ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်နိုင်သော ဂုဏ်
ဂုဏ်ဟူသော စကားလုံးသည် ထူးခြားစွာ မြတ်နိုးဖွယ်ကောင်းသော အရည်အသွေးတို့နောက်တွင်
တွဲဖက် အသုံးပြူသည့် ဝေါဟာရ ဖြစ်ပါသည်။ "ဂုဏ်ယူသည်" ဆိုသည့်
စကားကို ပြောရန် ဂုဏ်ယူစရာအကြောင်း၊ ဂုဏ်ယူစရာအလုပ်၊ ဂုဏ်ယူစရာ အရည်အချင်း တစ်ခုခုရှိကြမှာ
ဖြစ်ပါသည်။
မည်သည့်အရာတို့ကို ဂုဏ်ရှိသည်ဟု ဆိုလေ့ရှိပါသနည်။ ရွှေ၊ ငွေ၊
ဥစ္စာ၊ ရတနာ ပေါများ ကြွယ်ဝသူများကို ဓနဂုဏ်ရှိသူဟု လည်းကောင်း၊ ရာထူး ဌာနန္တရ ကြီးမြင့်သူများကို
ပညာဂုဏ်ရှိသူဟု လည်းကောင်း ဆိုမြဲဖြစ်ပါသည်။
သို့ဆိုလျှင် ဂုဏ်ဆိုသော စကားရပ်ကို ပိုင်ဆိုင်နိုင်ရန် ချမ်းသာကြွယ်ယရမည်၊
ရာထူးကြီးရမည်၊ ပညာတက်ရမည်ဟု နားလည်နိုင်ပါသည်။ ထိုသို့သော အရည်အသွေးများကို ရရှိနေသော
သူများသည် ကျွန်ုပ်တို့ လူအများထဲတွင် မည်သို့ ကြိုးစားခဲ့ကြရကြောင်း ခန့်မှန်းနိုင်ကြမည်
ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုဂုဏ်များ ရှိသင့်ပါသည်။ မရှိခဲ့လျှင်လည်း ရှိသော
ပုဂ္ဂိုလ်များအတွက် မုဒိတာတရားထားကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ကြပါသည်။
ဂုဏ်သည် ကြီးမားသော ကျေးဇူးတရားကိုလည်း ထင်ရှားစေနိုင်သော
ဝေါဟာရဖြစ်သည်။
ကျွန်ုပ်တို့ အားလုံးအတွက် မိဘကျေးဇူးမှာ မြင့်မိုရ်ဦး ဖြစ်ပါသည်။ ထိုမိဘကျေးဇူးကို
ဖော်ပြရာတွင် မိဘဂုဏ်ဟု ဆိုပါသည်။ မိဘဂုဏ်ကျေးဇူးဟု ဆိုပါသည်။ ဂုဏ်သည် မိဘနှင့် တွဲဖက်အသုံးပြုနိုင်သကဲ့သို့
ဆရာနှင့် တွဲဖက်ကာ ဆရာ့ဂုဏ်ဟု ဆိုနိုင်ပါသည်။ ဆရာ့ဂုဏ်ကျေးဇူးဟု ဆိုပါသည်။ သို့ဆိုလျှင့်
ဂုဏ်ဟူသော စကားလုံးသည် မိဘတို့၏ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ဆရာတို့၏ ဝါသနာ၊ စေတနာ၊ အနစ်နာတို့ကို
တစ်လုံးတည်းဖြင့် မြင်သာအောင် ဖော်ကျူးနိုင်သည့် ကျယ်ဝန်းသော အဓိပ္ပာယ်ကို ဆောင်နေပါသည်။
ဂုဏ်ဟူသော အသုံးအနှုန်းသည် ဤမျှသာ အရေးပါသည် မဟုတ်ပါ။
ကျွန်ုပ်တို့
ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ၌ ထူးခြားခြင်း ကိုးပါးရှိပါသည်။ ကိလေသာ အညစ်အကြေးကင်းစင်၍ လူ၊
နတ်၊ ဗြဟ္မာတို့၏ ပူဇောမှုကို ခံယူထိုက်ခြင်း၊ တရားအလုံးစုံတို့ကို ဆရာမရှိဘဲ ကိုယ်တိုင်ဥာဏ်ဖြစ့်
သိမြင်တော်မူခြင်း၊ ထူးခြားသော အသိဥာဏ်မှန်ကန်သော ကျင့်ကြံမှုတို့နှင့် ပြည့်စုံတော်မူခြင်း၊
ကောင်းသော စကားကိုသာ မိန့်ဆိုတက်၍ နိဗ္ဗာန်မြတ်သို့ ရောက်ရှိခြင်း၊ သတ္တလောက၊ သြကာသလောက၊
သင်္ခါရလောကတည်း ဟူသော လောကသုံးပါးကို သိမြင်ခြင်း၊ မယဉ်ကျေးသော သူတို့အား ယဉ်ကျေးအောင်
