Tuesday, July 31, 2012

ငွေနှင့် ကိုယ်ကျင့်သီလ


 ငွေနှင့် ကိုယ်ကျင့်သီလ

ငွေနဲ့ သီလကို ၀ယ်လို့မရပါဘူး။ ဥစ္စာပစ္စည်းနဲ့ သီလကို လဲလှယ်လို့ မရဘူး။

ငွေရှိပြီး၊ သီလမရှိတဲ့ လူရဲ့ နာမည်ပျက်သတင်းဆိုတာ ငွေမရှိ သီလမရှိတဲ့ နာမည်ပျက်သတင်းထက် ပိုကျော်ကြားတယ်။

အချို့က ငွေကြောင့် သီလ အပျက်ခံတယ်။ အချို့က မိန်းမကြောင့် သီလ အပျက်ခံတယ်။ အချို့က ဒေါသကြောင့် သီလအပျက်ခံတယ်။ သီလ အပျက်ခံတဲ့ပုံစံက အမျိုးမျိုးပါပဲ။

သမ္မာအာဇီဝမဟုတ်တဲ့ ငွေနဲ့နဖူးတွေ့ ဒူးတွေ့ တွေ့လာရင် သိပ်ကို သတိထားရပါမယ်။ ငွေဆိုတာကတော့ လိုချင်စရာပါပဲ။ အမြဲလည်း လိုနေတာပဲလေ။ ဒါပေမယ့် ရနည်း မမှန်တဲ့ငွေနောက်ကို လိုက်ရင် ဒုက္ခနဲ့ ပေါင်းရတယ်။ သီလဖျက်ပြီး လောဘသက္ကာယ နောက်ကို လိုက်လို့ အန္တရာယ် တွေ့ရတဲ့ လူတွေလည်း ရှိကြတယ်။

ငွေရတော့ ရတယ်။ သီလ ပျက်တော့ အကျင့်သီလ မကောင်းဘူးဆိုတဲ့ နာမည်ထွက်လာရော။ ပန်းသတင်း လေညင်းဆောင်သလို၊ လူ့သတင်းလည်း လူချင်းဆောင်တာပဲ မဟုတ်လား။ ဟုတ်ရင် ကျော်သလို၊ ပုပ်ရင်လည်း ပေါ်တာပဲလေ။

အချို့ဆို အဲသည်လို ဒုက္ခနဲ့ အန္တရာယ် တွေ့တော့မှ လောကမှာ ငွေနဲ့ ဥစ္စာသာ အရေးကြီးတာ မဟုတ်ဘူး၊ ငွေရှိရင် ပြီးစတမ်း မဟုတ်ဘူးဆိုတာ သိလာကြတော့တယ်လေ။ အကျင့်သီလသာ မျက်မှောက်ရော၊ တမလွန်ပါ ကောင်းတယ်။ သီလရဲ့တန်ဖိုးဟာ သီလပျက်မှ ပိုသိတတ်တာမျိုးပါ။

သီလဟာ သူတော်ကောင်းတို့ကိုင်စွဲတဲ့ လက်နက်။ သူတော်ကောင်းတွေရဲ့ လုပ်နည်းလုပ်ဟန်။ သီလက သိပ်မွန်မြတ်သန့်စင်လှပါတယ်။

မျက်မှောက်ဘ၀ရော၊ တမလွန်ဘ၀ပါ ကောင်းကျိုးပေးနိုင်တာတွေက ငွေမဟုတ်ဘူး။ ငွေဟာ မျက်မှောက် ဘ၀မှာ ကောင်းကျိုးပြုနိုင်တယ် ဆိုတာတောင် တမလွန်တော့ မပြုနိုင်ဘူး။ ယခုဘ၀နဲ့ နောင်ဘ၀ ကောင်းကျိုးပေးနိုင်တာက သီလ။

နောင်ဘ၀က အရေးမကြီးပါဘူး။ ငရဲက နောက်မှ ကျမှာပါ။ အခုဘ၀ သုံးရစားရဖို့ ငွေလိုတယ်ဆိုပြီး ရတဲ့နည်းများနဲ့ မိုက်တွင်းနက်သူတွေဟာ နောင်ဘ၀မဟုတ် ဒီဘ၀မှာတင် ဒုက္ခချောက်ထဲရောက်မှာ သေချာပါတယ်။

လူ့ဘ၀မှာ သိက္ခာရှိရှိ ဂုဏ်သရေပြည့်ပြည့် နေနိုင်သွားဖို့က အရေးကြီးလှပါတယ်။ ဂုဏ်ကျက်သရေဆိုတာက ငွေရှိမှမဟုတ်ပါဘူး။ ငွေမရှိလည်း အကျင့်သီလကောင်းရင် ဂုဏ်ရှိတာပါပဲ။ ကျော်စောတာပါပဲ။

“သည်လူ မရိုးဖြောင့်ဘူး။ ငွေတော့ရှိတယ်” ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ အဲသည်လိုဆို ဘယ်မှာလဲ လူ့တန်ဖိုး ရှိတော့မလဲ။

ငွေရှိတာပဲလို့ ပြောတဲ့လူတွေဟာ ငွေရှိရက်နဲ့ မပြီးတာမျိုးတွေ၊ မရတာမျိုးတွေကို ခံစားရတတ်တယ်။

တွေးခေါ်ပညာရှင် ဘေကွန်က “ငွေသည် အစေခံကောင်း တစ်ဦးသာဖြစ်၍ ဆရာကောင်းတစ်ဦး မဟုတ်ချေ” လို့ ဆိုထားပါတယ်။

တွေးခေါ်ပညာရှင် ဆောက်(သ)က “ချစ်ခင်မြတ်နိုးမူ ဟူသ၍တွင် အနည်းနှင့်အများ ဆိုသလို အကန်းသဖွယ်သာလျှင် ဖြစ်၏။ သို့ရာတွင် ငွေကြေးကို ခင်တွယ်လျှင်ကား အဆိုးဝါးဆုံးပင်” လို့ဆိုတယ်။

တစ်ဖန် တွေးခေါ်ပညာရှင် ဆွတ်(ဖ)က “အမြော်အမြင်ရှိသူတစ်ယောက်အဖို့ ငွေကြေးကိစ္စက သူ့ဦးနှောက်ထဲတွင် ထားလျှင် ထားမည်ဖြစ်သော်လည်း သူ့အသည်းနှလုံးထဲတွင် ထားမည်မဟုတ်ချေ” လို့ဆိုတယ်။

ငွေရှိရင် ဘာမဆိုဖြစ်တယ်၊ ငွေရှိရင် ပြီးတယ်ဆိုတဲ့ စကားဟာ ရာနူန်းပြည့် မမှန်လှပါဘူး။

မေတ္တာကို ငွေနဲ့ ၀ယ်လို့ ရတဲနေရာရ၊ ရသူရ၊ မရသူ မရဘူး။

သီလကတော့ လုံးဝ ငွေနဲ့ဝယ်လို့ မရတဲ့အရာပါ။

ငွေရှိပြီး သိက္ခာမရှိတဲ့လူ၊ ပညာရှိပြီး သိက္ခာမရှိတဲ့လူ၊ မျိုးနွယ်ကောင်းပြီး သိက္ခာမရှိတဲ့လူ၊ ရုပ်ရည်သန့်ပြီး သိက္ခာမရှိတဲ့ လူတွေရှိကြသလို ငွေမရှိဘဲ သိက္ခာရှိတဲ့ လူတွေလည်း ရှိကြပါတယ်။

ရုပ်ရည်ဆိုးပြီး သိက္ခာကြောင့် ခင်မင်မူ များသူတွေလည်း ရှိပြန်ပါတယ်။

ဆွေမျိုးနွယ် မကောင်းဘဲ သိက္ခာကြောင့် ကျော်ကြားသူတွေလည်း ရှိနေပြန်ပါတယ်။

လောကမှာ ပညာလည်းရှိ၊ သိက္ခာလည်းရှိတဲ့လူကတော့ လူဖြစ်ရကျိုးအနပ်ဆုံး လူပါပဲ။

ငွေကြေးစကား ပြောလာတဲ့အခါမှာ သစ္စာတရားကို ရှေ့ထားတဲ့ ပညာရှိရဲ့ သိက္ခာဟာ ကျော်ကြားပြီးရင် ကျော်ကြားတာပဲ။

အချို့က ပြောပါတယ်။ အဲသည်လို သစ္စာတရား ရှေ့ထားနေရင် နာမည်ကြီး ထမင်းငတ်ဖြစ်မယ်တဲ့လေ။ မငတ်ပါဘူး။ မှန်မှန်စားရပါတယ်။ သစ္စာတရားနဲ့ သိက္ခာဖျက်ရင် ခဏသာ မျိုးမျိုးမျက်မျက်လေး စားရပြီး နောက်ကျတော့ လုံးဝငတ်ရော။

ငွေသာပဓာနဆိုတဲ့ ရုပ်ကြမ်းဝါဒတွော ကိုယ့်အတွက် ယာယီကောင်းကျိုး ရချင်ရမယ်။ အမြဲတမ်း ကောင်းကျိုး မပေးဘူး။ ငွေကို ရှေ့တန်းတင် အမှားလုပ်မိရင် မိမိအတွက်ရော၊ အများအတွက်ပါ ကောင်းကျိုး မပေးနိုင်ဘူး။

လူရဲ့ အရည်အချင်းကတော့ ငွေထက် တန်ဖိုးရှိပြီး ငွေဟာ အရည်အချင်းရှိသူရဲ့ အစေအပါးပါ။ ငွေကို လူက လုပ်တာ မဟုတ်ပါလား။

အကျင့်သီလကောင်းလို့ ကုသိုလ်ကံအကျိုးပေးလို့ နေ့ချင်းညချင်း ကြီးပွားချမ်းသာသူတွေ ရှိသလို နဂိုက အကျင့်သီလကောင်းပါလျက် အကျင့်ပျက်လို့ အကုသိုလ်ကံ ၀င်ပြီး နေ့ချင်းညချင်း မွဲသူတွေလည်း အများကြီးရှိပါတယ်။

အကျင့်သီလပေါ်မှာ တည်နေတာက စီးပွားရေး၊ ကြီးပွားရေးတွေပါ။ မျက်လှည်ပြလိုက်သလို ပျက်စီးဆုံးရူံးသွားကြရတာတွေဟာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ အကျင့်သီလကြောင့်ပါပဲ။

စီးပွားရှာရှာ၊ ငွေကြေးရှာရာမှာ ယှဉ်ပြိုင်မူတွေရှိပါတယ်။ အဲဒီလို ယှဉ်ပြိုင်မူတွေရှိတော့ သတိဝီရိယနဲ့ ဉာဏ်ကိုသုံးရတယ်။ အကျင့်သီလကိုလည်း ထိန်းရတယ်။ ယှဉ်ပြိုင်မူမှာ ကိုယ်အမြင့်ကိုယ်ရောက်ဖို့တွက် သူတပါးကို နင်းတက်ရတာမျိုး အောက်တန်းမကျရအောင် ကြီးပွားတိုးတက် ချင်သူတွေ သတိပြုရလိမ့်မယ်။

သီလပျက်တာ၊ စာရိတ္တ ချွတ်ယွင်းတာ၊ ပျင်းတာ၊ အခြား သူအပေါ် စေတနာခေါင်းပါးတာ၊ အဖြစ်အပျက်များ အပေါ် အသင့်အတင့် နှလုံးသွင်းမူ မရှိတာတွေဟာ စီးပွားပျက်မယ့် နိမိတ်လက္ခဏာတွေ ဖြစ်ပါတယ်။

ငွေဟာ လူကို မာန် တက်စေပါတယ်။ ဘ၀ မေ့စေပါတယ်။ ခက်ထန်မာန ထောင်လွှားစေပါတယ်။ အဲဒီမှာ အကျင့်သီလကို ထိခိုက်တတ်တယ်။ အမြဲကို ဆင်ခြင်နေရပါမယ်။ ငွေများများလက်ထဲရှိရင် ပိုပြီး ဆင်ခြင်နေရပါမယ်။

အကျင့်သီလဟာ မည်မျှထိ အရေးကြီးသလဲဆိုရင် စီးပွားပြိုင်ဘက်ဆီက အကျင့်သီလကိုပါမက ကိုယ့်ရဲ့ရန်သူဆီကတောင် အတုယူသင့်ရင် ယူရတယ်။ သူ့အကျင့်က ကောင်းရင် အတုခိုးရမှာပဲ။

လောကမှာ အကျင့်သီလ ဖျက်ပြီး “ဂျင်”လို လည်နေတဲ့ လူတွေအများကြီးပါပဲ။ အဲဒီလူတွေဟာ “ဂျင်” သဘောလို ပါပဲ။ လည်တုန်း ခဏလေးပါ။ မကြာဘူး ရပ်သွားရတာပဲ။

လှည်စားပြီး ငွေရှာတာ၊ အယောင်ဆောင်တာ၊ ကိုယ့်အပြစ်ကို ဖုံးဖိထားတာ။ အဲသည်မကောင်းတဲ့ အကျင့်ဆိုးတွေဟာ နောက်ဆုံး ပေါ်တာပဲ။ မပေါ်တာ မရှိသလောက်ပါဘဲ။

မကောင်းကြံ စီးပွားရှာတာ၊ မကောင်းတာ လုပ်တာတွေဟာ တစ်နေ့မဟုတ် တစ်နေ့နေ့မှာ ဒုက္ခပေးမှာ မုချပဲ။ လောကကြီးမှာ အမှန်တရားဟဟာ ဘယ်သူ့အမှားကိုမှ ခွင့်မပြုပါဘူး။

အတွေးတွေ၊ အဆင်းတွေ၊ အသံတွေ၊ ခံစားမူအာရုံတွေ၊ နောက်ကို လိုက်လွန်းရင် လူဟာ ငွေ သိပ်လိုလာတယ်။ ပြီးတော့ လောဘဇော တိုက်လာရော။ ငွေမူး မူးလာတယ်။ ပြဿနာ တက်ချင်လာတာဟာ အဲသည် အာရုံတွေက စတာဖြစ်ပါတယ်။

အဲဒီမှာ ဆရာကြီး ဦးသော်ဇင်ရဲ့ “ဒိဋ္ဌ၊ ဓမ္မ၊ နိဗ္ဗာန၊ လောကအလှ၊ သဘာဝ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ကြည့်ကြပါ။
(၁) အဆင်းအာရုံ၊ မြင်ရတုံလည်း
မြင်ရုံမြင်ခိုက်၊ မြင်လေလိုက်၍

(၂) အသံအာရုံ၊ ကြားရတုံလည်း
ကြားရုံကြားခိုက်၊ ကြားလေလိုက်၍

(၃) အတွေ့အာရုံ၊ တွေ့ရတုံလည်း
တွေ့ရုံတွေ့ခိုက်၊ တွေ့လေလိုက်၍

(၄) အသိအာရုံ၊ သိရတုံလည်း
သိရုံသိလိုက်၊ သိလေလိုက်၍

(၅) ကြိုက်မကြိုက်ဝယ်၊ မတာတွယ်နှင့်
အဘယ်ပြဿနာ၊ ရှိမည်နည်း - တဲ့။

ငွေရေးကြေးရေးကိစ္စမှာ ကိုယ့်အတွက်သာ သိပြီး လူတကာအပေါ် အပေါ်စီးနဲ့ ပေါင်းသင်းဆက်ဆံ၊ အကျင့် မမှန်တဲ့ လူကို ပတ်ဝန်းကျင်ဟာ မပေါင်းချင်ကြဘူး။ ပေါင်းလည်း ဟန်ပြသာ ပေါင်းကြတယ်။ မေတ္တာမပါတဲ့ ဆက်ဆံမူဖြစ်တော့ စေတနာမပါသလို ရေရှည်လည်း မခံပေဘူး။

လူတွေထဲမှာ သနားစရာ အကောင်းဆုံးလူတွေဟာ ရည်မှန်းချက်နဲ့ ဒုက္ခအမျိုးမျိုခံ ကြိုးစားလာခဲ့ပြီး၊ ပန်းတိုင်ရောက်လုနီးမှ ဒဏ်မခံနိုင်ဘဲ အကျင့်သီလ ပျက်သွားသူများပဲ။ သူတို့ဟာ နီးခါမှ ပန်းတိုင်ပျေက်၊ နာမည်ပျက်ကြရပါတယ်။ အဲဒီလိုလူတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိမိရည်မှန်းချက် မရောက်သေးခင်ရော၊ ရောက်ပြီးချိန်ရော၊ အကျင့်သီလကို အပျက်မခံဘဲ ကိုင်ထားရမယ်။ အားသန်သန်၊ ဇွဲကောင်းကောင်း၊ ယုံကြည်ချက်နှင့် ကြိုးစားသူတွေ တစ်ချက်ကလေး တစ်ရက်ကလေး မမေ့ရမှာက အကျင့်သီလ။ လူ့ဘ၀အတွက် အကျိုးပေးနိုင်တာက အကျင့်သီလသာ တစ်ပါ။

အသက်တိုမူ၊ ရှည်မူ၊ အနာရောဂါများမူ၊ မများမူ၊ စီးပွားဖြစ်မူ၊ မဖြစ်မူဟာ ကံတရား၊ ကံစီမံဖန်တီးမူနဲ့ ဆိုင်သလို ကာယကံရှင်ရဲ့ အကျင့်သီလနဲ့လည်း ဆိုင်ပြန်တယ်။

ငွေရှာတဲ့ သုခရွာကို သွားရာမှာ ဒုက္ခလမ်းကြောင်းပေါ်က အနှောက်အယှက် အဖျက်အဆီးတွေ တွေ့ရတတ်စမြဲပါ။ အဲဒီမှာ ကြောက်ရွံ့ပြီး အကျင့်သီလပျက်ရင် ခရီးစဉ် ရပ်သွားရုံမက သွားရမယ့် ရွာလည်း မရောက်တော့ပါဘူး။

လူတွေက ပြောကြတယ်။ ငွေတွင်း နက်တယ်၊ နက်တယ်တဲ့။ ငွေတွင်းနက်တာ မတူးတတ်လို့ပါ။ အချို့က ပြောကြပြန်တယ်။ တူးတတ်တဲ့ လူတွေတော့ ရနေတာပဲ မဟုတ်လား။ ငွေတွင်းတူးရာမှာ အကျင့်သီလကိစ္စလည်းပါတယ်။ ဒါမပါရင် မပြီးပါဘူး။

ခက်တာက နက်တဲ့ငွေတွင်းကို လုံ့လ၊ ၀ီရိယ၊ ဇွဲနဲ့ မတူးချင်ဘဲ၊ သူများ တူးပြီးသား ငွေတွင်းတွေကို ကြားဖြတ် လုချင်နေကြတာပါပဲ။

ငွေရပုံ လေးမျိုးရှိပါတယ်။ လွယ်လွယ်ရပြီး မတရားတဲ့ငွေ၊ ခက်ခက်ခဲခဲရပြီး မတရားတဲ့ငွေ၊ လွယ်လွယ်ရပြီး တရားတဲ့ငွေ၊ ခက်ခက်ခဲခဲ ရပြီး တရားတဲ့ ငွေပါပဲ။

အဲဒီမှာ လွယ်လွယ်ရပြီးတရားတဲ့ ငွေမျိုးကြတော့ ကံထူးသူတွေသာ ရတတ်ကြပါတယ်။ ငွေဆိုတာ ဘယ်တော့မှ လွယ်လွယ် ရလေ့မရှိဘူး။ ခက်ခက်ခဲခဲနဲ့ပဲ ရကြတာပဲ။

