Monday, October 31, 2011

ဗုဒ္ဓဓာတ်တော်များကမ္ဘာအနှံ့ခရီးဆန့်ပြီ

ဗုဒ္ဓဓာတ်တော်များကမ္ဘာအနှံ့ခရီးဆန့်ပြီ
ဗုဒ္ဓသာသနာတော်သည်   ကမ္ဘာတစ်လွှားသို့   ငြိမ်းချမ်းစွာ ပြန့်ပွားလာသည်နှင့်အမျှ  ဗုဒ္ဓစာပေများ၊  ရဟန်းတော်များ ကိုလည်း  နိုင်ငံတကာတွင်  တွေ့မြင်လာကြရသည်။  မကြာ သေးမီအချိန်က  ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ  ကမ္ဘာတစ် ခွင်သို့ လှည့်လည်ကြွချီသည့် သတင်းများကို ကမ္ဘာ့သတင်း စာများ၌  ဖတ်ရှုရသည်။  သို့ဖြစ်၍  ဗုဒ္ဓဓာတ်တော်မွေတော် များအကြောင်း  ကမ္ဘာ့သတင်းစာတို့၌  ဖော်ပြထားပုံအချို့ ကိုထုတ်နုတ်၍  ဖော်ပြလိုပါသည်။

ရှေးဦးစွာ  အမေရိကန် ပြည်ထောင်စုတွင်  ထုတ်ဝေသည့်  ဝါရှင်တန်ပို့စ်သတင်းစာ ၌ အမေရိကန်ပြည်နယ် အချို့တွင် ဗုဒ္ဓဓာတ်တော်များကို ပြ သထားမည့်အကြောင်း  သတင်းထောက်  ဘီလ်ဗရုတ်ဒ်ဝေး ရေးသားပုံမှာ ဤသို့ဖြစ်သည်-
ယခုနှစ်   ဆောင်းဦးပေါက်ရာသီတွင်   ကမ္ဘာ့ဘာသာကြီးများ၌ပါဝင်သည့်    ဗုဒ္ဓဘာသာကို    တည်ထောင်ခဲ့သူ သိဒ္ဓတ္ထဂေါတမဗုဒ္ဓ၏ လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ-ကျော် အချိန်က  ဓာတ်တော်များကို  ကြုံတောင့်ကြုံခဲ  ဖူးမြော်ခွင့်
ရသူများအဖို့ အံ့သြဖွယ်ဖြစ်ပါလိမ့်မည်။

အခြားများစွာသော ဘာသာတရားဆိုင်ရာ  သူတော်စင်တို့၏   အရိုးများနှင့်မတူဘဲ   ဗုဒ္ဓ၏ဓာတ်တော်များတွင် ပုလဲလုံးကဲ့သို့သော ဓာတ်တော်များပါဝင်သည်။ ပုံဆောင်ခဲ အသွင်ရှိသော  အဆိုပါဓာတ်တော်များသည်  ရဟန္တာပုဂ္ဂိုလ် များကို  မီးသင်္ဂြိုဟ်သောအခါ  ဖြစ်ပေါ်လာပြီး  နှလုံးသား၊ပန်းပွင့်၊ ခရုသင်းနှင့် အခြား ပုံသဏ္ဍာန်များအသွင် ကျန်ရစ်သည်ဟုဆိုသည်။
(မြတ်စွာဘုရား၏ အလောင်းတော်ကို မီးရှို့သောအခါ အသား၊ အရေ၊ အကြော၊ အစေးတို့သည် ပြာမဖြစ်၊ မှိုင်းမဖြစ်ဘဲ၊ သရီရဓါတ်တော်ဖြစ်သွားသည်။ (ဒီ-မြန်၊၂၊၁၅၇။)

ဓါတ်တော်များသည် မြတ်လေးပန်း၊ သန့်စင်သည့် ပုလဲ၊ ရွှေအဆင်းသဏ္ဍာန်ရှိသည်။ စွယ်တော် လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ ဥဏ္ဏလုံမွေးရှင်တော် စုစုပေါင်း(၇)ဆူမှာ ပကတိအတိုင်း ကျန်ရစ်ပြီး၊ ကျန်ကိုယ်ခန္ဓာ အင်္ဂါအစိပ်အပိုင်းများမှာ အငယ်ဆုံး မုန့်ညှင်းစေ့၊ အကြီး ဆန်ကျိုး၊ အကြီးဆုံး ပဲနောက်စေ့ကျိုးခန့် ပမာဏရှိသော ဓါတ်တော်များ ဖြစ်သွားသည်။)

ဓါတ်တော်အဖြစ် တည်ရှိခြင်းမှာ ထိုဘုရား ရဟန္တာ သူတော်စင်များ၏ ကိလေသာ (စိတ်အညစ်အကြေး)မှ အမှန်တကယ် လွတ်မြောက်မှုကို ပေါ်လွင်စေသည်ဟု ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။

သကျမုနိဗုဒ္ဓဟုလည်း ခေါ်တွင်သည့် ဂေါတမဗုဒ္ဓ၏ အရိုး အပိုင်းအစဓါတ်တော်များ၊ ကျောက်ဖြစ် ရုပ်ကြွင်းသဖွယ် သွေးသား အစိုင်အခွ ဓါတ်တော်များနှင့် အခြား ရဟန္တာ သူတော်စင်များ၏ ဓါတ်တော်များကို ဝါရှင်တန်မြို့၊ ဂီအက်ဟိုအန်
တိဗက်ဘုရားကျောင်း၌ ပြသထားသည်။ ရှေ့လတွင် အဆို ပါ  ဓာတ်တော်များကို  မြောက်ကာရိုလိုင်းနားပြယ်နယ်  ချာ လိုတီ(Charlotte)မြို့၊  ဂျော်ဂျီယာပြည်နယ်  အတ္တလန္တာမြို့၊ ဖလော်ရီဒါပြည်နယ်  အိုလန်ဒိုမြို့နှင့်  တက္ကဆပ်စ်ပြည်နယ်
ဒါးလက်စ်မြို့တို့၌ ခင်းကျင်း ပြသထားမည်ဟု သိရသည်။

ဗုဒ္ဓ၏ဓာတ်တော်များ   စစ်မှန်ကြောင်း   အာမခံပါသ လားဟု  မေးမြန်းကြည့်သောအခါ  မန်ချက်ချူးဆပ်စ်  နည်း ပညာတက္ကသိုလ် (M.I.T)မှ ဧည့်ပညာရှင်လည်းဖြစ် ဗုဒ္ဓဘာ သာ  ရဟန်းတော်လည်းဖြစ်သူ  တင်ဇန်ပိယဒဿီ သုခလ ပုဂ္ဂိုလ်က'ဒါဟာမေးသင့်တဲ့ မေးခွန်းပါပဲ' ဟုဆိုသည်။ လွန်ခဲ့သော (စက်တင်ဘာ)လက   တိဗက်ဘာသာရေး ခေါင်း ဆောင်  ဒလိုင်းလားမား  အမေရိကသို့လည်ပတ်ချိန်   အ တွင်း ဓာတ်တော်များကို ထိုတက္ကသိုလ်၌ ပြသခဲ့ဖူးသည်။

ဓာတ်တော်ကြုတ်ကို  ကြည့်ရှုလာသူများ၏  ဦးခေါင်းပေါ်တွင်ထားလျက် ဆုတောင်းမေတ္တာ ပို့သပေးသူ သုခလ ရဟန်းတော်က မိမိအနေဖြင့် အိန္ဒိယမြောက်ပိုင်း မိတ္တေယျ စီမံကိန်း(Maitreya Project)မှ ဦးဆောင်ပြုလုပ်သည့် ဟဒယ စေတိယ ဓာတ်တော်များ  လှည့်လည်ပြသပွဲ  (Heart Shrine Relics Tour Exhibit)တွင် ပါရှိသည့် (ဓာတ်တော်) ပစ္စည်း များ၏ စစ်မှန်မှုကို မေးမြန်းခဲ့ပြီးဖြစ်ကြောင်းဆိုသည်။

ဗုဒ္ဓဓာတ်တော်များ   တည်ရှိဆဲဖြစ်သည့်   အိန္ဒိယနှင့် နီပေါနိုင်ငံများ၌  စေတီတော်များတည်ဆောက်ရာတွင်  ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူ  သုခလရဟန်းတော်က  ယခု ပြသထားသည့်  ဓာတ်တော်များမှာ  သကျမုနိဗုဒ္ဓ၏  ဓာတ်တော်အစစ်အမှန်များ  ဖြစ်ကြောင်း၊  ဤဗုဒ္ဓဓာတ်တော်များမှာ   အခြားနေရာအားလုံးတွင်တွေ့ရသည့် ဓာတ်တော်များနှင့် သွင်ပြင်တူညီကြောင်း ဆိုသည်။

ကမ္ဘာအနှံ့ရှိ  ဘုရားကျောင်းများ၌  ဗုဒ္ဓဓာတ်တော်များ ရှိကြပြီး   အထူးနေ့ရက်များ၌သာ   ယင်းဓာတ်တော်များကို အများပြည်သူ  ရှုမြင်နိုင်အောင်  ပြသကြသည်။  သို့ရာတွင် ဓာတ်တော်များကို  လှည့်လည်ပြသမှုမှာ  ရှားပါးသည်သာ မက ဓာတ်တော်အများအပြားကို ယခုဓာတ်တော်များကဲ့သို့ လှည့်လည်ပြသခြင်း လုံးဝမရှိခဲ့ဖူးဟု ၄င်းကဆိုသည်။
ဓာတ်တော်များကို   ဖူးမြော်ရခြင်းသည်   မင်္ဂလာရှိပါ ကြောင်း၊   ဗုဒ္ဓသက်တော်ထင်ရှား   မရှိတော့သဖြင့်   ယင်း ဓာတ်တော်များမှာ သက်တော်ထင်ရှား မြတ်ဗုဒ္ဓနှင့်  ပမာတူ ကြောင်းလည်း အဆိုပါ ရဟန်းတော်ကဆိုသည်။

ဝေးစ်လေယန်တက္ကသိုလ်မှ လူသိများသည့် ပါမောက္ခ တစ်ဦးဖြစ်ပြီး တိဗက် ဗုဒ္ဓဘာသာကို   လိုက်နာကျင့်သုံးသူ ပညာရှင်  ဂျန်  ဝီးလစ်စ်  (Jan Willis)က  ဗုဒ္ဓဘာသာဝင်မ ဟုတ်သူများအနေဖြင့်   ရုပ်လောကကို   ကျော်လွန်ခြင်း၏ အရေးပါမှုကို ဟောကြားသည့် ဘာသာတရားသည် ဓာတ် တော်များကို  အလေးဂရုပြုခြင်းအတွက်  အံ့သြဖွယ်  တစ်ရပ်ဖြစ်သွားနိုင်သည်၊  သို့ရာတွင်  ဗုဒ္ဓဓာတ်တော်များသည် ဘုရားခန်းများ  သို့မဟုတ်  အခြားအလေးပြုရာနေရာများ၌ ကိန်းဝပ်ပါက   အရိုအသေပြုခံရသည့်နေရာ   ဖြစ်သွားပြီး ယင်းသည်  ကြည်ညိုသူတစ်ယောက်အဖို့  အသက်ရှိစဉ်က ကိုယ်တိုင်လည်း   သဗ္ဗညုတဉာဏ်ကို   ရရှိခဲ့သည်သာမက
အခြားပုဂ္ဂိုလ်များအားလည်း    အသိဉာဏ်ပွင့်လန်းအောင် ကူညီခဲ့သော  ဆရာအရှင်(ဗုဒ္ဓမြတ်စွာ)အား  ပိုမိုနီးကပ်စွာ သိမြင် ခံစားနိုင်မည်ဖြစ်သည်ဟု ဝီးလစ်စ်က ဆိုသည်။

အမေရိကန်ပြည်ထောင်စု၌   လူဦးရေ   ၂၇၈   သန်း(၂ဝဝ၁)ရှိပြီး အွန်လိုင်းသတင်းတစ်ခု၌ဖော်ပြသည့် ၂ဝဝဝ-ပြည့်နှစ် ဇယားအရ ခရစ်ယန် ၇၈-ရာနှုန်း၊ ဘာသာမဲ့ ၁၃-ရာနှုန်း၊ ဖန်ဆင်းရှင်မဲ့  ၂-ရာ  နှုန်း၊ ဂျူး  ၁-ရာနှုန်း၊ ဗုဒ္ဓဘာသာ                                                  ဝ.၅-ရာနှုန်း၊ မူဆလင် ဝ.၅-ရာနှုန်း  ရှိသည်။ ဖန်ဆင်းရှင်မဲ့(ဖန်းဆင်းရှင်ကိုမယုံသူ) ၂-ရာနှုန်းအနက် သုံး ပုံနှစ်ပုံလောက်မှာ  ဗုဒ္ဓတရားကိုလိုက်နာသူ  သို့မဟုတ်  ယုံ ကြည် စိတ်ဝင်စားသူများ ဖြစ်မည်ဟု ထင်ပါသည်။

ယခုနှစ် (ခရစ် ၂ဝဝ၃)၊ ဇွန်လတုန်းကလည်း တောင် အမေရိကတိုက်  အနောက်စွန်းရှိ  ချီလီနိုင်ငံသို့  ဗုဒ္ဓဓာတ် တော်များ  ကြွရောက်ခဲ့သည်။  ချီလီနိုင်ငံတွင်   ရိုမန်ကက် သိုလစ်  ၈၉-ရာနှုန်း၊  ပရိုတက်စတင့်  ၁၁-ရာနှုန်း ရှိသည်။ ချီလီနိုင်ငံသားတို့  ဗုဒ္ဓဓာတ်တော်နှင့်  ပတ်သက်၍  ခံစား ချက်ကို  ရိုက်တာသတင်းတစ်ပုဒ်  (ဇွန်လ ၂၈၊  ၂ဝဝ၃)  ၌ အောက်ပါအတိုင်း ဖတ်ရသည်-

