Saturday, May 31, 2014

ကိုးကွယ်မှု နှင့် ဘုရားဂုဏ်တော်


ကိုးကွယ်မှု နှင့် ဘုရားဂုဏ်တော်

ကိုးကွယ်မှုဟာ ဗုဒ္ဓကျမ်းဂန်တွေအရ အကြောက်တရားကနေ စတင်တယ်လို့ ဆိုပါတယ်။ လူသမိုင်း ဘယ်ခေတ်လောက်ကလို့ အတိအကျတော့ မပြောနိုင်ပေမယ့် သမိုင်းပညာရှင်တွေ မနုဿဗေဒ ပညာရှင်တွေရဲ့ မှန်းဆချက်တွေတော့ရှိပါတယ်။ ရေဒီယိုကာဗွန် တွက်ချက်ရေးပညာ ပေါ်လာ ပေမယ့် ရုပ်ထုကိုးကွယ်မှု အစောပိုင်းကစတင်ပြီးတော့သာ လေ့လာနိုင်ပြီးတော့ ရုပ်ထုမပေါ်ခင် ကိုးကွယ်မှု အကြောင်းတော့ မပြောနိုင်ပါဘူး။ ယူဆနိုင်တာက သဘာဝဘေးဆိုးကြီး တွေကို ကြိမ်ဖန်များစွာ ကြုံတွေရပြီးတဲ့နောက်ပိုင်း   ကြောက်ရွှံတုန်လှုပ်နေကြတဲ့ ကမ္ဘာဦးလူသားတွေ အနေနဲ့ ကိုးကွယ်မှုလမ်းကြောင်း ပေါ်မရောက်ခင်ထိ ရာစုနှစ်တော်တော်များများ အချိန်ယူခဲ့ရ ပါလိမ့်မယ်။

ကမ္ဘာအစောဆုံးကိုးကွယ်မှုဘာသာဖြစ်တဲ့ ဟိန္ဒူဘာသာပေါ်လာတဲ့ကာလအပိုင်းအခြားကိုလည်း အိန္ဒိယ ပညာရှင်တွေရော နိုင်ငံတကာပညာရှင်တွေပါ ဘယ်သူမှ အတိအကျမပြောနိုင်သလို သဘောတူညီမှုလည်း မရကြသေးပါဘူး။ ဟိန္ဒူဘာသာရဲ့ အစောဆုံးနတ်ဘုရားကိုတော့ ဗိဿနိုး နတ်ကို သတ်မှတ်ကြတာတွေ့ရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝ တရားတွေမှန်သမျှကို ဗိဿနိုး နတ်ဘုရားကနေ စိရင်တယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်တွေကို ကြောက်ကြတဲ့အတွက် ကိုးကွယ်ကြတဲ့ ပဌမဆုံးသောနတ် ဘုရားလို ဆိုနိုင်ပါတယ်။ နောက်ပိုင်း ဟိန္ဒူဘာသာဝင် တွေကိုးကွယ်ကြတဲ့ နတ်ဘုရားပေါင်း မြောက်မြားစွာ   တွေ့ရပါတယ်။ အရေအတွက်အားဖြင့် ၃၀၀၀၀ ကျော်ပါတယ်။ ဟိန္ဒူတွေက ဘုရားကိုမှ ဖန်တီးကိုးကွယ်တာမဟုတ်ပါဘူး။ ဘုရားရဲ့ အရည်အချင်းတွေကိုလည်း သတ်မှတ်ထား ကြောင်း ဟိန္ဒူကျမ်းဂန်တွေမှာ တွေရပါတယ်။

ဘုရားရဲ့အရည်အချင်းတွေက……
(၁) Omnipotent  ဖြစ်ရပါမယ်တဲ့။ Omnipotent ဆိုတာ အနန္တတန်းခိုးရှင်ဖြစ်ရမယ်ပေါ့။ ကမ္ဘာလောကနဲ့ သတ္တဝါတွေကို ဖန်းတီးနိုင်တဲ့ တည်မြဲအောင်လုပ်နိုင်တဲ့ ဖျက်ဆီးနိုင်တဲ့ အဆုံးမရှိတဲ့ စွမ်းအားရှင်ဖြစ်ရမယ်လို့ ဆိုလိုပါတယ်။

(၂) Omnipresent ဆိုတာက အချိန်တိုင်း ကာလတိုင်းမှာ ရှိနေရမယ်တဲ့။ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ တလိုက်လို့ရှိရင်ဖြင့် အကူအညီပေးဖို့ရန် ရောက်နေရမယ် လို့ ဆိုလိုဟန်တူပါတယ်။

(၃) Omniscient ဆိုတာက အနန္တဥာဏ် သဗ္ဗညုတဥာဏ်ကိုပြောတာပါ။ အရာရာကို သိနိုင်တဲ့ ဥာဏ်စွမ်းအားပိုင်ရှင်ဖြစ်ရမယ်တဲ့။

ဥရောပအနောက်တိုင်းသားတွေရဲ့ မှီရာတည်ရာ Greek ကျမ်းဂန်တွေကိုကြည့်ရင်လည်း (၁) တန်းခိုးရှင်နတ်ဘုရား (The god of Power), (၂) ပညာရှင်နတ်ဘုရား (The god of wisdom), (၃) ကရုဏာရှင်နတ်ဘုရား (The god of compassion) တွေက လူတွေကို ဘယ်လို ကူညီကြတယ်ဆိုတဲ့ အကြောင်းတွေတွေ့ရပါတယ်။ မြို့ရွာ အဆင့် civilization ကိုရောက်လာတဲ့ လူသားတွေရဲ့ သူတပါးအပေါ်လွမ်းမိုးလိုမှု (တန်းခိုးအာဏာ)တွေ၊ ကြုံတွေ့ရတဲ့အခက်အခဲ ဖြေရှင်းနိုင်လိုမှု (ဥာဏ်ပညာ)တွေ အပေါ် တောင့်တနေကြကြောင်း ထင်ရှားလှပါတယ်။

အိန္ဒိယမှာတော့ ဝေဒခေတ် တစ်ခေတ်လုံး စိတ်ကူးယဉ်ဘုရားတွေက လွမ်းထားခဲ့ပြီးတော့ ဝေဒခေတ်အလွန်လို့ဆိုရမယ့် ဝေဒန္တခောတ် ကို ရောက်လာတဲ့အခါ လူတွေရဲ့ ကိုးကွယ်မှုဆိုင်ရာ Focus ပြောင်းလာပါတယ်။ စိတ်ကူးယဉ်ဘုရားတွေအစား လူတွေကို အတွေးအခေါ် မြင့်ပေးတဲ့ အသိဥာဏ် အသစ်တွေကို ပေးတဲ့ လူသားဘုရားကို ပြောင်းလဲပြီး ကိုးကွယ်လာကြပါတော့တယ်။ ကိုးကွယ်မှဆိုင်ရာ Idea အသစ်ပေါ်ထွန်းခြင်းလို့ဆိုရပါမယ်။  ပူရာဏကဿဖ၊ မောက္ခလိဂေါသလ္လ စသည်ဖြင့် လူသားဘုရားတွေပေါ်လာတယ်။ ယနေ့ကာလတိုင်ရှိနေတဲ့ မဟာဝီရ (သို့) ဂျိန်း ဘာသာဟာလည်း အဲဒီခေတ်မှာ ပေါ်ခဲ့တာပါပဲ။ ဘုရားအလောင်းတော် သွားပြီး နည်းခံတဲ့ အာဠာရတို့ ဥဒက ရာမပုတ္တ တို့လည်း လူသားဘုရားအနေနဲ့ အကိုးကွယ်ခံ ပညာရှင်တွေပါပဲ။

ခေတ်သစ်ပညာရှင်တွေက ဒီသမိုင်းစဉ်ကို epistemology ရူဒေါင့်ကနေ သုံးသပ်ကြပါတယ်။    (၁) သုတမယ-ပညာ- အစောပိုင်းကာလတုန်းက အသိဥာဏ်ဗဟုသုတကို မိမိကိုးကွယ်သူဆီက တိုက်ရိုတ် (သို့) တဆင့်ခံနည်းနဲ့ ရှာမှီးခဲ့ကြတယ်၊                                     (၂) စိန္တမယ-ပညာ- တဖြည်းဖြည်း အသိဥာဏ် ရင့်သန်လာပြီးတော့ ရှေ့ နောက် ညီညွတ် မညီညွတ် လောဂျစ်နည်းတွေနဲ့ ထပ်ပြီးရှာဖွေ လာကြပြန်တယ်။                                  (၃) ဘာဝနာမယ-ပညာ – နောက်ပိုင်းမှာတော့ ကိုယ်တိုင်ထိုးထွင်းသိမှုနဲ့ ရလာတဲ့ အသိဥာဏ်ကို တန်ဖိုးအမြင့်ဆုံးအဖြစ်နဲ့ သတ်မှတ်ကြပါတော့တယ်။ လူသားဘုရားတွေကို ကိုးကွယ်ပြီးတဲ့ နောက်ပိုင်းမှာ လူသားဘုရားတွေရဲ့ ယေဘုယျ သတ်မှတ်ချက်အရည်အချင်းတွေကို အစောပိုင်းဗုဒ္ဓကျမ်းဂန်တွေမှာ မှတ်တမ်းတင်ထားပါတယ်။
(၁) သင်္ဃီ စေဝ ဂဏီ စ- အယူအတွေကိုလက်ခံတဲ့ လူပရိတ်သတ် အဖွဲ့အစည်း ပရိတ်သတ်ရှိရမယ်။
(၂) ဂဏာစရိယော – အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဆရာဖြစ်ရမယ်။
(၃) ဥာတော- ဥာဏ်ကြီးသူ ဖြစ်ရမယ်။
(၄) ယသဿီ- နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူ မဖြစ်ရဘူး၊ နာမည်ကောင်း ပုံရိပ်ကောင်းရှိရမယ်။
(၅) ဌိတကရော- ခိုင်ခန့်တဲ့ စကားမျိုးကိုပြောဆိုတတ်သူဖြစ်ရမယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုရင် လူတွေ ယုံကြည်မှုမရှိတော့ပါဘူး။
(၆) သာဓုသမ္မတော ဗဟုဇနဿ- လူတွေက သူတော်ကောင်းကြီးပဲလို့ လက်ခံထားတဲ့သူမျိုးလည်းဖြစ်ရမယ်တဲ့၊
(ရ) ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓါဂတော ဝယအနုပတ္တော -ဆိုတာတွေက ခြုံပြောရရင် အကျင့်စရဏတွေကို နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ထာပြီးတော့ အသက်အရွယ်ကြီးရင့်နေတဲ့ သူမျိုးလည်းဖြစ်ရပါမယ်တဲ့။

ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်ပွင့်တော်မူတော့ သက်တော်က (၃၅) နှစ်ပဲရှိပါသေးတယ်။ အဖွဲ့အစည်းဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် မြတ်ဗုဒ္ဓရဲ့ မတုနိုင်တဲ့ Personality တွေ၊ သင်ကြားပြသမှုတွေက မြတ်ဗုဒ္ဓကို လူတွေကြားမှာ ဗုဒ္ဓ-ထူးမြတ်သော အသိဥာဏ်ရှိသူ၊ ဘဂဝါ- ဘုန်းကျက်သရေနဲ့ပြည့်စုံသူ အဖြစ်အသိအမှတ်ပြုခံရစေခဲ့ပါတယ်။

ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို လေ့လာကြည့်ရင် ပြည့်စုံတဲ့ နှစ်သက်ဖွယ်ရာ Personality တွေကို အဦးဆုံး တွေ့ရပါလိမ့်မယ်။
(၁) အရဟတော- မကောင်းတာ အကျိုးမရှိတာ မဟုတ်တာကိုမလုပ်တဲ့သူ။
(၂) သမ္မာသမ္ဗုဒ္ဓေါ- ကိုယ်သိသလို သူတပါးကိုလဲ သိစေချင်တဲ့သူ။ ကိုယ်ဥာဏ်အထူး ရထားသလို သူတပါးတွေကိုလည်း ဥာဏ်အထူးရစေချင်တဲ့သူ၊ တိုက်တွန်းတတ်သူ။
(၃) ဝိဇ္ဇာစရဏသမ္ပန္နော- အသိဥာဏ်ကြီးသလောက် မကောက်ကျစ်ပဲ ကိုယ့်ကျင့်တရား ပြည့်စုံကောင်းမွန်သူ။ လောကမှာ ဥာဏ်ကြီးတိုင်း လောကအတွက် အကျိုးများတာမဟုတ်ပါဘူး။
(၄) သုဂတော- သူတပါးတွေကို အကျိုးမရှိ စွတ်စွဲကြောင်းစကား နိုင်ထက်စီးနင်း insult စကားမျိုး  ဘယ်တော့မှပြောလေ့မရှိသူ။
(၅)လောကဝိဒူ- ပတ်ဝန်းကျင်နဲ့လိုက်လျှောညီထွေနေထိုင်တတ်သူ။

နောက်ထပ်ဂုဏ်တော် နှစ်ချက်ကတော့ ဗုဒ္ဓရဲ့ Teaching Career နဲ့ Teaching စွမ်းရည်ကိုဖေါ်ညွှန်းတဲ့ဂုဏ်တော်တွေ လို့ပြောလိုရပါတယ်။
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ- (အမြင့်ဆုံးအနေနဲ့ ဒုက္ခလွတ်ကြောင်းလိုမျိုး) ကိုယ်လိုရာ ဆွဲပြီး သင်ကြားပေးရာမှာ အတုမရှိကျွမ်းကျင်သူတဲ့။ (ခေတ်ပြိုင်ဘာသာရေး ခေါင်းဆောင်တွေ အထူးစိုးရိမ်တဲ့ အရည်အချင်းပါ။ ဂျိန်းဘာသာ ခေါင်းဆောင် မဟာဝီရက ဆိုရင် လှည့်ဖျားတတ်တဲ့ မာယာ ရှိသူ စွတ်စွဲ ပြီး သူ့တပည့်တွေကို သတိပေးလေ့ရှိပါတယ်။)

(ရ)သတ္တာ ဒေဝမနုဿာနံ- ဆင်းရဲ ချမ်းသာ အယုတ် အလတ် အမြတ် မရွေး မခွဲခြားပဲ သင်ကြားပေးတဲ့သူ။ သင်ကြားပေးနိုင်သူ။
ဒီလို သိပ်နှစ်သက်စရာ ကောင်းတဲ့ အရည်အချင်းဂုဏ်တွေနဲ့ ပြည့်ဝ နေတဲ့ ဗုဒ္ဓမြတ်စွာကို လူတွေက…
(၈) ဗုဒ္ဓ – သိပ်ဥာဏ်ကြီးတဲ့ ဘုရား
(၉) ဘဂဝါ – သိပ် ဘုန်းကျက်သရေနဲ့ ပြည့်ဝတဲ့ ဘုရား … လို့ အသိအမှတ် ပြုကြ ကိုးကွယ်ဆည်းကပ်ကြပါတော့တယ်။

ကိုးကွယ်မှူ နဲ့ နောက်ဆက်တွဲ ပါလာတာက ပူဇော်မှုပါပဲ။ တကယ်တမ်း စီစစ်ကြည့်ရင် ကိုးကွယ်သူတိုင်း ပူဇော်ကြတာမဟုတ်သလို ပူဇော်တဲ့ သူတိုင်းလည်း ကိုးကွယ်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ် ကိုးကွယ်ရင် ပူဇော်ရမယ်၊ ပူဇော်ခြင်းကို ကိုးကွယ်ခြင်းရဲ့ အသွင်အပြင လက္ခဏာ တစ်ခုအနေနဲ့ လက်ခံထားတဲ့ အနေအထား နှစ်ကာလ ကြာညောင်းခဲ့ပါပြီ။ Social Norm အနေနဲ့ လူယဉ်ကျေးမှူ အစဉ်အလာထဲ နက်ရှိုင်းစွာ ဝင်ရောက် သွားခဲ့ပါပြီ။

ဒါကြောင့် ဗုဒ္ဓမြတ်စွာက ပူဇော်မူကို ဖယ်ရှားမယ့် အစား သင့်လျှော်တဲ့ အသွင်ပြောင်းလွဲပြီး ပူဇော်စေခဲ့ပါကြောင်းတွေ့ရပါတယ်။ ဂုဏ်တော်တွေကိုပါ ထည့်သွင်း အာရုဏ်ပြုကြဖို့ ညွှန်ကြားခဲ့ပါတယ်။ အကျိုးတရား အနေနဲ့ ကာမာဝရ ကုသိုလ် အထူးကနေ ရူပါဝစရဈန်အခြေ ဝိပဿနာဥာဏ်အခြေ ဥပစာရာ သမာဓိဘာဝနာ တိုင်အောင် ရနိုင်တယ် လို့ တိုက်တွန်းတော်မူခဲ့ရပါတယ်။

