Friday, June 22, 2012

မှ တစ်ပါး . . .


မှ တစ်ပါး . . .

လူသည် လူကို
ဒုက္ခပေးဖို့မဟုတ်၊
သုခပေးဖို့သာဖြစ်သည်။
လူသည် လူကို
အနှောင့်အယှက်ပေးဖို့မဟုတ်၊
အကူအညီပေးဖို့သာဖြစ်သည်။
လူသည် လူကို
ငရဲပေးဖို့မဟုတ်၊
လူ့ရပ်နတ်ရွာ
ကောင်းရာ
သုဂတိ
ပေးဖို့သာဖြစ်သည်။
ဤကား လူသားအားလုံး၏
အခြေခံ ကျင့်ဝတ်တည်း။


ဘ၀ဟူသည် အယူနှင့်အပေး၊ အပေးနှင့်အယူ နှစ်ခုသာရှိသည်။ ပထမအယူနှင့်စသည်၊ နောက်တော့ ပြန်ပေးရသည်။ ဘ၀ကိုနှစ်ပိုင်း ပိုင်းလိုက်လျှင် အယူကတစ်ပိုင်း၊
အပေးကတစ်ပိုင်း၊ ထိုသို့ နှစ်ပိုင်းတွေ့ရလိမ့်မည်။ ကုန်လွန်ခဲ့သော အချိန်၌
သင် ဘာတွေယူခဲ့သလဲ၊ ဘာတွေပေးခဲ့သလဲ။ ယခု လက်ရှိအချိန်၌ သင်ဘာတွေ ယူနေသလဲ၊
ဘာတွေပေးနေသလဲ။ နောင်လာမည့် အနာဂတ်၌ သင်ဘာတွေ ယူဦးမှာလဲ။ဘာတွေပေးဦးမှာလဲ။
အသေအချာ စဉ်းစားရမည့် အချက်ပင်။

ဘ၀ဟူသည် အသေအချာကြည့်တော့ အယူနှင့်စခဲ့သည်။ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေစဉ်ကတည်းက မိခင်စားသောက်သည့် အစားအသောက်မှတစ်ဆင့် ဝေစုယူ၍ အာဟာရမျှခဲ့သည်။ အမိဝမ်းမှ
ကျွတ်တော့လွတ်တော့ အများစုလက်သည် သို့မဟုတ် ဆရာဝန်တို့၏ အကူအညီကို ရယူ၍
လူ့လောက ရောက်လာခဲ့ရသည်။

မိမိကိုယ်တိုင် မထိုင်နိုင်၊ မထနိုင်၊ မစားနိုင်၊ မသောက်နိုင်၊ ကိုယ့်ခြေကိုယ့်လက်ကိုမှ ကိုယ်မသယ်နိုင်သေးမီ လူမမယ်ဘ၀မှာ မိဘအကူအညီ၊ တခြား နီးစပ်သူတို့၏
အကူအညီကိုယူ၍ ရှင်သန်ကြီးထွားခဲ့ရသည်။ မိခင်၏နို့ရည် သို့မဟုတ် နို့
မှုန့်နို့ဘူး တို့ကို သောက်သုံး၍ အသက်ဆက်ရှင်သန်ခဲ့ရသည်။

သုံးနှစ်သားခန့် မူကြိုကျောင်းတက်၊ ငါးနှစ်သားခန့် မူလတန်း ကျောင်းတက်၊ ထိုမှတစ်ဆင့် အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်တန်း အသက်နှစ်ဆယ်၊
နှစ်ဆယ့်ငါးဝန်းကျင်အထိ မိဘ သို့မဟုတ် နီးစပ်ရာ တို့၏ အကူအညီကို ရယူ၍
ပညာသင်ယူခဲ့ရသည်။ ထိုအချိန်ထိ မိမိမှာ အယူပဲရှိသေးသည်။ အပေးဟူ၍ ဘာမျှ
မယ်မယ်ရရ မရှိသေး။

