Monday, September 30, 2013

ထမ်းပိုးလေးချောင်း



 ထမ်းပိုးလေးချောင်း 
လူတိုင်းလူတိုင်းမှာ ထမ်းထားရတဲ့ ထမ်းပိုးလေးချောင်းရှိတယ်လို့ဆိုပါတယ်။ အဲဒီထမ်းပိုး လေးချောင်း ကတော့ ကာမထမ်းပိုး၊ ဘ၀ထမ်းပိုး၊ အယူဝါဒထမ်းပိုးနဲ့ မသိမှုထမ်းပိုးတို့ပဲဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းဟာ ထမ်းပိုး လေးချောင်းကို နေ့စဉ်နဲ့အမျှ ထမ်းနေကြ ရပါတယ်။ 


ဘ၀မှာ လူတွေအများဆုံး ထမ်းနေရတဲ့ ထမ်းပိုးကတော့ ကာမထမ်းပိုး ပဲ ဖြစ်ပါတယ်။ ကာမထမ်းပိုးဆိုတာ ကာမဂုဏ်တွေရဲ့ အကောင်းအဆိုးကို မှန်မှန် ကန်ကန် မသိကြတဲ့အတွက် ကာမဂုဏ် တရားတွေမှာ သာယာ ကြည်နူး မွတ်သိပ်ပြီး ကာမအစေးနဲ့ ငြိကကပ်နေခြင်းကို ပြောတာပါ။အလွယ်ပြောရရင် အာရုံငါးပါး ကာမဂုဏ်တရားတွေမှာ တပ်မက်တဲ့စိတ်ကို ကာမထမ်းပိုးလို့ ဆိုပါတယ်။



လူသားတိုင်း ဟာ ကာမထမ်းပိုးကို မဖြစ်မနေ ထမ်းနေကြသူတွေရှိသလို လေးမှန်းသိပေမယ့် ထမ်းချင်လို့ကို ထမ်းနေ သူတွေလည်းရှိပါတယ်။ နိုင်ငံ၊ ဘာသာ၊ လူမျိုးနဲ့ အသား အရောင် ဘယ်လိုပဲ ကွဲပြားကွဲပြား ကာမထမ်းပိုးကိုတော့ ထမ်းနေကြရ တာခြင်း က တော့ လူတိုင်းနီးပါး တူညီကြပါတယ်။


လူသားတွေ ထမ်းနေကြတဲ့ ထမ်းပိုးတွေထဲမှာ ကာမထမ်းပိုးကတော့ အလေးဆုံးဖြစ်မယ် လို့ထင်ပါ တယ်။ ဒီထမ်းပိုးကြောင့်ပဲ မရေ တွက်နိုင်တဲ့ ပြဿနာတွေကို လူသားတွေ ဟာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ဖြေရှင်း နေကြရ ပါတယ်။ ကာမထမ်းပိုးကြောင့် စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဂီတနဲ့ အနုပညာ စတဲ့စတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ သူတွေဟာ လူမှုအသိုင်းအ၀ိုင်းက ပစ်ပယ်ခံလိုက်တဲ့အထိ အရှုံးနဲ့ ဘ၀ကို ရင်ဆိုင် သွားခဲ့ရပါတယ်။ ကာမ ထမ်းပိုးကြောင့် သူတော်စင်အမည်ခံ သူတို့တောင် မသူတော် စာရင်းအသွင်းခံ လိုက်ရတာတွေ ရှိပါတယ်။


ကာမထမ်းပိုးကြောင့် ဖြူစင်နေတဲ့သူတွေ မည်းညစ်သွား နိုင်သလို အခြေခိုင်မာပြီးသူတွေ အခြေယိုင်သွားတတ်ကြပါသေးတယ်။ ပုထုဇဉ်လူသား တို့ရဲ့ နေ့စဉ်ဘ၀မှာ ကာမထမ်းပိုးကို မှန်မှန်ကန်ကန် ထမ်းနေခြင်းဟာ အပြစ်တခုကို ကျူးလွန်တာတော့ မဟုတ်ပါဘူး။ တကယ်တော့ ဒီထမ်းပိုးကို ထမ်းနေရတာ လေးမှန်း သိပေမယ့် လူသားတိုင်းဟာ အနာဂါမ်အရိယာအဖြစ်ကို မရောက်မချင်း ကာမထမ်းပိုး ကို ထမ်းပိုးနေကြရဦးမှာပါ။

နောက်ထပ် လူသားတွေ ထမ်းနေရတဲ့ ထမ်းပိုးကတော့ ဘ၀ထမ်းပိုးပဲဖြစ်ပါ တယ်။ ကာမထမ်းပိုးက လေးသလို ဘ၀ထမ်းပိုးဟာလည်း ဘယ်လောက်လေး တယ်ဆိုတာ လူတိုင်းသတိထားမိမယ်လို့ ထင်ပါတယ်။ ဘ၀အပေါ် မှန်ကန်တည့်မတ် တဲ့ အမြင်မရှိတဲ့သူဟာ ဘ၀အပေါ် အတိုင်း ထက်အလွန် သာယာကြည်နူး မိတတ်ကြ တယ်။ တနည်းအားဖြင့် ရူပဘ၀ အရူပဘ၀တွေမှာ သာယာတပ်မက် တတ်တဲ့စိတ်ကို ဘ၀ယောဂလို့လည်းဆိုပါတယ်။


အဆင်ပြေနေတဲ့အခိုက်မှာ မောက်မာချင်ကြ၊ သူတပါး အပေါ် အနိုင်ကျင့်ပြီး နိုင်ထက်စီးနင်း လုပ်ချင်ကြတယ်။ ဘ၀ထမ်းပိုးကိုထမ်းပြီး လျှောက်လှမ်းရတဲ့အခါ ဘ၀အသိ လွတ်မသွားဖို့ လိုအပ်ပါတယ်။ တကယ်တော့ အသိလွတ်နေတဲ့ ဘ၀ဆိုတာ ရူးသွပ်ခြင်းတမျိုးပါပဲ။ ရှောင်လွှဲလို့မရတဲ့ ဘ၀ထမ်းပိုးကို မဖြစ်မနေ ထမ်းကြရတဲ့အခါ စာနာစိတ်နဲ့ ကြင်နာစိတ်ကို အဖော်ပြုပြီး ဘ၀ထမ်းပိုးကို ပျော်ပျော်ကြီး ထမ်းထားဖို့လည်း အရေးကြီးပါတယ်။

နောက်ထပ် လူသားတွေ ထမ်းနေရတဲ့ ထမ်းပိုးတချောင်းကတော့ အယူဝါဒ ထမ်းပိုးပဲဖြစ်ပါတယ်။ ဘ၀အပေါ် တပ်မက်နှစ်သက်နေခြင်း တွေဝေမိန်းမောနေခြင်းကို ဘ၀ထမ်းပိုးလို့ခေါ်ပါတယ်။ ပါဠိစာပေအလိုအရ မှားယွင်းနေတဲ့ အယူဝါဒတွေဟာ ခြောက်နှစ်ခုတောင်ရှိပါတယ်။ အဲဒိအယူမှားမှု ခြောက်ဆယ့်နှစ်မျိုးနဲ့ အဲဒီအယူဝါဒ တွေအပေါ်မှာ တပ်မက်တဲ့စိတ်ကို ဘ၀ထမ်းပိုးလို့လည်း ခေါ်နိုင်ပါတယ်။ ကမ္ဘာ့သမိုင်း နိုင်ငံ့သမိုင်းတွေကို ကြည့်ရင် အယူဝါဒထမ်းပိုး ကြောင့် စစ်ပွဲတွေ အဓိကရုဏ်းတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်။ 



သမိုင်းတွင်တဲ့ စစ်ပွဲတွေရှိသလို သမိုင်းမတွင်တဲ့ စစ်ပွဲ တွေလည်း အများကြီးရှိပါတယ်။ အခုလည်း ဖြစ်နေဆဲဖြစ်ပြီး နောက်လည်း ဖြစ်နေ ဦးမှာပါ။
ဘာကြောင့်လည်းဆိုတော့ လူသားတွေဟာ အယူဝါဒထမ်းပိုးကို မစွန့်လွှတ်နိုင် ကြသေးလို့ပါပဲ။ အယူဝါဒထမ်းပိုးကို အစွန်းရောက်ထမ်းတော့ ပြဿနာတွေက ဖြေရှင်းလို့မကုန်နိုင်တော့ပါဘူး။



ကိုယ်ထမ်းထားတဲ့ ထမ်းပိုးအတွက် ကာကွယ်ကြ၊ စောင့်ရှောင့်ကြ၊ တိုးတက်ပြန့်ပွါးအောင် လုပ်ဆောင်ကြရင်း လူသားတွေ ကတော့ အယူဝါဒထမ်းပိုးနဲ့ ထမ်းရင်းလေးလံလို့ နေပါပြီ။ ယုံကြည်ချက်တွေ အစွန်းရောက်ရင် အဲဒီယုံကြည်ချက်အပေါ်မှာ သာယာနှစ်သက် တပ်မက်နေ တတ်ပါတယ်။ ကိုယ်ယုံ ကြည်နှစ်သက် တပ်မက်တဲ့ အယူဝါဒထမ်းပိုးကို ဖက်တွယ်ထမ်းပိုးရင်း လူသားတွေ ကတော့ ခရီးဆက်နေကြဦးမှာပါ။


ကာင်းပြီ။ ဒါဆိုရင် လူအမျိုးမျိုးက အယူဝါဒ ထမ်းပိုးအမျိုးမျိုးကိုထမ်းလို့ အခက်အခဲ ဖြစ်နေကြတာလား။ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်နေကြရတာလား။ ဒါဆိုရင် တူညီတဲ့ ထမ်းပိုးတချောင်းကို ၀ိုင်းထမ်းဖို့ ဆိုရင်ကော ဖြစ်နိုင်ပါ့မလား။ လူသားအားလုံးအတွက် သတ်သတ်မှတ်မှတ် စံပြုထိုက်တဲ့ ထမ်းပိုးတချောင်းဆိုရင်ကော။အယူဝါဒထမ်းပိုးကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုရင် လူသားတိုင်းဟာ ကိုယ့်ထမ်းနေတဲ့ အယူဝါဒထမ်းပိုး တွေကို စွန့်လွှတ်ပစ်ဖို့ လိုအပ်ပါသလား။



အယူဝါဒထမ်းပိုးကတဲ့ကော လူသားတွေ အတွက် မလိုအပ်တော့ဘူးတဲ့လား။ လေးမှန်းသိပေမယ့် အယူဝါဒထမ်းပိုးကို လူသား တွေ ဘာကြောင့် ထမ်းနေကြတာလဲ။ တာဝန်အရ ထမ်းနေကြတာလား။ အယူဝါဒ ထမ်းပိုးဟာ မဖြစ်မနေ ထမ်းနေရမယ့် အရာတခု ဟုတ်ပါရဲ့လား။ အယူဝါဒထမ်းပိုးကို မဖြစ်မနေ ထမ်းရမယ်လို့ ဘယ်သူတွေက ပညတ်ခဲ့တာလဲ။ အဖြေရှာကြည့် စေချင်ပါ တယ်။ သေချာတာတခုကတော့ လူသားတွေ မဆိတ်သုဉ်းသေးသရွေ့ အယူဝါဒ ထမ်းပိုးကြီးကတော့ ရှိနေဦးမှာပါပဲလေ။

လူသားတွေထမ်းနေရတဲ့ နောက်ဆုံးထမ်းပိုးကတော့ မသိမှုထမ်းပိုးကြိးပဲ ဖြစ်ပါ တယ်။ မသိမှုအမျိုးမျိုးရှိပေမယ့်လို့ ဒီနေရာမှာတော့ အမှန်တရားလေးမျိုးကို မသိခြင်း ဟာ မသိမှုထမ်းပိုးကို ထမ်းနေခြင်းပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပေါ်လာ တဲ့ အာရုံတိုင်းကို မှန်မှန်ကန်ကန် မသိပဲ အာရုံခြောက်ပါးမှာ တွယ်တာကပ်ငြိမှုဖြစ်တာ ကိုပဲ အသိမှုထမ်းပိုးလို့ ခေါ်နိုင်ပါသေးတယ်။ မသိမှုဟာလည်း လူသားတွေကို လေးလံစေ တဲ့ အထုပ်အပိုးတခုပဲဖြစ်ပါတယ်။