ကမ္ဘာ့ငြိမ်းချမ်းရေးခရီးစဉ်၏  တစ်စိတ်တစ်ဒေသ  အဖြစ် ကက်သိုလစ် ခရစ်ယန်ဘာသာဝင် အများစုနေထိုင်ရာ ချီလီနိုင်ငံသို့  ပင့်ဆောင်လာခဲ့သည့်  ဗုဒ္ဓ၏ဓာတ်တော်များ ကိုဖူးမြော်ရန်  ချီလီနိုင်ငံသား  ရာပေါင်းများစွာတို့  တန်းစီ လျက်ရှိကြသည်။ ရဲနှင့်လုံခြုံရေးဝန်ထမ်းများ လိုက်ပါစောင့် ကြပ်လျက်   ဗုဒ္ဓဘာသာရဟန်းတော်များသည်   ရွှေကြုတ် တော်ကြီးတွင်  ထည့်သွင်းအပူဇော်ခံထားသော  သက်တမ်း နှစ်  ၂၅ဝဝ  ကျော်ခန့်ရှိပြီဖြစ်သည့်  ဗုဒ္ဓဓာတ်တော်များကို ချီလီနိုင်ငံ၊   ဆန်တီယာဂိုမြို့တော်   ယဉ်ကျေးမှုပြတိုက်ကြီး အတွင်းရှိ  ခမ်းနားစွာ  တန်ဆာဆင်ထားသည့်  စင်မြင့်ပေါ် သို့ ပင့်ဆောင်ခဲ့ကြသည်။   လမ်းတစ်လျှောက်တွင် တရား ဓမ္မများရွတ်ဆိုပြီး အမွှေးနံ့သာများ ပက်ဖျန်းကြသည်။

ဗုဒ္ဓဘာသာဝင်များသည် ချီလီတွင်လူနည်းစု ဖြစ်သော် လည်း  ဤဖန်ပေါင်းချောင်အတွင်းမှ  ရွှေခွက်ငယ်အပြည့်ရှိ ဗုဒ္ဓဓာတ်တော်များကို အုန်းအုန်း ကျွက်ကျွက် လာရောက် ဖူး မြော်ကြသည်မှာ   အံအားသင့်စရာကောင်းကြောင်း   ရိုက် တာသတင်းထောက်က ရေးသားသည်။

''ဒါဟာ ဘဝတစ်သက်တာမှာ  ရတောင့်ရခဲ အခွင့် အရေးပဲ။   ကက်သိုလစ် ခရစ်ယန်ဘာသာဝင်များ   ဂျေရူး ဆလမ်းမြို့သို့ သွားကြသလိုပေါ့''ဟု ချီလီလူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်လူးဝစ်ဖလောရက်စ် (Luis Flores)က သတင်းထောက်အား ပြောကြားသည်။
အဆိုပါ  ဗုဒ္ဓဓာတ်တော်များကို  မြန်မာ၊  သီရိလင်္ကာ နှင့်  ယိုးဒယားနိုင်ငံတို့က  ၁၉၉၉-ခုနှစ်တွင်  ကုလသမဂ္ဂသို့ လှူဒါန်းခဲ့သည်။  ယင်းနှစ်တွင် ကုလသမဂ္ဂက       ဗုဒ္ဓဘာသာ ကို ကမ္ဘာ့ဘာသာကြီးတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြု ပေးခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်ဗုဒ္ဓနေ့လည်း တရားဝင် ကမ္ဘာ့ကုလသမဂ္ဂ၏ ရုံးပိတ်ရက်ဖြစ်သွားသည်။

သမိုင်းတွင်   ထင်ရှားခဲ့သည့်   ဗုဒ္ဓရှင်တော်မြတ်   သို့မဟုတ် သိဒ္ဓတ္ထ ဂေါတမဗုဒ္ဓကို ယခုအခေါ်  နီပေါနိုင်ငံတွင် မင်းမျိုးမင်းနွယ်မှ ဘီစီ ၅၆၃ (ထေရဝါဒနိုင်ငံတို့အလို ဘီစီ ၆၂၃)တွင်   ဖွားမြင်ခဲ့သည်။   ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓ
သည်  အသက်  ၃၅-နှစ်တွင်  ဗောဓိÓဏ်ကိုရရှိခဲ့ပြီး  ဘဝတစ်လျှောက်လုံး  တရားဓမ္မများ  ဟောကြားလျက်  သက် တော် ၈ဝ-တွင် ပရိနိဗ္ဗာန်စံလွန်သည်ဟု ဆိုကြသည်။
တင်းကြပ်သည့်  အစောင့်အကြပ်များဖြင့်  ၁၅-နိုင်ငံမျှ ဒေသစရီ ကြွချီခဲ့ပြီးဖြစ်သည့် ဓာတ်တော်များသည် နောက် နှစ် (၂ဝဝ၄-နှစ်) မေလမှစတင်၍ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့ရှိ  ကုလသမဂ္ဂဌာနချုပ်၌  အမြဲတမ်း  ကိန်းဝပ် စံပယ်မည်ဖြစ်သည်။

တိဗက်လူမျိုး  ရောဂါကုသသူ  လားမားဘုန်းကြီး  ဂန်ချင် ရင်ပိုချီ (Gangchen Rinpoche)က ဤဓာတ်တော်များ ကို  တိဗက်ရှိမိမိကျောင်းသို့  ရေရရှိရေးအတွက် ကူညီပေး ခဲ့သည့်  အင်ဂျင်နီယာအုပ်စုတစ်စုအပါအဝင်  မိမိမိတ်ဆွေ များ၏စေတနာကို  တုံ့ပြန်ရန်  ချီလီနိုင်ငံသို့  ပင့်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

'ဗုဒ္ဓ၏ဓာတ်တော်များ  ချီလီသိြု့<ွကရောက်ခြင်းမှာ  ဗုဒ္ဓဘာသာဝင်များ အတွက်သာမဟုတ်ဘဲ အားလုံးအတွက် ဖွင့် ထားကြောင်း၊ အကြောင်းမူ ဗုဒ္ဓကိုယ်တိုင်က လူသား အား လုံးကို  ပွင့်လင်းစွာ  ဖိတ်ခေါ်ခဲ့ကြောင်း၊  ဓာတ်တော်များ သည်  အကြမ်းမဖက်မှုကို  တည်ဆောက်ရန်  အထောက် အပံ့ပြုလိမ့်မည်ဖြစ်ကြောင်း'  အဆိုပါ  လားမားဘုန်းတော် ကြီးက ရိုက်တာသို့ မိန့်ကြားသည်။
ဗုဒ္ဓဓာတ်တော်များကို    ဖူးမြော်ရန်    စင်မြင့်ပေါ်သို့ ပထမဆုံး ရောက်လာသူများမှာ  ရဲအရာရှိများဖြစ်ပြီး  ယင်းနောက် လုံခြုံရေးအဖွဲ့ဝင်များ  ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင်များကမူ    ဗုဒ္ဓဓာတ်တော်များ ယခုအပတ် ဆန်တီယာဂိုမြို့တော်သို့ ရောက်ရှိချိန်မှစ၍ အံ့ဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုကြသည်။

'ဗုဒ္ဓဓာတ်တော်များ   မြို့တော်သို့ရောက်ရှိသည့်   တိုတောင်းသည့် အချိန်ကာလအတွင်း ဗုဒ္ဓအကြောင်း မသိဖူး ကြသည့်ပုဂ္ဂိုလ်များတွင်   လုံးဝပြောင်းလဲမှုများကို   တွေ့ရ ကြောင်း၊  ဥပမာအားဖြင့်  ကျွန်ုပ်တို့ကို  ကူညီစောင့်ရှောက်သည့်  လုံခြုံရေးတာဝန်ခံများနှင့်  ကျွန်ုပ်တို့တည်းခိုနေသည့် ဟိုတယ်မှ  ဝန်ထမ်းများ၏ တုံ့ပြန်မှုမှာလည်း  အံ့သြစရာပင် ဖြစ်ကြောင်း' ပြပွဲဖြစ်မြောက်အောင် စီစဉ်သူ ဟေဒီဒက်ဝစ် လာ (Heidy Dettwiler)က ရိုက်တာသို့ ပြောကြားသည်။

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့၌ ပြသခဲ့သည့် ဓာတ်တော်
များကိုပင် အာဖရိကိုက် အရှေ့ဖျားရှိ ကင်ညာနိုင်ငံသို့ ပင့် ဆောင်မည်ဖြစ်ကြောင်း ဒေးလီးနေးရှင်းသတင်းစာ (ဇူလိုင်၃၁၊  ၂ဝဝ၃)၌  ဖော်ပြခဲ့သည်။  ကင်ညာနိုင်ငံ၌  ပရိုတက် စတင့် ၃၈-ရာနှုန်း၊ ကက်သိုလစ် ၂၈-ရာနှုန်းနှင့် မူဆလင် ၇-ရာနှုန်းနေထိုင်သည်။   ယင်းသတင်းစာ   ဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဗုဒ္ဓဓာတ်တော်များ ထည့်ထားသည့် ဓာတ်တော်ကြုတ် ကို ရှေ့တစ်ပတ်တွင် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၌ ပြသမည် ဖြစ်သည်။
ယင်းဓာတ်တော်များကို   နိုင်ရူဘီမြို့   လိုရေရှိုရိန့်ဂ်ျ လမ်းရှိ  ထေရဝါဒ ဗုဒ္ဓဘာသာကျောင်းတစ်ခု၌  ဗုဒ္ဓမွေးနေ့၊ သဗ္ဗညုတဉာဏ်ကိုရသည့်နေ့နှင့်    ပရိနိဗ္ဗာန်စံသည့်နေ့ကို အထိမ်းအမှတ်ပြုသည့်   ဝိဆက်ဒေးကာလအတွင်း   ခင်းကျင်းပြသ ထားမည်ဖြစ်သည်။  ယင်းအခမ်းအနားမှာ  အာဖရိကတိုက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ယင်းအခမ်းအနားသည်  ၁၉၉၉-ခုနှစ်က ကုလသမဂ္ဂတွင်  ကမ္ဘာ့ အရေးပါသည့်နေ့အဖြစ်  သတ်မှတ်ပေးခဲ့သော ဝိဆက်ဒေးကို  အသိအမှတ်ပြုသည့်  အထိမ်းအမှတ်လည်း ဖြစ်သည်။  ၇၉-ကြိမ်မြောက်  ကမ္ဘာကုလသမဂ္ဂအထွေထွေ ညီလာခံ၌  ဝိဆက်ဒေးကို  ကုလသမဂ္ဂဌာနချုပ်နှင့် ၄င်း၏ အခြားရုံးများ၌ အပြည်ပြည်ဆိုင်ရာက လက်ခံအသိအမှတ် ပြုသည့်နေ့ရက်အဖြစ် ဆုံးဖြတ်အတည်ပြု ပြဋ္ဌန်းခဲ့သည်။
ဗုဒ္ဓဓာတ်တော်များကို  ထည့်သွင်းထိန်းသိမ်းထားသည့် ဓာတ်တော်ကြုတ်ကို စောင့်ရှောင့်သူ  ဥပသကာ  ဆီအန်ဆာ အေခန့်သည်  ၂ဝဝ၁-ခုနှစ်  သြဂုတ်လ ကတည်းက  ကမ္ဘာ တစ်လွှားသို့    ခရီးလှည့်လည်ခဲ့ပြီးဖြစ်သည်။    ၄င်း၏ခရီး စဉ်မှာ ၂ဝဝ၄-ခုနှစ်၊ ဝိဆက်ဒေးတွင် ကမ္ဘာ့ကုလသမဂ္ဂဌာန ချုပ်၌   ပြီးဆုံးမည်ဖြစ်ပြီး   ယင်းဓာတ်တော်များကို   ယင်း ဌာနချုပ်တွင် အမြဲတမ်း ထိန်းသိမ်းထားမည်ဖြစ်သည်။

နိုင်ရူဘီမြို့၌  သီတင်းသုံးနေထိုင်သူ  ထေရဝါဒရဟန်းတော်  အရှင်အရိယဝံသ အဆိုအရ  ဗုဒ္ဓဓာတ်တော်များနှင့် အတူ မစ္စတာဆာအေခန့် ရောက်ရှိလာခြင်းမှာ ဗုဒ္ဓဘာသာဝင်များအဖို့   ဘဝတစ်သက်တာတွင်   တစ်ကြိမ်သာ   ဗုဒ္ဓ ဓာတ်တော်များကို   နီးကပ်စွာဖူးမြော်ခွင့်ရသည့်   အခွင့်အ လမ်းဖြစ်သဖြင့်   အလွန်အရေးပါသည့်   စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခု  ဖြစ်သည်ဟုဆိုသည်။
ထိုင်း၊  သီရိလင်္ကာနှင့် နီပေါလို  ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ၌  လူအများသည် ဓာတ်တော်များကို  ဖူးမြော်ရန်  နေ့ပေါင်းများစွာ  တန်းစီရ ကြောင်း၊  ဓာတ်တော်များမှာ  ဗုဒ္ဓဝါဒ၌   အထူးဟောကြားချက်တစ်ရပ် ဖြစ်ကြောင်း အရှင်အရိယဝံသကဆိုသည်။
ဒီဃနိကာယ်   မဟာပရိနိဗ္ဗာနသုတ်တော်နိဂုံး၌   ဗုဒ္ဓ ဓာတ်တော်မွေတော်များ၏ ဂုဏ်ရည်နှင့် ပတ်သက်၍ ရှေး ခေတ်သီဟိုဠ်မထေရ်ကြီးများက   အောက်ပါအတိုင်း   မှတ် ချက်ပြုခဲ့ကြသည် -