ကိုးကွယ်မှုရဲ့ အရင်းအရှာ ပဓာန အကြောင်းတရားဖြစ်တဲ့ အကြောက်တရား ကနေ လွတ်မြောက်အောင်လည်း ဂုဏ်တော်တွေကိုပဲ အာရုံပြု နှလုံးသွင်းခိုင်းတာကို ဓဇ္ဇဂ္ဂသုတ်မှာ တွေ့ရပါတယ်။ လောကဓမ်ဆိုးတွေ ကံကြမ္မာဆိုးတွေ အန္တရယ်တွေ ကင်းအောင် ထက် Freedom of Fear အကြောက်တရား ကင်းအောင် ဂုဏ်တော်တွေကို သတိရခိုင်းတာပါ။ အကြောက်တရား ကင်းကင်းနဲ့ ရဲရဲရင့်ရင့်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မူ ရှိရှိနဲ့ အဲဒီအဆိုးတရားတွေကို ရင်ဆိုင်ရင် ကြောက်ကြောက်ရွှံရွှံနဲ့ ရင်ဆိုင်ရတာထက် အကောင်းဖက်ကို ဦးတည်နိုင်ကြောင်း သတိချပ်စရာပါ။

(မှတ်ချက်။ ။ အကြောက်တရားကင်းစွာ ကိုးကွယ်နိုင်ရေး ၊ စံချိန်မီ လူ့ကျင့်ဝတ်များ ပေါ်ပေါက်လာရေး အတွက် ဤဆောင်းပါးကို anthropology ရှုဒေါင့်မှရေးပါသည်။ စီစစ်ခြင်းတကာတို့တွင် ကိုယ့်ကိုကိုယ် စီစစ်ခြင်းသည် အမြတ်ဆုံးဖြစ်သည်-ဟုမှတ်ယူပါသည်။)

ကျမ်းကိုး
(၁) Indian Buddhism
(၂) BPU Lectures Notes
(၃) Indian Philosophy
(၄) Early Buddhist Theory of Knowledge
(၅) သာမညဖလသုတ်


Friday, May 30, 2014

"သာသနာကို ထိန်းသိမ်းပါ"


"သာသနာကို ထိန်းသိမ်းပါ"

အချိန်ကား သက္ကရာဇ် ၄၀၆ ခုနှစ် ပုဂံပြည်၌ အနော်ရထာမင်းကြီး နန်းတက်စကာလ ဖြစ်၏။ ပုဂံပြည်၌ မင်းအဆက်ဆက် အဓမ္မ၀ါဒ ပြန့် ခဲ့သော မဟာယာန အရည်းကြီးများအား မင်းကြီး စိတ်နှင့်မတွေ့ ၍ ဒွိဟဖြစ်နေချိန်လည်း ဖြစ်သည်။

 အရည်းကြီးတို့ လည်း ထိုအချက်ကို သိ၍ မင်းကြီး ယုံကြည်စေရန် သရေခေတ္တရာပြည်တွင် သခွတ်ပင်ကြီးကို ထွင်း၍ မဟာယာနကျမ်းစာများ ထည့်သွင်းကာ မြေသရွတ်လိမ်းကျံပြီးလျှင် အပွေးတက်အောင် လုပ်ကြ၏။ ပြီးလျှင် မင်းကြီးနားသို့  ကြားလောက်အောင် ကောလဟာလများ ဖန်တီးကြ၏။

သခွတ်ပင်၌ ကျမ်းစာများရှိကြောင်း အိပ်မက်မက်သည်ဟု အသံလွှင့်ကြသည်။ မင်းကြီးလည်း စစ်တပ်ဖြင့်သွား၍ သခွတ်ပင်ကို ဖောက်ခွဲကြည့်ရာ "အရည်းကြီးတို့ သည် အယူအကျင့်မှန်ကန်၍ ဂေါတမဘုရားရှင်၏ တပည့်များဖြစ်ကြောင်း' ကျမ်းများကို တွေ့ ရသဖြင့် မယုံသင်္ကာနှင့်ပင် တာဝန် မပျက် ဆက်လက် ကိုးကွယ်နေရသော အချိန်ကာလဖြစ်၏။ အရည်းကြီးများ၏ အင်အားလည်း မသေးချေ။ ခေါင်းဆောင်သုံးကျိပ်၊ ငယ်သား ၆ သောင်းရှိလေသည်။

သီလဗုဒ္ဓိရဟန္တာမြတ်ကြီးကား ပုဂံပြည်၏ သတင်းများကို ကြားသိတော်မူသဖြင့် ရှင်အရဟံအား အကျိုးအကြောင်းမိန့် တော်မူကာ ပုဂံသို့ သွား၍ သာသနာပြုရန် တာဝန်ချလေတော့သည်။  ရှင်အရဟံလည်း သားရေနယ်အခင်းကို ပခုံးတင်၊ သပိတ်ကိုလွယ်၍ သထုံမှ ထွက်ခွာခဲ့၏။

ပုဂံပြည်အနီး တစ်ခုသောတော၌ အမောဖြေနေခိုက် မုဆိုးတစ်ယောက်ကတွေ့ ၍ လူရိုင်းဟု ထင်မှတ်သဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွား၏။ အရည်းကြီးများမှာ နက်ပြာရောင် သင်္ကန်းဝတ်၍ ဆံပင်မုတ်ဆိတ်များ ထားကြသဖြင့် ရှင်အရဟံ၏ အသွင်အပြင်ကို မြင်ရသည်မှာ အဆန်းဖြစ်နေသည်။

မင်းကြီးကား ရှင်အရဟံ၏ ဣနြေ္ဒကို မြင်လိုက်ရုံမျှဖြင့် 'ဤသူကား လူရိုင်းမဟုတ်၊ တရားရှိသော သူတော်မြတ်ပင် ဖြစ်သည်'ဟု ပါရမီဓါတ်ခံကြောင့် အမှန်ကို သိတော်မူ၏။ " သင့်မြတ်ရာ နေရာကို ကြည့်၍နေလော့" ဟုသဘောကို စမ်း၍ လျှောက်လျှင် ရှင်အရဟံသည် ရာဇပလ္လင်ပေါ်၌ တက်၍ နေတော်မူ၏။ "ဤသူကား သူတော်သူမြတ် အစစ်တည်း ' ဟုနေရာယူပုံကို ကြည့်၍ ပီတိ ဖြစ်တော်မူ၏။ အောက်ပါအတိုင်း လည်း မေးဖြေတော်မူကြသည်။

မင်းကြီး - အရှင်ကား ဘယ်အမျိုးအနွယ်နည်း။ အဘယ်မှ ကြွလာသနည်း။အဘယ်သူ၏ တရား အဆုံးအမကို ယူသနည်း။

မထေရ် - ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် ၉ ပါး နှင့် ပြည့်စုံတော်မူသော အစိန္တေယျ သမ္မာသမ္ဗုဒ္ဓ
ဘုရားရှင်၏ အမျိုးအနွယ်ဖြစ်ပေသည်။

မင်းကြီး။ ငါ၏ ဆရာနှင့် သီတင်းသုံးဖော်များရှိရာ (သထုံပြည်) မှ လာခဲ့၏။သမ္မာသမ္ဗုဒ္ဓဘုရားရှင်
ဟောကြေားသော အဆုံးအမကို ခံယူသည်။

မင်းကြီး - ထိုတရားကို အကျွန်ုပ်အား ဟောပြတော်မူပါဘိ။

မထေရ် - (သီရိဓမ္မာသောကမင်းကြီးအား နိဂြောဓသာမဏေ ဟောသကဲ့သို့ ) (ဒါန ၊သီလ) ဘာဝနာ တရားတို့ ၌ မမေ့မလျော့ရန် အပ္ပမာဒ သတိတရားကို အကျယ်ဟောတော်မူ၏။

မင်းကြီး - ဘုရားရှင် အခု ဘယ်မှာရှိသနည်း။ တရားတော်ကား မည်မျှများပါသနည်း။ အရှင်မှတစ်ပါး အခြားတပည့်သား သံဃာများ ရှိပါသေးသလော ဟု ၀မ်းမြောက်အားရစွာ လျှောက်၏။

မထေရ် - ဘုရားရှင်ကား ပရိနိဗ္ဗာန်စံတော်မူ၍ ဓါတ်တော်များသာ ရှိတော့သည်။ ပိဋကသုံးပုံ၊ ဓမ္မခန္ဓာအားဖြင့် ၈၄၀၀၀ ရှိပေ၏။ သထုံပြည်၌ ပိဋကသုံးပုံ အစုံသုံးဆယ်ပင် ရှိပေသည်။ ငါမှတစ်ပါး သံဃာလည်း များစွာရှိကြသေးသည်။

မင်းကြီး - ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှတစ်ပါး အခြားကိုးကွယ်အားထားရာမရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမပေးသည့်အတိုင်း ခံယူပါမည် ဘုရား ဟု လျှောက်ထား၍ နေပြည်တော်အရှေ့ ဘက်အရပ်၌ ဇေတ၀န်မည်သော ကျောင်းဆောင် ကို ဆောက်လုပ်လှူဒါန်း၏။

အေဒီ ၁၂၄၃ ခုနှစ် ရှင်အရဟံ၏ ကျောင်းတိုက်တွင် သံဃာတော်စာသင်သားများနေရန် ကျောင်းပုံ နှစ်ဆယ်ရှိသည်ဟု ကျောက်စာပုံ ၁၅၂/၆ ၌ ပါရှိသည်။ မင်းကြီးလည်း ရေကိုထမ်း၊ မိဖုရားကြီးလည်း ဆွမ်းကိုရွက်ကာ နေ့ စဉ်သွားရောက် လှူဒါန်းကြသည်။ သာသနာရေးနှင့် စပ်သမျှလည်း လျှောက်ထား မေးမြန်းလေတော့သည်။

အရည်းကြီး ၆ သောင်းကိုလည်း လူဝတ်လဲကာ အဲမောင်းလှံကိုင် ဆင်ချေး၊ မြင်းချေးကျုံး ထားတော်မူ၏။ အရှင်အရဟံလည်း သာသနာကြည်ညိုသူများအား ရဟန်းခံပေးလေသည်။ ထိုခေတ်က သံဃာသုံးသောင်းကျော်ရှိကြောင်း ၀ံသဒီပနီ၌ ဆိုသည်။ မင်းနှင့်ဆရာ တိုင်ပင်၍ သာသနာအညစ်အကြေးတို့ ကို ဆေးကြောသုတ်သင်တော်မူကြ၏။

အရည်းကြီးတို့ လည်း လာဘ်လာဘဆုတ်ယုတ်၍ ရှင်အရဟံအား ရန်ငြိုးဖွဲ့ ကြကုန်၏။ မင်းကြီးသိတော်မူ၍ ကျောင်းဝေယျာဝစ္စ ဆောင်ရွက်ရင်း အရည်းကြီးတို့ ရန်ကို ကာကွယ်ရန် အစောင့်လူတစ်ရာ ထားလှူတော်မူ၏။ ရှင်အရဟံကား ထိုလူများအား ရှင်ရဟန်းပြုပေး၍ ပရိယတ် စာပေ သင်ကြားပေးလေသည်။

သက္ကရာဇ် ၄၁၉ ခုနှစ် တစ်နေ့ သောအခါ ရှင်အရဟံမထေ၏ တိုက်တွန်းချက်အရ ဓါတ်တော် မွေတော်နှင့် ပိဋကများကို ပင့်ဆောင်ရန် စကားချေငံသော အမတ်တို့ အား လက်ဆောင်ပဏ္ဏာတို့ ဖြင့် သထုံပြည် မနူဟာမင်းထံသို့  စေလွှတ်လိုက်၏။


မနူဟာမင်းက မိစ္ဆာဒိဋ္ဌိတို့ နှင့် တန်သလော ဟု ဆိုသဖြင့် ပြန်လာသံတော်ဦးတင်ကြရာ မင်းကြီး အမျက်ဒေါသထွက်သဖြင့် ကြည်း၊ ရေ နှစ်တန်စစ်ခင်း၍ သထံသို့ စစ်ချီတော်မူလေသည်။ ကျန်စစ်သားစသော သူရဲကောင်းများပါသော်လည်း မြို့ ကို မစီးနိုင်ဘဲရှိရာ ၀ိဇ္ဇာ မယိဒ္ဓိ ပယောဂ နည်းဖြင့် ဆေးစီရင်၍ မြို့ ရိုးတွင် မြှုပ်နှံထားသော ဗျတ်ဝိ၏ ပေါင် လက် တို့ ကို တူးဖော်ပစ်မှ ထိုးဖောက်အောင်နိုင်ကြလေတော့သည် ။

ပိဋက အစုံနှင့် ဓါတ်တော်မွေတော်များကို ဆင်အစီးသုံးဆယ်နှင့်တင်၍ ပုဂံသို့ ပင့်ဆောင်ခဲ့၏။ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ်လည်း တစ်ထောင်ပါခဲ့လေသည်။ မနူဟာမင်းနှင့် အတတ်ပညာသည် အချို့ လည်း ခေါ်ဆောင်ခဲ့၏။ ထိုပိဋကများသည် နောင်ကာလတွင် သီဟိုဠ်မှ ရရှိသော ပိဋကတို့ နှင့် ရှင်အရဟံကိုယ်တိုင် တိုက်ဆိုင်တည်းဖြတ်ရာ မကွဲမလွဲအညီအညွတ်ပင် ရှိသည်ဟူ၏။

ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်ကြီး၌ ပွားစီးတိုးတက်၍ လာလေတော့၏။ အနော်ရထာမင်းကြီးလည်း အရည်းကြီးတို့ ၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြရရှာသော ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ အား သတိရကြေကွဲကာ ၀မ်းနည်းဝမ်းသာဖြင့် ' ပါရမီကုသိုလ် ရစေလို' ဟု တ ဆိုမြည် တမ်းမိလေတော့၏။

(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်-ရဟန္တာနှင့်ပုဂ္ဂိုလ် ထူးများ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Thursday, May 29, 2014

ဘုရားဖက်၍ အသက်ရှည်သူ


ဘုရားဖက်၍ အသက်ရှည်သူ

"လေးလအတွင်း သေမည့်သူ"

သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။
 စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။

လှူဖွယ်ဝတ္တုအကပ်ခံသည်နှင့်
 ဆရာတော် မိန့်တော်မူလိုက်သော စကားတစ်ခွန်းက စဝ်နွံကြည်ရင်ကို ဒိတ်ကနဲဖြစ်သွားစေသည်။ “စဝ်နွံကြည်၊ ဒီလေးငါးလအတွင်းမှာ မင်းအတွက် အသက်အန္တရာယ်ရှိနေတယ်” ဆရာတော်၏သမာဓိ မည်မျှကြီးမားသည်ကို စဝ်နွံကြည် ငယ်ငယ်ကတည်းက သိထားပြီးသား။ တပည့်ရင်းဖြစ်သည့်အတွက်ကြောင့် ယခုလိုထုတ်ဖော် သတိပေးခြင်းဖြစ်ပေသည်။ စိတ်၏တုန်လှုပ်မှုက အသံထိကူးစက် မလာစေရန်သတိထားပြီး -

“တပည့်တော်ကို စောင့်ရှောက်ကယ်တင်တော်မူပါဘုရား”
“တို့က ကယ်တင်မပေးနိုင်ပါဘူး။ ဘုရားရှင်တောင် သူ့သာကီဝင် မင်းမျိုးတွေကို ဝီဋဋူပက ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်အောင် သတ်တာကို မကယ်တင်နိုင်ခဲ့ဘူး မဟုတ်လား” အားကိုရာ မဲ့လေပြီဟူသောအသိကြောင့် တုန်လှုပ်ခြောက်ခြားမှုက တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။ ခေါင်းငိုက်စိုက်ကျကာ နှုတ်ဆိတ်သွားသော ငယ်တပည့်ကို ဆရာတော်က ကရုဏာမျက်ဝန်းဖြင့် လှမ်းကြည့်ရင်း -