လူသားတွေကို အမျိုးမျိုး ဒုက္ခရောက်နေကြရတာဟာ ဒီထမ်းပိုးလေးချောင်းကို ထမ်းနေရလို့ပဲဖြစ်ပါတယ်။ ဒီထမ်းပိုးလေးချောင်းဟာ ပစ္စုပ္ပန်မှာ ပြဿနာအမျိုးမျိုးကို ဖန်တီးပေးသလို သံသရာမှာလည်း နစ်မွန်းစေတတ်တယ်လို့ ဆိုပါတယ်။ ပါဠိစာပေမှာ တော့ ပြဿနာအရှုပ်အထွေးတွေကို ဖြစ်စေတတ်လို့ ထမ်းပိုးလို့ ခေါ်တာပါတဲ့။ လူသားတွေဟာ နေ့စဉ်နေ့တိုင်း ဒီထမ်းပိုး လေးချောင်းကို ထမ်းနေရတာ ပင်ပမ်းလွန်းပါတယ်။ အလွန်အင်မတန်မှလည်း လေးလံ လွန်းပါတယ်။ ဒါဆိုရင် လေးလံလွန်းလှတဲ့ ဒီထမ်းပိုးလေးချောင်းကို လွှတ်ချပစ်လိုက်ရင် ပိုမကောင်းဘူးလား။ ဘာကြောင့် ဒီထမ်းပိုးတွေကို အလေးခံပြီး ထမ်းနေမှာလဲ။ လွတ်လပ်ပေါ့ပါးသွားအောင် ပစ်ချပစ်လိုက်ရင် ပိုကောင်းမှာပါ။ လွှတ်ချပစ်ဖို့ လည်း လိုအပ်မယ်လို့ထင်ပါတယ်။

ဒီလေးလွန်းလှတဲ့ အထုပ်ကြီးလေးထုတ်ကို လွှတ်ချဖို့ဆိုတာကလည်း တကယ် တော့ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကာမထမ်းပိုးကို လွှတ်ချပစ်နိုင်ဖို့ဆိုတာက အနာဂါမိမဂ်ကို ရမှာဖြစ်မှာပါ။ အနာဂါမိမဂ်ကသာလျှင် ကာမထမ်းပိုးကို ပစ်ချနိုင်စွမ်းရှိပါတယ်။ အယူဝါဒထမ်းပိုးကို မထမ်းချင်ဘူးဆိုရင်တော့ သောတာပန်ဖြစ်အောင် ကြိုးစားဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သောတာပတ္တိ မဂ်နဲ့မှ အယူဝါဒထမ်းပိုးကို ဖယ်ရှားနိုင်လို့ပါပဲ။ ဘ၀ထမ်းပိုးနဲ့ မသိမှုထမ်းပိုးတွေကို စွန့်ပယ်ဖို့ဆိုတာက အခက်ခဲဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဘ၀ထမ်းပိုးနဲ့ မသိမှုထမ်းပိုးတွေကို စွန့်ပယ်နိုင်ဖို့ဆိုတာ အရဟတ္တမဂ် ဆိုတဲ့ ဓားတချောင်းလိုပါတယ်။


ဒီအရဟတ္တမဂ်ကသာ ဘ၀ထမ်းပိုးနဲ့ မသိမှုထမ်းပိုးတွေကို အကြွင်းမဲ့ ပစ်ပယ်နိုင်စွမ်း ရှိလို့ပါပဲ။ ဒီထမ်းပိုးလေးချောင်းကို သံသရာအဆက်ဆက်က ထမ်းလာခဲ့တာဆိုတော့ အလွယ်တကူ စွန့်ပယ်နိုင်ဖို့ မလွယ်ပါဘူး။ ဒီထမ်းပိုးလေးချောင်းကို ထမ်းထားသရွေ့ တော့ ငြိမ်းချမ်းမှုကို မရနိုင်သေးပါဘူး။ ထမ်းပိုးလေးချောင်းကို စွန့်ပယ်နိုင်မှ ငြိမ်းချမ်းမှုကို ရမှာပါ။ ဒါကြောင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ် ထမ်းပိုးမရှိရာအရပ်ကိုသွားချင်တယ်ဆိုရင်တော့ လူသားအားလုံး ထမ်းထားတဲ့ ထမ်းပိုး တွေကို လွှတ်ချပစ်ဖို့ အရေးကြီးပါတယ်။ “လေးရင်လေးပါစေ၊ ကိစ္စမရှိဘူး။ ထမ်းချင်လို့ကို ထမ်းနေတာပါ” ဆိုရင်တော့လည်း လူတိုင်းမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်လေ။ 

သို့သော်…………..။


ကိုသစ် (သီတဂူ)
မှ - (bawazatkhon.blogspot.com - ဘာသာရေး)



စကားနောက် တရားပါ …



 စကားနောက် တရားပါ …
လူတိုင်း လူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း
 ပြောတတ်ကြသလို မမှန်တဲ့
စကားလည်း ပြောတတ် ကြပါတယ်။ ကောင်းတဲ့
စကားလည်း ပြောတတ်
ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ်  ကြပါတယ်။ အနှစ်ရှိတဲ့ စကားလည်း ပြောတတ်  ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။ ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကား အပြောများရင်လည်း မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။ ဒါဟာ စကားနောက် တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။


မှန်ပါတယ်။ “စကားနောက် တရားပါ”  ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် ပြောပါများရင် အဲဒီစကားရဲ့ တန်ပြန်အကျိုး သက်ရောက်မှုဟာ ပြောတဲ့သူထံ ပြန်ရောက်တတ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ စကားအပြောများရင် တရားသဘောအရ အမှားရော မမှားရောအတွက် မတရားတာတွေရော တရားတာပါ အမှန်ရောက်လာမှာ ဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဒီတော့ကား စကားပြောတဲ့သူတွေ ရွေးချယ်ရမှာက တရားတာတွေ ရောက်လာစေချင်တာလား၊ မတရားတာတွေ ရောက်လာစေချင်တာလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားတာတွေ ရောက်လာစေချင်ရင်တော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ပြောဆိုကြဖို့ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေမှာတော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ဖြစ်စေဖို့ ပြောသင့်တဲ့ စကားတွေ၊ ရှောင်ကြဉ်ရမယ့် စကားတွေကို ရှင်းလင်းဖော်ပြပါတယ်။ 

စကားပြောတဲ့အခါ ကောင်းတဲ့စကား သမ္မာဝါစာ ဖြစ်စေဖို့
၁။ လိမ်ညာပြောဆိုတဲ့ စကားမျိုး
၂။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေအောင် ချောပစ်ကုန်းတိုက်တဲ့ စကားမျိုး
၃။ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားမျိုး
၎။ ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတဲ့ အချဉ်းနှီးပြီး သိမ်ဖျင်းတဲ့ စကားမျိုးကို ရှောင်ကြဉ်ကြရမယ်လို့ စာပေက ဆိုပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ လူအများ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကား (၆)ခွန်းဖြစ်တဲ့
၁။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါးလည်း ကြားနာလိုတဲ့ စကား
၂။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါး မကြားနာလိုတဲ့ စကား

၃။ ဟုတ်မှန်ပြီး အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၎။ မဟုတ်မမှန် အကျိုးရှိကာ သူတပါး ကြားနာလိုတဲ့ စကား
၅။ မဟုတ်မမှန် အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၆။ မဟုတ်မမှန် အကျိုးလည်းမရှိ သူတပါးလည်း မကြားနာလိုတဲ့ စကား 

ဆိုတာတွေထဲက ဟုတ်မှန်ပြီး အကျိုးရှိကာ သူတပါးလည်း ကြားနာလိုတဲ့ စကားနဲ့ သူတပါး မကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့ ဒီစကားနှစ်မျိုးကိုပဲ ပြောဆိုတော်မူပါတယ်။ ဘုရားရှင်ဟာ စကားနောက်မှာ ကောင်းတဲ့ တရားတွေပါဖို့ စကားခြောက်ခွန်းထဲက
 လေးခွန်းကိုပယ်ပြီး နှစ်ခွန်းကိုပဲ မိန့်တော်မူပါတယ်။ ဒါဟာ သူတော်ကောင်းတွေရဲ့ စကားနောက် အမှန်တရားပါဖို့ ကျင့်သုံးတော်မူတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပုထုဇင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ စကားကို အထိမ်းအကွပ်မရှိ၊ စောင့်စည်းမှုမရှိဘဲ လိုရင်လိုသလို မလိုရင် မလိုသလို ပြောဆိုတတ်ကြပါတယ်။ တရားတဲ့စကား၊ မတရားတဲ့ စကားတွေ နားမလည်ဘဲ ပြောချင်သလို လက်လွတ်စပယ် ပြောလေ့ရှိတတ်ကြပါတယ်။ လိုချင်တာရှိရင် လိမ်ပြောရမှာလည်း ၀န်မလေးသလို မြှောက်ပြောရမှာလည်း ၀န်မလေးတတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေရင် အပြစ်ပြောရမှာလည်း ၀န်မလေးတတ်သလို ဆဲဆိုကြိမ်းမောင်းကာ အပုတ်ချရမှာလည်း ၀န်မလေးတတ်ပါဘူး။ ဒီလို စကားကို ပေါ့ပေါ့တန်တန် အလွယ်တကူ ပြောဆိုတတ်တဲ့ အတွက်လည်း မဟုတ်မတရားတဲ့ စကား အပြောများလာခြင်းရဲ့ ရလာဘ်အဖြစ် နောက်ပိုင်း ဒီလိုပြောဆိုရတာကို အပြစ်တစ်ခုလို မမြင်တော့ဘဲ မဟုတ်တာ၊ မကောင်းတာမှန်သမျှ ပါးစပ်က အလွယ်တကူ ပြောဆိုဖြစ်ကုန်ပါတယ်။
မကောင်းမှု အကုသိုလ်ရဲ့ သဘောကလည်း အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ ဖြစ်ပါတယ်။

အခုလည်း ဒီလိုပါပဲ။ စကားကို အလွယ်တကူ အထိန်းအကွပ်မရှိ ပြောတတ်တဲ့အတွက် မတရားတဲ့ စကားတွေ ဖြစ်တတ်ကာ အဲဒီစကားနောက် မတရားတဲ့ အရာတွေ ပါကုန်တာ ဖြစ်ပါတယ်။ သာမန်ပုထုဇင်တွေ အနေနဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့ ငါးပါးသီလထဲမှာ အထိန်းရအခက်ဆုံး သီလသိက္ခာပုဒ်ဟာ မုသာဝါဒ သိက္ခာပုဒ်လို့ ပြောနိုင်ပါတယ်။ ပါးစပ်ကို စောင့်ထိန်းစေလိုတဲ့အတွက် သီလသိက္ခာပုဒ် တစ်ခုအနေနဲ့ ထိန်းစေလိုရင်း ဖြစ်ပေမယ့် ဒီပါးစပ်တစ်ခုကို ထိန်းဖို့ဟာ အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ “အပေါက်တစ်ရာကို ပိတ်လို့လွယ်တယ်၊ ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူး” လို့ ဆိုခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတိထားကြည့်မိရင်
 နေ့စဉ်ပါးစပ်က ပြောတဲ့အရာတွေမှာ ကောင်းတာထက် မကောင်းတာက များတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပါးစပ်က ကုသိုလ်နဲ့စပ်တဲ့ စကား၊ ကောင်းတဲ့စကား၊ ရတနာသုံးပါးနဲ့စပ်တဲ့ စကားတွေ ပြောဖြစ်ကြတာထက် ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သူ့ကြောင့်ဘာဖြစ်တယ် စတဲ့ သူများမကောင်းပြောတဲ့ စကား၊ အတင်းပြောတဲ့စကား၊ အပြစ်ပြောတဲ့ စကားတွေပဲ များနေတတ်တာကို တွေ့ရတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ စကားစတာတွေ ပြောဖြစ်လာပြီဆိုရင် ဒီလူတစ်ယောက်ဟာ မကောင်းတဲ့အလုပ်တွေမှာလည်း လုပ်ဖို့ ၀န်မလေးတော့ပါဘူး။
မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို 

“ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့”

လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ သူ့စကားနဲ့သူ့ကိုပြန်ပြီး ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ
 ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

နောက် ပါးစပ်က ပြောတဲ့စကားဟာ မမှန်တဲ့ စကားတွေများနေ၊ အကျိုးမရှိတဲ့ စကားတွေ များနေတဲ့အခါ အဲဒီသူတွေရဲ့ ပါးစပ်ဟာ အနံ့အသက်မကောင်းဘဲ စကားမပီ သွားလည်းမညီ ဖြစ်တတ်ကြောင်း စသဖြင့် စာပေအဖွင့်တွေမှာ ဆိုပါတယ်။ အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်မှာလည်း ဆရာတော်က 

“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း” 