'ထိုသရီရဓာတ်တော်၏  တန်ခိုးကြောင့်ပင်လျှင်  ဤမဟာပထဝီမြေပြင်သည်   မြတ်သောဓာတ်တော်ပူဇော်ပွဲ တို့ဖြင့် တန်ဆာဆင်ထားသကဲ့သို့ တင့်တယ်ပေ၏။ ဤ သို့လျှင် မြတ်စွာဘုရား၏ ဤသရီရဓာတ်တော်ကို မြတ် ထက်မြတ်ဖြစ်သော နတ်လူတို့သည်   ကောင်းစွာအရို အသေပြုကြကုန်၏။
(အကြင်)သရီရဓာတ်တော်ကို  နတ်မင်း  နဂါးမင်း  လူမင်းတို့သည်  ပူဇော်ကြလေပြီ၊  ထိုအတူပင်  မင်းထက် မင်းမြတ်တို့သည်လည်း   ပူဇော်ကြလေပြီ၊   ထို(သရီရ ဓာတ်တော်)ကို  ရရှိလတ်သော်  လက်အုပ်ချီမိုး  ရှိခိုးကြ ကုန်လော့၊  မြတ်စွာဘုရားဟူသည်  ကမ္ဘာအရာတို့ဖြင့် သော်လည်း စင်စစ် တွေ့ရခဲ၏'
(ဒီ-မြန် ၂၊ ၁၆ဝ)။

သက်တမ်းတိုသည့်  ဗုဒ္ဓဘုရားရှင်တို့  ပရိနိဗ္ဗာန်ပြုပြီးနောက် ဓာတ်တော် မွေတော်များ ကျန်ရစ်ရိုးထုံးစံဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏  ဓာတ်တော်မွေတော်များမှာ  မြတ်ဗုဒ္ဓကိုယ်တိုင် ထားပစ်ခဲ့သည့် ဗုဒ္ဓကိုယ်စား အရိုအသေပြုရ မည့်အရာဖြစ်သည်။  'အသက်ထင်ရှား မြတ်ဘုရား၌  ဖြစ် စေ၊  ပရိနိဗ္ဗာန်စံ  ဘုရားရှင်၌ဖြစ်စေ၊  စိတ်ထားညီမျှသော် အကျိုးပေးတူ၏။ စိတ်ထားကောင်းခြင်းကြောင့် သတ္တဝါတို့ ဘဝကောင်းသို့ ရောက်ကြရသည်'။

ဓာတော်မွေတော်များကို    ဖူးတွေ့လိုက်ရသည့်ခဏ၌ စိတ်အစဉ်သည်   ကြည်နူးဆွတ်ပျံ့၍   သွားနိုင်မည်ဆိုလျှင် ယင်းကြည်လင်သည့်  စိတ်ထားသည်  မည်သည့်ဘာသာကို ကိုးကွယ်သူအားမဆို  တစ်ကိုယ်ရေငြိမ်းချမ်းမှု  ပေးပါလိမ့် မည်။  ထို့ကြောင့်  ဓာတ်တော်မွေတော်များ  ကမ္ဘာအရပ်ရပ် သို့   ကြွချီခြင်းမှာ   ငြိမ်းချမ်းသည့်   လူ့ဘောင်တစ်ရပ်၏ သင်္ကေတ ဖြစ်လာမည်ဟု ယုံကြည်မိပါသတည်း။

Sources:
1. Reuters, June, 28, 2003.
2. Daily Nation, July, 31 2003.
3. The Washington Post, Oct, 25,2003
------------------------
Ashin Kelasa, U.S.A.
အရှင်ကေလာသ

Sunday, October 30, 2011

ပီနန်ဆရာတော်ကြီး ၏သြ၀ါဒ(၁၂-၁၀-၂၀၁၁)



ပီနန်ဆရာတော်ကြီး ၏သြ၀ါဒ(၁၂-၁၀-၂၀၁၁)

"How are you?"လို့ လူတွေ နှုတ်ဆက်ကြတယ် မဟုတ်လား။ ဘုရားရှင် ရဟန်းတော်တွေကို 
နှုတ်ဆက်တာက ပိုကောင်းတယ်။ ကစ္စိ ခမနီယံ။ ကျန်းကျန်းမာမာ ရှိရဲ့လား။ ဒီလို စပြီး နှုတ်ဆက်တာ။ ကစ္စိ ယာပနီယံ။ မျှတရဲ့လား။ အဓိပ္ပာယ်က ကျယ်တယ်။ ရာသီဥတု မျှတရဲ့လား။ နေရထိုင်ရတာ၊ စားရသောက်ရတာ မျှတရဲ့လား။ အ၀ိဝဒမာနာ။ မငြင်းမခုံ ခိုက်ရန်မဖြစ်ဘဲ နေနိုင်ခဲ့ကြရဲ့လား။ သမ္မောဒမာနာ။ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့ကြရဲ့လား။ ဒီလိုမေးပြီး နှုတ်ဆက်တာ။ ဘုရားရှင်က ရဟန်းတော်တွေကို မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေစေချင်တာ။

အခု စင်္ကာပူမှာ သီတင်းသုံးကြတဲ့ ကျောင်း(၁၂)ကျောင်းက သံဃာတော် (၄၂)ပါး၊ သီလရှင်ကျောင်း(၂)ကျောင်းက ဆရာလေးနှစ်ပါး၊ စင်္ကာပူမှာ ရောက်နေကြတဲ့ ဒကာဒကာမတွေရော သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား လုပ်နေကြတာ ညီညွတ်ကြဖို့၊ မေတ္တာထားကြဖို့ပဲ။ အခုလုပ်တဲ့ ပ၀ါရဏာပွဲဆိုတာ ဖိတ်ကြားတဲ့ပွဲ။ အပြစ်မြင်ရင် ပြောကြဖို့ ဖိတ်ကြားတာ။ ခုနက သံဃာတော်တွေ သိမ်ထဲမှာ ဖိတ်ကြားကြတယ်။ ဘုန်းကြီးက အကြီးဆုံးမို့ ပထမဆုံး ဖိတ်ကြားရတယ်။ လူကြီးဆိုပြီး မဖိတ်ကြားလို့ မရဘူး။ အားလုံး ဖိတ်ကြားရတယ်။ “အရှင်ဘုရားတို့ . . . တပည့်တော်ရဲ့ အပြစ်ကို မြင်မိရင်၊ ကြားမိရင်၊ တပည့်တော်မှာ အပြစ်ရှိတယ်လို့ သံသဖြစ်မိရင် တပည့်တော်ကို သနားသောအားဖြင့် ပြောကြပါဘုရား။ အပြစ်ရှိရင် ၀န်ခံပါ့မယ်ဘုရား”လို့ ဖိတ်ကြားရတယ်။

အပြစ်ရှိရင်၊ မှားမိရင် ၀န်ခံရတယ်။ သူများအပြစ်ကိုလည်း ခွင့်လွှတ်နိုင်ရတယ်။ ဒါမှ ညီညွတ်မှာ။ ကိုယ့်အပြစ်ကို အပြစ်လို့ မထင်ဘူး၊ ကိုယ်မှားတာကို မှားတယ်လို့ လက်မခံနိုင်ဘူးဆိုရင် မညီညွှတ်နိုင်ဘူး။ ညီညွတ်ဖို့၊ အပြစ်ကို နားလည်ဖို့အတွက် မေတ္တာသုံးပါးလိုတယ်။ ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာ။ မေတ္တာဆိုတော့ သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေ ဆိုရုံနဲ့ မပြီးဘူး။ မေတ္တာကို လက်တွေ့  ကျင့်သုံးရမယ်။ ကိုယ့်အိမ်ကစပြီး တဖြည်းဖြည်း ချဲ့ ယူရမယ်။

အိမ်တွင်းမှာ အပြစ်ကို နားလည်လက်ခံပြီး မေတ္တာထားပုံလေး ပြောပြမယ်။ အိမ်မှာ စားပွဲပေါ် တင်ထားတဲ့ ဖန်ခွက်ကို ကလေးက တိုက်ချလိုက်လို့ ကွဲသွားတယ်။ ကလေးက သူ့အပြစ်ကို ဖုံးမထားဘူး။ အစ်မဖြစ်သူကို သွားပြောတယ်။ “မမ . . . ကျွန်တော့်ကြောင့် ဖန်ခွက် ကွဲသွားတယ်။ ကျွန်တော့် အပြစ်ပါ”ဆိုတော့ အစ်မကလည်း “မောင်လေးအပြစ် မဟုတ်ဘူး။ မမ အပြစ်။ မမက အဲဒီဖန်ခွက်ကို အဲဒီနေရာမှာ ထားခဲ့မိလို့”တဲ့။ ကလေးမကလည်း သူ့အပြစ်ကို အမေ့ဆီမှာ ပြောပြတယ်။ “မေမေ . . . ကျွန်မ အထားမတတ်လို့ ဖန်ခွက် ကွဲသွားပြီ။ ကျွန်မ အပြစ်ပါ”ဆိုတော့ အမေကလည်း “သမီးအပြစ် မဟုတ်ပါဘူး။ မေမေ့ အပြစ်ပါ။ ဟိုနေ့ကတည်းက မေမေ မြင်ခဲ့တယ်။ ကောက်မသိမ်းမိခဲ့တာ။ မေမေသာ သိမ်းခဲ့မိရင် ကွဲမှာ မဟုတ်ဘူး”တဲ့။ အမေဖြစ်သူကလည်း သူ့အပြစ်ကို ယောက်ျား ပြန်ပြောတယ်။ “ကျွန်မ မသိမ်းခဲ့မိလို့ ဖန်ခွက် ကွဲသွားပြီ”ဆိုတော့ ယောက်ျားကလည်း “ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ ငါ့အပြစ်ပါ။ အဲဒီဖန်ခွက် ငါ ၀ယ်ခဲ့မိလို့”တဲ့။

မကောင်းဘူးလား။ အဲဒီလို အပြစ်ကို နားလည်နိုင်မှ။ မေတ္တာထားနိုင်မှ။ ကိုယ့် အပြစ်ကို ဖုံးထားမယ်၊ ကိုယ့်အပြစ် သူများလွှဲချမယ်ဆိုရင် ဘယ်ဟုတ်မလဲ။ အပြစ်ကို ခွင့်မလွှတ်နိုင်ဘူး၊ မေတ္တာမထားနိုင်ဘူး၊ “နေနှင့်အုံး။ သိမယ်”ဆိုရင်လည်း မဟုတ်သေးဘူး။

သာသနာရေးလုပ်လုပ်၊ လူမှုရေးလုပ်လုပ်၊ စီးပွားရေးလုပ်လုပ်၊ နိုင်ငံရေးလုပ်လုပ် အမှားကို နားလည်နိုင်မှ၊ မေတ္တာထားနိုင်မှ၊ ညီညီညွှတ်ညွတ် လုပ်ကြမှ အောင်မြင်မှာ။

ဒီလို ပ၀ါရဏာပွဲမျိုး နှစ်တိုင်းနှစ်တိုင်း ဖြစ်စေချင်တယ်။ မကောင်းဘူးလား။ ဒီကျောင်းမှာ လုပ်မှ မဟုတ်ဘူး။ တစ်ခြားကျောင်းမှာ လုပ်ချင်တယ် ဆိုရင်လည်း ဘုန်းကြီးတို့ ကြွရမှာပဲ။ တစ်ခြားကျောင်းမှာ လုပ်မယ်ဆိုရင်လည်း ၀ါဆိုဦးကတည်းက ကြိုပြောထားပြီး စီစဉ်ကြ။ ဘုန်းကြီးတို့လည်း ကြွခဲ့မယ်။

Saturday, October 29, 2011

ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့


ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့
(၁) စိတ်ဝိညာဉ်ကို လှဲကျင်းပါ

လူအများက အိမ်ခန်းတွေရှင်းလင်းပြီးနောက် သန့်ရှင်းသွားတဲ့ခံစားမှုမျိုးကို နှစ်သက်ကြတယ်။ အဲဒီလိုပဲ ဆံပင်ညှပ်ပြီးနောက် ပေါ့ပါးသပ်ရပ်သွားတဲ့ ခံစားမှုမျိုးကိုနှစ်သက်ကြတယ်။
အကြောင်းက ပိုလျှံတာတွေကို ရှင်းထုတ်ပစ်လိုက်လို့ဖြစ်တယ်။

ကလေးဘဝက ပျော်စရာကောင်းပါတယ်။ သူတို့မှာ ဘာတွေးတောခံစားမှု၊ ဘာစိတ်ညစ်စရာမှ မရှိသေးလို့ဖြစ်တယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့ ကျွန်တော်တို့မှာတော့ ဘဝရဲ့ဖိစီးမှုတွေ၊ တွေးတောမှုတွေက ရှုပ်ထွေးများပြားပြီး နာကျင်ခံစားမှုတွေကို တိုးချဲ့နေကြပါတယ်။

ကွန်ပြူတာက Recycle Binကို မကြာခဏ ရှင်းပေးရတယ်ဆိုတာကို ကွန်ပြူတာသုံးသူတိုင်း သိကြပါတယ်။ ဒါမှ နေရာလွတ်များများမယူဘဲ ကွန်ပြူတာရဲ့အရှိန်ကို မြန်စေမှာဖြစ်တယ်။ လူရဲ့ဦးနှောက်ကလည်း အဲဒီအတိုင်းဖြစ်တယ်။ အရာတိုင်းကို ချန်ထားလို့မရပါဘူး။ အသုံးမဝင်တော့တာတွေကို ပစ်ထုတ်ရပါတယ်။ ထက်မြက်သူတွေက အကောင်းအဆိုးကို ရွေးချယ်နိုင်သူ၊ အချိန်အခါကို သိတဲ့လူဖြစ်တယ်။ စိတ်ခံစားမှုများတဲ့လူတွေက ခရီးဝေးဝေး မတွင်သလို၊ စိတ်ခံစားချက် လုံးဝမရှိသူတွေက အများအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါတယ်။