စားစရာ၊ ၀တ်စရာ၊ နေစရာ၊ သုံးစရာ စသည် လိုအပ်တာမှန်သမျ မိဘ သို့မဟုတ် သက်ဆိုင်ရာ နီးစပ်သူတို့ထံမှ ရယူခဲ့ရသည်။ ပထမအရွယ်မှာ ပညာရှာဆိုသည့် အတိုင်း ပထမ အရွယ်မှာ ပညာကို
အဓိကထား၍ ရှာရသည်။ထိုပထမအရွယ်တစ်လျှောက် ဘ၀အနေအထားက အယူနှင့်သာ
ကြီးပြင်းခဲ့ရသည်က အများစုဖြစ်သည်။

ဘ၀ကို နှစ်ပိုင်းပိုင်းလိုက်လျှင် အယူကတစ်ပိုင်း၊ အပေးက တစ်ပိုင်း၊ ထိုသို့ နှစ်ပိုင်း တွေ့ရလိမ့်မည်။ ကုန်လွန်ခဲ့သော အချိန်၌ သင်ဘာတွေ ယူခဲ့သလဲ၊
ဘာတွေပေးခဲ့သလဲ။ ယခု လက်ရှိအချိန်၌ သင်ဘာတွေယူနေသလဲ၊ ဘာတွေပေးနေသလဲ။
နောင်လာမည့် အနာဂတ်၌ သင်ဘာတွေယူဦးမှာလဲ။ ဘာတွေပေးဦးမှာလဲ။

အာရှတိုက်၏ သက်တမ်းက ပျမ်းမျှ ၆၆ နှစ်ခန့်ဟု ဆိုသည်။ သို့ဆိုလျှင် အာရှသားတစ်ယောက်၏ ပထမအရွယ်ကား ၂၂ နှစ်၌ ကုန်ဆုံးသည်။ ၂၃ နှစ်မှစ၍
ဒုတိယအရွယ် ဟုဆိုရမည်။ ပထမအရွယ်၌ ပညာသင်၊ ပညာရှာ၊ ပညာတွေ ယူထားသည်။
ဒုတိယအရွယ်အစပိုင်း အသက် ၃၀ ခန့်အထိ ရှာသင့်ရှာထိုက်တာကို ရှာ၊
ယူသင့်ယူထိုက်တာကို ယူထားရဦးမည်။

ဒုတိယအရွယ်မှာ ဥစ္စာရှာဟု ဆိုသည်။ ဒုတိယအရွယ်၌ လက်တွေ့ဘ၀ထဲသို့ ရောက်ပြီ။ အပေါင်းအဖော်တွေ၊ အဖော်သဟဲတွေလည်း ရှိချင်ရှိတော့မည်။ ထိုအခါ ဘ၀အတွက်၊
မိသားစုအတွက် အသိုက်အမြုံအတွက် စားဖို့၊ ၀တ်ဖို့၊ နေဖို့၊ ထိုင်ဖို့၊
သုံးဖို့၊ စွဲဖို့ ရှာရ၊ ဖွေရတော့သည်။ ကိုယ်တတ်သလို၊ ကိုယ်ကျွမ်းသလို
ကာလဒေသ အနေအထားကို ကြည့်ပြီး လုပ်ရ၊ ကိုင်ရတော့သည်။ လုပ်ငန်းခွင်သို့
ဝင်ရတော့သည်။

ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှု၌ ကြွေးဟောင်းဆပ်ခြင်းနှင့် ကြွေးသစ်ပေးခြင်း ဟူ၍ ရှိသည်။ မိမိ ပထမအရွယ်မှာ ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘ သို့မဟုတ် နီးစပ်ရာတို့၏
ကျေးဇူးတရားတွေကို ပြန်လည် ပေးဆပ်ကြရမည်။ ကြွေးဟောင်း ဆပ်ခြင်း ဖြစ်သည်။
ဒုတိယ မိမိ လက်တွေ့ဘ၀ထဲက တိုက်ရိုက် သက်ဆိုင်လာသူတို့ကို ကျွေးမွေးပြုစု
စောင့်ရှောက်ရတော့မည်။ ကြွေးသစ်ချခြင်းဟု အလောင်းတော် ကေဒါရ ကျေးမင်းက
ဆိုခဲ့သည်။