“စဝ်နွံကြည်၊ အားငယ်မသွားနဲ့၊ မင်းအသက်အန္တရာယ်ကို မင်းကိုယ်တိုင် ပြန်ကယ်လို့ရပါတယ်။ မင်းတို့က တွေးမကြည့်ကြလို့ ရတနာသုံးပါးကိုလှူဒါန်းတဲ့အခါ ရတနာသုံးပါးကလာပြီး မင်းတို့ကို အန္တရာယ်ကင်းအောင်၊ ချမ်းသာအောင် လုပ်ပေးတာမဟုတ်ဘူး ရတနာသုံးပါးအပေါ် ကြည်ညိုတဲ့ မင်းတို့ရဲ့ သဒ္ဓါအကြီးအသေး အလိုက် အန္တရာယ်ကင်းမှု၊ ချမ်းသာမှုလည်း ကွာခြားသွားတာပေါ့။ ဒါကြောင့် ဘယ်ရုပ်ပွား၊ ဘယ်စေတီကိုပဲ ရှိခိုး ရှိခိုး မိမိရဲ့ ကြည်ညိုတဲ့သဒ္ဓါဓါတ်ကို အကြီးမားဆုံး အသန့်ရှင်းဆုံးဖြစ်အောင် အဓိကထားရတယ်။

ဒါ့ကြောင့် ဒီနေ့ကစပြီး သရဏဂုံသုံးပါးကို အမြဲမပြတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ် ပွားများပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ပြီးတော့ သီဟိုဠ်ကျွန်းက ‘ဝသဘ’ မင်းကြီးရဲ့ နည်းအတိုင်း အသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်တွေကိုလည်း မိမိစွမ်းနိုင်သမျှ ကြိုးစားပြုလုပ်ပါ”

“အဲဒီ မင်းကြီးအကြောင်းကိုလဲ မိန့်တော်မူပါဦးဘုရား”

“အေး...ပြောမယ်။ ဒီဝသဘ မင်းကြီးနန်းတက်တော့ သူ့အသက်သုံးဆယ်ဝန်းကျင် လောက်ပဲ ဆိုကြပါတော့ကွယ်။ အဲဒါ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေကို သူနန်းစံရမယ့် နှစ်အရေအတွက်ကို တွက်ချက်ခိုင်းတော့ (၁၂) နှစ်လို့ ထွက်လာတယ်။ အသက် (၄၂) နှစ်ရှိရင် သူသေရမယ် သဘောပေါ့။ အဲဒီမှာ သူကိုးကွယ်တဲ့ သံဃာတော်များ ပင့်ဖိတ်ပြီး အသက်ရှည်ရာ ရှည်ကြောင်း အားပေးထောက်ပံ့တဲ့ ကုသိုလ်များကို မေးမြန်းတဲ့အခါ သံဃာတော်များက ဒီကုသိုလ်တွေကို စွမ်းနိုင်သမျှ ပြုလုပ်ဖို့ အကြံပေးကြတယ်။ အဲဒီ ကုသိုလ်တွေက - 

"အသက်ရှည်စေသည့် ကုသိုလ်များ"

၁။ ရေစစ်လှူဒါန်းခြင်း၊
၂။ ဆေးဝါးလှူဒါန်းခြင်း၊
၃။ ကျောင်းဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း၊
၎။ ငါးပါးသီလကို အမြဲစောင့်ခြင်း၊
၅။ သီတင်းနေ့တိုင်း ရှစ်ပါးသီလ စောင့်ခြင်း၊
၆။ ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ပဲ
(ဆောင်) ရေစစ်ဆေးကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်၊ အဌ၊ ဤခြောက်ဝ၊ မုချသက်ရှည်ကြောင်း။

“အဲဒီကုသိုလ်တွေ ကြိုးစားအားထုတ်တဲ့အတွက် ဝသဘမင်းကြီးဟာ (၄၄) နှစ်နန်းစံသွားရတယ်။ (၄၂) နှစ်သာ နေရမယ့် အသက်ဟာ (၇၄) နှစ်ထိ နေသွားရတာပေါ့။ အဲဒီတော့ မင်းလဲ ဒီကုသိုလ်ခြောက်မျိုးကို စွမ်းနိုင်သမျှ ကြိုးစားပြုလုပ်၊ ပြီးတော့ သရဏဂုံကိုလည်း ဘယ်တော့မှမမေ့နဲ့”

“ကျေးဇူးကြီးလှပါတယ်ဘုရား၊ ဆရာတော်သြဝါဒအတိုင်း တသွေမတိမ်း လိုက်နာကျင့် ဆောင်ပါ့မယ်ဘုရား”

ထိုနေ့မှစ၍ စဝ်နွံကြည်တစ်ယောက် ဒါန၊ သီလ၊ ဘာဝနာတွေကို စွဲစွဲမြဲမြဲကြိုးစားလာခဲ့သည်။ စိတ်ခိုင်းတာလုပ်နေရသော စိတ်ကျွန်ဘဝမှ စိတ်ကို မိမိလိုရာခိုင်းနိုင်သော စိတ်သခင်ဘဝသို့ ရောက်လာခဲ့သည်။ အသောက် အစား၊ ကစား လုံးလုံးကင်းရှင်းသွားသလို ကုသိုလ်ကံအား အများကြီးကောင်းလာခဲ့သည်။

ကုသိုလ်အားကောင်းလာသဖြင့် စီးပွားကလည်း ဒီရေအလား တိုးတက်လာသည်။ တစ်နေ့ည၊ နေဝင်ရီတရောတွင် လက်စွဲတော် စိပ်ပုတီးကိုယူ၍ ကျိုင်းတုံမြို့အရှေ့ဘက်၊ ကမ္ဘောဇစေတီဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် နေလည်းဝင်သွားပေပြီ။

ဆည်းဆာရောင်ဖြင့် လှချင်တိုင်းလှနေသော ရှုမျှော်ခင်းများကို တစ်ဝကြီး ကြည့်ပြီးသည်နှင့် စေတီတော်ကို ထိခြင်းငါးပါးဖြင့် ရှိခိုးလိုက်သည်။ ထိခြင်းငါးပါး ဟူသည်ကား ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦးညီညွတ် စေဟူသော ဆောင်ပုဒ်အတိုင်း ဘုရားရင်ပြင်တော်ကို ခြေဖမိုး၊ လက်ဝါး၊ နဖူး၊ တံတောင်၊ ဒူးတို့ဖြင့် ထိမိအောင် ရှိခိုးခြင်းတည်း။

ပြီးသည်နှင့် သစ်သားကစ်ပျစ်ပေါ်တွင်ထိုင်ကာ သရဏဂုံသုံးပါးကို ပုတီးစိပ်ပါတော့သည်။ အဓိဋ္ဌာန်ပြည့်၍ လက်ကနာရီကို လရောင်ဖြင့် ကြည့်လိုက်သောအခါ ရှစ်နာရီခွဲပြီးနေသည်ကို တွေ့လိုက်ရသည်။ စေတီတော်ကြီးကို ဦးသုံးကြိမ်ချလိုက်ပြီး ကွပ်ပျစ်ပေါ် ခဏလှဲလိုက်သည်။

တငြိမ့်ငြိမ့်ပျံ့လွင့်လာသော စေတီတော်မှ ဆည်းလည်းသံတို့က စဝ်နွံကြည်အား ရင်ပြင်တော်ပေါ်မှ ထွက်ခွာမသွားချင်အောင် ဆွဲဆောင်လျက်ရှိသည်။ အေးချမ်းတိတ်ဆိတ်လိုက်တာ၊ ဒီချမ်းသာမျိုးကို ဒီနေရာမျိုးမှာသာ ရနိုင်မှာဟူသော အတွေးနှင့်အတူ မျက်လုံးကို အသာအယာ မှိတ်ထားရာမှ ခဏအကြာတွင် စဝ်နွံကြည်တစ်ယောက် အိပ်မောကျသွားပါတော့သည်။

"စေတီပေါ်ကအသက်လုပွဲ"

ထိုအချိန်မှာပင် စဝ်နွံကြည်တစ်ယောက် ကမ္ဘောဇစေတီပေါ် တစ်ယောက်တည်း ရောက်နေကြောင်း သတင်ကို ရသွားသဖြင့် ရှမ်းသူပုန်ခေါင်းဆောင်သည် တပ်ဖွဲ့ဝင်များကို ခေါ်ယူလျက် စေတီတော် ပတ်ဝန်းကျင်ကို ဝိုင်းလိုက်ကြသည်။ အလင်းဝင်သွားသော စဝ်နွံကြည်ကို သူတို့တစ်ဖွဲ့လုံးက သစ္စာဖောက်အဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် အသေသတ်ရန် ရောက်လာကြခြင်း ဖြစ်သည်။

တစ်ချို့ကို လမ်းမှာအစောင့်ထား၊ တစ်ချို့ကို စေတီဘေးပတ်လည်မှာ ဝိုင်းထားခိုင်းပြီး ခေါင်းဆောင်နှင့်ငယ်သားအချို့ သေနတ်ကိုအသင့်ပြင်ကာ ရင်ပြင်ပေါ်သို့ သတိအနေအထားဖြင့် တက်လာကြသည်။ ထိုခဏမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စဝ်နွံကြည်သည် သူ့နာမည်ကို တိုးတိုးခေါ်၍ နှိုးသံလိုလို ကြားလိုက်ရသဖြင့်

“ခင်ဗျာ၊ ကျွန်တော့်ကိုခေါ်သလား” ဟုထူးရင်း မျက်စိကို ဖွင့်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဘိုးအိုက -

“မင်းကအိပ်ပျော်နေ၊ ဘုရားအောက်မှာ ရှမ်းသောင်းကျန်းသူတွေ မင်းကို သတ်ရအောင် ဝိုင်းထားကြပြီ။ မြန်မြန်လာ၊ အဘိုးနောက်လိုက်ခဲ့။ သူတို့အစောင့်လွတ်တဲ့ လမ်းတစ်လမ်းကို အဘိုးပြမယ်” ဟုပြောပြီး ခေါ်ဆောင်သွားသဖြင့် စဝ်နွံကြည်လည်း ဘာမျှမပြောနိုင်တော့ဘဲ အဘိုးအိုနောက်မှ လိုက်လာခဲ့တော့သည်။

ဘုရားအောက်ရောက်၍ မျက်စေ့ကို ဝှေ့ကြည့်လိုက်သောအခါ သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှမ်းသူပုန်အတော်များများကို တွေ့ရလေသည်။ သို့သော် သူပုန်များကား စဝ်နွံကြည်ကို တစ်ယောက်မှ မမြင်ကြ။ လမ်းပေါ်ရောက်သည်နှင့် အဘိုးအိုက -

“ကဲ...ဒီလမ်းအတိုင်း အိမ်ကိုရောက်အောင် မြန်မြန်ပြေးပေရော့” ဟုဆိုလိုက်ရာ စဝ်နွံကြည်လည်း အဘိုးအိုနာမည်ကိုပင် မမေးနိုင်တော့ဘဲ ကျိုင်းတုံမြို့ထဲသို့ သုတ်ခြေတင်ပါတော့သည်။ သူပုန်တို့ကား စဝ်နွံကြည်ကို မတွေ့ရတော့သဖြင့် ဒေါသနှင့် တောက်ခေါက်ကာ တောတွင်းသို့ ပြန်သွားကြ၏။

သူ့အိမ်ရောက်တော့ ညဥ့်နာရီပြန်တစ်ချက်ခွဲနေပါပြီ။ အိမ်သားတွေကိုပင် မနည်းနှိုးပြီး တံခါးဖွင့်ခိုင်းရသည်။ တစ်လမ်းလုံး စဉ်းစားမရခဲ့သော အဖြေတစ်ခုကို ဘုရားကျောင်းဆောင်ရှေ့ ရောက်မှာပင် အဖြေရခဲ့သည်။ ထို့ကြောင့်လည်း ဘုရား၊ တရား၊ သံဃာကို ရည်မှန်း၍ အရင် ဦးသုံးကြိမ်ချလိုက်သည်။

အသက်အန္တရာယ်ကြားထဲမှ သူ့ကို ခေါ်ထုတ် ကယ်တင်ခဲ့သော အဘိုအိုးကို သူတစ်ခါမျှမမြင်ဖူးခဲ့။ ထို့ကြောင့် ဘယ်သူများဖြစ်လေမလဲဟု တစ်လမ်းလုံးတွေးခဲ့သော်လည်းအဖြေကမရခဲ့။ ယခုတော့ ရပါပြီ။ သရဂုံနှင့် သီလမြဲသူအား အမြဲတမ်းစောင့်ရှောက်သည့် နတ်ကောင်းနတ်မြတ်များမှ တပါး ဘယ်သူဖြစ်နိုင်ဦးမည်နည်း။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။

စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။


Wednesday, May 28, 2014

တံခါးများလုံပါစေ


တံခါးများလုံပါစေ…


လူတို့နေထိုင်ရာ အဆောက်အဦကို အိမ်ဟုခေါ်ဆိုပြီး ထိုအိမ်တွင် တပ်ဆင်ထားသည့် အဖွင့်အပိတ်လုပ်၍ ရသည့်အပေါက်များကို တံခါးဟု ဆို၏။ အိမ်နေသူများ၏အလင်းအမှောင်၊ လုံခြုံမှု၊ မလုံခြုံမှု စသည်များကို အိမ်၏တံခါးများက တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးလျှက်ရှိ၏။ အိမ်တွင်းလိုအပ်နေသည့် အရောင်အလင်းများကို တံခါးများဖွင့်ပေးခြင်းဖြင့် ရယူနိုင်သကဲ့သို့ အိမ်အပြင်မှ ကျရောက်လာမည့် လေဒဏ်မိုးဒဏ်များကိုလည်း တံခါးများပိတ်ပေးခြင်းဖြင့် အထိုက်အလျောက် အကာအကွယ်ယူနိုင်၏။ အိမ်တွင်းနေသူများ၏ လုံခြုံရေးကိုလည်း တံခါးများ၏လုံခြုံစိတ်ချရမှုဖြင့် အာမခံပေးနိုင်၏။

ထို့အတူ တံခါးများကြောင့်လည်း အိမ်နေသူများ၊ အိမ်ရှိပစ္စည်းဥစ္စာများ၏အန္တရာယ်သည် ဖြစ်ပေါ်လာတတ်၏။ ထို့ကြောင့် တံခါးသည် အိမ်၏အဓိကကျသည့် အခန်းကဏ္ဍတွင် နေရာယူနေခြင်းဖြစ်၏။ တံခါးကောင်းလျှင်၊ တံခါးလုံလျှင် အိမ်၏လုံခြုံမှုလည်း ကောင်းနေပြီး တံခါးမကောင်းလျှင်၊ တံခါးမလုံလျှင် အိမ်၏လုံခြုံမှုလည်း စိုးရိမ်နေရတတ်၏။ ထို့ကြောင့် အိမ်၏လုံခြုံရေး၊ အိမ်နေသူများ၏အန္တရာယ်ကင်းရေးအတွက် တံခါးများလုံရန်၊ တံခါးများကောင်းရန် လိုအပ်သည်ဟု ဆိုကြခြင်းဖြစ်၏။

ဗုဒ္ဓစာပေများတွင် ခန္ဓာကိုယ်ကို အိမ်နှင့်ဥပမာပေး၍ ဖွင့်ဆိုဟောပြော၊ ရေးသားကြသည်ကို များစွာတွေ့ရ၏။အိမ်တွင် တံခါးများရှိသကဲ့သို့ အိမ်နှင့်တူသည့် ခန္ဓာကိုယ်တွင်လည်း တံခါးများရှိ၏။ထိုတံခါး ကို ပါဠိလို ဒွါရဟု ဆို၏။ အိမ်တွင် တံခါးများသည် အကောင်းအဆိုးကို ဖန်တီးပေးတတ်သကဲ့သို့ ခန္ဓာကိုယ်တွင်လည်း ဒွါရများက အကောင်းအဆိုးကို ဖြစ်စေ၏။ အိမ်၏တံခါးများ လုံခြုံစိတ်ချရလျှင် အိမ်သည်လည်း အန္တရာယ်ကင်းနိုင်သကဲ့သို့ ခန္ဓာကိုယ်၏ဒွါရခေါ် တံခါးများလုံခြုံ စိတ်ချရလျှင်လည်း အိမ်နှင့်တူသည့် ခန္ဓာကိုယ်သည်လည်း အန္တရာယ်ကင်းနိုင်၏။