လို့ ဆောင်ပုဒ်ကဗျာ ဖွဲ့သီထားပါတယ်။ ဒါဟာ မဟုတ်မမှန်တဲ့ စကားကို ပြောဆိုတတ်တဲ့ သူတွေထံ ရောက်လာနိုင်တဲ့ သက်ရောက်မှု အကျိုးတရားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ မှန်ကန်တဲ့ စကားပြောဆိုတဲ့ သူတွေကျပြန်တော့ စကားပီပြီး သွားညီကာ ခံတွင်းအနံ့ကောင်းခြင်း စတဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှု အကျိုးတရားတွေကို ဖြစ်စေမှာ ဖြစ်ပါတယ်။

*** အရှင်မဟာမေဂ္ဂလာန်မထေရ်မြတ် နတ်ပြည်ကိုကြွတော့ နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ တွေ့ပါတယ်။ ဒီနတ်သားနဲ့တွေ့တော့ အရှင်မြတ်က 
 “နတ်သား… သင်နတ်ပြည်ရောက်လာတာ ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ”  လို့ မေးတော်မူတဲ့အခါ အမေးခံရတဲ့ နတ်သားက
အရှင်ဘုရား… တပည့်တော် ပြောရမှတောင် ရှက်လှပါတယ်ဘုရား…၊ တပည့်တော် လူ့ပြည်မှာတုန်းက တစ်ခြားကုသိုလ်ကောင်းမှုတွေ ဘာမှ မလုပ်ခဲ့ပါဘူးဘုရား၊ ဒါပေမယ့် မုသားမပြောဘဲ အမှန်ကိုသာ ပြောခဲ့တဲ့ သစ္စာအလုပ်တစ်ခုတော့ လုပ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ အမှန်ကိုပြောခဲ့ခြင်း ဆိုတဲ့ ဒီကုသိုလ်လေး တစ်ခုနဲ့ပဲ တပည့်တော် နတ်ပြည်ကို
 ရောက်လာတာ ဖြစ်ပါတယ်ဘုရား…”  လို့ ပြန်လျှောက်ပါတယ်။ ***

ဒါဟာ ကောင်းတဲ့စကားကို ပြောဆိုရခြင်းရဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှုရဲ့ စကားနောက် တရားပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားဆိုတာ တရားပါမှ မတရားတာကို ပယ်နိုင်ပြီး ကောင်းတဲ့အရာတွေ ပါမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။
ဆိုလိုတာက စကားနောက် တရားပါဆိုတဲ့ ဆိုရိုးအတိုင်း ဘယ်သူပဲဖြစ်ဖြစ် စကားပြောတဲ့အခါ စကားနောက်ကို တရားတွေက ပါနေကြမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုးတွေနဲ့ ကောင်းတဲ့တရားတွေ ပါလာစေဖို့ စကားပြောတဲ့အခါ ကောင်းတဲ့စကားတွေ ပြောနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကောင်းလည်းပြောတတ် မကောင်းလည်း ဟောတတ်တဲ့ ဒီပါးစပ်ဟာ အကောင်းပြောရင် အကောင်းရမှာဖြစ်ပြီး မကောင်းဟောရင် မကောင်းရမှာ ဖြစ်တဲ့အတွက် အကောင်းလည်းပြော အကောင်းလည်းဟောရင်း ကောင်းကျိုးတွေနဲ့ စကားနောက်ကို ကောင်းတဲ့တရားတွေ ရောက်အောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ပါးစပ်ဆိုတာ ပြောဖို့နဲ့ စားဖို့အတွက် သဘာဝက ဖန်တီးပေးတာ ဖြစ်ပေမယ့် ပြောချင်ရာပြော စားချင်ရာစား မယ်ဆိုရင်တော့ ကိုယ်ပြောတဲ့စကား၊ ကိုယ်စားတဲ့ အစားတွေကြောင့်ပဲ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေ ဖြစ်စေတတ်တဲ့အတွက် အကောင်းပြောပြီး အကောင်းစားနိုင်အောင် ပြောသမျှစကားတွေမှာ ကောင်းတာတွေ ဖြစ်စေဖို့နဲ့ စားသမျှအစားတွေမှာလည်း လောဘတဏှာတွေ မဖြစ်စေဖို့ စကားနောက်မှာ တကယ့်အစစ်အမှန် တရားတွေ ပါအောင်သာ ကြိုးစားကြပါ  လို့ စေတာနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ အားလုံး စကားနောက်ကို တကယ့်တရားတွေ ပါနိုင်ကြပါစေ…။

Saturday, September 28, 2013

စကားသုံးခွန်း

 

စကားသုံးခွန်း

ပညာရှိပုဂ္ဂိုလ်တို့သည် ပညာရှိပီပီ စကားပြောတတ်ကြပါ၏။ မြန်မာနိုင်ငံ၌ လောကဘက်မှာရော သာသနာအတွက်မှာပါ ပညာရှိများစွာ ရှိပါ၏။ ပညာရှိရဟန်းတို့တွင် ထိပ်တန်းက ပါဝင်နေသော ဆရာတော် ၃-ပါး၏ စကားလေးတို့ကား ပညာသားလည်း ပါပါ၏။ သူများနှင့်လည်း မတူ၊ တမူ ထူးခြားနေပါ၏။ ထိုဆရာတော် ၃-ပါးကား နာမည်ကျော်ကြား လူသိများလှပါ၏။
၁။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်။
၂။ တိပိဋကဓရ အရှင်သုမင်္ဂလာလင်္ကာရ။
၃။ တိပိဋကဓရ အရှင်သိရိန္ဒာဘိဝံသတို့ ဖြစ်ကြပါ၏။

ထိုဆရာတော် ၃-ပါးတို့တွင် ပဏ္ဍိတာရာမဆရာတော်၏ စကားကိုကား အခါပေါင်းမရေမတွက်နိုင်လောက်အောင်ပင် ကြားရပါ၏။ တိပိဋကဓရ ဆရာတော်နှစ်ပါး၏ စကားကိုကား တဆင့်ကြားဖြင့် ကြားသိထားရပါ၏။

ထိုဆရာတော် ၃-ပါးတို့နှင့် တွေ့ကြသော ရဟန်း ရှင် လူတို့က -ဆရာတော်ဘုရား၊ ကျန်းမာပါသလားဘုရား-ဟူ၍ မေးတတ်ကြပါ၏။ ထိုအခါ ထိုဆရာတော် ၃-ပါး ပြောကြားပုံမှာ အခြားပုဂ္ဂိုလ်တွေ၏- အင်း...ကျန်းမာပါတယ်-ဟူ၍ မိန့်တော်မူပုံမျိုး မဟုတ်ပါ။

ပဏ္ဍိတာရာမ ဆရာတော်၏ မိန့်တော်မူပုံမှာ---နေသာပါတယ်။
အရှင်သုမင်္ဂလာလင်္ကာရ၏ မိန့်တော်မူပုံမှာ---ကျန်းမာတယ်ဆိုတာ မရှိဘူး။
အရှင်သိရိန္ဒာဘိဝံသ၏ မိန့်တော်မူပုံမှာ---သုံးလို့ ရပါသေးတယ်-ဟူ၍ ဖြစ်ကြပါ၏။

ထိုဆရာတော် ၃-ပါးသည် ဘုရားသားတော်များပီပီ ဘုရားစကားနှင့်အညီ မိန့်တော်မူခြင်းဖြစ်ကြောင်း သိရပါ၏။ ထိုဘုရားစကားတော်ကို ခန္ဓ၀ဂ္ဂသံယုတ် နကုလပိတုသုတ်၌ တွေ့ရှိရပါ၏။ ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ သားကောင်တို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးတော်မူခိုက် ဖြစ်ပါ၏။ နကုလပိတာ သူကြွယ်သည် ဘုရားရှင်ရှိရာကို သွားပြီး ဘုရားရှင်ကို ရှိခိုးကာ သင့်တော်ရာအရပ်၌ ထိုင်၍ ဤသို့လျှောက်ထားခဲ့ပါ၏။

မြတ်စွာဘုရား၊ တပည့်တော်ဟာ အိုပါပြီ၊ အသက်ကြီးပါပြီ နောက်ဆုံးအရွယ် ရောက်နေပါပြီ။ ခန္ဓာကိုယ်ဟာ နာကျင်ပါတယ်။ နာကျင်မှုရဲ့ အနှိပ်အစက်ကို မပြတ်ခံနေရပါတယ်။ ဘုရားရှင်နဲ့ ကြည်ညိုဖွယ်ရဟန်းတွေကို တပည့်တော်ဟာ အမြဲမဖူးတွေ့ရပါ။ တပည့်တော်အား ရေရှည်မှာ စီးပွားချမ်းသာဖြစ်စရာ သြ၀ါဒ အသွန်အသင် ပေးတော်မူပါဘုရား။

သူကြွယ်-ဟုတ်ပေတယ်။ ဟုတ်ပေတယ်။ ဒီခန္ဓာကိုယ်ဟာ အမြဲ မစင်ကြယ်တာတွေ ယိုထွက်နေလို့ နာကျင်တယ်။ ကွဲတတ်တဲ့ ဥလိုပဲ။ အရေနဲ့ မြှေးယှက်ထားတယ်။ ဒီခန္ဓာကိုယ်ကို ရွက်ဆောင်ထားရသူဟာ တမုဟုတ်တောင် ရောဂါကင်းကြောင်း ၀န်ခံရင် မိုက်မဲသူပဲ၊ မိုက်မဲလို့ ပြောတာပဲ။

သူကြွယ်-ဒါကြောင့် ငါဟာ ကိုယ်သာနာပြီး စိတ်မနာစေအံ့-လို့ ကျင့်ရမယ်။

ဆရာတော် ၃-ပါးသည် ဤဘုရားရှင်စကားနဲ့ အညီ မိန့်တော်မူကြခြင်း ဖြစ်ပါသည်။ ပညာရှိပီသကြပါ၏။ ထိုစကား ၃-မျိုးလုံး ကျေနပ်စရာ ကောင်းပါပေ၏။ ဘုရားရှင်၏ စကားကို မကြားဖူးသူ၊ မသိဖူးသူတို့၏ နား၌ အထူးအဆန်း ဖြစ်နေပါ၏။

သုံးလို့ ရပါသေးတယ်-ဟူ၍ မိန့်တော်မူသော အရှင်သိရိန္ဒာဘိဝံသ၏ စကားကို ကြားသိရသောအခါ လယ်တီဆရာတော်ကြီး၏ စကားကို သတိရလာမိပါ၏။
ခန္ဓာကိုယ်ကြီးဟာ အငှါးနွားနဲ့ တူတယ်။ ခိုင်းလို့ရတုန်း ခိုင်းထားရတယ်။ ပိုင်ရှင်နဲ့တူတဲ့ သေမင်းလက်ထဲ အပ်လိုက်ရရင် ခိုင်းလို့မရတော့ဘူး-တဲ့။

ထိုဆရာတော်ကြီးတို့ အဆိုအတိုင်း နေသာခိုက်၊ သုံးလို့ရခိုက်၊ ခိုင်းခွင့်ရခိုက်၊ ခိုင်းလို့ရခိုက် မိမိ၏ ခန္ဓာကိုယ်ကို လောကအတွက်နှင့် သာသနာအတွက် အကွက်ကျကျ အသုံးချကြရပါမည်။
နကုလပိတာအား ဘုရားရှင် မိန့်တော်မူခဲ့သည့် ကိုယ်သာ နာစေ-စိတ်မနာစေအံ့-အဆုံးအမသည်လည်း အလွန်ပင် မှတ်သားလိုက်နာစရာ ကောင်းလှပါသည်။ ကိုယ်သာနာပြီး စိတ်မနာအောင် သတိပဋ္ဌာန်ကို လိုက်နာကျင့်သုံးကြရပါမည်။ ကိုယ်က နာလို့ အရှုံးပေါ်ရသော် စိတ်မနာအောင် လုပ်နိုင်လျှင် အမြတ်ရပါသည်။ အရှုံးထဲက အမြတ်၊ အဆိုးထဲက အကောင်းရအောင် လုပ်နိုင်ကြလျှင် ဘုရားရှင်၏တပည့် ဖြစ်ရကျိုးနပ်ပါပြီ။ လူဖြစ်ရကျိုး နပ်ပါပြီ။ သာသနာနှင့်တွေ့ရကျိုး နပ်ပါပြီ။

မီးလောင်နေသည့်အိမ်ထဲမှ အသုံးအဆောင်ပစ္စည်းတို့ကို ထုတ်ယူနိုင်လျှင် ယူနိုင်သလောက် ယူသူအတွက် အကျိုးများပါ၏။ အသုံးဝင်ပါ၏။ ဇရာ၊ ဗျာဓိ၊ မရဏ မီးတွေ အလောင်ခံနေရသော ခန္ဓာအိမ်ထဲမှ ဒါန သီလ ဘာဝနာ ပစ္စည်းတို့ကို ထုတ်ယူနိုင်လျှင် ထုတ်ယူနိုင်သလောက် ယူသူ၏သံသရာမှာ အားကိုးရပါ၏။ အကျိုးများလှပါ၏။

