Saturday, December 31, 2011

နှုတ်+ဆက်=မင်္ဂလာ


နှုတ်+ဆက်=မင်္ဂလာ

မကြာတော့မည့် ရက်ပိုင်းအတွင်းမှာ နှစ်သစ်ကူးပြောင်းတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ရောက်လာတော့ မည့် နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ မေတ္တာလွှမ်းခြုံပြီး  နှုတ်ခွန်းဆက်သ လိုက်ပါ တယ်။
နှစ်သစ်ကူးပြောင်းတယ်ဆိုတာ နှုတ်ဆက်တာပါ ။ ရှေ့က 2011-ခုနှစ်ကို နှုတ်လိုက်တယ်။
နောက်က2012 - ခုနှစ်နဲ့ဆက်လိုက်တယ် ။ မင်္ဂလာရှိတဲ့ နှုတ်ဆက်ခြင်းပဲဖြစ်ရမှာပါ ။‘‘ မင်္ဂလာ’’ဆိုတာ မြန်မာ စကားအစစ်မဟုတ်ဘူး ။ ပါဠိစကားပါ ။ ‘‘ မင်္ဂလ ’’ ဆိုတဲ့ပါဠိစကားကို ( ရေးချထည့်ပြီး ) မြန်မာအသံနဲ့ ‘‘ မင်္ဂလာ’’လို့ ပြောဆိုနေကြတာဖြစ်တယ် ။ ‘‘ ရတန ’’ ဆိုတဲ့ ပါဠိစကားကို (ရေးချလဲထည့် လျှာလိပ် သံနဲ့ ဖျောက်ပြီး) မြန်မာသံနဲ့ “ ရတနာ ’’ (ယတနာ ) လို့ပြောဆိုနေကြတဲ့ စကားသံမျိုးလိုပါပဲ ။

“ မင်္ဂလာ ” ဆိုတာ နှုတ်ဆက်တာပါ ။ နှုတ်ဆက်တဲ့အခါ စကားအားဖြင့် နှုတ်ဆက်တဲ့ စကားမင်္ဂလာ တရားအားဖြင့် နှုတ်ဆက်တဲ့ တရားမင်္ဂလာ လို့ နှစ်မျိုးရှိပါတယ် ။ တစ်ဦးနှင့် တစ်ဦးစတွေ့ကြတဲ့အခါ“မင်္ဂလာပါ ခင်ဗျာ’’ “ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ ’’ လို့ နှုတ်ခွန်းဆက်စကားပြောကြတာက စကား အားဖြင့် နှုတ်ဆက်တဲ့ စကားမင်္ဂလာမျိုးပါ ။ “ သဗ္ဗပါပ ဝိနာသနံ ’’ ဆိုတဲ့ မင်္ဂလသုတ် အမွှမ်းစကားအတိုင်း မကောင်း မှုကို ပယ်နှုတ်လို့ ကောင်းမှုကိုပြုလုပ်တာက တရားအားဖြင့် နှုတ်ဆက်တဲ့ တရားမင်္ဂလာမျိုးပါ။ အကုသိုလ်ကို နှုတ်လို့ ကုသိုလ်နဲ့ ဆက်တာပါ ။

အကုသိုလ်ကို နှုတ်လို့ ကုသိုလ်နဲ့ဆက်လိုက်ရင် ပူတာကိုနှုတ် - အေးတာနဲ့ဆက် ရှုပ်တာကိုနှုတ် - ရှင်းတာနဲ့ဆက် ညစ်တာကိုနှုတ် - သန့်စင်တာနဲ့ဆက် အပူဆင်းရဲကိုနှုတ် - ငြိမ်းအေးချမ်းသာမှုနဲ့ဆက်တဲ့ နှုတ် + ဆက်တွေဟာလဲ တစ်ဆက်တည်း စဉ်တန်းပေါ်လာကြပါတယ်။အနှုတ်မှန်လို့ အဆက်ကောင်းမှ မင်္ဂလာ အစစ်ဖြစ်နိုင်ပါတယ်။ 

တရားမင်္ဂလာသာ နှုတ်နှင့်ဆက် ပေါင်းမိလို့ မင်္ဂလာ (နှုတ် + ဆက် = မင်္ဂလာ ) အစစ်ဖြစ် ပါတယ်။ ဘယ်နှုတ်ဆက်မျိုးပဲဖြစ်ဖြစ် မကောင်းမှုကင်း လို့ ကောင်းမှု ဖြည့်သွင်းနိုင်မှ မင်္ဂလာအစစ်ဖြစ်ပါတယ်။ ဒါမှ အပူဆင်းရဲကို နှုတ်ပြီး အအေးချမ်းသာနဲ့ ဆက်နိုင်မှာပါ ။

“ အပ္ပမာဒေါ စ ဓမ္မေသု ၊ ဧတံ မင်္ဂလ မုတ္တမံ ’’ ဆိုတဲ့ မင်္ဂလသုတ်ပါဠိအတိုင်း မင်္ဂလာလုပ်ငန်း အားလုံးရဲ့အနှစ်အကျဉ်းချုပ်က အပ္ပမာဒ တရားပါ ။သတိဥာဏ်ပါ ။ ဥာဏ်ကို သတိနဲ့ထည့်လိုက်ရင် သတိ တစ်မျိုးတည်းလို့ ဆိုနိုင်ပါတယ် ။သတိနှင့် ကိလေသာ တွဲမဖြစ်နိုင်တာကြောင့် သတိဖြစ်တိုင်း ကိလေသာ ကင်းစင်သွားလို့ မကောင်းမှုကင်းရှင်းပါတယ် ။

ဥာဏ်ပွင့်လာတော့ ကောင်းမှုဖြည့်သွင်းနိုင်ပါတယ် ။ အပူကို နှုတ်ပြီး အအေးနဲ့ဆက်နိုင်တော့ နှုတ် + ဆက် = မင်္ဂလာအစစ် ဖြစ်သွားရပါတယ် ။ ကြီးပွားချမ်းသာကြောင်း တရားကောင်းတွေ ရရှိတိုးပွားပါတယ် ။
မကောင်းတာဖြတ် ၊ ကောင်းရာညွတ် ၊
မြင့်မြတ်မင်္ဂလာ ။
ကြီးပွားဘို့ရန် ၊ အကြောင်းမှန် ၊
ဧကန်မင်္ဂလာ ။
မကောင်းမှုရှင်း ၊ ကောင်းမှုသွင်း ၊
လိုရင်းမင်္ဂလာ ။
သတိဥာဏ်ကူ ၊ အပူနှုတ်ကာ ၊
အေးတာကိုဆက် ၊ ရှေ့ကိုတက် ၊
နှုတ် + ဆက် = မင်္ဂလာ ။

ရတနာသုံးပါလဲ အနှုတ်မှန်လို့ အဆက်ကောင်းတာကြောင့် နှတ် + ဆက် = မင်္ဂလာပါ ။ အရဟတ္တမဂ်ဥာဏ်နဲ့ ကိလေသာကို ဝါသနာအထုံအငွေ့ ပါမကျန်အောင် အပြီးသတ်အကုန်ပယ်နှုတ်လို့ အရဟတ္တဖိုလ်ဥာဏ် သဗ္ဗညုတဥာဏ်နဲ့ စွမ်းအားကိုဆက်ပြီး ဗုဒ္ဓဖြစ်ခဲ့တာဆိုတော့ ဗုဒ္ဓလဲ နှုတ်ဆက်ရတနာပါ ။ နှုတ်ဆက်ပြီး ဘုရား ပွင့်လာတာပါ ။ ဒါကြောင့် မင်္ဂလာအစစ်ပါ ။

ပြီးတော့ ဗုဒ္ဓဟာ အပူကင်းကွာ ချမ်းသာရကြောင်း လမ်းမှန် ကောင်းမျာကို ဟောညွန်ကြားပြီး သတ္တဝါတွေရဲ့ မိုက်မှောင် ပူလောင်မှုတွေကို ပယ်နှုတ်ပေးလိုက်ပါတယ်။ ဥာဏ်အလင်းဆောင်ပြီး ငြိမ်းအေးချမ်းသာမှုတွေနဲ့ ဆက်ပေးပါတယ် ။အမှားကိုနှုတ်ပြီး အမှန်ကိုဆက် ပေးပါ တယ်။ ဒါကြောင့်လဲ မင်္ဂလာအစစ်ပါ ။

မဂ်ဖိုလ်နိဗ္ဗာန်ရရေးအတွက် ပရိယတ် လမ်းစဉ်နဲ့ ကိလေသာကို အကန့်လိုက်နှုတ်ခွာဖယ်ရှားပြီး ပဋိပတ်စွမ်းအားနဲ့ ဆက်ပေးရပါတယ် ။ မဂ်နဲ့ကိလေသာကို နှုတ် , ဖိုလ်နဲ့ စွမ်းအားတွေကိုဆက် , နောက်ဆုံး တော့ ဒုက္ခအကုန်လုံးကို နှုတ် , အချမ်းသာဆုံး နိဗ္ဗာန်နဲ့ ဆက်ရမယ် ။ နိဗ္ဗာနသစ္ဆိကိရိယာစ ၊ ဧတံ မင်္ဂလ မုတ္တမံ ’’ ဆိုတဲ့ မင်္ဂလာသုတ်ပါဠိစကားအတိုင်း နိဗ္ဗာန်ဟာ အထွဋ်အထိပ်လမ်းဆုံး မင်္ဂလာပါ ။ နိဗ္ဗာန်ရောက် တော့နှုတ်စရာလဲ မရှိတော့ဘူး ။ ဆက်ဖို့လဲမလိုတော့ဘူး ။ လမ်းဆုံးသွားပါပြီ ။ နိဗ္ဗာန်ဟာ နောက်ဆုံးနှုတ်ဆက် တဲ့မင်္ဂလာပါ ။

ဒါကြောင့် တရားလဲ နှုတ် + ဆက် = မင်္ဂလာ အစစ်ပါ ။
ပုထုဇဉ်သံဃာဟာ ပရိယတ်လမ်းစဉ်နဲ့ ကိလေသာကို အကန့်လိုက်နှုတ်ပြီး သီလ သမာဓိ ပညာ ပဋိပတ်စွမ်းအားနဲ့ ဆက်ပေးပါတယ် ။ ဒါကြောင့် ပုထုဇဉ်ဖြစ်ပေမယ့် တရားကြောင့် အားကိုစရာ မင်္ဂလာ ဖြစ်နေ တာပါ ။ အရိယာသံဃာကတော့ မဂ်နဲ့ကိလေသာကို နှုတ်ပြီး ဖိုလ်နဲ့ စွမ်းအားဆက်ပေးပါတယ်။ ပြီးတော့ သံဃာ ဟာ ကိုယ်တိုင်ကျင့်ရုံမျှသာမက ဗုဒ္ဓရဲ့လမ်းညွန်ချက်နည်းအတိုင်း ထပ်ဆင့်ဟောပေးပြီး လူတွေအပါအဝင် သတ္တဝါများစွာတို့ရဲ့ အပူဆင်းရဲတွေကို နှုတ်ပေးပါတယ် ။ ငြိမ်းအေးချမ်းသာမှုတွေနဲ့ ဆက်ပေးပါတယ် ။ ဒါကြောင့် သံဃာလဲ နှုတ် + ဆက် = မင်္ဂလာပါ အစစ်ပါ ။

ဘုရားရှိခိုးတာတို့ ဘုရားဂုဏ်တော်ပွားတာတို့ ပရိတ်တရားရွတ်ပွားနာကြားတာတို့ ရတနာသုံးပါး ဆည်းကပ်ပူဇော်တာတို့ဟာလဲ ကိုယ့်ရဲ့ အပူဆင်းရဲကိုနှုတ်ဖို့ ငြိမ်းအေးချမ်းသာမှုနဲ့ဆက်ဖို့လိုတဲ့ နှုတ် + ဆက် =မင်္ဂလာအလုပ်တွေပါ ။ ရတနာ သုံးပါးစွမ်းအားနဲ့ ပုထုဇဉ်ရဲ့ဓာတ်ဆိုးတွေကို နှုတ်ပယ်ဖယ်ရှား အနိုင်ယူပြီး ရတနာသုံးပါးရဲ့ ဓာတ်ကောင်းတွေကို ဆက်သွယ်ကူးပြောင်းယူထားတာလဲ ဖြစ်ပါတယ် ။ ဓာတ်ဆိုးနှုတ်လို့ ဓာတ်ကောင်းဆက်တဲ့ နှုတ်ဆက်မင်္ဂလာပါ ။

လောကမှာရှိနေတဲ့ ကြောက်စရာဘေးရန်တွေ ဆင်းရဲအပူတွေ အခတ်အခဲ အကျပ်အတည်း အရှုပ်အထွေးတွေအားလုံးဟာ တရားစွမ်းအားရှိသူတွေအတွက် နှုတ်ဆက်နိုင်ဖို့ ပေါ်လာတာချည်းပါ။ လောက ကြီးက အမြဲတမ်းကောင်းပြနေရင် တရားဟာလလိုအပ်မှာ မဟုတ်ပါဘူး ။ အပိုပဲဖြစ်နေမှာပါ ။

လောကအဆိုး အားလုံးဟာ ဥာဏ်ရှိသူတွေအတွက် အကောင်းနဲ့ဆက်ယူဖို့ချည်းသာ ဖြစ်ပါတယ်။အဆိုးကိုနှုတ်လို့ အကောင်းနဲ့ ဆက်ရမှာပါ ။ ရတနာ သုံးပါးစွမ်းအားဟာ ဘယ်လိုအကြောင်းကြောင့်ပဲပူပူ နှုတ်နိုင်သလောက် အပူသက်သာ စေပြီး ဆက်နိုင်သလောက် အေးချမ်းစေတတ်ပါတယ် ။ သတ္တဝါတွေ နှုတ်ဆက်ဖို့ပဲ ရတနာသုံးပါးပေါ်လာတာပါ ဒါကြောင့် ရတနာ သုံးပါးဟာ နှုတ် + ဆက် = မင်္ဂလာ အစစ်ပါ ။

ကိလေသာရုပ် ၊ အပူနှုတ်ကာ ၊
ရတနာ ၊ ကောင်းစွာပေါ်ပေါက်သည် ၊
သုံးပါ မြတ်စွား ၊ ရတနာကြောင့် ၊
သူငါအများ ၊ စိတ်ထားညစ်ကျု ၊
ကင်းအောင်ပြု ၊ ကောင်းမှုရနိုင်သည် ။
သတိဥာဏ်ကူ ၊ အပူနှုတ်ကာ ၊
အေးတာကိုဆက် ၊ ရှေ့ကိုတက် ၊
နှုတ်ဆက်သူတွေ စိတ်အေးသည် ။

အနှုတ်မှန်လို့ အဆက်ကေင်းရင် ဘာမဆို မင်္ဂလာချည်းပါ ။ ကိုယ်နဲ့သက်ဆိုင်သမျှ အားလုံးဟာ ဘာတစ်ခုမှ ရပ်တန့်မနေပဲ အမြဲဆွဲနှုတ်ခံနေရပါတယ် ။ ဆွဲနှုတ်နေပုံက သုံးမျိုးရှိပါတယ် ။

( ၁ ) တားမရတဲ့ သဘာဝအနှုတ်မျိုး ၊
( ၂ ) လိုအပ်လို့ နှုတ်ယူနေရတဲ့ အနှုတ်မျိုး ၊
( ၃ ) မလိုအပ်လို့ နှုတ်ပစ်နေရတဲ့ အနှုတ်မျိုး ၊ ဒီသုံးမျိုးပါ ။

(၁ ) တားမရတဲ့ သဘာဝအနှုတ်ဆိုတာ ခန္ဓာမှာ ပြုပြင်ပေးသမျှ အချိန်စေ့တော့ပျက်သွားတာမျိုး စားသောက်ပြီးနောက် ပြန်ဆာတာမျိုး ကိုယ်ကျန်းမာမှု - နုပျိုမှု - ရုပ်ဆင်းပြည့်စုံမှု - အသက်ရှင်ခွင့် အချိန် အပိုင်းအခြား - ခွန်အားဆိုတဲ့ ငါးမျိုးကို အချိန်နှင့်ထပ်တူ နှုတ်ယူနေတာမျိုး ကိုယ်နှင့်ဆိုင်တဲ့ စီးပွားဥစ္စာများ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ပျက်သွားတာမျိုး ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေများနှင့် ရှင်ကွဲ သေကွဲ ကွဲရတာ မျိုးတွေပါ ။

ဘယ်နည်းစနစ်နဲ့မှလဲ တားမရနိုင်ဘူး ။ ဘယ်သူမှလဲ တားမြစ်နိုင်စွမ်းမရှိဘူး။ ပြီးတော့ အေးတာ ပူတာ ထမင်းဆာတာ ရေငတ်တာ ကျင်ကြီးကိစ္စ ကျင်ငယ်ကိစ္စ ထိနမိဒ္ဓကြောင့်အိပ်ချင်ထိုင်းမှိုင်းတာ အိုတာ နာတာ သေတာဆိုတဲ့ လူ့အလိုမလိုက်တဲ့ ကိစ္စဆယ်မျိုးဟာလဲ တားမရနိုင်တဲ့ သဘာဝအနှုတ်တွေပါ ။ သတိဥာဏ်နဲ့ အဆက်တတ်ရင် စိတ်အေးစရာကောင်းမှု ပြန်ရနိုင်ပါတယ် ။

ခန္ဓာမှာ ရောဂါဖြစ်နေလို့ နေထိုင် မကောင်းတာတို့ ပစ္စည်းသုံးမဖြစ်လို့ အမှိုက်ပုံးထဲပစ်လိုက်ရတာတို့ ပစ္စည်းသူခိုးခိုးခံရလို့ ပျောက်သွား တာတို့ ရန်သူမျိုးငါးပါး ကြောင့် ပျောက်ပျက်ကုန်ဆုံးသွားတာတို့စတဲ့ အနှုတ်တွေရဲ့ နောက်က စိတ်အပူကို သတိ ဥာဏ်နဲ့ ဆက်နှုတ်ပေးပြီး ဝိပဿနာစတဲ့ စွမ်းအားကောင်းတွေ အစားသွင်းဆက်ပေးနိုင်ရင် ဘယ်အနှုတ် ကြောင့်မှ လူဟာမရှုံးနိုင်ပါဘူး ။ နှုတ်သွားတိုင်း တရားမြတ် ကျန်နေခဲ့မှာပါ ။

လိုအပ်လို့နှုတ်ယူနေရတဲ့ အနှုတ်ဆိုတာ မိမိရှာဖွေစုဆောင်းထားတဲ့ပစ္စည်း ဥစ္စာထဲက နေ့စဉ်လိုအပ် သမျှ နှုတ်ယူနေရတာမျိုးပါ ။ ပစ္စည်းထွက်ပေါက် ငါးပေါက်ဖြစ်တဲ့ မိမိစားသောက်သုံးစွဲဖို့ ကျေးဇူးရှင်တွေ ကျေးဇူးဆပ်ဖို့ မိသားစုပေးဖို့ ဆွေမိျုးမိတ်ဆွေတွေပေးဖို့ အလှူလုပ်ဖို့အတွက် နေ့စဉ်လိုအပ်သမျှ နှုတ်ယူ နေရတာမျိုးပါ ။ လိုအပ်လို့ပဲ နှုတ်ယူနေရတာပါ ။
နှုတ်သွားတိုင်း သတိဥာဏ်နဲ့ ကုသိုလ်ကျန်နေခဲ့အောင် ဆက်ယူတတ်ဖို့ အထူးအရေးကြီးပါတယ် ။

မိမိစားသောက်သုံးစွဲဖို့ နှုတ်ယူတဲ့အခါ သီလ သမာဓိ ဝိပဿနာ ပညာနဲ့ ဆက်ယူတတ်ရမယ် ။ ကျေးဇူးရှင် တွေကျေးဇူးဆပ်ဖို့ မိသားစုတွေပေးဖို့ ဆွေမျိုးမိတ်ဆွေတွေပေးဖို့ နှုတ်ယူတဲ့အခါ အလှူလုပ်တယ်လို့ သဘော ထားရမယ် ။ ကျင့်ဝတ်ကိုလိုက်နာတယ် ၊ စည်းကမ်းသီလကိုဖြည့်တယ် ၊ မေတ္တာသမာဓိ ပွားများမြှင့်တင်တယ် ၊ သူချမ်းသာအောင် မေတ္တာနဲ့ ကူညီစောင့်ရှောက်ပေးတယ် လို့ သဘောထားရမယ် ။ ပစ္စည်းရဲ့ ပြောင်းလဲကုန် ဆုံးသွားတဲ့သဘောကို ဥာဏ်နဲ့ကြည့်ပြီး ဝိပဿနာ အခြေခံအသိပေါ်အောင် ဖော်ယူတတ်ရမယ် ။