ဆရာတက္ကသိုလ်လွမ်းဝေရဲ့ စာရတနာ စာအုပ်မှာ -
“ငွေသည် အလွန်အပေါင်းရ ခက်သည်။ မပေါင်းဘဲ နေ၍လည်း မဖြစ်၊ သူမပါလျှင် အဘယ်အရာမှ မပြီး။ သူ့ကိုပေါင်းတတ်လျှင် အလွန်အကျိုးရှိ၍ မပေါင်းတတ်လျှင် သူဌေးအခေါ်ခံရာမှ မျက်လှည့်ပြသကဲ့သို့ လူမွဲဘ၀သို့ ရောက်ရတတ်၏။ ရုံးရောက်သူ ရောက်၊ ထောင်ကျသူလည်း ကျ၊ ရာထူးပြုတ်သူလည်း ပြုတ်၊ ကိုယ်ကိုယ်ကို သတ်သေသူလည်း သေကြရ၏” လို့ ရေးသားထားပါတယ်။

“သူတော်ကောင်းများကား ဘယ်သောအခါမျှ ရုတ်တရက် ကြွယ်ဝချမ်းသာ မလာနိုင်ဘူး” တဲ့။ သည်အတွေးအခေါ်ကတော့ ကမ္ဘာ့တွေးခေါ်ရှင် ဆိုင်းရပ်(ခ်)ရဲ့ အတွေးအခေါ်ပါပဲ။

အဲဒီ အတွေးအခေါ်ကို ကြည့်ပြီး အကျင့်သီလ ကောင်းတဲ့သူတွေဟာ တဖြည်းဖြည်းသာ ချမ်းသာတယ်လို့ ယူဆရမှာပါ။

မဟုတ်တာ၊ မမှန်တာ၊ ဖြတ်လမ်း မလိုက်ရင် တဖြည်းဖြည်းမှသာ ချမ်းသာမှာပဲ မဟုတ်ပါလား။

တွေးခေါ်ရှင် လော(စ်)ကတော့ -
“ဓနဥစ္စာ ချမ်းသာမူများသည် အလုပ်၏ ဖန်တီးမူကြောင့်သာလျှင် ဖြစ်ပေသည်”လို့ ဆိုထားတယ်။

တစ်ဖန် တွေးခေါ်ရှင် အီး၊ ပီ၊ ဒေးရဲ့ အတွေးအခေါ်ဟာ အလွန်လေးနက်လှပါတယ်။ ဘယ်လိုလဲဆိုတော့ ...
“ပစ္စည်းဥစ္စာ ချမ်းသာဖို့မှာ ခက်ခဲတယ်။ သိမ်းဆည်းထားဖို့ ပိုခက်တယ်။ အဲဒါထက် စနစ်တကျ အသုံးချဖို့က ပိုပြီး အခက်အခဲဆုံးပါပဲ” တဲ့။

သဘောပေါက်တာကတော့ ရှာဖွေတာမှာရော၊ သိမ်းဆည်းတဲ့ နေရာမှာရော၊ စနစ်တကျ သုံးစွဲရာမှာရော လူရဲ့အကျင့်သီလနဲ့ ဆိုင်လာပြီ။ အကျင့်သီလပေါ်မှာ ငွေရမယ်။ အကျင့်သီလကောင်းရင် ကြာကြာခံမယ်။ မှန်မှန်ကန်ကန်လည်း သုံးစွဲရာရောက်မယ်။ နို့မို့ရင်တော့ ငွေကို လူကရှာပြီး ငွေက လူကို ပျက်သုဉ်းအောင် လုပ်ပြေးသွားမှာပဲ။

ငွေဟာ ဘ၀မဟုတ်ဘဲ အကျင့်သီလသာလျှင် ဘ၀ဖြစ်ပါတယ်။ အမှန်စင်စစ် အသက်ရှင်နေထိုင်ခြင်းဟာ အကျင့်သီလနဲ့ ပတ်သက်နေတယ်။ လူအဖြစ် ရပ်တည်နေပြီး အကျင့်သီလပျက်တဲ့အခါ ဘ၀ပါ လိုက်ပျက်တော့မှာပဲ။

အကျင့်သီလမြတ်ရင် မြတ်သလို၊ အကျင့်သီလ နိမ့်ကျရင် နိမ့်ကျသလို ဘ၀အနေအထားကို ပိုင်ဆိုင်မယ်။

ဘ၀ရဲ့အလှဟာ အကျင့်သီလ၊ အကျင့်သီလရဲ့ အလှက ဘ၀ပါပဲဆိုတာ အားလုံးကို သိစေလိုပါတယ်ရှင်။


Monday, July 30, 2012

သာကီမျိုးဟေ့ဒို့မြန်မာ


သာကီမျိုးဟေ့ဒို့မြန်မာ
ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးတို့ အသက်ပေး ကိုးကွယ်ခဲ့သော ဘာသာဖြစ်ပါတယ်။ ဤကမ္ဘာတွင် ကိုးကွယ်ရာ ဘာသာဝါဒများ ရှိကြပါတယ်။ အချို့ ဘာသာဝါဒ တို့ဟာ “ဣဿရနိမ္မာန၀ါဒ” ခေါ် “ဖန်ဆင်းရေး ၀ါဒ” များသာဖြစ်ပါတယ်။ ထိုကဲ့သို့ရှိသော ဘာသာရေး ၀ါဒတို့ဟာ ဖန်ဆင်းရှင်ကို ယုံကြည်ရပါတယ်။ အားကိုးရပါတယ်။ကယ်တင်တယ်၊ ချမ်းသာသုခ ကိုပေးတယ်၊ ကောင်းမွန်သည့်ဘုံသို့ ခေါ်ဆောင်မည်ဟု ယုံကြည်ပြီး ဆုတောင်း ၀တ်တွားရပါတယ်။

မိမိဘ၀ ချမ်းသာကြီးပွားရေး အတွက် ကယ်တင်ရှင်ကိုသာ ပုံလွဲပြီး ယုံကြည်မှု အဓိက ဘာသာဝါဒ များဖြစ်ပါတယ်။ ထိုဘာသာ ၀ါဒတို့တွင် သဒ္ဓါ ယုံကြည်မှုသာ ပဲရှိပါတယ်။ ပညာလို့ ခေါ်တဲ့ ဟုတ်မဟုတ် မှန်မမှန် ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆန်းစစ်မှု မပါရှိပါ။ ဒုက္ခမှ လွတ်မြောက်ရန်အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်မှု လို့ခေါ်တဲ့ စရဏတရား မပါရှိပါ။ သို့ဖြစ်၍ ထိုဘာသာ ၀ါဒတို့၏ အဓိက အခြေခံမှာ သဒ္ဓါတရားသာ ဖြစ်ပါသည်။

ထို့အပြင် သိပ္ပံပညာ ရပ်များကို လေ့လာ ဆန်းစစ်ရန်လည်း လိုအပ်ပါတယ်။ Philosophy ခေါ် ဒဿနိက ဗေဒဘာသာရပ်နှင့် ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာ အားလုံးသည် အသိဥာဏ် ပညာ တိုးပွးရန် လေ့လာသော ဘာသာရပ်များသာ ဖြစ်ပါတယ်။ ပညာတစ်ခုထဲကိုသာ ဗဟိုပြုထားလို့ “သဒ္ဓါနှင့်စရဏ” မပါရှိသဖြင့် သိပ္ပံပညာ ရပ်သည်လည်း ဒုက္ခမှ လွတ်မြောက်မှုကို မပေးအပ်နိုင်ပါ။

ဗုဒ္ဓ၀ါဒမှာမှု သဒ္ဓါ နှင့် ပညာ ညီမျှစွာ တွဲဖက်ထားသော ဘာသာဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ ဂုဏ်ကို ပညာဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး စေတနာ သဒ္ဓါထက်သန်စွာ ကိုးကွယ်ရသော ဘာသာဖြစ်ပါတယ်။ ပညာဖြင့် ရှုမြင် စေတနာ သဒ္ဓါဖြင့် ယုံကြည်ရုံနှင့် အဆုံးမသတ်သေးပါ။ တကယ်တမ်း သံသရာ ၀ဋ်မှ ကျွတ်လွတ်လိုလျှင် လည်းကောင်း ဘ၀သံသရာ ကျင်လည်ရာဝယ် နေရာကောင်း ဘ၀ကောင်း ဖြစ်လိုလျှင် လည်းကောင်း စရဏ ခေါ် ကျင့်ကြံကြိုးကုတ် အားထုတ်မှု ရှိရပါမယ် လေနော်။

ထို့ကြောင့် ဘာသာခြား ၀ါဒတို့မှာ သဒ္ဓါသာ အဓိကဖြစ်ပြီး ပညာနှင့် စရဏ မပါသဖြင့် လိုအပ်သော ချမ်းသာမျိုးကို မရနိုင်ပါ။ သိပ္ပံ ပညာရပ်မှာလည်း ပညာသာ အဓိက ဖြစ်ပြီး သဒ္ဓါနှင့်စရဏ မပါပြန်သဖြင့် လမ်းမှန် နည်းမှန် စနစ်မှန် ထက်သန်သော အားထုတ်မှုမျိုး မဖြစ်နိုင်ပါ။ တကယ်တမ်း ခံစားရသည့် ဘ၀ဒုက္ခများမှ လည်းလွတ်မြောက်အောင် မဆောင်ရွက်နိုင်ပါ။ဗုဒ္ဓဘာသာမှာမှု “သဒ္ဓါ၊ပညာ၊စရဏ” စုံလင်စွာ ပါရှိသဖြင့် တောင့်တသည့်အတိုင်း မဆိုင်းမတွ သုခကျိုးကို ပေးအပ်နိုင်သည့် မှန်ကန်မှု အပြည့်ရှိသော ဘာသာဝါဒ ဖြစ်ပါသည်။ ထိုကဲ့သို့ မှန်ကန်သော ဘာသာဝါဒ တစ်ရပ်ကို ကိုးကွယ်နေကြရသဖြင့် ဗုဒ္ဓဘာသာဝင် စစ်မှန်သူတိုင်း အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနေကြ သူများဖြစ်ပါသည်။
လူတိုင်းလူုတိုင်း တစ်ဦးချင်း အနေနှင့် မှန်ကန်မှုရှိသော ဘာသာဝါဒကို ရွေးချယ်ကိုးကွယ်ကြသူများ ဖြစ်နေကြသဖြင့် ဘ၀သံသရာ တလျှောက်လုံး ကောင်းစားရေးအတွက် ဗုဒ္ဓဘာသာသည် လူတိုင်းလူတိုင်းအတွက် အရေးကြီးဆုံး ဘာသာဝါဒတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓ၀ါဒကို လက်ကိုင်ထား ကျင့်ကြံကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များအဖို့ မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ် မည်သူမဆို လူတော်လူကောင်းများ ဖြစ်နေကြပြီးဖြစ်၍ လူဘ၀ကို အရတော်သူ ကံကောင်းသူများ ဖြစ်ခဲ့ကြပါပြီ။

သမိုင်းကြောင်းအရ မြန်မာပြည်ဖွား တိုင်းရင်းသားတို့မှာ သာကီဝင်မင်းသား မြတ်စွာဘုရားနှင့် ဆွေမျိုးရင်းခြာ တော်စပ်ကြသဖြင့် ကံကောင်းပြီးသားအပြင် နောက်ထပ်ကံကောင်းမှုတစ်ခု တိုးလာသည့် မြင့်မြတ်သည့် ကံထူးရှင်များ ဖြစ်လာပါသည်။
မြန်မာနှင့်ဗုဒ္ဓသည် ခွဲခြားမရ။ ဆွေတော်မျိုးတော်များ ဖြစ်ကြသဖြင့် ဗုဒ္ဓ ဘာသနာတော်ကို မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ၊ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့ အမွေ ဆက်ခံနိုင်ရေးသည် သမိုင်းပေး တာဝန်ကြီး ဖြစ်လာပါသည်။

မြန်မာနိုင်ငံကို ချစ်သောမြန်မာ လူမျိုးတိုင်း ဗုဒ္ဓဘာသာကို ချစ်ရပါမည်။ မြန်မာကို ကမ္ဘာက လေးစားနေသည်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အကယ်၍ ဘာသာခြား ၀ါဒကြီးများ လွှမ်းမိုးသွားပြီ ဆိုပါက မြန်မာကို ကမ္ဘာက စဉ်းစားစရာ မလိုတော့ပါ။ ထိုထိုဘာသာဝါဒ ထွန်းကားရာ နိုင်ငံများသို့သာ လေ့လာရေး အတွက်ခရီး ဆက်ကြပါလိမ့်မည်။

ဗုဒ္ဓဘာသာ တိုးတက်လေသမျှ မြန်မာနိုင်ငံသည် ဤကမ္ဘာတွင် ဦးစားပေး နေရာ ရနေမည်မှာ မုချဖြစ်ပါသည်။”သာသနာ ကွယ်သောနေ့သည် မြန်မာကွယ်သော နေ့”ဖြစ်နိုင်ပါသည်။ ဗုဒ္ဓသာသနာ နှင့် မြန်မာလူမျိုးသည် အစဉ်ထာဝရ ဒွန်တွဲနေသဖြင့် မြန်မာကို ချစ်သောသူတိုင်း ဗုဒ္ဓဘာသာကို လေးစားရပါမည်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ရှိတော် မူစဉ်ကတည်းက ဗုဒ္ဓကို မကိုးကွယ်သော အခြားဘာသာတို့ ရှိနေသဖြင့် အားလုံး ဗုဒ္ဓဘာသာဖြစ်ရမည်၊ ဗုဒ္ဓဘာသာသို့ မ၀င်မနေရဟု မဆိုလိုပါ။ မိမိတို့ ကြိုက်နှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်တော့ ရှိကြပါသည်။လူ့ဘ၀သည် ရခဲလှပါသည်။ ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်ဝယ် ဗုဒ္ဓဘာသာကို စူးစမ်းလေ့လာ စေလိုပါသည်။ ဗုဒ္ဓဘာသာသည် ပစ္စက္ခ တမလွန် ကြီးပွားချမ်းသာရေးနှင့် သံသရာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် နည်းပေးလမ်းပြ တိတိကျကျ ဖော်ပြနိုင်သော ဘာသာတစ်ခု ဖြစ်ပါသည်။ ကံကောင်းလှသဖြင့် မြန်မာပြည်တွင် လူဖြစ်ရပြီး ဗုဒ္ဓာသာကို အနီးကပ် လေ့လာခွင့် ရနိုင်သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံရပ်ခြား ဘာသာခြား ဖြစ်နေသူများ အဖို့လေ့လာရန် ခက်ခဲလှပါသည်။ ဗုဒ္ဓဘာသာတွင် လေ့လာရန် ပိဋကပ်များ လေ့လာစူးစမ်းရန် ဆရာများ အနီးဒေသမှာပင် ရှိနေပါသည်။ လေ့လာကြည့်ပြီးမှ ဆုံးဖြစ်ပါမှု ပို၍မှန်ကန် ပါလိမ့်မည်။ လက်တွေ့လေ့လာမှ ကိုယ်တွေ့ အသိပညာမှန် ရနိုင်ပါသည်။

အကယ်၍ ယုံကြည်ရန် မဖြစ်နိုင်ပါဟု ဆိုလျှင် သဘောကျ ကိုးကွယ်နိုင်ပါသည်။ သို့ပါသော်လည်း လူများစု ကိုးကွယ်သော မြန်မာတိုင်း ကိုးကွယ်သော ဗုဒ္ဓဘာသာကိုမှု မဆန့်ကျင်ကြဘဲ မြန်မာပြည်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပါဝင်လက်တွဲ ဆောင်ရွက်ကြရပါမည်။

ဗုဒ္ဓဘာသာ တိုးတက်လာသဖြင့် မည့်သည့်ဘာသာ ၀ါဒတို့ကိုမှ အန္တာရယ် ပေးမည်မဟုတ်ပါ။ ငြိမ်းချမ်းရေး အပြည့်ရှိသော ဘာသာဝါဒ ဖြစ်သဖြင့် မြန်မာ့မြေတွင်နေ မြန်မာ့ရေကိုသောက် မြန်မာ့ဆန်ကိုစား မိမိကိုယ်ကို မြန်မာဟု ခံယူထားသော မျိုးချစ်မြန်မာတိုင်းသည် အမျိုးသားရေး တာဝန်အသွင်ဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ် တိုးတက်နေရန် ကာယအား ဥာဏအား ဓနအား ပညာအား စွမ်းပကား အားလုံး စုပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်ကြ ရမည်မှာ မြန်မာတိုင်း၏ တာဝန်ဖြစ်ပါသည်။ စည်းကမ်းပျောက်လျှင် လူမျိုးပျောက်သွား လိမ့်မည်။ မြေမျိုသော် လူမျိုးမကုန် လူလူချင်း မျိုပါမှ လူမျိုးတုန်း လိမ့်မည်ဟု စာဆိုလည်း ရှိတယ်နော်။

မိမိတို့ မြန်မာလူမျိုးသည် ကမ္ဘာတည်ဦး လူဟူ၍ ပေါ်ပေါက်သည့် အချိန်ကပင် ပေါ်ပေါက်ခဲ့သည်။ လူမျိုးတစ်ခြား မရောနှောခဲ့။ ရောနှောမှုကိုလည်း လက်မခံခဲ့။ အခြားလူမျိုးများ၏ လွှမ်းမိုးမှုကိုလည်း လက်မခံခဲ့။ အမိမြေကို တကယ်ချစ် မြတ်နိုးလျှင် အသမ္ဘိန္နမှုကို မုချမသွေ လိုက်နာရမည်။ လူမျိုးခြားနှင့် ရောနှောခြင်းသည် မည်သို့ပင် အကြောင်းပြပြ မြန်မာမပီသရာ ရောက်သည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာသာကီဝင် ဟူသည် အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ထိပ်တန်းက နေရသော လူမျိုးဖြစ်ရမည်။


*အာဒိစ္စ၀ံသ= အရှေ့တိုင်းသားပီပီ မိမိယဉ်ကျေးမှု အမွေအနှစ် ဇာတိမာန် အမျိုးမာန်ထက်သန် ပြည့်ဝလိုက်နာကြပြီး မိမိလူမျိုးကို ချစ်မြတ်နိုးပါ။
*ခတ္တိယ= မိမိတို့ ပိုင်ဆိုင်သော ရေ၊မြေ၊ တော၊တောင် သဘ၀၊ သယံဇာတ ထာဝရ တိုးတက်အောင် ကြံဆောင်ပြီး အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ။
*အသမ္ဘိန္န= လူမျိုးခြားသွေး ကင်းပါစေ ဗုဒ္ဓဘာသာ မြန်မာလူမျိုး စစ်စစ်ဖြစ်စေရန် လူမျိုးခြား ဘာသာခြား သွေးမနှောစေဘဲ အမျိုးဘာသာ သာသနာ စိတ်ဓာတ် အပြည့်အ၀ထားပြီး အမျိုးဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေး လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များသည် သာကီဝင် မြန်မာများ၏ သမိုင်းပေးတာဝန် အမျိုးသားရေး တာဝန်များ ဖြစ်ကြပါသည်။

မြန်မာလူမျိုး ဗုဒ္ဓ၏ သာသနာတော်ကြီး တည်တံ့ထွန်းကား ပြန့်ပွားရေး အတွက်သာသနာ ပြုရသည့် တာဝန်သည် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားရေး တာဝန်ကြီး ဖြစ်ပေသည်။သွေးကပြောသော ဗုဒ္ဓသာသနာ တော်အတွက် သွေးတူသားတူ လူမျိုးတူတို့က အစဉ်ထာဝရ ကြိုးပမ်းလိုက်နာ အားထုတ်ကြမှသာ အဆွေတော်သည် တာဝန်ကျေသော နိုင်ငံသားကောင်း မျိုးချစ်ဘာမထီ အာဇာနည်ခေါ် သာကီမြန်မာ ပီသမည် ဖြစ်သဖြင့် အမျိုး ဘာသာ သာသနာ အတွက် ဦးထိပ်ရွက်ကာ သာသနာ့ရန်စွယ် အန္တရာယ် ဟူသမျှ ကာကွယ်ကြပြီး လောကသံသရာ ချမ်းသာသုခ ပေးဝေငှမည့် ဗုဒ္ဓသာသနာကြီး တိုးတက်စေရန် စိတ်ရည်သန်၍ ရန်သူဆို ဘာမထီ မြင့်မြတ်တဲ့ အာဇာနည် “သာကီမျိုးဟေ့ ဒို့မြန်မာ” ဟုဂုဏ်ယူ ၀င့်ကြွားစွာ ဟစ်ကြွေးပြီး သာသနာပြု သူရဲကောင်း ပုဂ္ဂိုလ်မွန်များ ဖြစ်နိုင်ကြ ပါစေဟု ဆန္ဒပြု ရေးသားလိုက်ပါတယ်။
 


 by crazy dream lover
 ကိုးကား ….. ဗုဒ္ဓနှင့် မြန်မာလူမျိုး စာအုပ်မှ။

Sunday, July 29, 2012

ဓမ္မစကြာ အခါတော်နေ့နှင့် ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ


နွေထက်ပူသော နွေ

နွေထက်ပူသော နွေ


"ပူသည်''