စာရှုသူသည် သင့်ခန္ဓာအိမ်ထဲမှ ပစ္စည်းတွေ မည်မျှထုတ်ယူပြီးပါပြီနည်း။ ပစ္စည်းတွေ နည်းနေသေးလျှင် များများထုတ်ယူထားကြဖို့ လိုအပ်လှပါသည်။ ပစ္စည်းအထုပ် မသေးမှ သံသရာမှာ ရင်အေးရပါမည်။ သေးနေလျှင် ရင်လေးရပါလိမ့်မည်။

ဆရာတော် ၃-ပါး၏ စကားသုံးခွန်းမှ တဆင့်သိလိုက်ရသော ဤအသိပညာတို့သည်လည်း တန်ဖိုးရှိလှပါပေသည်။ ပညာရှိတို့သည် ပညာရှိပီပီ စကားပြောတတ်ကြပါပေသည်။

( သာမဏေကျော် )

Friday, September 27, 2013

စာရိတ္တ၏ တန်ဖိုး

  စာရိတ္တ၏ တန်ဖိုး

               အမျိုးသားလူငယ်များကို ဆုံးမစကား စာဖြင့်ပြောကြား စေလိုကြောင်း ဆိုလာသဖြင့် ထိုတောင်းဆို မှုသည် ကောင်းသော လုပ်ရပ်ဖြစ်သည်။ ဆုံးမစကားကို နာယူခြင်းသည် မင်္ဂလာဖြစ်၏။ မင်္ဂလာသည် ကောင်းကျိုးပြုခြင်းဖြစ်သည်။ လူသားတို့မှာ အကုသိုလ်ကင်း၍ ကုသိုလ်ပြည့်စုံသည် ဆိုလျှင် မင်္ဂလာနှင့်ပြည်စုံခြင်း ဖြစ်၏။

                 မင်္ဂလာသည် ကောင်းသော အခြင်းအရာ ဖြစ်ပေသည်။ ကောင်းကျိုးပေးခြင်း ကောင်းကျိုး ရယူခြင်းသည် မင်္ဂလာဖြစ်ပေသည်။ ဘ၀အဆက်ဆက် လူသားတို့သည် အကုသိုလ် မကောင်းမှုကို မကောင်းမှုများဖြစ်ကြောင်း ၊ အကုသိုလ်ကင်းသော ကောင်းမှုမှန်သမျှသည် ဘ၀၌ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံခြင်းပင် ဖြစ်သဖြင့် မိမိတို့ဘ၀၌ မင်္ဂလာရှိသည် ဟု ဆိုရပေသည်။

                 ရှေးရှေးကာလမှာ လူသားတို့သည် ကောင်းသောစိတ် စေတနာဖြင့် ကောင်းသောကုသိုလ် ကောင်းမှုတို့ မည်သို့ပြုရမည်နည်း။ အကုသိုလ် ဟူသော မကောင်းမှု ဒုစရိုက်များကိုပယ်၍ ကောင်းသော အမှုကို မည်သို့ဆောင်ရွက်ရမည်နည်း ဟူသော ပြဿနာကို လူ့လောကတွင်ရှိသော အသီးသီး ပညာရှင် တို့သည် ကြံဆဖော်ပြ၏။ သို့သော် သူတို့၏ အဆိုအပြောတို့မှာ ပြီးပြည့်စုံသည်ဟု မဆိုသာ ဖြစ်နေချေ သည်။ ယင်းတို့ဖြင့် လူ့သိက္ခာအကြောင်းနှင့် ပတ်သက်၍ ကျေနယ်ဖွယ် ဖော်ပြမှု မပြုနိုင်သည်မှာ သာမန် နတ်သား(အညတရ ဒေ၀)အဖြစ် ဗုဒ္ဓမြတ်စွာ ရှေ့တော်မှောက်သို့ ချဉ်းကပ် ရိုကျိုး၍ လူတို့စောင့်အပ် သော လူ့သိက္ခာကို မေးမြန်းစုံစမ်းလေသည်။ မြတ်စွာဘုရားက လူ့ကျင့်ဝတ်ကို မင်္ဂလသုတ် တရားတော် မှာ ဖော်ပြတော် မူသည်။ ယင်းသည် မြန်မာဗုဒ္ဓဘာသာ လူငယ်များအဖို့ ရှေးတုန်းကတော့ လူငယ်တွေ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ အနည်းဆုံးတစ်နှစ်တော့ နေကြပြီး မင်္ဂလာသုတ်ကို သင်ယူကြရတာ အစဉ်အလာပါပဲ။ အခုခေတ်တော့ လူငယ်တို့ဟာ ဘုန်းကြီးကျောင်းသား မဖြစ်ဖူးကြဘူး။ လောကီစာကို အခြေခံပညာသင် ကျောင်းတွေမှာ သင်ကြတယ်။ ဘုန်းကြီးကျောင်းမှာ မနေကြရဘူး ဆိုဦးတော့ သုံးဆယ့် ရှစ်ဖြာ မင်္ဂလာကို ဖတ်ရွတ်လေ့လာဖို့ သင့်ပါသည်။ မင်္ဂတရားတော်သည် လောကုတ္တရာချည်း မဟုတ်ပဲ လောကီလူမှုရေးတို့မှာလည်း လူငယ်တို့ဟာ စတင်လေ့လာသင့်ပါတယ်။  လောကီရေးရာရော လောကုတ္တရာ ရေးရာမှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်ကို ကျကျနန လေ့လာဆောင်ရွက် စေချင်ပါ တယ်။လောကီရေးရာမှာ ပြုကျင့်ရမယ့် လူ့ကျင့်ဝတ်နှင့် ပတ်သက်သဖြင့် ကိုးကွယ်သည့် ဘာသာတရား များ အတွက်လည်းဖြစ်သည်ဟု ယူဆခံယူနိုင်ပေသည်။ လူတိုင်းကျင့်အပ်သည့် လူမှုရေးရာဘက်တွင် အသုံးဝင်ပါသည်။ 

                ဆိုလိုသည်မှာ လောကီ၊လောကုတ္တရာ နှစ်ဖြာသော ကျင့်ဝတ်တို့အဖြစ် ကျင့်သုံးနိုင်သော အရာများဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လူငယ်လူရွယ်တို့ လူမှုရေးကျင့်ဝတ်များ အဖြစ် လိုက်နာကျင့်သုံး လျှင် ကိုယ်ကျင့်တရား ကောင်းမွန်၍ ကိုယ်ကျိုးလည်း ဖြစ်ထွန်းစေသည်။ သူတစ်ပါး လူအများအတွက် လည်း မိမိက ကောင်းကျိုးပြုနိုင်သည်။ လူ့သိက္ခာ လူကျင့်ဝတ်တို့ဖြစ်သဖြင့် လောကီ လောကုတ္တရာ အကျိုးနှစ်ဖြာ ပြည့်စုံနိုင်ပေသည်။ 

                 မြတ်စွာဘုရားသည် “အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စသေ၀နာ” ဟု စတင်ဟော တော်မူသည်။ “လူမိုက်ကိုရှောင် ၊ လူလိမ္မာပညာရှိကို ဆည်းကပ်” ဟု ဟောလေရာ လူမှုရေး၌ အရေးပါ ဆုံးသည် အပေါင်းအသင်းဖြစ်ကြောင်း အပေါင်းအသင်းမှားလျှင် ကိုယ်ကျိုးပျက်စီးစေမည့် အဓိပ္ပါယ်သည် ထင်ရှား၏။ လူငယ်တို့သည် လိမ္မာရေးခြား ဖြစ်စေရန် ပူဇော်ထိုက်သူကို ပူဇော်ရမည်ဟူ၏။ မပူဇော်ထိုက် သူအား မပူဇော်ရုံမျှမက ရှောင်းကြဉ် ရပေမည်။ စိတ်ကောင်းစေတနာကောင်း ထားရှိခြင်းသည် လူ၏ ရည်မွန်မှုကို ပြည့်စုံစေ၍ ကောင်းမှုသည် ပညာဟူသော အသိပညာ အတတ်ပညာတို့ကို တတ်သိစေရန် ပင်ဖြစ်၏။ အရေးကြီးသော အချက် တစ်ခုမှာ အမိအဘကို လုပ်ကျွေးသမှု ပြုခြင်းဖြစ်၏။ မိဘကို ရိုသေစွာ ကျေးဇူးဆပ်သည့် အနေဖြင့် မိမိကိုမွေးဖွားသော မိဘတို့သည် အချိန်တန်သောအခါ အိုမင်းမစွမ်း ဖြစ်လာ တော့သည်။ ထိုအခါ အခြေအနေတိုးတက်လာသော သားသမီးတို့က မိဘများကို မွေးကျေးဇူး ဆပ်ကြရမည်။ အပြစ်ကင်းသော အသက်မွေးမှု အလုပ်အကိုင်တို့ကို လုပ်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုကြ ရပြီး ကျေးဇူးဆပ်စဉ်မှာပင် ဆွေမျိုးသားချင်းတို့ကို ကူညီစောင့်ရှောက် ရပေမည်။

               သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်သည် လူမှုရေးနှင့်ပတ်သက်၍ လူသားတို့ ဆောင်ရွက် အပ်သော ၀တ္တရားများကိုဖော်ပြသည်။ လူငယ် လူရွယ်တို့သည် မင်္ဂလာ တရားတော်အတိုင်း လုပ်ကိုင် ဆောင်ရွက်လျှင် လူတော်လူကောင်း ဖြစ်မည်။ လူ့တာဝန် လူ့ဝတ္တရားများကို ဆောင်ရွက်ခြင်းဖြင့် လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူ၍ လူမှုရေးနှင့် ပတ်သက်သည့် တရားလည်းဖြစ်သည် ။ လူမျိုးမရွေး ဘာသာမရွေး အားလုံးသော လူသားတို့က ကျင့်သုံးကြလျှင် လူ့လောက၌ အဆိုးအမိုက်များ ကင်းနိုင်သလောက် ကင်းပေလိမ့်မည်။ 

                သို့သော် ယခုခေတ်သည် သိပ္ပံနှင့် နည်းပညာတို့၏ ကျေးဇူးကြောင့် လူသားတို့အား ထူးထူးခြားခြား ထောက်ပံလျက်ရှိသည်။ သို့သော် ထိုပစ္စည်းများ အရည်အသွေးတိုးတက်၍ စွမ်းရည် ထက်စေကာမူ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ပါ အချက်အလက်တို့ကို ဂရုမထားပဲ မာန်မာန တက်ကာ အကျင့်စရိုက်ဆိုးများကိုသာ ပြုလုပ် အားထုတ်လျက်ရှိသည့် လူငယ်ပိုင်းသည် အများအမြင် အားဖြင့် တိုးတက်လျက်ရှိ၏။ တစ်ဖက်မှာ တိုးတက်လျှင် အခြားဘက်မှာ ဆုတ်ယုတ်တတ်သည်။ နှစ်ဖက်လုံး ညီတူညီမျှ တိုးတက်လျှင် လူ့လောကသည် အေးချမ်းသာယာ၍ လူတို့သည် လူ့ဘ၀တွင် နေရေး ထိုင်ရေး ၀မ်းစာရှာရေးတို့သည် အဆင်ပြေ၍ မင်္ဂလာရှိပေမည်။ သို့သော် ထိုသို့မဟုတ်ပဲ တိုးတက် ခိုက်မှာပင် အမိုက်ပိုနေကြသဖြင့် များစွာသော လူသားတို့သည် မတော်မတရား လုပ်ရပ်များ ကြောင့် ရန်သတ္တရုပွား၍ ကမ္ဘာအရပ်ရပ်တွင် ဒေါသ လောဘ မီးများ ပွားပြန့်လျက်ရှိသည်။ 

