Wednesday, August 7, 2013

မွေးနေ့ကို ဘာသာရေးအမြင်ဖြင့် သုံးသပ်ကြည့်ခြင်း



မွေးနေ့ကို ဘာသာရေးအမြင်ဖြင့် သုံးသပ်ကြည့်ခြင်း

ဗုဒ္ဓဘာသာစာပေတို့တွင် ယခု မိမိတို့နေထိုင်ရာ လူ့ဘောင်ကို သုဂတိဘုံဟု ဆိုသည် ၊ သုဂတိဘုံ ဆိုသည်မှာ ကုသိုလ်ကောင်းမှုရှိသူတို့သာ လားရောက်ရာဌာနဟု အဓိပ္ပါယ် ရသည် ၊ ယခု မိမိတို့သည် ကုသိုလ်ကောင်းမှုရှိသူတို့သာ လားရောက်ရာ လူ့ဘုံဌာနတွင် လူမိဘကမွေးလျှက် လူဟူသောအမည်ဖြင့် လာဖြစ်နေကြသည် ၊ လူဖြစ်လာရခြင်းသည် ကုသိုလ်ကောင်းမှုကြောင့်ဟု အလွယ်မှတ်နိုင်ပါသည် ။

ဤလူ့ဘုံဌာ လူ့ဘ၀ကို နတ်သားနတ်သမီးများက အလွန်အလေးအမြတ်ထားကြသည် ၊ နတ်ပြည်တွင် နတ်သားတစ်ပါး သေဆုံးတော့မည်ဆိုပါက ရှေးဦးစွာ နိမိတ်ငါးမျိုး ထင်လာလေ့ ရှိသည် ၊ သေဆုံးတော့မည့်နတ် ပန်ဆင်ထားသည့်ပန်းများ ညှိုးနွမ်းလာသည် ၊ နတ်ဝတ်နတ်စားများ ညစ်နွမ်းလာသည်၊ ချိုင်းကြားစသည်တို့မှ ချွေးများ ယိုစီးကျလာသည်၊ ယခင်က လှပ တောက်ပြောင်ခဲ့သော ခန္ဓာကိုယ်၌ ကိုယ်ရောင်ကိုယ်ဝါများ ညှိုးမိန်လာသည် ၊ မိမိပိုင်ဆိုင်သော နတ်ဗိမာန်၌လည်း ပျော်ပိုက်ခြင်းမရှိတော့ ၊ အထက်ပါ နိမိတ်ငါးမျိုးထင်လာလျှင် ဤနတ်သားသည် မကြခင် သေဆုံးတော့မည် ဖြစ်ကြောင်း တစ်ခြားနတ်များက သိကြသည်၊

ထိုအခါ နတ်သားများက ၀ိုင်းဝန်း၍ အောက်ပါ စကားသုံးခွန်းကို မှာကြားတိုက်တွန်းကြသည် ၊
“ အမောင် …….သုဂတိဘုံသို့ သွား၍ ပဋိသန္ဓေယူပါ ၊ ထိုသုဂတိဘုံ၌ ကံနှင့် ကံ၏အကျိုးကို ယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားကို ရအောင် ယူပါ ၊ ထိုသဒ္ဓါတရားကို သင့်သန္တာန်မှာ ခိုင်မြဲအောင် လုပ်ပါလေ …..”

အထက်ပါနတ်များ တိုက်တွန်းမှာကြားသည့် သုဂတိဘုံဆိုသည်မှာ ဤလူ့ပြည် ဤလူ့ဘုံပင် ဖြစ်သည် ၊ လူ့ပြည် လူ့လောကတွင် လူ့အဖြစ်ကို ရရှိရန် မလွယ်ချေ ၊ ကျမ်းစာများ၌ “ မနုဿတ္တဘာဝေါ ဒုလ္လဘော-လူ့အဖြစ်ကို ရခဲသည် “ ဟု ခိုင်မာသော အဆိုရှိ၏ ၊ သို့ရာတွင် လူ့ပြည်လောကကို သုဂတိဘုံဟုဆိုဆို ၊ လူ့ဘ၀ကို အလွန်ရခဲသည်ဟု ပြောပြော ၊ လူ့ပြည်နှင့်လူ့လောကသည် ထာဝရပြီးပြည့်စုံသောလောက ထာဝရသာယာ လှပသော ဘ၀ဟုကား မဆိုနိုင်ပေ ။