"ဒီနွေ တော်တော်ကို ပူပါသည်''
ဧပရယ်နွေသည် ပြင်းပြစူးရှသော နေရောင်ခြည်နှင့် အတူ ဖုန်မှုန့်များ၊ သဲမှုန့်များ၊ ဆူညံသံများရဲ့ အကူအညီ နဲ့ နှစ်ဆသဲကာ ပူချင်တိုင်း ပူနေပါတော့သည်။ ထိုအပူထက် အဆပေါင်း ရာထောင်မက ပူနေသော အပူသည်ကား ရင်ထဲက သောက အပူ၊ အပြင်က အပူနှင့် ရင်က အပူပေါင်းလိုက်သော အခါ လောက သည် နေချင်စဖွယ် မကောင်းတော့ချေ...။ မြင်သမျှသည် မျက်စိထဲမှာ မတင့်တယ်၊ ကြားသမျှသည် နားထဲမှာ အကုန် စူးရှပြင်းထန်လို့ နေသည်။
"ဟောဒီမှာ ပြောင်းဖူးပြုတ် ပူပူလေးရမယ်နော်''...(အော်...ပူရတဲ့ အထဲ) 
"ငုံးဥပြုတ်တွေ၊ ငုံးဥပြုတ်တွေ၊ တစ်ထုပ်ကို ငါးဆယ်၊ အိမ်ရောက်ရင် စားကြည့်၊ မကောင်းရင် ပိုက်ဆံ တစ်ပြားမှ မပေးနဲ့...''
ကြားနေကျ အသံတွေတောင် နားထဲမှာ ကန့်လန့်ဖြစ်လို့နေသည်။
ဟိုင်းဝေးကားရပ်ထားရာ ခပ်လှမ်းလှမ်းက စားသောက်ဆိုင်တွင် လူငါးယောက်ခန့် ဒီလောက်ပူလောင်ရတဲ့ အထဲ သုရာရည်များ သောက်သုံး၍ အသံကျယ်ကျယ်လောင်လောင်ဖြင့် စကားများပြောနေကြသည်၊ ဒီခရီး ဒီလမ်းကို သွားတိုင်း မြင်နေကျပေမယ့် ဒီတစ်ခါတော့ မသတီစရာအဖြစ်မြင်မိသည်၊ အော်...တစ်ကယ်တော့ ကိုယ့်ရဲ့ အတွင်းဓါတ်ခံက မကောင်းဖြစ်နေလေတော့ မြင်သမျှ အပြစ်ကြီး မြင်မိတော့သည်၊ နေရာသည် ကား အဝေးပြေးကားများ ရပ်နားရာ ကားရပ်နားကွင်းဖြစ်လေသည်။
ဒီခရီး၊ ဒီလမ်းကို ထွက်ခဲ့တာသည် တစ်ကယ် မှန်ကန်သော ခရီးတစ်ခုရော...ဟုတ်ရဲ့လား ဆိုတာ ကိုယ့် ကိုယ်ပင် မသေချာချေ၊ ငါ တစ်ကိုယ်ကောင်းဆန်ရာများ ကျနေမလား...အလှူအတွက် စီစဉ်စရာများ ရှိသည် ဟု အကြောင်းပြပြီးထွက်ခဲ့သည်၊ ဒါဟာ တစ်ကယ့်ကို လုံလောက်တဲ့ အကြောင်းပြချက် ဟုတ်ရဲ့လား ဆိုတာ မိမိကိုယ်ပင်မိမိ အာမမခံနိုင်ချေ၊ နောက်ကြောင်းမှာ ကျန်ခဲ့သည်ကား အာရှတော်ဝင် ဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ ရောဂါအခြေနေ မသက်သာသေးတဲ့ ချစ်လှစွာသော အမေ၊ သူနဲ့ အတူ ကိုယ့်လောက် ပင် လည်လည် ၀ယ်ဝယ် မရှိသော အစ်မများ၊ ပြင်းထန်လှသော ဝေဒနာခံစားနေရသည်ကို မကြည့်ရက် လို့  ခေတ္တအကြောင်းပြချက်ဖြင့်များ ထွက်ခွါခဲ့တာလား...ဒါဟာ သူတို့အတွက် တရားပါ့မလား.... ဆိုတာ ကို တွေး မိတိုင်း ကိုယ့်ကိုယ် အားမလို အားမရဖြစ်မိသည်။
ဟိုး..ယခင်က အမြဲမြင်ချင်နေခဲ့သော အမေ့ မျက်နှာ၊ အတော်ဆုံး တေးသံရှင်ရဲ့ အသံထက် သာယာခဲ့သော အမေ့ အသံ...ဒီအသံ ဒီအဆင်းတွေကို မကြားရက် မမြင်ရက်လောက်အောင် ရင်ထဲမှာ ခံနိုင်ရည် မဲ့ခဲ့ပြီလား ...အမေ့အသံကြားတိုင်း၊ အမေ့သတင်းကြားတိုင်း ၀မ်းသာအားရဖြစ်ခဲ့ရသော အဖြစ်တွေပါ၊ ခုတော့ အဝေးမှ အမေလို့ အသံကြားတာနဲ့၊ အမေဘာဖြစ်လို့လဲ၊ အမေ ဘာများဖြစ်သွားပြီလဲ စသော လဲပေါင်းများစွာက တစ်စက္ကန့်တွင်းမှာပင် အကြမ်ပေါင်းများစွာ ထမင်းလုံး တစ္ဆေခြောက်သလို ခြောက်တော့သည်၊ 
"သားလေး အမေ ထွန်တုံးပိတ်မှ တစ်ခါ ထပ်လာခဲ့မယ်နော်..."
ငယ်စဉ် စာသင်သားဘ၀က အမေ့ကို တွေ့တိုင်း...
" အမေဘယ်တော့ လာဦးမလဲ " လို့ မေးရင် အမေက ဒီလိုပဲ ဖြေတတ်သည်။
ထွန်တုံးပိတ်တာ ဘယ်တော့မှန်း မသိပေမယ့် ထွန်တုံးပိတ်ချိန်ကို မျှော်လင့်ခဲ့ရသည်၊ အုံးသီးစားချင်တော့ သူများခူးတာကို ထိုင်စောင့်မိလို့ အပြစ်ပေးခံခဲ့ရစဉ်က ဘာမှမသိပဲ အုံးသီးလေး ပိုက်ပြီး ကျောင်းကို တိုက်တိုက်ဆိုင်ရောက်လာခဲ့ဖူးတဲ့...အမေ၊ ဒီတုန်းက အမေဆိုတာ သားသမီးရဲ့ အဖြစ်အပျက်ကို စိတ်ချင်းဆက်ပြီး သိများနေရော့သလား...လို့ တွေးမိသေးသည်၊ တွေးနေရင်း အမြင်တွေေ၀၀ါးကုန်သည်၊ ယဉ်ရပ်နားရာ စခန်းမှ ကားကြီးရှေ့သို့ ဆက်လက်ထွက်ခွါသည်၊ အတွေးတွေကတော့ ကားနဲ့ ဆန့်ကျင်ဘက် မဝေးသေးတဲ့ အတိတ်ဆီသို့.....
လွန်ခဲ့တဲ့ ဆယ့်ငါးရက်ခန့်...ဘန်ကောက်မြို့ရဲ့ လမ်းမကြီးပေါ်က တက္ကစီပေါ်မှာ ရောက်နေစဉ်...ဖုန်းဝင် လာသည်၊ 
" ဘုန်းဘုန်း တပည့်တော်...ယူအေအီး ကပါဘုရား.."
"ဟုတ်ကဲ့၊ ပြောပါ ဒကာလေး.."
"ဘုန်းဘုန်း၊ မြန်မာ နိုင်ငံက မပန်းအိက ဖုန်းဆက်ပါတဲ့..."
"အော်...ဒကာလေး  ဘုန်းဘုန်းက ခုကားထဲရောက်နေတယ်၊ ပြီးတော့ မြန်မာနိုင်ငံက ဖုန်းလိုင်းလည်း မကောင်းဘူး၊ ဒကာလေး သိရင် ဘာအကြောင်းများလဲ ပြောလိုက်ပါလား..."
"ဟို...ဘုန်းဘုန်း... အမေလေဖြတ်လို့..တဲ့..."
နားထဲမှာ လူတစ်ယောက်ရဲ့ အသံလို့ မထင်လိုက်ပေ၊ နွေလယ်ခေါင် မိုးခြိမ်းသံလို ကြားလိုက်ရသည်။ ဘန်ကောက်မြို့ရဲ့ လမ်းမကြီးသည် ငြိမ့်ညောင်းမှု မရှိတော့ချေ၊ အေးစက်လွန်းတဲ့ ကားအဲကွန်းသည် ချက်ခြင်း ငရဲခန်းထဲရောက်သလို ဖြစ်သွားသည်၊ အလွန်ခေါ်ရခက်သော မြန်မာပြည်ဖုန်းကို သုံးခါတိုင် တိုင် ခေါ်ပြီးမှာတော့ အစ်မနှင့်တွေ့သည်....
"အစ်မ၊ အမေ...ဘာဖြစ်တာလဲ...''
"လေဖြတ်တာ ဦးဇင်း..."
"ခုဘယ်လိုနေလဲ..."
"ခုကတော့ အခြေနေက ဘာမှန်း မသိသေးဘူး..."
"ဟာ...ဆေးရုံသွားကြလေ...ဘာလုပ်နေကြတာလဲ...''
စိုးရိမ်စိတ်နဲ့ အသံက ဒေါသတွေပါကုန်သည်၊ အခက် အခဲတွေ၊ ပညာရေးတွေ အားလုံးပစ်ထားပြီး... အမေ့ဆီအရောက်ပြန်ခဲ့သည်၊ ဆေးရုံ အခန်းဝ ၀င်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကို ပူလောင်သွားစေသည်။ ကုတင်ပေါ်မှာ အမေ့ခန္ဓာကိုယ်သည် တစ်ခြမ်း လုံးဝ မလှုပ်နိုင်တော့ပေ၊ တစ်တွတ်တွတ်နဲ့ ပြောနေခဲ့သော နှုတ်ခမ်းများက နှစ်လွှာ၊ နှစ်ချပ် မစေ့နိုင်တော့ပေ၊ သားကိုမြင်တော့ ရွဲ့နေသော နှုတ်ခမ်း၊ မစေ့နိုင်သော နှုတ်ခမ်းများနှင့် မတိတ်နိုင်အောင် ကလေးတစ်ယောက်လို ငိုတော့သည်။ 
ဆေးရုံရောက်ရောက်ချင်း ပထမရက်များသည် ငရဲဆန်သော နေ့ရက်များပင်ဖြစ်တော့သည်၊ အမေက လည်း ရောဂါ ဆက်တိုက်ဖောက်သည်၊ ဘယ်လောက်ပဲ အိပ်ရေးပျက်ပျက်၊ ဘယ်လောက်ပဲ ပင်ပန်းန်း၊  အမေသက်သာရင် ထိုရက်များဟာ ထီပေါက်တာထက် ပျော်ရသည်၊ အမေမသက်သာရင်တော့ အမေ့ထက် ဆယ်ဆမက ကိုယ်က ခံစားနေရသလို ရင်ထဲမှာ ပင်ပန်းလွန်းလှသည်...ထိုရက်များက အမေ့မှာ မသက်သာ သည့် ရက်က များလှသည်၊ နှာခေါင်းပိုက်၊ အောက်ဆီဂျင်ပိုက်၊ ဆေးသွင်းသော ပိုက်များနှင့် ကြည့်ရက်စရာ မရှိပေ၊ ရေတစ်ပေါက်မျိုနိုင်ဘို့ မျက်ရည်ထွက်အောင် အားထုတ်နေရသည်..
အမေက တစ်နေ့ကို သုံးလေးခါရောဂါဖောက်သည်၊ အရှက်သည်းတော့ အိပ်ယာပေါ်လည်း ကျင်ကြီး၊ ကျင်ငယ် စွန့်ခိုင်းလို့ မရပေ၊ အိမ်သာရွေ့ဘို့ ကြိုးစားတော့လည်း ထိတာနဲ့ မောနေသည်...အော် ပင်ပန်းလွန်းလှချေသည်။ ဒီဆင်းရဲတွေ ကိုယ်သာ ပြောင်းပြီး ယူလိုက်ချင်သည်။ အလေးတကာ့ အလေးဆုံး ထဲမှာ ခန္ဓာ့ဝန်ဟာ အလေးဆုံးဆိုတာ အမေ့အဖြစ်အပျက်တွင်မှ ကိုယ်တွေ့ ကြုံ၇တော့သည်။ အမောဖောက်တာများတော့ တစ်နေ့ထဲ ဆရာဝန် သုံးခါပြေးခေါ်မိသည်...ထိုတွင် တာဝန်ကျ ဆရာမ က ပြောတော့သည်...
"...ဦးဇင်းတို့က သိပ်သည်းပြမနေနဲ့...ဖြစ်စရာသုံးခုပဲရှိတယ်...တစ်ခုက ဒီတိုင်း ဖြတ်ခနဲလည်း ဖြစ်သွားနိုင် တယ်၊ နောက်တစ်မျိုးက ဒီလိုပဲ ကုနေရင်း၊ ကုနေရင်းနဲ့ လုံးပါးလည်း ပါးသွားနိုင်တယ်၊ နောက်တစ်ခုက ဒီတိုင်းလေးပဲ ကြာကြာလေးလည်း အသက်ဆက်သွားနိုင်တယ်...ဦးဇင်းတို့က သိပ်သည်းမနေပါနဲ့..." တဲ့...။
အော်...ဒါ မြန်မာနိုင်ငံက ဆေးဝန်ထမ်းတစ်ယောက်ရဲ့ လူနာရှင်အပေါ်ထားတဲ့ စေတနာလား၊ လူနာကို ဒီလိုအားပေးဘို့ ဆေးကျောင်မှာများ သင်ခဲ့ရသလားဆိုတာ သံသယ၀င်မိသည်၊ ဆက်ဆံရေး ပြေပြေပြစ်ပြစ် နဲ့ ဆေးကုသမှု ကောင်းကောင်းလိုချင်လို့ ဒီလို နှစ်ရက်ကို တစ်သိန်းခွဲလောက် ရှင်းနေရတဲ့ ဆေးရုံမျိုး တက်တယ်...ဆိုတာ သူမသိလေရော့သလား....သူလို ဆရာဝန်မျိုးကြောင့် မြန်မာနိုင်ငံမှာ အခြား ဆရာဝန်တွေ စေတနာစော်ကားခံရတာလည်း ပြည်သူ၊ ပြည်သားများရဲ့ အပြစ်မဆိုသာတော့ပေ။
 ဒီလိုနဲ့ပဲ...တစ်ဖြည်းဖြည်း အမေ့ကံကြောင့်ပဲထင်သည် သိသိသာသာ မဟုတ်သော်လည်း အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေနေက လွတ်မြောက်လာတဲ့ အခါမှာတော့ ဆရာဝန်က ခွင့်မပြုချင်သေးသော်လည်း ကိုယ့်အခက်ခဲနဲ့ကိုယ် ခွင့်တောင်း၍ဆေးရုံက ဆင်းခဲ့သည်။ ရွာပြန်ရောက်တဲ့ အခါမှာတော့ ကိုယ်က လုပ်ပေးသင့်တာ လုပ်ပေးလိုက်၊ သင်တန်းတွေ သင်လိုက်နဲ့ပဲ အမေ့နား ကပ်ဖြစ်တဲ့ အချိန်တွေ သိပ်နည်းခဲ့ ပါသည်၊ အစ်မတွေပဲ အမေ့ကို စောင့်ရှောက်ရတာများပါတယ်။
တစ်ဖြေးဖြေးနဲ့ နှစ်စဉ်ပျင်းပမြဲဖြစ်တဲ့ စုပေါင်းရှင်ပြုပွဲရက် နီးလာပါပြီ၊ ဒီနှစ်အလှည့်ကျတာက၊ အမေ့မွေးရပ်၊ ကိုယ့်မွေးရပ်၊ မနှစ်က သူများရွာမှာ လှူခဲ့စဉ်က...အဲဒါ ငါ့သားလေးလှူတာ၊ နောင်နှစ်ကျရင် ငါတို့ရွာမှာ လှူမှာ...ဆိုပြီး ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အမေ၊ ခုတော့ အမျှော်လင့်ကြီး၊ အစောင့်ကြီး စောင့်ခဲ့ရတဲ့ အလှူတော်ဟာ ၀မ်းနည်းစရာများက အပြည့်စောင့်လို့ ကြိုတော့သည်၊ အမေ စကားမပြောနိုင်သေး၊ လမ်းမလျှောက် နိုင်သေးပါ၊ နောက်ဆုံးတော့ အလှူကို မလာတော့ဟု အမေဆုံးဖြတ်ပြီး...သူအလှူမှာ စွန့်ကျဲဘို့ စုထားတဲ့ ပိုက်ဆံလေးတွေကို ပြတဲ့ အချိန်မှာတော့ အားလုံး မျက်ရည်မဆည်နိုင်ကြပေ။ 
ဒီလိုနဲ့ပဲ နွေနေပူပူမှာ အမေမပါပဲ အမေ့စောင့်မျှော်ခဲ့ရတဲ့ အလှူတော်ဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အမေမပါတော့ ပြည့်စုံတဲ့ အလှူလို့တော့ မဆိုနိုင်တော့ပါဘူး...
"နောင်နှစ် လှူရင်တော့ အမေနေကောင်းပြီနော်...အဲဒိကျတော့မှ သွားမယ်သိလား..."
မပီကလာ အသံ၊ မျက်ရည်ပြည့်လျှမ်းတဲ့ မျက်ဝန်း၊ လေးပင်စွာဖြင့် အမေ ခေါင်းညိတ်ရှာသည်...
ပူလွန်းသော နွေရာသီ တစ်ခုပါ၊ အမေ့ကို အိမ်ရှေ့က ကပြင်လေးမှာ ကွက်ပြစ်လေးနဲ့ နေ့ခင်း သိပ် တယ်လေ၊ တစ်နေ့တော့...စာသင်က ပြန်အလာ၊ မောမောရှိတာနဲ့ အမေ့ နားလေး လှဲလိုက်တယ်... အစတော့ ပူလွန်းတာနဲ့ အိပ်မပျော်ဘူး...နောက်တော့ လေလေးက ဖြူးလာတာနဲ့ အိပ်ပျော်သွားတာ.. .တော်တော်ကြာသွားတယ်...စိတ်ထဲမှာတော့ သဘာဝလေလေးကို ကျေးဇူးတင်လို့ပေါ့...ဘယ်နှနာရီ ကြာသွားတယ်တော့ မသိဘူး၊ အိပ်ယာနိုးမှ သိလိုက်၇တာက ...လေတိုက်နေတာမှ မဟုတ်ပဲ.. .ဘေးမှာ မောမောပန်းပန်း အိပ်နေတဲ့ သားကို တစ်ဘက်ပဲ ကောင်းတဲ့ လက်ကလေးနဲ့ အမေ ယပ်ခပ်ပေးနေတာကိုး...အော်...အမေရယ်...
လောကမှာ အသာယာဆုံး အသံဟာ အမေဆိုတဲ့ အသံပါ...ခုတော့ အဝေးကနေ အမေဆိုတဲ့ အသံကြား လိုက်တာနဲ့...
အမေဘာဖြစ်လို့လည်း...
အမေ ဘာဖြစ်ပြီလဲ...စတဲ့ 
လဲပေါင်းများစွာ ရဲ့ ခြောက်လန့် မှုကို ခံနေရတယ်လေ။ အိပ်မက်ထဲမှာ အတွေးထဲမှာ...အခြောက်လှန့်ဆုံး အသံက အမေ...ဆိုတာ ရဲ့ နောက်မှာ ကပ်ပါလာမယ့် တစ်စုံတစ်ရာအတွက် တစ်စက္ကန့်ဟာ တစ်ကမ္ဘာခြားလောက်အောင် ထိတ်လန့်ခြင်းများစွာ.........
အမေ့သား...