               ကျွန်တော့် အမြင်မှာ တတိယထောင်စုနှစ် အစ ၂၁ ရာစုနှစ်ကာလတွင် တစ်ကမ္ဘာလုံး လူဦးရေ တိုးတက်သည်နှင့် အမျှ စာရိတ္တပျက်ပြားမှုသည် အကြမ်းဖျင်းအားဖြင့် ပွားများသထက် ပွားများ လာသည်။ ကျယ်ပြန့်ပွားများ လာသည့် အလျောက် တိုင်းပြည်များ၊ လူမျိုးများသည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေချေပြီ။ အထူသဖြင့် လူငယ်လူရွယ်တို့သည် စည်းမဲ့ကမ်းမဲ့ သောင်းကျန်းနေကြသည်။ ယင်းသို့သော သောင်းကျန်းမှုကို သူတို့က ခေတ်မှီလှပြီ ထင်နေကြသည်။ ရှေးခေတ်မှာ ထွန်းကားခဲ့ သော စရဏတရားကို အမှတ်မထင် ပြုရုံသာမက ခေတ်မမီတော့ဟု သဘောထားကာ အဆိုအမိန့်များ ဆုံးမချက်များကို ပစ်လိုက်ကြသည်။ ရှေးဟောင်းစာပေးများ ကိုလည်း ခေတ်လွန်သော အဟောင်းအမျင်း များဟု သဘောထားကြသည်။ ယင်းအင်အားစုသည် လူငယ်လူရွယ်တို့ကြားတွင် အတော်များလာသည် ကို တွေ့ရသည်။

               စရဏတရားကို သရုပ်သဏ္ဌာန်ပေါ်သော ၀တ္ထု ကဗျာ ဆောင်းပါးများကို ပြက်ရယ်ပြုကြ သည်ကို တွေ့ရပါသည်။ အချို့လူငယ်တို့က စရဏတရားကို ပြောင်ပြောင်ပစ်ပယ် ကြသည်ကိုလည်း တွေ့ရသည်။ ခေတ်သစ်၌ ပေါ်ထွန်းသော လောကီအာရုံ ကာမဂုဏ်တို့ကို အမွှန်းတင်သော စာပေများကို စိတ်ဝင်စားစွာ ဖတ်ရှု၍ ကျေနပ်နေကြသည်။ 

               လူငယ်လူရွယ်တို့သည် ပတ်ဝန်းကျင် အခြေအနေများ၏ ပယောဂကြောင့် ကိုယ့်ကျင့်တရား ပျက်ပြားခြင်းကိုပင် ခေတ်မီသည်ဟု ထင်နေကြသည်။ လူ့ဘ၀ စည်းစိမ်များကို စွဲမက်နေကြသည်။ ယင်းသို့ ကာမဂုဏ်များကို နှစ်သက်ကာနေ၍ ပြုလုပ်နေခြင်းကို ခေတ်မီသည် ၊ ခေတ်သစ်တွင် ခေတ်နှင့် အတူလိုက်မှ တိုးတက်သည်။ မိဘရိုးရာ ဘာသာတရားတို့ကို အထင်သေးသလို ဖြစ်လာကာ ဘာသာရေး ၌ စိတ်ဝင်စားမှု လျော့နည်း၍ လောကီးရေးတိုးတက်မှုများကို ကိုးကွယ်ကြချေသည်။ သူတို့ကို စေတနာဖြင့် သတိပေးမှုကိုပင် ပြက်ရယ်ပြုကြချေသည်။
               ယခုဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ လူငယ်၊ လူရွယ်တို့သာမက လူကြီးများစွာ တို့ကလည်း ပေါ်ပင်တွေ ကို လိုက်စားကြချေသည်။ ပွင့်လင်းစွာ ဆိုရပါမူ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်များ၌ စာရိတ္တပျက်ပြားမှုသည် အခြားဒေသများထက် လျော့နည်း၍ ၀မ်းသာကျေနပ်မိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့လို ကြီးရင့်သော ပုဂ္ဂိုလ်များက သတိပေးစကား ထပ်ခါထပ်ခါ ပြောနေကြရ ပါသည်။

               လူငယ်တွေ ယင်းသို့ ငယ်ရွယ်ချိန်မှာ စရဏတရားကို စတင်လေ့လာသင့်သည်။ ကျွန်တော် အကြံပေးလိုက်သည်မှာ မင်္ဂလသုတ် သင်တန်းများဖွင့်၍ လူငယ်များ ကျောင်းအားချိန် စနေ တနင်္ဂနွေ နေ့တို့တွင် တက်၍ သင်ယူကြစေလိုပါသည်။ ရှေးခေတ်၌မူ ကျောင်းသားအရွယ်အစလောက်တွင် ဘုန်းကြီး ကျောင်းတွင်သွား၍ မြန်မာစာ ဖတ်တတ်အောင် သင်ပြီးလျှင် မင်္ဂလသုတ် အရကျက်ကြရသည်။ ယခု အခါ၌မူ ထိုအခြေအနေမျိုး မရှိသလောက် ဖြစ်နေချေပြီ။ စာသင်စ ကလေးများကို အခြေခံပညာ ကျောင်းတွင် စာသင်ကြရသည်။ ထို့ကြောင့် မင်္ဂလသုတ်တတ်ဖို့ အခွင့်မသာချေ။ ထို့ကြောင့် စနေ ၊ တနင်္ဂနွေ နေ့များတွင် မင်္ဂလသုတ် သင်တန်းများ ဖွင့်ပေးစေလိုပါသည်။ မင်္ဂလသုတ်ကို သင်ကြားရာ၌ ပါဠိပုဒ်များကို မြန်မာဘာသာ ပြန်ရုံမျှဖြင့် ကိစ္စမပြီးသင့်ပါ။ အပုဒ်တိုင်းကို အကျယ်ချဲ့၍ သင်ပေးခြင်းဖြင့် လူငယ်တို့အား စရဏတရားကို ကျေညက်အောင် သင်ပေးစေလိုပါသည်။

               ကျောင်းသားတို့သည် ယင်းသို့ ကျောင်းနေစအရွယ်မှ မင်္ဂလာတရားတော်နှင့် ငါးပါးသီလ တို့ကို ကောင်းစွာနားလည် သဘောပေါက်သည်အထိ သင်ပေးစေလိုပါသည် ။ ကျောင်းသား ကလေးများ ချည်းမဟုတ်ပါ ။ ကျောင်းသားကြီးများလည်း သင်ယူဖို့လိုပါသည်။ ကျွန်တော့်အယူအဆမှာ ကလေး အရွယ်မှ အထက်တန်းကျောင်းသားတို့အထိ မင်္ဂလသုတ်နှင့် ငါးပါးသီလကို ကောင်းစွာ သိနားလည်ကြ စေချင်ပါသည်။ လူငယ်လူရွယ်တို့သည် “စရဏ” အကျင့် ရစေရန် လိုအပ်ပေသည်။ ယခုကျဆင်း နေသော စရဏ အကျင့် (စာရိတ္တ) အစွမ်းထက်စေမှသာ နောင်ကာလတွင် လူတော်လူကောင်း အစစ်များ ဖြစ်ပြီးလျှင် အကျင့်စာရိတ္တ မြင့်မားထက်သန်ပြီး လူမျိုး၏ဂုဏ် တက်သည်သာမက သူတို့အဖို့လည်း တစ်သက်တာလုံး အကျင့်စာရိတ္တကောင်းမွန်၍ အကျိုးမပျက်ဘဲ ခိုင်မြဲသောအကျင့်ကောင်းများ ထွန်းကား ပေလိမ့်မည်။

               အကျင့်စာရိတ္တသည် လူ့ဘ၀တွင် အရေးပါဆုံးဖြစ်သည် ဟူသော အချက်ကို သိနားလည်ပေ လိမ့်မည်။ ကျွန်တော့်အနေဖြင့် စာရိတ္တကောင်းမှသာ အမျိုးသားရေး အရည်အသွေးကောင်းပေမည်။ သို့မှ သာလည်း လူမျိုးနှင့် နိုင်ငံတို့သည် လူ့လောကတွင် လူမှုရေး အဆင့်မြင့်တက်ပေ လိမ့်မည်။

တက်တိုး

Thursday, September 26, 2013

သာသနာပြုသည် ဆိုရာဝယ်


 သာသနာပြုသည် ဆိုရာဝယ်
သာသနာပြုသည် ဆိုရာဝယ်၏ယနေ့ခေတ် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်လောကတွင် အတွေ့ရအများဆုံး   အသုံးပြုအများဆုံး  ပေါ်ပြူလာအဖြစ်ဆုံး ဝေါဟာရစကားလုံးမှာ `သာသနာပြု´ဆိုသည့်စကားလုံးပင်ဖြစ်ပါသည်။ယင်း`သာသနာပြု´ဆိုသည့်စကားလုံးကိုသံဃာတော်များလောကတွင်သာမကပဲ  လူပုဂ္ဂိုလ်များလောက  သီလရှင် ဆရာကြီး ဆရာလေးများ လောကနှင့် နောက်ဆုံး ထေရ၀ါဒသာသနာတော် ၏ ခလုပ်ဆူညှောင့်များဖြစ်ကြတဲ့  ဓါတ်ဆရာ, နတ်ဆရာ , ၀ိဇ္ဇာ, ဘိုးတော်များကပါ`သာသနာပြု´ဆိုသည့် အသုံးအနှုန်းကိုဖောဖောသီသီ အသုံးပြုနေသည်ကိုတွေ့ရှိရပါတယ်။

ကမ္ဘာ့ဘာသာများဖြစ်ကြတဲ့  ဟိန္ဒူ, ခရစ်ယာန်,ဂျိန်း, ရဟူဒီ,ဇိုရိုစတာ,အစ္စလာမ် အစရှိတဲ့ ဘာသာ      တွေမှာလည်း`သာသနာပြု´(missionary)ဆိုပြီးအသုံးပြုနေကြပါတယ်။ ကမ္ဘာ့ရဲ့ အဦးဆုံးသော စံပြ သာသနာပြု ပုဂ္ဂိုလ်ကိုပြပါ ဆိုလျှင်တော့ မြတ်ဗုဒ္ဓကိုညွှန် ပြရမှာပဲဖြစ်ပါတယ်။ ”အတ္ထာယ ဟိတာယ သုခါယ ဒေ၀မနုဿာနံ ဗုဒ္ဓါလောကေ ဥပ္ပဇ္ဇတိ”ဆိုသည့်အတိုင်း လူတွေ,နတ်တွေ,ဗြဟ္မာတွေ သာမက တိရိစ္ဆာတွေပါမကျန် လောကသား အားလုံးတို့ရဲ့ လောကီ၊ လောကုတ္တရာ၊ မစ္စုပ္ပန်၊သံသရာ နှစ်ဖြာသော အကျိုးဖြစ်စေရန်၊ အစီးအပွားဖြစ်စေရန်နှင့်၊ မျက်မှောက်၊ မျက်ကွယ် ချမ်သာခုခ အစစ်အမှန်ရစေရန် ကိုယ်ကျိုးမဖက်  သူ့တပါးအကျိုးသက်သက်မျှပွင့်တော်မူလာခဲ့ရတာပါ။

မြတ်စွာဗုဒ္ဓဟာမိမိတစ်ဦးတည်းအတွက်မျှသာဆိုရင်ဘုရားဖြစ်ရန်အတွက်လေးသင်္ချေနှင့်တစ်သိန်းသောကပ်ကမ္ဘာတိုင်အောင်   သွေး ချွေး ဘ၀တွေ အများကြီးရင်း ဆင်းရဲဒုက္ခခံကာ ပါရမီတော်တွေ ဖြည့်ကျင့်ဆည်းပူးစရာ မလိုပဲ သုမေဓာ ရှင်ရသေ့ဘ၀မှာပင်  ချမ်သာမှုအစစ် နိဗ္ဗာန်နန်းကို စံမြန်လိုက စံမြန်နိုင်ပေမည့်လည်း   လောကသား အားလုံးကို ကိုယ်တော်မြတ်နှင့်အတူ စာနာ သနားတော်မူတာကြောင့်  လောကသားအားလုံးအတွက် အများအကျိုးသီးသန့်မျှနှင့် သာမာန်သူတို့  မကြံစည်ဝံ့နိုင်လောက်အောင်  ဘုရားဖြစ်ကြောင်း ပါရမီတော်  တွေကို ပရဟိတ သက်သက် ဖြည့်ကျင့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။

မြတ်စွာဗုဒ္ဓ၏ သာသနာပြုလမ်းခရီးသည် ပန်းခင်းသောလမ်းချည်းသာမဟုတ်ပေ ကြမ်းတမ်းသော ခရီးကြမ်းကိုလည်း ဇွဲမလျှော့တမ်း  ကြိုးစားပန်းစာ မနေမနား လောကသားများ အတွက်  တစ်နေ့လျှင် နှစ်နာရီ မျှသာ အနားယူတော်မူ၍ ကျန်သည်အချိန်များစွာ တို့အား လောကကောင်ကျိုး   ဆောင်ရွက်ခြင်း တနည်း ဆိုရသော် သာသနာပြုခြင်းဖြင့်သာလျှင် တန်ဘိုးရှိစွာအချိန်ကို ကုန်လွန်စေတော်မူပါသည်။ မြတ်စွာဗုဒ္ဓရှင်တော်မြတ်ဟာ လောကဘုံးသား သတ္တ၀ါများအကျိုးဖြစ်ထွန်းမည်ဆိုလျှင်နတ်ပြည်ကိုကြွရောက်ကာသာသနာပြုတရားဟောကြားသလို  `ဇမ္ဗုကတက္ကတွန်း´၏ မစင်တော ကိုပင် ကြွရောက်ကာ သာနာပြုခဲ့ပေသည်။ထိုအချက်ကို မိမိတို့ခေတ် ရဟန်းသံဃာတော်တို့အနေနှင့် များစွာ အတုယူသင့်လှပါသည်။

