဘူး။
တီဘီရောဂါထက် အများကြီးကြောက်စရာကောင်းတဲ့ အဆုတ်ကင်ဆာရောဂါပ´
`ဗျာ´
ကျွန်တော့်နှုတ်မှ
`ဗျာ´ဟု ထွက်သွားသော်လည်း ကျွန်တော့်အတွေးတို့သည် အဝေးကြီးသို့ ပြေးထွက်သွားပြီ။ အဖေဖြစ်တာ
တီဘီမဟုတ်ဘူးတဲ့။ အဖေဖြစ်တဲ့ ရောဂါက ကင်ဆာတဲ့။ ဒါဆို ကျွန်တော့်သားအတွက် တီဘီနဲ့ပတ်သက်ပြီးစိုးရိမ်စရာ
မရှိတော့ဘူးပေါ့။ ကျွန်တော့်သား ချောင်းဆိုးခဲ့တာတွေက ရိုးရိုးပဲ ဖြစ်နေတာပေါ့။ အဖေ့ဆီက
ကူးတယ်ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးပေါ့။
ကျွန်တော့်ဇနီး၏ ပေါင်ပေါ်တွင်
နှစ်ခြိုက်စွာ အိပ်နေသော ကျွန်တော့်သားအား ကျွန်တော်စိုက်ကြည့်လိုက်သည်။ သနားစရာကောင်းသော
ကျွန်တော့်သားလေသည် တီဘီရောဂါဆိုးကြီးကို ဘယ်လိုနည်းနှင့်မျှ မကြုံရနိုင်တော့ပါ။ ကျွန်တော့်မျက်ဝန်းတွေ
ပြုံးနေမှာလား။ သေတော့မသေချာ…။ သို့သော်…. တဒင်္ဂအတွင်း၌ ကျွန်တော့်အာရုံတွေ ကျွန်တော့်သားမှ
လွဲ၍ ဘာမှ ရှိမနေခဲ့တော့တာက သေချာနေသည်။
(၅)
နောက်တစ်နေ့မနက် စောစောတွင်
ကျွန်တော့်ကို အဖေက ခေါ်နေတယ်ဟုဆိုလာတော့ အဖေ့အနားကို ကျွန်တော်သွားလိုက်သည်။ ကျွန်တော်နှင့်အတူ
နေကောင်းစပြုလာပြီဖြစ်သော ကျွန်တော့်သားကလည်း ပါလာသည်။ အဖေ့ဆီသွားလျှင် ဖိုးသားကို
အရင်လို ချန်ထားပစ်စရာ မလိုတော့။ ကျွန်တော်တို့ သားအဖကို မြင်တော့ ခုတင်ပေါ်မှာ ပက်လက်အနေအထားဖြင့်
အဖေက စိုက်ကြည့်နေသည်။
`အဖေကျေနပ်လိုက်တာ
သားရယ်´
`ဗျာ´
အဖေပြောလာသော စကားကို
ကျွန်တော် နားမလည်နိုင်ဘဲ `ဗျာ´ ဟု သံယောင်လိုက်မိသည်။ အဖေ့အနားတွင်တော့ ကျွန်တော်တို့
သားအဖမှလွဲ၍ ဘယ်သူမှ ရှိမနေခဲ့။
`ကောင်းကင်ဆိုတာ ဒီလိုပဲ
ဖြစ်နေရမှာပေါ့´
`ကျွန်တော် နားမလည်ဘူး
အဖေ´
`အဖေအခုဖြစ်တဲ့ ရောဂါကို
သိပြီးပါပြီ ငါ့သားရာ။ လွန်ခဲ့တဲ့ရက်တွေက အဖေ့ရောဂါဟာ တီဘီလား ဆိုးတာကိုလည်း အဖေကိုယ်တိုင်
သံသယ၀င်ခဲ့တာပဲ။ ဖိုးသားလေးကို အဖေနဲ့ နီးနီးကပ်ကပ် မရှိစေချင်ခဲ့တာကိုလည်း အဖေရိပ်မိတာပဲ´
`အဖေ… အဖေ့ကို ဘယ်သူပြောလိုက်လဲ´
`မင်းအစ်ကိုကြီးကို
အပြစ်မတင်နဲ့ ငါ့သား။ အဖေကိုယ်တိုင် မေးလိုက်တာ။ အဖေကျေနပ်တယ် ငါ့သားရေ…။ မိဘဆိုတာ
သားသမီးအပေါ် အရိပ်မိုးပေးရမယ့် စောင့်ရှောက်ပေးရမယ့် ကောင်းကင်တစ်ခုပဲ။ ဖိုးသားလေးအတွက်
သားတို့ကာကွယ်ပေးတာ အဖေကျေနပ်တယ်။ ´
`အဖေ´
အဖေသည် တစ်စုံတစ်ခုကို
ပြောချင်ဟန်ဖြင့် အားယူနေသည်။ ကျွန်တော်သည်လည်း တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် တွေးကြောက်မှုဖြင့်
ချွေးပြန်နေသည်။ မနေ့က။ အဖေ့ရောဂါ တီဘီမဟုတ်တော့မှန်းသိလိုက်တော့ ဖိုးသားအတွက် စိတ်အေးရမှုများဖြင့်
ကျွန်တော်ကျေနပ်ခဲ့သည်ပဲ။ အဖေ့ရောဂါအတိမ်အနက်သည် ဖိုးသားအတွက် စိတ်အေးသွားရခြင်းအောက်တွင်