Saturday, July 28, 2012

မချစ်နိုင်မှန်းသိရင် မုန်းလိုက်ပါ

မချစ်နိုင်မှန်းသိရင် မုန်းလိုက်ပါ
မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ (ဓမ္မပဒ၊ ပိယဝဂ်)

ငါချစ်ခဲ့တာမှန်သမျှ ပိုင်ဆိုင်ခြင်းတွေပဲလို့ ထင်ရပေမယ့် အပြစ်မရှိတဲ့ လူသားတစ်ယောက်အဖို့ အမုန်းတစ်ခုကြောင့် ကိုယ့်ဘ၀ရဲ့  ဘ၀၀ဋ်ကြွေးတစ်ခု ဖြစ်မလာပါစေနဲ့။ တကယ်တော့ သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ငါက ဘာကြောင့်မို့ ခံစားပေးရဦးမှာလဲ။
          လောကမှာ လူသားတွေဟာ မချစ်ဖူး၊ မမုန်းဖူးတဲ့သူ မရှိသလို ၊ အချစ်နဲ့ အမုန်း ကင်းကွာလို့မရတာလည်း ဒီလောကရဲ့  ဓမ္မတာတစ်ခုပါ။ သံသရာလမ်းခရီး မဆုံးသေးသမျှ လျှောက်လှမ်းရတဲ့ဘ၀၊ နှလုံးသားရှိတဲ့ လူသားတွေမှာ အချစ်နဲ့ အမုန်းဆိုတာ တည်ရှိနေဆဲပါ။
          ဒါပေမဲ့ အချစ်နဲ့အမုန်း ကင်းကွာလို့ မရဘူးဆိုပြီး နှလုံးသားဆန္ဒတစ်စုံကို ဦးစားပေးနေဖို့ ပြောတာမဟုတ်ပါဘူး။ ဒီလောကကြီးထဲမှာ အချစ်နဲ့အမုန်းကို ခွဲခြားပြီး ချစ်တတ်၊ မုန်းတတ်ဖို့ ပြောတာပါ။ လောကမှာ မချစ်တတ်၊ မမုန်းတတ်ရင် သံသရာဒုက္ခနွံအိုင်ထဲကနေ ဘယ်တော့မှ ရုန်းထွက်လို့ရနိုင်မှာ မဟုတ်ပါဘူး။ လောကမှာ အချစ်ရှိရင် အမုန်းရှိသလို အချစ်နဲ့ဒုက္ခ၊ ဒုက္ခနဲ့ ဘ၀သံသရာဟာ ဒွန်တွဲနေတာကြောင့် နှလုံးသားရှိသူတိုင်းအတွက် မချစ်မိ၊ မမုန်းမိကြဖို့ အရေးကြီးပါတယ်။
          ဒီနေရာမှ မချစ်နိုင်မှန်းသိရင် တကယ်မုန်းလိုက်ပါဆိုတဲ့ စကားလုံးကို အပြစ်မရှိတဲ့သူတွေကို တမင်တကာ မုန်းနေဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာ ဘယ်လိုကောင်းခဲ့ကောင်းခဲ့၊ ဘယ်လိုပဲ ဆိုးခဲ့ဆိုးခဲ့ မချစ်မိကြဖို့၊ မမုန်းမိကြဖို့ ပြောတာပါ။
          မချစ်သင့် မချစ်အပ်တာ၊ မမုန်းသင့် မမုန်းအပ်တာတွေကို အတင်းဓမ္မချစ်မုန်းလိုက်ကြရင် ဘာမဟုတ်တဲ့ စိတ်ဆင်းရဲမှု ဝေဒနာတွေကို ကိုယ့်စိတ်ထဲမှာ အလိုလိုခံစားနေရပါလိမ့်မယ်။
          ဒီလို စိတ်ဆင်းရဲစေတတ်တဲ့ ဒေါမနဿဝေဒနာ၊ ဒုက္ခဝေဒနာတွေနဲ့ သေသွားရင် အပါယ်ဘုံရောက်နိုင်ပါတယ်။ အချို့ ဆိုရင် ပစ္စည်းဥစ္စာ၊ သားသမီးတွေကို ချစ်တဲ့ စွဲလမ်းမှုကြောင့် အိမ်ထဲမှာ ပြိတ္တာဖြစ်ပြီး မကျွတ်မလွတ်ဘဲ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းက မချစ်တတ်၊ မမုန်းတတ်တဲ့ အကြောင်းကြောင့်ပဲဖြစ်ပါတယ်။
          လူငယ်တွေစကားအရပြောရမယ်ဆိုရင် ကိုယ်ကချစ်ပြီး ကိုယ့်ကိုမချစ်နိုင်တဲ့ ကောင်မလေးကို မရရင် သူ့ကိုမုန်းနေဖို့ ပြောတာလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ လူသားတွေရဲ့  နှလုံးသားမှာ ခံစားတတ်တဲ့ အရာဆိုပေမဲ့ အမုန်းတစ်ခုကြောင့်လည်း တန်ဖိုးရှိတဲ့ နှလုံးသားတွေ ပြာကျသွားနိုင်ပါတယ်။
          သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ကိုယ့်နှလုံးသားကို ဘာကြောင့် အပင်ပန်း၊ စိတ်ဆင်းရဲခံပြီး ခံစားပေးရမှာလဲ။ ကိုယ့်ဘ၀ကို ကိုယ်တည်ထောင်ရုံပဲ ရှိတော့တာမဟုတ်လား။ လူ့လောကချင်း တူတာတောင် မတူညီတဲ့ လူသားတွေ ရှိသေးတာမို့ ထိုအထဲမှ ကြိုက်နှစ်သက်မှုတွေလည်း ရှိကြတာပဲ။ ကြိုက်နှစ်သက်မှုတွေ မတူညီတော့ ခံစားချက်ရှိရှိခံစားတတ်တဲ့သူတွေ ကွဲပြားကြမှာပါပဲ မဟုတ်လား။
          အဲဒါကြောင့် မတူညီတဲ့ ဘ၀နှစ်ခုကို မပေါင်းစပ်ဘဲ တူညီတဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိရှိ လျှောက်လှမ်းကြရင် လူ့လောကဟာ ဘယ်လောက် ပျော်စရာကောင်းလာပါလိမ့်မလဲ။ ဒီနေရာ မတူညီတဲ့ ဘ၀နှစ်ခုဆိုတာကို သိတဲ့သူတွေ ရှိသလို၊ နားမလည်တဲ့ သူတွေလည်း ရှိမှာပါပဲ။
          ဥပမာ --- ဘာသာမတူ၊ အယူဝါဒမတူ၊ ရည်ရွယ်ချက် မတူညီတဲ့ ဘ၀တွေကို ပြောတာပါ။ သင်ချစ်တဲ့သူဆိုတာ ဘာလဲ၊ သင်ဘာကြောင့် သူ့ကို ချစ်ရသလဲ၊ သင်ချစ်တဲ့အချစ်က ဘာလဲ၊ သင်သူ့ကိုချစ်တယ်ဆိုတာ ဘာမျှော်လင့်ချက်နဲ့ ချစ်တာလဲ၊ သင် သူ့ကို ပိုင်ဆိုင်ချင်ရင် ဘာလုပ်ပေးရမလဲ၊ အိမ်ထောင်ရေးတစ်ခုကို အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ စသည်ဖြင့် မိမိကိုယ့်ကိုမေးပါ။
          သူက ကိုယ့်ကို မချစ်နိုင်မှန်းသိရင် သူ့အချစ်ကို မရနိုင်မှန်းသိရင် သူ့အပေါ် အပြစ်မမြင်ပါနဲ့။ တကယ်တမ်း အပြစ်မြင်နေခဲ့မယ်ဆိုရင် သူ့အပေါ် အပြစ်မမြင်တဲ့စိတ်ကို ထားပါ။ ကိုယ့်စိတ်ထဲမှာ တွယ်ကပ်ငြိတွယ်နေတဲ့ စိတ်တွေကို ပယ်ဖျောက်ပြီး ဘ၀ကို ကြည်ဖြူကောင်းမွန်စွာ တည်ဆောက်နေထိုင် သွားပါ။
          အချစ်ဟူသည် လွယ်လွယ်နှင့် ဖြစ်ပေါ်လာသော အရာမဟုတ်သော်လည်း မချစ်နိုင်မှန်းသိလျက် နောက်ဆုတ်မရခြင်းသည်ပင် ပို၍မိုက်မဲရာရောက်၏။ ကိုယ့်ဘ၀ကို တကယ်တန်ဖိုးထားလေးစားပြီး မချစ်တတ်တဲ့ စိတ်ကို မုန်းလိုက်ဖို့ပြောတာ။ ကိုယ်သိပ်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို မရရင် သူ့အပေါ်မှာ စွဲမြဲစွာချစ်နေတဲ့စိတ်၊ မုန်းနေတဲ့စိတ်၊ ပူဆွေးနေတဲ့စိတ်၊ စွဲလမ်းနေတဲ့စိတ်တွေကို စွန့်ပယ်လိုက်ပါ။
          သူ့ကြောင့်နဲ့ ကိုယ့်ဘ၀ကို အချိန်ကုန်ပင်ပန်းမခံပါနဲ့။ ချစ်တယ်ဆိုတာ အမှန်တော့ သူ့အပေါ်ချစ်လိုက်ရတဲ့ ခံစားချက်စိတ်တွေကို သင်ခန်းစာယူပြီး နောင်ဒီလိုဖြစ်မလာအောင် ဆင်ခြင်နေဖို့ပါ။ တန်ဖိုးရှိတဲ့ဘ၀ကို ချစ်လိုက်ပါ။
          ကိုယ့်ဘ၀ကိုယ် တန်ဖိုးထား မချစ်နိုင်မှန်းသိရင် ငါဟာ လူတစ်ယောက်ဖြစ်ပြီး ငါ့ဘ၀ကို ငါဘာကြောင့် တန်ဖိုးထားမချစ်နိုင်ရတာလဲ။ ငါဟာ လူတစ်ယောက်ဖြစ်ပြီး ကိုယ့်ဘ၀ကို ကိုယ်တန်ဖိုးထားမချစ်နိုင်ရင် ငါဟာ အဓိပ္ပါယ်မရှိတဲ့လူ၊ တန်ဖိုးမရှိတဲ့လူ ဖြစ်နေပြီလို့ မှတ်လိုက်ပါ။ ကိုယ့်ဘ၀ကို တန်ဖိုးထားမချစ်နိုင်တဲ့စိတ်ကို အပြစ်မြင်ပြီး အဲဒီစိတ်ကို မုန်းလိုက်ပါ။ ဒီနေရာမှာ အပြစ်မြင်တယ်ဆိုတာလည်း လူ့အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကို အပြစ်မြင်နေဖို့ မဟုတ်ပါဘူး။
          ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အပြစ်မြင်ပြီး တရားယူတတ်ဖို့၊ တရားရှုပွားများတတ်ဖို့ ပြောတာပါ။ လောကမှာ လူတစ်ယောက်က ကိုယ့်ဘ၀ကို ကိုယ်တန်ဖိုးထားပြီး ချစ်နိုင်မှ ကိုယ့်ဘ၀လည်း တန်ဖိုးရှိတာပါ။ အဲဒီလို ကိုယ့်ဘ၀ကို တန်ဖိုးမထားနိုင်ဘူးဆိုရင် အဲဒီတန်ဖိုးမထားနိုင်တဲ့ကို မုန်းလိုက်ပါ။ စွန့်လွှတ်လိုက်ပါ။
          ဥပမာ---ကိုယ်မနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို စွန့်ပစ်လိုက်သလို စွန့်ပစ်လိုက်ပါ။ လောကမှာ တွယ်တာစရာ၊ တပ်မက်စရာတွေကပဲ ဘ၀ကို ပိုပြီး ဒုက္ခဖြစ်စေတတ်ပါတယ်။ လူတစ်ယောက်ဟာ မိမိကို တန်ဖိုးထား မလေးစားနိုင်တဲ့စိတ်၊ စည်းကမ်းမဲ့နေချင်တဲ့စိတ်၊ တစ်စုံတစ်ခုကို စွဲမက်နေတဲ့စိတ်၊ မနာလို ၀န်တိုတတ်တဲ့စိတ်၊ မှန်တာကောင်းတာကို တန်ဖိုးထားပြီး မလုပ်နိုင်တဲ့စိတ်၊ အချစ်ကြီး အမုန်းကြီးတဲ့စိတ်၊ မဆင်မခြင် ဒေါသဖြစ်တတ်တဲ့စိတ်၊ ဒီစိတ်တွေ မိမိသန္တာန်မှာ ဆိုးဝါးနေရင် ဒီလူဟာ ဘ၀တစ်ခုကို တန်ဖိုးရှိရှိ နေနိုင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။
          သင်တစ်ခု စဉ်းစားပါ။ လောကမှာ အချစ်မီး၊ အမုန်းမီး လောင်ကျွမ်းခံနေရတဲ့သူဟာ ကမ္ဘာမီးလောင် ခံနေရတာထက် ဆိုးတယ်ဆိုတာပါပဲ။ ကိုယ့်ဘ၀ကို တန်ဖိုးထားမချစ်နိုင်တဲ့စိတ်ကို မုန်းလိုက်ပါ။ ဒါပေမဲ့ ကိုယ့်ဘ၀ကို မချစ်နိုင်မှန်းသိလျက် အဲဒီစိတ်ကို မစွန့်လွှတ်နိုင်တာက ပိုခက်တတ်ပါတယ်။
          သူ့အချစ်ကို မရမှန်းသိရင် ဒီအချိန်၊ ဒီကာလ၊ ဒီအရွယ်ထိ တမ်းတနေတုန်းပဲဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီဖြစ်ရပ်တွေကို တမ်းတနေမယ်၊ လွမ်းနေမယ်ဆိုရင် အကယ်၍ ဒီစိတ်တွေနဲ့ သေသွားရင် ဒီလူဟာ ဘယ်တော့မှ ကောင်းရာသုဂတိ ဘုံဘ၀ကို မရောက်နိုင်ပါဘူး။
          အချို့ ဆိုရင် သားသမီးကို ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့စိတ်၊ ကောင်မလေးတွေကို ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့ စိတ်ကြောင့် အရူးတစ်ပိုင်းတစ်စနဲ့ ဘ၀တွေ အဓိပ္ပါယ်မဲ့နေတာရှိပါတယ်။ ဖြစ်ခဲ့ရင် ဖြစ်ပြီးတာကို အတိတ်မှာထားခဲ့ပါ။ အနာဂတ်ကို ဆွဲယူမလာပါနဲ့။ ဒီအကြောင်းအရာတွေက အချစ်ကြီး အစွဲအလမ်းကြီးတာကြောင့် ရူးတဲ့ဘ၀ကိုရောက်ရတာ၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဘ၀ကို ရောက်ရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို တန်ဖိုးထားလေးစားနိုင်တဲ့စိတ်၊ စည်းနဲ့ကမ်းနဲ့ နေချင်တဲ့စိတ်၊ ကူညီစာနာတတ်တဲ့စိတ်၊ မှန်တာကောင်းတာကို ကြိုးစားလုပ်ကိုင်လိုတဲ့စိတ်၊ အချစ်အမုန်းကို အတိုင်းအတာတစ်ခုဖြင့် ထားနိုင်တဲ့စိတ်၊ ဆင်ခြင်ဥာဏ်နှင့် မေတ္တာရှိတဲ့စိတ် စသည်ဖြင့် ဒီစိတ်တွေကို ဆောင်ပြီး မိမိကိုယ်ကို တန်ဖိုးထား မလေးစားနိုင်တဲ့ စိတ်တွေကို မုန်းရပါမည်။
          ဥပမာ … သံကိုသံဖျက် သံချေးတက်ဆိုတာမျိုး ဒီစကားပုံကိုတော့ လူတိုင်းကြားနေကျ၊ ဖတ်နေကျပါ။ ဒါပေမဲ့ အသိဥာဏ်ရှိတဲ့ နားလည်တတ်တဲ့စိတ်က နည်းပါတယ်။ သံချေးတက်နေတဲ့ သံတုံး၊ သံချေးတွေကို သုတ်သင်ရှင်းလင်းမထားရင် ပိုပြီး သံချေးတတ် ပျက်စီးသွားသကဲ့သို့ အတိုင်းအတာမရှိ စွဲမက်စွဲလမ်း တွယ်တာနေတဲ့စိတ်တွေကို စွန့်လွှတ်မထားခဲ့ဘူးဆိုရင် သံချေးတက်သလို မိမိဘ၀ကို ပိုပြီး ပျက်စီးတာထက် ပျက်စီး၊ မှောင်တာထက် မှောင်သွားပါလိမ့်မယ်။ မိမိရဲ့  ဘ၀လမ်းခရီးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ အချစ်ဆိုတာ ဘာမှန်းမသိဘဲ ချစ်ကြတဲ့သူတွေ၊ အမုန်းဆိုတာ ဘာမှန်းမသိဘဲ မုန်းကြတဲ့သူတွေ၊ အဆိပ်ဆိုတာ ဘာမှန်းမသိဘဲ သောက်လိုက်တာထက် ဆိုးပါတယ်။
          သြော်… ငါတို့တွေဟာ သံသရာဆက်ဆက် ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတာ၊ အချစ်ကြောင့် ကြွေရတဲ့ မျက်ရည်လည်း မနည်းတော့ပြီ။ အမုန်းကြောင့် ငိုကြွေးရတဲ့ဘ၀တွေလည်း မနည်းတော့ပြီ။ ဒီဘ၀ ဒီမျှနဲ့တော့ အချစ် ၀ဋ်ကြွေးတွေ၊ အမုန်းဝဋ်ကြွေးတွေတော့ ကျေပါစေတော့။
  
                                                                  ချမ်းသာကိုယ်စိတ်မြဲကြပါစေ.ရွှေဖြူးလေး

Friday, July 27, 2012

တရားကိုတော့ ချစ်ပါသည်


 တရားကိုတော့ ချစ်ပါသည်
(၁)
တရားနှင့်ဓားအား နှစ်အားတွင်
တရားကိုချစ်
ဓားကိုပစ်အံ့ စစ်ကို ငါတို့မုန်းပါသည်။

ဖတ်ဖူးတဲ့ ကဗျာတစ်ပိုင်းတစ်စပေါ့။ သဘောကျလွန်းလို့ ဖတ်ပြီးကတည်းက အလွတ်ရနေခဲ့တာပါ။ ဖတ်ဖူးစဉ်ကတည်းက ခေါင်းစဉ်မရှိ ရေးသူမသိခဲ့တာမို့ မူလ ကဗျာရေးသူကို မဖော်ပြနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။