ဈေးရောင်းသူ ကား -ဆိုက်ကား - ရထား - သင်္ဘော - လေယာဉ်ပျံနဲ့ ပို့ပေးသူများကို အဖိုးအခ ပေးတဲ့အခါ မိတ်ဆွေစိတ်ထားပြီး ကုသိုလ်ရအောင်ပေးရမယ် ။ သူကလဲ ကိုယ့်ကိုချမ်းသာအောင် ကူညီထား တာပါ ။ နိုင်ငံတော် အတွက် အခွန်အမျိုးမျိုးပေးဆောင်ရတဲ့အခါ ဆွေမျိုးစိတ် မိတ်ဆွေစိတ်ထားပြီး အလှူ လုပ်တဲ့သဘောမျိုးနဲ့ ချစ်ချစ်ခင်ခင် မြတ်မြတ်နိုးနိုးပေးရမယ်။နိုင်ငံတော်ကကိုယ့်ကို လုံခြုံတိုးတက် အောင် စောင့်ရှောက်ပေးထားတာပါ ။

ပြီးတော့ ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေဖြစ်တဲ့ ပြည်သူပြည်သားတွေ ကြီးပွား ချမ်းသာ အောင် ကိုယ်က ကူညီပေးနေခြင်းလဲ ဖြစ်ပါတယ် ။ ဘယ်လိုပဲနှုတ်နှုတ် သတိဥာဏ်နဲ့ အဆက်တတ်ရင် တရား အမြတ်ကျန်ပါတယ် ။
သီးခြားအလှူလုပ်ဖို့ နှုတ်ယူတဲ့အခါလဲ ဒါနမျှသာမက သီလ သမာဓိ ဝိပဿနာပါ ပါဝင်အောင် သတိ ရှေ့ထား ဥာဏ်အားမြှင့်ပေးရမယ် ။ ကုသိုလ်ဆိုတာ ရသလောက်ယူနေရမှာဖြစ်သလို ယူတတ်သလောက် နောက်ထက် တိုးလာနိုင်တာကိုလဲ သတိပြုရမှာပါ ။ ဒါဆိုရင် နှုတ် + ဆက် = မင်္ဂလာဖြစ်ပါပြီ ။

မလိုအပ်လို့ နှုတ်ပစ်နေရတဲ့အနှုတ် ဆိုတာ ခန္ဓာမှာအပူ အရှုပ် အညစ်တွေကို ဖယ်ထုပ်နေရတဲ့အလုပ်ပါ ။ မဆုံးနိုင်တဲ့ လူမှု ဒုက္ခပြဿနာ အပူအရှုပ်တွေ အနှောက်အယှက်အန္တရာယ်တွေကို ဖန်တီးတတ်တဲ့ လောဘ ဒေါသ မောဟ ဦးစီးတဲ့ ကိလေသာတွေဟာ အလိုအပ်တဲ့ အရာတွေပါ ။ မလိုအပ်တော့ ကိုယ်စွမ်းနိုင်တဲ့နည်းနဲ့ နှုတ်ပစ်နေရမှာပါ ။

ပုထုဇဉ်အနေနဲ့ လုံးဝကျွတ်ထွက်သွားအောင် နှုတ်မပစ်နိုင်သေးပေမယ့် တစ်စတစ်စ တစ်နိုင် တစ်နိုင်စီခွာလို့ ကန့်လို့ သန့်လို့ ထိန်းချုပ်လို့ ပေးနေရမှာပါ ။ မနိုင်သေးပေမယ့် မလိုအပ်တာဆိုတော့ဘုရား အားတရားအားကိုမှီပြီး နေ့စဉ်အကန့်လိုက် နှုတ်ပစ်နေရမှာပါ ။
သူ့ကို ကိုယ်ကမနှုတ်နိုင်ရင် သူက ကိုယ့်ရဲ့ အံဖွယ်စွမ်းရည်တွေ ခန်းခြောက်ပြောင်ခါသွားအောင် နှုတ်ပစ်နေမှာပါ ။

ပြီးတော့ ခန္ဓာကိုယ်မှာ ဒုက္ခဖြစ်စေတတ် ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတတ်တဲ့ အညစ်အကြေး အမျိုးမျိုးကိုလဲ နေ့စဉ် နှုတ်ပစ်ဖယ်ရှားနေရပါတယ် ။ လိုအပ်တာမရှိရင် ဆင်းရဲရသလို မလိုအပ်တာတွေရှိနေရင် လဲ တကယ်ဆင်းရဲပါတယ် ။ ခန္ဓာမှာ မလိုအပ်လို့ နှုတ်ပစ်စရာတွေ အများကြီးပါ ။

ဒါတင်မကသေးဘူး ။ အိမ်ထဲ ကျောင်းထဲမှာ ပိုလျှံပစ္စည်းဖြစ်တဲ့ အမှိုက်တွေကိုလဲ မလိုအပ်လို့ နှုတ် ပယ်စွန့်ပစ်နေရပါတယ် ။ အိမ်ဝင်း ကျောင်းဝင်းထဲ အမှိုက်တွေရှင်းပစ်နေရတာဟာ မလိုအပ်လို့ နှုတ်နေတာပါ။ ရေချိုးတာတို့ အဝတ်လျှော်တာတို့ အိုးခွက်ပန်းကန်ဆေးတာတို့ စတဲ့ သန့်ရှင်းရေးအလုပ်တွေ လုပ်နေ ကြရတာ ဟာလဲ မလိုအပ်တာတွေ ကင်းစင်သွားအောင် နှုတ်ပစ်နေတာပါ။ခန္ဓာကိုယ်အပြင်ဘက်မှာလဲမလိုအပ်လို့ နှုတ်ပစ်စရာတွေ အများကြီါ်ရှိနေပါတယ် ။
ဘယ်နည်းနဲ့ပဲနှုတ်နှုတ် အနှုတ်နောက်က သတိဥာဏ်နဲ့ ဒါန သီလ သမာဓိ ဝိပဿနာ ကောင်းမှု စွမ်းအားကျန်နေခဲ့အောင် ဆက်ပေးရမှာဖြစ်ပါတယ်။အဆက်တတ်မှ ကိုယ်ပိုင်ကျန်လို့ စိတ်အေးရမယ်။အနှုတ် တွေကသိပ်မြန်နေတာဖြစ်လို့ အဆက်ကလဲ မြန်နိုင်သမှုမြန်ပေးမှ အချိန်မှီ ဘဝအနှစ်ပေါ်လာမှာပါ ။

ရတနာဆိုင်ဖွင့်လှစ် ရောင်းချနေသူဟာ အဖိုးအခမရပဲ ရတနာပစ္စည်းအခိုးခံရလို့ ပျောက်ဆုံး သွားရင် အနှုတ်နောက်က အဆက်မကျန်ခဲ့တော့ စိတ်ပူလောင်အားငယ်ရမှာပါ ။ အနှုတ် သုံးမျိုးမှာ တစ်မျိုးမျိုး နဲ့ အနှုတ်ခံရသူဟာလဲ သတိ ဥာဏ်ကင်းလွတ်လို့ အကောင်းတရာနဲ့ မဆက်နိုင်ရင် စိတ်ပူလောင် အားငယ်ရမှာ ပါ။အဖိုးအခ အမြတ်များများနဲ့ ရတနာပစ္စည်းရောင်ချရသူဟာ အနှုတ်နောက်က အဆက်များများကျန်နေခဲ့တော့ အားတက်ပျော်ရွှင်ရမှာပဲ ။ အနှုတ်သုံးမျိုးနောက်က သတိဥာဏ်နဲ့ အကောင်းတရား ဆက်ပေးနိုင်သူဟာလဲ နှုတ် + ဆက် = မင်္ဂလာအစစ်ဖြစ်လို့ စိတ်တွေအားတက်ပျော်ရွှင်ရမှာပါ ။

တား၍မရ သဘာဝ မုချနှုတ်နေသည်
ဖြစ်လာပြီးက တားမရ မုချနှုတ်နေသည်
လိုအပ်ပါမူ ဥာဏ်ကိုကူ ဆွဲယူနှုတ်ရသည်
မလိုအပ်ငြား ပိုလျှံသွား ဖယ်ရှားနှုတ်ရသည်
အနှုတ်သုံးဖြာ ကုန်သွားပါ ကောင်းတာဆက်ရမည်
ဈေးရောင်းသူမှာ ဥစ္စာပျောက်က ပူလောင်ရ
ဒုက္ခအပူပွားတတ်သည် အနှုတ်သုံးဖြာ
ကောင်းတာမဆက် စွမ်းအားပျက်က ပူလောင်ရ
ဒုက္ခအပူပွားတတ်သည် ဈေးရောင်းသူမှာ ဥစ္စာရောင်းက
အမြတ်ရ အေးမြပျော်ရွှင်သည်
သတိဥာဏ်ကူ အပူနှုတ်ကာ အေးတာကိုဆက်
ရှေ့ကိုတက် နှုတ်ဆက်သူတွေစိတ်အေးသည်။

မြတ်စွာဘုရားရှင်က သတိမတော သဒါဘဒ္ဒံ = သတိရှိနေသူတွေအတွက် အခါခပ်သိမ်း အမြဲတမ်း ကောင်းတယ် လို့ ဟောကြားထားပါတယ် ။ အချိန်ထိန်း အာရုံထိန်း စိတ်ထိန်း ကိရိယာသတိရှိနေသူမှာ အချိန် ပြဿဒါးဆိုတာမရှိဘူး ။ အမြဲတမ်း အချိန်ကောင်း ရက်ရာဇာချည်းပါ ။ တရားဆိုတာ လောကကိုအနိုင်ယူဖို့ ပေါ်လာတာပါ။တရားကိုထိန်းချုပ်ထားတာက သတိပါ ။

လူ့စိတ်မကောင်းအောင် အချိန်မကောင်းအောင် လုပ်နေတာက ကိလေသာပါ ။ ဒုက္ခအပူမျိုးစုံ ဖန်တီးနေတာလဲ ကိလေသာပါ။ ကောင်းတဲ့သတိနဲ့ မကောင်းတဲ့ ကိလေသာ တွဲလို့မရတော့ သတိရှိနေရင် အချိန်ကောင်းဖြစ်သွားတယ် ။ ကောင်းဆိုးနှစ်တန် ဘယ်လောကဓံ နှင့်ပဲတွေ့တွေ့သတိရှိနေရင် အချိန်ကောင်းချည်းပါ ။ အဆိုးနှင့်တွေ့ရင် သတိက အဆိုးကိုနှုတ်ပြီး အကောင်း နဲ့ဆက်ပေးလိုက်မှာပါ ။

သတိဟာ အဆိုးကိုဖန်တီးတတ်တဲ့ ကိလေသာအပူငွေ့အဆိုးဓာတ်တွေကို ပယ်နှုတ်ပေးတယ်။ လျှော့ပေးတယ် ။ ဖျောက်ဖျက်ပေးတယ် ။ ဝီရိယ လှုပ်ရှားတိုင်း သတိပါမှအပူငွေ့ကင်းပါတယ် ။ တရားထိုင် ကြတဲ့အခါ စစချင်းရင်ဆိုင်ရတဲ့ ကိလေသာအပူငွေ့ကို သတိ ဝီရိယက တစ်စတစ်စ နှုတ်ပယ်ပေးတယ်။

သမာဓိကောင်းတော့ ဥာဏ်ပွင့်လာတယ် ။ ညောင်းညာကိုက်ခဲထုံကျင်တဲ့ ဆင်းရဲတွေကိုပါ အနိုင်ယူ လွှမ်းမိုး နိုင်သွားတယ် ။ သမာဓိဥာဏ်နဲ့ဆက်ပေးလိုက်တော့ အပူကိုနှုတ်ပြီး ဆင်းရဲကိုနိုင်သွားတယ် ။ ဆင်းရဲနေတဲ့ ဒုက္ခခန္ဓာတစ်ခုလုံး ဥာဏ်အောက်မှာရောက်သွားတယ် ။ အချိန်က လူကိုကောင်းအောင်လုပ် မပေးနိုင်ပါဘူး။

လူကသာ အချိန်ကို ကောင်းအောင်ပြုလုပ်ဖန်တီးပေးရပါတယ် ။ သတ္တဝါတွေဟာ ကောင်းကင်နက္ခတ်က သတ်မှတ်ပေးတဲ့ ပြဿဒါးကြောင့် ဆင်းရဲကြရတာမဟုတ်ဘဲ မကောင်းမှု အကုသိုလ်တွေကြောင့်သာ ဆင်းရဲကြရတာပါ ။ ကောင်းကင်နက္ခတ်က သတ်မှတ်ပေးတဲ့ရက်ရာဇာကြောင့် ချမ်းသာကြရတာမဟုတ်ပဲ အလုပ်ကောင်းလို့ ခေါ်ဆိုရတဲ့ ကောင်းမှုကုသိုလ်တွေကြောင့်သာ ချမ်းသာကြရတာပါ ။

သာသနာတော်နည်း အရ အကောင်းအဆိုးသိဖို့ ကောင်းကင်နက္ခတ်ကို
မော်ကြည့်နေစရာမလိုဘူး။ကိုယ့်စိတ် ကောင်းမကောင်းပဲ အကဲခတ်ကြည့်ပါတယ် ။ စိတ်မှာ ကိလေသာဖြစ်နေရင် ပြဿဒါးအချိန်ပါ ။ အချိန်ပျက်ကြီး ။ စိတ်မှာ သတိဖြစ်နေရင် ရက်ရာဇာအချိန်ပါ ။ အချိန်ကောင်းပေါ့ ။ ကိလေသာက ပြဿဒါးဖြစ်အောင်လုပ်တယ် ။

သတိက အချိန်ကောင်းအောင်လုပ်ပေးတယ် ။ သတိဆိုတာ အဖိုးတန်အသိဥာဏ်သိုမှီးပေးတဲ့ ဘဏ်တိုက် လဲဟုတ်တယ် ။ ဥာဏ်ထည့်သွင်းသိမ်းဆည်းပေးတဲ့ ပိုက်ဆံအိတ်လဲဟုတ်တယ်။သတိရှိရင် အချိန်ပြောင်းတိုင်း အချိန်ကောင်းချည်းပဲ ။ ရုပ်နာမ်တွေ ဖြစ်ပြီးပျက်တာက နှုတ်တာ။အကြောင်းရှိလို့ ထပ်ဖြစ်တာက ဆက်တာ။ သတိရှိရင် ဥာဏ်ပေါ်လာလို့ အပူစွဲအရှုပ်ကိုနှုတ်ပြီး ဝိပဿနာတရား စွမ်းအားနဲ့ဆက်ပေးလိုက်တယ်။

ဒါကြောင့် အချိန်ကောင်းဖြစ်သွားတယ် ။ သတိဆိုတာ လောကအပေါ် အပူဆင်းရဲအားလုံးအပေါ် သြဇာ အငြောင်း ဆုံးလဲဖြစ် အကောင်းတရားအားလုံးကို စေ့စပ်သေချာတိကျပြည့်ဝအောင် ထိမ်းသိမ်းစောင့်ရှောက် ကြီးကြပ် အုပ်ချုပ်ပေးရတာလဲဖြစ်တာကြောင့် တရားမင်းပါ ။ ဓမ္ဓရာဇာပေါ့ ။ ဓမ္မရာဇာဖြစ်တဲ့သတိရှိနေရင် ဖြစ်ပျက်လဲ အဖိုးတန်ဖြစ်ပျက်ရာဇာပဲ။အချိန်တိုင်းလဲ အချိန်ရာဇာ အလုပ်တိုင်းလဲ အလုပ်ရာဇာတွေဖြစ်သွားတယ်။စက္ကန့် မိနစ် နာရီတိုင်း သတိရှိနေရင် စက္ကန့်ရာဇာ မီးနစ်ရာဇာ နာရီရာဇာပဲ ။

နေ့မှာ သတိရှိနေရင် နေ့ရာဇာ ညမှာ သတိရှိနေရင် ညရာဇာ တစ်ရက်လုံးသတိရှိနေရင် ရက်ရာဇာပဲ ။ အဆင့်မြင့် အဖိုးတန်ရက်ပါ ။ သတိရှိတော့ ဥာဏ်ပေါ်ပြီး အဖိုးတန်အောင်နေမယ် ။ အဖိုးတန်တာလုပ်မယ်ပေါ့ ။ လတိုင်း နှစ်တိုင်း သတိရှိနေရင် လရာဇာ နှစ်ရာဇာပေါ့ ။ တစ်ဘဝလုံး သတိကိုင်စွဲထားနိုင်ရင် ဘဝရာဇာတောင်ဖြစ်သွားမယ် ။ ဘဝတွေထဲမှာတော့ အဆင့်မြင့်အဖိုးတန်ဘဝမင်းပါ ။

ယနေ့ နှစ်သစ်ကူးပြောင်းနေဆဲကာလကို နှစ်သစ်မင်္ဂလာရက်ရာဇာ လို့ ခေါ်နိုင်ပါတယ် ။ စကားနှစ်သစ် ၊ တရားနှစ်သစ်လို့တော့ နှစ်မျိုးခွဲပြောရမယ်ပေါ့ ။ 2011- ခု နှစ်ဟောင်းကနေ2012 - နှစ်သစ်ကို ကူပြောင်းလာတာဖြစ်လို့ စကားအနေနဲ့ နှစ်သစ်လို့ပြောကြတာက စကားနှစ်သစ်ပါ ။ စကားနှစ်သစ်ကို ခဏပဲ ပြောကြမှာပါ ။ ယခု 2012 နှစ်သစ်ကို ကူးပြောင်းကာစမှာ နှစ်သစ်လို့ပြောကြပေမယ့် နောက်တော့ ရိုးရိုးပဲ ပြန်ပြောပြီး ဟိုနောက်ပိုင်းရောက်တော့ နှစ်ဟောင်းလိုပဲ ပြန်ပြောကြဦးမှာပါ။

ပညတ်ဆိုတာ စကားပြောရုံပါ။ တရားနှစ်သစ်ဆိုတာ တရားအနှစ်အသစ်တွေ နောက်ထပ်ဖြစ်ပေါ်ရရှိတိုးပွားအောင် ပြုလုပ်အားထုတ်နေရမှုကို ပြောတာပါ။ လူ့ ဘဝတစ်ခုလုံးရဲ့ အနှစ်ချုပ်ကကောင်းမှုတရား တစ်မျိုးတည်းဘဲရှိတာ။ဒီကောင်းမှု တရားကသာ ကိုယ့်အတွက် ခုရောနောင်ပါ အစအဆုံး အားလုံး အာမခံတာဝန်ယူသွားမှာဖြစ်တယ်။ဘဝအနှစ်ဖြစ်တဲ့ ကောင်း မှုတရားများ နေ့ စဉ်ရရှိ တိုးပွားရေးဟာ လူ့ ဘဝရဲ့ အဓိကတာဝန်ပါ။

သတိဆိုတာ လူတွေနေ စဉ်လုပ်ကိုင် နေရ တဲ့ စားဝတ်နေရေး စီးပွားရေး အလုပ် အားလုံးကို တရားနှင့်တစ်သားတည်းတွဲမိအောင် ပေါင်းစပ်ပေးတဲ့ အချိန်ထိန်းကိရိယာ အာရုံထိန်းကိရိယာ စိတ်ထိန်းကိရိယာ ဖြစ်တယ်။
နေ့ တိုင်းသတိရှိနေရင် ဘဝရဲ့ အနှစ် အသစ်တရားတွေ နေ့ စဉ် ရရှိတိုးပွား နေမှာပါ။
မကောင်းမှုအကုသိုလ်ကို နှုတ်နိုင်မှ ကောင်းမှုကုသိုလ်တရားနဲ့  ဆက်နိုင်မယ်။ ပူတာကိုနှုတ် အေးတာနဲ့ ဆက် ရှုပ်တာကိုနှုတ် ရှင်းတာနဲ့ ဆက် ညစ်တာကိုနှုတ် သန့် စင်တာနဲ့ ဆက်မှ ကောင်းမှုတရား ရရှိနိုင်ပါတယ်။ 