ဆုံးမရာတွင် အတုမရှိခြင်း၊ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်ခြင်း၊ သစ္စာလေးပါးကို
ကိုယ်တောင်တိုင် ဥာဏ်ဖြင့် ခွခြမ်းစိတ်ဖြာ သိမြင်ခြင်း၊ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့်
ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။
ဤဂုဏ်တော်များသည် ဗုဒ္ဓနှင့်ထပ်တူ အထွက်အမြတ်ထားလျက် ကိုးကွယ်အပ်သော
ဗုဒ္ဓ၏ ထူးခြားချက်များ ဖြစ်ပါသည်။ "ဂုဏ်တော်များ" ဟု ဝိဂြိုဟ်ပြုပါသည်။
အလားတူပင် တရားတော်မြတ်၏ ထူးခြားသော ဂုဏ်တော်များ၊ သံဃာတော်မြတ်များ၏ ထူးခြားသော ဂုဏ်တော်များ
ရှိနေပါသေးသည်။
သို့ဖြစ်လျှင် ဂုဏ်ဟူသည်မှာ မြင့်မြတ်သော သဘောဆောင်နေပါသည်။
ထို့ပြင် ကျွန်ုပ်တို့ အားလုံး၌ ကိုယ်ကျင့်ဖြည့်ဆည်းခြင်းဖြင့် ပိုင်ဆိုင်နိုင်သော
ဂုဏ်များသည်လည်း ရှိနေပါသေးသည်။
ဤသည်တို့မှာ"အလုပ်ဂုဏ်" "ရိုးဂုဏ်" ဟူသော
ဂုဏ်များမှာ ဂုဏ်ယူစရာ ဂုဏ်များ ဖြစ်ပါသည်။ "အလုပ်ဟူသမျှ၊ ဂုဏ်ရှိစွ"ဟုအလုပ်ကို
လုပ်ချင်၊ ကိုင်ချင်စိတ်ဖြစ်ပေါ်လာစေရန် မြတ်နိုးဖွယ်ရာ ဂုဏ်ဟူသော စကားဖြင့် ဆွဲဆောင်ခြင်း
ဖြစ်ပါသည်။ အလုပ်ဂုဏ် ဟူသည်မှာ ဂုဏ်ယူနိုင်ဖွယ်ကောင်းသော အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ဆိုပါသည်။ သို့သော် သူ့ဥစ္စာခိုးခြင်း၊ ဓားပြတိုက်ခြင်း စသော
သမာအာဇီယ မဟုတ်သည့် အလုပ်များကို လုပ်လျှင် ဂုဏ်ကို ရရှိမည် မဟုတ်သည့်အပြင် ထိုအလုပ်များက
ဂုဏ်ပျက်စေမည့် ဆိုးကျိုးများကို ပေးပါလိမ့်မည်။
ရိုးဂုဏ်ဟူသည်မှာ ရိုးသားစွာ တွေးခြင်း၊ ရိုးသားစွာပြောခြင်း၊
ရိုးသားစွာ လုပ်ကိုင်ခြင်းဖြင့် ရရှိနိုင်သော ဂုဏ်ဖြစ်ပေရာ ဥစ္စာရှိရန်၊ ရာထူးရှိရန်၊
ပညာရှိရန် အထူးလိုအပ်ခြင်း မရှိသဖြင့် ထူးခြားသောဂုဏ် ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး
ပိုင်ဆိုင်နိုင်သော ဂုဏ်ဖြစ်ပါသည်။ ထိုရိုးဂုဏ်သည် မိမိ၏ လူမှုဆက်ဆံရေးဘဝကို ချောမွေ့အောင်မြင်နိုင်သော
အကျိုးကို ရရှိစွမ်းသဖြင့် လူတိုင်းသည် ထိုဂုဏ်ကို ပိုင်ဆိုင်သင့်လှပါသည်။
သားသမီးတို့၏ ပညာထူးချွန်ကြခြင်း၊ ယဉ်ကျေးလိမ္မာကြခြင်းများသည်
သားဂုဏ်ရည်၊ သမီးဂုဏ်ရည်များ ဖြစ်ပါသည်။ ထိုဂုဏ်ရည်ရှိသော သားသမီးတို့သည် မိမိကျောင်းဂုဏ်ဆောင်၊
မိမိနိုင်ငံဂုဏ်ဆောင် သားကောင်း သမီးကောင်းများလည်း ဖြစ်နိုင်ကြပါသည်။ မိမိကျောင်းကို
ကိုယ်စားပြု၍ အားကစား၊ ပညာရေး၊ အခြားဖွံ့ဖြိုးရေး ကိစ္စများတွင် ဆောင်ရွက်ရန် ရွေးချယ်ခံရသော
သားသမီးတို့သည် ကျောင်းဂုဏ်ဆောင် သားသမီးများ ဖြစ်သဖြင့် ထိုသားသမီးအတွက် ဂုဏ်ယူရမည်
ဖြစ်ပါသည်။ လိုအပ်သော ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသင့်ကြပါသည်။ နိုင်ငံဂုဏ်ဆောင်