ဘဝမှာလည်း အဲဒီအတိုင်းပဲဖြစ်တယ်။ စိတ်ကို အမြဲမပြတ်သန့်ရှင်းမှုတွေလုပ်ပြီး စွန့်သင့်တာကို စွန့်ရပါတယ်။ "ဘဝမှာ သွပ်သိပ်ထိုးထည့်ထားတဲ့ ပစ္စည်းနည်းလေ စွမ်းရည်တွေကို ပိုထုတ်ဖော်နိုင်လေဖြစ်တယ်"။ ပြဇာတ်တစ်ခုမှာ လူတစ်ယောက် အခြားလူတစ်ယောက်ကို "သွားပါ.. နောက်မလှည့်ကြည့်စတမ်း ထွက်သွားပါ။ မဖြစ်မြောက်မချင်း မပြန်လာပါနဲ့"လို့ဆိုတယ်။ ဆိုလိုချင်တာက လက်ရှိနေရာကခွာခိုင်းပြီး အတိတ်က ဖြစ်ခဲ့သမျှအရာတွေထဲ သူနစ်ဝင် မနေစေချင်လို့ဖြစ်တယ်။

စိတ်ဝိညာဉ်ကို လှဲကျင်းတာဟာ ရုန်းကန်လှုပ်ရှားမှုတစ်မျိုးဖြစ်တယ်။ လူ့ဘဝဆိုတာ အမြဲတမ်း လက်ပြနှုတ်ဆက်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဇာတိမြေကိုခွဲခွာရတယ်။ နာကျင်ကြေကွဲသူက နာကျင်ကြေကွဲခဲ့ဖူးတဲ့နေရာကို နှုတ်ဆက်တယ်။ သိမ်းငှက်တွေက ငြိမ်းအေးသက်သာတဲ့ဘဝကို နှုတ်ဆက်ရတယ်။ ပျော်ရွှင်ခြင်းက ကြေကွဲခြင်းကို နှုတ်ဆက်ရတယ်။ နှုတ်ဆက်ခြင်းမရှိရင် ကြီးပြင်းခြင်းဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြံ့ခိုင်သန်မာဖို့အတွက် ခေါင်းငဲ့လှည့်ထွက်ရဲရတယ်။ ပိုကောင်းတဲ့တွေ့ဆုံခြင်းအတွက် ခွဲခွာတာဖြစ်တယ်။


(၂) လက်လွတ်တာဟာလည်း ခွင့်လွှတ်သည်းခံခြင်းတစ်မျိုး

လူတစ်ယောက်ကလည်း နိုင်ငံတစ်နိုင်ငံနဲ့တူပါတယ်။ ခွင့်လွှတ်သည်းခံခြင်းမရှိရင် ကြီးပြင်းဖြစ်ထွန်းတာတွေ ရှိမှာမဟုတ်ဘူး။ အောင်မြင်တဲ့အချက်တွေထဲမှာ စိတ်သဘောထားကြီးမြတ်တာက ပထမ၊ ဒါမှမဟုတ် ခွင့်လွှတ်သည်းခံခြင်းက ပထမဆိုရင်လည်း မှားမယ်မထင်ပါဘူး။

တစ်ခါတလေမှာ တုန့်ပြန်တိုက်ခိုက်မယ့်စကားကို လက်လွတ်လိုက်တာ၊ ဒေါသထွက်တဲ့အပြုအမှုကို လက်လွတ်လိုက်တာ၊ ကလဲ့စားပြန်ချေမယ့်ဆန္ဒကို လက်လွတ်လိုက်တာဟာလည်း ခွင့်လွှတ်ခြင်းတစ်မျိုးပဲဖြစ်တယ်။

ထက်မြက်တဲ့လူတွေက ဖြေရှင်းချက်ပေးတာကို အမြဲလက်လွတ်ကြတယ်။ ဖြေရှင်းချက်ဆိုတာ အကာအကွယ်လို့ လူအများက မြင်ကြတယ်။ "တချို့အချိန်အခါမှာ ဖြေရှင်းချက်ဆိုတာ မလိုပါဘူး။ ရန်သူက သင့်ဖြေရှင်းချက်ကို မယုံဘူး။ သူငယ်ချင်းက သင့်ဖြေရှင်းချက်ကို မလိုဘူး"။ ဒါကြောင့် ကိစ္စတော်တော်များများမှာ နဂိုကတည်းက ဖြေရှင်းချက်ဆိုတာ လိုကိုမလိုတာပါ။ ကောင်းကင်မကြည်လင်တာ မိုးသဲသဲမည်းမည်း ရွာမချလို့ပါ။ သဲသဲမည်းမည်းရွာချခဲ့ရင် ကောင်းကင်က ကြည်လင်သွားပါတယ်။

အောင်မြင်တဲ့လူတွေဟာ အဆူအဆဲခံရမှာကို မကြောက်ကြဘူး။ အကြောင်းက အလုပ်လုပ်သူတိုင်းမှာ အမှားအယွင်းဆိုတာရှိတယ်၊ လူတွေနဲ့ ထိတွေ့ဆက်ဆံရတယ်၊ လူတချို့ရဲ့ မကြည်လင်တာကို ခံရတယ်။ တကယ်တော့ လောကမှာ ၁ဝဝ%အပြည့်ဆိုတဲ့အရာက နည်းပါးလို့ ၅ဝ%သောလူတွေက သင့်ကိုအားပေးထောက်ခံရင်ပဲ မဆိုးတော့ပါဘူး။ ဆန့်ကျင်ဝေဖန်တာတွေကို ခံနိုင်ဖို့ ကိုယ်တိုင်လေ့ကျင့်ယူရတယ်။ ဝေဖန်ချက်တွေထဲကနေ အကြံဉာဏ်ယူရဲရတယ်။ ဆန့်ကျင်ဝေဖန်သူတွေကို မကျေမနပ် မဖြစ်ပါနဲ့။ သူတို့မှာလည်း သူတို့ရဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေရှိနိုင်တယ်။ သူတို့နဲ့ ငြင်းခုန်ရန်ဖြစ်ဖို့ သင့်ခွန်အားကို မဖြုန်းတီးပါနဲ့။ သင်ရှေ့ဆက် ခရီးနှင်ရဦးမယ်။


(၃) အချိန်က အလှတွေကို ဖန်တီးတယ်

လူတိုင်းလိုလိုမှာ နာကျင်ကြေကွဲရာနေရာတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက်လည်း အဆန်းတော့မဟုတ်ပါဘူး။ တချို့အရေးပါတယ်ဆိုတဲ့နေရာတွေ-- ဥပမာ-- ဇာတိမြေ၊ မိခင်ကျောင်း၊ အချစ်ဦးနဲ့တွေ့ခဲ့ရနေရာ.....စတဲ့.... စတဲ့နေရာတွေကို စိတ်လိုလက်ရပြန်လာသူတွေ နည်းကြတယ်။ အဲဒီနေရာတွေမှာ ဇာတ်လမ်းတွေ၊ အတည်ဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့လို့ဖြစ်တယ်။ အဲဒီနေရာကိုပြန်ရောက်ရင် အတိတ်ကိုပြန်တမ်းတမိပြီး နာကျင်ကြေကွဲရတယ်။

အရာအားလုံးကို သိမြင်သွားတဲ့အချိန်က ဆုံးရှုံးစရာတွေ ဘာမှမရှိတော့ဘူးလို့ သိတဲ့အချိန်ဖြစ်တယ်။ အချိန်က အရာရာကိုတိုက်စားသွားပြီး လှပတဲ့ အမှတ်တရတွေ၊ နုပျိုတဲ့ အမှတ်တရတွေ၊ ကြီးပြင်းတဲ့ အမှတ်တရတွေ၊ ရုန်းကန်ခဲ့တဲ့ အမှတ်တရတွေကိုပဲ ချန်ခဲ့ပါတယ်။ ပုခုံးချင်းတိုက်သွားတဲ့ နှုတ်ဆက်အပြုံးတွေ၊ အထီးကျန်ညထဲက နွေးထွေးတဲ့အလင်းရောင်တွေ ဒါတွေကို အမှတ်တရချန်ခဲ့ပါတယ်။ ကျောင်းအထိမ်းအမှတ်ပွဲ တော်တော်များများကို ကျွန်တော်တက်ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော့်မျက်စိကို စွတ်စိုစေခဲ့တာက ငွေရောင်ဆံပင်တို့ရဲ့ ပြန်လည်တွေ့ဆုံခြင်း မျက်ရည်တွေပဲဖြစ်ပါတယ်။ အချိန်က သံမဏိလိုမာကျောတဲ့ အသဲဝိညာဉ်ကို ပျော့ပျောင်းစေခဲ့ပါတယ်။

မနာလိုဝန်တိုခြင်းဆိုတာ နီးစပ်တဲ့နေရာ၊ နီးစပ်တဲ့နယ်ပယ်မှာဖြစ်ပွားပြီး သဘောထားကွဲလွဲမှုဆိုတာ စိတ်ဝင်စားမှုတူညီတဲ့အရာက စဖြစ်ပွားတယ်လို့ စိတ်ပညာရှင်တွေက ဆိုခဲ့ပါတယ်။ သက်ရှိသတ္တဝါအားလုံးက ပြင်းထန်တဲ့ရုန်းဆန်မှုတွေမှာ ဇာတိရုပ်ပေါ်ပါတယ်။ သက်ရှိသတ္တဝါတွေက မျိုးပွားမြန်ဆန်တဲ့ အလေ့အထဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့ အခြေအနေမှာ ရှင်သန်ဖို့ ရုန်းကန်ကြရတယ်။ အပြင်းထန်ဆုံး ရုန်းဆန်မှုတွေက တူတဲ့မျိုးရိုးအုပ်စုအချင်းချင်းတွေမှာ ဖြစ်ကြတာများတယ်။ သူတို့က တစ်နေရာတည်းမှာ အတူနေကြပြီး တူတဲ့စားနပ်ရိက္ခာတွေကို လိုအပ်လို့ဖြစ်တယ်။

ပြင်းထန်ထိတ်လန့်စရာ ဆက်ဆံရေးတချို့က အချိန်နဲ့အကွာအဝေးကို လိုပါတယ်။ အကွာအဝေးဝေးလေ ပြင်းထန်မှုက လျော့နည်းလေလို့ ခံစားရတယ်။ အဝေးကနေကြည့်ရင် အရာရာတိုင်းက လှပနေတတ်ပါတယ်။

ဒါကြောင့် ဖြေရှင်းလို့မရတဲ့အရာတွေအတွက် ကျွန်တော်တို့ ဝမ်းနည်းစိတ်ညစ်နေစရာ မလိုပါဘူး။ ဒီ့ထက် ပိုဖြေရှင်းရခက်တဲ့အရာတွေလည်း အချိန်ရဲ့တိုက်စားမှုနောက် မျောပါသွားကြပါတယ်။ မတော်တဆပဲဖြစ်ဖြစ်၊ အထင်လွဲတာပဲဖြစ်ဖြစ်၊ အရေးမလုပ်တာပဲဖြစ်ဖြစ်၊ တွေဝေတာပဲဖြစ်ဖြစ် .. အရာအားလုံးကို အချိန်က တဖြည်းဖြည်း တိုက်စားသွားပါလိမ့်မယ်။

(၄) နောက်ဆုတ်တဲ့ အတတ်ပညာ

ဘယ်လောက်ကောင်းတဲ့ မျက်လုံးပဲဖြစ်ဖြစ် အရာတစ်ခုကို ကြာကြာကြည့်မိရင် ညောင်းညာတတ်တာပါပဲ။ လူရဲ့ခန္ဓာကိုယ်၊ ခံစားချက်နဲ့ အသိပညာက လူတစ်ယောက်ကို အမြင့်မှာကြာကြာရပ်နိုင်ဖို့ မစွမ်းသာခဲ့ပါဘူး။ ဘဝ တပတ်လည်အချိန်အတွင်းမှာ အဆင်းနဲ့ မလွဲမသွေကြုံရတာလည်းရှိတယ်။ အချိန်တစ်နှစ်ဟာ ဘဝတပတ်လည်တဲ့အချိန်ဖြစ်တယ်။

"အချိန်အခါနဲ့လိုက်ပြီး လှလှပပရှေ့တိုးတတ်တာနဲ့ လှလှပပနောက်ဆုတ်တတ်တာတွေက ဘဝမှာ အရေးပါတဲ့အရာဖြစ်တယ်။ လူတွေကိုကူညီဖန်များရင် ကံကောင်းခြင်းနတ်သမီးကလည်း ပင်ပန်းတတ်သတဲ့"။ အရေးကြီးတာက စင်ပေါ်တက်ချိန် လူတွေရဲ့ထောမနာသံကိုရဖို့ထက် စင်အောက်ဆင်း ခွဲခွာချိန်မှာ သင့်ကို လူတွေလွမ်းဆွတ်နေဖို့ပဲဖြစ်တယ်။