အကျိုးပေးတော့လဲ မကောင်းကျိုးကိုနှုတ်ပြီးကောင်းကျိုးနဲ့ 
ဆက်ပေးမှာဖြစ်တယ်။ အဆိုးကိုနိုင်တယ်။ အကောင်းကိုပိုင်ဖို့  တာဝန်ယူတယ်။ ဒါကြောင့် နှုတ် ဆက် မင်္ဂလာအစစ်ပါ။ နေ့ တိုင်းသတိထားပြီး ကောင်းမှုတရား ရရှိတိုးပွားအောင် ကြိုးစားနိုင်ရင် နေ့ တိုင်းနှစ်သစ် မင်္ဂလာ ရက်ရာဇာချည်း ဖြစ်နေတော့မှာပါ။ ယနေ့  နှစ်သစ်ကူးမှာ ဆိုးကျိုးတွေကိုနှုတ်ပြီး ကောင်းကျိုးတွေနဲ့ ဆက်ဖို့  ဆင်းရဲအပူကိုနှုတ်ပြီး ချမ်းသာအအေးနဲ့ ဆက်ဖို့  မကောင်းမှုကိုနှုတ်ပြီး ကောင်းမှုတွေ လုပ်လို့  ဒါန သီလ သမာဓိ ဝိပဿနာ ကောင်းမှုတရားများ ရရှိတိုးပွားအောင် ကြိုးစားနေကြတာဖြစ်တာကြောင့် နှစ်သစ် မင်္ဂလာရက်ရာဇာ လို့  ပြောလို့ ဖြစ်ပါတယ်။

လူ့ ဘဝမှာ လူသွားလမ်း ၃ လမ်း ရှိပါတယ်။
(၁) လောဘမောဟဦးဆောင်တဲ့  ဘာကုန်ကုန် ကုန်ရင်ကျသွားတဲ့ လမ်း၊ နှုတ်လိုက်ရင်စွမ်းအားမဆက်နိုင်ပဲ ချော်ထွက်သွားတဲ့ နှုတ်ထွက်လမ်း ခေါ်ရမှာပေါ့။
(၂) ဒေါသမောဟဦးဆောင်တဲ့ စိတ်မနိုင်လို့ မြင့်ရာကနိမ့်ရာကိုခုန်ချတဲ့ ခုန် ချလမ်း၊ နှုတ်လိုက်ရင် မရှုမလှ ပျက်စီး သွားတတ်တဲ့ နှုတ်ပျက်လမ်းလို့  ခေါ်ရမှာပေါ့။

(၃) သတိဥာဏ်ဦးဆောင်တဲ့ ဘာကုန်ကုန် ကုန်ရင်စွမ်းအားပြန်ရတဲ့ ကုန်ရလမ်း၊ နှုတ်လိုက်ရင် စွမ်းအား ဆက် နိုင်တဲ့ နှုတ်ဆက်လမ်းပေါ့။ လူ့ ဘဝတခုလုံး တူရာပေါင်းရင် နှုတ်တာနဲ့ ဆက်တာနှစ်တည်းဘဲ ရှိတာဖြစ်တာ ကြောင့် အနှုတ်မှန်လို့ အဆက်ကောင်းအောင် သတိဥာဏ်ဦးဆောင်တဲ့ တတိယလမ်းကြောင်းပေါ်ကအမြဲသွား နိုင်အောင်ကျိုးစားရမှာဖြစ်တယ်။ ဒါမှ နှုတ်+ဆက်=မင်္ဂလာအစစ် နေ့ တိုင်းဖြစ်ခွင့်ရနိုင်တယ် အဆိုးကိုနှုတ်လို့  အကောင်းနဲ့ ဆက်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

မှတ်ချက်။ ။တိပိဋက(ယော)ဆရာတော်ဘုရားကြီး၏ နှစ်သစ်ကူး ဓမ္မလက်ဆောင်စာအုပ်မှ ကောက်နှုတ်ချက် ဖြစ် ပါတယ်။
ဤပိုစ့်လေးအား စာစီစာရိုက်ပေးသော အရှင်သောဘန(နာလန္ဒာ)အား အထူးပင်ကျေးဇူးတင်ရှိပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Friday, December 30, 2011

ဒါဝင်၏သီအိုရီကိုသုံးသပ်ခြင်း



ဒါဝင်သီအိုရီနဲ့ ပတ်သက်ပြီး ဘ၀င်မကျ လက်မခံနိုင်ခဲ့ပါ။ ဒီအယူအဆကို အရင်တုန်းက မှန်သင့်သလောက်မှန် တယ်လို့ ယူဆပြီး လက်ခံခဲ့ကြတာများတယ်။ စာရေးသူလဲ ငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စာရေးသူကို လူအစ မျောက်ကလားဆိုတာကို မေးတဲ့အတွက် မဟုတ်ပါဘူး လို့ပဲ တိုကျဉ်းလိုရင်း ပြောခဲ့တယ်။ဒါပေမဲ့ အဖြေက ဒီလောက်နဲ့ မလုံလောက်မှန်းသိပါတယ်။ 

ဒီလိုနဲ့ ဇူလှိုင်လထုတ် ဓမ္မရံသီမဂ္ဂဇင်းမှာ စာရေးဆရာ ဥာဏ်ဝင်း(ပင်လယ်ဘူး)ရဲ့ “ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ 
အယူအဆလေးတွေကောင်းလွန်းတဲ့အတွက် ဒီ ဖတ်မိသမျှစာများကဏ္ဍမှာ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ ဒါကို ဖေါ်ပြရတာကလဲ လူအများ ဘာသာအယူအဆ အမြင်မှန်သူများဖြစ်ကြပါစေ ဆိုတဲ့ ရည်ရည်ချက်နဲ့ပါ……..

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း

(၁)
ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနောက်၍ဖတ်ရာတွင် ဆရာစောနေလတ်၏ “အစများ၏အစ” ဆောင်းပါးကို၂၀၀၂- ခုနှစ်၊မတ်လထုတ် ဓမ္မရံသီမှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ “မနုဿနိဒါန်း”ဟူသော ဆောင်းပါးကို ဖတ်ရာမှ “အစများ၏အစ”ဆောင်းပါးကို ရေးဖြစ်ကြောင်း ဆရာစောနေလတ်ဆိုထားပါသည်။

ဆရာစောနေလတ်ပြောသလို မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိလှသည့်အလုပ်ကို ၀ါသနာအလျောက်သိချင်လုပ်ချင် မိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ထေရ၀ါဒဗုဒ္ဓကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော ရည်ရွယ်ချက်ထားရှိပါ သည်။

မြတ်စွာဘုရားဟောတော်မူသော “သံသရာ၏အစသည် မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏ အစကို ဆိုထားသည်ကားမဟုတ်။ အနမတဂ္ဂသံသရာ၏အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီသည် အနောက်တိုင်းမှာရော အရှေ့တိုင်းမှာပါ ပျံ့နှံ့လျှက်ရှိ သည်။ သိပ္ပံပညာကို ဦးဆောင်နေသော အနောက်တိုင်းသားတို့ဋ္ဌ အတွေးအခေါ်ကို အရှေ့တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည်ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှစတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည် ကမ္ဘာမျက်နှာစာမှာ အသာစီကရနေပါသည်။ သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှ အမှန်၊ သူတို့သမိုင်းမှအခိုင်အမာ အတိအကျ ဖြစ်နေရပါသည်။

အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ကျောက်ဖြစ်ရုပ်ကြွင်းတို့ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြ သည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည်မဟုတ်၍ မှန်ချင်မှန်မည်၊လွဲချင်လွဲမည် သေချာသောအလုပ်ကားမဟုတ်။

(၂)
မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင် ကြသည်ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ၀င်ချင်ဝင်ဦးမည်။
ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊၀ီရိယ၊သီလ၊သမာဓိ၊ ပညာတို့ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင် တို့သာလျှင် သက်ဝင် ယုံကြည်နူင်ကြ၏။ သဒ္ဓ၊ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။

ထိုဘုရားဟော ပိဋကတ်တော်တို့ကိုကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ် စသော ၀ိဇ္ဇာဥာဏ်တို့နှင့်ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှ သဒ္ဓါ၊ပညာအဆင့်လိုက် ကွာဟမှုတော့ ရှိကြပေမည်။
သဗ္ဗညုတဥာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ စရိယာပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော်တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် ကကုသန်မြတ်စွာဘုရားလက်ထက်တော် မတိုင်မီကတည်းက ရှိနေပြီးဖြစ်ကြောင်း သိရပေသည်။

လူသားမျိုးနွယ်ဆက်သည် တကမ္ဘာပတ်လုံး အမြဲတမ်းယဉ်ကျေးတိုးတက်၍ မနေသလို အမြဲတမ်းလဲ နိမ့်ကျမနေဟု ယူဆပါ သည်။ ပိဋကတ်ကျမ်းစာများအဆိုအရ မိမိတို့ဝန်းကျင်ရှိ လူသက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့်ကြသောကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တွက်သွားသည်။ ဗြဟ္မစိုရ်တရားခြောက်သွေ့၍ လူတွေတရားမစောင့် သောကာလတွင် ဤလူတို့သက်တမ်းသည် ၁၀-နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ 

မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင် အသက်တမ်းသည် အသေင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀မင်းတို့ခေတ်တွင် လူတို့သက်တမ်းသည် သိန်းချီ၍ ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတုစကြာမင်းတို့ခေတ် မဟာသုဒဿနစကြာမင်းတို့ခေတ်သည်လဲ သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူအဖွဲ့အစည်းဖြစ်ပါသည်။

ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင် မယဉ်ကျေးသော လူရိုင်းများ လဲရှိနေနိုင်ပါသည်။ ယခုတိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင် အချို့နေရာများမှာ လူရိုင်းများ ရှိနေသည်ကို သတိပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှုတိုးတက်နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏သမိုင်းခေတ်ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ် ဖြစ်ချင် ဖြစ်နေမည်။ 

ယခုသီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသော လူအဖွဲ့အစည်း မရှိသေးကြောင်းသိရပေသည်။ အိမ်နား မှာစိုက်ထားသော ငှက်ပျောမျိုးကို တောကြီးမျက်မည်းတွင် သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာသည်ကို တွေ့ရှိရသည်။ တော်ငှက်ပျော၏၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။

လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍တောသဘာဝနှင့် လိုက်လျောညီထွေသော ကြမ်းတမ်းမှုစသည် လောက်တော့ ဖြစ်လာစရာရှိပါသည်။ သို့သော် လူသည်လူသာဖြစ်၍ တိရစ္ဆာန်အနွယ် ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို၊ တိရစ္ဆာန်အနွယ်မှလည်း လူ့အနွယ်ဖြစ်လာစရာအကြောင်းမရှိဟို ယူဆပါသည်။

ဣသိသိင်္ဃ ဇာတ်တော်တွင် ဘုရားအလောင်းရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင် မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ် သည်။ တစ်စတစ်စ မျီုးဗီဇတို့ ဇာတ်ခြားသည်အထိ ရိုင်းရာမှယဉ် ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ် က ဆရာဝန်တစ်ဦးရေးသော ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးသည်ကို သတိရမိသည်။

ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီဇာတ်ခြားသောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်းဆိုပါသည်။ ထိုအဆိုသည် သူသိသောဆေးပညာအရသာ ဆိုခြင်းဖြစ်ပြီး၊ သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်းမဟုတ်ဟု နားလည်မိပါသည်။

မကျည်းပင်၊ကြာပွင့်တို့၌ သံသေဒဇပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ စဉ်းစားလျှင် ဦးနှောက်ခြောက် ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ ပို၍ပိုစဉ်းစားမရနိုင်ဖြစ်ရသည်မှာ ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှား ဖြစ်သည်ဟူသော ဥပပါတ်သတ္တ၀ါများအကြောင်းပင် ဖြစ်ပါသည်။ အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသေန္ဓများအနက် သြပပါတိက (ဥပပါတ်)ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ်ဝတ္ထုများကိုသာ စူးစမ်းသော အသိဥာဏ် ဖြင့် မလုံလောက်တော့ချေ။ 

မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဥာဏ်၊သဗ္ဗညုတဥာဏ်တို့ကိုလဲ ယုံကြည်နိုင်ရန် မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်းတိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဥာဏ် ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မပြည်မှ စုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည်လျှင် မျောက်ကနေ၍ လူဖြစ်လာသည်အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပမ်းခံစားဖွေခြင်းသည် သာမာန်လူတစ်ဦ၏ ကိုယ်ပိုင်အတွေးအခေါ်အပိုင်းအခြား (သာမညယုတ္တိ)ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင်ပေ သည်။ 

ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏ အပြင်ဖက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။ မြတ်စွာဘုရားကို ခံ၍ငြင်းရာလဲရောက်ပါမည်။ အဘယ်ကြောင့်နည်း…..ဥပပါတ်သတ္တ၀ါများရှိကြောင်း မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသောကြောင့် ဖြစ်ပါသည်။

(၃)
ဒါဝင်၏ Evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာရှိပါသည်။ လက်ရုံးနှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ် ကြောင့်ဆိုသော် ဒါဝင်၏ Evolution သိအိုရိအရ နိမ့်ရာမှ မြင်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သောကြောင့် တည်း။ 

ဒါဝင်၏အဆိုကို ဘာထရန်ရပ်ဆယ် ကလည်း ငြင်းဆို ကပ်ကွက်ခဲ့ကြောင့် သိရပေသည်။ အစ၏အစ ဆိုရာမှ သတ္တ၀ါ၏အစကို အသာထား၍ ရေမြေလေမီးဟူသော ပရမတ္ထဓါတ်ကြီးလေးပါး၏အစကို ရှာကြည့်လျှင်လည်း အသိဥာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုယ်သာပိုင်းခြားသိတော်မူသည်ကားမဟုတ်၊ ရုပ်တရားများကိုလဲ ပိုင်းခြားသိတော်မူပါပေ၏ လောက၀ိဒူ ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊ သြကာသလော နေလကမ္ဘာ အနန္တစကြာဝဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။

ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း (ဧကနိကယ) ကိုမျှလဲ ငါဘုရားမြင်တော်မမူ ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော ဥပါပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခုအပါအ၀င်ဖြစ်ပေလိမ့်မယ်။ ဥပပါတ်ပဋိသန္ဓေကို မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင်ဝါဒကိုလျှင်လဲ ယုံကြည်ယူဆမိမည်။ 

သို့မဟုတ်ဒါဝင်၏ Evolution သီအိုရီကိုလျှင်လဲ ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လဲ သာမညယုတ္တိ နောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော နည်းပညာပစ္စည်းများ အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)လောက်ကာလမှာ သွားပြောလျှင် ဥဏ်မီရာ ယုတ္တိရှာမရ၍ မယုံကြည်နိုင်ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသေည်။

နိဂုံးချူပ်အနေဖြင့် တစ်ခုပြောလိုသေးသည် အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပ်တို့သည် ကံ -စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓ၌ဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ 

ဗဟိဒ္ဓရုပ်ဖြစ်သော သုဒ္ဓဋ္ဌကလာပ် (ရေ-မြေ-လေ-မီး-အဆင်း-အသံ-အနံ့-အရသာ-သြဇာ) သဒ္ဒန၀ကကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင် သဒ္ဒထည့်) တို့သည် ဥတုအကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ တဏှာ ကံ သင်္ခါရတို့နှင့် လုံးလုံးအဆက် အသွယ်ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသောအကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။

“စိတ်သည် လောကကို ဆောင်အပ်၏” ဟူသောမြတ်ဗုဒ္ဓ၏အဆိုအမိန့်ကို ဤအရာ၌ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။ အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်းတွင် ကြည့်ရှုနိုင်ကြပါသည်။

ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း ၊ ဆရာစောနေလတ်တို့ကို အထူးကျေးဇူးတင်ပါသည်။

 
From http://www.mmtheravada.org
 

Thursday, December 29, 2011

ပါရမီဆိုတာ -ဖြည့်ဖို့ 



ပါရမီဆိုတာ -ဖြည့်ဖို့ 
ဆရာတော်ဘုရား၏ဂရုဏာဖြင့်တိုက်တွန်းချက်များသည်ပါရမီဖြည့်ရန်တွန်းအားပေးနေသကဲ့သို့ ။ အရာရာတိုင်းမှာကောင်းသောအာရုံနှင့် မကောင်းသောအာရုံ၂ ခုရှိသော်လည်း ကောင်းသောအာရုံကိုသာ လက်ခံထား၊ ကောင်းသောမနောကံ၊ ကောင်းသောဝစီကံ၊ ကာယကံများကိုဘဲလုပ်သင့်တယ်နော်၊ အကုသိုလ်စကားဆို ခုလဲမပြောနဲ့ ၊ နောက်လည်း မပြောနဲ့ ၊ တရားထိုင်စဉ်မှာသီးခံမှတ်ပါ။ သည်းငြီးခံပါ၊ဇွဲရှိပါ၊စိတ်ရှည်ရှည်ထားပါ။

သတိနှင့်ဝီရိယကိုတင်ထားကြ ပညာဥာဏ်နှင့်ရှုလို့ အနားမှာထိုင်ရင်းတဖွဖွပြောနေရတာ မုန်းလို့ မဟုတ်ပါဘူး အသိထူးဥာဏ်ထူးတွေ ရစေချင်လွန်းလို့ ၊ ဝီရိယပါရမီ၊ခန္ဓီပါရမီတွေတိုးတက်စေချင်လွန်း လို့ ပါ၊ ဘုန်းဘုန်းတို့ အတွက်မဟုတ်၊ မိမိကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမဲ့ တရားတွေပါ။ဘုန်းဘုန်းဘယ်လောက်ခိုင်းခိုင်း ကိုယ်က မကျင့်ရင်၊မရှုမှတ်ရင်၊တရားမထိုင်ရင်ဘာတရားအသိမှမရနိုင်ဘူး၊

ဤနေရာတွင် ရှေးရေစက်ပါရမီ ဖြည့်ကျင့်ခဲ့ရသည်များကိုသိစေချင်သောဆန္ဒဖြင့် စာရေးသူသည်ပါရမီနှင့် ပတ်သက်၍ အနည်းငယ် ဖြည့်စွက်ရေးသား ပြလိုက်ပါသည်။

ပါရမီ = မြင့်မြတ်သူတို့ ၏လုပ်ငန်းစဉ်
၁-ဒါနပါရမီ = ပေးကမ်းလှုဒါန်းစွန့် ကြဲမှုကို ဖြည့်ကျင့်ခြင်း၊
၂-သီလပါရမီ = ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း၊
၃-နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း၊
၎-ခန္တီပါရမီ = သည်းခံခွင့်လွှတ်ခြင်းကို ဖြည့်ကျင့်ခြင်း၊
၅-သစ္စာပါရမီ = အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်းလိုက်နာပြုကျင့်မှုသစ္စာကိုဖြည့်
ကျင့်ခြင်း၊
၆-မေတ္တာပါရမီ =သတ္တဝါများကိုမိမိနှင့်ထပ်တူ ချစ်ခင်စိတ်ထားရှိရန် ဖြည့်ကျင့်ခြင်း၊
၇-ဥပေက္ခာပါရမီ = ချစ်ခြင်း၊မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန်ကိုခံနိုင်ရည်ရှိစေရန်
ဖြည့်ကျင့်ခြင်း၊
၈-အဓိဋ္ဌာန်ပါရမီ =စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာလိုက်နာကျင့်သုံးမှုကို
ဖြည့်ကျင့်ခြင်း၊
၉-ဝီရိယပါရမီ = ဇွဲ၊လုံ့ လ စွမ်းပကားကြီးမားစေရန် ဖြည့်ကျင့်ခြင်း၊
၁၀-ပညာပါရမီ = ဥာဏ်ပညာ တိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း၊

တကယ်အဟုတ်ပါရမီဖြည့်တော့မည်ဆိုလျှင်၁ မှ၁၀ အထိဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊ ၂ ပြီး၃ ဟူ၍ တရားသေပါရမီ ဖြည့်နေရမည်ကားမဟုတ်ပေ။ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊ ပါရမီတစ်ကွက်ဖြည့်ခြင်းသည် လူမိုက်ခေါင်းဆောင်ဖမ်းမိသကဲ့သို့ ကိလေသာအားလုံးကို တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။
ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ်တစ်ခုကိုတာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည်
သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့ ၏တရားကိုယ်များပင် ဖြစ်သည်။