ခန္ဓာကိုယ်၏တံခါးများ မလုံခြုံလျှင်ကား ထိုတံခါးများမှတစ်ဆင့် အနှောက်အယှက်များ၊ အတိုက်အခိုက်များ ၀င်ရောက်လာတတ်ပြီး ခန္ဓာတည်းဟူသော အိမ်ကြီးကို နင်းခြေဖျက်ဆီး အပိုင်းဆီးသွားတတ်၏။ စင်စစ် ခန္ဓာအိမ်ဟူသည် အခြားမဟုတ် နာမ်၊ ရုပ်များဖြင့် တည်ဆောက်ထားသည့် အစုအဖွဲ့ကြီးပင်ဖြစ်၏။ ဤအစုအဖွဲ့ခန္ဓာအိမ်ကြီးတွင် တံခါးပေါက်များမှ ၀င်ရောက်လာနိုင်သည့် အမှိုက်များ၊ အညစ်အကြေးများကြောင့် ခန္ဓာအိမ်ကြီးသည် တဖြည်းဖြည်း ယိုယွင်းပျက်ဆီးနိုင်၏။ ထို့ကြောင့် ခန္ဓာအိမ်ကြီးတွင် ထိုအမိုက်များ၊ အညစ်အကြေးများ ကိန်းအောင်းခွင့်မရအောင် တံခါးများကို လုံခြုံစေရန်လိုအပ်သည်ဟု ဆိုခြင်းဖြစ်၏။

အမှိုက်များ၊ အညစ်အကြေးများဟူသည် အခြားမဟုတ်။ ကိလေသာအမိုက်များ၊ ကိလေသာ အညစ်အကြေးများပင် ဖြစ်၏။ ခန္ဓာကိုယ်၏ တံခါးများဟူသည်မှာလည်း အခြားမဟုတ် စက္ခုဒွါရစသော ဒွါရခြောက်ပါး တံခါးများပင်ဖြစ်၏။ အတိအကျ ဖော်ပြရလျှင် ၁။စက္ခုဒွါရ =မျက်စိတံခါး ၂။သောတဒွါရ= နားတံခါး ၃။ဃာနဒွါရ= နှာခေါင်းတံခါး ၄။ဇိဝှါဒွါရ =လျှာတံခါး ၅။ကာယဒွါရ= ကိုယ်တံခါး ၆။မနောဒွါရ= စိတ်တံခါး ဟူ၍ဖြစ်၏။

မှန်၏။ ဤတံခါးခြောက်ပေါက်ကိုလုံခြုံအောင်ထိန်းရန် လိုအပ်၏။ ဤတံခါးများ မလုံလျှင် တံခါးများမှတစ်ဆင့်အပြင်အန္တရာယ်များဖြစ်သည့်ကိလေသာများ ၀င်ရောက်လာပြီး နာမ်ရုပ်အစု ဖြစ်သည့်ခန္ဓာအိမ်ကြီးကို မီးဟုန်းဟုန်းတောက်သကဲ့သို့ လောင်မီးတိုက်သွားတတ်၏။ အရှိန်အဟုန် ပြင်းသည့် မီးလောင်ခံသည့်အိမ်တွင်မည်သည့်အရာမျှမကျန် အကုန်ပါသွားသကဲ့သို့ ကိလေသာမီး အလောင်ခံရသည့် ခန္ဓာအိပ်သည်လည်း ပစ္စုပ္ပန်သံသရာအကျိုးအတွက်ရယူစရာ တစ်စုံတစ်ရာ မရှိဖြစ်တတ်၏။

ထို့ကြောင့်ပစ္စုပ္ပန်သံသရာကောင်းကျိုး ဖြစ်စေရန်ကိလေသာအပူမီးများ ၀င်ရောက် နိုင်သည့်တံခါးများကိုလုံအောင်ထိန်းရန်လိုအပ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဆိုလျှင် ထိုတံခါးများကို မည်သို့လုံအောင်ထိန်းရမည်နည်း၊ မည်သည့်အရာဖြင့်ထိန်းရမည်နည်း စသည်ဖြင့်တံခါးများ လုံခြုံစေမည့် နည်းလမ်းသည်လည်း လိုအပ်လာ၏။ ထိုနည်းလမ်းအတိုင်းလည်း လိုက်နာ ကျင့်ကြံအားထုတ်သင့်၏။

စင်စစ်တံခါးများ လုံအောင်ထိန်းရန်မှာ မခက်လှပေ။ ထိုတံခါးများ၏သဘာဝ အမှန်တရားကိုသာ သိအောင်ကြိုးစားနိုင်လျှင်ထိုတံခါးများ၏လုံခြုံမှုကို အလိုလိုထိန်းပြီးသား ဖြစ်စေ၏။ စက္ခုဒွါရ ဟူသော မျက်စိတံခါးတွင် စက္ခုဟူသော မျက်စိ၏သဘောအမှန်မှာ မြင်ခြင်းသဘောသာရှိ၏။ ထိုမျက်စိ၏ မြင်နိုင်စွမ်းသည်လည်း အဆင်းကိုသာလျှင်မြင်နိုင်စွမ်းရှိ၏။ ထို့ကြောင့်မြင်ခြင်းသဘော ရှိသည့်မျက်စိသည်အဆင်းကိုသာ မြင်နိုင်စွမ်းရှိသဖြင့်မြင်သည့်အခိုက်တွင် အဆင်းသာဖြစ်သည် ဟူ၍ မြင်သိစိတ်ကိုသဘာဝအမှန်အားဖြင့် သိအောင်လုပ်နိုင်ပါက စက္ခုဒွါရဟူသော မျက်စိတံခါးကို လုံအောင်ထိန်းပြီးသား ဖြစ်၏။

ထိုသို့မြင်ဆဲအခိုက် မြင်သိစိတ်ကိုသိနိုင်လျှင် ထိုမြင်ခြင်းကို အကြောင်းပြု၍အခြားမည်သည့်စိတ်၊ မည်သည့်အကုသိုလ်မျှ ဖြစ်ပေါ်နိုင်ရန်အကြောင်းမရှိပေ။ ထိုသို့ သဘာဝအမှန်ကိုမသိသဖြင့် မျက်စိဖြင့်ရူပါရုံဟူသော အဆင်းအာရုံကို ကြည့်ပြီး ဖြူသည်၊ ၀ါသည်၊ နီသည်၊မည်းသည်၊ လှလိုက်သည့်အဆင်း၊ ကြည့်ကောင်းသည့်အဆင်း ကြည့်မကောင်း သည့် အရောင်စသည့် တပ်မက်မှုများလွှမ်းမိုးကာ မိမိကြိုက်သည့်အဆင်းဖြစ်လျှင်လောဘ၊ မကြိုက်သည့် အဆင်းဖြစ်လျှင်ဒေါသစသည့်ကိလေသာများ ၀င်ရောက်လာခြင်းဖြစ်၏။

ထိုသို့ ကိလေသာများ ၀င်ရောက်လာခြင်းသည် စက္ခုဟူသော မျက်စိတံခါး၏မလုံခြုံမှုကြောင့်ဖြစ်၏။ ထိုမျက်စိတံခါး ပွင့်သွားခြင်းသည်စက္ခုဟူသော မျက်စိ၏သဘာဝအမှန်ကို မသိခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့်ထိုမျက်စိတံခါးကိုလုံခြုံစေရန် မျက်စိ၏သဘောအမှန်ကို သိအောင်ကြိုးစား ရမည်သာ ဖြစ်၏။ မြင်ဆဲအခိုက်တွင်မြင်သည်ဟုသိအောင်ကြိုးစားခြင်းသည်မျက်စိ၏သဘော အမှန်ကိုသိအောင်ကြိုးစားခြင်းဖြစ်ပြီး မျက်စိတံခါးကိုလုံခြုံအောင် ထိန်းလိုက်ခြင်းပင်ဖြစ်၏။

ထို့အတူသောတဒွါရဟူသော နားတံခါးကိုလည်း သောတဟူသော နား၏သဘာဝ အမှန်ကို သိအောင်ကြိုးစားခြင်းဖြင့်လုံခြုံအောင် ထိန်းရမည်ဖြစ်၏။ သောတဟူသော နား၏သဘောအမှန်မှာ ကြားခြင်းသာဖြစ်၏။ ကြားခြင်းမှတစ်ပါး အခြားအစွမ်းမရှိပေ။ ကြားသည်ဆိုရာ၌လည်းအသံကိုသာ ကြားနိုင်စွမ်းရှိ၏။ ထို့ကြောင့် ကြားခြင်းသဘောရှိသည့် နားသည်အသံကိုသာ ကြားနိုင်စွမ်းရှိသဖြင့် ကြားသည့်အခိုက်တွင်အသံသာဖြစ်သည်ဟူ၍ ကြားသိစိတ်ကို သဘာဝအမှန်အားဖြင့် သိအောင် လုပ်နိုင်ပါကသောတဒွါရဟူသော နားတံခါးကိုလုံအောင်ထိန်းပြီးသား ဖြစ်၏။

ထိုသို့ကြားဆဲအခိုက် ကြားသိစိတ်ကိုသိနိုင်လျှင်ထိုကြားခြင်းကိုအကြောင်းပြု၍ အခြားမည်သည့် စိတ်၊ မည်သည့် အကုသိုလ်မျှဖြစ်ပေါ်နိုင်ရန် အကြောင်းမရှိပေ။ထိုသို့ သဘာဝအမှန်ကို မသိသဖြင့် နားဖြင့် သဒ္ဒါရုံဟူသော အသံအာရုံကိုအာရုံပြုပြီး ကောင်းသည့်အသံ၊ သာယာနာပျော်ဖွယ် ရှိသည့်အသံ၊ ဂီတသံ၊ ငှက်ဆိုးထိုးသံ၊ မိုးကြိုးပစ်သံစသည့် တပ်မက်မှုများလွှမ်းမိုးကာ မိမိကြိုက်သည့် အသံဖြစ်လျှင်လောဘ၊ မကြိုက်သည့်အသံဖြစ်လျှင်ဒေါသစသည့်ကိလေသာများ ၀င်ရောက် လာခြင်းဖြစ်၏။ ထိုသို့ ကိလေသာများ ၀င်ရောက်လာခြင်းသည် သောတဟူသော နားတံခါး၏ မလုံခြုံမှုကြောင့်ဖြစ်၏။

ထိုနားတံခါး ပွင့်သွားခြင်းသည်သောတဟူသော နား၏ သဘာဝအမှန်ကို မသိခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့်ထိုနားတံခါးကိုလုံခြုံစေရန်နား၏ သဘော အမှန်ကို သိအောင်ကြိုးစားရမည်သာ ဖြစ်၏။ ကြားဆဲအခိုက်တွင် ကြားသည်ဟု သိအောင် ကြိုးစားခြင်းဖြင့် သောတဒွါရကိုအမှီပြု၍ ဖြစ်လာမည့် ကိလေသာများ မဖြစ်နိုင်တော့ပေ။ ဤနည်းသည်သာလျှင် သောတဒွါရဟူသော နားတံခါးကို လုံခြုံစေမည့်နည်းဖြစ်၏။

ဤအတူပင်အခြားသော ဃာနဒွါရဟူသော နှာခေါင်းတံခါး၊ဇိဝှါဒွါရဟူသော လျှာတံခါး၊ ကာယဒွါရ ဟူသော ကိုယ်တံခါးတို့၏ သဘောအမှန်ကိုလည်း သိအောင်ကြိုးစား၍ ထိုတံခါးများကို လုံခြုံအောင် ထိန်းရမည်ဖြစ်၏။ ဃာနဟူသော နှာခေါင်း၏သဘောအမှန်ဖြစ်သည့် နံခြင်းသည်အနံ့ကိုသာ နံခြင်းဖြစ်ကြောင်း နံဆဲအခိုက်ကိုသိအောင်ကြိုးစားခြင်းဖြင့်အနံ့ကိုအမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် အနံ့ကောင်းသည်၊အနံ့ဆိုးသည်၊ဟိုအနံ့၊ဒီအနံ့စသည့် တပ်မက်မှုကိလေသာများ မဖြစ်ပေါ်အောင် ထိန်းလာနိုင်မည်ဖြစ်၏။

ထို့အတူ ဇိဝှါဟူသော လျှာ၏ သဘောအမှန်ဖြစ်သည့်ရသာရုံကို ခံစားခြင်းသည် အရသာကိုသာ ခံစားခြင်းဖြစ်ကြောင်း၊အရသာကိုခံဆဲအခိုက်ကို သိအောင် ကြိုးစားခြင်းဖြင့်အရသာကိုအမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့်ချိုသည်၊ ချဉ်သည်၊ငန်သည်၊ စပ်သည်၊ ကောင်းသည်၊ဆိုးသည်စသည့် ကိလေသာများ မဖြစ်ပေါ်အောင်ထိန်းလာနိုင်မည်ဖြစ်၏။

အလားတူပင် ကာယဟူသော ကိုယ်၏ သဘောအမှန်ဖြစ်သည့် ထိတွေ့ခြင်းသည်ပထ၀ီ၊ အာပေါ၊ တေဇော၊၀ါယောဟူသော ဓာတ်ကြီးလေးပါးကိုသာ ထိတွေ့ခြင်းဖြစ်ကြောင်း တွေ့ထိဆဲအခိုက်ကို သိအောင်ကြိုးစားခြင်းဖြင့် အတွေ့အထိကိုအမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် ပူခြင်း၊အေးခြင်း၊နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်း၊မာခြင်း၊ပျော့ခြင်းစသည့်တပ်မက်မှုကိလေသာများ မဖြစ်ပေါ်အောင် ထိန်းလာ နိုင်မည်ဖြစ်၏။

ထို့သို့ နှာခေါင်း၊ လျှာ၊ ကိုယ်တို့၏ အကြည်ဓာတ်တို့နှင့် အနံ့၊ အရသာ၊ အတွေ့ အထိဟူသော အာရုံတို့ ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာသည့်နံသိစိတ်၊ အရသာကိုသိစိတ်၊ အတွေ့ အထိကို သိစိတ်တို့၏ဖြစ်ဆဲအခိုက်ကိုသိအောင်ကြိုးစားခြင်းသည် ထိုတံခါးများကို လုံခြုံအောင် ထိန်းချုပ်ခြင်းဖြစ်သဖြင့်ထိုတံခါးများမှ ၀င်လာနိုင်သည့် ကိလေသာအညစ်အကြေးများကိုလည်း တားမြစ်ပြီးသား ဖြစ်နေ၏။ ဤနည်းသည်သာ တံခါးများကို လုံခြုံစေမည့်နည်းဖြစ်၏။

နောက်ဆုံးတစ်ခုဖြစ်သည့်မနောဒွါရဟူသော စိတ်တံခါးကိုလည်း မနောဟူသော စိတ်၏သဘော အမှန်ကိုသိအောင်ကြိုးစားခြင်းဖြင့် လုံအောင်ထိန်ရမည်ဖြစ်၏။မနောဟူသော စိတ်၏သဘော အမှန်မှာ တွေးတောကြံစည်ခြင်းဖြစ်၏။ ထိုထက်ပိုပြီး အစွမ်းမရှိပေ။ တွေးတောကြံစည်သည် ဆိုရာ၌လည်း အထက်တွင်ဖော်ပြခဲ့သည့် စက္ခုစသည့်ဒွါရတို့တွင် မထင်နိုင်သည့် နူးညံ့ သိမ်မွေ့သည့် အာရုံများကိုသာ တွေးတောကြံစည်ခြင်း ဖြစ်သဖြင့်ထိုတွေးတောကြံစည်ဆဲ အခိုက်ကိုသာ သဘာဝအမှန်အားဖြင့်သိအောင်ကြိုးစားနိုင်ပါလျှင်မနောဒွါရဟူသော စိတ်တံခါးကို လုံခြုံအောင် ထိန်းနိုင်မည်ဖြစ်၏။

ထိုသို့တွေးတောကြံစည်ဆဲ အခိုက်၌တွေးတောကြံစည်စိတ်ကို သိအောင်ကြိုးစားနိုင်လျှင် မနောဒွါရကို အမှီပြု၍အခြားမည်သည့် အကုသိုလ်စိတ်မျှ ဖြစ်ပေါ်နိုင်စေရန် အကြောင်းမရှိပေ။ထိုသို့ သဘာဝအမှန်ကိုမသိသဖြင့်စိတ်ဖြင့် တွေးတော ကြံစည်မှုကို အကြောင်းပြု၍ ပြန့်လွင့်စိတ်၊ ကြံစည်စိတ်၊ ၀မ်းနည်းစိတ်၊၀မ်းသာစိတ်၊ ပျော်ရွှင်စိတ်၊ မပျော်ရွှင်စိတ်စသည့်စိတ်အမျိုးမျိုး ဖြစ်ပေါ်ကာ လောဘ၊ဒေါသ၊ မောဟစသော ကိလေသာ တရားများလည်း ၀င်ရောက် လာခြင်းဖြစ်၏။