ကုသိုလ်ကံကြောင့် လူဖြစ်လာရသည်မှန်သော်လည်း ဘ၀သစ်တစ်ခု စတင်ရရှိလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘ၀ကို လိုချင်တပ်မက်ချစ်ခင်သော တဏှာကြောင့်သာ ဖြစ်သည် ၊ ဘ၀သစ်တစ်ခု၏ အစကို ဇာတိဟုဆိုသော် ဆိုနိုင်၏ ၊ ပါဠိအဘိဓာန်တွင် ဇာတိကို ပဋိသန္ဓေနေခြင်း ၊ အသစ်တစ်ဖန်ဖြစ်ခြင်း ၊ မွေးဖွားခြင်း ၊ ခန္ဓာအစဉ် ၊ ပုံသဏ္ဍာန်သဘော စသည်ဖြင့် ဖွင့်ပြသည် ၊ ဤနေရာတွင် အသစ်တစ်ဖန်ဖြစ်ခြင်း၊ မွေးဖွားခြင်းကို ဇာတိအားဖြင့် ယူလိုပါသည် ၊

မိမိတို့သည် “ အူဝဲ “ ဟူသော ငိုကြွေးသံပေးလျှက် မွေးဖွားလာကြသည် ၊ ဘ၀အသစ်တစ်ခု ဖြစ်လာကြသည် ၊ ဤလူ့လောကတွင် ကလေးငယ်တစ်ယောက် မွေးဖွားလာလျှင် ဆိုင်ရာ အသိုင်းအ၀ိုင်းအတွက် ၀မ်းသာပျော်ရွှင်မှုကို ရစေသည်၊ အဓိကအားဖြင့် ယင်းကလေးနှင့်သက်ဆိုင်ရာ မိဘနှစ်ပါးကို အတိုင်းထက်အလွန် ပျော်ရွှင်မှုပီတိကို ဖြစ်စေသည် ၊

ထိုအချိန်တွင် ကလေးငယ်၏ အူဝဲဟူသော ငိုကြွေးသံကို ငိုကြွေးသံဟု မထင် ၊ “ လူ့လောကထဲ ငါရောက်လာပြီ “ဟူသော သဘောဖြင့် ဟစ်ကြွေးသံပြုသည်ဟု ထင်တတ်ကြသည် ၊ အမှန်မှာ ငိုကြွေးသံသည် ငိုကြွေးသံသာ ဖြစ်သည် ၊ ဟစ်ကြွေးသံ မဟုတ်ပေ ၊

 တစ်နည်းအားဖြင့် မွေးဖွားစကလေးငယ်၏ ငိုကြွေးသံကို ဘ၀သစ်ရလာခြင်း၏ ဇာတိ သင်္ကေတ အဖြစ် သတ်မှတ်နိုင်ပါသည် ၊ လူတိုင်းတွင် မွေးနေ့ကိုယ်စီ ရှိကြသည်၊ လူအနည်းငယ်မှတစ်ပါး လူတို့သည် ကိုယ်လူ့ဘ၀ရောက်ခဲ့သော မွေးနေ့ မွေးရက် အချိန်နာရီ မိနစ်တို့ကို အမှတ်တရ ရှိတတ်ကြသည်၊

 မိမိမွေးနေ့ ရောက်လာတိုင်း အမှတ်တရအနေဖြင့် “ မွေးနေ့မင်္ဂလာ “ ဟု အမည်တပ်လျှက် ကုသိုလ်ကောင်းမှု ပြုသူလည်း ရှိသည် ၊ မိဘကို ရှိခိုးပူဇော် ကျေးဇူးဆပ်သူလည်း ရှိသည် ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်သူလည်း ရှိသည် ၊ စိတ်ငြိမ်အောင် အကြောင်းပြချက်ဖြင့် ပိုကာဝိုင်းထောင်သူလည်း ရှိသည်၊ ကိုယ့်မွေးနေ့အမှတ်တရအဖြစ် ကိုယ့်ရည်းစားကို အဖြေပေးသူလည်း ရှိသည် ၊ မိမိလူ့ဘ၀သို့ ရောက်လာခဲ့သောမွေးနေ့ကို အမှတ်တရ ရှိခြင်းသည် ကောင်း၏ဟု ယုံကြည်မိသော်လည်း မွေးနေ့မင်္ဂလာခေါင်းစည်းအောက်တွင် မွေးနေ့၏ပြဋ္ဌာန်းချက်၊
တနည်းပြောရသော် ဇာတိ၏အကျိုးနှင့် အကျိုးဆက်ရလာဒ်များကို မေ့လျော့နေကြသည်ဟု မိမိစိတ်ထဲ ထင်မြင်နေမိသည် ၊