အကျဉ်းဆိုသော် - သီလ၊ သမာဓိ၊ ပညာ ပါရမီ
ဒါန၊ သီလ ပါရမီခန်းသည် စိတ်လေ့ကျင့်မှု- သီလပါရမီတော်။

နေက္ခမ္မ၊ ခန္တီ၊ သစ္စာ၊ မေတ္တာ၊ ဥပေက္ခာ တိုင်သည့်ပါရမီများသည် စိတ်တည်မှုအလေးပြုသော- သမာဓိပါရမီတော်၊
 
အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာ ပါရမီ များသည်သိပိုင်မှုကို အလေးပြုရသော - ပညာပါရမီတော်။

ပါရမီဟူသည် ဖြည့်ကျင့်နေခြင်းဟု အဓိပ္ပါယ်ရသည်၊
ပါရမီသည် အကျင့် ဖြင့် တဏှာဖြတ်၊ အသိဖြင့် တဏှာသတ်ရသည်ကိုမမေ့သင့်၊

လက်ထဲရောက်နေသော အခွင့်အရေးများ
ရခဲလှသောလူ့ ဘဝ ၊ သာသနာတော်အတွင်းမှာလဲ လူဖြစ်ရ၊ခက်ခဲနက်နဲသော တရားများ ကိုလည်း သင်ယူနားကြားနေရသော ယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော ဘဝပေတည်း၊

၁- အလွန်ကျင့်၍ အလွန်ရင့်မှပွင့်လေသောဗုဒ္ဓ နှင့်ဗုဒ္ဓခောတ်တို့ လည်းလက်ဝယ်ရှိနေ၏။ ယခုလူ့ ဘဝ တွင်ပါရမီတော်အဆင့်ဆင့်ကိုကောင်းစွာအဆင့်ဆင့်ဖြည့်ကျင့်ခွင့်ရနေသည်၊
၂-ဘုရားနှင့်အရိယာတို့ သာသိနိုင်သောသစ္စာတရားကိုသိခွင့်ရနေသောလူ့ ဘဝသည်လည်းလက်ဝယ်ရှိ နေပြီ။
၃-ရတနာ၃ပါးနှင့်သာသနာအပေါ်ယုံကြည်အားကိုးမှုသဒ္ဓါကလည်း ပြည့်ဝစွာ လက်ဝယ် ရှိနေပေသည်။
၎- ယနေ့ ထွက်ခွါရန် ကြိုးစားသော်ယနေ့ ပင်ထွက်လမ်းကြီး “သာ” နေသည်ကိုလည်း လက်တွေ့ မြင်နေရ၏၊
၅-ကိုယ်တိုင်သိလမ်းပြပေးနေသောအရိယာသူတော်ကောင်းတို့ ၏ကူညီအားကလည်း မိမိအနား စောင့်စားလျက် အခွင့်အရေးကောင်းကြီးများပင်၊လမ်းသိပြီးသူ ဆရာမှန်ကို ဆရာတင်ကသံသရာလွတ်လမ်းနိဗ္ဗာန်လမ်းကို ရာနှုန်း ပြည့်ရောက်မည်သေချာသည်။ လူလည်းသက်သာ၊ပါရမီလည်း အမြန်ဖြည့်ရာ ရောက်စေသည်။

ထိုမျှအဖိုးတန်လှသောလက်ပေါ်ရောက်အခွင့်အရေးများကိုမယူတတ်လျှင်အသုံးမချ တတ်လျှင် အသုံးချလိုစိတ်မရှိခဲ့လျှင် သင်သည်ထီပေါက်လျက်က ထီလက်မှတ်ပျောက်နေ သူ နှင့်မခြားနား၊သင်လောက် မိုက်ကန်းသူ လောကတွင်မရှိတော့ပြီ။သင်ပိုင်ဆိုင်သော သာသနာသည်ဒီနေ့ တရက်ထည်းသာ၊ မနက်ဖန်သင်သေခဲ့သော်တရားအသိ၊တရားအကျင့် မရှိခဲ့သော်သာသနာသည် သင်အတွက်မဟုတ်တော့၊ သင်နှင့်မဆိုင်အပယ်သာ ရောက်ရချေမည်၊

မျောက်ရယ်၊ကလေးရယ်၊ ပတ္တမြားရယ် ရွေးတတ်ရမယ်
မျောက်သည် ပတ္တမြားနှင့် သစ်သီးပေးသော် သစ်သီးသာမက်၏၊
ကလေးကို အစားနှင့် ပတ္တမြားပေးသော် အစားသာမက်၏၊
မျောက်နှင့်ကလေးသည် ပတ္တမြားကို ကောက်ကြည့်၊ မြှောက်ကြည့်၊ ပြီးတော့ ပြန်ချ ပစ်ချထား၏၊
ငုံ့ ကြည့်လိုက်၊ မော့ကြည့်လိုက်၊မျက်နှာလွှဲထားလိုက်နှင့် တခါတရံပတ္တမြားကို ပစ်လဲမပစ်၊ သုံးလဲမသုံးချေ၊ 

ကာမအဆိပ်သင့်ကာ မေ့လျော့နေသူများသည်လက်ပေါ်သို့ ရောက်နေသော ပတ္တမြားကို (ဘုရား၊တရား၊သံ ဃာ) မသုံးတတ်သဖြင့်အလွန်ကံကောင်းနေပါသော်လည်း မျောက်အသိ၊ ကလေးအသိလောက်သာရှိနေပါ သေးသည်။ 

ယခုဘဝမှာသံသရာမှလွတ်မြောက်ဖို့ ရာ ထိုပါရမီ၁၀ ပါး ကိုလက်ဝယ်ရှိနေသော လူ့ ဘဝအခွင့် အရေးများ နှင့်   ရှေးရေစက်ကုသိုလ်ပါရမီကို အသုံးချ၍ မြောက်ဦးဆရာတော် ဘုရား၏ အနီးကပ် သွန်သင်ဆုံးမမှုများဖြင့် ဝိပဿနာတရားများကျင့် ကြံ ပွားများ ဖြည့်ကျင့် ခွင့်ရသော ရဟန်းဒကာ၊ ရဟန်းဒကာမ သူတော်ကောင်း အားလုံးတို့ သည်  ပါရမီမျိုးစေ့ များ ရရှိကာနိဗ္ဗာန်လမ်းကို တနေ့ တခြားနီး၍သာ သွားသော သူများ   ဖြစ်ကြမည်သာ။

ဆုတောင်း ကောင်းခဲ့လို့ 
ဆရာတော်ဘုရား၏ အပြုံးများထဲမှ အဆုံးအမစကားတရားများသည် ကား- အမေရိကန်က ဒကာ၊ ဒကာမတွေ ဆုတောင်းတွေ ကောင်းခဲ့လို့ အခုလို ဘုန်းဘုန်းတို့ နဲ့ သာသနာပြုတဲ့ နေရာ မှာ သိက္ခာတွေထပ်ခွင့်ရ၊ အလှုဒါနတွေပြုကြရ၊ သီလ ဘာဝနာ တရားတွေအားထုတ်ကြရတယ် မဟုတ်လား။

ဘုရားလက်ထက်တုံးက -ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်၊ သူတပါးနားထောင် ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိပါဘဲ။အဘယ်ကြောင့်အတင်းတရားတွေဟောပြောနေရ သနည်း ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ ကုမာရ- သင့်မှာသားသမီးရှိသလား ၊ ( တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရား ဟုဖြေ၏)။

ထိုအခါဘုရားကမေးပြန်သည်မှာ- ထိုသားလေး ပုလင်းကွဲတွေကို ပါးစပ်ထဲငုံထားတာမြင်ရင် မင်းရဲ့ သားလေး ကို ဒီအတိုင်းကြည့်နေမလား၊ အတင်းပါးစပ်ဟပြီးပုလင်းကွဲတွေထုတ်ပြစ် မလား၊
ကုမာရမင်းသားလေးဖြေဆိုသည်မှာ ပုလင်းကွဲများမျိုချလျှင် အူများပြတ်ကာ သေပွဲဝင်ရတော့မှာမို့ သားတော် ပါးစပ်ထဲ ငုံထားသော ပုလင်းကွဲများကို အတင်းပါးစပ်ဟကာထုတ်ပစ်ရ ပါမည်ဘုရားဟုဆိုလေသည်။ 

ထိုအခါ မြတ်စွာဘုရားက သွေးတွေထွက်မှပေါ့ဟုဆိုရာ ဖခင်ဖြစ်သူ ကုမာရမင်းသားသည်  မြတ်စွာဘုရား၊ တပည့်တော် ၏သားသည် ပါးစပ်မှသွေး ထွက်၍ မသေပါ။ ပုလင်းကွဲများမျိုချလိုက်ခဲ့လျှင်   သေရတော့မည်ဖြစ်သဖြင့် မမျိုချခင်၊ ဗိုက်ထဲ မရောက်ခင်ရသလို အတင်းထုတ်ရပါမည်ဘုရားဟုပြောခဲ့သောအခါ မြတ်စွာဘုရား အရှင်၏ ပြန်လည်ဆုံးမ ပြောကြားသည်မှာ -

အေး ငါဘုရားလည်း သတ္တဝါတွေကို အရမ်းသနားတော်မူသော်ကြောင့် အပယ်လေးပုံကို   ရောက်ကြရမှာစိုးရိမ်လွန်းလို့ ၊သတ္တဝါတွေဟာအကုသိုလ် လောဘ၊ ဒေါသ၊ မောဟ၊ တွေကိုပါးစပ်ထဲမှာ ငုံထားပြီးပြီ။ ဒါ့ ကြောင့် ငါဘုရား မဂ္ဂင်ဆေးတိုက်ကြွေးကာ အတင်းအန်ထုတ်ခိုင်းနေရတာပါ။ 

ငါဘုရားသည် မဂ္ဂင်ဆိုတဲ့ အန်ဆေးကြီးကျွေးနေတာပါလို့ ဖြေခဲ့တယ်၊ကုမာရမင်းသားလေး သည် ဘုရားရှင်၏တရားကိုနားကြားကာမြတ်စွာ ဘုရား၏မေတ္တာ ဂရုဏာကိုနားလည် သဘောပေါက်ခဲ့ရလေသည်။
အဲသလိုဘဲဘုန်းဘုန်းတို့ ကလည်းအပယ်ရောက်စေတတ်တဲ့အကုသိုလ်များကို ပါးစပ်ထဲ ငုံထားနေသော၊ ဗိုက်ထဲကိုမျိုချထားပြီးသောဒီဒကာဒကာမများကိုဘုရားကိုယ်စား မေတ္တာထား ကာ ရေမြေခြားသော်လည်း အရောက်လာပြီးတရားတွေ ပြပေး၊ ဟောပြောပေး၊ဘာဝနာ မဂ္ဂင်ဆေးတွေတိုက်ကျွေးနေရတာပါဘဲ။

ဘာဖြစ်လို့ လဲ- သေရင် မကောင်းတဲ့ဘဝတွေ ရောက်သွားမှာစိုးရိမ်လို့ ၊ဒကာ၊ဒကာမတွေရဲ့ သန္တာန်ထဲမှာ အကုသိုလ်တွေပြည့်နှက်နေတာကိုဘာနဲ့ ဖျက်ဆီးပြစ်ရမလဲ။ ကုသိုလ်တွေနဲ့ ဖျက်ဆီးရမယ်။ ကုသိုလ်၎ မျိုးရှိတယ်၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ၊ ကုသိုလ်၎ မျိုးရှိ သော်လည်း ဒါနကုသိုလ်နှင့်လည်း မပယ်နိုင်၊သီလကုသိုလ်ဖြင့် လည်း မကာကွယ်နိုင်၊ သမထကုသိုလ် ဖြင့်လည်း လမ်းမဆုံးနိုင်ပါဘူး၊ ဝိပဿနာဘာဝနာကုသိုလ်တခုတည်း ဖြင့်သာဖျက်ဆီးပြစ်နိုင်တာပါ။ ဒါ့  ကြောင့်ဘုန်းဘုန်းကအတင်းကိုမထိုင်ချင်လဲထိုင်မှတ်ခိုင်း၊ မထချင်လဲထမှတ်ခိုင်း၊ဆက်တိုက်နံနက်၆ နာရီခွဲမှည၉နာရီအထိမပြတ်မလတ်ဒလစပ် ရှုမှတ်စေခဲ့တာဘဲ။ 

ဒကာ၊ဒကာမတွေကမထိုင်ချင့်ထိုင်ချင်၊မထချင်ထချင်၊ ကြေးစည်တီးပြီးခေါ်ရင် မလာချင်လာချင်နဲ့ ဘဲ အာနာပါနကနေအားနာပါးနာလာကြထိုင်ကြ ဖြစ်နေကြတယ်။ တရားအလုပ်ဆိုတာလုပ်ချင်ချင်၊မလုပ်ချင်ချင် သည်းခံပြီးကျင့်ရတာပါ။

ဒီလိုသည်းခံကျင့်မှသာ ပါရမီဓာတ် တွေတိုးပွားလာမယ်၊ပါရမီတွေ ရင့်ကျက်လာမယ်၊ဒီပါရမီကုသိုလ်ဓာတ်တွေက
မိမိအတွက် ဘဲ၊ သည်းခံရင်နိဗ္ဗာန်ရောက်တယ်၊ အပယ်တံခါးပိတ်ဖို့ အသိထူးဥာဏ်ထူးတွေရဘို့ ဖြစ်လာမယ်ဆိုရင် ဘုန်းဘုန်းတို့ နဲ့ တွေ့ ရကြိုးမနပ်ဘူးလား၊တခါတွေ့ ရင်တခါလူဖြစ်ကျိုးနပ်တာဘဲ၊ဘာဖြစ်လို့ လဲ၊ဒကာ၊ဒကာမ တွေအတွက်ဘုန်းဘုန်းကဓမ္မလက်ဆောင်ပေးနေ
တာ၊ဓမ္မအမွေပေးနေတာ၊အိုနာသေဘေးမှလွတ်စေမယ့် ဓမ္မအလှုပေးနေတာနော်။

ဘုရားကဟောထားတယ် အိုနာသေဒုက္ခဘေးတို့ မှလွတ်ကင်းအောင် အို-ချစ်သား ချစ်သမီးတို့ 
လောကီအာရုံတွေအပေါ်မှာ လောကီစည်းစိမ်၊မိဘတွေပေးခဲ့သောလောကီအမွေ တွေ အပေါ်မှာယစ်မူးပြီးတော့ သူတော်ကောင်းတရားတွေကို မေ့လျော့ပြီးတော့အချိန်ကုန်ပြီးတော့ မနေကြပါနှင့်၊ ထိုသို့  ယစ်မူးကာ အချိန်ကုန်နေမယ်ဆိုရင် လူဖြစ်ရကျိုး နပ်လိမ့် မည်မဟုတ်၊
ငါဘုရားပေးသောသစ္စာ၎ ပါးမြတ်တရားကိုသဒ္ဒါတရားသီလတရားတွေ ရှေ့ ဆောင်ထား၍
တရားအမွေကို များများယူကြကုန်လော့၊ တရားအသိနှင့်အကြိမ်ကြိမ်လွဲခဲ့ပြီးပြီ၊ တရားအသိမရှိဘဲသေသွားရရင်လူဖြစ်ကျိုးနပ်လိမ့် မည်မဟုတ်၊

အခုလိုသစ္စာလေးပါးတရားတွေနာကြရ၊မဂ္ဂင်အကျင့်တွေကျင့်နေကြရတာ၊တရားအမွေတွေ
ခံယူခွင့်ရ နေကြရတဲ့ ဒီဒကာ၊ဒကာမတွေ ဘာဖြစ်ခဲ့လို့ လဲ မင်းတို့ ဆုတောင်းတွေကောင်းခဲ့လို့ ဘဲ၊
စာရေးသူသည်ဆရာတော်၏အသံကိုနားဆိုက်ထောင်ရင်း တွေးတောဆုံးဖြတ်မိသည်မှာ - မိမိ နှင့်အတူ အမေရိကန်ရှိ ဓမ္မမိတ်ဆွေများအားလုံးသည်အမှောင်အတိဘုရားမရှိ တရားမသိ သံဃာနဲပါးလှသော   ရေခြားမြေခြားဝေးကွာသောအရပ်ဒေသတွင် နေပင်နေ ကြရငြားသော်လည်းရှေးဘဝ   ရေစက်နှင့်ပါရမီများကြောင့် တဖန်ထပ်ဆင့်ဆုတောင်းကောင်း ခဲ့ရသောကြောင့် ဆရာသမားအစစ် နှင့်တရားအနှစ်များကို တွေ့ ကြုံ နာကြား နေရလေပြီ။ ကျင့်ကြံနေရလေပြီ၊

အမှန်တရား သစ္စာလေးပါးကို ဒီဘဝ ဒီခန္ဓာ ဒီသာသနာ တွင်း မှာပင် တရားထူးတရားမြတ်များ တဆင့်ပြီးတဆင့်ရကာဆရာ့ကျေးဇူးလည်းဆပ်၊သာသနာ့အကျိုးလည်း ရွက် ဆောင်ရင်း
နောက်ဆုံးအချိန်ထိတိုင် မပြတ်မလတ်ကျိုးစားအားထုတ်တော့မည်ဟု သံဒိဋ္ဌာန်ချမိလေ၏။ 

စာရေးသူ၏ ပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများသည် ဗောဓိဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရရှိရေးအတွက် သာ ဖြစ်ပါစေ၊ နိဗ္ဗာန် ရရှိရေးအတွက်သာ ဖြစ်ပါစေ ၊ ပါရမီကုသိုလ်များဖြစ်ဖို့ ထပ်ခါထပ်ခါ ဆုတောင်းလျက်။

နန္ဒသစ္စာ
(ဒေါက်တာကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ၏  တရားတော် ကောက်နှုတ်ချက်)

Wednesday, December 28, 2011

တကယ် မသေခင် အစမ်းသေကြည့်ရအောင်…….

တကယ် မသေခင် အစမ်းသေကြည့်ရအောင်…….