နောက်ဆုတ်တဲ့ အတတ်ပညာက အစကောင်းရင် အဆုတ်ကောင်းတယ်ဆိုပေမယ့် စိတ်လိုလက်ရ နောက်ဆုတ်ခြင်းက စိတ်လိုလက်ရ ရှေ့တိုးခြင်းထက် ခက်ခဲပါတယ်။ တောင်ထိပ်ပေါ်မှာ အရာရာကလှပနေပြီး တောင်ဆင်းတဲ့အချိန် လူက ပင်ပန်းနှုံးချိနေခဲ့လို့ဖြစ်တယ်။ ဒီတစ်တောင်ကိုမဆင်းရင် နောက်တစ်တောင်ကိုတက်ဖို့ အခွင့်မရပါဘူး။ လူ့ဘဝတစ်သက်မှာ တောင်ပေါင်းများစွာ တက်ရပါတယ်။ တောင်တိုင်းတောင်တိုင်းမှာ ထူးခြားမှုလေးတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်တောင်ကမှ သင့်အမြဲရပ်နေဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျောက်တုံးတွေက လှိမ့်နေမှ ရေညှိမကပ်မှာဖြစ်တယ်။

(၅) ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့

"လူတစ်ယောက်ကို အပြုံးတစ်ပွင့်ပေးလိုက်ရလို့ သင့်မှာ တစ်ခုခုဆုံးရှုံးသွားရတယ်ဆိုတာ မရှိပါဘူး။ အပြုံးက ရောင်ပြန်ဟပ်ပါတယ်"။ ကိုယ်ဘယ်လိုပေးဆပ်ရင် ဘယ်လိုပြန်ရတာပါပဲ.... ပြုံးရယ်တာကို မကြိုက်တဲ့လူဆိုတာ မရှိပါဘူး။

ဒါပေမဲ့ ပြုံးရယ်နိုင်တဲ့အရာတွေက သင့်ကိုယ်ဘေးမှာ အမြဲမရှိနိုင်ဘူး။ သင့်ကို စိတ်ရှုပ်၊ စိတ်ညစ်စေတဲ့အရာက တော်ရုံနဲ့ မပျောက်ပျယ်သွားဘူး။ ကိုယ်ချစ်ခင်နှစ်သက်သူနဲ့ အမြဲအတူမနေရ၊ ကိုယ်သဘောကျတဲ့အရာကို မပိုင်ဆိုင်ရတာတွေက လူတွေရဲ့မပျော်ရွှင်တဲ့ရင်းမြစ်ဖြစ်တယ်။ သူတို့နဲ့အတူမနေရရင် ပျော်ရွှင်ခြင်းဆိုတာလည်း မရှိလို့ဖြစ်တယ်။

တလောက ကျွန်တော့်စိတ်တွေ အရမ်းရှုပ်ထွေးခဲ့တယ်။ ကျွန်တော်ချစ်တဲ့ကောင်မလေးက ကျွန်တော့်ကို ဂရုမစိုက်လို့ဖြစ်တယ်။ ကျွန်တော်သေသေချာချာလုပ်ခဲ့တဲ့ စာမူကိုလည်း ဟိုပြင်လိုက် ဒီပြင်လိုက်၊ မကြာခဏ ကျွန်တော်ဖျားနာပြီး ကျန်းမာရေးလည်း ချွတ်ယွင်းခဲ့တယ်။ ကျွန်တော့်နေ့စဉ်ဘဝတွေ ပြောင်းဆန်ခဲ့တယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က "ဘာပဲရှုံးရှုံး စိတ်ခံစားချက်တော့ မရှုံးစေနဲ့။ လက်လွတ်သင့်တာတွေ လက်လွတ်လိုက်ပါ"လို့ ကျွန်တော့်ကို အသိပေးတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်းပြောင်းလိုက်တယ်။ အဲဒီကောင်မလေးကို ကျွန်တော်မရှာတော့ဘူး။ စာမူကိုလည်း အဆုံးသတ်ပြီး စာအုပ်တိုက်ပို့လိုက်တယ်။ ပျင်းရိငြီးငွေ့ပြီး မသပ်ရပ်တဲ့ဘဝကို ကျွန်တော်စွန့်လွတ်လိုက်တယ်။ နေ့တိုင်း ဘောလုံးကစား၊ အပြေးလေ့ကျင့်တာတွေ ကျွန်တော်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော့်ကျန်းမာရေးတွေ ကောင်းလာခဲ့တယ်။ စာမူလည်း အရွေးခံခဲ့ရတယ်။ အဲဒီကောင်မလေးကို ကျွန်တော်ဂရုမစိုက်တော့ဘဲ ကျွန်တော့်ကိုယ်ကျွန်တော် စ,ဂရုစိုက်လာခဲ့တယ်။

လူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုက သင့်ကိုမပျော်ရွှင်စေတာဟာ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်တယ်။ တချို့အကြောင်းရင်းကို သင်အချိန်အကြာကြီးသုံးပြီးမှ သိနားလည်ရသလို တချို့အကြောင်းရင်းက သင်တစ်သက် နားမလည်ခဲ့တာလည်းရှိတယ်။ ဒါတွေဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒါတွေဟာ သင့်ကို မပျော်ရွှင်စေဘူး၊ သင့်ခံစားချက်ကို နှောင့်ယှက်တယ်၊ သင့်ရဲ့ ဆင်ခြင်ဆုံးဖြတ်ဉာဏ်ကို အဟန့်အတားဖြစ်စေတယ်။ သင့်အချိန်ကို ဖြုန်းတီးစေတယ်။

သင့်ကို အသစ်တဖန်နားလည်စေမယ့် အခွင့်အရေးတွေ တခြားလူကိုပေးလိုက်ပါ။ ကျယ့်ပြန့်တဲ့ လောကကြီးအကြောင်း နားလည်ဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးလိုက်ပါ။ ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကိုတော့ မရှုံးပါစေနဲ့။



မူရင်း--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/2008...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Friday, October 28, 2011

ချစ်သူကို တရားဟောပါ


ချစ်သူကို တရားဟောပါ

     မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။ တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုကြတာ”

     သားအမိ နှစ်ယောက် သန်းရှာရင်း စကားပြော နေတုန်းမှာပဲ သောတာပန် ဒကာ တစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက် ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။
     အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန်ဒကာကို “ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေ တွေစွန့်ပြီး မြတ်စွာဘုရား ထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ”လို့ ထပ်ဆင့်မေးကြည့် ပါတယ်။
     သောတာပန် ဒကာကလည်း “ ကာမဂုဏ်ရဲ့ အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ”လို့ ပြောပြ ပါတယ်။ သောတာပန် ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလအကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့် အကျိုးရလဒ် တွေကိုပါ ပြောပြပါတယ်။
     သောတာပန် ဒကာရဲ့စကားကြးရတော့ ကေသကာရီက စိတ်ဝင်စားသွားပြီး “သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့ မိန်းမသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား”လို့ မေးလိုက်ပါတယ်။ သောတာပန် ဒကာကလည်း “သမီးရယ် ဒီတရား တွေဟာ လူသား အားလုံးနဲ့ ဆိုင်ပါတယ်။

လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ”လို့ ပြန်ပြော ပြပါတယ်။ နောက် သောတာပန် ဒကာက ကေသကာရီကို သရဏဂုံနဲ့ ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေး ပါတယ်။ ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ “ဥပသကာကြီးရယ် သရဏဂုံ ငါးပါးသီလ ထက်မြင့်တဲ့ တရားရှိသေးလား”လို့ ဆက်မေးလာပြန်ပါတယ်။
     ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော် စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီ ရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။
     “ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန် အလှန်လှန်စီးဖြန်းပါ။ ဒီကနေတစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက် ဖြစ်ပျက် အဲဒီလို နှလုံးသွင်းပါ”လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။
      ကေသကာရီလည်း သောတာပန် ဒကာဟောပြ ပေးခဲ့တဲ့ ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများ အားထုတ် လိုက်တာ မကြာမီ ကာလမှာပဲ သောတာပန် တည်သွားပါတယ်။လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။
(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)
     
တရားဟောတယ်လို့ ပြောလိုက်ရင် ရဟန်းကလူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါ တယ်။ ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ် မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီ ဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။
     တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသ လောက်လေး ပြောပြပေးလိုက် ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါပဲ။
      တရားဟောပြီးတဲ့အခါ “ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နာကြားပြီး တရားအသိလေး တွေရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ”လို့ မေတ္တာပို့ ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထား ရမှာပါ။  ဒါဆိုကိုယ်ဟောတဲ့ တရားကို ပိုပြီး တန်ဖိုးထားသွားမှာပါ။ “ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ ဦးတည်နေတယ်”ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။
      ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီး ကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း  ကိုယ်သိသလောက် ဟောပြပေးရမှာပါ။  ချစ်သူသဘာဝ သံယောဇဉ်အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေ အကြောင်း စသည်ဖြင့် ပြောပြရမှာပါပဲ။

ဒီသံယောဇဉ် အကြောင်းတွေအပြင် တစ်ခါတလေ ကိုယ်သိ သလောက် ကိုယ်လေ့လာ ထားသလောက် တရားစကားလေး တွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်း တွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံ အကြောင်း လေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။
      မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို “ဘာလိုချင်သလဲ”လို့ မေးလာရင် “သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက် တရားစခန်း ဝင်ပေးပါ”လို့ တောင်းလိုက်ရုံပါ။ ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါ။
      သုံးရက်ဆိုတော့ တရားစခန်း ဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက် မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာ ညနေရုံးကအပြန် တရားစခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား၊ ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။
      ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့ တရားသဘော လေးတွေ ပြန်ပြောပြပေပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများ အားထုတ်ခဲ့ရတဲ့ ဝိပဿနာ ဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ် ဆိုရင်လည်း ချစ်သူရဲ့ သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေတော့မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ “ပါရမီသံစဉ်” တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့် နေတော့မှာပါ။
      ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက် ဆက်ဆုံတွေ့ တဲ့အခါ ကိုယ်လည်း တရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ- ကိုယ့်ချစ်သူက “ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်”ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန် နေမယ်။

နောက်- “ညှဉ်းဆဲသူ ကား၊ အနာများ၊ သနားကျန်းမာသည်”ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ် ဆိုရင် ကိုယ်ပဲ ဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်က မခံရပေမယ့် ကိုယ့်ချစ်သူကို ကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ ကိုယ်လည်းတရားရှိဘို့ လိုသလို သူလည်းတရားရှိဘို့ လိုပြန်ပါတယ်။
      ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဘို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟော ပေးရမှာပါ။ တော်ကြာနောက်ဘဝမှာ လေဖြတ်တဲ့ချစ်သူနဲ့ ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကို တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံ လေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာ ကြားနေမှ နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ ချစ်သူနဲ့ ပြန်ဆုံနေမှာကို။
ဒီနေရာမှာ အမျှဝေတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။
      အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာ ရယ်၊ ၃။ သမထဝိပဿနာ ပွါးများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။
၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ရာ ထပ်မံရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ ၊လူတစ်ထောင် တွေလည်းဒါနကုသိုလ် ကို ရကြပါတယ်။
၂။ သီလ ဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ ပါဘူး။ ဒါနကုသိုလ် ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲရကြပါတယ်။
၃။ သမထဝိပဿနာ ပွါးမျာပြီး အမျှဝေရင် သမထဝိပဿနာ ကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့ သူတွေလည်း သမထဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။
      အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီး က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု (၁၀) ပါးကို အာရုံ ပြုကြည့် လိုက်ပါ။

ပုညကြိယာ ဝတ္ထု(၁၀)ပါး
     ၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊  ၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလ ဆောက်တည်မှု၊ ၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန= အသက်သိက္ခာကြီး သူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ် ကိစ္စ၌ ကူညီဆောင်ရွက်မှု၊ ၆။ပတ္တိဒါန= မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန= မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်မှု၊ ၈။ ဓမ္မဿဝန=တရားနာမှု၊ ၉။ ဓမ္မဒေသနာ= လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကို ဖြောင့်မတ်စွာပြုမှု။
     ဒီ(၁၀)ပါးကို ဒါန- သီလ - ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထား လိုက်ရ အောင်ပါ။
ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။
စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။
      ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု (၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ။ ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်း ထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။ အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။ နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။ ဒီခွဲပြပုံလေးကို အာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။ အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။ တရားနာတာ ၊တရားဟောတာ ကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။
       ဒါကိုထောကပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့ တရားကိုနာတာ တွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။ လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံး အလှူကြီးကို ပေးလှူလိုက် တာပါပဲ။
      အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊ သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊ မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။
      မြတ်စွာဘုရား လက်ထက်တော်က ဝဍ္ဎမာတာထေရီ ဆိုတာရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဍ္ဎပါ။ ဝဍ္ဎဆိုတာ  တိုးပွါးခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သားနာမည်ကို အစွဲပြုပြီး  “ဝဍ္ဎမာတာ=တိုးပွါးအမေ”လို့ခေါ်ကြတာပါ။
      ယောင်္ကျားဆုံးပြီး ကာလတစ်ခု ကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမ ဝတ်တော့လည်း ဝဍ္ဎမာတာ ထေရီရယ်လို့ ခေါ်ဝေါ် ထင်ရှား သွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတယ်။
      နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား “မောင်တိုးပွါး”ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ် ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။  သားရဟန်း ဝဍ္ဎထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင် တတ်မြောက် သွားပါတယ်။ သားရဟန်းက တရားဟောပြန် တော့လည်း နာမည်ကျော် ဓမ္မကထိက တစ်ပါးဖြစ်သွား ပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိက ဖြစ်လာတော့ ကြည်ညိုသူတွေ ပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်းပေါနေ ပါတော့တယ်။ တရား ဟောတာနဲ့ပဲ အချိန်ကုန် နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ် သက်ပါဘူး။
      တစ်နေ့မှာတော့ ဓမ္မကထိက သားရဟန်းဟာ မိခင် ဘိက္ခုနီမ ကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက တုတ်ကိုကိုင်ပြီး “အို.. သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမ ကျောင်းကိုလာရတာလဲ သင့်အမူအယာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း တက်ကြွ နေသေးတယ်၊
      ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာ အလုပ်ကို သာလုပ်ပါ။ ကိုယ်ဟန် ကြော့ကြော့မော့မော့နဲ့ အမူအယာ ကိုပြင်ပါ” လို့ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက် ပါတော့တယ်။
      သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး “မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလို အမူအယာတွေနဲ့ မနေတော့ပါဘူး”လို့ ဝန်ခံကတိ ပေးလိုက်ပါတယ်။
      သားရဟန်း သတိဝင်သွားတော့ မိခင်ထေရီမကြီးက သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံ ဟောပြ ပေးပြန်ပါတယ်။
      သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာ ဘာဝနာ ပွါးများမှုကိုပဲ ကြိုးစားအားထုတ် ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီကာလမှာပဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။
      ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ် ကိုယ်စီရပြီး ပရိနိဗ္ဗာန် စံသွားကြပါတယ်။
      ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံး တော့ အားလုံးအားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။
      ဒီဝတ္ထုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။ တရားဟောတဲ့ နေရာမှာလည်း ရိုးရိုးဣနြေ္ဒ ရရထိုင်ပြီး ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကိုကိုင်ပြီး ခပ်တင်းတင်း လေးဟော လိုက်တာပါ။
     

ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။
      ဒီလိုပါပဲ။ ရဟန်းအချင်းချင်း လည်းဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကို ဟောရမှာပါပဲ။ စာတွေအခြေခံရှပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်း အချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။
      လိုရင်းကတော့ တရားဟောပြီးတိုင်း “ဘုရားတပည့်တော် တရားဟောပြောရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရား အသိလေးတွေ ရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျှော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေ ရသွားပါစေ”လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့ တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့ တရားဟောပြော မှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ ကောင်းတွေ ဆိုတာကိုလည်း အထူးအာရုံ ပြုထားရမှာပါ။
      ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့ သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေး တွေကို သိသလောက် ဟောလိုက်ဖို့ပါပဲ။
     ဘဝမှာ ဘယ်သူကိုပဲ ချစ်ချစ်၊ ချစ်တဲ့သူကို တရားဟော လိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံးကုသိုလ်တွေ ဖြစ်သွားတာပါပဲလေ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
၁။ ဝိမာနဝတ္ထုတော်ကြီး ။ မြို့မိဆရာတော်
၂။ အခြေပြုသဂြိုဟ်။ အရှင်ဇနကာဘိဝံသ
၃။ သိကောင်းစရာ ဓမ္မပဒေသာ (တတိယတွဲ)
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
၎။ ထေရီအပဒါန်ဝတ္ထုတော်ကြီး။ အရှင်ဓမ္မဿာမီဘိဝံသ

Thursday, October 27, 2011

မေတ္တာသည် ဒေါသဖြစ်သူအတွက် လက်နက်ကောင်း


မေတ္တာသည် ဒေါသဖြစ်သူအတွက် လက်နက်ကောင်း


လူတို့သည် မကျေနပ်သောအကြောင်းအရာတခုခုကြောင့် ဒေါသများ ဆူဝေလာကြပါသည်။ ထိုဒေါသများ ဆူဝေလာမှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး မဖြစ်သင့်သော ခိုက်ရန်ဒေါသများ ဖြစ်ပေါ်လာကာ တဦးနှင့်တဦး မုန်းတီးကြခြင်း၊ ရန်ဖြစ်ကြခြင်း၊ ရိုက်နှက်ကြခြင်းနှင့် နောက်ဆုံးလူသတ်သည်အထိပါ
ဖြစ်ပေါ်လာတော့သည်။

ဤသို့ မဖြစ်သင့်သောကိစ္စများ မဖြစ်ပေါ်လာစေဘဲ မိမိတဦးတည်းသာ ဒေါသများကို တအုံတနွေးနွေးနဲ့ စိတ်အနှောင့်အယှက်များကို မဖြေဖျောက်နိုင်ဘဲ ဖြစ်နေပါက စိတ်များ ဆူဝေလာပြီး စိတ်နာမှု၊ အသားတဆတ်ဆတ် တုန်မှု၊ ခေါင်းကိုက်ခဲမှုများ ဖြစ်လာတတ်သည်ကို တွေ့ဖူး ကြုံဖူးကြပါလိမ့်မည်။

အနောက်တိုင်း စိတ်ပညာရှင်အချို့တို့၏ အဆိုအရ ဒေါသကြောင့်ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုတို့ကို ပြေပျောက်စေရန် မိမိကိုယ်ကိုမိမိ ရိုက်ပုတ်ခြင်း၊ တစုံတခုကို ပစ်ပေါက်ခြင်း၊ အိုးခွက်ပန်းကန်တို့ကို ရိုက်ခွဲခြင်းတို့သည် ဒေါသကိုပြေရာပြေကြောင်း ဖြစ်စေသည်ဟု ဆိုကြသည်ကို ဖတ်ခဲ့ရဖူးပါသည်။

ထိုအဆိုသည် မှားသည်ဟုမဆိုလိုသော်လည်း မှန်သည်ဟုတော့ မဆိုနိုင်ပါ။ ထိုနည်းလမ်းတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဖီလာကန့်လန့်ကြီးဖြစ်နေသည် မဟုတ်ပါလော။

**အော်ဟစ်ဆဲဆိုခြင်းသည် ဒေါသကိုမလျော့**
ဒေါသဖြစ်သူတဦးသည် အော်ဟစ်ဆဲဆိုလိုက်လျှင် ဒေါသပြေပျောက်သွားမည်ဟု အနောက်တိုင်းပညာရှင် တချို့က ထင်ကြသည်။ မဟုတ်ပါချေ။ ဒေါသများ မယုတ်လျော့သည့်အပြင် မိမိက အော်ဟစ်ဆဲဆိုလိုက်၍ ခံရသူတဦး၏ အငြိုးအတေးထားခြင်းကိုသာ ခံရဖို့ရှိပေသည်။ သို့အတွက်ကြောင့် သေးနုပ်သော အနှောင့်အယှက်ဖြစ်စေကာမူ စော်ကားသော အမူအရာဖြင့်ဖြစ်စေ၊ ချေပရာ၌ ကြီးကျယ်သော ခိုက်ရန်ဒေါသများ ဖြစ်လာနိုင်ပါသည်။
နောက် အနောက်တိုင်းအယူအဆ ဆရာတို့၏ ဒေါသပြေပျောက်နည်းများ ရှိပါသေးသည်။

**တစ်မှ တစ်ထောင်ထိ ရေပါ**
ဒေါသထွက်လာပါက ပြေပျောက်အောင် မည်သို့ဆောင်ရွက်သင့်သည်ကို လေးနက်စွာ နည်းလမ်းရှာကြံသင့်သည်။ မည်သည့်စိတ် လှုပ်ရှားမှုမျိုးကိုမဆို အချိန်ကြာကြာစောင့်ဆိုင်း၍
ငြိမ်သက်စွာနေပါက အမျက်ဒေါသတို့ တဖြည်းဖြည်း ယုတ်လျော့သွားမည်သာ ဖြစ်သည်။


ထို့ကြောင့် တစ်မှ တစ်ထောင်အထိ ရေတွက်နေပါက တဖြည်းဖြည်းနှင့် ဒေါသများ ပြေသွားမည်ဖြစ်သည်။ ဒါသည် ပုံသေနည်းတရပ်ဖြစ်သည်ဟု တချို့ကဆိုကြပါသည်။

**ဒေါသဖြစ်နေချိန် ဘာကိုမှ မလုပ်ပါနဲ့**
ဒေါသဖြစ်ပေါ်နေချိန်တွင် ဘာမှမလုပ်ခြင်းသည် အကောင်းဆုံးဖြစ်လေသည်။ ဘာမှမလုပ်ခြင်းဖြင့် ထိုအကြောင်းအရာကို မေ့လျော့သွားပါလိမ့်မည်။ တိတ်ဆိတ်စွာနေခြင်းသည် စိတ်ကိုငြိမ်းချမ်းခွင့်ပေးထား၍ ထိုကိစ္စများကို ဆက်လက်ဆွေးနွေးရန် သင့်,မသင့်ကို ချင့်ချိန်ဆုံးဖြတ်နိုင်ခွင့် ရှိလာပါလိမ့်မည်။

**ရန်စ, ရန်လုပ်လာသူကို ကိုယ်ချင်းစာကြည့်ပါ**
ငါ့ကို သူက ဘာထင်လို့ မထီမဲ့မြင်လုပ်ရတာလဲ။ အတွေးအခေါ်မရှိတဲ့ အောက်တန်းစားအမျိုးတွေ၊ ရုပ်ကိုကြည့်ပါ၊ လင်ငယ်နေမယ့်ရုပ်မျိုး စသည်ဖြင့် ပြောဆိုမှုများကြောင့် အစောကားခံရသည့်အခါများတွင် ပို၍အမျက်ဒေါသထွက်တတ်ကြပေသည်။


သည်အခါတွင် နင်ပဲငဆပြောဆိုသူအား ကိုယ်ချင်းစာပြီး သူ ဘာကြောင့်ပြောသည်ဆိုတာကို အထောက်အထားကြိုးစားပြီးရှာပါ။ မည်သို့ဆက်လုပ်ရမည်ကိုလည်း နည်းလမ်းရှာဖွေသင့်ပါသည်။


ပြောဆိုသည့်ပုဂ္ဂိုလ်သည် ဒုက္ခနှင့်ကြုံတွေ့နေရသလား၊ ဤသို့ပြောဆိုခြင်းမှာ သူ စိတ်မချမ်းမသာ ဖြစ်နေ၍သာ ထိုသို့ပြောဆိုသည်ဟု နှလုံးသွင်း၍ အဖြေကိုရှာဖွေသင့်ပါသည်။

**ရယ်မောလိုက်ပြီး ဒေါသကို ချုပ်တည်းပါ**
အလိုမကျဘဲ မျက်မှောင်ကုတ်၍ တောက်ခေါက်မှုနှင့် ဝမ်းသာပျော်ရွှင်၍ ရွှင်ပြုံးမှုတို့ တချိန်တည်း၌ မလုပ်နိုင်သည်မှန်သော်လည်း အချို့စိတ်ပညာသမားများသည် ဒေါသထွက်နေသူတို့အား ပြုံးရယ်ရွှင်လန်း၊ ရယ်မောလာအောင် ကုစားနည်းကို အသုံးပြုကြလေသည်။

ကလေးငယ်များ ဒေါသထွက်နေပါလျှင် ဟာသရုပ်ရှင်ကားများ ကြည့်စေခြင်းဖြင့် ကလေးငယ်တို့အား ရယ်မောလာအောင် နောက်ပြောင်၍ ရယ်စရာစကားများ ပြောဆိုခြင်းတို့ ပြုလုပ်လိုက်ပါက
ဒေါသများချုပ်ငြိမ်း၍ ရယ်မောလာပါလိမ့်မည်။

**သမထနည်းဖြင့် ဒေါသကို ထိန်းပုံ**
အမျက်ဒေါသ ထွက်လွယ်သူများအဖို့ အကောင်းဆုံးနည်းမှာ စိတ်နှင့်ကိုယ်ကို တည်ငြိမ်အောင်
နှလုံးသွင်းမှုပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သမထထိုင်နည်းနှင့် ဝိပဿနာတရား ပွားများနည်း၊ အိန္ဒိယ, ဟိန္ဒူ ယောဂီများ၏ ယောဂကျင့်စဉ်တို့သည် စိတ်များပျံ့လွင့်စေမှုတို့ ချုပ်ငြိမ်းစေပြီး ဒေါသပြေပျောက်မှုတို့ကို ရရှိစေပါသည်။

ထို့ကြောင့် အနောက်တိုင်း စိတ်ပညာရှင်များက ထိုနည်းတို့ကို နည်းယူလက်ခံ၍ လိုက်စားနေကြလေသည်။

**ထုတ်ဖော်ပြောကြားမှုများသည် ဒေါသကို လျော့သွားနိုင်ပါသလား**
ဒေါသထွက်ပေါ်မှုများကို အိပ်သွန်ဖာမှောက် ပြောဆိုလိုက်ရ၍ ပေါ်ပေါက်လာတဲ့
ဒေါသအာဃာတများ လျော့ပါးသွားစေပါတယ်လို့ အနောက်နိုင်ငံသားများက ယူဆနေကြပါတယ်။ တချို့ပညာရှင်များကတော့ ဤသို့ပေါက်ကွဲထွက်မှုသည် ဒေါသများ၊ အာဃာတများပင် ပျောက်မသွားဘဲ ထပ်တလဲလဲ ပွားများစေကြောင်းကိုလည်း သဘောပေါက်ကြပါသည်။
 

ခံစားချက်များကို ခရေစေ့တွင်းကျ ပြောဆိုလာမှုကြောင့် ထိုလူ၏ စိတ်လှုပ်ရှားမှုတို့သည် ပိုမိုကြီးထွားလာစေသည်သာမက ဒေါသ၊ အာဃာတများမှာလည်း ပိုမို၍ ကြီးထွားလာစေနိုင်ပါသည်။
ဒေါသလျော့ပါးစေလိုပြီး ဆက်ဆံပေါင်းသင်းမှု ပြေပြစ်စေလိုပါလျှင် တဖက်ကို ပြန်၍မပြောဘဲ အလျှော့ပေး၍ တိတ်တိတ်နေသင့်ပါသည်။ စိတ်ဆိုးမြဲ ဆိုးနေပါစေ၊ မြန်မာတို့ ဆိုရိုးစကားအတိုင်း မောလျှင် ရပ်သွားလိမ့်မည်ဆိုသလိုပါပဲ။
ထိုဖော်ပြချက်များမှာ အနောက်တိုင်း စိတ်ပညာရာတို့၏ ယေဘုယျယူဆချက်များ ဖြစ်ကြပါသည်။