ထိုသို့ ကိလေသာတရားများ ၀င်ရောက်လာခြင်းသည် မနောဒွါရဟူသော စိတ်တံခါး၏ မလုံခြုံမှုကြောင့်သာ ဖြစ်၏။ထိုစိတ်တံခါး မလုံခြုံခြင်းသည် စိတ်၏သဘောအမှန်ကို မသိခြင်း ကြောင့်သာဖြစ်၏။ ထို့ကြောင့်ထိုစိတ်တံခါးကို လုံခြုံစေရန် စိတ်၏ သဘောအမှန်ကို သိအောင်ကြိုးစားရမည်သာ ဖြစ်၏။ ဤနည်းသည်သာလျှင်မနောဒွါရဟူသော စိတ်တံခါးကို လုံခြုံစေမည့် နည်းဖြစ်၏။

အချုပ်အားဖြင့်ဒွါရဟူသော တံခါးများကြောင့်ကောင်းဆိုးတရားများ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် ထိုတံခါးများကိုလုံခြုံအောင် ထိန်းခြင်းဖြင့် နာမ်ရုပ်အစုဖြစ်သည့်ခန္ဓာအိမ်ကြီးအား သန့်ရှင်း စင်ကြယ်စေရန်တံခါးများမှ မကောင်းသည့်အာရုံများ မ၀င်စေဖို့ လုံ့လပြုရမည်ဖြစ်၏။တံခါးများမှ ကောင်းသည့်အာရုံများ၊ကုသိုလ်တရားများ ၀င်လာနိုင်စေရန် မိမိတို့၏ခန္ဓာကိုယ်တံခါးများကို အမြဲဖွင့်ထားသင့်သော်လည်း ထိုတံခါးများမှ မကောင်းသည့်ကိလေသာအညစ်အကြေး အမိုက်သရိုက်များ မ၀င်လာစေရန်အတွက်လည်း လုံခြုံအောင်စောင့်ထိန်းရမည် ဖြစ်၏။

သတိတရား၊ ၀ိရိယတရားများဖြင့်ထိုတံခါးများကိုအမြဲမပြတ် စောင့်ကြည့်ထားရပေမည်။ ထိုကိလေသာ အညစ်အကြေးများ တံခါးတစ်ခုခုမှ ၀င်လာလျှင်လည်း ၀င်လာဆဲအခိုက် ထပ်ကြပ်မကွာ သိအောင်ကြိုးစားလျှက် ရှေ့ဆက်မ၀င်နိုင်အောင်အားထုတ်ရပေမည်။ မည်သည့် တံခါးမှ မည်သည့်အရာများ ၀င်လာသည်ဖြစ်စေ ထိုအခိုက်ကို သိအောင်ကြိုးစားရပေမည်။

 ထိုသို့ဝင်ဆဲအခိုက်၊ဖြစ်ဆဲအခိုက်ကို သိနေမည်ဆိုလျှင်ရှေ့ဆက်၍မတိုးနိုင်၊ မဖြစ်နိုင်ပေ။ ဤနည်းသည် စင်စစ်သဘာဝအမှန်ကိုသိစေနိုင်သည့်နည်းဖြစ်၏။ သဘာဝအမှန်ကို သိစေသည် ဆိုရာတွင်လည်း ဖြစ်ဆဲအခိုက်၊ပေါ်ဆဲအခိုက်ကို သိစေခြင်းပင်ဖြစ်၏။ ထို့ကြောင့်မိမိတို့၏ ရုပ်နာမ်အစုတွင် ကိလေသာအညစ်အကြေးများ ကင်းစင်သန့်ရှင်းစေရန်ထိုအညစ်အကြေးများ ၀င်ရောက်ရာဖြစ်သည့်တံခါးများကိုလုံခြုံအောင်သတိတရားဖြင့် စောင့်ကြည့်ထိန်ချုပ်ကြရမည်သာ ဖြစ်ပါကြောင်း..။ ။

မနာပဒါယီအရှင်ဝိစိတ္တ(ဒိုက်ဦး)


Tuesday, May 27, 2014

အချစ်ဘယ်က စခဲ့စလဲ



အချစ်ဘယ်က စခဲ့စလဲ

အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်ပုံလေး” ပါ ပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်စတင် ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက် ပြောပြရအောင်ပါ။

ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့ အခါမှာ ဘယ်သူတွေ အရင်ရောက်လာသလဲ ဆိုတော့ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ် ကြပါတယ်။

အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျား၊မိန်းမဆိုတဲ့ ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ ဆိုတော့ နေတွေလတွေလည်း မလိုအပ် သေးပါဘူး။

အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကို ဆင်းလာတာ မဟုတ်ပါဘူး။ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာတွေ ဗြဟ္မာ့ပြည်က ဆင်းလာ တယ်လို့ ပြောပြောနေကြလို့ပါ။ ဗြဟ္မာ့ပြည်က စုတေစဆိုတော့ “ပီတိလေး”တွေနဲ့ပဲ နေနေကြ ပါတယ်။ ဘာမှမစားကြသေးပါဘူး။

ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်း ခြောက်သွားတာဆိုတော့ မြေအထက်မှာ အပေါ်ယံမြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့ အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးတွေကို “ဘယ်လိုအရသာရှိမလဲ”ဆိုပြီး လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ “ဟာ... တော်တော်ကောင်းတာပဲ”ဆိုပြီး ဆက်စား ပါတော့တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စား ပါတော့တယ်။ ဒီတော့ ရသတဏှာ ၀င်လာပြီး ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရော ဆိုပါတော့။

အဲဒီမှာ တချို့ အဆိုတော်တွေက “ဗြဟ္မာတွေ မြေသင်းစားလို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်သည်...” စသည်ဖြင့်သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ“အချစ်” မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာ “ရသတဏှာ” ပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာတွေ စားတာ မဟုတ်ပါဘူး။ ဗြဟ္မာပြည်က စုတေပြီး “လူ” တွေဖြစ်နေပြီဖြစ်လို့လူတွေစားတာပါ။

ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့ ကံအားလျော်စွာ “သလေးဆန်”တွေ ပေါ်လာ ပါတယ်။ ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ် တင်လိုက်တာနဲ့ အလိုလို မီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။

မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့သာ ကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာ တစ်ချို့ကိုလည်း ၀မ်းမီးကလောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။ သလေးဆန်တွေ စားလာတဲ့အခါမှာတော့ “ကျင်ကြီး၊ကျင်ငယ်” ဆိုတာဖြစ်လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်တွေလည်း ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ဒီတော့မှ “ယောင်္ကျား၊ မိန်းမပုံ” သဏ္ဌာန်ဖြစ်တဲ့ “ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်” တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတော့တယ်။

ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ “နားနဲ့မနာ ဖ၀ါးနဲ့နာ” ဆိုတဲ့အတိုင်း နားနဲ့မဖတ်၊ ဖ၀ါးနဲ့ဖတ်လို့ ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်အင်္ဂါတွေမတူလို့ ၊ တစ်ယောက်အင်္ဂါတစ်ယောက်ကြည့်ပြီး တပ်နှစ်သက်တဲ့ တဏှာရာဂတွေ ဖြစ်လောပြီး စိတ်ကို မချုပ်တည်းနိုင်တော့ဘဲကာမကိစ္စကို စတင်မှီဝဲကြပါသတဲ့။

ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလားဆိုပြီး ခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြား တည်ထောင်ကြပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။

ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။ အကျယ်သိချင်တယ်ဆိုရင်တော့ “သုတ်ပါထေယျပါဠိတော်မြန်မာပြန် အဂ္ဂညသုတ်” နဲ့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်းတရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြ ထားပါတယ်။ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။

အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစားတာကို စာမှာဘယ်လို ဥပမာ ပေးထားသလဲ ဆိုတော့နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့အခါသက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။ မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီးပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင် ဆေးသောက် လိုက်မှပဲ မကင်ရတော့မှာပါ။

အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ -
 
♦ ကိုးရီးယားကားလေး ကြည့်နေတာလည်းမီးကင်နေတာပါပဲ။
♦ ဘောလုံးပွဲတွေ ကြည့်နေနေတာလည်းမီးကင်နေတာပါပဲ။
♦ ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။
♦ အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်းမီးကင်နေတာပါပဲ။
♦ ချောင်းသာသွားတာလည်း မီးကင်နေတာပါပဲ။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ မီးကကင်ကင်နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေ့မရသေး ရင်တောင် ကိုယ်မီးကင် နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုးလှပါဘူး။ ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း “ဩော် ငါ မီးကင်နေတာ၊ ငါ မီးကင်နေတာ” လို့ သူများ မကြားအောင်တိုးတိုးလေးဆင်ခြင်လိုက်ပါ။

ဆံပင်ဖြောင့်နေရင်လည်း “ဩော် ငါမီးကင်နေတာ၊ ငါမီးကင် နေတာ” လို့တိုးတိုးလေး ဆင်ခြင် လိုက်ပါ။ ဆင်ခြင်နေတဲ့သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေးနေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အကျွံတွေလည်း မဖြစ်တော့ပါဘူး။

မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်က မီးကင်နေတာလေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့ စာရင် ကိုယ်ကသူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။ဆင်ခြင်ရင်း ဆင်ခြင်းရင်းနဲ့ ကြာလာရင်သံဝေဂဥာဏ်တွေ များများလာပါလိမ့်မယ်။ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာ ကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက် လာပါလိမ့်မယ်။အနာရှိရင် ဆေးရှိတာပါပဲ။ နူနာရောဂါ ပျောက်ဖို့ အတွက် ဆေးကတော့“သတိပဌာန်ဝိပဿနာဆေး”ပါပဲ။

သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂအားဖြင့် အကုသိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာသိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါဘူး။

ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာ မဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွား တယ်ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး။ ကိုယ်က ဒီသဘောလေးကို အာရုံပြုပြီး သတိပဌာန် ၀ိပဿနာဆေးလေးကို မကြာခဏ သောက်သောက်ပေးဖို့ပါ။လူ့လောကမှာက မီးကင်စရာ ခပ်များများရယ်။ပုထုဇဉ်သဘာဝအရ ကိုယ်ကမကင်းနိုင်သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ်ဆိုတာလေးကို သိနေဖို့ပါပဲ။

ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့ ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ တိုးလို့ တိုးလို့သာ ခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ “စိတ်ဆိုးရ၊စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊ဆွေးရ၊ မိတ်ပျက်ရ၊နောက်ဆုံး ထောင်ကျရ၊ ငရဲကျသွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာဒါတွေက နေ့စဉ်တွေ့နေရတာပါ။

တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင် မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။

သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး တိုးတိုးသောက်ချင်လာမှာပါ။ ဘာပဲပြောပြော စာဖတ်သူရယ်၊နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေးလေးကို တစ်နေ့ကိုဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်ဖြစ်အောင်ကြိုးစားလိုက်ပါနော်။

[အရှင်ရာဇိန္ဒ ( ရဝေနွယ် -အင်းမ)၏ “ အချစ်နှင့် ဝိပဿနာ ”
နှာ ၂၂ မှ ၂၈ ထိ ကောက်နှုတ်ပူဇော်ပါသည် ။ ]
Dhamma Danã Source ►


Monday, May 26, 2014

လမ်းဖောက်သူမှသည် လမ်းသစ်ထွင်သူများအကြောင်း


လမ်းဖောက်သူမှသည် လမ်းသစ်ထွင်သူများအကြောင်း

မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီးကို တပည့်သာဝက အဆက်ဆက်တို့က လက်ဆင့်ကမ်း သယ်ပိုး ထမ်းရွက်စောင့်ရှောက်လာသည်မှာ နှစ်ပေါင်း ၂၅၅၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ဤနှစ်ပေါင်း ၂၅၅၂ နှစ်ကာလအတွင်း ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ပြင်ပမှ နှောင့်ယှက်ဖျက်ဆီးဟန့်တား သူ များလည်းကောင်း၊ အတွင်းမှပူသတ်နှောင့်ယှက် ဖျက်ဆီးသူများနှင့်လည်းကောင်း ရင်ဆိုင်ကြုံ တွေ့ ခဲ့ကြရသည်။

မည်သို့သော အတွင်းအပြင် အန္တရာယ်ပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ရစေကာမူ ဓမ္မကသာ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့စမြဲဖြစ်သည်။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါတွင်လည်းကောင်း၊ သီရိဓမ္မာ သောကမင်းကြီး လက်ထက်တွင်လည်းကောင်း၊ ဒုဋ္ဌဂါမဏိမင်း လက်ထက်တွင်လည်း ကောင်း၊ အနော်ရထာ ကျန်စစ်သားမင်းလက်ထက်တွင်လည်းကောင်း၊ အဓမ္မအားပြိုင်မှုများရှိခဲ့ကြ သည်။ ၄င်းအားပြိုင်မှုများတွင် ဓမ္မဘက်တော်သားများကသာ အောင်ပွဲခံ အနိုင်ရယူခဲ့ကြသည်။ ဤ သည်မှာ သမိုင်းသာဓက အခိုင်အမာရှိခဲ့သော အထောက်အထားများဖြစ်သည်။

လမ်းဖောက်သူ

သိဒ္ဓိတ္ထမင်းသားဘ၀မှ ဂေါတမဗုဒ္ဓအဖြစ်သို့ ရောက်ရှိလာသော လူနတ်ဗြဟ္မာ သတ္တ၀ါအား လုံး၊ လောကသားအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည် လောကသားအား လုံးတို့ ဘေးမသီရန်မခ ဒုက္ခအလုံးစုံတို့မှ လွတ်မြောက်စေနိုင်သော လမ်းမကြီးတစ်ခုကို ဖောက် လုပ်ခဲ့သည်။ ထိုလမ်းမကြီးကား မဇ္ဈိမပဋိပဒါကို အခြေခံကာ မဂ္ဂင်ရှစ်ပါး အခက်အလယ်များနှင့် ပြည့်စုံသည့် ထေရ၀ါဒ ဗုဒ္ဓသာသနာတော် လမ်းမကြီးဖြစ်သည်။

ယခုခေတ်ကာလလမ်းများဖောက်လုပ်ရာတွင် ကျောက်ခဲ၊ သဲ၊ ဘိလပ်မြေ၊ ကတ္တရာစသော အခြေခံကုန်ကြမ်းပစ္စည်းများ အချိုးညီညီထည့်သွင်းအသုံးပြုကြရသလို ဂေါတမမြတ်ဗုဒ္ဓသည် လည်း ထေရ၀ါဒဗုဒ္ဓ သာသနာတော် လမ်းမကြီးဖေက်လုပ်ရာတွင် နန်းစည်းစိမ်အပါအ၀င် စည်းစိမ် ဥစ္စာရတနာ များစွာကိုလည်းကောင်း၊ မိမိအသက်နှင့်ထပ်ထူ ချစ်မြတ်နိုးရသော ဇနီးယားသမီးသား ပေါင်းများစွာ အသက်သွေးသားပေါင်းများစွာတို့ကို ရင်းနှီးပေးဆပ်ပြီး ဖောက်လုပ်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်လမ်းမကြီး အဓွန်ရှည်တည့်တံ့ရေးအတွက် စောင့်ထိန်းလိုက်နာကျင့်သုံးရမည် နည်းလမ်း သုံးသွယ်ကိုလည်း ချမှတ်ပေးခဲ့သည်။

ထေရ၀ါဒဗုဒ္ဓသာသနာတော်လမ်းမကြီး မပျက်စီးမတိမ်ကောစေရန် ဒီလိုနေ၊ ဒီလိုပြော၊ ဒီ လိုသွား၊ ဒီလိုစား၊ ဒီလိုမလုပ်နဲ့ အဲဒီလို လုပ်ရင်လမ်းမကြီး ပျက်စီးတိမ်ကောသွားလိမ့်မယ် စသည် ဖြင့် နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ပြဋ္ဌာန်းလမ်းညွှန်ခဲ့သောဝိနည်း နည်းလမ်းတစ် သွယ်။
ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်းမကြီးပေါ်လျှောက်လှမ်းတဲ့အခါ ဒီလိုအပြစ်တွေကျူးလွန်လျှင် ဒီ လိုဆိုးပြစ်ဒဏ်တွေ ခံရလိမ့်မယ်။ ဒီလိုကောင်းကျိုးဆက်တွေကို စံစားရလိမ့်မယ် စသည်ဖြင့် ကောင်းကံ မကောင်းကံ အခြေခံပြီး အကျိုးဆက်အဖြစ်ခံရ၊ စံရပုံများ ထုတ်ဆောင်ပြီးဟောပြော လမ်းညွှန်ခြင်းဟူသော သုတ္တန်နည်းလမ်းတစ်သွယ်။