(၂)
'စိတ်မကောင်းဖြစ်မိပါတယ်' တို့၊ 'ထပ်တူထပ်မျှ ခံစားရပါတယ်' တို့၊ 'ရှုတ်ချလိုက်ပါတယ်' တို့ စသဖြင့် စကားလုံးတွေ၊ ပြောင်မြောက်တဲ့ ၀ါကျလှလှတွေကို အကြောင်းအရာ တစ်ရပ်၊ အဖြစ်အပျက်တစ်ခုနဲ့ ပတ်သက်ရင် ပြောကြရေးကြတာတွေ ခဏ ခဏ တွေ့ရပါတယ်။ အိုင်တီ ခေတ်ကြီးဆိုတော့ အင်တာနက်ကျေးဇူးနဲ့ ကွန်ရက်ပေါ်မှာ စာတွေ အလွယ်တကူ တင်နိုင်လာတယ်။ လူတွေကြားမှာ ပျံ့နှံ့မှုနှုန်းထား မြန်လာတယ်။ ပြင်းထန်တဲ့ စကားလုံးတွေ၊ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ လှပတဲ့ဝါကျတွေ ထပ်တလဲလဲ မြင်တွေ့ရတယ်။

(၃)
အဲသဟာတွေ မြင်ဖန်များတော့ ရိုးရာပုံပြင်လေးတစ်ပုဒ်ကို သတိရမိတယ်။ ရွာလေးတစ်ရွာမှာ ဘုန်းကြီးတစ်ပါး ရှိတယ်။ ရွာရဲ့သာရေး၊ နာရေးကိစ္စရှိရှိသမျှ ဒီကိုယ်တော်ပဲ သင့်တင်လျောက်ပတ်ရာ တရားချီးမြှင့်တယ်။ ဟောတယ်။ ရှင်ပြု နားသ မင်္ဂလာဆောင်၊ နာမည်ပေးကင်ပွန်း တပ်စတဲ့ မင်္ဂလာဆွမ်းကျွေးတွေမှာ တရားဟောပြီး ၀မ်းမြောက်စေတယ်။  တစ်ယောက်ယောက် သေဆုံးသွားတဲ့အခါတွေမှာလည်း အပူမီးတောက်ပြီး ကျန်နေခဲ့ကြတဲ့ ဆွေမျိုးသားချင်းတွေကို ပြေပျောက်အောင် တရားနဲ့ ဖြေဖျောက်ပေးတယ်။ အင်မတန်မှ အစွဲအလမ်းကြီးတဲ့ ရွာသူကြီးကိုတောင်မှ သူ့အမေ ဆုံးပါးသွားစဉ်က တရားချပြီး ဆောက်တည်ရာရစေခဲ့တယ်။

တစ်ရက်မှာတော့ ဘုန်းကြီးမယ်တော် ဆုံးပါလေရော။ အမေသေလို့ အငိုတွေမရပ်တဲ့ ဘုန်းကြီးကို ကြည့်ပြီး ရွာသားတွေလည်း ဘာလုပ်ရမှန်းမသိဘူး။ နောက်ဆုံးတော့ သူကြီးက ''သတိထားပါ အရှင်ဘုရား။ တပည့်တော်အမေ သေတုန်းက အရှင်ဘုရားပဲ ဟောခဲ့တာ မဟုတ်လားဘုရား လူဆိုတာ သေမျိုးချည်းပဲ။ လက္ခဏာ သုံးပါးကိုဆင်ခြင်၊ တရားနဲ့ဖြေဆိုတာလေ''ဆိုပြီး ဘုန်းကြီးကို လျှောက်တင်တယ်။
''ဟဲ့ အဲဒီတုန်းက သေတာ နင့် အမေ။ အခုသေတာ ငါ့အမေ။ ငါ ဘယ်လိုဖြေရမှာလဲ''ဆိုပြီး ဘုန်းကြီး ဆက်ငိုပါရောတဲ့။

ရိုးရာဟာသပုံပြင်လေးက ပြုံးချင်စရာ။ လူ့စိတ်သဘောသဘာဝကို တစ်ထောင့်တစ်နေရာကနေ လှစ်ကနဲ ပြထားတယ်။

(၄)
လူ့သဘောသဘာဝကလည်း ပြောရတော့ ခက်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေကိုး။ နေသာရင် နေသာသလို နေချင်တတ်ကြတာလည်း ရှိရဲ့။ မနေသာတော့လည်း လုပ်ရတာပေါ့ဗျာ။

ကြုံကြိုက်တုန်း ငယ်ငယ်က ကျောင်းသားဘ၀ရဲ့ အစိတ်အပိုင်းလေးတချို့ ပြောပါရစေ။ နယ်မြို့ကလေးမှာ အလယ်တန်းပညာသင်စဉ်ကပေါ့။ ကျောင်းမှာ ၀ါ စိမ်း နီ ပြာ အသင်းလေးသင်းရှိတယ်။ နာမည်အနေနဲ့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလပေါ့ဗျာ။ အတန်းပိုင်ဆရာမက အတန်းသားတွေကို အသင်းလေးသင်းမှာ ခွဲပြီးနေရာချတယ်။ အသင်းသားတွေက အသင်းခေါင်းဆောင် ပြန်ရွေးတယ်။
'အသင်းကျတယ်' ဆိုတဲ့ ဝေါဟာရက ကိုယ့်အသင်းက အတန်းနဲ့ဝန်းကျင်ကို သန့်ရှင်းရေး၊ သောက်ရေဖြည့်ရေး၊ ဘုရားပန်းအိုးလဲရေး၊ မနက်ခင်းခုံစီရေး၊ ညနေခင်း ကျောင်းဆင်းရင်ထိုင်တဲ့ ခုံတန်းရှည်တွေကို စာရေးတဲ့ ခုံတန်းရှည်တွေပေါ်မှာ မှောက်ပြီးစီရေး၊ ဆရာမ စားပွဲ ကုလားထိုင်သန့်ရှင်းရေး၊ ကျောက်သင်ပုန်းသန့်ရှင်းရေး စတဲ့ကိစ္စတွေလုပ်ဖို့ တာဝန်ကျတာကို ပြောတာ။ အသင်းတစ်သင်းက တစ်ပတ်စီ အလှည့်ကျ တာဝန်ယူရတယ်။


နားထောင်ရတာ ကောင်းပေမယ့် လက်တွေ့မှာ မလွယ်တဲ့ကိစ္စရပ်တွေ၊ အခြေအနေတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စဟာ ကျားနဲ့သမင်အတွက်၊ ၀ံပုလွေနဲ့ သိုးငယ်အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။

အသင်းသားတွေက တာဝန်ကျတဲ့အပတ်မှာ တစ်ရက်ပဲ စောစော လာရ လုပ်ရပေမယ့် အသင်းခေါင်းဆောင်ကတော့ တစ်ပတ်လုံး စောစောလာရတယ်။ အဲဒါက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ခွေးချေးကျုံးရတာ။ ကျောင်းက ခြံစည်းရိုးမလုံခြုံ။ စာသင်ခန်းတွေကလည်း ထရံကို ဒူး လောက်အထက်မှာ ကာထားတာ။ ကျောင်းဆင်းပြီးလို့ ကျောင်းဝင်းထဲမှာ ရှင်းသွားပြီဆိုရင် ကျေးဇူးရှင်များက ရောက်လာပြီ။

 ကျောင်းဝင်းက သူတို့ရဲ့ကစားကွင်းပေါ့။ စာသင်ခန်းတွေက သူတို့ရဲ့အိမ်သာ။ သူတို့ဘာသာ ခွဲတမ်းချထားကြတာများ။ သူ့နေရာ ကိုယ့်နေရာရှိသေး။ ဒီအ ခန်းမှာပဲ အီအီးပါတဲ့ကောင်က ဒီအခန်းပဲ တခြားမှာမသွားဘူး။ တံမြက်စည်းလှဲ၊ ရေခပ်ပြဿနာမရှိလှပေမယ့် ခွေးချေးကျတော့ ဘယ်သူမှ မကျုံးချင်ကြဘူး။
ဒီတော့ အသင်းခေါင်းဆောင်ကပဲ နေ့တိုင်း ခွေးချေးကျုံးရပါရော။

(၆)
ပြောချင်တာက ခွေးအကြောင်း မဟုတ်ဘူးဗျ။ ရေးရင်းနဲ့ 'ခွေးအရေးတော်ပုံ' စာတမ်းတစ်စောင်ဖြစ်ရချည်ရဲ့။ 'ခွေးဋီကာ' တစ်ပုဒ်ဘုတ်အုပ်ထဲ ရောက်ချည်ရဲ့ဆိုပြီး ဘရိတ်အုပ်လိုက်ရတာ။ 'ကိုတာ' ကတော့ 'တောင် ရောက်မြောက်ရောက် ဆရာဝန်' တဲ့။ ဒီမှာက 'တောင်ပြောမြောက်ပြော မောင်စံပေါ' ဖြစ်နေပြီ။ တောင်ကြည့် မြောက်ကြည့်သမ္မတက ရှိသေး။

တကယ်ပြောတာ အမေရိကန် သမ္မတဂျော့ဘုရှ်ပေါ့ဗျာ။ သဲကန္တာရစစ်ပွဲကြီး ဆင်နွှဲခဲ့သူပေါ့။ သူပိတ်ထားတဲ့ မှန်ပြောင်းကြီးနဲ့ကြည့်ပြီး စစ်ဆေးနေတဲ့ပုံနဲ့ စာအုပ်ကြီးပြောင်းပြန်ကိုင်ပြီး ကျောင်းသူလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ပုံ အင်တာနက်မှာ မြင်ဖူးတယ်။ ကွန်ပျူတာနဲ့ ပြုပြင်ရေးဆွဲထားတာ ဖြစ်ချင်ဖြစ်မှာပေါ။ သူနဲ့ပတ်သက်တဲ့ သရော်စာတစ်ပုဒ်လည်း အင်တာနက်မှာ ဖတ်ဖူးတယ်။
ဂျော့ဘုရှ်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ့။

အမေရိကန် ပြည်သူတွေအကြားမှာ ဂျော့ဘုရှ်ကို မကြိုက်ကြတဲ့သူတွေ များလာတယ်။ သူ့ရဲ့ရေပန်းစားမှုက အရမ်းကျဆင်းနေတယ်။ အဲဒီအချိန်မှာသာ သမ္မတရွေးကောက်ပွဲ လုပ်ရင် သူရှုံးကိုရှုံးမှာ။ လုံးဝသေချာတယ်။ သတင်းထောက် တစ်ယောက်ကမေးတယ်။ ''သမ္မတ ကြီးခင်ဗျား မနက်ဖြန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒီနေ့ သမ္မတကြီး ဘာလုပ်မလဲ''တဲ့။ ဂျော့ဘုရှ်ကလည်း ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ''အီရတ်ကို သွားတိုက်မယ်''တဲ့ဗျား။

အဲဒီအချိန်တုန်းက ဆက်ဒမ်ဟူစိန်ဆိုတာ နာမည်ဆိုးများစွာနဲ့ ကျော်ကြားနေသူ။ ဘုံရန်သူဆိုပြီး အမေရိကန် မီဒီယာတချို့က သုံးစွဲခဲ့သူ။ နျူကလီးယား လက်နက်တွေလုပ်ပြီး ကမ္ဘာဖျက်မယ့်ကောင်လို့ စွပ်စွဲခံရသူ။ အမေရိကန်ပြည်သူတွေရဲ့ အမုန်းစာရင်းမှာ ထိပ်ကလူ။ ဒီဘက်ကအဖြူ။ သူကအမဲ။ ဒီဘက်ကအမှန် သူကအမှား။ ဆက်ဒမ်ဟူစိန်ကို ချေမှုန်းမယ့်စစ်ဟာ အမှန်တရားဘက်က ရပ်တည်တဲ့စစ်။ တရားတဲ့စစ်ကို ဆင်နွှဲခြင်းအားဖြင့် ပြည်သူတွေရဲ့ချစ်ခြင်းကို ဂျော့ဘုရှ်ရမယ်။ သူ့ရဲ့ဂုဏ်သိက္ခာ တက်လာမယ်။ ဒါကိုပြောတာပါ။

အမှန်နဲ့အမှားမှာ တရားတာနဲ့ မတရားတာမှာ ကြားနေတယ်ဆိုတာ မရှိပါဘူး။ ကြားနေတယ်ဆိုကတည်းက မှန်တဲ့ဘက်မှာ၊ တရားတဲ့ဘက်မှာ ရပ်တည်မပြရဲတာ။
ကိုယ်ချင်းစာတရားဆိုတာ တကယ်ထားမယ်ဆိုရင် 'ငါ့ဟာမှငါ့ဟာ၊ ငါ့ထိမှငါနာ' ဖြစ်မနေရပါဘူး။ ကိုယ်ထမင်း၀၀စားနေရချိန်မှာ ထမင်းငတ်လို့ ဆာလောင်နေတဲ့ မျက်နှာလေးတွေ မြင်ကြည့်ပါ။ ကိုယ်အေးချမ်းစွာအိပ်စက်နေရချိန်မှာ စိုးရိမ်စိတ်နဲ့ အိပ်မပျော်သူတွေအကြောင်း  တွေးကြည့်ပါ။
မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ နည်းနည်းလုပ်နိုင်တာနဲ့ များများလုပ်နိုင်တာနဲ့တော့ ကွာပေမပေါ့ဗျာ။ နည်းတာများတာ ဖယ်ထား အမှန်အတွက်၊ တရားတာအတွက် လုပ်ကြရပါမယ်။

(၈)
စစ်ရဲ့ အနိဋ္ဌာရုံတွေကို လူတိုင်း သိပါတယ်။ စစ်သွေးကြွ အနည်းစုကလွဲရင် အားလုံးနီးပါးသော လူသားတွေက စစ်ကိုမုန်းကြပါတယ်။ စစ်ကို မလိုလားကြပါဘူး။ ဒါပေမယ့် တရားကိုချစ်တိုင်းလည်း ဓားကိုမပစ်နိုင်ပါဘူး။ အမှန်တရားကိုကာ ကွယ်စောင့်ရှောက်ဖို့ အရေးအတွက် ဓားကတော့ သွေးနေရမှာပါ။

လူတွေအာုးံးဟာ နောင်မှာပွင့်မယ့် ဘုရားလောင်းတွေ၊ ပါရမီလာဖြည့်နေကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒေ၀ဒတ်လောင်းတွေ၊ စိဉ္ဇမာနလောင်းတွေလည်း ရှိနိုင်တာပါပဲ။ ဒါကြောင့်လည်း မလိုလားအပ်တဲ့ဖြစ်ရပ်တွေ၊ အကျည်းတန်တဲ့ မြင်ကွင်းတွေ၊ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကို မီဒီယာပေါင်းစုံမှာ မြင်တွေ့နေရတာပါ။

ရှေးလူကြီးသူမများ ပြောခဲ့တဲ့ ပုံပြင်တွေ၊ ရေးခဲ့တဲ့စာတွေ၊ ထားခဲ့တဲ့ စကားပုံတွေဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ အတွေးအမြင်ကို အခြေခံပြီးပေါက်ပွားလာတာ။ 'ကုလားအုပ်ပုံပြင်တို့ အရိပ်နေနေ အခတ်ချိုးချိုးတို့၊ မြွေပွေးခါးပိုက်ပိုက်'တို့ အများကြီးရှိပါ တယ်။ လူပြက်တွေပြောတဲ့စကားတောင် ရှိသေးဗျာ။ ဘာတဲ့ရယ် 'သနားလို့ ပါးကလေးပေးနမ်းပါတယ် ဟိုဒင်းကိုလာရန်ရာတယ်'လို့ ဆိုတာ။

နားထောင်ရတာကောင်းပေမယ့် လက်တွေ့မှာမလွယ်တဲ့ ကိစ္စရပ်တွေ၊ အခြေအနေတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စဟာ ကျားနဲ့သမင်အတွက်၊ ၀ံပုလွေနဲ့ သိုးငယ်အတွက် လုံးဝမဖြစ်နိုင်ပါဘူး။ သဘောသဘာဝတွေဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေမှတော့ ဝေးဝေးနေ တာကောင်းပါတယ်။

(၉)
သမိုင်းသင်တာ မအ အောင်လို့ ဆိုပါတယ်။ သင်ခန်းစာတွေယူလို့ပဲ မပြီးနိုင်တော့ဘဲနဲ့ အူတူတူအတတ၊ လုပ်သမျှ ခဏခဏ ခံနေရတယ်ဆိုရင် မဟုတ်တော့ပါဘူး။ သမိုင်းရှိပေမယ့် သမိုင်းမသိဘူးဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သမိုင်းသင်ပြီးရင် အရိုင်းအယဉ် ခွဲခြားနိုင်ကြမယ်။ အမှန်အမှား ကွဲပြားနိုင်ရမယ်။

(၁၀)
အမှန်အမှား ကွဲပြားတယ်ဆိုရင် အမှန်တရားဘက်က ရပ်တည်ကြရပါမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရမယ့်အလုပ်ကို မဆိုင်းမတွ လုပ်ကြရပါမယ်။ 'မှန်'တာမ'ရွှေ့'ခဲ့လို့'ရှုံး' သွားကြရတဲ့ စစ်တုရင်ပွဲတွေ အများကြီးရှိပါတယ်။

Written by မောင်စံပေါ    

Thursday, July 26, 2012

လှလိုက်တဲ့အဖြေ သင့်လိုက်တဲ့စကား



 လှလိုက်တဲ့အဖြေ သင့်လိုက်တဲ့စကား
တကယ်တော့ ငြိမ်းချမ်းတယ်။ အေးချမယ်တယ်ဆိုတာ ပြေလည်မှု အဆင်ပြေမှု နားလည်ခွင့်လွှတ်မှုတွေပဲ မဟုတ်လား။ လောကကြီးရဲ့ နေရာတိုင်း  မှာနေထိုင်ကြတဲ့ လူတိုင်းသူတိုင်းဆိုတာ ““ငြိမ်းချမ်း အေးချမ်းခြင်း””ဆိုတာကို လို လားတောင့်တတဲ့သူတွေချည်းပဲ။ တစ်ဦး နဲ့ တစ်ဦးပြောဆိုဆက်ဆံတဲ့အခါ ““ပြေ လည်ရဲ့လား””တို့ ““အဆင်ပြေကြရဲ့လား”” တို့ ဆိုတဲ့ ““ငြိမ်းချမ်းရေး မုဒိတာ စကား တွေ””နဲ့ ဆိုကြ ပြောကြ နှုတ်ဆက်ကြတာ  မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ သိမ်မွေ့ တဲ့ ““ယဉ်ကျေးမှုဟန်”” တစ်ခုပဲ နော်။

သို့ပေမယ့် အဲသလိုမျိုး ““ငြိမ်းချမ်း ရေး မုဒိတာစကား”” ပြောကြဆိုကြ နှုတ် ဆက်ကြတဲ့အခါ ၀တ်ကျေတန်းကျေနဲ့ ပြောတာမျိုးမဟုတ်ဘဲရင်ထဲ အသည်းထဲ နှလုံးသားထဲ စိတ်ဆန္ဒအရင်းအမှန်ထဲက နှစ်နှစ်ကာကာနက်နက်ရှိုင်းရှိုင်းနဲ့ ““ရင်ဘတ်  ထဲက ခုန်ထွက်လာတဲ့ မုဒိတာစကားမျိုး”” ဖြစ်ဖို့က လွှတ်အရေးကြီးတာ။ အဲသလို တစ်ဦးနဲ့တစ်ဦး တစ်စုနဲ့ တစ်စုတစ်ပွဲနဲ့တစ်ပွဲတစ်သင်းနဲ့တစ်သင်း  တစ်ဌာနနဲ့ တစ်ဌာန နောက်ဆုံး တစ်နိုင်ငံ နဲ့တစ်နိုင်ငံချင်းပြုမူပြောဆိုဆက်ဆံတဲ့အခါ အဆင်ပြေမှုပြေလည်မှုအောင်မြင်မှုဆိုတဲ့ ““ငြိမ်းချမ်းမှု””ဆိုတဲ့ ရဖို့ နည်းလမ်းအသွယ် သွယ်ဗျူဟာအမျိုးမျိုးစနစ်အဖုံဖုံနဲ့ ဆောင်  ရွက်ချဉ်းကပ်နေကြတာပဲမဟုတ်လား။ 