**ဗုဒ္ဓဟောကြားခဲ့သော ဒေါသရန်ငြိုး ဖြေဖျောက်နည်း**
မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သည့် တရားတော်များအရ တဦးတယောက်အား အမျက်ဒေါသထွက်၍ ရန်ငြိုးများရှိခဲ့ပါလျှင် ထိုရန်ငြိုးဒေါသတရားတို့ကို တားဆီးနိုင်သောတရားမှာ
မေတ္တာဓာတ်သာဖြစ်သည်ဟု ဟောကြားတော်မူခဲ့ပါသည်။
 

မေတ္တာဘာဝနာကို စနစ်တကျ ပွားများသွားပါက ဒေါသကြောင့်ဖြစ်ပေါ်လာသော ရန်ငြိုးကြီးမားခြင်း၊ ပြစ်မှားခြင်း၊ ဖျက်ဆီးခြင်း၊ မုန်းခြင်း၊ စိတ်သဘောထား ကွဲလွဲခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ ပြေပျောက်စေနိုင်ရန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မေတ္တာပွားများ၍ ရရှိသော အကျိုးတရား များကို ဟောကြားတော်မူခဲ့ပါသည်။
 

ဒေါသတရားများ ဖြစ်ပေါ်လာခဲ့ပါလျှင် ဖြစ်ပေါ်လာသည့် အမျက်ဒေါသတရားတို့ကို ဆင်ခြင်ကာ မေတ္တာပွားများ၍ ရန်ငြိုးပြေစေသော နည်း(၁၁)နည်းကို ဝိသုဒ္ဓိမဂ်၌ ဤသို့ဟောကြားတော်မူခဲ့ပါသည်။

**ရန်ငြိုးရန်စဖြေဖျောက်နည်း (၁၁)နည်း**
(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၂) ဒေါသအပြစ်တို့ကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၃) ရန်သူ၏ အကျင့်ကောင်းများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၄) ကရုဏာဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၅) ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များ၊ သြဝါဒများကို ဆင်ခြင်ပွားများ၍ မိမိကိုယ်ကိုမိမိ ဆုံးမကာ ရန်ငြိုးဖြေဖျောက်ခြင်း။
(၆) ကမ္မဿကတာဉာဏ်ဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၇) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဇာတ်တော်လာ သည်းခံနည်းများဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၈) သံသရာတလျှောက်လုံး၌ မိဘ ညီအကိုမောင်နှမ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူ မရှိပါလားဟု ဆင်ခြင်သည့်နည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၉) မေတ္တာအကျိုးတရားများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၁၀) ဓာတ်ခွဲ၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(မိမိ၏ ရုပ်နာမ်မမြဲခြင်းသဘောကို ဆင်ခြင်၍ ငါလည်း တချိန်သေရမည်၊ သူတို့လည်း တချိန်သေရမည်ဟု နှလုံးသွင်း၍ မရဏာနုဿတိတရား ပွားများ၍ ရန်ငြိုးဖြေဖျောက်ခြင်း)။
(၁၁) ပစ္စည်းဥစ္စာ ပေကမ်းထောက်ပံ့သောနည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်းတို့ပင် ဖြစ်ကြပါသည်။


သဒေါသံ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ၊
ဒေါသစိတ်ဖြစ်သည်၊ ဒေါသစိတ်ဖြစ်သည်ဟု ထပ်တလဲလဲ သတိတရားယှဉ်၍ နှလုံးသွင်းရပါမည်။

**တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ ရေမေတ္တာ**
အလျဉ်းသင့်၍ ခန္ဓာဝန်ချတော်မူခဲ့ပြီးဖြစ်သော တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ ရေမေတ္တာကိုလည်း အသုံးပြုပါက မုန်းသည့်သူကို ချစ်ခင်လာနိုင်တာ၊ စိဖြေဖျောက်လာနိုင်တာကို လက်တွေ့ခံစားရပါမည်။
ဥပမာ---ဘာအကြောင်းကြောင့်ဖြစ်စေ၊ တစုံတယောက်သောသူက ရန်မူလာလျှင် ရန်မူသောထိုသူကို စိတ်အာရုံညွတ်၍ သူ့ခမျာ ငါ့ကို ရန်မူနေတဲ့အတွက် စိတ်နှလုံးပူလောင်နေရှာမှာပဲ-ဟု ကရုဏာစိတ်ကို ဦးစွာဖြစ်စေပါ။ သနားထိုက်သော သနားစရာကောင်းသော သတ္တဝါအဖြစ်ထား၍ ကရုဏာစိတ် ဝင်စားပြီးလျှင် နောက်မှတဆက်တည်း တကယ်ချမ်းသာကောင်းစားစေလိုသော စေတနာဖြင့် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့လွှတ်ပေးရမည်။ အမြဲမပြတ် မလုပ်နိုင်သော်လည်း မေတ္တာပို့နေသောအခိုက်တွင် လှိုက်လှဲသောစေတနာ ထက်သန်မှုရှိစေရမည်။ ထက်သန်မှုရှိမှ ထိရောက်သည်။ တန်ခိုးထက်မြက်သည်။
 

အထူးသတိပြုရန်မှာ စိတ်ညွတ်၍ မေတ္တာပို့သောအခါ မိမိစိတ်ထဲသို့ ဒေါသဝင်မလာစေရပါ။ တဖက်သား ပျက်စီးစေလိုခြင်း၊ ဒုက္ခရောက်သွားစေလိုခြင်း စသော ဒေါသစိတ်(အာဃာတ-ရန်ငြိုးစိတ်၊ ဒေါမနဿ-မကျေမချမ်း နာကြည်းစိတ်) ဝင်လာတတ်သည်။ ဝင်လာလျှင် လွတ်အောင်ဖယ်ထုတ်ပစ်ပါ။ ယင်းဒေါသစိတ်ကင်းအောင် ဖယ်ထုတ်ပစ်နိုင်လျှင် ရန်သူအပေါ် မိမိကအောင်နိုင်ပြီဟူ၍ မှတ်ပါ။
 

အကယ်၍ ရန်သူကို စိတ်အာရုံညွတ်၍ မေတ္တာပို့ရုံသက်သက်ဖြင့် အမြန်ပြေအေးသွားမည် မထင်လျှင် ဖန်ခွက်တခုကို ဆေးကြော၊ ရေအေးအေး သန့်သန့်ထည့်ပြီး အမှိုက်သရိုက်မကျအောင် အဖုံး,ဖုံး၍ ဘုရားစင်မှာ တင်ထား၊ ရန်မူသူကို ကိုယ်စားရည်မှတ်၍ ကျောက်စရစ်ခဲကလေးကိုဖြစ်စေ၊ တုတ်ချောင်းကလေးကို ဖြစ်စေ ထိုရေဖန်ခွက်ထဲသို့ချပြီး စိမ်ထား။ သူ့ကို အေးချမ်းသွားစေရန် မေတ္တာရေ စိမ်ထားပြီ-ဟု စိတ်ရှင်းစွာထား၍ မေတ္တာပို့လွှတ်ပေးနေပါ။
 

ထိုရန်မူနေသူကို ကောင်းစားချမ်းသာစေလိုသော မေတ္တာစိတ်ပို့လွှတ်ပေးနေလျှင် ခုနစ်ရက်အတွင်း မူပြောင်းလာလိမ့်မည်။ ထူးခြားသည်မှာ သူ့မှာဒေါသမရှိလျှင်၊ ဒေါသနည်းလျှင် ချစ်ခင်လာလိမ့်မည်။ ကိုယ့်ကို သနားစိတ်ဝင်လာလိမ့်မည်။ သူပြောမှားရှိသမျှ ဝန်ချတောင်းပန်လာလိမ့်မည်။ အကယ်၍ လူကိုယ်တိုင် လာရောက်မတောင်းပန်စေကာမူ ဆက်လက်၍ ရန်မမူတော့ချေ။ မီးကို ရေနှင့်ဖျန်းလိုက်သလို ငြိမ်းသွားလိမ့်မည်။
 

သို့သော် သူ့မှာ မကျေနပ်နိုင်၊ မအေးနိုင်အောင် ဒေါသရှိနေသေးလျှင်ကား ကိုယ့်အနားမှာ နေလို့မရ၊ ဝေးရာသို့ တနည်းနည်းဖြင့် ဖယ်ခွါသွားရတတ်သည်။
အားလုံး ဤပုံစံချည်းပင်။ ထုံးစံပင်တည်း။ မလွဲနိုင်ချေ။
 

ထိုမှတပါး အခြားမည်သည့်လုပ်ငန်းကိစ္စမဆို တွေ့ကြုံနေရသော နှောင့်ယှက်သူကို ဖြစ်စေ၊
နေထိုင်စားသောက်ရေးကိစ္စ၌ တွေ့ကြုံရသူကိုဖြစ်စေ တွေ့ကြုံရလေသမျှ အထက်ပါနည်းအတိုင်းသာ လိုက်နာလုပ်ဆောင်ပါ။ မေတ္တာစိတ်ဓာတ်ခိုင်မြဲသော အဆောင်တန်ခိုးဖြင့် ကြည်လင်အေးမြခြင်းကို
ဖြစ်စေရမည်။ အောင်နိုင်ရမည်ဟူ၍ ညွှန်ကြားအပ်ပါသည်။
 

အိမ်မှ စိတ်ကောက်ပြီး ထွက်သွားသူကိုလည်း ဤနည်းအတိုင်း လုပ်ဆောင်ပါ။ ပြန်ရောက်လာပါလိမ့်မည်။
သူတော်ကောင်းတို့မည်သည် မေတ္တာတရားကို လက်ကိုင်ထားရမည်။
အခြားနည်းကို လက်ကိုင်ထားလျှင် မှားရော-မှတ်ပါ။ မေတ္တာလောက် ကောင်းတာ လောကမှ ဘာမှမရှိပါ။ ဤရေမေတ္တာကို ပြုလုပ်နေသူသည် အောက်ပါအချက်များကိုတော့ လိုက်နာရပါလိမ့်မည်။
(၁) အရက်သေစာ မသောက်ဖို့၊
(၂) တတ်နိုင်လျှင် ဥပုသ်စောင့်ဖို့၊
(၃) သွေးသံရဲရဲ သားစိမ်း၊ ငါးစိမ်း မစားရ၊ (ငါးခြောက်လိုဟာမျိုး စားနိုင်တယ်)
(၄) ရန်ရှာတဲ့လူအပေါ်ကို ဒေါသစိတ် အလျှင်းမထားနဲ့၊ စကားကို ညင်ညင်သာသာပြော။
(၅) ရေထဲသို့ထည့်ထားသည့် ကျောက်ခဲလေးအား မိမိမေတ္တာပို့သူ၏ ရုပ်ကို ပေါ်အောင်ကြည့်၍ စူးစူးစိုက်စိုက် မေတ္တာပို့လွှတ်ပါ။
 

တဦးပေါ်တဦး မေတ္တာနှင့်ယှဉ်သောစိတ်များ မွေးမြူနိုင်ကြပါက သည်ကမ္ဘာမြေကြီးသည် ထာဝစဉ်မေတ္တာပန်းများ ပွင့်လန်းနေကြပါမည်။

ကောင်းကျိုးလိုရာပြည့်ပါစေ
**မောင်လှယဉ်(မော်လမြိုင်)**
(ဂမ္ဘီရ ၂၀၀၆-၆)

Wednesday, October 26, 2011

Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ


 How you can visit the <i>real</i> Pandora of <i>Avatar</i>



Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ





နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့ Avatar ကားကို ကြည့်ဖူးကြမှာပါနော်။ အဲဒီကားထဲမှာထည့်သွင်း ရိုက်ကူးထားတဲ့  Pandora ဂြိုလ်ပေါ်က တိမ်တွေကြားမှာ  မျောလွှင့် နေသော Hallelujah တောင်ကြီးတွေကို မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်မတော့  Avatar ကားကိုကြည့်မိတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် ကောင်းလောက်အောင် လှပလွန်းတဲ့  တောင်တွေရဲ့အလှကို အပြင်မှာ တကယ်ကို တွေ့မြင်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ သို့ပေမဲ့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာပါ။ ဒီလိုတောင်တွေဆိုတာ အပြင်မှာ တကယ်တမ်းတော့ ဘယ်ရှိနိုင်ပါ့မလဲနော်။


Image Hosted by PicturePush - Photo Sharing

Avatar ကားထဲက Floating Mountains of Pandora တောင်များ


Image Hosted by PicturePush - Photo Sharing




ကြည့်လေ တိမ်တွေကြားက Hallelujah တောင် ဘယ်လောက်များ လှလိုက်သလဲနော်



ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ တကယ်လက်တွေ့ဖြစ်နိုင်မှန်း တစ်ရက်မှာ သိလိုက်ရပါတယ်။ ဘာလို့ဆိုတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်နေတဲ့ တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိနေလို့ပါဘဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပါသလား။ တကယ်ပါ။ Avatar ကားထဲက Pandora  ဂြိုလ်ပေါ်က တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိပါတယ်။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့တောင်တွေက ရုပ်ရှင်ထဲကလို ကောင်းကင်မှာ အောက်ခြေမပါဘဲ မျောလွှင့်နေတဲ့ Floating Mountains တောင်များတော့ မဟုတ်ပါဘူး။  မြေပြင်ကနေပြီး ထောင်မတ်စွာ မြင့်မြင့်မားမား ဖြစ်ပေါ်တည်ရှိ နေကြတဲ့ ကျောက်တောင်ထွတ်တွေ ဖြစ်ကြပါတယ်။  အောက်ကပုံတွေမှာ ကြည့်ကြည့်ပါရှင်...