မိမိတို့ရဟန်းလောကတွင် အချို့သော ရဟန်းတော်တို့သည် ကျော်ကြားလေလေ  အောင်မြင် လေလေ   အရှိန်အ၀ါကြီးထွားလေလေ အလုပ် လုပ်ချင်စိတ် သာသနာပြုချင်စိတ် မရှိဖြစ်ကာ ထိုအောင်မြင်ကျော်ကြားမှုကို  အများအတွက် သာသနာအတွက် အသုံးမချပဲ  မိမိတစ်ဦး တည်းအတွက်သာ အသုံချနေကြပေသည်။ မိမိအောင်မြင်ရန် ကြိုးစားလာခဲ့သမျှသည် အမျိုး ဘာသာ သာသနာတော်အတွက် မဟုတ်ပဲ  မိမိတစ်ဦးတည်း အတွက်အဆင်ပြေ ချမ်းသာစွာ နေထိုင်နိုင်ရန်အတွက်သာ ကြိုးစားခဲ့သလို    ဖြစ်နေကြပါတယ်။ ဒကာဒကာမများ၏ထောက်ပန့်မှုများဖြင့်ကြိုးစားခဲ့လို့အောင်မြင်မှုကို ရရှိသည့်အခါ မိမိမှာ ပြုလုပ်စရာမရှိတော့ဟုထင်မှတ်ကာ အလုပ်မလုပ်အေးဆေးစွာ နေထိုင်တော်မူကြပါတယ်။ ကြိုးစားမှုမှာအကျိုးမများပဲအချီနှီသာခြင်ရပါတော့တယ်။မိမိလိုချင်သည့်အောင်မြင်မှုကိုရရှိပြီးဆုံးခြင်းသည်ပင်မိမိလုပ်လုပ်ဆောင်ရမည့် လုပ်ဆောင်သင့်သည့် တာဝန်ကို စတင်၍ ထမ်းဆောင်လုပ်ဆောင်ရခြင်း၏ အစသာဖြစ်သင့်ပါသည်”။

ဆင်းရဲကြီးစွာဖြင့်သင်ကြားလေ့လာလို့ဓမ္မာစရိယ,ဘီအေ,အမ်အေ,ဒေါက်တာအစရှိသည့်မိမိမျှော်မှန်းသည့်အောင်မြင်မှုကိုရရှိလာသောအခါ ထိုသင်ကြားတတ်မြောက်သည့် ပညာကို ပြန်လည် အသုံချ အလုပ်လုပ်ရတော့မည့်အချိန်တွင် အလုပ်မလုပ်မလုပ်တော့ပဲ ရဟန်းကိစ္စပြီးသွားသည့်နှယ် အငြိမ်းစာ ယူနေကြခြင်းသည် အမျိုးဘာသာ သာသနာတော်ကြီးအတွက်များစွာနစ်နာလှပါတယ်။ အမှန်တကယ်က  အောင်မြင်မှုကို လက်ကိုင် ပြု၍  အမျိုးဘာသာ သာသနာတော်အတွက် တတ်စွမ်းနိုင်သမျှကြိုးစား ကြိုးပမ်းဆောင် ရွက်ရမှာဖြစ်ပါတယ်။

မြတ်စွာဗုဒ္ဓသည်  လောကီမျက်စိနှင့်ကြည့်မည်ဆိုပါက အမျိုးလေးပါတို့တွင် အမြင့်မား ဆုံးဖြစ်သည့်  ခတ္တိယ နွယ်ဖွား စကြာမင်းလောင်းလျာဖြစ်ပါတယ်။ စကြာမင်းဆိုသည်မှာ လောကလူ့ဌာနတွင် အဆင့်အမြင့်ဆုံးသောအဆင့်ပင်ဖြစ်ပါတယ်။ လောကုတ္တရာမျက်စိဖြင့်ကြည့် ဖြင့်ကြည့်ပါကလည်း  လောက သုံးပါးတွင် အတုမရှိသည့် သဗ္ဗညုဥာဏ်ရှင် ဘုရား စင်စစ်ဖြစ်တော်မူသာကြောင့် လူ,နတ်,ဗြဟ္မာ, သတ္တ၀ါ ဟူသမျှအနန္တတို့တွင့် အမြင့်မြတ်သော အဆင့်ပင်ပင်ပါသည်။

ထိုကဲ့သို့ ကောကီ လောကုတ် နှစ်ဖြာပြည့်စုံ အမြတ်ဆုံးပင် ဖြစ်ပါသော်လည်း  ဘုရားရှင်သည်  အေးအေးဆေးဆေး နေတော်မမူပဲ လောကသားတို့ရဲ့ ပစ္စုပ္ပန်,တမလွန် နှစ်တန်သော အကျိုး,အစီးအပွား, ချမ်သာခြင်းတို့အတွက် ကမ္ဘာပေါ်တွင် အလုပ်လုပ်ဆုံးဟု ဆိုရလောက်အောင်ပင်  မိမိအကျိုးမဖက် သူတပါးကောင်းကျိုးသက်သက်မျှဖြင့် မနေမနား ကြိုးစားကာ သာသနာပြုတော်မူခဲ့ပါသည်။ မိမိတို့ ရဟန်းတော်များအနေနဲ့ ဘုရားရှင်၏ တပည့်သာဝက များပီသစွာ အများအကျိုး ရွက်သည်ပိုး၍  သာသနာပြုရန် အလွန်ပင် လိုအပ်လှပါသည်။

ယနေ့မိမိတို့မြန်မာနိုင်တော်ရှိ  ရဟန်း သံဃာတော်တို့သည်  ရှေ့ယခင်ခေတ်အခါက ရဟန်း သံဃာတော်များနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါကအလုပ်လုပ်ကြသော(တနည်း)သာသနာ ပြုရဟန်းတော်များများစွာ အားနည်းနေသေးသည်ကို တွေ့ရှိရပါသည်။ အရေအတွက် တိုးပွားလာသော်လည်း၏ သာသနာပြုလိုသည့် အရည်အသွေးအရည့် အချင်းသာသနာပြုစိတ်ဓါတ်များမှာ ထိုးကျလို့နေပါသည်။   ရှေ့ခေတ်အခါကဗန်မော်ဆရာတော်၊ ငါးခုံဆရာတော်၊ဆရာတော်ဦးဗုဒ်တို့သာမကလယ်တီဆရာတော်မဟာစည်ဆရာတော်၊မိုးကုတ်ဆရာတော်၊မဟာဂန္ဓာရုံဆရာတော်နှင့်ကမ္ဘာ့သာသနာပြုဆရာတော်များဖြစ်ကြတဲ့ဆရာတော်ဦးအာဒိစ္စ၊ဆရာတော် ဦးသေဋ္ဌိလတို့ကဲ့သို့သာသနာ ပြုအာဇာနည်များများစွာပေါ်ထွန်းခဲ့ပါသည်။ ဒီဘက်ပိုင်းခေတ်မှာတော့ အမြင်ကျယ်ကြသော အလုပ်လုပ်ချင်ကြသော ရဟန်းပျိုးလေးများ တစ်စတစ်စ များပြားလာတာကို ၀မ်းသာဖွယ်ရာ တွေ့မြင်ရ၍ အမျိုးဘာသာ သာသနာတော်အတွက် များစွာ အားဖြစ်ရပါတယ်။

ထေရ၀ါဒ ငါးနိုင်ငံထဲတွင် အင်အားနည်းပါးကြသော လာအို၊ကမ္ဗောဒီးယား တို့ကိုချန်ထား၍ ထိပ်ပိုင်း သုံးနိုင်ဖြစ်တဲ့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း နိုင်ငံတို့တွင် သီရိလင်္ကာနိုင်ငံသည် သံဃာတော်ဦးရေ သုံးသောင်းဝန်းကျင်သာ ရှိပါသည်၊ ထိုင်နိုင်ငံကတော့ တစ်သိန်းခွဲ နှစ်သိန်းဝန်းကျင်ရှိပြီး မိမိတို့ မြန်မာနိုင်ငံကတော့ သံဃာတော်ဦးရေ လေးသိန်းကျော် ငါးသိန်းဝန်းကျင်အထိရှိပါတယ်။ ဒါပေမဲ့ကမ္ဘာကိုထေရ၀ါဒသာသနာပြန့်ပွားအောင် သာသာနာပြုနိုင်တာကတော့သံဃာအနည်းဆုံးဖြစ်တဲ့သီရိလင်္ကာကနံပါတ်တစ်ဖြစ်ပြီး၊ထိုင်းနိုင်ငံက ဒုတိယဖြစ် ကာ၊နောက်ဆုံးကတော့ မိမိတို့နိုင်ငံပဲဖြစ်ပါတယ်။ ကမ္ဗောဒီးယားနိုင်ငံ ကတောင်  မြန်မာနိုင်ငံကို မကျော်ပဲသာနေမယ် တန်းတူလိုက်၍ သာသနာပြုနိုင်ကြပါသည်။

ထိုကဲသို့မိမိတို့နောက်ကောက်ကျနေတာဟာမြန်မာ့ရဟန်းတော်တွေညံ့ကြလို့မဟုတ်ပါဘူး။ ထေရ၀ါဒငါးနိုင်ငံတွင်  မိမိတို့ မြန်မာရဟန်းတော်များသည်    ပရိယတ္တိစာပေ အနိုင်နင်းဆုံးအတတ်မြောက်ဆုံး အတော်ဆုံးပင်ဖြစ်ပါသည်။ ထိုသို့ပရိယတ်စာပေတွင် အတော်ဆုံးဖြစ်ပေမည့်လည်း အင်္ဂလိပ်စာ အစရှိသည့် ဘာသန္တရကမ္ဘာသုံးစာပေများ မတတ်မြောက်ကြခြင်းနှင့် ပြင်ပဗဟုသုတအားနည်းခြင်း ကြောင့် ယခုကဲ့သို့နောက်ကောက်ကျ ကျန်ရစ်ခဲ့ခြင်းပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ တရားတော်များသည် သစ်လွင်ခေတ်မှီ၍ နေပါသော်လည်း မိမိတို့နိုင်ငံရှိ ထိပ်ပိုင်းသံဃာတော်များ၏ ခေတ်နောက်ကျမှု အမြင်မကျယ်မှု ရှေ့ရိုးဆန်မှုတို့ ခေတ်နှင့်အညီ မပြောင်လဲနိုင်မှုများကြောင့်သာ ယခုကဲ့သို့ ဖြစ်နေဖြင့်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ယခုအခါ ဗုဒ္ဓဘာသာ ဆိုင်ရာ တက္ကသိုလ်များ ပေါ်ပေါက်လာသဖြင့် အနည်းငယ်သာသနာပြုလာနိုင်သည် ကို ၀မ်းမြောက်ဖွယ်ရာ  တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်းသံဃာတော်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်ပါက တက္ကသိုလ်အရေအတွက်သည် အရမ်းပဲနည်းပါးနေပါသေးသည် ။ပရိယတ္တိစာသင် တိုက်များ များပြားလာ၍သာ တော်သေးပါတယ်။

ဒကာ ဒကာမတို့ကလဲ တကယ်ဆင်းရဲ နွမ်းပါးကြသည့် ပရိယတ္တိဝန်ဆောင် စာသင် တိုက်တွေကို များစွာထောက်ပန့်လှုဒါန်းသင့်လှပါတယ်။ များသောအားဖြင့် ကမ္မဋ္ဌာန်းရိပ်သာများတွင် ပေါများ ပိုလျှံသလောက် စာသင်တိုက် သံဃာတော်တို့မှာ ဆင်းရဲချို့တဲ့နေပါတယ်။ဒါကြောင့် သာသနာ့ရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့ ပရိယတ္တိစာသင်တိုက်များကို အရှည်တည်တံ့ သာသာနာပြု နိုင်စေရန် လှုဒါန်းထောက်ပန့် ကြဘို့ အလွန်ပင် လိုအပ်လှပါသည်။