ထားပါ။ ဘယ်ပုံ၊ ဘယ်နည်း၊ ဘယ်ဗျူဟာ ဘယ်စနစ်နဲ့ပဲ ချဉ်းကပ် ချဉ်းကပ်
 (၁) ““ဒါနဥပ္ပာယ်””ဆိုတဲ့ ပေးကမ်းချီးမြှောက် ခြင်းနည်းနဲ့ အောင်မြင်မှုရအောင် ချဉ်း ကပ်ခြင်း 
(၂) ““ဒဏ္ဍဥပါယ်””ဆိုတဲ့ ဒဏ် ပေးခြင်း၊ ဒဏ်ခတ်ခြင်းနည်းလမ်းနဲ့ အောင်မြင်မှုရအောင် ချဉ်းကပ်ခြင်း၊ (၃) ““ဘေဒဥပါယ်””ဆိုတဲ့ ကုန်းချော သပ်လျှို သွေးစွဲခြင်းဆိုတဲ့ နည်းလမ်းနဲ့ အောင်မြင် မှုရအောင်ချဉ်းကပ်ခြင်း၊ 
(၄)““သမာဥပါယ်””ဆိုတဲ့ ပြေပြေပြစ်ပြစ်ချော ချောမွေ့မွေ့နဲ့ ပြုမူ၊ ပြောဆို၊ ဆောင်ရွက် ခြင်းနည်းလမ်းနဲ့ အောင်မြင်မူရအောင် ချဉ်းကပ်ခြင်းဆိုတဲ့ ““ဟိတောပဒေသ””မှာ ပါတဲ့ အလုပ်တစ်ခုခုလုပ်ငန်းစဉ်တစ်ရပ် ရပ် ““အောင်မြင်ပြီးမြောက်ရေး””အတွက် ““ချဉ်းကပ်နည်းလေးသွယ်”” ဆိုတာရှိတယ်။
သို့ပေမယ့်လို့ အဲသည့် ““နည်းလမ်း လေးသွယ်””ထဲက ရှေ့သုံးသွယ်ဖြစ်တဲ့ ““ဒါနဥပါယ်””ဆိုတဲ့ ပေးကမ်းချီးမြှောက် ခြင်းနည်းလမ်းတို့ ““ဒဏ္ဍဥပါယ်””ဆိုတဲ့ ဒဏ်ပေးဒဏ်ခတ်ခြင်းနည်းလမ်းတို့ ““ဘေဒဥပါယ်””ဆိုတဲ့ ကုန်းချော၊ သပ်လျှို၊ သွေးခွဲခြင်းနည်းလမ်းတို့ဆိုတာတွေက တရားနည်းလမ်းကျချင်မှကျမယ် ရိုးသား ချင်မှရိုးသားမယ် သင့်လျော်ချင်မှ သင့် လျော်မယ်။



 နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ““သမာဥပါယ်””ဆိုတဲ့ ပြေပြေပြစ်ပြစ်၊ ချောချောမွေ့မွေ့ဖြစ်အောင်ပြုမူ၊ ပြောဆို၊ ဆောင်ရွက်ခြင်းနည်းလမ်းနဲ့ အောင်မြင် မှုရအောင် ချဉ်းကပ်ခြင်းဆိုတာကတော့ သဘောကျဖို့ကောင်းတယ် တရားနည်း လမ်းလည်းကျတယ်။ ရိုးလဲရိုးသားတယ် သင့်လျော်မှန်ကန်မှုလည်းရှိတယ်။ ဘုရား ကြိုက် တရားကြိုက် နတ်ကြိုက် လူကြိုက်  ပဲဆိုပါစို့။ ခုနကပြောခဲ့တဲ့ ““ဒါနဥပ္ပာယ်”” ဆိုပါစို။ 


““ပေးကမ်းချီးမြှောက်ခြင်း””ဆိုတော့ ကောင်းသလိုလိုတော့ ရှိတာအမှတ်ပဲ။ သို့ပေမယ့် အဲသလို ““ပေးကမ်းချီးမြှောက် ခြင်း””ဆိုတဲ့ နေရာမှာ ““ရိုးသားမှုရှိဖို့””က အဓိကပဲ။ ““ရိုးသားတဲ့ ပေးကမ်းချီးမြှောက်  ခြင်း””ဖြစ်ဖို့ လွှတ်အရေးကြီးတာ။ ယူတဲ့ သူဘက်က လွှတ်သတိထားရမယ့်ကိစ္စမျိုး  ““ရိုးမရိုးရဲ့လား””ပေါ့။ အဲသလို ရိုးသားတဲ့ ပေးကမ်းချီးမြှောက်တာမျိုးမဟုတ်ဘဲ ““အချည်အနှောင်တွေ အပေးအယူတွေ ““အပေးအယူ””ဆိုတာက ““ဒါပေမဲ့ ဒါပြန် ယူမယ်””ဆိုတာမျိုးတွေ ““ဒါပေမဲ့ ဒါမျိုး လုပ်”” ““ဒါမျိုးလုပ်ပေးရင် ဒါပေမဲ့”” ဆိုတဲ့ မရိုးသားတဲ့နည်းလမ်းနဲ့ ချဉ်းကပ်တဲ့ ““ဒါန ဥပ္ပာယ်””မျိုးဆိုရင်တော့ ““ဆုပ်လည်းစူး စားလည်းရူး””ဆိုတာမျိုးလို ခက်ကရော။

နောက် ““ဒဏ္ဍဥပါယ်””ဆိုတဲ့ ဒဏ် ပေးခြင်း၊ ဒဏ်ခတ်ခြင်းနည်းလမ်းနဲ့ အောင်မြင်မှုရအောင် ချဉ်းကပ်ခြင်းဆိုပါ တော့။ ခုခေတ် နိုင်ငံရေးနယ်ပယ်က ဗျူဟာလို့ဆိုရမယ့် ပိတ်ဆို့တာကို တား မြစ်တာတို့ ထိန်းချုပ်တာတို့ဆိုတာ တကယ်တော့ ““ဒဏ္ဍဥပါယ်””ပါပဲ။ အဲသလို တစ်ဖက်ကို ဖိအားပေးလုပ်တာမျိုးနည်း လမ်းကရော အမှန်တကယ် ရာနှုန်းပြည့် အောင်မြင်မှုရလို့လား။ ပြေလည်မှုတွေ နားလည်မှုတွေ အမှန်တကယ်ရော ရခဲ့ လို့လား။ ““ငြိမ်းချမ်းရေ အေးငြိမ်းရေး””ဆို တာရော။


နောက် ““ဘေဒဥပါယ်””ဆိုတဲ့ ကုန်း ချော၊ သပ်လျှို၊ သွေးခွဲခြင်းနည်းလမ်းနဲ့ ချဉ်းကပ်တယ်ဆိုတာ ဘယ်ကလာ ကောင်းနိုင်ပါ့မလဲ။ တစ်ဖက်ပျက်မှ ကိုယ့်  ဘက်ကောင်းစားရမယ့်ကိစ္စမျိုးမဟုတ်လား။ ““ဘယ်သူသေ ငတေမာပြီးရော”” ဆိုတာ မျိုးလိုပေါ့။ ဘယ်ကလာ ကောင်းနိုင်ပါ့ မလဲ။
သို့ပေမဲ့ နောက်ဆုံး ““သမာဥပါယ်”” ဆိုတဲ့ ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ ဖြစ်အောင် ပြုမူ၊ ပြောဆို၊ ဆောင်ရွက် ခြင်းဆိုတဲ့ နည်းလမ်းဆိုတာကတော့ တစ်ဦးနဲ့ တစ်ဦး တစ်ဖက်နဲ့ တစ်ဖက် ““မေတ္တာ၊ သစ္စာ၊ ကရုဏ၊ ဥပက္ခာ””ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ထိုမွှမ်းထားတာမျိုးဆို တော့ အဆင်ပြေမှု နားလည်မှု ငြိမ်းချမ်း မှုတွေဆိုတာ မရဘဲရှိပါမလား လွှတ်ကောင်း လွှတ်အဆင်ပြေတဲ့ နည်းလမ်းမျိုးစောစော  ကပြောခဲ့သလို လူသာဓုခေါ် နတ်သာဓု ခေါ် ဆိုပါတော့။ ထားပါ။ ခုနက အစ ပိုင်းမှာပြောခဲ့တဲ့ အစစအရာရာအဆင် ဖို့ ငြိမ်းချမ်းဖို့ဆိုတာတွေအတွက် ““နားလည်  ခွင့်လွှတ်မှု””ဆိုတာကလည်း အရေးပါတာ ကိုး။


““နားလည်မှု””ဆိုတာကို ““သဘော ပေါက်သည် သိသည်””လို့ မြန်မာအဘိဓာန်  မှာ ““ကြိယာပုဒ်””အနေနဲ့ ပြထားသလို။ ““အခြေအနေကို သဘောပေါက်မှု”” ““စိတ် သဘောထားချင်းတိုက်ဆိုင်ညီညွတ်မှု”” ““နာမ်ပုဒ်””အနေနဲ့လည်း ဖွင့်ဆိုထားတယ်။
သဘောပေါက်တာ မပေါက်တာ နားလည်မှုရှိတာ နားလည်မှုမရှိတာ စိတ် သဘောထားချင်း တိုက်ဆိုင်ညီညွတ်မှုရှိ တာ မရှိတာ ဆိုတာကဆက်ဆံရေးနယ် ပါယ်””မှာ လွှတ်အရေးကြီးတာ အဲသဟာ ကအခြေခံပဲလေ။ တစ်ဦးနဲ့တစ်ဦး တစ် ဖက်နဲ့တစ်ဖက် တစ်နိုင်ငံနဲ့တစ်နိုင်ငံဆက်ဆံ တဲ့ကြားမှာ နားလည်မှုမရှိတာ နားလည် မှုလွဲတာတွေဖြစ်ခဲ့ရင် ““သံသယ”” ဆိုတဲ့ ““ယုံကြည်မှုကင်းမဲ့ခြင်း”” ၀င်လာခဲ့ရင် ဘယ်ကလာ “အဆင်ပြေမှု”တို့ “နားလည် မှု”တို့ကိုတာမရှိတော့ ““ငြိမ်းချမ်းရေ””ဆိုတာ ဝေးရော။


““ငြိမ်းချမ်းမှု”” ဆိုတာ မရှိမှတော့ ပျက်ကရော မဟုတ်လား။ ဆိုကြပါစို ရိုး ရိုးသားသားပြောရရင် ““နားလည်ခွင့်လွှတ် မှု””ဆိုတာ ဘယ်နေရာမှာ ဘယ်အသိုင်း အ၀ိုင်းမှာ ဘယ်အဆင့်မှာ ဘယ်ကြားမှာ ဖြစ်ဖြစ်ရှိသင့်၊ ရှိထိုက်၊ ရှိအပ်တဲ့ အရာပဲ မဟုတ်လား။
ကိုးရီးယား စကားပုံတစ်ခုလိုပေါ့။ ““ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုရင် အမှန်တကယ်ပျော်ပျော်ရွှင်ရွှင်နဲ့ နေရ တာ ““သုံးလ”” ရန်ဖြစ်နေတာ ““သုံးနှစ်”” သည်းခံပြီး နေရတာက ““နှစ်သုံးဆယ်””တဲ့  အဲသလို ““သည်းခံပြီးနေရတယ် နေတယ်”” ဆိုတာ။
““နားလည်းခွင့်လွှတ်ခြင်း””ပဲ မဟုတ် လား။ ဆိုကြပါစို့ ““ငြိမ်းချမ်းရေးခံ”” တစ်ခု ပဲလေ။
 

အခါတစ်ပါးက ဗုဒ္ဓမြတ်စွာဘုရားက  ““ပလဲတော””ဆိုတဲ့ အရပ်ကို တစ်ပါးတည်း ကြွချီတော်မူတဲ့အခါ ““၀ါးတောကြီး”” တစ်ခု  ထဲမှာ သီးတင်းသုံးနေတဲ့ ““အရှင်အနုရှဒ္ဓါ””  ““အရှင်နန္ဒိယ””နဲ့ ““အရှင်ကိမိလ””ဆိုတဲ့ မထေရ်မြတ်သုံးပါးဟာ တစ်ပါးနဲ့တစ်ပါး  ညီညီညွတ်ညွတ်ချစ်ချစ်ကြည်ကြည်နား လည်မှုအပြည့်နဲ့ ရှိနေတာကို တွေ့တော့ ဗုဒ္ဓမြတ်စွာက ““ဘယ်လို အပြုမူမျိုး ဘယ်လိုစိတ်ထားမျိုးနဲ့ နေကြလို့ စည်းစည်း  လုံးလုံးညီညီညွတ်ညွတ်ရှိကြတာလဲ””လို့ မေးတယ်မူတယ်။ မထေရ်မြတ်သုံးပါးက ““တပည့်တော်တို့ တစ်ပါးကိုတစ်ပါး ကြည့်  တဲ့အခါ ချစ်သောမျက်လုံးနဲ့ ကြည့်ကြပါ တယ်။ 


အမုန်းမျက်လုံး ဒေါသမျက်လုံး မကျေနပ်မနှစ်မြို့တဲ့မျက်လုံးနဲ့ မကြည့် ကြပါဘုရား”” ““တပည့်တော်တို့ သုံးပါးဟာ အလုပ်ကိစ္စဆောင်ရွက်ရင်လည်း သူ့ကိစ္စ ကိုယ့်ကိစ္စ သူ့တာဝန်ကိုယ်တာဝန်ရယ်လို့ ပိုင်းခြားခွဲခြားအငြင်းပွားတာမျိုးမရှိပါဘုရား။ သုံးပါးစလုံး ညီညွတ်စွာသာပြုမူဆောင် ရွက်ကြပါတယ်ဘုရား”” ““တပည့်တော်တို့ ကိုယ်၊ နှုတ်၊ စိတ်သုံပါးစလုံးမှာ မျက်မှောက် မျက်ကွယ်အတွက် မေတ္တာတွေ ထုံမွမ်း ထားပြီး တပည့်တော်တို့ သီတင်းသုံးဖော်  သုံးပါးစလုံးဟာ အတူတကွနေထိုင်ရတာ အရတော်ပေစွလို့စိတ်ထဲမှာ အမြဲသာနေ ပါတယ်ဘုရား”” ““တပည့်တော်တို့ သုံးပါး စလုံးဟာ တစ်ပါးချင်းရဲ့ အလိုဆန္ဒကို ရှေ့တန်းမတင်ဘဲ ကိုယ်မှတစ်ပါး၊ ကျန် နှစ်ပါးရဲ့ အလိုဆန္ဒကိုသာလိုက်လျောကြ ပါတယ်ဘုရား။ 
ကိုယ်သာကွဲပြားတာ စိတ်ကတော့တစ်စိတ်တည်းပါဘုရား””လို့ ပြန်လည်လျှောက်ထားကြတယ်။
လှလိုက်တဲ့အဖြေ သင့်လိုက်တဲ့စကား ရှိလိုက်တဲ့ကျက်သရေတကယ်တော့ ““ညီညွတ်ရေးခံ”” ““ငြိမ်းချမ်းရေးခံ”” ““ဒီမိုက ရေစီခံ””ပဲလေ။



နေဧလူ

Wednesday, July 25, 2012

လမ်းဆုံးမရှိတဲ့ ဒီခရီး


လမ်းဆုံးမရှိတဲ့ ဒီခရီး
ဆူပူမှုများရဲ့ အရင်းခံ

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေ ဆူပူမှုတွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ တိုးပွားနေခြင်းပါ။ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ များလာလေလေ ငြိမ်းချမ်းရေးစကားကို ပြောလာသူတွေလည်း ပိုမိုများပြားလာ ခြင်းပါ။ ကမ္ဘာ့အရပ်ရပ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်သလို၊ ပြည်နယ် ဒေသတွေမှာဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာလည်း တိုင်းပြည်ရဲ့စီးပွားရေး၊ ငြိမ်းချမ်းရေးများကို ထိခိုက်ပျက်စီးနိုင်ခြင်းပါ။ 

တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးဟာ မည်မျှအရေးပါကြောင်း ပြည်သူ၊ ပြည်သားများ သဘောပေါက်ထားကြမယ်ဆိုရင် … တိုင်းပြည်တွင်းမှာ နေသူအချင်းချင်း (တရားဝင် နေထိုင်ခွင့်ရှိသူ အချင်းချင်း) သူနဲ့ငါအကြား ခွဲခြားဆက်ဆံလိုတဲ့စိတ်ထားတွေ၊ လူမှုရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေးများအပေါ်မှာ ခွဲခြားဆက်ဆံခံနေရ၍ မကြေနပ်မှုမှ ဆင့်ကဲဖြစ်ပေါ်လာတဲ့ အမုန်း တရားတွေ၊ ဒီမိုကရေစီစနစ်ဖြင့် လူ့အခွင့်အရေးကိစ္စများကို ညှိနှိုင်းဖြေရှင်းပေးရာမှာ ပညာရေးအခြေခံများ မတူညီကြ၍ညှိနှိုင်းယူလို့မရနိုင်တဲ့ အတ္တမာနတရားတွေ၊ ဒါတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်တဲ့ အကြောင်းတရားတွေဖြစ်လို့ ရှောင်ရှားကြရမှာပါ။

            ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့တိုင်းပြည်မှာ ငြိမ်းချမ်းရေးဟာ (ဒီမိုကရေစီ)စနစ်ရဲ့အသက်ဖြစ်လို့၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေသူများဟာ လက်နက်ဖျက်သိမ်း၍ ပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်ဆိုတဲ့ စိတ်သဘောထားအမှန်ကို သက်သေထူ ပြနိုင်ဖို့ပါ။ လူ့အခွင့်ရေးများကို တောင်းဆိုနေသူများ သတိပြုရန်အချက်တစ်ချက်မှာ ဒီမိုကရေစီစနစ်ဆိုတာ လမ်းဆုံးမရှိတဲ့ခရီးလိုပါ။ ဘာကြောင့်လဲဆိုရင် ပြည်သူ၊ ပြည်သားတွေရဲ့ လိုအပ်ချက်တွေ ရှိနေသေး သမျှကာလပတ်လုံး ဒီမိုကရေစီစနစ်ရဲ့ လမ်းဆုံးကို ရောက်နိုင်မှာ မဟုတ်လို့ပါ။

            အသွင်မတူတဲ့ အကျင့်စရိုက်ရှိသူတွေ၊ အမြင်မတူတဲ့ နိုင်ငံရေးမူဝါဒရှိသူတွေ၊ ကွဲလွဲနေတဲ့ အတွေး အမြင်ရှိသူတွေ၊ လွန်ကဲထူထဲနေတဲ့ အတ္တမာနရှိသူတွေ၊ ဒီလူတွေရှိနေသမျှကာလပတ်လုံး ဒီမိုကရေစီခရီးရဲ့ လမ်းဆုံးကို မရောက်နိုင်ပါ။ လူအခွင့်ရေးများကို လေးစားလိုက်နာခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပြည်သူတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စုပေါင်းကာကွယ်ခြင်းစသည်တို့ကို ပြုလုပ်ပေးခြင်းဟာ ဒီမိုကရေစီစံနစ်ရဲ့ ပန်းတိုင်ကို ရောက်နိုင်အောင် စုပေါင်းဆောင်ရွက်နေခြင်းပါ။ ဒါကို ပြည်သူတွေ သိထားနိုင်ဖို့ပါ။