အလောင်းတော်တို့၌ စရိယာ သုံးပါးရှိသည်။ ပထမ လောကတ္ထ စရိယာ-လောကကောင်းကျိုး၊ အများကောင်းကျိုးကို ဦးစားပေး၍ ဖြည့်ကျင့်သည်။ ဒုတိယ ဉာတတ္ထစရိယာ-
ဆွေမျိုးကောင်းကျိုး(အမျိုးသားရေး)ကို ဦးစားပေး၍ ဖြည့်ကျင့်သည်။ တတိယ
ဗုဒ္ဓတ္ထစရိယာ-ဘုရားဖြစ်ဖို့ ဟူသော မိမိကောင်းကျိုးကို နောက်ဆုံး၌ ထားသည်။

သာမန်သူတို့အတွက် မိမိ ကောင်းကျိုးကတော့ ပထမ ဖြစ်သည်။ မိမိကောင်းကျိုးဟူသည် မိမိကိုယ်၌ ပထမအတတ်ပညာ၊ အသိပညာ၊ စည်းစိမ်ဥစ္စာ စသည်
ပြည့်စုံအောင် ဖြည့်ဆည်းထားရမည်။ ပေး ဟူသည်မှာ မိမိ၌ ပေးစရာရှိမှ ပေး၍
ရမည်။ လှူဟူသည်မှာ မိမိ၌လှူစရာရှိမှ လှူ၍ရမည်။ လက်၏စောင်မခြင်း၊
နှုတ်၏စောင်မခြင်း နှစ်မျိုးတွင် ပတ်ဝန်းကျင်က လက်၏စောင်မခြင်းကိုသာ
ပို၍လိုအပ်သည်။ ပို၍ မျှော်လင့်တောင့်တသည်။ ပို၍ အသိအမှတ်ပြုသည်။
ကျန်းမာပါစေ၊ ချမ်း သာပါစေဟု နှုတ်ကရွတ်ဆို၍ ပို့နေသော ၀စီကံမေတ္တာ၊
မနောကံမေတ္တာထက် ပစ္စည်းဝတ္ထု တစ်ခုခု ပါကင်ထုပ်၍ပို့သော ကာယကံမေတ္တာက ပို၍
လက်တွေ့ကျသည်။ ပို၍ ထိရောက်သည်။ ပို၍ ယုတ္တိရှိသည်။ မေတ္တာကို ပေးခြင်း၊
ကမ်းခြင်းဖြင့် အဓိပ္ပာယ် ဖော်တာက ပို၍ ပေါ်လွင်သည်။ ပို၍ လျော်ကန်သည်။

ဒုတိယအရွယ်ကစ၍ နောက်ပိုင်း ဘ၀တစ်လျှောက်လုံး မိမိက ပေးရတော့မည်။ ထိုသို့ ပေးနိုင်ဖို့အတွက် ပထမအရွယ်ကတည်းက မိမိအနေနှင့် ရှာထားဖွေထား
စုဆောင်းထားရတော့မည်။ လေ့လာဆည်းပူးသင်ယူ ထားရတော့မည်။ ပထမအရွယ်၌ လောက
လိုအပ်ချက်တွေကို သိရှိနားလည်ပြီး ထိုလိုအပ်ချက်တွေကို မိမိ၌
ဖြည့်ဆည်းထားရှိရမည်။