ဒီဘ၀ ဒီခန္ဓာ နဲ့ သံသရာ ၀ဋ်ဇတ် အမြစ်ပြတ် အောင် အားမထုတ်နိုင်သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုကတိ ရောက်ဖို့ ကိစ္စ ကို အရေး တကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂိုလ် ကတော့ ကောင်းရာ သုဂတိ ရောက်ဖို့ သေချာပြီးသာပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ
ဆိုရင် ပဲ အပ္ပါယ် လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိ ကို လုံးဝ မရောက်နိုင်တော့ပါဘူး။

သောတာပန် မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက် ကောင်းတဲ့ ပုထုဇဉ်ဖြစ်ဖြစ် ဘယ်လောက် အဆင့်မြင့် တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်း မတော်ရင် အာရုံဆိုး၊ နမိတ်ဆိုး တွေ ထင်မြင်လာပြီး အပ္ပါယ် လေးပါး ကျရောက်သွားနိုင်ပါတယ်။
တကယ် သေလွန်ခါနီး အချိန် မှာ အာရုံဆိုး၊ နမိတ်ဆိုး တွေ ထင်မြင်မလာဖို့ အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်၊ အသေကြီးကို ရင်ဆိုင်နိုင်ဖို့ အသေလေး နဲ့ လေ့ကျင့် ထားရပါမယ်။

အသေကြီး ဆိုတာ ဘ၀ တစ်ခုလုံးရဲ့ နောက်ဆုံးအပြီးအပြတ် သေလွန်ခြင်း ကို ပြောတာပါ။ တကယ်သေသွားတာကိုပြောတာပါ၊ အသေလေး  ဆိုတာ ကတော့ ဘ၀ တစ်နေ့တာ ရဲ့ အိပ်စက်ခြင်း ကိုပြောတာပါ၊ တဒင်္ဂ တစ်ခဏ သေသလိုဖြစ်သွားတာကို ပြောတာပါ။ အသေကြီး ဆိုတာ မနိုးသော အိပ်စက် ခြင်းဖြစ်ပြီး အသေလေးဆိုတာကတော့ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။ မနိုးသော အိပ်စက်ခြင်း နဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထားဖြစ် နေဖို့ အတွက် နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက် ခါနီး အချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့် ထားဖို့ လိုအပ်ပါတယ်၊။

အသေကြီး နဲ့ သေခါနီး အချိန် မှာ အာရုံကောင်း ၊နမိတ်ကောင်း တွေ ထင်မြင်နေဖို့အတွက် အသေလေး နဲ့ သေခါနီး အချိန်ကို အာရုံကောင်း ၊ နမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ်။ ညအိပ်စက် တာဟာ အသေလေး နဲ့ သေတာပါ၊ ညအိပ်တော့မယ် လို့ မျက်စိမှိတ် လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံ ကောင်းတွေ ၊ ကုသိုလ် အာရုံတွေ ပဲ ထင်မြင် နေစေရပါမယ်။

ကုသိုလ် အာရုံ က ဒါန အာရုံ ၊ သီလ အာရုံ ၊ သမထ အာရုံ ၊ ၀ိပဿနာ အာရုံ၊ လို့ လေး မျိုး ရှိပါတယ်။
တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံ ထင်လာမယ်၊ ဘယ်ကုသိုလ် အာရုံ ယူလို့ ရမယ် ဆိုတာ ကြိုတင် မသိနိုင်တဲ့ အတွက် အိပ်ခါနီး အချိန် မှာ ကုသိုလ် အာရုံ လေး မျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့် တကယ် သေခါနီးကျတော့ ဘယ်ကုသိုလ် ကို အာရုံ ယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင် တောင်မှ အင်အား ကြီးမား တဲ့ အစွဲ အလမ်း အာရုံတွေ ၊ အတွယ် အတာ အာရုံတွေ ရဲ့ လွှမ်းမိုးမှုကြောင့် ကုသိုလ် အာရုံ ကို အာရုံ ယူဖို့ ခက်ခဲနေတတ်ပါတယ်။

ဒါကြောင့် ည အိပ်ခါနီး အချိန်ကို တကယ် သေခါနီး အချိန်လို့  သဘောထားပြီး ကုသိုလ် အာရုံ စွဲမြဲ အောင် အလေး အနက် ထား ကြိုးစား ကြရပါမယ်။ ဒါန အာရုံ အနေနဲ့ ဒီ နေ့ ဒီအချိန် အထိ ဘ၀ တစ်သက်တာ မှာ ပြုခဲ့တဲ့ ဒါန ကောင်းမှုတွေထဲ က ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု တစ်ခု ခု ကျု အာရုံပြု ရပါမယ်။ အဲဒီ ဒါန ကောင်းမှု ဟာ ငွေကြေး  အကုန်အကျ အနေနဲ့ နည်းချင်လည်းနည်းမယ်၊ များချင်လည်းများမယ်၊ လုံးဝ မကုန်ကျဘဲ ရင်လည်းရှိမယ်။
အကုန်အကျ အနည်းအများ က အဓိက မဟုတ်ပါဘူး၊ ကိုယ်တကယ် နှစ်သက်ကျေ နပ် ဖို့ ကိုယ် တကယ် ၀မ်းမြောက် ပီတိ ဖြစ်ဖို့က အဓိက ပါ၊ အကုန် အကျ  များတိုင်း အကျိုးပေး ထက်သန် တာ မဟုတ်ပါဘူး၊ ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာပါ။ကိုယ် ပီတိ အဖြစ်ဆုံး ဒါနကောင်း မှု ကို ခုလောလော ဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက် ပီတိ ဖြစ်နေရပါမယ်။

ညအိပ်ရာ ၀င်ခါနီး တိုင်း ဘုရားသောက်တော် ရေ အသစ် လဲ တဲ့ အကျင့် ကို စွဲစွဲ မြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး ( အသေလေးနဲ့သေခါနီး ) ရဲ့ အနီး ကပ်ဆုံး ဒါန ကုသိုလ် ဖြစ်လို့ အာရုံယူရတာ အလွန် လွယ်ကူပါတယ်၊ အေးချမ်း မှု နဲ့ တစ်နေ့တာ ကို အဆုံးသတ် လိုက်ရတဲ့
အတွက် …….ဘ၀ တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေ အေးချမ်းရပါလိ့မ်မယ်။

သီလ ကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါး သီလ၊ လူဝတ်ကြောင် တိုင်း မစောင့် မဖြစ် စောင့် ရပါမယ် ။ ငါးပါးသီလ ကို ဆင်ခြင်ရပါမယ်။ ဆင်ခြင် လိုက်တဲ့ အချိန် မှာ ငါးပါး သီလ လုံခြုံသူ ဖြစ်နေဖို့ အတွက် ညအိပ်ရာ ၀င်ချိန် တိုင်း ငါးပါး သီလ ကို အသစ် ခံယူ ဆောက်တည်ပါ။ ဆောက်တည်ပြီး အချိန်က စပြီး မကျိုးပေါက်စေနဲ့ ။ အိပ်တော့ မယ်ဆိုရင် ကျိုးပေါက်စရာ မရှိ
တော့ပါဘူး။ ဒါဆိုရင် အခု ငါနောက်ဆုံး ငါးပါး သီလ ယူပြီးတဲ့ အချိန် က စပြီး ငါးပါး သီလ လုံခြုံနေပြီ လို့ ၀မ်းမြောက် ၀မ်းသာ ဖြစ်နိုင်ပါတယ်။

ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ၊ ကျင့်သုံး သူတွေ ကလည်း ကိုယ့်သီလ ကိုယ် ဆင်ခြင်နှလုံးသွင်း ပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်၊ ကုစားသင့်တာရှိရင် မအိပ် ခင်က ကြိုတင် ကုစား ထားရပါမယ်။ သမထ ကုသိုလ် အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ် အယုံကြည်ဆုံး ဘုရားဂုဏ်တော် တစ်ခုခု ကို ပွါး များရပါမယ်။

ဥပမာ—အရဟံ ဂုဏ်တော်ကို နှစ်သက် ၊ အကြည်ညိုဆုံးဖြစ် ရင် အရဟံ….ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ၊ အရဟံ…..ပူဇော် အထူး ကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ၊ လို့ အရဟံ ဂုဏ်တော် ရဲ့ အဓိပ္ပါယ် ကို အာရုံ ထင်မြင်အောင်
စိတ်ထဲကနေ နှလုံး သွင်းပွါးများရပါမယ်။

ဘုရားဂုဏ်တော် ကိုးပါးလုံး ကို အဓိပ္ပါယ် သိသိ ပွါးနိုင်ဖို့ အတွက် မြန်မာ လို အဓိပ္ပါယ် ဖွင့်ဆိုချက် တွေကိုလည်း လေ့လာထား ရပါမယ်။ ကျက်သင့် တာတွေကိုလည်း ကျက်ထားရပါမယ်။ နောက်တစ်ခု သမထ အနေနဲ့ မေတ္တာ ဘာဝနာ ပွားများ နေရပါမယ်။ အနည်းဆုံး သတ္တ၀ါ အားလုံးချမ်းသာကြပါစေ၊ လို့ သုံးခါ လောက် ပွားများနေရပါမယ်။

ကိုယ် နှစ်သက် ရာ၊ ကိုယ် အားသန် ရာ မေတ္တာ ပွါး နည်းတွေ နဲ့ လည်း ပွါး များနိုင်ပါတယ်။ ဒါန ကုသိုလ် ၊ သီလ ကုသိုလ် ၊ သမထ ကုသိုလ် တွေ ကို အစဉ် အတိုင်း အာရုံ ပြုဝမ်းမြောက် ပြီး ပြီ ဆိုရင် နောက် ဆုံး ၀ိပဿနာ ကုသိုလ် နဲ့ အိပ်လိုက်ပါတော့။
နှာသီးဝ လေထိရာ အရပ်မှာ သတိ ကပ်ထားပြီး လေ၀င် ရင်  ၀င်တယ် ၊ လေထွက် ရင် ထွက်တယ်   ရှု မှတ် ပြီးနေပါ။

ဝင်တိုင်းထွက်တိုင်း သာ တစ်ဆက်တည်း သိနေ မယ်ဆိုရင် လေးငါးချက် ထက် ပိုမှတ် စရာ မလိုပါဘူး ၊ ချက်ချင်း အိပ်ပျော် သွားပါလိမ့်မယ်။ ၀င်လေ ထွက်လေ ရှု မှတ်ခြင်း ဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။ လေ၀င်၊ လေထွက် တိုင်း ထိတွေ့ တွန်းကန် မှုတွေ ကို သိနေမယ်ဆိုရင် လောဘ၊ ဒေါသ စတဲ့ ကိလေသာ တွေ လည်း ဖြစ်ခွင့် မရတော့ပါဘူး။ သမာဓိ ၊ ဥာဏ် ရင့်သန်ပြီးသား ပုဂိုလ် ဆိုရင်
အိပ်ရာဝင် မှာ လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ် ကျပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ ၊ သမထ အာရုံ ၊ ၀ိပဿနာ အာရုံ နဲ့ အိပ်စက် သွားမယ်ဆိုရင်  သေလွန်ခါနီး မှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုး နဲ့ သေလွန်မှာ သေချပါတယ်။ ကုသိုလ် အာရုံ နဲ့ သေလွန် သွားသူ ကို ကောင်းရာသုဂတိ ဘုံတွေက သူဦး ကိုယ်ဦး လက်ကမ်းကြိုနေကြမှာပါ။

ဒါကြောင့် ညအိပ်ရာ ၀င် ၊ခေါင်းအုံးပေါ် ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် ‘ငါ  ခဏသေလိုက်ဦးမယ် ‘  လို့ ကိုယ့်ကို ကိုယ် စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့် ကြဖို့ အထူး တိုက်လိုက်ပါတယ် ၊ မသေခင် လုပ်ရမယ့် အလုပ်တွေ ထဲမှာ သေနည်းကျင့် တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်း ထားရပါမယ်။

credit by; The Mandalay Gazette
ကိုကိုဖုန်း,

Tuesday, December 27, 2011

မာန…


မာန.....
မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ
မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။

ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုမာနကို ပယ်စွန့်ကုန်၏၊ ယင်းမာနကို ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဟောတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာနသည် ရှိခြင်းအားဖြင့် သတ္တ၀ါတို့အား တစ်စုံတစ်ခုမျှသော ကောင်းကျိုးကို မဖြစ်စေနိုင်သောကြောင့် မည်သို့သော
အကြောင်းကြောင့်ပင်ဖြစ်စေ မာနမထားကြရန်လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

စင်စစ် မာနသည် ကောင်းသည့်တရား မဟုတ်သော်လည်း ပုထုဇင်များအတွက် ပယ်ဖြတ်ရန်
ခက်သည့်တရားတစ်ခုကား အမှန်ပင် ဖြစ်ပေ၏။ မာနမထားရန် မည်မျှပင် ကြိုးစားသော်လည်း ၀ိပဿနာဉာဏ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ထိုမာနသည် အချိန်မရွေး ပေါ်ပေါက်နေမည်သာ ဖြစ်၏။ တစ်ခါတစ်ရံ သတိတရားနှင့် မာနမထားရန် အဆက်အပြတ် ကြိုးစားအားထုတ်နေသဖြင့် အထိုက်အလျောက် ငုတ်လျှိုးနေတတ်သော်လည်း အကြွင်းမဲ့ပယ်သတ်ခြင်းမျိုး မဟုတ်သေးသဖြင့် မာနဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်လာလျှင် မာနတရားကား ထင်ရှားလာတတ်ပြန်၏။

ယင်းမာနသည် ပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေး မည်သို့သော ပုဂ္ဂိုလ်မျိုးတွင်မဆို ဖြစ်ပေါ်တတ်ပြီး အခြေခံအားဖြင့် သေယျမာန၊ သဒိသမာန၊ ဟီနမာဟူသည့် မာနသုံးမျိုးသည် ပုဂ္ဂိုလ်တိုင်းတွင် ဖြစ်တတ်ကြောင်း ဗုဒ္ဓစာပေများတွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုသုံးမျိုးတွင် သေယျမာနဟူသည် အမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံအားဖြင့် သူတပါးထက် မြတ်၏ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ သဒိသမာနဟူသည်
ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံစသည်အားဖြင့် သင်တို့နှင့်ငါ့မှာ အတူတူသာဖြစ်သည်ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ ဟီနမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ စသည်အားဖြင့် ငါသည် သင်တို့အောက် နိမ့်ကျသော်လည်း သင်တို့ကို ဘာအရေးစိုက်ရမလဲဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း အဋ္ဌကထာဆရာများက
အဓိပ္ပါယ်အကျယ်ကို ဖွင့်ဆိုရှင်းပြလေ၏။

ဗုဒ္ဓစာပေတွင် ဖွင့်ဆိုရှင်းပြသည့် မာနအမျိုးအစားများအရ ပုဂ္ဂိုလ်အမျိုးမျိုးတွင် မာနအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်နည်းနည်းဖြင့် မာနတစ်မျိုးမျိုး ရှိနေနိုင်ကြသော်လည်း မာနရှိခြင်းအားဖြင့်
အကျိုးတစ်စုံတစ်ရာ မပြုနိုင်သည်မှာ သေချာလှပေ၏။ မာနရှိခြင်း၊ မာနကြီးခြင်းအားဖြင့် မိမိအတွက်လည်း အကျိုးမရှိနိုင်သကဲ့သို့ သူတပါးတို့အားလည်း တစ်စုံတစ်ခု အထောက်အကူ မဖြစ်နိုင်သဖြင့် ပုထုဇင်များအနေဖြင့် မာနကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း
သတိတရားဖြင့် စွမ်းနိုင်သမျှ ထိန်းချုပ်ကြရန် ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်၏။

မာနနှင့်ပတ်သက်၍ မန်လည် ဆရာတော်ကြီးက “ လောကလူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင်မရှိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရတည့်၊ သုတတရား၊ မြင်ကြားအသိ၊ များစွာရှိလည်း၊ သတိမယှဉ်၊ သမ္ပဇဉ်မမှီး၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကာမတ္တ၊ သုံးမကျရှင့်၊ သူများကိုသာ၊ နှိပ်လိုစွာဖြင့်၊ ရန်စွာထိပါး၊ အပြစ်များ၏။ ”စသည်ဖြင့် စပ်ဆိုကာ
မာနမထောင်လွှားကြရန် ဆုံးမတော်မူခဲ့ပေ၏။

ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် မာနထောင်လွှားခြင်းအားဖြင့်
ခွေးမြီးကဲ့သို့သာ ဖြစ်နေပေ၏။ ခွေးမြီးသည် ထောင်ကာမတ္တမျှသာ ဖြစ်နေပြီး ထောင်နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးမျှ မရှိနိုင်သကဲ့သို့ မာနသည်လည်း မာနကြီးခြင်း၊ ထောင်လွှာခြင်းအားဖြင့် မိမိသူတပါး နှစ်ဦးသားတို့အား မည်သည့်အကျိုးမျှ မဖြစ်ပေါ်နိုင်ပေ။ မာနကြီးသဖြင့်
ဆင်းရဲနှင့် ငရဲသို့ ကျရောက်စေမှုကိုသာ ဖြစ်စေနိုင်ပေ၏။ ထို့ကြောင့် ခွေးမြီးကဲ့သို့ ထောင်ကာမတ္တ အသုံးမကျဖြစ်တတ်သည့် မာနကို မိမိမိမိတို့၏ သတိတရားဖြင့်သာလျှင် မထောင်လွှားမိရန် ထိန်းချုပ်သင့်ကြောင်း ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်ပေ၏။

ဗုဒ္ဓလက်ထက်က သာဝတ္ထိပြည်တွင် မာနအလွန်ကြီးသည့် ပုဏ္ဏားတစ်ဦးရှိ၏။ ထိုပုဏ္ဏား၏ အမည်ကား မာနတ္ထဒ္ဓဟူ၍ ဖြစ်၏။ မာနတ္ထဒ္ဓသည် မည်မျှအထိ မာနကြီးသနည်းဆိုသော် အမိကိုလည်း ရှိမခိုး၊ အဖကိုလည်းရှိမလို၊ ဆရာသမားကိုလည်း ရှိမခိုး၊ အစ်ကို (အသက်ကြီးသူ) ကိုလည်း ရှိမခိုး၊ အရိုအသေ မပြုနိုင်သည်အထိ မာနကြီးလေ၏။ တစ်နေ့တွင် ထိုပုဏ္ဏားအား အကြံတစ်ခု ဖြစ်လေ၏။
“ရဟန်းဂေါတမသည် ပရိတ်သတ်များစွာဖြင့် တရားဟော၏၊ ငါသည် ရဟန်းဂေါတမထံသို့
ချည်းကပ်ရမူကား ကောင်းလေစွ၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့်အတူ စကားပြောဆိုငြားအံ့ ငါသည်လည်း ထိုရဟန်းဂေါတမနှင့်အတူ စကားပြောဆိုအံ့၊ အကယ်၍ ရဟန်းဂေါတမသည် ငါ့ကို စကားမပြောဘဲနေအံ့ ငါသည်လည်း ရဟန်းဂေါတမနှင့်အတူ စကားမပြောဘဲနေအံ့” စသည်ဖြင့် အကြံဖြစ်ကာ မြတ်စွာဘုရားထံ ချည်းကပ်၍ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုတွင်
ရပ်နေခဲ့လေ၏။

ဗုဒ္ဓသည် မာနတ္ထဒ္ဓပုဏ္ဏား၏ စိတ်အကြံကို သိသည့်အလျောက် တမင်ပင် စကားမပြောဆိုပဲ နေတော်မူလိုက်၏။ ထိုအခါ ပုဏ္ဏားအား “ရဟန်းဂေါတမသည် တစ်စုံတစ်ရာ ဘာမျှ မသိပါတကား”ဟု တွေးလျက် ထိုအရပ်မှ ပြန်သွားရန် စိတ်အကြံဖြစ်လေ၏။ ပုဏ္ဏား၏ သန္တာန်၌ အမျိုးမျိုးသော စိတ်အကြံဖြစ်နေသည်ကို သိရှိတော်မူသော ရှင်တော်မြတ်ဘုရားသည် ထိုအခါမှသာ မာနတ္ထဒ္ဓပုဏ္ဏားအား
“ပုဏ္ဏား.. ဤလောက၌ မာန်မူခြင်းသည် မကောင်း၊ အကျိုးစီးပွားကို အလိုရှိသောသူအား အကြင်အကျိုးစီးပွားကြောင့် ငါဘုရားထံသို့ လာရောက်၏၊ ထိုအလိုရှိသော အကျိုးစီးပွားကိုသာ ပွားစေရာ၏”ဟု မိန့်တော်မူလိုက်၏။

မြတ်ဗုဒ္ဓက ထိုသို့မိန့်တော်မူလိုက်သည့်အခါ မာနတ္ထဒ္ဓပုဏ္ဏားသည်
“ရဟန်းဂေါတမသည် ငါ၏စိတ်အကြံကို အမှန်သိသူပါတကား”ဟု ထိုခဏမှာပင် မြတ်စွာဘုရားရှင်၏ ခြေတော်ရင်းတွင် ၀တ်ဆင်းကာ “အရှင်ဘုရား တပည့်တော်
မာနတ္ထဒ္ဓပုဏ္ဏားပါဘုရား..၊ တပည့်တော် မာနတ္ထဒ္ဓပါဘုရား..” ဟု မိမိအမည်ကို အကြိမ်ကြိမ် ရွတ်ဆိုရင်း ခြေတော်အစုံကို ဦးခိုက်လေတော့၏။ အလွန်မာနကြီးသည့် ထိုပုဏ္ဏား၏ အဖြစ်ကို ကြည့်ကာ ပရိတ်သတ်အပေါင်းတို့သည် အလွန်အံ့သြတုန်လှုပ်သွားကြ၏။ မည်သို့သော ပုဂ္ဂိုလ်ကိုမှ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း မရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ခြေရင်းတွင်
ဝတ်ဆင်းနေသည့်အဖြစ်ကို ကြည့်ကာ မြတ်စွာဘုရား၏ မေတ္တာကရုဏာ ကြီးမားပုံများကို ချီးကျူးပြောဆိုကြလေ၏။