ပညာမျက်စိနှင့် စ

            “အို ယောက်ျား၊ ဤသို့သိလော့၊ မစောင့်စည်းသော အကုသိုလ်တရားတို့သည် ယုတ်မာသော သဘောရှိကုန်၏။ လောဘ ဒေါသ (အတ္တ မာန) တရားသဘောတို့သည် သင့်ကို ကြာမြင့်စွာ ဆင်းရဲစေခြင်းငှာ မနှောင့်ဖွဲ့စေကုန်လင့်။ ”(ဓမ္မပဒ ၂၄၈) မြတ်ဗုဒ္ဓရဲ့ အဆုံးအမလေးတစ်ခုပါ။
အသိဥာဏ်နည်းပါးတဲ့သူ၊ သို့မဟုတ် အသိဥာဏ်ကို ရှာမှီးခွင့်မရနိုင်ကြသူများရဲ့ဘ၀ဟာ သိခြင်းနှင့် မသိခြင်းကို ခွဲခြားသိနိုင်ဖို့ခက်ခဲနေခြင်းပါ။ ပညာနှင့် အ၀ိဇ္ဖာတို့အကြား ၀ိရောဓိဖြစ်နေတဲ့ တရားသဘောကို ဆန်းစစ်နိုင်ဖို့ ခက်ခဲနေခြင်းပါ။ ပညာဆိုတာ လောကီပညာ(လောကီစာပေ) ပဲဖြစ်ဖြစ်၊ လောကုတ္တရာပညာ (ဓမ္မစာပေ)ပဲဖြစ်ဖြစ် ကာလဒေသအလိုက် သုံးတတ်မှ တန်ဖိုးသင့်ဖြစ်နိုင်တာ။ ဓမ္မစာပေကို လူမှုရေးရာကိစ္စများ၌အသုံးပြု၍ ရနိုင်သလို၊ လောကီစာပေများကိုလဲ လူမှုရေးရာအဖြာဖြာတို့၌ အသုံးပြု၍ ရနိုင်ခြင်းပါ။

            လောကီပညာရေးဆိုရာမှာ (ဒီနေရာမှာ) ချောက်ချီးချောက်ချက် မူလတန်းအဆင့် ပညာရေးမျိုးကို မဆိုလိုပါ။ အမှန်ကို ထုတ်ဖေါ်ပြောဆိုရမည်ဆိုလျှင် မူလတန်းပညာရေးအဆင့်မှာ ကျောင်းသား၊ ကျောင်းသူများဟာ သေစာ ရှင်စာ ဖတ်တတ်ရုံမှလွဲပြီး တွေးခေါ်မျှော်မြင်နိုင်တဲ့ ပညာမျိုးကို မရနိုင်ကြသေးပါ။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကအစ အထက်တန်းပညာရပ်များကို ပြည်သူ၊ ပြည်သားများ အခမဲ့ သင်ကြားခွင့် မရနိုင်သေးသမျှကာလပတ်လုံး ထက်မြက်တဲ့အတွေးခေါ်များ ပြည်သူ၊ ပြည်သားများ ရနိုင်ကြဦးမည်မဟုတ်ပါ။ စီးပွားရေးရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးရာမှာပဲဖြစ်ဖြစ်၊ ပညာရေးရာမှာပဲဖြစ်ဖြစ် မစဉ်းစား၊ မတွေးခေါ်နိုင်သေးတဲ့ လူမျိုးဟာ ဘယ်သောခါမှ အဆင့်မှီမှီနေနိုင်တဲ့ အထက်တန်းဘ၀များသို့ ရောက်နိုင်ဦးမည်မဟုတ်ပါ။ တိုင်းပြည်ကို မြတ်နိုးသူများ စဉ်းစားနိုင်ဖို့ပါ။

ခေတ်ကို လက်လှမ်းမမီ

            လွန်ခဲ့တဲသုံးလေးရက်ခန့်က မင်္ဂလာဒုံ၊ ခရေပင်လမ်းခွဲအလွန် အမှတ်(၁)လမ်းမကြီးပေါ်မှာ မြက်ဖြတ်ဓားကိုယ်စီနဲ့ လမ်းကြီးတစ်လျှောက် မြက်ဖြတ်နေကြတဲ့ အလုပ်သမားတစ်စုကို အမှတ်မထင် တွေ့ခဲ့ရတယ်။ မြင်စမှာတော့ ၀မ်းနည်းမိသလိုလို၊ ဘယ်သူဘယ်ဝါကို အပြစ်တင်ရမလိုလို ဖြစ်မိပါရဲ့။ သူများနိုင်ငံများမှာဆို အဝေးပြေးလမ်းမပေါ်မှာ မြက်ဖြတ်ရင် ခေတ်ပေါ်မြက်ဖြတ်စက်တွေနဲ့ မြက်တွေကို ရိတ်ဖြတ်ကြတာ။ တို့နိုင်ငံနဲ့များကွာပဆိုတဲ့ အတွေးတစ်ခု။  သက်ဆိုင်သူများကို မြက်ဖြတ်စက်လေးလောက်မှ ၀ယ်မပေးနိုင်ကောင်းလားလို့ အပြစ်တင်လိုတဲ့ အတွေးတစ်ခု။ မြန်မာနိုင်ငံတော်ကြီး ဘယ်တော့များမှ ကမ္ဘာ့အဆင့်မီ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာနိုင်မှာပါလိမ့်လို့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းစိတ်။ တခဏချင်းမှာပဲ တွေးစိတ်တွေစုံသွားတယ်။

တစ်ချိန်တည်းမှာပင် ကိုယ်တွေ့ အတွေ့အကြုံလေးတစ်ခုကို သတိရမိပြန်တယ်။ တခါက အလုပ်သမားတွေကို မြက်ရိတ်စက်နဲ့ သက်ဆိုင်ရာမှ ပေးသုံးထားတာကို တွေ့ဖူးထားလို့ပါ။ ဒါပေမဲ့ အလုပ်သမားများရဲ့ ပညာရေးဟာ အလွန်နိမ့်ကျနေလေတော့ မြက်ဖြတ်စက်တွေကို ၀ယ်ပေးထားလဲ ဘယ်ပုံ၊ ဘယ်နည်းဖြင့် သုံးစွဲရမယ်ဆိုတဲ့ အညွှန်းကိုလည်း မဖတ်တတ်၊ စက်တွေကို အသုံးပြုရာမှာ စက်ရဲ့ခံနိုင်ရည် အချိန်အခါကိုလည်း နားမလည်ဆိုတော့ မျက်ရိတ်စက်တွေ တာရှည်ခံအောင် မသုံးတတ်ကြတာ မဆန်းပါ။  နောက်ဆုံးတော့ မြက်ရိတ်ဓားနဲ့ပဲ ဒီသောင်ဒီကမ်းကို ပြန်ဆိုက်ရတဲ့အဖြစ်မျိုးကို  စဉ်းစားမိလို့ပါ။

စက်ပစ္စည်းများကို ၀ယ်ယူသုံးစွဲရာမှာ အာမခံချက်မရှိတဲ့ နိုင်ငံမျိုးဆိုတော့ စက်ပစ္စည်းရဲ့တန်ဖိုးက အလုပ်သမားများအတွက် တန်ဖိုးကြီးလွန်းနေသေးတယ်လို့ပဲ ဆိုရမှာပါ။ ဒီလိုစဉ်းစားမိပြန်တော့လဲ တွေးစိတ်မှာ အပြစ်တင်လိုတဲ့စိတ်တွေ ပျောက်ကွယ်သွားခဲ့တယ်။

ကံမပုံနဲ့ ဥာဏ်ကို ယုံကြ      

            ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့ဆိုတာ ဗုဒ္ဓဘာသာဝင်များအမြင်မှာတော့ အတိတ်ကံကြောင့်ပဲလို့ ပြောကြမှာပါ။ မမှန်ဘူးလားလို့မေးရင် မှန်သင့်သလောက်တော့မှန်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အခြား အကြောင်းတွေလည်း ဖြစ်နိုင်သေးတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်လို့ ထောက်ပြလိုခြင်းပါ။ အဲဒီအကြောင်း ကတော့ မြန်မာပြည်မှာ ပညာတတ်လူတန်းစားများ နည်းနေလို့ ဆင်းရဲသားလူတန်းစားများ များနေရ တယ်ဆိုတဲ့အချက်ပါ။ ဆင်းရဲချမ်းသာ ကွာခြားရခြင်း၏နောက်ကွယ်မှာ လျှို့ဝှက်ချက်ဆိုတာ ရှိကောင်းရှိ နေနိုင်ခြင်းပါ။ လူတိုင်းချမ်းသာချင်ပေမဲ့ မချမ်းသာနိုင်တဲ့လျှို့ဝှက်ချက်။ လူတိုင်းပညာတတ်ချင်ပေမဲ့ ပညာတတ် တွေဖြစ်မလာနိုင်တဲ့လျှို့ဝှက်ချက်။

ဒီလျှို့ဝှက်ချက်များနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တို့ကတော့ ကံတရား ကြောင့်ပဲလို့ လွယ်လွယ်ပဲဖြေကြမှာပါ။ ကံတရားကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ အကြမ်းဖျင်း လက်ခံ နိုင်ဖို့ပါ။ ဒါပေမဲ့ ချမ်းသာအောင်၊ ပညာတတ်အောင် ပြုလုပ်ပေးလို့ မရနိုင်ဘူးလားလို့ ဆက်လက်မေးလာခဲ့ရင် ဘယ်လိုဖြေကြမလဲ။ လူအခွင့်အရေးများကို တန်းတူရည်တူရအောင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲ၊ ချမ်းသာကွာခြားမှုဟာ နည်းမသွားနိုင်ဘူးလားဆိုတဲ့အမေး။ ဒီမိုကရေစီစနစ်ကို စနစ်တကျကျင့်သုံးတဲ့ တိုင်းပြည် အများစုဟာ တိုင်းသူပြည်သားများရဲ့ လူနေမှုအဆင့်တန်းများ မြင့်မားစေချင်တဲ့အခါ ပညာရေးအဆင့် အတန်းများကို ဦးစွာမြှင်တင်ပေးခြင်းပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုင်းပြု၊ ပြည်ပြု ခေါင်းဆောင်များ သတိတရားများ ရနိုင်ကြဖို့ပါ။

ပန်းတိုင်ဆီသို့ …

            တစ်ခါက နိုင်ငံရေးနဲ့စပ်ပြီး စာအုပ်ပေါင်း (၇)အုပ်ကို ရေးသားခဲ့တဲ့ ကာလီဖိုးနီးယားပြည်နယ်၊  ဆန်ဟိုဆေးမြို့၊ စတိတ်ယူနီဗာစီတီက ပရော်ဖက်ဆာတစ်ယောက်ကို မေးဖူးတယ်။ “ခင်ဗျားအမြင်ကို သိပါရစေ။ အမေရိကန်နိုင်ငံကြီးဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ ကမ္ဘာက စံထားရလောက်ရတဲ့အထိ ဖြစ်နေပြီဆိုတော့ ဒီမိုကရေစီစနစ်ကြီး အမေရိကန်နိုင်ငံမှာ အောင်မြင်ပြီလို့ ခင်ဗျားထင်လား” လို့ မေးကြည့်တဲ့အခါ သူက – “ဒီမိုကရေစီစနစ်ဆိုတာ ဘယ်တော့မှ ပန်းတိုင်မရောက်နိုင်တဲ့စနစ်တဲ့။” သူအကြောင်းပြတာကတော့ “ပြည်သူတွေရဲ့လိုအပ်ချက်တွေဟာ အမြဲတမ်းရှိနေမှာဖြစ်လို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေရှိနေသမျှ ဒီမိုကရေစီစနစ်ဟာ လိုအပ်သလို ဆောင်ရွက်ပေးရတာမို့ ဘယ်တော့မှ လမ်းဆုံးကို ရောက်မှာမဟုတ်ပါဘူး”တဲ့။  ဒီမိုကရေစီကို များစွာမျှော်လင့်နေကြတဲ့ ပြည်သူများ သိရှိထားနိုင်ဖို့ပါ။

အစွန်းရောက်တာက ခရီးမရောက်နိုင်

            မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် မကျင့်သုံးနိုင်သေးတော့ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး အစွန်းရောက်တဲ့ အဖွဲ့အစည်းတွေ၊ အစွန်းရောက်တဲ့ လူမျိုးစုတွေ၊ အစွန်းရောက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊  အစွန်းရောက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ အစွန်းရောက်တဲ့ ကိုယ့်ကျိုးစီးပွားရှာသူတွေ၊ ဒီမိုကရေစီ စနစ်ကို အကြောင်းပြပြီး ထင်ရာစိုင်းချင်တဲ့သူတွေ သတိမူနိုင်ကြဖို့ပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတိုင်း အသွင်တူဖို့၊ အမြင်တူဖို့မလိုပါ။

 လူမှာ ကိုယ်ပိုင်အသွင်တို့၊ ကိုယ်ပိုင်အမြင်တို့ဆိုတာ ရှိနေမှာပါ။ လိုအပ်တာကတော့ ဥပဒေကို လေးစားလိုက်နာပြီး၊ ဥပဒေနှင့်အညီ နေထိုင်ကြဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့် ရေးများကို လေးစားကြဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို အတူပူပေါင်းဆောင်ရွက်ကြဖို့ပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အစိုးရမို့ ပြည်သူတွေရဲ့ လူ့အခွင့်ရေးများကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူများကို စောင့်ရှောက်ပေးနိုင်ဖို့ပါ။ ဒါကအဓိကပါ။

            ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူတွေဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကို ပြည်သူ၊ ပြည်သားတွေ ကိုယ်တိုင်သိလာနိုင်ဖို့အတွက် နိုင်ငံတော်မှ ပညာပေးလှုံ့ဆော်မှုတွေ၊ စာပေးဟောပြောမှုတွေ၊ ကျောင်းသင်ခန်း စာတွေထဲမှာ စီဗစ်ခ် အက်ဒယူကေးရှင်းမျိုး (နိုင်ငံသားကောင်းတို့သိသင့်၊ သိထိုက်တဲ့ပညာရေးမျိုး)ကို ကျောင်း သင်္ခန်းစာ တစ်ခုအနေနဲ့ ထည့်သွင်းဖေါ်ပြ သင်ကြားပေးနိုင်ဖို့နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များမှလည်း နေစဉ်နေ့တိုင်း လွှင့်ထုတ်ပေးနိုင်ဖို့ပါ။

 ဖြစ်နိုင်ရင် ရုပ်မြင်သံကြားအစီစဉ်တစ်ခုအနေနှင့် ဒီမိုကရေစီဖေါ်ရမ် တစ်ခုကို စီစဉ်ပေးပြီး “ဒီမိုကရေစီနှင့် ပြည့်သူ့အမြင်၊ ဒီမိုကရေစီနှင့် ကျောင်းသား၊ ကျောင်းသူများ (ဆရာ၊ ဆရာမများအပါအ၀င်)ရဲ့အမြင်များကို လွှင့်ထုတ်ပေးခြင်း၊ တခါတရံမှာ ဒီမိုကရေစီနှင့်စပ်သော ဥာဏ်စမ်း ပုစ္ဆာများကို ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်စေခြင်း-စတဲ့ ပြီုင်ပွဲများကို ပြုလုပ်ပေးခြင်းမျိုးကို ပြုလုပ်ဆောင်ရွက်ပေးဖို့ပါ။ ပြည်သူ့အသံများကို ပြည်သူတိုင်းနီးနီး ပြန်လည်ကြားနိုင်အောင် ဆောင်ရွက် ပေးဖို့ပါ။ တချိန်ထဲမှာပင် နိုင်ငံခေါင်းဆောင်များကလည်း ပါတီစွဲမထားပဲ နိုင်ငံနဲ့လူမျိုးအတွက် စိတ် စေတနာ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။

အားလုံးအတွက် ပညာရေး …

            နိုင်ငံတော်မှ ပညာရေးစီမံကိန်းများရေးဆွဲပြီး ပြုပြင်ပြောင်းလဲဖို့၊ စီမံကိန်းများကို ရေးဆွဲကြရာမှာ တက္ကသိုလ်ပညာရေးအတွက်ကိုသာ ပြုပြင်ရေးဆွဲပြီး၊ အောက်ခြေဖြစ်တဲ့ အခြေခံပညာရေးစီမံကိန်းများကို ထည့်သွင်းစဉ်းစားမပေးနိုင်ခြင်းဟာ တိုင်းပြည်အတွက် အဆုံးရှုံးကြီးတစ်ရပ်လို့ ဆိုရမှာပါ။
တက္ကသိုလ် ပညာရေးအတွက် ရေးဆွဲရာမှာ တက္ကသိုလ်စာသင်နှစ်များကို သုံးနှစ်မှလေးနှစ် (ရိုးရိုးဝိဇ္ဖာ၊ သိပ္ပံဘွဲ့များ)၊ လေးနှစ်မှငါးနှစ် (BED ဘွဲ့များ)၊ ငါးနှစ်မှ ခြောက်နှစ် (BE ဘွဲ့များ)၊ ခြောက်နှစ်မှခုနှစ်နှစ် (MBBS ဘွဲ့များ) စသည်ဖြင့် တက္ကသိုလ်ပညာရေးကို မြှင့်တင်ပေးထားခြင်းပါ။

သို့သော် အခြေခံပညာရေးကိုတော့ အရေးမပါလှဟု ခေါင်းဆောင်များ အထင်ရှိနေကြလေသလားမသိ မူလတန်းပညာရေးကိုသာ အခမဲ့ပညာရေး မျိုးဖြစ်စေပြီး၊ အလယ်တန်း၊ အထက်တန်းပညာရေးများကို အခမဲ့သင်ကြားခွင့်မပေးနိုင်ခြင်းဟာ တိုင်းပြည် အတွက် များစွာဆုံးရှုံနစ်နာ နေခြင်းကို အများပြည်သူများ သိနိုင်ကြမည်မဟုတ်ပါ။

တိုင်းပြည်တာဝန်ကို ထမ်းရွက်ကြသော ပြည်သူ့ဝမ်းထမ်းများကို အဆင့်သုံးဆင့်ထား၍ ခွဲခြားသတ်မှတ်ထားသင့်သည်ဟု ထင်မြင်ယူဆမိလို့ပါ။ တက္ကသိုလ်လယ်ဗယ်အဆင့်ရှိသော ၀န်ထမ်းများက အထက်တန်းလယ်ဗယ် (ဆယ်တန်း၊ ကိုးတန်းစသည်) ပညာရေးအဆင့်ရှိသောဝန်ထမ်းများကို ညွန်းကြားခြင်း (အထူးသဖြင့် စက်ရုံးအလုပ်ရုံများကို ရည်ညွှန်းပြောဆိုသည်)၊ အထက်တန်းလယ်ဗယ် အဆင့်ရှိသောဝန်ထမ်းများက မူလတန်းလယ်ဗယ် အဆင့်ရှိသောဝန်ထမ်းများကို ညွန်းကြားခြင်းမျိးသည် အဆင့်မကွာ၍ ညွန်ကြားရာ၌ အဆင်ပြေနိုင်လို့ပါ။

 မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အထက်နဲ့အောက်အကြား ခါးပြတ်နေသလို ဖြစ်နေခြင်းကို သတိမူနိုင်ဖို့ပါ။
မူလတန်းပညာရေးအဆင့်လောက်သာ သင့်ခွင့်ရှိသူက များလွန်းနေပြီး၊ ထိုမူလတန်း တက်ရောက်သူများမှ နောက်ဆုံးတက္ကသိုလ်များသို့ တက်ရောက်သင်ကြားနိုင် ခွင့်ရှိသော ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုံးဟာ ၂၀% ရာနှုံးထက်မပိုနိုင်ပါ။ (ယခုနှစ် ဆယ်တန်းအောင် ရာခိုင်နှုံးမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှာပင် ၃၃%ရာခိုင်နှုံးခန့်သာရှိကြောင်း သိရှိရသည်။ ထို့ကြောင့် မူလတန်းမှ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရှိသော ရာခိုင်းနှုန်းသည် ထိုထက်နည်းဖွယ်ရာသာရှိသည်။)

ပညာရေး ခါးမပြတ်မှ လူလုံးလှမယ်

            ပညာတတ်နည်းသောလူမျိုးသည် လူနေမှုအဆင့်အတန်း နိမ့်ကျမည်ဖြစ်ပြီး၊ အထက်တန်းပညာကို သင့်ကြားခွင့်နည်းသော လူမျိုးများနေထိုင်သောနိုင်ငံသည် ပညာတတ်နည်းသော နိုင်ငံဟုဆိုရပေမည်။ ပညာတတ်နည်းသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံမျိုးသာ အဖြစ်များသည်။ ပညာရှင်များ၊ တိုင်းပြည်ခေါင်းဆောင်များ သတိမူနိုင်ကြဖို့ပါ။