အတတ်ပညာ လိုအပ်သူတွေကို အတတ်ပညာတွေ ပေးရမည်။ အသိပညာ လိုအပ်သူတွေကို အသိပညာတွေ ပေးရမည်။ တခြား စားဝတ်နေရေး ကျန်းမာရေး စသည် အကူအညီ လိုအပ်နေသူတွေကို
လိုအပ်ရာ အကူအညီတွေကို မိမိစွမ်းနိုင်သလောက် ပေးကြရမည်။ တချို့က စာသင်ပေး၍၊
တချို့က စာရေးပေး၍၊ တချို့က ဆေးကုပေး၍၊ တချို့က အဆောက်အအုံတွေ ဆောက်ပေး၍
တချို့က နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ပေး၍၊ တချို့က အသိပညာတွေ ဖြန့်
ဖြူးပေး၍၊ တချို့က ပျော်ဖို့ပြေဖို့အတွက် ဖျော်ဖြေပေး၍၊ တချို့က
လူ့အသုံးအဆောင် ပစ္စည်းတို့ကို သင့်တင့်မျှတစွာ ရောင်းချပေး၍ ထိုသို့
ကိုယ်စွမ်းရာစွမ်းရာ ကျွမ်းရာကျွမ်းရာဖြင့် လူနှင့်လူဝန်းကျင်ကို
အကူအညီတစ်ခုခု ပေးနေကြရမည်။

နိမ့်ကျသူတို့က ဘ၀ကို အယူဖြင့် တည်ဆောက်ရမည်ဟု နားလည်ထားပုံရသည်။ မြင့်မြတ်သူတို့ကတော့ ဘ၀ကို အပေးဖြင့် တည်ဆောက်ရမည်ဟု နားလည်သည်။ ခံယူသည်။
ပီဘိအောင်မြင်မှု ဟူသည် အယူ၌ မတည်။ အပေး၌သာ တည်သည်။ စစ်မှန်သော
အောင်မြင်မှုကို အယူနှင့် တည်ဆောက်၍ မရ၊ အပေးနှင့်သာ တည်ဆောက်ရသည်။
အောင်မြင်မှုတစ်ခုကို အယူနှင့် တည်ဆောက်ခြင်းသည် အတုအယောင် အောင်မြင်မှုသာ
ဖြစ်သည်။

အလောင်းတော်ကြီးများ၊ သူတော်စင်၊ သူတော်မြတ်ကြီးများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများသည် ပေးခြင်း၊ ကမ်းခြင်း၊ စွန့်ခြင်းဖြင့်သာ အောင်မြင်မှုကို တည်ဆောက်သွားကြသည်။ ဘ၀တစ်ခု၊
ပတ်ဝန်းကျင်တစ်ခု၊ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း၊ လူ့အ၀န်းအ၀ိုင်း၊
လူ့အသိုက်အမြုံ တစ်ခုကို ပေးခြင်းဖြင့်သာ တည်ဆောက်ယူရသည်။ ထို့ကြောင့်
ပေးချင်လည်းပေး၊ မပေးချင်လည်းပေး၊ ပေးတာကတော့ ပေးကြရလိမ့်မည်။

မိမိတို့ လူ့ဘ၀ကို ရလာခဲ့၊ ရောက်လာခဲ့ပြီ။ အချောင်ရောက်လာခြင်း မဟုတ်၊ အချောင်ရလာခြင်း မဟုတ်၊ လောက၌ အချောင်ရလာသည်ဟူ၍ ဘာမျှမရှိ၊ ဘာကိုမျှ
အချောင်မလိုချင်ရ၊ အချောင်မယူချင် ရ၊ အချောင်ရှာလျင် အကြပ်တွေ့တတ်သည်။
ပီဘိလူ့ဘ၀၌ လူလာဖြစ်ရခြင်းသည် အပေးရှိ၍ အယူရှိခြင်း၊ (အရရှိခြင်း) ဖြစ်သည်။
ဆိုလိုသည်ကား လူ့ဘ၀ကို အယူနှင့်ရလာခြင်း မဟုတ်၊ အပေးနှင့်ရလာခြင်း
ဖြစ်သည်။ သူတစ်ဦးအတွက် စိတ်ချမ်းသာမှု တစ်ခုခုကို ပေးခဲ့ခြင်းကြောင့်
(ကုသိုလ်ကံတစ်ခုခုကြောင့်) လူ့ဘ၀ကို ရလာခြင်း ဖြစ်သည်။