ထေရ၀ါဒ ဗုဒ္ဓသာသနာတော် လမ်းမကြီးပေါ်လျှောက်လှမ်းကြတဲ့အခါ ပျောက်သောလမ်း မှာစမ်းတ၀ါးဝါးမဖြစ်ဖို့၊ လမ်းပေါ်မှာလမ်း မပျောက်စေဖို့၊ လမ်းဆုံးရောက်အောင် သွားနိုင်မည့် နည်း လမ်းအသွယ်သွယ်နှင့် လမ်းဆုံးရောက်လျှင် ရရှိခံစားနိုင်မည့် အကျိုးရလာဒ်များကို ဟောကြား လမ်းညွှန်ထားသော အဘိဓမ္မာနည်းလမ်းတစ်သွယ်။

၎င်းနည်းလမ်းသုံးသွယ်ကို ဘုရားရှင်၏ တပည့်သာဝကအဆက်ဆက်တို့ ကျင့်သုံးလိုက်နာ ပြီး လျှောက်လှမ်းခဲ့ခြင်းကြောင့်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်းမကြီးနှစ်ပေါင်း ၂၅၅၂ နှစ် ကလာကြာအောင် ဖြောင့်ဖြူးသာယာတည်တံ့နေခြင်းဖြစ်သည်။

လမ်းဖောက်ခဲ့သူက ရည်ရွယ်ချက်၊ ဦးတည်ချက်ကြီးကြီးမားမားနှင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ် သော်လည်း လမ်းလျှောက်သူများက ရည်ရွယ်ချက်၊ ဦးတည်ချက် မမှန်စည်းကမ်းနည်းလမ်းတကျ မလျှောက် လှမ်းပါက လမ်းမကြီးပျက်စီးပြီး မိမိတို့သွားလိုရာပန်းတိုင်ကိုလည်း ရောက်မည်မဟုတ် ပါ။ လမ်းဖောက်သူ၏ ရည်ရွယ်ချက်နှင့် လှမ်းလျှောက်သူ၏ ဦးတည်ချက်တို့ ထပ်တူကျဖို့လိုပါ သည်။။

လမ်းလျှောက်သူ

လမ်းဖောက်သူကတော့ အကျိုးလိုလားသော စိတ်ဆန္ဒနှင့် စေတနာ မှန်မှန်ဖောက်လုပ်ပေး ခဲ့သည်။ လမ်းလျှောက်သူတို့ကလည်း ဖြောင့်မတ်မှန်ကန် ကောင်းကျိုးလိုလားသော စိတ်ထားတို့ ဖြင့် လျှောက်လှမ်းကြဖို့ လိုပါမည်။

လမ်းလျှောက်သူ မိမိကြောင့် လမ်းဖောက်သူ၏ နာမည် ဂုဏ်သိက္ခာ မထိခိုက် မနစ်နာစေ ရေး၊ လမ်းလျှောက်သူ မိမိကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာတော် လမ်းမကြီးမပျက်စီ မတိမ်ကော စေရေး အထူးဂရုပြုကြရပါသည်။ လမ်းလျှောက်သူမိမိကြောင့် လမ်းဖောက်သူ မထိခိုက် မနစ်နာ စေသင့်။

လမ်း- ဟူသည်မှာ မိမိသွားလိုက သွားနိုင်ပြီး၊ မသွားလို မလျှောက်လှမ်းလိုပါကလည်း မိမိ သဘောဆန္ဒအတိုင်း လွတ်လပ်စွာနေလို့ရပါသည်။ သို့သော် ဖောက်ထားသောလမ်းပေါ်တွင် လျှောက်လှမ်းမည်ဆိုပါက ထိုလမ်းနှင့်စပ်ပြီး ချမှတ်ထားသော စည်းကမ်းဥပဒေများကို လိုက်နာကြ ဖို့လိုပါသည်။ လူအများစုတို့သွားလာနေကြသော လောက၏ လမ်းမကြီးများပေါ်တွင် သွားလာနေ ကြသော လူနှင့်ယာဉ် အမျိုးမျိုးတို့သည် ဖြတ်သန်းသွားလာလို့ရသည့်နေရာ၊ တန်ချိန်သတ်မှတ် ချက်၊ လမ်းဖြတ်သန်းသွားလာခစသော စည်းစမ်းသတ်မှတ်ချက်တို့ကို လိုက်နာကြရသည်။

ထို့အတူ ထေရ၀ါဒဗုဒ္ဓသာသနာတော်လမ်းမကြီးပေါ် လျှောက်လှမ်းကြသူတို့သည်လည်း လမ်းဖောက်သူ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ချမှတ်ချက်များဖြစ်သော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟူ သော စည်းကမ်းဥပဒေများကို မတိမ်းမစောင်းလိုက်နာကြဖို့ လိုပါသည်။ ယင်းကဲ့သို့လိုက်နာပါမှ လည်း မိမိတို့ သွားလိုရာခရီးကို အခက်အခဲမရှိရောက်ရှိနိုင်ပေလိမ့်မည်။ လမ်းဖောက်သူ မြတ်ဗုဒ္ဓ ချမှတ်ခဲ့သော လမ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက အရှင်ဒေ၀ဒတ်ကဲ့သို့ အရိပ်နေနေ အ ခက်ချိုးချိုး လမ်းဖျက်သမား အဖြစ်သို့ရောက်ရှိသွားနိုင်ပါသည်။

လမ်းဖျက်သူ

မြတ်ဗုဒ္ဓဖော်ထုတ်ဖောက်လုပ်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်လမ်းမကြီးကို အသုံးချ လျှောက်လှမ်းပြီး လူနတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခများ ခံစားခဲ့ကြသူများ မရေမတွက်နိုင် အောင်ပင်ရှိခဲ့ပါသည်။

ထို့အတူ လမ်းဥပဒေများဖြစ်သော ၀ိနည်းစည်းကမ်းကို မလိုက်နာ၊ သုတ္တန်စည်းကမ်းကို အသိမှတ်မပြု၊ အဘိဓမ္မာစည်းကမ်းကို မယုံကြည်သော လမ်းဖျက်သူများလည်း ရှိခဲ့ဖူး၊ ရှိနေဆဲဖြစ် ပါသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်းစည်းကမ်းကို မလိုက်နာ မယုံကြည်သော ရှင်ဒေ၀ဒနှင့် သုပ္ပဗုဒ္ဓမင်း စသူတို့သည် လမ်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် အ၀ီစီငရဲတွင် ပြစ်ဒဏ်ကျခံနေရ သည်ကို သတိပြုဆင်ခြင်သင့်ပေသည်။

မျက်မှောက်ဘ၀တွင်လည်း သက်ဆိုင်ရာ အဏာပိုင်အဖွဲ့အစည်းများက ဖောက်လုပ်ထား သော လမ်းများပေါ်တွင် သွားလာသူတို့ အနေဖြင့် လမ်းစည်းကမ်းချိုးဖောက်မိပါက ပစ္စက္ခအခြေအ နေတွင် ပင်ပြစ်ဒဏ်ကျခံရသည်ကို နှိုင်းချိန်စဉ်းစားကြစေလိုပါသည်။

ဝိနည်းစည်းကမ်းကို ချိုးဖောက်၊ သုတ္တန်စည်းကမ်းကို မယုံကြည်၊ အဘိဓမ္မာစည်းကမ်းကို မလိုက်နာသူတို့သည် မျက်မှောက်သံသရာနှစ်ဖြာသော ဘ၀တွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျ ခံကြရမည်သာ ဖြစ်သည်။ ကောက်ရိုးမီး ထတောက်သလို ခေတ္တခဏ အဆင်ပြေကြီးပွားချမ်းသာ နေတာကို သာယာယစ်မူးမနေသင့်ပေ။ ဆိုးကျိုးတွေ ရောက်မလာခင် အကောင်းတွေက ဖြား ယောင်း လှည့်စားနေခြင်းဖြစ်သည်ကို သတိပြုသင့်သည်။ ကုသိုလ်ကံကုန်ဆုံး၍ ကောက်ရိုးမီးငြိမ်း သွားပါက အကုသိုလ်အထုပ်အပိုးများ မိမိအပေါ် ဖိစီးကျရောက်လာမည်ကို ကြိုတင်ပြင်ဆင် စဉ်း စားထားသင့်သည်။

ဓမ္မလမ်းကြောင်းကို မျက်ကွယ်ပြုငြင်းဆန်ပြီး အဓမ္မလမ်းကြောင်းကို အကောင်းမှတ်အမှန် ထင်ပြီး ဖက်တွယ်လျှောက်လှမ်းမိပါက လမ်းစည်းကမ်း ချိုးဖောက်သူ၊ လမ်းဖျက်သူ ရှင်ဒေ၀ဒတ်၏ အဖော်အပေါင်းအသင်းအဖြစ် သံသရာဘ၀မလှမပဖြစ်သွားနိုင်ကြောင်း သတိပြုကြရမည်ဖြစ်သည်

လမ်းပြင်သူ

ပထမသင်္ဂါယနာတင်မှ ဆဋ္ဌသင်္ဂါယနာတင်ထိ သံဃာတော်များ အကြိမ်ကြိမ် အထပ်ထပ် သင်္ဂါယနာတင်ပွဲဆင်နွှဲပြုလုပ်ခြင်းသည် အလုပ်မရှိ အလုပ်ရှာ အားလို့ထလုပ်ခဲ့ကြခြင်း မဟုတ်ပါ။ ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်းမကြီးပျက်စီးချို့ယွင်းကာ သွားလာမကောင်းဖြစ်နေသည်ကို အ ချိန်ကုန်ခံ အပင်ပန်းခံပြီး ပြင်ဆင်ဖားထေးပေးခြင်းသာ ဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓသာသနာတော်လမ်းမကြီးတွင် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာနှင့် မညီညွတ်သော လွဲမှားသော အယူဝါဒဆိုးများဖြစ်သည့် ချိုင့်(ဂျိုင့်)၊ ကျင်း၊ ခလုတ်၊ ကန်သင်း၊ အညစ်အကြေးများ ဖြစ်ပေါ်ကျရောက်လာခြင်းကြောင့် သင်္ဂါယနာအထပ်ထပ်တင်ပြီးသန့်ရှင်း ကောင်းမွန်အောင်ပြင် ဆင်မွမ်းမံ ခဲ့ကြရသည်။

ယနေ့မျက်မှောက်ခေတ် ပရိယတ္တိစာသင်တိုက်ကြီးများကလည်း ထေရ၀ါဒဗုဒ္ဓသာသနာ တော်လမ်းပေါ်မှာ မတိမ်းမစောင်း ဖြောင့်ဖြောင့်မတ်မတ်လျှောက်လှမ်းနည်းများ၊ မတိမ်ကော မပ ပျောက်အောင် ထိန်းသိမ်းစောင့်ရှောက် နည်းများကို သွန်သင်ဆုံးမ ပိုချပေးနေကြသည်။

ပဋိပတ္တိတရားရိပ်သာများကလည်း ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်းမကြီးပေါ် လျှောက် လှမ်းရင်း၊ လမ်းလျှောက်ရင်း လမ်းမပျောက်ရလေအောင်၊ လမ်းဆုံးပန်းတိုင် အရောက်လျှောက် လှမ်းနိုင်အောင် မာလိန်မှူးကြီးများကဲ့သို့ လမ်းညွှန်ပြသပေး နေကြသည်။

မြန်မာနိုင်ငံအပါအ၀င်ထေရ၀ါဒနိုင်ငံအရပ်ရပ်ရှိ ပရိယတ္တ ပဋိပတ္တိ ဋ္ဌာနများသည် လမ်းပြု ပြင်ထိန်းသိမ်းနည်း၊ အရှည်ခံ့တည်တံ့အောင် ပြုစုစောင့်ရှောက်နည်း၊ လမ်းဆုံးပန်းတိုင်ရောက် အောင် လျှောက်လှမ်းနည်းတို့ကို သင်ကြားပို့ချလမ်းညွှန်သော ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်း ပြုပြင်ရေးလုပ်သား (၀န်ထမ်း) များဖြစ်ကြသည်။ လမ်းဖောက်လုပ်စဉ်အခါက မည်မျှကောင်းမွန်နေ သည်ဖြစ်စေ၊ ထိုလမ်းမကြီးရေရှည်တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက်ပြု ပြင်မွမ်းမံသူမရှိပါက လမ်းဖောက်ရကျိုးနပ်မည်မဟုတ်ပါ။

ထို့အတူ ထိုလမ်းမပေါ် လျှောက်လှမ်းသွားလာသူတို့အား လမ်းဆုံးရောက်အောင် မည်သို့ သွားရ မည်ကို ညွှန်ကြားပြသပေးမည့်သူ မရှိလျှင်လည်း လမ်း ဖောက်သူ၏ ရည်ရွယ်ချက်၊ ဦးတည်ချက် ဆန္ဒများပြည့်ဝမည်မဟုတ်ပါ။ သို့ကြောင့် ထေရ၀ါဗုဒ္ဓသာ သနာတော် လမ်းမကြီးမပျက်စီး မတိမ်ကောဘဲ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လမ်းပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်း စောင့်ရှောက် ခြင်း ပြုလုပ်ပေးမည့် ပရိယတ္တိလုပ်သား(၀န်ထမ်း) များ လမ်းဆုံးပန်းတိုင် ရောက်အောင် မည်သို့မည်ပုံ သွားရမည်ကို ညွှန်ကြားပြပြသပေးမည့် ပဋိပတ္တိလမ်းညွှန်လုပ် သား(၀န်ထမ်း) များ မဖြစ်မနေလိုမပ်ပါသည်။

အရာဝတ္ထုတစ်ခု (သို့မဟုတ်) အကြောင်းအရာတစ်ခုကို အစဦးဆုံး တီထွင်ဖန်တီးပြုလုပ်ခဲ့ သူ (သို့မဟုတ်) စွန့်ဦးတီထွင် လမ်းဖောက်သူသည် အချိန်ကာလတစ်ခုရောက်လျှင် လောကကို ကျောခိုင်းစွန်ခွာ သွားရမည်ဖြစ်သည်။ ထိုအခါ စွန့်ဦးတီထွင် လမ်းဖောက်ခဲ့တို့၏ ဖြောင့်ဖြူးသာယာ သော လမ်းမကြီးကို စိတ်ကောင်းရှိ၍ အရည်အချင်းပြည့်မီသော လမ်းပြင် လုပ်သား(၀န်ထမ်း) များ မဖြစ်မနေ လိုအပ်ပါသည်။ ပရိယတ္တိ စာသင်တိုက်ကြီးများမှ စာချစာသင်အရှင်မြတ်များသည် ကိုယ်တိုင်လမ်းပြလုပ်သား(၀န်ထမ်း) များ ဖြစ်သလို၊ အရည်အချင်းပြည့်မီသော ထေရ၀ါဒဗုဒ္ဓသာ သနာတော် လမ်းပြင်လုပ်သား(၀န်ထမ်း) များ မွေးထုတ်ပေးရာ သာသနာပြု ဗဟိုဌာနကြီးများဖြစ် ကြသည်။

လမ်းထွင်သူ

အရာဝတ္ထုတစ်ခုကို ကောင်းသည်ထက်ကောင်းအောင် အရည်အသွေးမြင့်သထက်မြင့် အောင်ပြုလုပ်ကြသူများ (သို့မဟုတ်) မိမိတို့ ထုတ်လုပ်သော အရာဝတ္ထုတစ်ခုကို ပျံ့နှံ့ကျယ်ပြန့် ရေး၊ တိုင်းနိုင်ငံနေရာဒေသအနှံ့အပြားသို့ ဈေးကွက်ရှာဖွေရေး ပြုလုပ်နေကြသူများမှာ လမ်းသစ် ထွင်သူများဖြစ်ကြသည်။

ထေရ၀ါဒမြတ်ဗုဒ္ဓသာသနာတော်လမ်းမကြီး တိုင်းနိုင်ငံနေရာ ဒေသအနှံ့အပြားသို့ ရောက် ရှိရေးအတွက် လမ်းလျှောက်သူ လမ်းပြင်သူများ လိုအပ်သလို လမ်းသစ်ထွင်သူများလည်း လိုအပ် ပါသည်။ ယခုအချိန် မြန်မာပြည်တွင်မက ကမ္ဘာအရပ်ရပ်သို့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် လမ်းမ ကြီး ဖြောင့်ဖြူးသာယာစွာ ပေါက်ရောက်နေခြင်းမှာ လမ်းသစ်ထွင်သူများ၏ ကျေးဇူးကြောင့်ဟု ပြောလျှင် မှားအံ့မထင်ပါ။