            ထို့ကြောင့် အထက်တန်းပညာကို မသင်မနေရပညာရေးမျိုးဖြစ်အောင်၊ အခမဲ့သင်ကြားခွင့်ရှိသော ပညာရေးမျိုးဖြစ်လာနိုင်အောင် တိုင်းပြည်ခေါင်းဆောင်များ အလေးအနက်ထား၍ စဉ်းစားပေးကြဖို့ပါ။  တိုင်းပြည်၏ဘတ်ဂျက်ကို မျှဝေသုံးစွဲရာ၌ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ကို တိုးမြှင့်၍ သုံးစွဲသင့် သည်ဟုလည်း တင်ပြလိုခြင်းပါ။
တိုးတက်သောတိုင်းပြည်များ၌ ပြည်သူ၊ ပြည်သားများ ပညာတတ်များ ဖြစ်လာအောင်၊  ပညာတတ်များပြားလာအောင် အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုး၊ အခမဲ့ သင်ကြားခွင့်ရှိသော ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။

တိုးတက်သောတိုင်းပြည် များ၌ ငွေကြေးမတတ်နိုင်သူများကို တက္ကသိုလ်ကျောင်းများသို့ မတက်ရောက်နိုင်သောအဖြစ်မျိုး မရှိရ လေအောင် လခနည်းသောမိဘများ၏ သားသမီးများကို ပညာသင်ဆုနှင့် ပညာရေးထောက်မှုများ (Financial Aid) ကို ပေး၍ တက္ကသိုလ်များသို့ တက်ရောက်သင်ကြားစေခြင်းမျိုးကို ပြုပေးခြင်းသည် အတုယူဖွယ် ကောင်းသော မူဝါဒမျိုးပါ။ တိုင်းပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သားသမီးချင်း စာနာတတ်မည်ဆိုလျှင် ပညာရေးပေါ်လစီကို ပြန်လည်းပြင်ဆင်ပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ခြင်းပါ။

ရှိပြီးသားတွေကို အားပေးပါ၊ အစက ပြန် မစချင်ပါနဲ့
 
            ကျောင်းသား၊ ကျောင်းသူများ အထက်တန်းပညာကို အခမဲ့သင့်ကြားခွင့်များ ရရှိနိုင်အောင် ဘက (ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ)မှလည်း ပါဝင်ကူညီပေးသင့်ခြင်းပါ။ တွဲဖက်အထက်တန်းကျောင်း များဖြစ်လာအောင် နိုင်ငံတော်ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားခြင်း၊ ဘကကျောင်းအချင်းချင်းလည်း ကျောင်းသား၊ ကျောင်းသူများ၏ပညာရေးအတွက် အကူညီများပေးခြင်း၊ နိုင်ငံတော်မှ သတ်မှတ်ထားသော ပညာရေးစံချိန်၊ စံနှုန်းများကိုမှီနိုင်အောင် နီးစပ်ရာ အစိုးရအထက်တန်းကျောင်းများနှင့် တွဲဖက်အထက်တန်း ကျောင်းပြုလုပ်၍ဖြစ်စေ (သို့မဟုတ်) အထက်တန်းကျောင်းများဖွင့်၍ဖြစ်စေ ပညာများကို သင်ကြားပေးနိုင်ဖို့ပါ။ 
 
ထိုသို့ပြုလုပ်ပေးနိုင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံရဲ့ပညာရေးစံနစ်သည် ကမ္ဘာနိုင်ငံများနှင့် ရင်ဘောင်တန်းလာနိုင် ဖို့ပါ။ ထိုသို့ပြုလုပ်မပေးပဲ တက္ကသိုလ်အဆင့်မျှလောက်ကိုသာ ပညာရေးအဆင့်အတန်းများကို တိုးမြှင့်ပေးမည် ဆိုလျှင် ပညာရှင်အနည်းစုသည် ပညာမဲ့အများစုအတွက် နိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည်မဟုတ်ကြောင်း သဘောပေါက်နိုင်ကြဖို့ပါ။
 
            သမိုင်းတစ်လျှောက်လုံး နိုင်ငံတော်ရဲ့ပညာရေးစနစ်များကို ကူညီပံ့ပိုးခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပြန်လည်ရှင်သန်လာနိုင်အောင် နိုင်ငံတော်မှလည်းကောင်း၊ ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများမှလည်းကောင်း စုပေါင်းဆောင်ရွက်ပေးကြဖို့ပါ။ ငါ့ဖို့မပါလို့ ဆောင်ရွက်မပေးချင်တာမျိုး မဖြစ်ရလေအောင် သတိမူနိုင်ကြဖို့ပါ။ နိုင်ငံတော်အရေးသည် ပြည်သူ၊ ပြည်သားများအရေးဖြစ်ကြောင်းကို ထပ်တလဲလဲပြောနေရမဲ့ အချိန်အခါမျိုးလည်းမဟုတ်တော့ပါ။
 
 တိုင်းပြည်ကြီး တိုးတက်လာနိုင်ဖို့အတွက် ပညာရေးကဏ္ဍ၌ အရင်းအနှီးမြှုပ်နှံထားခြင်းသည် ဆယ်ဆပွားသော အတိုးအညွန့်များ၊ အကျိုးအမြတ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်သူ၊ ပြည်သားများ ကြိုတင်သိမြင်နိုင်ဖို့ပါ။ “ပညာမြှင့်မှ လူမျိုးတင့်” နိုင်သည်ကို ရဟန်းရှင်လူများသည် (နိုင်ငံနဲ့လူမျိုး၊ ဘာသာနဲ့သာသနာအတွက်) လေးလေးနက်နက် စဉ်းစားပေးကြဖို့ မေတ္တာဖြင့် တိုက်တွန်းနေခြင်းပါ။ 
 
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ၊ ဇွန် ၂၉ ၊ ၂၀၁၂

Tuesday, July 24, 2012

နေမင်း လမင်း သိန်းရာထောင်


နေမင်း လမင်း သိန်းရာထောင်

ချင်းတွင်းမြစ်ညာရပ်ဝန်းသည် တော်သလင်းလပြည့်နေ့ဆိုရသော်ငြား နှင်းတို့ ဝေလုလုရှိနေသည်၊ မိုးရိပ် တိမ် တောင်တို့ ပြိုဆင်းပြီး နှင်းအသွင်ပြောင်းတော့မယောင် အုံ့ဆိုင်းနေသည်၊ သလ္လာခေါ် ချင်းတွင်း သည် တောင်ရိုး ကို ခေါင်းနဲ့တိုက်လိုက် တောတန်းကို အမြီးဖြင့်ရိုက်လိုက်ဖြင့် ခရီးနှင်သည်၊ အကွေ့ အကောက် များစွာဖြင့် လှနေ ပြန်သည်၊

မိုးရာသီလဲမပီလှတော့၊ ဆောင်းနှင်းတို့လဲ မလှိုင်သေးသဖြင့် မြစ်ရေပြင်သည် လှိုင်းအိလေးများဖြင့် ကွန်ယက် ဖွဲ့ထားသလို လှနေသည်၊ ရှေးယခင်ရွှေနန်းထက်ဆီက ဤကာလရာသီ မျိုး မြစ်ရိုး တွင် လှေ ချင်းပြိုင် လျှက် လှေ ပွဲသဘင်ခင်းကြသည်၊ ၀ါဆို၊ ၀ါခေါင်မိုးရေဦးဖြင့် အမှိုက်၊ ဒိုက်တို့ လဲ မျော ပါခဲ့ပြီဖြစ်၍ ရေ ပြင်သည် ပြန့်ပြူး နေသည်၊ ဆောင်း အ၀င်၊ မိုး အဆုတ်မို့ အာကာတစ်ခွင်သည် ကြည်လင်သန့်ရှင်း နေသည်၊ တော်သလင်းလ မြစ်ရေပြင်သည် လှိုင်းကြမ်းမပါပဲ ငြိမ့်ငြိမ့်လေးစီးသည်၊

“ရေယဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံမြိုင်မြိုင်နှင့်၊ လှေပြိုင်ကျင်း တဲ့ လကိုလေး” ဟု လတော်သလင်းကို စာဆိုညွှန်းလျှက် ဖွဲ့ဆိုခဲ့ကြသည်၊

ရေသင်ဖြူးခင်းသော ချင်းတွင်းမြစ်ညာထက်ဖျားဆီက ခန္တီးမြို့သူ မြို့သားများ အဖြူရောင်ဝတ်ရုံဖြင့် ယောဂီ တဘက်ကိုယ်သိုင်းကာ ဥပုသ်ဇရပ်သို့တက်လာကြသည်၊

“လောကလင်းမှာ၊ ပေါ်ယံသာ၊ သူ ငါ ကွဲရုံသိ၊
ဓမ္မလင်းသာ၊ နာမ် ရုပ်နှစ်ဖြာ၊ ခွဲခြားနိုင်ကုန်ဘိ၊
အလင်း နှစ်ဖြာ၊ ထင်လင်းစွာ၊ စိတ်မှာခွဲခြားသိ၊
ဓမ္မအလင်း၊ လောကအလင်း၊ အမြင်ရှင်းစေဘိ”၊

ဓမ္မသဘင်ပွဲသို့လာကြသော ဓမ္မမာမကသူတော်စင်များ၏ ညီညာဖျဖျဆိုလိုက်သံသည် ဆောင်းအေးအေး ကို နွေးထွေး သက်သာစေသလိုရှိသည်၊

လောကမှာ အလင်းသုံးမျိုးရှိပါတယ်၊ လူတွေဖန်တီးထားတာမဟုတ်တဲ့ သဘာဝအလင်းတွေပေါ့၊
ဘာတွေတုန်းဆိုတော့ နေမင်းကြီးရဲ့ အလင်းရယ်၊ လမင်းရဲ့ အလင်းရယ်၊ ပြီးတော့ ဓမ္မအလင်းရယ်ဆိုပြီး သုံးမျိုးရှိပါတယ်၊

မြတ်စွာဘုရားရှင်သိတော်မူတဲ့အလင်းဆိုတာလဲ တစ်ဦးတစ်ယောက်ကလုပ်ထားတာ မဟုတ်ပါဘူး၊ ရှိပြီးသား အလင်းဓာတ်ကို ဖော်ထုတ်ပြတာပါ၊ သစ္စာလေးပါးအလင်းလို့ဆိုတဲ့ အဲဒီအလင်းကို ရှာဖွေဖော်ထုတ်ပေးပြီး အများ သတ္တ၀ါများသိအောင် ထုတ်ဆောင်ဟောပြသူများကို ဗုဒ္ဓလို့ ခေါ်ခဲ့ကြတာပေါ့၊

ဘ၀ပေါင်း မရေအတွက်နိုင်ကြာမှ၊ ကမ္ဘာတွေအသင်္ချေ၊ အသင်္ချာကြာမှတစ်ခါသာပေါ်ပေါက်လာတတ်တဲ့ တရား များမို့ အဲဒီလင်းဓာတ်ကို အရှိအလင်းဓာတ်၊ ဓမ္မဓာတ်လို့ ပြောကြတာပါ၊ မပြောင်းလဲတဲ့ အရှိတရား စစ်စစ်ကြီးပါ၊

ဘာဏုရာဇာ ဒေါင်းဖန်ဝါက၊ သဟဿရောင်၊ ချည်တစ်ထောင်ဖြင့်၊
လူ့ဘောင်လောက အစဉ်လှအောင်၊ ထွန်းပြမနှေး၊ အလင်းပေး၏။

လောကမှာ နေမင်းဆိုတာရှိတယ်၊ မြင်မြင်သမျှလောကကြီးကို သာယာလှပအောင် နေမင်းကြီးက ဖန်ဆောင် တယ်၊ နေမင်းကြီးရှိလို့ လူတွေ နေ့စဉ်လုပ်ငန်းဆောင်တာတွေပြုလုပ်ဆောင် ရွက်လို့ ဖြစ် တာပါ၊ တွေးကြည့်စမ်းပါ၊ နေမင်းကြီး မရှိဘူးလို့၊ နေမင်းကြီးမရှိရင် လူဆိုတာလဲ ဖြစ်မလာနိုင်သလို၊ သူ့အလင်း ရောင်ကြောင့် သူ၊ ငါ၊ မြို့၊ ရွာ၊ သူတိုင်းပြည်၊ ကိုယ့်တိုင်းပြည်၊ ခွဲခြား သိရပါတယ်တဲ့၊ သိပြီးတော့ သာယာ လှပအောင် ဖန်တီးနိုင်ကြတာ၊ လောက လူသားများ အပေါ်ကျေးဇူးများပါတယ်၊

နေမင်းကြီးဆိုတာလဲ လောကဖြစ်ရိုးဖြစ်စဉ်အရ လောကကြီးကို အရှေ့အရပ် အလင်းပေးပြီး၊ အချိန် တန်တော့ အနောက်ဖက်ဝင်ရောက်ပျောက်ကွယ်သွားပြန်ပါတယ်၊
အဲဒီလိုအချိန်မျိုးမှာမှ.....

လ၀န်းသော်၊ ငွေစန္ဒာက၊ လူ့ရွာလောက၊ 
အစဉ်လှအောင်၊ ထွန်းပမနှေး၊ အလင်ပေး၏။

အခုလို အေးချမ်းသာယာတဲ့ လပြည့်နေရဲ့ ညချမ်းမျိုးမှာ လကလဲသာ၊ မြစ်ပြင်ကလဲ ငြိမ့်ငြိမ့်လေး စီးနေ တယ်၊ တောင်ကမ်းပါးယံများဆီက ရောင်ပြန်ဟပ်ပြီး လှနေတဲ့ လသာညမျိုးကို တွေးဆပြီးကြည့်ကြည့် စမ်းပါ၊ တော်သလင်းလဆိုတော့ မြစ်ပြင်ကကိုလဲပဲ ရနံ့သင်းပြီး ဆွဲဆောင်နေသလိုရှိနေမယ်ပေါ့၊ လဆိုတာ မသာပဲရှိကြည့် ပါလား မြစ်ပြင်ကို ကြည့်ဖို့မပြောနဲ့ ချောက်ထဲ မကျအောင်တောင် ဂရုစိုက်နေရမယ်၊

ပိုပြီးကြည်နူးစရာ ကောင်းတာက ဗုဒ္ဓဖြစ်တော်စဉ် အများစုဟာ လပြည်ညတွေများပါတယ်၊ လပြည့်နေရဲ့ ထူးခြားချက်က စိတ်ကို ကြည်လင်နေစေတယ်၊ လူဆိုး သူဆိုးတွေ လပြည့်ည လှုပ်ရှားတာ တွေ့ရခဲတယ်၊ ဘုရားအလောင်းတော် သန္ဓေတော်ခတဲ့ညဟာ ၀ါဆိုလပြည့်ညပါ၊ ဖွားတော်မူတော့ ကဆုန် လပြည့်နေ့၊ တောထွက်တော်မူတော့လဲ ၀ါဆိုလပြည့်နေ့၊ တရားဦးဓမ္မစင်္ကြာဟောတော်မူတော့လဲ ကဆုန် လပြည့်နေ့ပါ၊ သဘာဝ အလင်းရောင်ကိုပေးတဲ့ လမင်းဆိုတာလဲ လူ့လောကကြီးကို အလှဆင်တယ်၊ လှစေတယ်၊ ကောင်းမြတ်ခြင်းတွေကို ဖြစ်စေအောင် တွန်းအားပေးတယ်၊ လောကလူသားများ အတွက် ကျေးဇူးများပါတယ်၊ 


နေမင်း လမင်း၊ ထွန်းလင်းတောက်ပြောင်၊
သိန်းရာထောင်ထက်၊ လင်းလက်တောက်ပ၊
မြတ်ဗုဒ္ဓ၏၊ ဓမ္မတန်ဆောင်၊ အလင်းရောင်သည်၊
မိုက်မှောင်အ၀ိဇ္ဇာ၊ ကိလေသာကို၊
ပယ်ခွာရှင်းလင်း၊ အမှောင်ခွင်းသည်၊
အလင်းဆုံး အရောင်ဖြစ်ပါပေသည်ဘုရား။

အခုန ပြောခဲ့တဲ့ အလင်းရောင်တွေဆိုတာ အပေါ်ယံသာပဲ လင်းနေတာပါ၊ အမြင်လောကကြီးကိုတော့ လှစေတာ အမှန်ပါ၊ သို့သော် စိတ်ကို သောကကင်းအောင်၊ စိတ်ဆိုး စိတ်ညစ်တွေကင်းအောင် မလုပ်နိုင် ဘူး၊ မြတ်ဗုဒ္ဓရဲ့ ဓမ္မအလင်းကြတော့ကား ရုပ်ကို လှစေတဲ့ တရားတွေ၊ စိတ်ကို ပြုပြင်ပေးတဲ့ တရားတွေ၊ လူ့လောက ကြီးထဲမှာနေတတ်၊ ထိုင်တတ်အောင် သွန်သင်ပေးတဲ့ တရားတွေရှိတယ်၊ မေတ္တာ ထားပုံထားနည်း ရှိတယ်၊ ဆက်ဆံပေါင်းသင်းနည်းတွေရှိတယ်၊

နေရောင်၊ လရောင်နဲ့ကြည့်လိုက်တဲ့ အခါ သူ၊ ငါ၊ မင်း၊ ကျွဲ၊ နွား စသည်မြင်ပါတယ်၊ အဲဒီလိုမြင်နေတဲ့ အမြင် ဟာ အပေါ်ယံအမြင်ပဲရှိပါတယ်၊ တကယ့် အမှန်မဟုတ်ပါဘူး၊ လောကအမြင် အမှန်တရားပေါ့၊ ဓမ္မအမြင်နဲ့ မြင် လိုက်တဲ့ အမှန်ကြတော့ကား ရှိရှိသမျှ ရှုပ်နဲ့ နာမ်လို့ မြင်လာမှ အမှန်မြင် ပါတဲ့၊ အဲဒီအမြင် မျိုးရဖို့ နေရောင်နဲ့ မရနိုင်ပါ၊ လပြည့်ညရဲ့လရောင်နဲ့လဲ မမြင်နိုင်ပါ၊

ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ တရားတော်တွေဆိုတာ နေမင်းထက် အလင်းသာတယ်၊ လမင်းထက် ပိုပြီး အေးချမ်း ပါတယ်၊ နေရောင်၊ လရောင်တို့ နဲ့ မသိနိုင်တဲ့ ဓမ္မအလင်း ကို ရနိုင်တယ်၊ အလင်းသုံးမျိုးထဲ မှာတော့ မြတ် ဗုဒ္ဓရဲ့ ဓမ္မအလင်းက အမြတ်ဆုံးလို့ မှတ်လိုက်ပါ၊ ဤကဲ့သို့အလင်းသုံးမျိုးကို ခွဲခြားသိပြီး အလင်းတကာ အလင်းဆုံးဖြစ်တဲ့ မြတ်ဗုဒ္ဓ၏ အလင်းဓမ္မနဲ့ ရုပ်၊ နာမ် သဘော၏ အမှန်တရားများကို ခွဲခြားသိမြင်ပြီး သစ္စာ အလင်းရနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ စိတ်ရည်သန်လျှက်ဖြင့်..


အလင်းဓမ္မ၊ ကိုယ်စီရ၊ အေးမြကြပါစေ။
အလင်းရရန်၊ စိတ်ရည်သန်၊ ကြိုးပမ်းနိုင်ပါစေ။

သာဓုသံသည် ချင်းတွင်ကမ်းယံကို ပဲ့တင်ထပ်စေသည်၊ မြူနှင်းတို့ အကြားမှ နေရောင်သည် လောကကို အလင်းဖြာစေလျှက် လှနေတော့သည်။