ထို့နောက် မြတ်စွာဘုရားသည် မာနတ္ထဒ္ဓအား “ပုဏ္ဏား… ငါ့အပေါ်၌ သင်၏စိတ်ကြည်ညိုခြင်းသည် လုံလောက်လေပြီ၊ သင့်တော်လောက်ပေပြီ၊ ငါ၏ခြေရင်းတွင် ၀တ်ဆင်းနေရာမှထပြီး သင့်လျော်ရာမှာ ထိုင်ပါလေလော့” ဟု မိန့်တော်မူမှသာ မာနတ္ထဒ္ဓပုဏ္ဏားလည်း မိမိနှင့် သင့်လျော်သည့် တစ်နေရာတွင်
ထိုင်ကာ မြတ်စွာဘုရားရှင်အား သိလိုသည်များကို လျှောက်ထားပြန်လေ၏။

မာနတ္ထဒ္ဓက “အရှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အလေးအမြတ်ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အရိုအသေ ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်သနည်း”ဟု မေးမြန်းလျှောက်ထား၏။

မြတ်ဗုဒ္ဓက “ပုဏ္ဏား… မိခင်၊ ဖခင်၊ အစ်ကို (မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ)၊ ဆရာသမား ဟူသည့် ဤပုဂ္ဂိုလ်လေးယောက်တို့၌ မာန်မာနကို မပြုထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့ထံ၌ မာနမထားထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့အား အရိုအသေ အလေးအမြတ်ကို ပြုကျင့်ရာ၏၊
ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် အာသဝေါကုန်ခမ်းပြီးသော (ရဟန္တာ)ပုဂ္ဂိုလ်တို့ကို မာန်နှိမ့်ချက်လျက် မခက်ထန်သည်ဖြစ်၍ သင်ရှိခိုးရာ၏”ဟု ပုဏ္ဏား၏ အမေးအား ပြန်လည်ဖြေကြားပေးတော်မူ၏။ နောက်ဆုံးတွင် မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏားသည် မာနခ၀ါချကာ မြတ်စွာဘုရား သာသနာတော်၌ ရတနာသုံးရပ်ကို အမြဲမပြတ်
ကိုးကွယ်ဆည်းကပ်တတ်သည့် ဥပါသကာအဖြစ် ခံယူသွားခဲ့လေ၏။ (သဂါထာဝဂ္ဂသံယုတ်၊
မာနတ္ထဒ္ဓသုတ်) ဤကား မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏား၏ အကြောင်းအရာ
တစ်စိပ်တစ်ပိုင်းဖြစ်ပါ၏။

ဤသုတ်တော်တွင် ဟောတော်မူသည့် မြတ်စွာဘုရားရှင်၏ တရားတော်အရ မာနသည်
မထားထိုက်သည့် အရာဖြစ်ကြောင်း၊ အထူးသဖြင့် မိဘဆရာသမားများနှင့် အသက်အရွယ်
ဂုဏ်ဝါကြီးသူများ၊ အာသဝေါကုန်ခမ်းသည့် သူတော်သူမြတ်များအပေါ်၌ မိမိတို့၏
မာနများ မထားထိုက်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ ထိုပုဂ္ဂိုလ်များထံတွင် မာနမထားထိုက်ဘဲ အရိုအသေပြုကာ ပူဇော်မှုပင် ပြုထိုက်ကြောင်း နားလည်နိုင်ပေ၏။ မာနခက်ထန်နေသမျှ အကျိုးစီးပွား ဆုတ်ယုတ်နေမည်ဖြစ်သဖြင့်
လောကီလောကုတ္တရာ ကောင်းကျိုးများကို လိုလားသူများသည် မာနများဖြင့် ခေါင်းမာနေမှုကို မပြုသင့်ဘဲ နှိမ့်ချမှုနှင့်အတူ အရိုအသေ ပူဇော်မူကိုပြုကာ မိမိတို့လိုလားသည့်
အကျိုးစီပွားကိုသာ အရယူသင့်ကြောင်း သတိပြုသင့်ပေ၏။

မည်သို့ပင်ဖြစ်စေ မာနတရားသည် ရှိသင့်သည့် တရား၊ ထားသင့်သည့် တရား
မဟုတ်သည်ကား အမှန်ပင် ဖြစ်ပါ၏။ သတ္တ၀ါတို့အား ပူလောင်မှုနှင့်အတူ လောင်မြိုက်စေတတ်သည့် ကိလေသာတရားများတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဤမာနတရားသည် ပုထုဇင်ပုဂ္ဂိုလ်များအား မာနကြီးသည်နှင့်အမျှ၊ ပူလောင်မှုနှင့် အကျိုးစီးပွား ဆုတ်ယုတ်မှုကိုလည်း ပိုမိုကြီးမားစေမည်သာ ဖြစ်သဖြင့် မိမိတို့၏ သန္တာန်တွင် မာနတရားများ အထိုက်အလျောက် ပါးသွားစေရန် သတိသမ္ပဇဉ်တရားများ လိုက်ကိုင်ထား၍ နှိမ့်ချတတ်သည့် ဂါရ၀တရားများ
တိုးပွားစေရန် ကြိုးစားသင့်လှပေ၏။

ထို့ကြောင့် မာနအလွန်ကြီးသူများ၊ မာနရှိနေသည်ကိုပင် ဂုဏ်ယူစရာအဖြစ် အထင်မှားနေသူများ၊ မာနမထားထိုက်သူများ အပေါ်တွင် မာနထားမိနေသူများ အနေဖြင့် မိမိတို့၏ မာနတရားများသည် ရှိနေခြင်း၊ ထောင်လွှားနေခြင်းအားဖြင့် ထောင်ကာမတ္တမျှသာဖြစ်ပြီး တစ်စုံတစ်ခုမျှ အသုံးမကျဖြစ်နေသည့် ခွေးမြီးကဲ့သို့သာ ဖြစ်နေ၊ မာနတရား ကိုင်စွဲထားနေသမျှ မိမိတို့သည်
ခွေးမြီးကိုသာ ကိုင်စွဲထားသကဲ့သို့ ဖြစ်နေသည်ကို အသိတရားဖြင့် သတိပြုဆင်ခြင်ကာ ထောင်လွှားတတ်သည် မာနတရားကို နှိမ်ချတတ်သည့်
ဂါရ၀တရားဖြင့် နည်းသည်ထက်နည်းရန်၊ ပါးသည်ထက်ပါးရန် ကြိုးစားသင့်ပါကြောင်း
စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။ အားလုံး
မာနခ၀ါချ၍ ထာဝရ ဂါရ၀ဖြင့် သာသနာ့ မာမက ဖြစ်နိုင်ကြပါစေ…။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

Monday, December 26, 2011

အမှားကို မကြောက်ပါနဲ့

ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ။
(ပထမလယ်တီဆရာတော်ကြီး)

လူ့သဘောသဘာဝတစ်မျိုးက ကံဆိုးခြင်းတွေ ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့ သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာပေါ့ တစ်ဖက်သားကို သူ့ကြောင့်….သူ့ကြောင့်..ဆိုပြီး တာဝန်မဲ့တဲ့ ယုတ္တိမရှိတဲ့ စွဲချက်တွေနဲ့ အပြစ်ပုံချလေ့ရှိပြီး အဆိုးမြင် အပြစ်တင်တတ်ကြတယ်။ တကယ်တော့ ကိုယ့်အားနည်းချက်တွေဟာ တစ်ခြားသူတစ်ယောက်နဲ့ လုံးဝသက်ဆိုင်တာ မဟုတ်ပါဘူး။

တကယ်လိုအပ်တာက ကိုယ့်ရဲ့ ကံဆိုခြင်းတွေ၊ ချို့ယွင်းအားနည်းချက်တွေ၊ မှားယွင်းမှု့တွေအပေါ်မှာ ကိုယ်ကိုတိုင်ပဲ အမှန်တကယ် တာဝန်ရှိသူဖြစ်တယ်ဆိုတာကို လက်ခံနိုင်ဖို့၊ ၀န်ခံနိုင်ဖို့ပါပဲ။ ကံဆိုးခြင်းနဲ့ ကြုံတွေ့နေရတာဟာ ကိုယ်တိုင် ဆိုးကံတွေကို ပြုလုပ်ခဲ့လို့ပါပဲ။ အမှားအယွင်းတွေ ချို့ယွင်းချက်တွေဖြစ်ပေါ်လာရတာဟာ ကိုယ်တိုင် သတိပေါ့လျော့မှု့ ဆင်ခြင်တုံတရား ကင်းမဲ့မှု့တွေကြောင့်ပါပဲ။ ငါပြုလုပ်ခဲ့တဲ့ ကံတွေက ပေးအပ်တဲ့ ကိုယ်ပိုင်အမွေတွေပဲဆိုတာကို ဆင်ခြင်တုံသတိတရားလေးနဲ့သာ ကိုယ့်ကိုယ်ကို ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် တစ်ခြားသူကို အပြစ်ပုံချဖို့ သင့် မသင့်၊ တော် မတော်ဆိုတာ လုံးဝနားလည်နိုင်ပါလိမ့်မယ်။ တစ်ဖက်သားကို အပြစ်ပုံချတာတို့ အပြစ်တင်တာတို့ စိတ်အနှောင့်အယှက်ဖြစ်စရာများတို့ကို မလုပ်ဘဲနဲ့ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်သိစိတ်နဲ့ တာဝန်ရှိသူပီပီ ပုခုံးပြောင်းတာဝန်ယူရဲရမှာပါ။ 

သူတစ်ပါးကို အပြစ်တင်တတ်သူတွေဟာ ဘယ်လိုလူစားဖြစ်သလိုဆိုတာကို ဖွင့်ဆိုထားတဲ့ ရှေးအဆိုလေးတစ်ခု ဖတ်ဖူးတယ်။

“ယဉ်ကျေးမှု့မရှိတဲ့သူများဟာ သူတစ်ပါးကို အမြဲတမ်းပဲ အပြစ်တင်တတ်ကြတယ်။ နည်းနည်းယဉ်ကျေးတဲ့သူကတော့ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်။ လုံးဝယဉ်ကျေးသူများကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ကြတော့ဘူး”……..တဲ့။

ဒီနေရာမှာ “ယဉ်ကျေးသူဆို”တာဟာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါးတို့ကို ဆုံးမ စောင့်ရှောက်သဖြင့် မိမိ၏စိတ်ကိုမိမိ နိုင်လာသူကို “ယဉ်ကျေးသူ”လို့ ဆိုပါတယ်။

မျက်စိနဲ့ မြင်အပ်တဲ့အရာဝတ္ထုအပေါ်မှာ နှစ်သက်စရာအာရုံလေးဖြစ်နေမယ်ဆိုရင်လိုချင်တပ်မက်မှု့လေး ဖြစ်လာတတ်တယ်။ လိုချင်တပ်မက်မှု့လေးဖြစ်နေတာကိုက လောဘဖြစ်လာပါတယ်။ ဒါပေမယ့် နှစ်သက်စရာအာရုံမဟုတ်ဘူးဆိုရင်တော့ မကျေနပ်မှု့ ဒေါသစိတ်ကလေးဖြစ်သွားတတ်တယ်။

မြင်ရုံလေးနဲ့တော့ ပြဿနာရှိမလာနိုင်ပါဘူး။ မြင်တဲ့အရာလေးပေါ်မှာ ကျေနပ်ခြင်း မကျေနပ်ခြင်းဆိုတဲ့ ခံစားချက်ကလေးကနေတစ်ဆင့် ကျေနပ်တာလေးကို လိုချင်မိတဲ့-လောဘ၊ မကျေနပ်တာတွေကို မလိုချင်ကြဘူး ဝေးချင်ကြတဲ့-ဒေါသစိတ်တွေက ပြဿနာတွေ ဖြစ်ပေါ်လာတာပါ။ ကျန်တဲ့ နားနဲ့ကြားအပ်တဲ့အသံ၊ နှာခေါင်းနဲ့ ခံစားရှုရှိုက်မိတဲ့ အနံ့၊ လျှာနဲ့ ခံစားသုံးဆောင်ခြင်း ရသ စတဲ့အရာဝတ္ထုတို့အပေါ်မှာလည်း ကျေနပ်ခြင်း မကျေနပ်ခြင်း နှစ်သက်ခြင်း ရွံမုန်းခြင်း ကြိုက်ခြင်း မကြိုက်ခြင်းဆိုတဲ့ ခံစားမှု့လေးတွေအထိ ဆက်မသွားမိစေဖို့ ဒီဣနြေ္ဒခြောက်ပါးကို ဆုံးမစောင့်ရှောက်ခြင်းဖြင့် မိမိစိတ်ကိုမိမိ နိုင်နင်းတဲ့ ထိန်းကျောင်းနိုင်တဲ့ လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပါ။ 

ကိုယ်အပြစ်တင်လိုက်တဲ့သူက မဟုတ်မခံစိတ်ရှိသူ၊ ခွင့်လွှတ်နားလည်မှု့ မပေးတတ်သူဆိုရင်တော့ ကိုယ်ခင်းလိုက်တဲ့ဇာတ်လမ်းက အကျည်းတန်အရုပ်ဆိုးဖြစ်သွားမယ်ဆိုတာ အသေအချာပါပဲ။ မိမိရဲ့ တာဝန်ယူစိတ်ကင်းမဲ့ပြီး ကိုယ့်အမှားကို ၀န်မခံရဲတဲ့သတ္တိကြောင့် အပြစ်ပုံချတဲ့လုပ်ရပ် အပြစ်တင်တဲ့ လုပ်ဇာတ်တွေဟာ ခိုက်ရန်ဖြစ်မှု့တွေ ပြဿနာတွေကိုသာ မွေးဖွားပေးပါလိမ့်မယ်။ 

ကိုယ့်အမှားကို အမှားပါလို့ ၀န်ခံရဲတဲ့သတ္တိရှိသူဟာ တကယ့်သူရဲကောင်းတစ်ယောက်ပါပဲ။ ဒါကြောင့် ကံအကြောင်းမလှပခဲ့လို့ စိတ်မကောင်းခြင်းတွေ ဖြစ်လာတဲ့အခါ၊ ဆင်ခြင်တုံသတိတရားကင်းလို့ အမှားများစွာကို ကျူးလွန်မိတဲ့အခါ အဲဒီ ကံဆိုးခြင်းတွေ၊ အမှားတွေကို လက်ခံလိုက်ပါ။ သတ္တိရှိရှိ ၀န်ခံလိုက်ပါ။

"လောကမှာ ကိုယ်ကဥာဏ်မမီရင် သူတစ်ပါးကို အမှားလုပ်ကြ၊ အမှားပြောတတ်ကြတယ်.".လို့ မဟာဂန္ဓာရုံဆရာတော်ကြီးက မိန့်ကြားထားတာလည်းရှိပါတယ်။ ဒီလိုဆိုတော့ သူတစ်ဖက်သားကို အပြစ်ပုံချတတ်သူတွေ၊ အပြစ်မြင်ပြီး အပြစ်တင်တတ်တဲ့သူတွေဟာ ဥာဏ်နည်းတဲ့ လူ့ဗာလတွေပဲဆိုတာ နားလည်မိပြန်တယ်။ 

လူမိုက်ကနေ ပညာရှိဖြစ်ဖို့ ဘာလုပ်သင့်သလဲဆိုတော့ ဗုဒ္ဓမြတ်စွာက ဓမ္မပဒပါဠိတော် ဗာလ၀ဂ်မှာ အခုလို လမ်းပြထားတော်မူခဲ့ပါတယ်။

"မိမိမှားနေတာကို မိမိကိုယ်တိုင် မှားပါတယ်လို့ တကယ်သိပြီး ထိုအမှားကို အမှန်ပြင်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် ပညာရှိတစ်ယောက် ဖြစ်နိုင်ပါတယ်။ မိမိအမှားကို အမှားပါလို့ မသိဘဲ အမှားကို အမှန်ထင် ကိုယ့်ကိုယ်ကို ပညာရှိထင်ပြီး အမှားကို မပြင် အမှားတွေကို ဆက်လုပ်နေတတ်သူတွေဟာ တကယ်တော့ လူမိုက်စစ်စစ်ဖြစ်ပါတယ်……တဲ့။"

ဒီအကြောင်းကိုပဲ ပထမလယ်တီဆရာတော်ဘုရားကြီးက “ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ” လို့ မိန့်ဆိုတော်မူခဲ့တာပါ။ ဟုတ်ပါတယ်…၊ အမှားကို အမှားမှန်းသိပြီး အမှန်ပြင်ဖို့ ကြိုးစားလိုက်တာနဲ့တစ်ပြိုင်နက် အဲဒီအမှားကို သင်ခန်းစာယူပြီး ကိုယ့်အမှားကို ကိုယ်တိုင် ၀န်ခံရဲတဲ့ ရိုးသားမှု့သတ္တိစွမ်းအား၊ သတိပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှားကို အသိဥာဏ်နဲ့ အမှန်ပြန်မြင်နိုင်ခြင်းဆိုတဲ့ ပညာစွမ်းအား၊ ယဉ်ကျေးမှု့စိတ်ထားတွေ မိမိသန္တာန်မှာ တိုးပွားလာပြီဆိုတာနဲ့ ဘ၀ဟာ တိုးတက်ကြီးပွားလာမှာ မုချပါပဲ။

တိုးတက်ကြီးပွားတဲ့ဘ၀တစ်ခု ပိုင်ဆိုင်လာဖို့အတွက် ကိုယ့်အမှားကို မကြောက်တတ်ဖို့လိုအပ်ပါတယ်။ အမှားတွေကို မကြောက်ကြဖို့အတွက် မဟာဂန္ဓာရုံဆရာတော်ကြီးက အားပေးထားတဲ့ စကားတစ်ခွန်းရှိပါတယ်။ "အမှားကို မကြောက်ပါနဲ့၊ အမှားကို မပြင်ဖြစ်မှာကို ကြောက်ပါ…….တဲ့။"

ဒါကြောင့် ကံဆိုးခြင်းတွေ ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့ သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာပေါ့ တစ်ဖက်သားကို သူ့ကြောင့်….သူ့ကြောင့်..ဆိုပြီး တာဝန်မဲ့တဲ့ ယုတ္တိမရှိတဲ့ စွဲချက်တွေနဲ့ အပြစ်ပုံချပြီး အပြစ်တင်မနေပါနဲ့။ သူတစ်ပါးကို အပြစ်တင်တတ်သူဟာ uncultured man-မယဉ်ကျေးသူများရဲ့ လုပ်ရပ်ဖြစ်ပါတယ်။

နောက်ပြီးတော့ ကံဆိုးခြင်းတွေ ကျရောက်လာတဲ့အခါ၊ ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတဲ့အခါ၊ ကံကြမ္မာရဲ့ သားကောင်ဖြစ်လာတဲ့အခါမျိုးတွေမှာလည်းပဲ င့ါကြောင့်…..င့ါညံ့လို့..ဆိုတဲ့ စွဲချက်တွေနဲ့ မိမိကိုယ်မိမိလည်း အပြစ်တင်မနေပါနဲ့တော့။ ဒါဟာ semi-cultured man-ယဉ်ကျေးမှု့ မပြည့်ဝသူတွေရဲ့ လုပ်ရပ်ဖြစ်နေလို့ပါပဲ။

ကိုယ့်အမှားကို အမှားလို့မြင်ပြီး အမှန်ပြင်ကာ ကြီးပွားတိုးတက်အောင် ကြိုးစားပြီး သူတစ်ပါးကိုလည်း အပြစ်မတင် မိမိကိုယ်ကိုလည်း စွဲချက်မတင်တတ်တဲ့ fully-cultured man-လုံးဝယဉ်ကျေးတဲ့ လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပါ။

သူတစ်ဖက်သားကို အမြဲတမ်း အပြစ်ပုံချတတ်တဲ့ အပြစ်တင်တတ်ကြတဲ့ လူ့ရမ်းကား-လူ့မယဉ်ကျေးတို့ရဲ့ လမ်းစဉ်ကို မလိုက်မိပါစေနဲ့။ ယဉ်ကျေးရင် စိတ်အေးရပါတယ်။ ကိုယ်တိုင်လည်း စိတ်အေး၊ အများလည်း စိတ်ချမ်းသာ၊ လောကကြီးတစ်ခုလုံးကိုလည်း ငြိမ်းချမ်းသွားအောင် ဖန်တီးပေးနိုင်တဲ့ လုံးဝယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ဖို့ပါပဲ။

(ဥယျာဉ်မှူးလေး)