ပရိယတ္တိစာသင်တိုက်များကိုလေ့လာကြည့်ပါကသာသနာတော်ကြီးအတွက် အကျိုးများ သည်မှာမှန်သော်လည်း ဒကာ ဒကာမတို့အား ပရိယတ္တိပညာမပေနိုင်သာကြောင့် သံဃာတော်များအတွက် သီးသန့် သာသာနာပြုဋ္ဌာနလိုသာဖြစ်နေပါတယ်။ မိမိစာပေသင်နေရာ သိရိလင်္ကာနိုင်ငံတွင် သံဃာတော်များအတွက်သာမကပဲ လူပပုဂ္ဂိုလ်များအတွက်ပါ ` အာနန္ဒာကောလိပ်´ `ဗုဒ္ဓဘာသာအမျိုးသမီးကောလိပ်´စသည့်ဖြင့်ဖွင့်လှစ်ထားပေးသည့်အပြင် တက္ကသိုလ်တိုင်းတွင်လည်း `ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌန´ဆိုပြီးထားရှိပေးပါတယ်။

တက္ကသိုလ်အဆင့် မရောက်ခင် မူကြို၊ မူလ၊အလယ်၊အထက်တန်းများတွင်လည်း ဗုဒ္ဓဘာသာတရားတော်များကို ပြဋ္ဌာန်းပြီး မဖြစ်မနေသင်ကြားပေးပါသည်။ထိုင်အပြင် တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မစကူ(လ်)သင်တန်းဆိုပြီး အစိုးရကျောင်းတက်သူတိုင်း အတက်မနေရ တက်ကြရပါတယ်။ထို့ကြောင့် သီရိလင်္ကာနိုင်ငံသားတို့သည် ဆင်းရဲသားကအစ ဟသမ္မတအဆုံး ပြည်သူအားလုံးတို့ဟာ ဘုန်တော်ကြီးကျောင်းထွက် ဘုန်းကြီးကျောင်းသာ ဘုန်းကြီးကျောင်းသူများဖြစ်ကြသာကြောင့် ရဟန်းသံဃာတော်များအားလေးစားသည်၊ တန်ဖိုးထားသည်။သမ္မတသည် မည့်သည့်အလုပ်ပဲ လုပ်လုပ် အရေးကြီးသည့်အလုပ်များတွင် သံဃာတော်တို့၏ အကြံဥာဏ်သြ၀ါဒကိုခံယူကြရ၏ သံဃာတော်များ သဘောတူညီချက်မပါပဲ မည့်သည့်ဆုံးဖြတ်ချက် မည့်သည့်လုပ်ငန်းမှ အချမှတ် မလုပ်ဆောင်ပေပါလီမာန်အမတ်အဖြစ် ရဟန်းတော်များကိုတင်မြောက်ပင်ထားပါသေး၏။

ရဟန်းတော်တို့သည် သာသနာပြုလုပ်ငန်းများ နိုင်ငံတော်၏ ပညာရေး၊ကျမ္မာရေး စသည်တို့ကိုကောင်းစွာလမ်းညွှန်ဆုံမနိုင်ကြသောကြောင် ပြည်သူ ပြည်သားတို့သည် ရဟန်းသံဃာတော်တို့၏ တန်းဘိုးကိုနာလည်းပြီးတန်ဘိုးထားလေးစားတတ် လာကြပါတယ်။ ဒကာဒကာမတို့သည်ဘာသာရေး အခြေခံရှိထားပြီးဖြစ်သည့်အတွက် မိမိဘာသာရဲ့ တန်ဘိုးကို သိရှိနားလည်သွားသည့် အတွက်ကြောင့်ဘာသာပြောင်သွားတာဆိုတာမရှိသလောက် ရှားသွားပါ တယ်။ထို့သီရိလင်္ကာနိုင်ငံကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အတန်းကျောင်များစွာ ဗုဒ္ဓစာပေ များကို ပြဋ္ဌာန်ပေးနိုင်ရန် အစိုးရတာဝန်ရှိသူများနှင့်ဆရာတော်သံဃာတော်အရှင်မြတ်များအနေ ဖြင့်ကြိုး စားဆောင်ရွက်သင့်ပါသည်။

သီရိလင်္ကာသံဃာတော် အရှင်သူမြတ်အများစုဟာမူလတန်း၊အလယ်တန်း အထက်တန်းနှင့် တက္ကသိုလ်များမှာ ကျောင်းဆရာများအဖြစ် အလုပ်လုပ်ပြီး သာသနာပြုနေကြပါတယ်။ တနည်းဆိုရတော်ဘာသာရေး တစ်ခုတည်းသာမကပညားရေး အခန်းကဏ္ဍမှာဦးဆောင်ပြု၍သာသနာပြုနေကြခြင်းဖြစ်ပါသည်၊ ”လောကတ္ထစရိယညာတတ္ထစရိယ’’ဆိုသည့် အတိုင်း မိမိရဲ့လူမျိုးတိုးတက်အောင် စီးပွားရေး၊လူမှုရေးဘာသာရေး ကိုလမ်းပြပေးတာဟာလည်း ဘုရားရဲ့ အလိုတော်ကျ သာသနာပြုနေကြခြင်းပင်ဖြစ်ပါတယ်။

ဗုဒ္ဓသာသာနာတော်ကြီးပြန့်ပွားဘို့ရန်အတွက်သံဃာတော်အရှင်မြတ်တို့အပေါ်တွင်သာတာဝန်ရှိမှီတည်နေတာမဟုတ်ပဲတိုင်းပြည်အုပ်ချုပ်မင်လုပ်သည့်အစိုးရတာဝန်ရှိသူများအပေါ်၌လည်းအများကြီးမှီတည်နေပါသည်။အိန္ဒိယနိုင်ငံ၏သာသနာတော်သမိုင်းကို လေ့လာအကဲခတ် ကြည့်မည်ဆိုပါကတွေ့ရှိသိမြင်နိုင်ပါတယ်။ အာဏာပိုင်အစိုးရမင်းသည်ဗုဒ္ဓဘာသာကို ကြည်ညိုေ သာသာသနာပြုမင်းဖြစ်ပါက သာသနာတော်နေလိုလလိုတိုးတက်စည်ပင်ပြန့်ပွာ၍အာဏာ ပိုင်အ စိုးရမင်းသည် တခြားဘာသာခြားဖြစ်နေပါကသာသာနာတော်ဆုတ်ယုတ်သွားသည်ကို တွေ့ရှိရ မှာဖြစ်ပါသည်။

အာဏာပိုင်အစိုးရမင်းသည် ဘာသာခြားဖြစ်သောကြောင့် ဗုဒ္ဓသာသာနာတော်ကို နှိပ်ကွပ်ခဲ့သော်လည်း အိန္ဒိယမြေမှ ဗုဒ္ဓသာသနာတော်ကြီးသည် လုံးဝပျောက်ကွယ်မခဲ့ပေ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်အခါက အိန္ဒိပြည်၏ ပညာရေးမှာ ဗုဒ္ဓဘာသာရဟန်းသံဃာများ၏ လက်ထဲတွင် ရှိနေသောကြောင့်ပင်ဖြစ်၏၊ အိန္ဒိယနိုင်ငံ၏ သာသာကွယ်ကြောင်း အဓိကအကြောင်းအရင်းအရင်းမှာ ရဟန်းသံဃာတော်တို့သည် သာသာနာပြု လုပ်ငန်းများကို မလုပ်ဆောင်တော့ပဲ လာဘ်လာဘ နောက်ကိုလိုက်ပြီး ဓါတ် နတ်စသည့်တွေကို ၀ိဇ္ဇာအတတ်,မှော်အတတ်များကို လိုက်စားလာခြင်နှင့် မူဆလင်တို့၏ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာင်တို့အား ရက်စက်စွာ သတ်ဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်း ဗုဒ္ဓသာသာနာတော် အမြစ်ပြတ်ဆုတ်ယုတ်သွားခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့်သာသာနာတော်ကြီးတိုးတက်စည်ပင်ပြန့်ပွားရန်အတွက်ရဟန်းသံဃာတော်များ၏သာသနာပြုအခန်းကဏ္ဍအရေးပါသကဲ့သိုတိုင်ပြည်အုပ်ချုပ်သူတို့၏အထောက်အပန့်ချီးမြောက်မှုလည်းများစွာအရေးပါလှပါသည်။ဆရာ,ဒကာလက်တွဲ၍အမျိုး,ဘာသာ,သာသာနာတော်အကျိုးအတွက် လက်တွဲဆောင်ရွက်သွားဖို့ရာ အလွန်အရေးကြီးလှပါပေသည်။ အချို့သောရဟန်းတော်တို့သည် သာသနာပြုလုပ်ငန်းများအား လုပ်ဆောင်ချင်ပေမည့်လည်း အခွင့်မသာသောကြောင့်အချိန်တန်ဘိုးရှိသည့်အချိန်များနှင့် ကြိုးစားရှာဖွေသင်ကြား ထားသော အရည်အချင်း၊ပညာရပ်တို့သည် အလဟဿဖြစ်သွားကြပါသည်။ ထို့ကြောင့် ပညာပြည့်ဝကြသော ရဟန်းတော်တို့အား သာသာနာပြုနိုင်စေရန်အတွက် သံဃာ့ဘက်မှ တာဝန်ရှိဆရာတော် များနှင့်အစိုးရဘက်မှ တာဝန်ရှိ ဒကာတို့အနေနဲ့ သံဃာတော်များ သာသနာပြုနိုင်ရေးအတွက် သာသနာပြုအခွင့်အလမ်းများကို ဖန်တီးပေးသင့်လှပါသည်။ ထိုကဲ့သို့ သာသနာပြု အခွင့်အလမ်းများ ဖန်တီးပေးပါက အလုပ်မလုပ်ချင်သော ရဟန်းတော်တို့သည်လည်း ထိုသာသနာပြုလုပ်ငန်းများကိုလုပ်ရင်လုပ်ရင်းဖြင့်ပင်လုပ်ငန်းမှာပျော်မွေ့သွားပြီးဘာသာ၊ သာ သနာ နှင့်နိုင်ငံတော်အတွက်ပါများစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ထိုကဲ့သို့သာသနာပြုအခွင့်အလမ်းများဖန်တီးရာတွင်စာချဘက်အားသန်သည့် အရှင်မြတ် တို့ကို စာချစေခြင်း၊တရားဟော တရားပြ အားသန်သည့်အရှင်တို့အား တရားဟော တရားပြစေခြင်းအပြင် တခြားသော ပရဟိတ ကျမ္မာရေး၊ပညာရေးစသည့်ဖြင့်အားသန်သည့် သံဃာတော်တို့ကိုလည်း အားသန်ရာကိုပြုလုပ်သာသနြာ့ပုအခွင့်အလမ်းကို ဖန်းတီးပေးသင့်ပါ သည်။ ထိုကဲ့သို့ပြုလုပ်မပေးကြသဖြင့်   မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်တွင် သံဃာတော်ဦး ရေများသလောက် ခရီးမတွင်ဖြစ်နေခြင်းမှာ ၎င်းအချက်သည်လည်း အဓိကကျနေပါသည်။ ထိုကဲ့သို့ ဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်တွင်လည်း ၀န်းထမ်းအရေးအတွက်နှင့် ထိုထမ်းတို့အားပေးရသည့် အခကြေးငွေများသက်သာလာမည့် အပြင်ထိုဝန်ထမ်းတို့အား အခြား သောအပ်အပ်သော နေရာများအား ခန့်ထားပါက တိုင်းပြည်အတွက် များစွာ အကျိုးပြုမည်မှာဧကန်မုချပင်ဖြစ်ပါသည်။