ဦးစန္ဒြမဏိ၊ ဦးသူရိယ၊ ဦးကိတ္တိမာ၊ ဦးတိက္ခိန္ဒြိယ တို့မှသည် လက်ရှိ မိဂဒါဝုန်မြန်မာကျောင်း ဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) ဦးဝဏ္ဏဓဇ တို့သည် ဗုဒ္ဓသာသနာတော် ချစ်စိတ်ကို အရင်းခံပြီး အစားဆင်းရဲ၊ အနေဆင်းရဲ၊ အတိုက်အခိုက်၊ အနှောင့်အယှက်ဒဏ် များစွာခံပြီး မဆုတ် မနစ် ကြံ့ကြံ့ခံပြီး စွန့်စွန့်စားစား လမ်းသစ်ထွင်ခဲ့ကြသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော် လမ်းမကြီး ပေါ်တွင် ထည်ဝါခန့်ငြားစွာတည်ဆောက်ထားသော အိန္ဒိယနိုင်ငံ ဗာရာဏသီရှိ မိဂဒါဝုန် မြန်မာ ကျောင်းတော်၏ သက်တမ်းသည် နှစ်ပေါင်း(၁၀၀) ပြည့်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံအရပ်ရပ်သို့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်လမ်းမကြီးပေါက် ရောက်ရေး အတွက် လမ်းသစ်ထွင်ဖောက်လုပ်ခဲ့ကြရာတွင် အိန္ဒိယနိုင်ငံ ဗာရာဏသီရှိ မိဂဒါဝုန်မြန်မာကျောင်းတော်ကြီးသည် သက်တမ်းအရှည်ဆုံး ရှေးဦးအ ကျဆုံးဟု ဆိုရပါမည်။

မြတ်ဗုဒ္ဓ၏ သားကောင်းရတနာများ ပီသစွာ မဆုတ်မနစ်ကြိုးစားခြင်း ၀ီရိယ၊ ဆင်းရဲမှုအ မျိုးမျိုး အတိုက်အခိုက် အနှောင့်အယှက် အမျိုးမျိုးကို သည်းခံရင်ဆိုင်နိုင်စွမ်းရှိခြင်း ခန္တီ၊ ရှေ့ နောက်တွေးခေါ် မြော်မြင်စဉ်းစားနိုင်းချိန်နိုင်စွမ်းရှိသော ပညာ၊ ဝေနေယျ သတ္တ၀ါအပေါ် သနား ကြင်နာ စိတ်ကြီးမားစွာ ထားရှိခြင်းမေတ္တာ တရားတို့ကို လက်ကိုင်ထားပြီး သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ကျောင်းတိုက်တည် အာဒိကမ္မကဆရာတော်ကြီးများနှင့်တကွ မိဂဒါဝုန်မြန်မာကျောင်းတိုက်ကြီးကို နှစ်ပေါင်းတစ်ရာပြည့်သည့် အချိန်ထိလက်ရှိတာဝန်ယူ ထိန်း သိမ်းစောင့်ရှောက်အုပ်ချုပ်နေသော မိဂဒါဝုန်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဦးဝဏ္ဏဓဇ စသော လမ်းသစ်ထွင်သူ သာသာနာပြု သာသနာ့သူရဲကောင်း အရှင်မြတ်တို့ ဤဆောင်းပါးဖြင့် လေးမြတ်ကော်ရော် ပူဇော်ကန်တော့လိုက်ရပါသည်။



ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာနေသို့ လင်းပါစေ ။

အံ့သြအောင်

မှတ်ချက်။ ။ မိဂဒါဝုန် ရာပြည့်အောင် နှင့် ဂုဏပူဇာမဂ္ဂဇင်း မှ တင်ပြလိုက်ပါသည်။

Sunday, May 25, 2014

သဒ္ဓါ နှင့် ပညာ


သဒ္ဓါ နှင့် ပညာ 

အရာဝတ္ထု ၂-ခု အသုံးပြုရသည့်အရာမှန်သမျှ တစ်ခုနှင့်တစ်ခု ညီမျှဖို့ ဟန်ချက်ညီဖို့ လိုအပ်သည်။
ခြေထောက် ၂-ချောင်း၊ ၀ဲနှင့် ယာ၊ လင်နှင့် မယား၊ လျှာနှင့် သွား၊ အမည်းနှင့် အဖြူ၊ အမှောင်နှင့် အလင်း၊ အသွားနှင့် အပြန်၊ အပေးနှင့် အယူ၊ အ၀င်နှင့် အထွက်၊ အရောင်းနှင့် အ၀ယ်၊ ထုတ်လုပ်မှုနှင့် စားသုံးမှု၊ အထက်နှင့် အောက်၊ အသိနှင့် အကျင့်၊ ၀ိဇ္ဇာနှင့် စရဏ၊ ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာ စသည့် မည်သည့်အရာ တွင် မဆို တစ်ခုနှင့်တစ်ခု ညီမျှမှ လွယ်ကူသည့်ရလဒ်၊ ပြည့်စုံသည့် အကျိုး ရနိုင်ပေ မည်။

တစ်ခုနှင့်တစ်ခု မညီမျှလျှင် လွယ်ကူပြည့်စုံသည့် အကျိုးမရနိုင်။ ဖော်ပြပါ စုံတွဲအမျိုးမျိုးရှိသည့်အနက် ခြေထောက် ၂-ချောင်းမှာပင် အတို အရှည်၊ အနှေး အမြန်၊ အကြီး အသေး စသည် မညီမျှလျှင် ရပ်တည်မှု၊ ခရီးရောက်မှု၊ မြင်ရမှု စသည့် အခက်အခဲများစွာ ရင်ဆိုင်ရပေမည်။ အခြားသော သက်မဲ့စုံတွဲ သက်ရှိစုံတွဲ မည်သည့်စုံတွဲမှာမဆို မညီမျှလျှင် အစွန်း ရောက်လျှင် ထိုက်တန်သည့် ဆိုးကျိုး ရင်ဆိုင်ရမည်။ ညီမျှလျှင် ထိုက်တန်သည့် ကောင်းကျိုး ခံစားရမည်။

ဤအရာ၌ သဒ္ဓါ ပညာ စုံတွဲကိုသာ ညွှန်ပြလိုပါသည်။ သဒ္ဓါကဲ၍ ပညာနည်းလျှင် ဆင်ခြင်တုံတရား လက်ကိုင်မထားဘဲ တွေ့သမျှ ကြည့်ညိုမိတတ်သည်။ အတု အယောင်ဖြစ်သော ဘိုးတော်၊ မယ်တော်၊ ဆရာ၊ ရဟန်း၊ သူတော်စင် စသော မကြည်ညိုသင့်သည်များကို ကြည်ညိုမိခြင်းကြောင့် သမီးဆုံးရှုံးခြင်း၊ မယားဆုံးရှုံးခြင်း၊ လင်ဆုံးရှုံးခြင်း၊ ပစ္စည်းဆုံးရှုံးခြင်း၊ အရှက်တကွဲ ကျိုးနည်းဖြစ်ခြင်း၊ ပူဆွေးသောက ရောက်ရခြင်း စသော ဆိုးကျိုးများနှင့် ရင်ဆိုင်ကြရသည်။

ရဟန်းခံရာ၌ပင် ရဟန်းလောင်း၏အရည်အသွေး အခြေအနေမှန်ကို မစိစစ်ဘဲ ရဟန်း ဒါယကာဖြစ်လိုသော သဒ္ဓါတရားတစ်ခုကို ဦးစားပေး၍ ရဟန်းခံပေးတတ်ကြသည်။ တွေ့သမျှလူကို ဘုန်းကြီးလုပ်ဖို့ တိုက်တွန်းတတ်ကြသည်။

ရဟန်းလောင်း၏ အရည်အသွေးမပြည့်ဝမှုကြောင့် သာသနာတော်၌ ညံ့ဖျင်းသော ရဟန်း၊ လုံ့လ၀ီရိယ မရှိသော ရဟန်း၊ ဆိုးသွမ်းသော ရဟန်း၊ သာသနာဖျက် ရဟန်း စသည် ပေါများခဲ့ရသည်။ အဆိပ်ပင် ရေလောင်းသကဲ့သို့ ဖြစ်ရသည်။ ဘုရားတည်၊ ကျောင်းဆောက် စသည် မည်သည့်ကုသိုလ်မျိုး၌မဆို အရှည်မျှော်၍ ပြုလုပ်မှ ကုသိုလ်လည်းရမည်၊ အကျိုးလည်း များမည်၊ အလှူဒါနအရာ၌
၁။ ကုသိုလ်ရရုံ လှူသော အလှူဒါန၊
၂။ ကုသိုလ်လဲရ အကျိုးလည်းများသော အလှူဒါန ဟူ၍ ၂-မျိုးခွဲခြားသင့်သည်။

အလဇ္ဇီ ဒုဿီလကိုပင် အလှူခံအမှတ်ဖြင့် လှူလျှင် ကုသိုလ်တော့ ရနိုင်ပါသည်။ သို့သော် အလွန်အကျွံ ပုံလှူခြင်းကြောင့် သာသနာအတွက် အကျိုးမများနိုင်ပါ။ မကောင်းမှု လုပ်ဖို့ အားပေးသလိုပင် ဖြစ်တတ်ပါသည်။ မီးလောင်ရာလေပင့် ဆိုသလို အလဇ္ဇီ၊ ဒုဿီလများ လာဘ်လာဘပေါများလျှင် မိမိအတွက်ရော သာသနာအတွက်ပါ ပို၍ပင် အန္တရာယ်ကြီးပါသည်။

ငှက်ပျော၊ ၀ါး၊ ကျူပင်တို့၏ အသီးသည် မိမိအပင်ကိုပင် ပြန်၍ သတ်သကဲ့သို့ လည်း ကောင်း၊ အဿတိုရ်မြင်းမ၏ ကိုယ်ဝန်သည် မိခင်ကိုပင် သတ်သကဲ့သို့လည်းကောင်း၊ ညံ့ဖျင်းသော ယောက်ျား၏ လာဘ၊ သက္ကာရ၊ သိလောက သည် မိမိကိုယ်ကိုပင် ပြန် သတ်တတ်သည်။

ဤသည်တို့မှာ ၀ိ-၄၊ ၃၄၆၊သံ-၁၊ ၁၅၆၊ ၄၃၆၊ အံ-၁၊ ၃၈၅၊ နေတ္တိ-၁၀၉ တို့၌ ဒေ၀ဒတ် ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောထားသည်။ “သဒ္ဓါလွန်တော့ တဏှာ ကျွန် ဖြစ်ရသည်” ဟူသော စကားပုံများသည်လည်း ပညာနည်း၍ သဒ္ဓါကဲသူများကို ရည်ညွှန်းခြင်းဖြစ်သည်။

ဤသာဓကများအရ သဒ္ဓါကဲ၍ ပညာနည်းလျှင် အကျိုးမဲ့ဖြစ်တတ်ပါသည်။ သဒ္ဓါတရား အားကောင်းသည့် သာသနာပြုလိုသူများ သတိထားရမည့်အရာ ဖြစ်ပါသည်။ သာသနာပြု လိုပါလျက် သာသနာဖျက်ရာ ရောက်နေတတ်သည်။

သဒ္ဓါနည်း၍ ပညာကဲလျှင် ကောက်ကျစ် စဉ်းလဲတတ်သည်။ ဆေးကြောင့်ဖြစ် သော ရောဂါသည် ကုသလို့ မရသကဲ့သို့ ဖြစ်တတ်သည်။
ဒါနကြောင့် သံသရာရှည်သည်။
စိတ်ထားတတ်လျှင် မြတ်သည်။
လှူစရာ မလို၊ ရိပ်သာသွား တရားထိုင်စရာ မလို။
အကုသိုလ်မဖြစ်အောင် နေရင်ပြီးတာပဲ။
စိတ်ကို စိတ်အတိုင်းထား၊
လုပ်သမျှ ဒုက္ခ စသည်ဖြင့် ပြောတတ်သူများသည် သဒ္ဓါနည်း၍ ပညာကဲသူများ ဖြစ်ကြသည်။

 သဒ္ဓါနည်း၍ ပညာကဲသူသည် သဒ္ဓါနည်း ခြင်းကြောင့် သူများအပြစ်ကိုသာ ရှုမြင်နေတတ်သည်။ အရာရာမှာ သင့်တင့်အောင် မရှုမြင်တတ်၊ ဖြည့်မကြည့်တတ်၊ မကြည်ညိုတတ်။

လူမိုက်၏ အတတ်ပညာသည် -
လူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်သည်။
ကုသိုလ်အဖို့အစုကို ဖျက်ဆီးတတ်သည်။
ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်သည်။
ဟူသော ဓမ္မပဒ ဂါထာ ၇၂-စကားသည်လည်း သဒ္ဓါနည်း၍ ပညာကဲသူကို ရည်ညွှန်း ခြင်းဖြစ်သည်။

သဒ္ဓါပညာညီမျှလျှင်ကား အရာရာကို သင့်တင့်အောင် ရှုမြင်တတ်သည်။ သူတစ်ပါး၏ လိုအပ်ချက်ကို ဖြည့်စွက်၍ ရှုမြင်သည်။ တွေးခေါ်တတ်သည်။ စဉ်းစားတတ်သည်။ သူတစ်ပါးက ကိုယ့်ကို လာရောက်ပြီး ဆဲရေးတိုင်းထွာနေသည်ကိုပင် သူ့ခမျာ မခံနိုင်လွန်းလို့၊ စိတ်ဆိုးလွန်းလို့ ဆဲတာဖြစ်မည်။

သူ့ဘက်က အလွန်မဟုတ်၊ ငါ့ဘက်ကသာ လွန်တာဖြစ်မည်။ ငါ ၀ဋ်ကျွေးရှိလို့ အဆဲခံရသည်။ ငါ၏အပြစ် ၀ဋ်ကျွေးကျေပါစေ။ ပြုသူ အသစ်၊ ဖြစ်သူ အဟောင်းပေါ်မှာ အကုသိုလ်အသစ် ထပ်မဖြစ်အောင် ငါထိန်းသိမ်းမည် စသည်ဖြင့် ဖြည့်စွက် တွေးခေါ်ရှုမြင်သည်။ အရှုံးမပေါ်သည့် အပြင် အမြတ်ပင် ထွက်နိုင်သည်။

သာသနာပြုလိုသော ဒါယကာတစ်ယောက်နှင့် ဆရာတော်ကြီးတစ်ပါး

ရှေးအခါက သာသနာအတွက် ကောင်းစေလိုသော ဒါယကာတစ်ယောက်သည် ဆရာတော်ကြီး တစ်ပါးအား လျှောက်ထားဖူးလေသည်. “ဆရာတော်ဘုရား၊ သာသနာ တော်၌ အကျင့်သိက္ခာနှင့် ပြည့်စုံသည့် ရဟန်းသာမဏေများသာ ရှိစေချင်သည်၊ အကျင့်သိက္ခာမကောင်းသည့် ရဟန်း သာမဏေများ သာသနာတော်မှာ မရှိလျှင် ကောင်းမှာပဲ” ဟု လျှောက်ထားလေသည်။

ထိုအခါ ဆရာတော်ကြီးက “ဒါယကာ၊ သစ်ပင်တစ်ပင်မှာ အကာနှင့် အနှစ် ဘယ်ဟာ က လိုရင်းဖြစ်သနည်း” ဟု မေးရာ “ အနှစ်က လိုရင်းပါ ဘုရား” ဟု ဖြေသည်။ “အနှစ်က လိုရင်းဖြစ်၍ လိုရင်းမဟုတ်သော အကာများကို ဖယ်ပစ်လိုက်ရင် မကောင်းဘူးလား” ဟု ဆရာတော်ကြီးက မေးရာ ဒါယကာက

“အကာဟာ လိုရင်း မဟုတ်သော်လည်း အနှစ်အတွက် အကာအကွယ် ဖြစ်စေရန် အကာလည်း လိုအပ်ပါသည်။ အကာ မရှိလျှင် အနှစ်ပျက်စီးသွားနိုင်သည်” ဟု လျှောက်ထားရာ