ပုဂ္ဂိုလ်တို့ဖြစ်မူ ထူခြားသော ရတနာများ ဖြစ်ပါပြီ။ ထိုရတနာများကို တစ်မျိုးသားလုံးက
တန်ဖိုးထားတက်ကြပါသည်။
ကျွန်ုပ်တို့တွင် အကျင့်စာရိတ္တဆိုင်ရာ ဂုဏ်ရည်များ၊ ကြိုးစားမှု၊
ထူးချွန်မှုဆိုင်ရာာ ဂုဏ်ရည်များ ရရှိနိုင်ကြောင်း ထင်ရှားနိုင်ပြီ ဖြစ်ပါသည်။ ထိုမျှသာမက
ကျွန်ုပ်တို့တွင် မွေးရာပါ ဂုဏ်များလည်း ရှိပါသည်။ ဤသည်များထဲတွင်"အမျိုးဂုဏ်၊
ဇာတိဂုဏ်" သည်လည်း အပါအဝင် ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် မိမိကပေးသော၊
မိမိဇာတိကပေးသော ဂုဏ်များ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် နိုင်ငံ့ဂုဏ်ကို ဆောင်ရသကဲ့သို့
အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ရှောက်ကြရမည်လည်း ဖြစ်ပါသည်။ မိမိအမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊
ဓလေ့ထုံးစံများ၊ ရိုးရာအမွေအနှစ်များကို ချစ်တက်မှ အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ရှောက်နိုင်ကြမည်
ဖြစ်ပါသည်။"ဇာတိပုညဂုဏ်မာန" သည် မိမိတို့အတွက် ပျံကျယဉ်ကျေးမှုတို့
ရောသမမွှေကာ ယဉ်ကျေးမှု ပျက်သုဉ်းခြင်းကို ကာကွယ်နိုင်မည့် အကြောင်းတရားတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့တွင် ဂုဏ်မြောက်သော စာပေးများ ရှိပါသည်။ ဂုဏ်မြောက်သော
တူရိယာသံစဉ်များ ရှိပါသည်။ ဂုဏ်မြောက်သော ယဉ်ကျေးမှု အနုလက်ရာများ ရှိပါသည်။ နံနက်လင်းလျှင်
သတ္တဝါအများ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့လျက်၊ အလှူအတန်း ကောင်းမှုကုသိုလ်ပြုလျက်
ဂုဏ်ကျက်သရေရှိစွာ နေတက်သောလူမျိုး ဖြစ်ပါသည်။
အချိန်အခါတိုင်းတွင် မကောင်းမှုရှောင်လျက်၊
ကောင်းမှုကို နှလုံးသွင်းလျက်၊ ဝံသာနုရက္ခိတတရား လက်ကိုင်ပြုလျက်၊ ဆင်းရဲနွမ်းပါးသူများကို
ငဲ့ညှာလျက်၊ မိမိတို့အလုပ်၌ သစ္စာရှိလျက် ဂုဏ်သိက္ခာရှိစွာ နေတက်သော လူမျိုး ဖြစ်ပါသည်။
မတရားမှုကို ရွံ့မုန်းရန်၊ စော်ကားမှုကို တုံ့ပြန်ရန်၊ ကျူးကျော်မှုကို တော်လှန်ရန်
မည်သည့်အခါမှ ဝန်မလေးသည့် ဂုဏ်သိက္ခာရှိသော လူမျိုး ဖြစ်ပါသည်။
ကျွန်ုပ်တို့ ပတ်ဝန်းကျင်နယ်ပယ် အားလုံး၌ အဓိပ္ပာယ်များစွာကို
ဆောင်ကျဉ်းသည့် အလွန်ကျယ်ဝန်းသော"ဂုဏ်ရည်" များ ရှိနေကြပါသည်။
ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် မြန်မာလူမျိုးများ ဖြစ်သည့် အားလျော်စွာ မွေးရာပါ ဇာတိဂုဏ်
ရှိနေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ မြန်မာများသည် ဂုဏ်ကျက်သရေ၊ ဂုဏ်သိက္ခာ၊
ဂုဏ်သတ္တိရှိသော လူမျိုး ဖြစ်ပါသည်။
မောင်ချိုဝေ