Sunday, December 25, 2011

ငရဲ နဲ့ နတ်ပြည်

ငရဲ နဲ့ နတ်ပြည်

တချို့က လောကကြီးကို “အကောင်း”လို့ မြင်တတ်ကြပြီး တချို့က လောကကြီးကို “အဆိုး” လို့ မြင်တတ်ကြပါတယ်။ တကယ်တော့ လောကကြီး ကို လွှမ်းမိုးအုပ်စိုး နေတာဟာ အကောင်း နဲ့ အဆိုး မဟုတ်ဘဲ “အကြောင်း နဲ့ အကျိုး “သာ ဖြစ်ပါတယ်။
  အကောင်းမြင်သူတွေက လောကြီးမှာ တရားမျှတမှုတွေ ကြီးစိုး လာလိမ့်မယ်လို့ မျှော်လင့် တတ်ကြပြီး၊ အဆိုးမြင်သူတွေက လောကကြီးကို မတရားမှုတွေ လွှမ်းမိုးသွား လိမ့်မယ်လို့ ထင်တတ် ကြပါတယ်။ အမှန်မှာတော့ လောကကြီးဟာ သူတို့ထင်မြင် မျှော်လင့်နေကြသလို မဟုတ်ဘဲ “ရေများ ရေနိုင်၊ မီးများ မီးနိုင်” ဆိုသလို အကြောင်း ရှိသလောက် အကျိုး သက်ရောက် နေခြင်းသာ ဖြစ်ပါတယ်။ အကောင်း အဆိုးဆိုတာ အကြောင်း အကျိုးရဲ့ လက်အောက်ခံပဲ ဖြစ်ပါတယ်။

      အကြောင်းနဲ့ အကျိုးကို မှန်မှန် ကန်ကန် နားလည် လက်ခံနိုင်ရင် အကောင်းနဲ့ အဆိုး အဖြစ် အပျက်တွေကို အကြောင်း အကျိုး နိယာမနဲ့ ချိန်ထိုး ကြည့်လိုက်တဲ့အခါ “ကောင်းသော အကြောင်း တရားကြောင့် ကောင်းကျိုး  ဖြစ်ပေါ်လာရပြီး၊ ဆိုးသော
အကြောင်း တရားကြောင့် ဆိုးသော အကျိုးတရား ဖြစ်ပေါ်လာရတယ်” ဆိုတဲ့ ဥပဒေသဟာ အမှန်တရားကို မြတ်နိုး သူတိုင်းရဲ့ လောက ဖွဲ့စည်းအုပ်ချုပ်ပုံ(Universal Law) ဖြစ်လာပါတော့တယ်။

      အကြောင်း-အကျိုးနဲ့ အကောင်း- အဆိုးကို နားလည်လက်ခံ နိုင်သူဟာ ကုသိုလ်- အကုသိုလ်နဲ့ သုခ-ဒုက္ခကိုလည်း နားလည်လက်ခံ နိုင်ပါတယ်။ ကုသိုလ်ဟာ သုခရဲ့ အကြောင်းဖြစ်ပြီး၊ ဒုက္ခဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်ပါတယ်။ ဒီလိုပဲ ကုသိုလ်-
အကုသိုလ်နဲ့ သုခ-ဒုက္ခကို နားလည် လက်ခံနိုင် သူဟာ နတ်ပြည်နဲ့ ငရဲကိုလည်း နားလည် လက်ခံ နိုင်ရပါမယ်။ အကြောင်းကတော့ နတ်ပြည်ဆိုတာ ကုသိုလ်နဲ့ သုခတို့ရဲ့ ကိုယ်ထင်ပြမှု တစ်ခု ဖြစ်ပြီး ငရဲဆိုတာက အကုသိုလ်နဲ့ ဒုက္ခတို့ရဲ့ကိုယ်ပွားတစ်ခုပဲ ဖြစ်ပါတယ်။

      တချို့ကတော့ “ဘုံခန်းနဲ့မြှောက်၊ ငရဲခန်းနဲ့ ခြောက်”ဆိုသလို နတ်ပြည်နဲ့ငရဲဆိုတာ လူတွေကို မြှောက်ပင့်ဖို့နဲ့ ခြိမ်းခြောက်ဖို့
ဖန်တီးထားတဲ့ ဒဏ္ဍာရီတွေလို့ ထင်တတ်ကြပါတယ်။ အဲဒါ လုံးဝ မဟုတ်ပါဘူး။ အကြောင်း-အကျိုးနဲ့ ကုသိုလ်- အကုသိုလ်ကို လက်မခံ လိုကြသူ လူ့ဗာလ တချို့ရဲ့ မူမမှန်မှု၊ သူတို့ရဲ့ မိစ္ဆာဝါဒထဲကို ကျုံးသွင်း မောင်းချလို မှုတွေသာ ဖြစ်ပါတယ်။

      “ကိုယ့်အမှုကြောင့်၊ အထက်ရောက်ခဲ့၊ အောက်ကျသူမှာ၊ ကိုယ့်မှုသာတည်း။ပမာနှိုင်းထောက်၊ တံတိုင်းဆောက်သူ၊ တွင်းတူးသူ၊ နှစ်မူစံထား ကျင့်လေလော့” ဆိုတဲ့ ရှေးဟောင်း နီတိစကားအတိုင်းပါပဲ။
     လူသားတွေ အထက်တန်း (နတ်ပြည်) ရောက်ရတာတွေ၊ အောက်တန်း(ငရဲ) ကျရတာတွေဟာ ကိုယ့်အမှု၊ ကိုယ်ကံကြောင့်သာ ဖြစ်ရတာပါ။ ဘယ်သူ့ ပယောဂမှ မပါပါဘူး။ ကုသိုလ်ကောင်းမှု ပြုတဲ့ သူတွေဟာ နံရံ၊ တံတိုင်း ဆောက်တဲ့ ပန်းရံဆရာတွေနဲ့ တူပါတယ်။ တစ်ချပ် ချင်းစီ ထပ်သွား တဲ့ အုတ်ချပ်တွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ လည်း အထက်ကို မြင့်တက်လာရပါတယ်။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရ တာပါ။

      မကောင်းမှု အကုသိုလ် လုပ်တဲ့ သူတွေဟာ တွင်းတူး သမားတွေနဲ့ တူပါတယ်။ တစ်လက်မချင်း တူးထုတ်သွားတဲ့ မြေသားတွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ မြေကြီးထဲကို နိမ့်ကျ နစ်ဝင်သွားပါတယ်။ အောက်ခံ မြေသားကို (၁၀)ပေလောက်
တူးမိရင် သူတို့လည်း မြေကြီးထဲကို (၁၀)ပေ နစ်ဝင် သွားတော့တာပါပဲ။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရတာပါ။
      ဒီဥပမာ အတိုင်းပဲ သူတော်ကောင်းတွေဟာ ဘ၀ခန္ဓာကို ငြမ်းပမာ တပ်ဆင်ပြီး မိမိတို့ရဲ့ ကုသိုလ် ပါရမီ အဆောက်အဦးကို မြင့်သည်ထက် မြင့်အောင် တည်ဆောက်ရင်း အထက်တန်း ကျ မြင့်မြတ်သွားကြပါတယ်။  လူမိုက် တွေကတော့ မိမိတို့ရဲ့ ဘ၀ခန္ဓာကို မိမိတို့ဘာသာ တူးဖြို ပစ်ပြီး အောက်တန်းကျ နစ်ဝင်သွား ကြပါတယ်။ တကယ်တော့ နတ်ပြည်နဲ့ ငရဲအပါအ၀င် (၃၁)ဘုံသော သြကာသ လောကကြီးဟာ လူသားတွေ ကိုယ့် ဘာသာကိုယ် တည်ဆောက်ထားတဲ့ နေရာဌာနကြီး တစ်ခုသာ ဖြစ်ပါတယ်။

      အခု ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဒီပုံပြင် ကလေးဟာ ဂျပန်ရိုးရာ ပုံပြင်တစ်ခုကို အခြေခံထားတာပါ။

ငရဲ နဲ့ နတ်ပြည်

      တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော် တစ်ပါး ရှိခဲ့ဖူးတယ်။ ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း သေးသေး ကွေးကွေးလေး ဖြစ်တာမို့ ရွာထဲက လူတွေ “ဘုန်းဘုန်းလေး”လို့ ခေါ်ကြတယ်။ ဘုန်းဘုန်းလေး ဟာ ခန္ဓာကိုယ်က ပုပုသေးသေးလေး ဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမားသတဲ့။

      ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံ တောအုပ်တွေပေါ်က ကျော်ပြီး ဆွမ်းခံကြွလာ တတ်သလို တစ်ခါတစ်ရံ မြစ်ပြင်ပေါ်မှာ လမ်းလျှောက်ပြီး တော့လည်း ဆွမ်းခံကြွလာ တတ်တယ်။ ဒီရွာမှာ  အမြဲတမ်းလိုလို ဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်းလေး
ဘယ်နေရာမှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှ မသိရဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း တိုတို ကျဉ်းကျဉ်း ဖြစ်ပေမယ့် အနက် အဓိပ္ပာယ်ကတော့ အင်မတန် ကျယ်ပြန့်သတဲ့။

            ဥပမာ ဆိုရရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီး အငြိမ်းစား ယူထားတဲ့ အစိုးရ အရာရှိကြီး တစ်ဦးဟာ  ဘုန်းဘုန်းလေးရဲ့ အင်မတန် ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ တမင်လာရောက် စောင့်မျှော်ပြီး ဖူးတွေ့
ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်း ပြီးတဲ့အခါ “ဆရာတော်ဘုရား တပည့်တော် အတွက် တစ်သက်တာ မှတ်လောက်စရာ သြ၀ါဒစကား ဟောကြား ချီးမြှင့် ပေးတော်မူပါ”လို့ လျှောက်ထားတဲ့ အတွက် ဆရာတော်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”လို့ မိန့်ကြားလိုက်ပါတယ်။

          ဘုန်းဘုန်းလေးရဲ့ ရိုးစင်းလှတဲ့ သြ၀ါဒ စကားကို နားကြား လိုက်ရတဲ့ အရာရှိကြီး ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ပုံစံမျိုးနဲ့ “အရှင်ဘုရား၊ ဒီလိုတရား စကားမျိုးတော့ တပည့်တော် (၈)နှစ်သား အရွယ်ကတည်းက ကြားဖူးပါတယ် ဘုရား”လို့  ပြန်လည် လျှောက်ထားသတဲ့။  အဲဒီအခါ ဘုန်းဘုန်းလေးက “ရှစ်နှစ်သား အရွယ်ကတည်းက ကြားဖူးပြီးသား တရားစကားကို အသက်ရှစ်ဆယ် အရွယ်ရောက် တာတောင် လက်တွေ့ လိုက်နာဖို့ မလွယ်ကူသေးဘူး မဟုတ်လား”လို့ ထပ်ဆင့် မိန့်ကြားတော်မူပါတယ်။
          အဲဒီ အခါကျမှ အရာရှိကြီးဟာ “မှန်လှပါ၊ မှန်လှပါ၊ တပည့်တော် နားလည် ပါပြီဘုရား”လို့ ပျာပျာသလဲ ၀န်ခံရသတဲ့။
       
        ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံ ဓားပြဗိုလ်ကြီး တစ်ယောက်လာတယ်။ အဲဒီ ဓားပြဗိုလ်ကြီးက လုယက် သတ်ဖြတ်ရာမှာ အညှာအတာကင်း ရက်စက်လွန်းလို့ အင်မတန် နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။ ဘုန်းဘုန်းလေးထံ ရောက်လာတဲ့ ဓားပြဗိုလ်ကြီးက “ဆရာတော်ဘုရား၊ လောကမှာ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ် ရှိပါသလား၊ ရှိရင် ငရဲ နဲ့ နတ်ပြည် အကြောင်း တပည့်တော်ကို သင်ပြ ပေးပါဦး”လို့ မေးမြန်းလျှောက်ထားသတဲ့။

          အဲဒီအခါ ဘုန်းဘုန်းလေးက ဓားပြဗိုလ်ကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး “မင်းလို  သူတစ်ပါးတွေရဲ့ အသက်ကို ရက်ရက် စက်စက် သတ်ဖြတ်ပြီး သူများ စည်းစိမ် ချမ်းသာတွေကို လုယက်ခိုးယူနေသူ တစ်ယောက်ကို နတ်ပြည်အကြောင်း သင်ပြပေးလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ အပိုပဲပေါ့”လို့ မိန့်ကြားလိုက်ပါတယ်။

ဘုန်းဘုန်း လေးရဲ့ မထောက်မညှာ မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓားပြဗိုလ်ကြီး ဟာ တစ်ခါတည်း မျက်စိ မျက်နှာပျက်ပြီး လက်တွေ တဆတ်ဆတ် တုန်လာအောင် ဒေါသတွေ ထွက်လာတယ်။  ပြီးတော့ ပွက်ပွက်ဆူနေတဲ့  သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ “ ဒီလောက် မိုက် ရိုင်း တဲ့ ကိုယ်တော်ကို ခေါင်းဖြတ် သတ်ပစ်တာပဲ နားအေးတယ်”
ဆိုပြီး ဆောင်ဓားကို ထုတ်ကာ ဘုန်းဘုန်းလေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်သတဲ့။

          အဲဒီအခါ ဘုန်းဘုန်းလေးက “အဲဒါ ငရဲပဲ၊ မင်းအတွက် ငရဲတံခါးကြီးပွင့်သွားပြီ” လို့ အမိန့်ရှိလိုက်ပါတယ်။
          အဲဒီတော့မှ ဘုန်းဘုန်းလေးဟာ အသက်နဲ့ရင်းပြီး သူနားလည်အောင် ငရဲရဲ့ သဘာဝကို သင်ပြ ပေးလိုက်လို့ ဓားပြဗိုလ်ကြီး သဘောပေါက် သွားတယ်။ ဒါကြောင့် မြှောက်ချီ ထားတဲ့ ဆောင်ဓားကို မြေကြီးပေါ်မှာ အသာ အယာချပြီး လက်အုပ် ချီကာ “
ကျေးဇူးကြီး လိုက်တာ အရှင်ဘုရား။ ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ လျှောက်ထား တောင်းပန်ရင်း ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။

          အဲဒီအခါ ဘုန်းဘုန်းလေက “အဲဒါ နတ်ပြည်ပဲ၊ ဒကာကြီးအတွက် နတ်ပြည် တံခါးကြီး ပွင့်သွားပြီ”လို့ ထပ်မံပြီး အမိန့်ရှိလိုက်ပါတယ်။

          ဒီဓမ္မပုံပြင်လေးဟာ ငရဲ နဲ့ နတ်ပြည်ရဲ့ သဘာဝကို လူပြိန်း နားလည်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ငရဲနဲ့ နတ်ပြည် ရဲ့ သဘာဝ အတိအကျ ကိုတော့ အဘိညာဉ် ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။

          နတ်ပြည်နဲ့ ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့ အခေါ်အဝေါ်တွေ ဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ စိတ်ရဲ့ အခြေအနေတွေက အများကြီး လွှမ်းမိုးနေပါတယ်။ ချမ်းသာမှု ကင်းမဲ့တဲ့ အခြေအနေ၊ ဖြစ်ရာဋ္ဌာနဟာ ငရဲဖြစ်ပြီး ချမ်းသာမှု ပြည့်စုံတဲ့ အခြေအနေ ၊ ဖြစ်ရာဋ္ဌာနဟာ နတ်ပြည်ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ် ဖော်ဆောင်မှုဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ သေလွန်ပြီးနောက် တမလွန် ဘ၀ရောက်မှ တွေ့ကြုံခံစားရမယ့် အရာတွေလို့ လွဲမှားစွာတွေး ခေါ်နေသူတွေကို အမြင်မှန် ရစေမှာ ဖြစ်သလို “ဒီဘ၀ ဒီကိုယ်စံ၊ နောက် ဘ၀ နောက်ကိုယ်ခံ လိမ့်မယ်” ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ၀ါဒကိုလည်း စင်ကြယ်စေ နိုင်ပါလိမ့်မယ်။

          တကယ်တော့ “ငရဲကျတယ်”ဆိုတာ မကောင်းမှု အကုသိုလ် ဒုစရိုက်ကို လွန်ကျူး မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီမကောင်းမှု အကုသိုလ်ရဲ့ အပြစ်ကို မုချ ဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ “နတ်ပြည်ရောက်တယ်”ဆိုတာ လည်း ကောင်းမှုကုသိုလ် သုစရိုက်ကို အားထုတ်ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာ တော့ အဲဒီကောင်းမှု ကုသိုလ်ရဲ့ အကျိုးကို မုချဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။

          နတ်ပြည်နဲ့ ငရဲဟာ တမလွန်ဘ၀နဲ့ အကျုံးဝင်သလို ပစ္စပ္ပန် ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။  ကုသိုလ်ကောင်းမှုကြောင့် ဒီဘ၀ ကျေနပ် ကြည်နူးရတဲ့ပီတိ ဟာ ပစ္စုပ္ပန် နတ်ပြည်ဖြစ်ပြီး၊ နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန် ဘဝ
နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ် မကောင်းမှုကြောင့် ဒီဘ၀ ပူပန် ဆင်းရဲရတဲ့ နောင်တဟာ  ပစ္စပ္ပန်ငရဲဖြစ်ပြီး၊ နောက်ဘ၀ တွေ့ကြုံရမယ့် ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်ဘ၀ ငရဲဖြစ်ပါတယ်။

          ပုံပြင်ထဲက ဘုန်းဘုန်းလေး ပြောပြသလိုပဲ နတ်ပြည်နဲ့ ငရဲမျိုးစေ့ဟာ မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်း နေတာမို့ မိမိတို့နဲ့ အနေဝေးလှတာ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိတဲ့ ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့ သွန်းဖျန်း လိုက်တဲ့အခါ နတ်ဘုံဗိမာန်တွေ ပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ် ရေတွေနဲ့ လောင်းထည့်လိုက်တဲ့အခါ ငရဲကြီးရှစ် ထပ် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

          အကြောင်းရှိမှ အကျိုးထင်တတ်တဲ့ လောကကြီးမှာ အကျိုးတရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်တော့ ဘာမျှ ပြဿနာ မဟုတ်ပါဘူး။ အကြောင်း အကျိုးကို ကိုယ်လိုသလို ဆွဲယူချင်တာကသာ ပြဿနာ ဖြစ်ပါတယ်။ “စိတ္တေန နီယတေ လောကော= လောကကြီးကို စိတ်က ဖန်ဆင်းတယ်”ဆိုတဲ့  မြတ်စွာ ဘုရားရှင်ရဲ့ ဆိုမိန့်ချက်ရှိပါတယ်။
ဒါကြောင့် နတ်ပြည်ရော ငရဲပါ(၃၁)ဘုံသော လောကကြီးဟာ လူ့စိတ်တွေ ဖန်ဆင်းထားတဲ့ တကယ့်အရှိတရားတစ်ခု ဖြစ်တယ် ဆိုတာ လွတ်လပ် ပွင့်လင်းတဲ့ စိတ်ထားနဲ့ ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံး
ရှင်းလင်းသွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။

                                                                                                           တော်ဝင်နွယ်

Saturday, December 24, 2011

လက္ခဏာတော်မှ တစ်ဆင့်

 
လက္ခဏာတော်မှ တစ်ဆင့်

လက္ခီယတီတိ လက္ခဏံ။
လက္ခီယတေ ဧတေနာတိ လက္ခဏံ။

မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှာ ယောက်ျားမြတ်တို့ရဲ့ လက္ခဏာ (မဟာပုရိသလက္ခဏာ) ၃၂- ပါး ရှိပါတယ်။ လက္ခဏာတော်ကြီး ၃၂- ပါးလို့ ခေါ်ပါတယ်။ လက္ခဏာတော်ငယ် ၈ဝ- ရှိပါတယ်။ မဟာပုရိသ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဟာ လူ့ဘဝမှာနေရင် စကြဝတေးမင်း၊ ရဟန်းပြုရင် ဘုရားစင်စစ် ဧကန်ဖြစ်ပါတယ်။

စကြဝတေးမင်းလက္ခဏာပါတိုင်း စကြဝတေးမင်း ဖြစ်ပါသလား။ (စက်လက္ခဏာနှင့် ပြည့်စုံပေမယ့် ညောင်ရမ်းမင်းသားလေးဟာ စကြဝတေးမင်း မဖြစ်ခဲ့ပါဘူး။) စကြဝတေးမင်းကျင့်ဝတ်ကို ကျင့်မှသာ စကြာရတနာ ဖြစ်ပေါ်ပြီး စကြဝတေးမင်း ဖြစ်ပါတယ်။ (စကြဝတေးမင်း ကျင့်ဝတ်ကို ပါထိကဝဂ် - စက္ကဝတ္တိသုတ် မြန်မာပြန် - ၅၁ ၌ ဖတ်ရှုနိုင်ပါသည်။) ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်လည်း ဘုရားဖြစ်ကြောင်း ကျင့်စဉ်တို့ကို ကျင့်တော်မူပြီးမှသာ ဘုရားဖြစ်တော်မူပါတယ်။