စုန်းစုန်းမြုပ်ခဲ့သည်။
`ဘုရား´
ပြုံးယောင်သန်းနေသော
အဖေ့နှုတ်ခမ်းမှ ပွင့်အန်လာမည့် စကားများအား စိုးရိမ်ကြီးစွာဖြင့် ကျွန်တော်နားစွင့်နေမိသည်။
`စကားစပ်လို့ အဖေတစ်ခုပြောပြမယ်။
သားငယ်ငယ်တုန်းက အဖြစ်အပျက်လေးတစ်ခုပေါ့။ သားက ညီအစ်ကိုသုံးယောက်ထဲမှာ ငယ်ငယ်ကတည်းက
အသားဖြူဖြူ ၀၀ကစ်ကစ်နဲ့ ချစ်စရာအကောင်းဆုံးပဲ။ သားနှစ်နှစ်သားအရွယ်မှာ အဖေ့ရဲ့အဖေ၊
သားရဲ့အဘိုးအိမ်ကို လာလည်တော့ သားကို သားအဘိုးကောက်ချီလိုက်မှာ အဖေစိုးရိမ်လိုက်တာ
သားရယ်။
ဘာလို့လဲဆိုတော့
အဲ့ဒီအချိန် သားရဲ့အဘိုး တောသားကြီးရဲ့ လက်မှာ ၀ဲတွေပေါက်နေတာကိုး။ အဖေဖြင့် သားအဘိုးလက်က
ဝဲတွေ သားကိုကူးမှာ ကြောက်လိုက်တာ။ ဒါပေမယ့် သားရဲ့ အဘိုးက သားကို မချီခဲ့ပါဘူး။ ကောင်းကင်ဆိုတာ
အဲဒါပဲသား။ အခုလည်း ဖိုးသားနဲ့ပတ်သက်ပြီး သားတို့ ပြီးခဲ့တဲ့ရက်တွေမှာ ကယောင်ချောက်ချားဖြစ်နေကြတာ
အဖေ့ကို ဘယ်သူမှ မပြောလည်း အဖေသိပါတယ်။ ငါ့သားက ဖိုးသားလေးရဲ့ အဖေဖြစ်တာ ဘာကြာသေးလို့လဲ။
အဖေက သားရဲ့အဖေဖြစ်တာ
ကြာခဲ့ပြီပဲဥစ္စာ။ အဖေမသိဘဲ နေမလား။ ဒါကြောင့် တီဘီမဟုတ်ဘဲ အခုလို ရောဂါဆိုတာ သိလိုက်ရတော့
အဖေကျေနပ်တယ်လို့ ပြောတာပေါ့´
စကားရှည်ကြီးကို ပြောပြီးသောအခါ
တာဝေးအပြေးသမား ပန်းဝင်သွားသည့်နှယ် မျက်စိစုံမှိတ်ကာ အဖေ မောဟိုက်သွားခဲ့သည်။
တီဘီရောဂါအစား ကင်ဆာရောဂါ
ဖြစ်လိုက်ရတာကိုတောင် အဖေကျေနပ်သတဲ့။ လွန်ခဲ့တဲ့ ရက်တွေက ဖိုးသားနှင့်ပတ်သက်ပြီး ကျွန်တော်တို့၏
အဆင်ခြင်မဲ့ သံသယမျက်ဝန်းတွေအောက်မှာ အဖေ ဘယ်လောက်များ နေရခက်ခဲ့မှာပါလိမ့်။ အဖေဘယ်လောက်များ
သိမ်ငယ်ခဲ့ရမှာပါလိမ့်။ အသက်တစ်ခု ရှင်သန်ဖို့ အတွက် အဖေဘယ်လောက် ပင်ပန်းခဲ့ရမှာပါလိမ့်။
`အဖေရယ်…´
အဖေ့လက်ကို ကိုင်ကာ
စကားတွေပြောချင်နေခဲ့ပေမယ့် ကျွန်တော့်နှုတ်က ဘာတစ်ခွန်းမှ ထွက်မလာခဲ့ပါ။ အဖေပြောသလိုဆိုရင်
ကျွန်တော့်အတွက် အဖေက ကောင်းကင်ကြီးတစ်ခု ဖြစ်ခဲ့သလို ဖိုးသားလေးအတွက်လည်း ကျွန်တော်က
ကောင်းကင်တစ်ခုပေါ့။ အဖေအုပ်မိုးခဲ့တဲ့ အဖေ့ရဲ့ ကောင်းကင်ကြီးအောက်က ကျွန်တော်ကလည်း
ကောင်းကင်တစ်ခုပေါ့အဖေ။ နောက်ထပ် ကောင်းကင်လေးတစ်ခုရဲ့ အနာဂတ်အတွက် အသက်ရှင်ရဦးမယ့်
အတ္တတွေနဲ့ ခြုံလွှမ်းထားတဲ့ ကောင်းကင်တစ်ခုပဲပေါ့ အဖေရယ်…။
`အဖေကျေနပ်လိုက်တာ
သားရယ်´ ဆိုသော စကားက ကျွန်တော့်အာရုံကို ပြန်ကပ်လာသည်။ ကျွန်တော့်မျက်ဝန်းအိမ်ထဲ အလိုလို
ရောက်လာသော မျက်ရည်ဥတို့ကို အဖေမမြင်စေရန်အတွက် အဖေ့ခုတင်ဘေးမှ ကျွန်တော်ထ၍ မတ်တပ်ရပ်လိုက်သည်။
ပြတင်းပေါက်ဆီမှ အမှတ်မထင် ကောင်းကင်ပြာကို မော့ကြည့်မိတော့ မိုးသားတွေ မည်းမှောင်နေတဲ့
ကောင်းကင်ကြီးဟာ မကြာမီ ပြိုကျလာတော့မယ့် အတိုင်းပါလား။
မင်းဝေဟင်
(ကလျာမဂ္ဂဇင်း၊ အောက်တိုဘာ၊
၂၀၁၀)