yuanjiajie 1

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


ဒီကျောက်သားတိုင် သဖွယ် တောင်ကတော့ ရုပ်ရှင်ထဲမှာ Pandora ပေါ်က Hallelujah တောင်အဖြစ် ထင်ထင်ရှားရှားတွေရတဲ့ တရုတ်ပြည် ဟူးနန့်ပြည်နယ် ZhangJiaJie ဥယျာဉ်တွင်းရှိ  တောင်ဖြစ်ပါတယ်။






Image Hosted by PicturePush - Photo Sharing


ဇာတ်ကားထဲက Hallelujah တောင်နဲ့ Zhangjiajie ဥယျာဉ်အတွင်းက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၇၄ (ပေ ၃၅၀၀ ခန့်) မြင့်မားတဲ့  တောင်တို့ရဲ့ တူညီတဲ့အချက်များ ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဝဘ်ဆိုဒ် တစ်ခုမှာလည်း Avatar ကားထဲကတောင်ဟာ Zhangjiajie ဥယျာဉ်အတွင်းက တောင်တွေကနေ ဖြစ်ပေါ်ထာတာပါလို့ အတိအလင်းဖော်ပြထားပါတယ်။ အောက်မှာတော့ Zhangjiajie ဒေသရဲ့ သလင်းနဲ့ သဲကျောက်တောင်များရဲ့ အလှကို ရင်သပ်ရှုမော တွေ့မြင်ကြရမှာဖြစ်ပါတယ်

Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing




ဘယ်လောက်တောင် ပန်းချီဆန်တဲ့ အလှလည်းနော်


တိမ်တွေကြားကပုံတွေကိုကြည့်ပြီး အိပ်မက်ထဲမှာသာ တွေ့နိုင်မဲ့ မြင်ကွင်းမျိုးလို့ ကျွန်မစိတ်ထဲ ခံစားမိပါတယ်။ လှပလွန်းလှတဲ့ ဒီကျောက်တောင်ထွတ်တွေရဲ့ ရှုခင်းဟာ တကယ်ကို ရင်သပ်ရှုမောဖြစ်ရလောက်အောင် ကျွန်မကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ တိမ်တွေကြားမှာ ခမ်းနားကြီးကျယ်စွာ  မြင်တွေ့ရတဲ့ တောင်ထွတ်တွေရဲ့ မြင်ကွင်းဟာ ကောင်းကင်ဘုံက မြင်ကွင်းတစ်ခုလို ထူးခြားဆန်းပြားလွန်းလှပါတယ်။  ဒီလောက်လှပ ဆန်းကျယ်တဲ့ တောင်ထွတ်တွေ ရှိတဲ့နေရာဟာ ဘယ်နေရာများဖြစ်မလဲလို့ အချက်အလက်တွေကို စိတ်ဝင်စားစွာနဲ့ မွှေနှောက်ရှာဖွေမိပါတော့တယ်။
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


သဘာဝရဲ့ ဆန်းကျယ်လျှို့ဝှက်နက်နဲစွာ ဖန်တီးမှုတွေနဲ့ အလွန်ခမ်းနားလှပစွာ ဖြစ်ပေါ်နေတဲ့ တောင်တွေ ရှိတဲ့နေရာက တရုတ်ပြည် ဟူးနန့်ပြည်နယ်ရဲ့မြို့တော် Changsha နဲ့ ၂၆၅ ကီလိုမီတာ ကွာဝေးတဲ့ ZhangJiaJie အမျိုးသား သစ်တောဥယျာဉ်တွင်းက Wulingyuan သဘာဝရှုမျှော်ခင်း ဧရိယာအတွင်းမှာ ဖြစ်ပါတယ်။ Avatar ကားထဲမှာ ၄င်း သဲကျောက်တောင်နဲ့ ရှုခင်းများကို ထည့်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသား ဥယျာဉ်အကြောင်းလေးကို စာဖတ်သူများနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်...


Image Hosted by PicturePush - Photo Sharing

Zhangjiajie National Forest park
Image Hosted by PicturePush - Photo Sharing


Zhangjiajie National Forest Park, Weather in Zhangjiajie


huangshan


huangshan2
Image Hosted by PicturePush - Photo Sharing
တိမ်ပင်လယ်ကြားက တောင်ထွတ်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မျှစ်စို့ပမာ ထိုးထိုးထောင်ထောင် ကျောက်တိုင်များ


တရုတ်တွေရဲ့ ရှုမျှော်ခင်း ပန်းချီကားတွေမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ ဒဏ္ဍာရီဆန်ဆန် တောင်ထွတ်တွေဟာ အပြင်မှာ တကယ်ရှိနေခဲ့ပါတယ်။ ၄င်းတောင်များကို ပဉ္စလက်တောင်များလို့လည်း ခေါ်ရလောက်အောင် တိုင်လုံးပုံသဏ္ဍာန် ထူးထူးဆန်းဆန်း ဖြစ်ပေါ်နေတဲ့ သဲကျောက်တောင်ကြီးတွေ ဖြစ်ပါတယ်. ၄င်းတို့ဟာ တရုတ်နိုင်ငံ Hunan ပြည်နယ်ရှိ ZhangJiaJie အမျိုးသား သစ်တောဥယျာဉ်တွင်းက Wulingyuan သဘာဝ ရှုမျှော်ခင်း ဧရိယာအတွင်းမှာ တည်ရှိနေတာဖြစ်ပြီး ZhangJiaJie အမျိုးသားဥယျာဉ်နဲ့ ရှုမျှော်ခင်း ဧရိယာဟာ တရုတ်ပြည်တွင်း ခရီးသွားများသာမက နိုင်ငံခြားခရီးသွားများကြားမှာပါ ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရသကဲ့သို့ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဆန်းပြားလှတဲ့ တိုင်လုံး ပုံသဏ္ဍာန် သလင်းကျောက်နဲ့ သဲကျောက်တို့ဖြင့် ဖွဲ့စည်းထားတဲ့ တာင်ကြီး ၃၁၀၀ခန့်ဟာ ကောင်းကင်ကို ထိုးတက်တော့မည့်ပမာ တည့်မတ်စွာဖြင့်  ထူးထူးခြားခြား ဖြစ်ပေါ်တည်ရှိနေပါတယ်။ ကျောက်တောင်တိုင်းရဲ့ တောင်ထိပ်ဖျားမှာလည်း သစ်ပင်များဟာ ကပ်ကပ်သပ်သပ်ဖြင့်  စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေခဲ့ပါတယ်။


Image Hosted by PicturePush - Photo Sharing





Image Hosted by PicturePush - Photo Sharing


သဘာဝအတိုင်းဖြစ်ပေါ်နေသော ကျောက်တံတား 

Image Hosted by PicturePush - Photo Sharing

天下第一桥 First under heaven bridge

သဘာဝတံတားရဲ့ အနီးကပ်မြင်ကွင်း 
ဒီတံတားကိုတော့ ကမ္ဘာမြေပေါ်က ပထမဦးဆုံးတံတားလို့ တင်စားခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက သဘာဝအတိုင်း ဖြစ်ပေါ်နေခဲ့တာမို့ ပထမဦးဆုံးတံတား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

Zhangjiajie National Forest Park


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


အချို့သော ကျောက်သားတိုင်ကြီးများဟာ မြေပြင်အထက် မီတာ ၁၀၀၀ (ပေ ၃၀၀၀ ခန့်) မြင့်မားစွာ တည်ရှိနေပါတယ်။ ၄င်းအပြင် ဥယျာဉ်အတွင်းမှာ သဲကျောက်တောင်များသာမက စိမ်းစိုလှပတဲ့ ခြောက်ကမ်းပါးကြီးများ၊ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေတဲ့ မိုးသစ်တောများ၊ ကျောက်စက်ပန်းဆွဲများဖြင့် ခမ်းနားလှတဲ့ ကျောက်လှိုဏ်ဂူများ၊ ပြာလွင်ကြည်လဲ့နေတဲ့ ရေကန်များ၊ ကျောက်တောင်များထက်မှ စီးကျနေသော ရေတံခွန်များ၊ ကျောက်တောင်များကြား ရစ်ခွေစီးဆင်းနေသော စမ်းချောင်းကလေးများ၊ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်တံတားများ စသည်တို့ဟာ ၂၆၆ စတုရန်းမိုင်ခန့် ကျယ်ဝန်းလှတဲ့ ဥယျာဉ်ကြီးအတွင်းမှာ သဘာဝအတိုင်း မပျက်မစီး တည်ရှိနေဆဲဖြစ်တာကြောင့် သဘာဝအလှကို မြတ်နိုးတန်ဖိုးထားလိုသူများ၊ ခံစားလိုသူများအတွက် သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ၄င်းဒေသမှာ မိုးရေချိန်ဟာ တစ်နှစ်ကို ၁၂၀၀ မှ ၁၆၀၀ မီလီမီတာအထိ ရွာသွန်းပြီး ပျှမ်းမျှအပူချိန်ဟာ ၁၆ ဒီဂရီ စင်တီဂရီတ် ရှိတာကြောင့် ဥယျာဉ်အတွင်းရှိ ၉၇%ဟာ သစ်ပင်များအမျိုးအစားပေါင်း မြောက်မြားစွာဟာ ဥရောပတိုက်တစ်ခုလုံးမှာ ပေါက်ရောက်တဲ့အပင်တွေထက် နှစ်ဆမကအောင် များပြားစွာ ပေါက်ရောက် ရှင်သန်နေတယ်လို့ ဆိုပါတယ်။



Zhangjiajie National Forest Park




Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Zhangjiajie National Forest Park



Image Hosted by PicturePush - Photo Sharing


Zhang Jia Jie အမျိုးသားဥယျာဉ်ဟာ ၁၉၈၀ခုနှစ်နောက်ပိုင်းမှသာ ပြင်ပ ခရီးသွားများအတွက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၁၉၈၂ခုနှစ်မှသာ အမျိုးသား သစ်တောဥယျာဉ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာတော့  UNESCO အဖွဲ့က ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး တရုတ်ပြည်ရဲ့ ပထမဦးဆုံး အမျိုးသားသစ်တော်ဥယျာဉ်နဲ့ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် ဒေသလည်း ဖြစ်ပါတယ်။ ဥယျာဉ်အတွင်းသို့ ဝင်ရောက်ဖို့ဆိုရင် သတ်မှတ်ဝင်ကြေးကို ပေးဆောင်ရပါတယ်။ ဝင်ကြေးဟာ မြန်မာငွေနဲ့ သုံးသောင်း နီးပါး ကျသင့်ပါတယ်။ Zhangjiajie အမျိုးသားသစ်တော ဥယျာဉ်ကြီးဟာ ထူးဆန်းတဲ့ မြေပြင်ပုံသဏ္ဍာန်များနဲ့ ပြည့်နှက်နေတာမို့ ထူးဆန်းအံ့သြဖွယ်နယ်မြေ (သို့မဟုတ်) နတ်တို့ဖန်ဆင်းတဲ့ နယ်မြေ လို့လည်း ခေါ်ဆိုကြပါတယ်။ ရှေးခတ်ကတော့ ၄င်းဒေသကို အစိမ်းရောင်တောင်ကုန်းဒေသလို့ ခေါ်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာတော့ Zhangjiajie လို့ခေါ်တွင်လာပါတယ်။ ဥယျာဉ်တွင်းမှာ လေထုဟာ အောက်ဆီဂျင်ရာခိုင်နှုန်း အလွန်ပေါများစွာ ရှိတဲ့အတွက် ကျန်းမာရေးအတွက်လည်း သင့်တော်ပြီး အနားယူအပန်းဖြေသူများအတွက် အလွန်ကောင်းတဲ့ ဒေသဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဥယျာဉ်တွင်းက နွေဦးရာသီရဲ့ သစ်ပင်များ

သဘာဝရဲ့ ထူးဆန်းမှုတွေ အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေရာလေးကို တရုတ်ပြည်တွင်း ခရီးသွားမည့်သူများ၊ ကမ္ဘာလှည့်ပြီး ခရီးသွားဖို့ စိတ်ဝင်စားသူများအတွက် သွားလည်သင့်ကြောင်း ဒီပိုစ့်လေးနဲ့ ညွှန်းဆိုလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီနေရာလေးကို တစ်နေ့နေ့မှာ ရောက်အောင်သွားမဲ့နေရာတစ်ခုအဖြစ် စာရင်းတို့ထားလိုက်ပါတယ်။ ထူးဆန်းလှပတဲ့ ZhangJiaJie ဒေသအကြောင်း ရေးစရာများတာကြောင့် ရေးနေရင်းနဲ့ ပိုစ့်ကသိပ်ရှည်သွားတာကြောင့် ဒီနေရာမှာ တစ်ပိုင်းဖြတ်လိုက်ပါတယ်.။ နောက်နေ့မှ ဥယျာဉ်တွင်းက ကျန်တဲ့ လည်ပတ်စရာ နေရာများအကြောင်း ဆက်ရေးပါရစေရှင်။



.........

အားလုံးဘဲ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြပါစေ...


Image Hosted by PicturePush - Photo Sharing

အချက်အလက်များနဲ့ ဓာတ်ပုံများကို
google and http://www.chinafacttours.com/zhangjiajie/attractions/zhangjiajie-national-forest-park.html
http://www.conceptart.org/forums/showthread.php?p=2603859
http://www2.chinadaily.com.cn
http://www.chinatourmap.com တို့မှ ရယူပါသည်။