ဒါ့ကြောင့် လက္ခဏာဆိုတာ အတိတ်ကံရဲ့ အမှတ်အသားမျှသာ ဖြစ်ပါတယ်။ အဲဒီကံရဲ့ ကောင်းကျိုး ပြည့်စုံဖို့၊ မကောင်းကျိုးများ ပျောက်ပျက်ဖို့ကတော့ ပစ္စုပ္ပန်ကံတွေနဲ့ ဖြည့်တန်ဖြည့်၊ ဖျောက်တန်ဖျောက် ရမှာပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံ ပြောင်းရင် လက္ခဏာများလည်း ပြောင်းတတ်တဲ့ သဘောရှိတယ်လို့ (လက်ဖ၀ါးပေါ်က) အမှတ်အသားတွေကို ယုံကြည်လွန်းသူများ သတိထားမိစေချင်ပါတယ်။

လက္ခဏာဆိုတာ အကြောင်းတရားမဟုတ်ပါဘူး။ ကံသည်သာလျှင် အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်းကံတရားများကို ဆည်းပူးခဲ့လို့ လက္ခဏာတွေ ပေါ်လာပြီး အဲဒီလက္ခဏာရှိတဲ့သူများ ခံစားရတဲ့ အကျိုးတရားတွေကို ခံစားရတာပါ။ ကောင်းကျိုးလက္ခဏာတွေကို ဗုဒ္ဓရှင်တော်ရဲ့ မဟာလက္ခဏာတော်ကြီးများနဲ့ တွဲစပ်ပြီး သဘောလောက် ဖော်ပြချင်ပါတယ်။

ကုသိုလ်ကောင်းမှုနဲ့၊ ကျင့်ဝတ်တရားတွေကို ဝတ်မပြတ်ပုံမှန် လုပ်ဆောင်ခဲ့လို့ 
 (၁) ခြေဖဝါးတော် ညီညာပြီး ရန်သူတွေက မပိတ်ပင် မတားဆီးနိုင်ပါဘူး။

လူအများကို ဘေးကင်းအောင် တရားနှင့်အညီ စောင့်ရှောက်ခြင်း၊ လှူဒါန်းရာမှာ စုံစုံလင်လင် အခြံအရံများနဲ့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့လို့ 
 (၂) ခြေဖဝါးအပြင်မှာ စက်လက္ခဏာတော် ဖြစ်ပေါ်ပြီး အခြံအရံ များပါတယ်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပြီး သတ္တဝါတွေကို သနားကာ အစီးအပွား လိုလားစောင့်ရှောက်ခဲ့လို့ 
 (၃) ရှည်သော ဖနောင့်ရှိ။ 
 (၄) ရှည်သော ခြေချောင်း၊ လက်ချောင်းရှိ။ 

(၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိပြီး သူတစ်ပါးက မသတ်ဖြတ်နိုင်ဘဲ အသက်ရှည်ပါတယ်။

စားကောင်း သောက်ဖွယ်တွေ လှူဒါန်းခဲ့လို့ 
 (၆) လက်ဖမိုး-၂ ခု၊ ခြေဖမိုး-၂ ခု၊ ပခုံး-၂ ခု၊ လည်ကုပ်- ၁ ခု အားဖြင့် အရပ်(၇)ပါး အသားပြည့်ဖြိုးပြီး မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါတယ်။

လူအများကို သင်္ဂဟတရားလေးပါးနဲ့ ချီးမြှောက်ခဲ့လို့ 
(၇) နူးညံ့သော။ (၈) ညီညာသော လက်ခြေရှိပြီး ညီညွတ်သော ပရိသတ် ရှိပါတယ်။
(ကိုယ့်လက်အောက်ငယ်သားတွေ မညီညွတ်ရင်လည်း အလွန်စိတ်ပျက်စရာကောင်း ပါတယ်။ သင်္ဂဟတရားလေးပါးဆိုတာက ပေးသင့်သူကိုပေး၊ ချိုချိုသာသာပြောသင့်သူကို ချိုချိုသာသာပြော၊ အကျိုးဆောင်ပေးသင့်သူကို အကျိုးဆောင်ပေး၊ ကိုယ်နဲ့ထပ်တူထားသင့်သူကို ထပ်တူထားခြင်းတို့ပါပဲ။ ဒါဆို ညီညွတ်သော ပရိသတ်ကို ရရှိမှာ ဖြစ်ပါတယ်။)

အကျိုးရှိတဲ့စကား၊ တရားစကားတို့ကို ပြောခဲ့၊ တရားအလှူကို လှူခဲ့လို့ 
(၉) မြင့်သော ဖမျက်ရှိ။ 
(၁၀) လက်ျာရစ်လည်ကာ အထက်သို့ ကော့တက်နေတဲ့ မွေးညှင်းတော်ရှိပြီး အကြီးဆုံး၊ အမြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးသူ ဖြစ်ရပါတယ်။

အတတ်ပညာတို့ကို လွယ်ကူလျင်မြန်စွာ တတ်မြောက်အောင် သေသေချာချာ သင်ကြားပို့ချပေးခဲ့လို့ (၁၁) ပြေပြစ်သော မြင်းခေါင်းတော်ရှိပြီး ပစ္စည်းပရိက္ခရာနဲ့ ပရိတ်သတ်လေးပါး လျင်မြန်စွာ ရရှိပါတယ်။

ပညာရှိတို့ထံ ချဉ်းကပ်ပြီး သိလိုရာကို အဖန်ဖန် မေးမြန်းခဲ့လို့ 
(၁၂) အသားအရေ ချောမွေ့ပြီး ပညာဉာဏ် ကြီးပါတယ်။ ပညာအရာမှာ သာသူမပြောနဲ့၊ တူသူတောင် မရှိပါဘူး။

ဒေါသမထွက်ခဲ့၊ ဒေါသကို ထင်ရှားမပြခဲ့၊ ရန်ငြိုးမဖွဲ့ခဲ့ / နူးညံ့သိမ်မွေ့တဲ့ အဝတ်တန်ဆာတွေကို လှူဒါန်းခဲ့လို့ 
(၁၃) ရွှေအဆင်း အသားအရေရှိပြီး ထူးကဲလွန်မြတ်တဲ့ အဝတ်သင်္ကန်း၊ အခင်းတို့ကို ရလွယ်ပါတယ်။ ကောင်းမှုတွေလည်းပဲ မပျက်မစီး တည်ရှိပါတယ်။

ကွဲကွာနေသူတွေကို ပေါင်းဆုံစေ/ ညီညွတ်စေခဲ့လို့ 
(၁၄) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ် ရှိပြီး စကားကို လိုက်နာတဲ့ တပည့်သာဝကများစွာ ရှိပါတယ်။

ပုဂ္ဂိုလ်ကိုလိုက်၍ ဂုဏ်နဲ့လျော်စွာ ထိုက်ထိုက်တန်တန် ပေးလှူခဲ့လို့ 
(၁၅) ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိကာ (ပုအိုင့်အိုင့်/ ရှည်မျောမျော မဟုတ်ဘဲ လက်နှစ်ဘက်ဘေးကို ဆန့်ထုတ်ထားတဲ့ အကျယ် အတိုင်းအတာနဲ့ လက်ကို အပေါ်ဆန့်ထားရင် ရှိမယ့် အမြင့်အတိုင်းအတာ ညီမျှ)။ 
(၁၆) မကိုင်း မညွတ် (မကုန်း) ရဘဲ လက်ဝါးပြင်ဖြင့် ပဆစ်ဒူးတို့ကို သုံးသပ်နိုင်ပြီး သဒ္ဓါသီလစတဲ့ သူတော်ဥစ္စာများနဲ့ ပြည့်စုံပါတယ်။ အမြတ်ဆုံး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဥစ္စာကို ရရှိပါတယ်။

လူအများရဲ့ အကျိုးစီးပွါးကို လိုလားခဲ့လို့ 
(၁၇) ခြင်္သေ့မင်းရဲ့ ရှေ့ပိုင်းကိုယ်နဲ့ တူတဲ့ ကိုယ်ရှိ။ 
(၁၈) လက်ပြင် နှစ်ခုအကြား ပြည့်ဖြိုးတဲ့ အသားရှိ။ 
(၁၉) ညီညာလုံးဝန်းတဲ့ လည်တိုင်ရှိပြီး သဒ္ဓါသီလ စတာတွေကနေ မဆုတ်ယုတ်၊ သဗ္ဗညုတဉာဏ်မှ မဆုတ်ယုတ်ပါဘူး။

သတ္တဝါတွေကို မညှင်းဆဲခဲ့လို့ 
(၂၀) အရသာကို ဆောင်နိုင်တဲ့ အလွန်ကောင်းမြတ်တဲ့ အကြောရှိပြီး အနာရောဂါ ကင်းပါတယ်။ ဝမ်းမီးနဲ့ ပြည့်စုံပါတယ်။

ဒေါသနဲ့ မျက်လုံးပြူးပြီး မကြည့်ခဲ့၊ မျက်စောင်း မထိုးခဲ့/ ရိုးဖြောင့်စွာ မေတ္တာဖြင့်သာ ကြည့်ခဲ့လို့ 
(၂၁) အလွန်ညိုသော မျက်လုံးရှိ။ 
(၂၂) နွားငယ်ရဲ့ မျက်တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။

ကုသိုလ်ကောင်းမှုတို့ကို ခေါင်းဆောင်ပြီး ပြုခဲ့လို့ 
(၂၃) သင်းကျစ်ဆင်ထားသကဲ့သို့သော ဦးခေါင်းရှိပြီး ဗုဒ္ဓအလိုကိုလိုက်တဲ့၊ အဆုံးအမကို လိုက်နာတဲ့ ဝေနေယျ များစွာရှိပါတယ်။

မှန်သောစကားတစ်မျိုးတည်းကိုသာ ပြောခဲ့လို့ ၊ သူများကို မလှည့်စားခဲ့လို့ (၂၄) မွေးညှင်းတစ်တွင်းမှာ မွေးညှင်တစ်ပင်သာရှိ။ 
(၂၅) မျက်မှောင်နှစ်ခုကြား ဖြူစင်တဲ့ ဥဏ္ဏလုံ မွေးရှင်တော်ရှိပြီး သတ္တဝါအများဟာ ဗုဒ္ဓအလိုကိုသာ လိုက်ရပါတယ်။

ဂုံးမတိုက်ခဲ့၊ ညီညွတ်ခြင်းကို အားပေးခဲ့လို့ 
(၂၆) လေးဆယ်သော။ (၂၇) မကြဲသောသွားရှိပြီး သူများ မဖြိုခွဲနိုင်တဲ့/ အဆုံးအမကို ခိုင်မြဲစွာ လိုက်နာတဲ့ ပရိသတ် ရှိပါတယ်။

ကြမ်းသောစကားကို မပြောခဲ့၊ နူးညံ့ချိုသာ နားဝင်ချိုအောင် ပြောခဲ့လို့ 
(၂၈) ကြီးမားရှည်လျား နူးညံ့တဲ့ လျှာတော် ရှိ။ 
(၂၉) ဗြဟ္မာ့အသံနှင့် တူတဲ့ အသံရှိပြီး ဘုရားရှင်ရဲ့ စကားဟာ အောင်မြင်ပါတယ်။ ဘုရားရှင်ရဲ့ စကားကို နာယူလက်ခံကြပါတယ်။

အကျိုးမရှိ ပြိန်ဖျင်းတဲ့စကားကို မပြောခဲ့၊ အကျိုးရှိတဲ့ စကားကိုသာ ပြောခဲ့လို့ (၃၀) ခြင်္သေ့မေးနဲ့တူသေတဲ့ မေးရှိပြီး အတွင်းအပ ရန်သူတွေ မဖျက်ဆီးနိုင်ပါဘူး။

အသက်မွေးမှုစင်ကြယ်ခဲ့လို့ 
(စဉ်းလဲ ကောက်ကျစ်၊ ခေါင်းပုံဖြတ် မတရားသဖြင့် ဖြတ်လမ်းက အသက်မမွေးခဲ့လို့) 
(၃၁) ညီညွတ်တဲ့ သွားတွေရှိ။ 
(၃၂) အလွန် ဖြူစင်တဲ့ စွယ်တော်လေးဆူရှိပြီး မကောင်းမှု ကိလေသာကင်းတဲ့ စင်ကြယ်တဲ့ အခြံအရံ ရှိပါတယ်။

အကြောင်းအကျိုးများသာ ဆက်စပ်ဖြစ် ပေါ်နေသော သံသရာမှာ မှန်ကန်တဲ့ အကြောင်း အကျိုးကို သိမြင်ဖို့အရေးကြီးပါတယ်။ ကိုယ်အလိုရှိတဲ့အရာတွေ မရရှိခြင်း (အကျိုးချို့တဲ့နေခြင်း)ဟာ အကြောင်းချို့တဲ့ခဲ့လို့ပါပဲ။ အဲဒါကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ အပြစ်တင်မနေဘဲ အဲဒီ ချို့တဲ့ခဲ့တဲ့ အကြောင်းတွေကို ပြည့်စုံအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ်အလိုရှိတဲ့ အကျိုးတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။ 

အကျိုးကို မျှော်မျှော် မမျှော်မျှော် အကြောင်းကိုပြုရင် အကျိုးက ရမှာသေချာပါတယ်။ အကျိုးကို မျှော်ခြင်း မမျှော်ခြင်းကတော့ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ အခု ရေးခဲ့တာလေးတွေဟာ ကြောင်းကျိုးအမှန်ကို မြင်သိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံဉာဏ်ဖြစ်ပါတယ်။ ဒီဉာဏ်ကို အခြေခံ၊ တစ်ဆင့်ထက်တစ်ဆင့်မြင့်တဲ့ ဉာဏ်တွေရအောင်လုပ်ပြီး အမြင့်ဆုံး နိဗ္ဗာန်ရအောင် ကြိုးစားကြရမှာပါ...။

Author: ဓမ္မရနံ့ 
http://dhammayanantmm.blogspot.com/

Friday, December 23, 2011

လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ 母親的品質影響著孩子的未來




ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။ မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမှု၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်တယ်။

ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်ထားကြတယ်။ "သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့ လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်တယ်။ မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက် ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်ရှိတဲ့ မိသားစုတစ်စုကို တစ်ယောက်တည်း ပုခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ ယုံကြည်မှုကို မယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့ သစ်ပင်ဖြစ်တယ်။


သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေနိုင်တယ်

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးတိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ဆိုကြတယ်။ လောကမှာ ယောက်ျားတွေရဲ့စိတ်သဘောထားကပဲ ချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားက လမ်းကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေးစာအတုယူဖို့ကောင်းတယ်။ ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေကြောင့် မိခင်တစ်ဦးရဲ့ ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေးငါးယောက်ကို ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။


ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊ စာနာရိုင်းပင်းတတ်မှုရှိစေတယ်

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမှုရက်စက်ခြင်းနဲ့ လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့် တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေ လာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအတွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင်နာတတ်တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှုကို တွေ့မြင်နိုင်ပါတယ်။


တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်ဟစ်ငိုယိုမယ်၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်ဆိုတာပဲဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ ဒီလိုအပြုအမှုတွေက ဘာစကားလုံး ဘာခံစားချက်နဲ့မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲ တစ်သက်စွဲငြိစေပါတယ်။


နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေက အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်က စည်းကမ်းတကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာမဖြစ်တော့ဘူး။


ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး တဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

母親的品質影響著孩子的未來

一個家庭,哪怕窮的家徒四壁,只要有一個善良、節儉、樂觀和整潔的女人在料理,這樣的家庭仍是心靈的聖堂與快樂力量的源泉。

母親的品質影響著孩子的未來母親為了社會貢獻的最主要的產品就是你的孩子,除了自發的愛以外,母親必須學習教育的藝術,否則,任何教育改革都將是徒然。

母親的形象至始至終都會影響每一個人的人生,也許很多人不會認真地思考和承認這個問題,但是這確實是一個不能否認的真理!

一個人從小到大,只要他(她)的母親伴隨著他們的成長里程,母親的一切,包括母親的形象;母親的做人原則;母親的思想……都會在不知不覺中始終影響他們的孩子,那些孩子就是生活中的你我他。

·堅強的母親教會孩子在困難面前不會怯懦

在人們的一些思維里都是把女人當作柔弱的代表,似乎只有男人才能配得上“堅強”二字。

其實在現實生活中,真正地遇到困難,能夠不懼艱難困苦,一直堅持下去的往往就是那些看起來比較軟弱的女人,她們甚至在有些方面比男人顯的還要堅強的執著。

像王桂荃(梁啟超的二夫人)女士,在梁啟超離世之後,帶著九個孩子度過了令人無法想像的歲月,即使在文-革的動亂年代也沒有動搖她的堅強信念,在她去世以後,梁思成和兄弟姐妹一起在父親墓旁種下一棵“母親樹”,以此紀念這位偉大的堅強母親。

·心胸寬闊的母親讓孩子學會展望未來

女人的胸懷歷來被文人描寫的及其狹窄,甚至還有民間的俗語:女人頭髮長見識短。好像世界上只有男人的胸膛是寬闊的大道;而女人的心胸只是山間的羊腸小路。

然而有很多的女人的胸懷讓我們敬佩,真是這些女人的胸懷讓我們懂得一個母親的寬闊胸膛會對孩子起多大作用。

郭安娜——(郭沫若的第二位夫人)這個現代人也許並不知道她的名字的女人,在離開郭沫若後,一個人居然撫養著五個未成年的孩子,直到十五年以後見到郭沫若。

·善良的母親讓孩子懂得悲天憫人

人類社會最可怕的就是行為的殘酷和精神的冷漠,可是我們誰也不能否認很多人好像無法躲避這兩種悲慘的現實。

“悲天憫人”的情懷雖然有後天的修養與教育形成,但是它仍然是來源於孩子母親的善良根基。

比爾蓋茨就說過,自己在母親那裡得到的是“虔誠和善良”,我們在比爾蓋茨對全世界貧困地區的大量捐款上就可以看到母親的印記。

·冷靜鎮定的母親使孩子學會堅韌不拔

在很多文學作品中,或者是有形宣傳影像中,我們大多是情況下看到的是遇到災難時候的母親,不是嚎啕大哭就是絕望的想到自殺,然而在現實生活中,我們見到的在如今人們難以形容的場面上,一個母親的鎮定和冷靜足以讓人終生不能忘記。

·有修養的母親會鑄就孩子的品質

“修養”這個名詞在每個人身上的體現,那就是一個人的品質,一個人的品質優秀似乎又能成就他的事業。

那麼修養即使在成年之後如何“建設”,其實大多數的修養還是從母親那裡點點滴滴“澆灌”的。

母親尊老愛幼,孩子自然就會上行下效;母親節儉有度,孩子自然就會拒絕奢華;母親彬彬有禮,孩子自然就會謙虛不傲……

·文化資深的母親會影響孩子的深刻思考

有文化的母親絕對會影響孩子的思維,如果是文化資深的母親似乎就更能影響孩子的深刻思考,就像一個還不會走路的孩子在大人手牽手的帶領下慢慢學會走路一樣。

有文化的母親從孩子出生那天起就在每一天的生活裡,一點點地影響孩子,讓他們杜絕粗俗;讓他們遠離簡單;讓他們知道深刻……

著名作家金庸就曾經說過,他對小說的人物內心深處的探索很多受母親的文化影響。金庸的母親徐祿是徐志摩的姑媽,在那個時候就讀過高中,並能寫一手漂亮的水筆字。

每一個人的母親都在以他們各自的形象影響著自己的孩子,雖然在這裡舉出的都是名人的母親,這不等於我們沒有註重平凡的母親,只是這裡所舉出的母親形像大家都知道和熟悉,所以他們就具有一定的代表性。

其實即使是我們自己的母親,他們身上同樣會有這些美好的人格特徵和精神品質,唯一的區別就是只有我們自己清楚。

作者:pingzhongsha