ဆရာတော်ကြီးက “ ဒါယကာ၊ အကာနှင့်တူသော အကျင့်မကောင်းသည့်ပုဂ္ဂိုလ်များ ကြောင့် အကျင့်ကောင်းသည့်ပုဂ္ဂိုလ်များ ပို၍ ဂုဏ်တက်ရပါသည်။ လိုရင်း မဟုတ် သော်လည်း အကာ လိုအပ်ပါသည်”ဟု ဆရာတော်ကြီးက မိန့်တော်မူမှ သာသနာ အတွက် ကောင်းစေလိုသော ဒါယကာလည်း သဘောပေါက်သွားသည်။

အကျင့် မကောင်းသူများအပေါ် အပြစ်မမြင်တော့၊ အကျင့်မကောင်းသူများ မြင်တိုင်း အကျင့်ကောင်းသူများကို ပို၍ ကြည်ညိုခွင့်ရရှိခဲ့သည်။ အကျင့်မကောင်းသူများလည်း အကျင့်ကောင်းသူများကို ကြည်ညိုစေဖို့ အကြောင်းတစ်မျိုးဖြစ်ပါသည်။ ဆရာတော် ကြီး၏ သဒ္ဓါ ပညာ ညီမျှအောင် ရှုမြင်နိုင်မှုကား အံ့သြလောက်ပါပေသည်။

စာရှုသူများလည်း အရာခပ်သိမ်း၌ သဒ္ဓါ ပညာ ညီမျှအောင် လက်ကိုင်ထား၍ ရှုမြင် ကြပါ ဟု တိုက်တွန်းရင်း ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။


ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်)
၁၃၆၆ ခု၊ တပေါင်းလဆန်း ၁၃ ရက် (၂၂၊ ၃၊၂၀၀၅) အင်္ဂါနေ့
မှတ်ချက်- ထည့်သွင်းသော စာစောင်အမည် မမှတ်မိ၍ မဖော်ပြနိုင်၊ပေးပို့သော ရက်စွဲသာ မှတ်မိတော့သည်။

Saturday, May 24, 2014

လူကောင်းကိုသာ ရွေးချယ်ပါ

လူကောင်းကိုသာ ရွေးချယ်ပါ

အကျိုးစီးပွားကိုအခြေခံ

လောကကြီးမှာ လူတော်တွေ များပါတယ်။ လူကောင်းတွေလည်း ရှိပါတယ်။ တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ လူတော်လူကောင်းကတော့ ရှားတယ်။ တချို့က သိပ်တော်သိပ်ချွန်တယ်။ ဒါပေမယ့် စိတ်ထားမကောင်းဘူး။ စိတ်ထား ယုတ်ညံ့သူ သိပ်တော် သိပ်ချွန်လေ ကြောက်စရာကောင်းလေပဲ။ ဉာဏ်နီဉာဏ်နက်တွေ ကောက်ကျစ်စဉ်းလဲမှုတွေ အလွန်များပြီး တစ်ဖက်သားကို နောက်ကျောဓားနဲ့ ထိုးဖို့အတွက်လောက်ပဲ ချောင်းနေတတ်တယ်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်သဘောလည်း ရှိတတ်တယ်။ ဒီလူစားမျိုးက မိတ်ဆွေဆိုတာလည်း ထားလေ့မရှိဘူး။ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ အပေါင်းအဖော် ဆိုတာမျိုးပဲ ရှိတယ်။ အကျိုးရှိနေတုန်း ပေါင်းမယ်။ အကျိုးမရှိတော့ဘူးဆိုတာနဲ့ ခွါပစ်လိုက်မယ်ပဲ။ ဘယ်လိုကိစ္စမျိုးမဆို သူတို့က အကျိုးစီးပွားအပေါ်မှာပဲ အခြေခံပြီး စဉ်းစားတယ်။ ပေါင်းသင်းတယ်။ အလုပ်လုပ်တယ်။

အပြစ်မရှိသူတွေ မထိခိုက်စေချင်

သိပ်တော် သိပ်ချွန်ပြီး စိတ်ဓာတ်ယုတ်ညံ့သူတွေ မြန်မာ့သမိုင်း ဇာတ်ခုံပေါ်မှာ လက်ညှိုး ထိုးပြစရာတွေ အများကြီးရှိပါတယ်။ ဓာတ်ပုံတစ်ပုံ ထောက်ပြလိုက်ရုံ၊ ဒါမှမဟုတ် နာမည်တစ်ခု ရွတ်ပြလိုက်ရုံနဲ့တင် စာလုံးပေါင်းတစ်ထောင်လောက် ရေးပြနေတာထက် ပိုပြီး ကွင်းခနဲ ကွက်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘာအပြစ်မှမရှိတဲ့ သားစဉ်မြေးဆက်များ စိတ်ထိခိုက်စရာ ဖြစ်စေတာကြောင့် မရေးလိုပါဘူး။ အပင်ပန်းခံပြီး စာလုံးပေါင်းတစ်ထောင်လောက်နဲ့ သွယ်ကာ ၀ိုက်ကာ ရေးရတာကိုသာ သည်းခံခွင့်လွှတ်စေချင်ပါတယ်။

သူတော်စင်လိုပုဂ္ဂိုလ်

တချို့ပုဂ္ဂိုလ်များကျတော့ စိတ်ထားသဘောထား အင်မတန် ဖြူစင်မြင့်မြတ်တယ်။ သူတော်စင်လို့ ခေါ်ရလောက်အောင်ကို ကောင်းတဲ့သူဖြစ်တယ်။ ဒါပေမယ့် သိပ်ချွန် သိပ်ထက်တဲ့လူမျိုးတော့ မဟုတ်ဘူး။ ဒီပုဂ္ဂိုလ်မျိုးက လုပ်ငန်းတစ်ခုကို ထိပ်ဆုံးရောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူး။ သာမန်ရွက်ကြမ်းရေကျို အဆင့်လောက်သာ လုပ်နိုင်တယ်။ ဒါပေမယ့် စိတ်ချရတာက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ ၀န်တို မစ္ဆရိယစိတ်မျိုးလည်း မရှိဘူး။ သူ့ခေါင်းပေါ်နင်းပြီး တက်ချင်သူကိုတောင် မလိုမုန်းထားစိတ် မထားတတ်ဘူး။

ဆရာတင်ထိုက်၊ ကြည်ညိုထိုက်သူ

စိတ်သဘောထား ကြီးရင့်မြင့်မြတ်သူဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်မျိုးဟာ ငွေကြေးစည်းစိမ်ဥစ္စာ၊ ရာထူး အာဏာ၊ ခြွေရံသင်းပင်း ကျော်စောထင်ရှားခြင်း ဆိုတာမျိုးတွေကိုလည်း တပ်မက်ခြင်း မရှိဘူး။ သူ့အလုပ် သူ့တာဝန် ကျေပွန်အောင် လုပ်ဖို့ဆိုတဲ့ စိတ်တစ်ခုပဲ ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်မျိုးဟာ နာမည်မကျော်ဘူး။ ထိပ်ဆုံးရောက်လေ့ မရှိဘူး။ ဒါပေမယ့် အင်မတန် လေးစားကြည်ညိုထိုက်သူ၊ ဆရာတင်ထိုက်သူ၊ တစ်သက်တာ အနီးကပ် ပေါင်းသင်းထိုက်သူ ဖြစ်တယ်။

တစ်ယောက်ပဲ တွေ့ဖူးတယ်

မြန်မာ့သမိုင်း ဇာတ်ခုံပေါ်မှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ နယ်ပယ်ဖြစ်တဲ့ စာနယ်ဇင်းလောကမှာလည်း အများကြီး ရှိခဲ့ပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံးမသွန်သင်မှုတွေ၊ ရေးခဲ့တဲ့ စာတွေကို ကြားနာဖတ်ရှု မှတ်သားပြီး ကျွန်တော်တို့ လူဖြစ်လာရတာပါ။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာနယ်ဇင်းသမား သက်တမ်းတောင် ငါးဆယ် ရှိခဲ့ပါပြီ။ ဒီသက်တမ်းအတွင်းမှာ ကျွန်တော်တို့ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ တော်လည်းတော်ပြီး ကောင်းလည်းကောင်းတဲ့ လူဆိုလို့တော့ တစ်ယောက်ပဲ တွေ့ခဲ့ဖူးပါတယ်။

တစ်သက်မှာ တစ်ယောက်သာတွေ့

တချို့ကံကောင်းသူများ သုံးလေးဦး တွေ့ကောင်းတွေ့နိုင်ပါတယ်။ တစ်သက်လုံးနေလို့မှ လူတော်လူကောင်း ဆိုနိုင်လောက်သူ တစ်ဦးမှ မတွေ့ခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တစ်သက်မှာတော့ အတတ်ပညာအရရော စိတ်နေသဘောထားဆိုင်ရာပါ ကြည်ညိုလေးစားနိုင်သူ၊ တော်လည်းတော် ကောင်းလည်းကောင်းသူဆိုလို့ တစ်ဦးတည်းပဲ တွေ့ခဲ့ဖူးပါတယ်။ အဲဒီပုဂ္ဂိုလ်က သူ့ကို ချီးပင့်မြှောက်စား လုပ်တာမျိုး မနှစ်ခြိုက်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို သူ သက်ရှိထင်ရှား ရှိနေစဉ်မှာတော့ ထုတ်မပြောချင်သေးပါဘူး။ ကိုယ်က အရင်သေခဲ့ရင်လည်း မပြောနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ လူတစ်ယောက်ရဲ့ သမိုင်းဆိုတာ သူများက ရေးပေးတာ မဟုတ်ပါဘူး။ သူ့ဟာသူ ရေးတာပါ။

လူတော်တွေများ လူကောင်းရှား

တော်လည်းတော် ကောင်းလည်းကောင်းတဲ့ လူတော်လူကောင်းဆိုတာ အင်မတန် ရှားပါတယ်။ တစ်ခေတ်မှာ တစ်ယောက်တောင် ထွက်ချင်မှ ထွက်နိုင်တာပါ။ အထူးသဖြင့် "ကြောင် ဖြူတာမည်းတာက အရေးမကြီးဘူး၊ ကြွက်မိဖို့သာ လိုရင်းပဲ" ဆိုတဲ့ ဘယ်နည်းနဲ့ရရ ပိုက်ဆံရဖို့က အဓိကဆိုတဲ့ ခေတ်ကြီးမှာ လူတော်တွေသာ အထွက်များလာပြီး လူကောင်းက ရှားသထက် ရှားလာတယ်။ ရှားတာက ကမ္ဘာတစ်ခုလုံးမှာကို ရှားတာ။ ဒါကြောင့် တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ လူတော်လူကောင်းဆိုတာ မျိုးသုဉ်းကွယ်ပျောက်မယ့် အန္တရာယ် ရင်ဆိုင်နေရတဲ့အရာ (endangered species) လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။

မတတ်တာ သင်လို့ရတယ်

လူတော်လူကောင်းရှားတော့ အလုပ်တစ်ခု လုပ်တဲ့အခါမှာ ဘယ်လိုလူကို ရွေးချယ်သင့်သလဲ၊ လူတော်ကို ရွေးရမှာလား၊ လူကောင်းကို ရွေးရမှာလားလိုပ မေးတတ်ကြတယ်။ ကိုယ်နဲ့ နီးစပ်ရာ စာနယ်ဇင်းနယ်ပယ်က လာမေးကြသူတိုင်းကိုတော့ လူကောင်းရအောင် ရှာပါလို့ချည်း အကြံပေးပါတယ်။ မတော်တာ မတတ်တာက သင်ပေးလို့ရတယ်။ လူကောင်းဖြစ်အောင်က သင်ပေးလို့ မရပါဘူး။ စိတ်ဓာတ်အောက်တန်းကျတဲ့ လူတော်တစ်ယောက်ကြောင့် ဂျာနယ်တစ်စောင်လုံး ပျက်စီးသွားနိုင်တယ်။ အဲဒီ လူတော်က သိပ်တော်လွန်း ထက်လွန်းတဲ့ လူဖြစ်ရင် တိုင်းပြည်တောင် ပျက်အောင် လုပ်နိုင်တယ်။

သူလိုလူရှိတယ်

တစ်ခါက မေးခွန်းတစ်ခု မေးခံရဖူးတယ်။ မူလတန်းပညာလောက်သာတတ်တဲ့ သူတော်ကောင်း ရွာဦးဂေါပကလူကြီးကို ဖြူစင်လွန်းလို့ဆိုပြီး နိုင်ငံတစ်ခုရဲ့ သမ္မတခန့်လို့ ဖြစ်သလားဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဒါက တမင်သက်သက် ကန့်လန့်တိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ သူတော်ကောင်းမှန်ရင် ရာထူးအာဏာတွေ မက်သူမဟုတ်တာကြောင့် ခန့်လည်း မလုပ်ပါဘူးလို့ပဲ ဖြေလိုက်တယ်။ ဒါတောင် သေချာရဲ့လားလို့ ထပ်မေးသေးတယ်။ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ဆရာမောင်ဝံသရေးတဲ့ "ရှာမှ ရှားတဲ့ နိုင်ငံရေးသမား" ဆောင်းပါး ဖတ်ဖူးတယ်မဟုတ်လား။ အမတ်တစ်နေရာ ရဖို့အတွက် လူသတ်ဖို့ ၀န်မလေးသူတွေရှိသလို၊ "သခင်ဝတင်" လို နိုင်ငံရေးသမားကောင်းမျိုးဟာ အမတ်ဆိုတာ မပြောနဲ့ ၀န်ကြီးတွေ သမ္မတတွေတောင် လုပ်ချင်တာ မဟုတ်ဘူးလို့ ဆက်ပြောလိုက်ရတယ်။

ဘုရားဆင်းတုခိုးရောင်းမယ့်သူမျိုး

သခင်ဝတင်လို လူမျိုး ရှားပါတယ်။ ဒါပေမယ့် ရှိတယ်။ ရှာရင် တွေ့နိုင်တယ်။ စောစောက ဘုရားဂေါပက ခန့်တဲ့ကိစ္စပဲ ပြောဦးမယ်။ ရွာသူရွားသားတွေက ကိုယ့်ရွာသားချင်းဆိုတော့ ဘယ်သူလူကောင်း ဘယ်သူလူဆိုးဆိုတာ သိတယ်။ ရွာဘုရား ဂေါပကလုပ်တာက ရွှေတိဂုံဘုရားဂေါပကလို နိုင်ငံခြားက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေကို ကြိုဆိုဧည့်ခံနေရတာမှ မဟုတ်တာ။ အလှူရငွေ သုံးငွေ စာရင်းလေးလောက် မှတ်သားတတ်ရင် ဖြစ်တာပဲ။ မြို့က အထက်တန်းတွေ ဘာတွေ အောင်လာတဲ့ အရက်သမား၊ ဖဲသမား သူကြီးသားကို ဘုရားဂေါပက ခန့်လို့ကတော့ ဘုရားဆင်းတုတော်တောင် ခိုးရောင်းပစ်မှာ သေချာတယ်။ ရွာသားတွေက ဘယ်သူလူကောင်းလဲဆိုတာ သိပါတယ်။ တန်ရာတန်ရာ ရွေးထားကြတာ ဖြစ်တယ်။

ကြောက်နေပါပြီ

လူတော် လူကောင်းဆိုတာ ရှားတယ်။ ဒါပေမယ့် လုံးဝမရှိတာတော့ မဟုတ်ဘူး။ စိတ်ရှည်လက်ရှည် ရှာရင် တွေ့နိုင်တယ်။ ရှာမတွေ့သေးခင် အချိန်မှာတော့ တော်သူနဲ့ ကောင်းသူ ဘယ်သူ့ ရွေးရမလဲဆိုတဲ့ ကိစ္စမျိုး ကြုံတွေ့လာရင် သခင်ဝတင်လို လူကောင်းကို ရွေးဖို့ပဲ အကြံပေးချင်တယ်။ တချို့ကတော့ သိပ်တော်၊ သိပ်ထက်၊ သိပ်ချွန်သူမျိုးကိုမှ သဘောကျချင်ကျလိမ့်မယ်။ ကျွန်တော်ကတော့ လူ့သမိုင်းဇာတ်ခုံပေါ်မှာ သိပ်တော်သိပ်ထက်တယ်ဆိုတဲ့ မသူတော်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ဇာတ်ခုံကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ကြတာတွေ တွေ့ရမြင်ရပါ များလွန်းလို့ ကြောက်နေပါပြီ။ လူကောင်းတွေကိုပဲ တွေ့ချင်ပါတော့တယ်။

လူထုစိန်ဝင်း
၂၅-၆-၂၀၁၀