သီလ၊သမာဓိ၊ပညာနှင့်ပြည့်စုံသော သံဃာတော်အရှင်များသည် မိမိတို့နိုင်ငံဝယ် ရေတွက်လို့ မရနိုင်အောင်များပြားပါသော်လည်း ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းမရှိကြသဖြင့်  လုပ်ချင်သလောက် လုပ်သင့်သလောက် အမျိုးဘာသာ,သာသနာတော်အတွက် မလုပ်လိုက်ရပဲ ဘ၀နိဂုံးချုပ်သွားကြသည်မှာ သာသာနာနှင့် နိုင်ငံတော်အတွက် များစွာနစ်နာလှပါသည်။
          နောင်တော်ကျောင်းထိုင်၊ကျောင်းပိုင် ဆရာတော်များအနေနှင့်လည်း မိမိတို့၏ ကျောင်းတိုက်ကို တပ်မက်မနေပဲ ညီတော်သံဃာတော်များအား မျှဝေ၍ အတူတကွ သာသနာပြုလုပ်ငန်းကို ညီညွတ်စွာပြုလုပ်ဆောင်ရွက်သည့်ပါသည်။ရန်ကုန် မန္တလေး အစရှိသည့် ကျောင်တိုက်များတွင် နာမည်ကြီးစာသင်တိုက်ကြီးများမှလွဲ၍ ကျောင်းတိုက်အတော်များများတွင် သံဃာတော်များအားလက်မခံပဲ မိမိတို့နှင့်ဆွေမျိုးနီးစပ်သည့် ပုဂ္ဂိုလ်များအားသာလျှင် လက်ခံထားကြပါသည်။ သင်တန်းတက်၊ဈေးဝယ်၊ ဆေးရုံးတက် စသည်ဖြင့် လာရောက်ကြသည့်  ဧည့်သည်များအားလက်ခံပြီး ထိုဧည့်သည်များမှ တည်းခိုးခအဖြစ် လှုဒါန်းသည့် လာတ်လာဘကို မက်မောတွယ်တာနေကြပါသည်။ ထိုဧည့်သည်များကို လက်မခံရဟု ဆိုလိုခြင်းမဟုတ်ပါ။ နယ်ဝေးမှ စေးဝယ်ခြင်း၊ဆေးကုခြင်းစသော အကြောင်းကြီးငယ်ဖြင့်မြို့သို့ရောက်လာသူများမှ အခြေအနေအရတည်ခိုးရန် နေရာ အခက်တွေ့သည့်အခါတွင် ဘုန်တော်ကြီးကျောင်းများအား တည်းခိုးရမှာပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆေးကြုခင်းစသည့် တစ်ခဏတာတည်းခိုနေခြင်းမျိုးမဟုတ်ပဲ  အစဉ်ထာဝရ အိမ်ကဲ့သို့နေထိုင်နေကြသည်မှာ လုံးဝမသင့်တော်ပေ။

မိမိသည် ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ပညာသင်ယူရန်အတွက် ရန်ကုန်မြို့တွင် ကားဖြင့်လှည့်လည်၍ ကျောင်းများလိုက်လျှောက်ဖူးပါသည်၊ ကျောင်းပေါင် ၂၀-ကျော်သာလျှောက် လိုက်ရတယ် တစ်ကျောင်းမှလက်မခံပေ “ငါတို့ကျောင်းက နေရာလွတ်မရှိတော့’’ ဟုသာပြောကြပါတယ်။  နေရာလွတ်မရှိဟုသာလို့သာပြောတယ်ကျောင်းတိုက်တစ်တိုက်လုံးမှ သံဃာ ၅-ပါးပင်မပြည့်ကြပါထိုရှိသည့်သံဃာများမှာလည်း ကျောင်းထိုင်ဆရာတော်နှင့်  ဆွေမျိုးနီးစပ်တော်သူများသာဖြစ်ကြပါသည် ။မြတ်စွာဘုရားရှင်သည် မိမိ၏သားတော်အရှင်ရာဟုလာ၊ ညီတော်အရှင်အာနန္ဒာနှင့် တခြားသော ဆွေတော်မျိုးတော်တို့အား လက်ဝဲရံ၊လက်ယာရံ စသည့် မဟာသာဝက အဂ္ဂသာဝကစသည့် ရာထူးများမပေးပဲ အမှန်တကယ် အရည်းအချင်နှင့်ပြည့်စုံ၍ သာသနာပြုနိုင်ကြမည့် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် စသည့်သာဝကတို့အားသာလျှင် လက်ယာရံ၊ လက်ဝဲရံ စသည့်တို့ကို ပေးတော်မူထားသည်ကို  ထာက်ဆ၍ဘုရားရှင်၏ တပည့်သားပီသစွာဖြင့်ဘုရားရှင်ကဲ့သို့ သာသနာပြုနိုင်သည့် အရည်အချင်းနှင့်စိတ်ထားရှိကြသည့် သံဃာတော်များအားသာနေရာပေးသင့်ပါတယ်။ ထိုကျောင်တိုက်များသည်သံဃာမရှိပေမည့်လည်း လူပဂ္ဂိုလ်များကတော့ မနည်းလှပေ တချို့ဆိုလျှင် အိမ်ထောင်သားမွေးပင်ပြုလုပ်နေကြပါသည်။

ထိုကဲ့သို့အဖြစ်မျိုးမိမိတစ်ပါးတည်းတွေ့ကြုံရသည်မဟုတ်ပေ။ မိမိသူငယ်ချင်း သံဃာတော်များ လည်း  ကျောင်နေရာ အခက်အ ခဲတွေ့ကြုံရကြောင်းသိရှိပါသည်။ တချို့ သံဃာတော်များ ဆိုလျှင် သာသနာစိတ် စာစိတ်ရှိပါလျှက် နေထိုင်စရာကျောင်း ရှာမရသော ကြောင့်တောရပ်ရွာသို့ ပြန်သွားရပြီး ပညာသင်ရန်အခွင့်အလမ်းများဆုံးရှုံးသွားသည့် အတွက် နိုင်ငံတော်နှင့် သာသာနာတော် အတွက် များစွာနစ်နာလှပါတယ်။

ထို့ကြောင့်ကျောင်းထိုင် ၊ကျောင်ပိုင်ဆရာတော်များ အနေနှင့် ဘာသာစိတ် သာသာနာစိတ် လေးထားပြီးပညာသင် ညီတော်သံဃာတော်တို့အား မိမိကျောင်းတိုက်တွင် လက်ခံပြီး ပျော်ရွှင်စည်းလုံးစွာနှင့်လက်တွဲကာ သာသနာပြုသင်လှပါသည်။ ကျေးလက်ဒေသတို့တွင်လည်း သာာသနာပြုလုပ်ငန်းများမှာလွန်စွာ အားနည်းသွားသည်ကိုတွေ့ရှိရပါသည်။ မိမိတို့ငယ်စဉ် အခါက ကျေးရွာဘုန်းတော်ကြီး တစ်ကျောင်လျှင် ကိုရင်ကျောင်းသာ တစ်ရာကျော်အနည်းဆုံး ရှိပါသော်လည်း ယခုအချိန်တွင်မူ ဆွမ်းခံခြင်းစသည့်  ဝေယျာဝစ္စမျာြး ပုလုပ်ပေးမည့် ကျာင်းသား သုံးလေးယောက်ကိုပင် မနည်းချော့မွေးထားနေရပါသည်။ ကျောင်တွင် ကျောင်သားမရှိက ကိုရင်လည်းမရှိနိုင်ပေ ကိုရင်မရှိလျှင် ရဟန်းသံဃာများမှာ ဘယ်လို့မှ မရှိနိုင်တော့ပါ။ နောင်နှစ်ပေါင်းတစ်ရာအတွင်း သာသာနာ့မျိုးဆက်အတွက် ရင်လေးစရာ ပင် ဖြစ်ပါသည်။ 

 ရဟန်းသံဃာအတော်များများသည် သာသနာပြုလုပ်ငန်းများအား ကောင်းစွာ မလုပ်ဆောင်ကြတော့ပဲ အေးအေးဆေးဆေး နေကြဦးမည်ဆိုပါကခေတ်လူငယ်များမှထို သံဃာတော်များကြောင့် တိုင်ပြည်တိုးတက်ရေး နှေးကွေးနေခြင်းခြင်း၏ဟု အပြစ်မြင် လာနိုင်စရာရှိပါသည်။တစ်ခြားဘာသာဝင်များက သူတို့ဘာသာပြန့်ပွားရေးအတွက် တောရောမြို့ပါ မစွမ်းကုန်ကြိုးစားနေကြချိန်တွင် မိမိတို့ ရဟန်းတော်များအနေနှင့် မသိလိုက် မသိဖာသာနေ နေကြဦးမည်ဆိုပါက ဗုဒ္ဓ၏တရားတော်များသည် မည်မျှပင် မှန်ကန်မှန်ကန် မည်မျှပင်အနှစ်သာရဖြည့်စုံနေပါစေ ဗုဒ္ဓ၏တရာတော်မြတ်တို့ရဲ့ တန်ဘိုးကို ဒကာ ဒကာမတို့သိရှိ နားလည်ခြင်းတန်ဖိုးထားခြင်းမရှိတော့ပါကနောင်နှစ်ပေါင်းအနည်းငယ်အတွင်းမှာ ဘာသာခြား တို့၏၀ါးမျိုးခြင်းကိုမလွဲမသွေခံသွားရနိုင်ပါသည်။

အချို့သောရဟန်းတော်တို့သည် မိမိတို့၏ အမျိုးဘာသာ သာသနာအား လူမျိုးခြား ဘာသာခြားတို့မှ စီမံကိန်းဆွဲ၍ အနိုင်ကျင့်ဝါးမျိုနေမှုကို ကိလေကင်းကွာ ရဟန္တာကြီးများနှယ် မေတ္တာရှင်များ အလားနေနိုင်တော်မူကြပေမည့်မိမိတို့သံဃာတော်အချင်းချင်း မကောင်းကြောင်း ကဲ့ရဲ့ပြစ်တင်ရှုံ့ချရမည် ဆိုပါက၏ရှေ့ဆုံးကနေ၍ရဲရင့်စွာကဲရဲ့ပြစ်တင်နေကြသည်ကို ၀မ်းနည်း ဖွယ်ရာတွေ့မြင်ရနေရပါတယ်။ သံဃာတော်အချို့သည်တပည့်ဒကာ၊ဒကာမတို့အားဘာသာရေ လူမှုရေး ပညာရေး စီးပွားရေး စသည့် သာသနာပြုလုပ်ငန်းများ မလုပ် ဆောင်ကြသဖြင့်  လာဘ်လာဘအတွက်ဒကာဒကာမတို့အား ရဟန်း၏ သိက္ခာတရားကိုမှ မထောက်တော့ပဲမျက်နှာချိုသွေးပြီးနေကြရပါသည်။`ဆရာ-ဒကာမသည်ဒကာဆရာ´သို့ရောက်ရှိသွားသည်ကိုလည်း တွေ့မြင် ကြားသိနေရပါသည်။

အမေရိကန်ပြည်ထောင်စုတွင် သာသနာပြုတော်မူနေသည့် ဆရာတော် ဘဒ္ဒန္တ၀ိမလ မှ သြ၀ါဒလေးတစ်ခုအားပေးဖူးပါသည်ထိုသြ၀ါဒသည် မိမိသာမကပဲရဟန်းသံဃာတော်များ အားလုံးအတွက် အလွန်ပင်အဖိုးတန်လှပါသည်၊ ထိုသြ၀ါဒလေးကတော့”ဦးဇင်းရေ…… ရဟန်းဆိုတာ မဟုတ်တာလုပ်ရမှာကိုရှက်တတ်ရမယ်၊ လာဘ်လာဘ နောက်မလိုက်မိအောင် ရှက်တတ်ရမယ်၊နောက်… သိက္ခာတရားရှိရမယ် ၊ ရဟန်ဆိုတဲ့ မာနလဲရှိရမည် လတ်လာဘအတွက် ရဟန်သိက္ခာ အကျမခံဘူးဆိုတဲ့မာနပေါ့၊ ပညာ၊ သီလ၊စရဏတွေ ရှိရမယ် ဒါမှရဟန်ဟာရဟန်နှင့်တူမယ်’’ ထိုသြ၀ါဒလေးသည် တိုပေမည့်လည်းအမျိုး, ဘာသာ, သာသနာအတွက် အလုပ်လုပ်ကြမည့် တနည်း သာသနာပြုကြမည့် ညီိတော် နောင်တော်တို့အတွက် မဖြစ်မနေ လိုအပ်တဲ့တရားတွေပဲဖြစ်ပါတယ်။ ထိုတရားတို့နှင့်ပြည့်စုံမှသာလျှင်အများနှင့်မိမိကိုယ်တိုင်ကြည်ညို၍သာသာနာပြုခရီးကိုအောင်မြင်စွာလျှောက်လှမ်နိုင်ပါဖြစ်ပါတယ်။ထို့ကြောင့်ညီတော်နောင်တော်သံဃာတော်များအားလုံးတို့အနေနှင့်အမျိုးဘာသာသာသနာတော်ကြီးတက်တက်ကြီးပွားစေရန်အတွက် ဆိုင်ရာဆိုင်ရာ ၀ါသနာပါရာ အရည်အချင်းများ ပြည့်မီအောင်ကြိုးစာ၍ ဆရာဒကာ လက်တွဲညီညာ စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွ သာသာနာပြုနိုင်ကြပါစေလို့ ဆုတောင်ရင် နိဂုံးချုပ်လိုက် ရပါပေတော့သတည်း။       ။

ဓမ္မဝီရ အရှင်တေဇနိယ
(သီရိလင်္ကာရောက် မြန်မာကျောင်းသာရဟန်းတော်များ စုစည်းထုတ်ဝေသည့် ‘လင်္ကာတမန် မဂ္ဂဇင်း တွင်ပါရှိသော ဆောင်းပါး)