မိမိတို့ လူ့ဘ၀ကို ရလာခဲ့ပြီ၊ ရောက်လာခဲ့ပြီ၊ ပေးဖို့လာခဲ့တာလား၊ ယူဖို့လာခဲ့တာလား၊ သေချာ ပြန်စဉ်းစားတော့ ယူဖို့လာခဲ့ခြင်း မဟုတ်၊
ပေးဖို့လာခဲ့ခြင်းသာ ဖြစ်သည်။ အပေးကြောင့် ရလာသော လူ့ဘ၀ ပေးဖို့သာ
လာခဲ့သည်။ ထိုသဘောကို အလောင်းတော် ကောင်းကောင်း သဘောပေါက်သည်။
ပါရမီတော်ဖြည့်ရာ နောက်ဆုံးဘ၀ ဝေဿန္တရာ မင်းသားလေး အမိဝမ်းက
ကျွတ်လျှင်ကျွတ်ချင်း ထူးထူးဆန်းဆန်း စကားတစ်ခွန်း ဆိုသည်။ ''အမေ ဘာများ
ပေးစရာရှိပါသလဲ'' တဲ့။

ပေးလိုစိတ်က အလောဘ အခြေခံသည်။ ယူလိုသောစိတ်က လောဘ အခြေခံသည်။ လောဘသည် သမုဒယသစ္စာ ဖြစ်သည်။ ဒုက္ခရောက်ကြောင်း အမှန်တရား ဖြစ်သည်။ ရွှေမန်းတင်မောင်၏ ရွဲကုန်သည်ဇာတ်ထဲက
''မပေး ပေးပေး ငါ့ ရွှေခွက် ပေး''ဟူသော အတ္တသမားအရှင် ဒေ၀ဒတ်အလောင်း
ရွဲကုန်သည်သည် နောက်ဆုံး၌ ရူးသွပ်သွားရသည်က သာဓက ဖြစ်သည်။ လောဘသည်
သမုဒယသစ္စာ ဖြစ်လျှင် အလောဘသည် သုခသစ္စာ ဖြစ်ရမည်။ ချမ်းသာကြောင်း အမှန်တရား
ဖြစ်ရမည်။

မိမိတို့သည် ဘ၀တစ်လျှောက် အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ စိုးရိမ်ပူဆွေးငိုကြွေးခြင်း ဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ၊ အနေဆင်းရဲစသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမျိုးစုံ ခံစားခဲ့ကြရပြီ။
 ထို့ကြောင့် လူတိုင်းသည် ဒုက္ခကို ကြောက်သည်။ ဒုက္ခကိုရွံ့သည်။ ဒုက္ခကိုမုန်းသည်။
သို့ဖြစ်၍ 'ဘ၀ဟူသည် ပေးဖို့လာခဲ့ခြင်း ဖြစ်သည်'ဟု ဆိုသော်လည်း မိမိကိုယ်တိုင် မချစ်မနှစ်သက်သော ဒုက္ခကိုတော့ မပေးပါနှင့်။ 
ထိုဒုက္ခက မိမိတို့ကို ဒုက္ခပေးခဲ့တာ ကြာလေပြီ။ မှတစ်ပါး . . .။ မှန်ပါသည်။
ဒုက္ခမှတစ်ပါး အခြား ကိုယ်နှစ်သက်ရာ ကိုယ်ပေးချင်တာကို ပေးလို့ရပါသည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
Credit: www.news-eleven.com