 ဗုဒ္ဓမြတ်စွာက တရားဦး ဓမ္မစက္ကပ၀တ္တနသုတ်တော်တွင် “ ဇာတိပိ ဒုက္ခော-ဘ၀ဖြစ်ရခြင်းသည် ဆင်းရဲ၏ “ ဟု ဟောတော်မူပါသည် ၊ ယခုခေတ်တွင် မွေးနေ့ပွဲကို ရဟန်းရှင်လူများစွာ ကျင်းပပြုလုပ်နေကြသည်ကို တွေ့ရသည်၊ ထိုမွေးနေ့ပွဲများ၌ အသစ်တဖန် ပဋိသန္ဓေ နေရခြင်းဆင်းရဲ၊ မွေးဖွားရခြင်းဆင်းရဲတို့ကို သတိရဆင်ခြင်မိသူ ရှိကောင်းရှိနိုင်သော်လည်း အလွန်နည်းပါးပေလိမ့်မည် ၊ မိမိတို့လို လူပုဂ္ဂိုလ်တို့ကို ထား၍ ဘုန်းကြီးရဟန်းများပင် သူတို့မွေးနေ့၌ ဘ၀၏ဆင်းရဲကို နှလုံးးသွင်းမိသူ နည်းပါးသည်ဟု မ၀ံ့မရဲ ဆိုချင်ပါသည် ၊

ဆိုရခြင်းအကြောင်းလည်း ရှိ၏ ၊မိမိတို့ရပ်ကွက်တွင် သံဃာတစ်ရာကျော်သီတင်းသုံးသော ဘုန်းကြီးကျောင်း တစ်ကျောင်းရှိရာ ကျောင်းထိုင်ဘုန်းကြီးသည် နာမည်အသင့်အတင့်ရှိ၍ ဂုဏ်ပကာသန မက်မောပုံ ရသည် ၊ ထိုကျောင်းထိုင်ဘုန်းကြီး၏ မွေးနေ့ရောက်ပြီဆိုလျှင် မိမိတို့ တစ်ရပ်ကွက်လုံး ကောင်းစွာအိပ်မရတော့ ၊ အကြောင်းက မနက်လင်းသည်မှ စ၍ ညမိုးချုပ် သန်းခေါင်ကျော်(၂)ချက် (၃)ချက်အထိ ဘောက်သံတွေက တအုန်းအုန်း ၊ မီးရှူးမီးပန်းများနှင့် တရုတ်မိုးပျံဗျောက်တွေက တ၀ုန်းဝုန်းတဒိုင်းဒိုင်းနှင့် ရပ်ကွက်တစ်ခုလုံး ဆူညံပွက်နေသောကြောင့် ဖြစ်သည် ၊ ဘုန်းကြီးရဟန်းများ၏ ငြိမ်းအေးမှုများ ပျောက်ကွယ်နေသည်ဟု ခံစားရသည် ၊

( ယခုစာပိုဒ်သည် မိမိ၏ ခံစားချက်ကို ရိုးရိုးသားသား တင်ပြခြင်းသာ ဖြစ်သည် ၊ သာသနာကို ကဲ့ရဲ့လိုသောဆန္ဒ လုံးဝမပါကြောင်း သစ္စာဆိုဝံ့ပါသည် ၊ မိမိသည် ဗုဒ္ဓဘာသာ တစ်ယောက်အနေဖြင့် ဘုန်းကြီးရဟန်းများ၏ ကိုယ်ကျင့်သီလကို ချွင်းချက်မရှိ လေးစားကြည်ညိုပါ၏ ၊ သို့ရာတွင် ငြိမ်းအေးမှုပျောက်သွားလောက်အောင် လွှမ်းမိုးလွန်းသော ဂုဏ်ပကာသနများကိုမူ လွန်စွာစက်ဆုပ်ပါ၏ ၊ဤစကားနှင့်ပတ်သက်၍ လွန်သည်ဟု သတ်မှတ်တော်မူလျှင် ခြေထောက်ဦးခိုက် ရှိခိုးတောင်းပန်အပ်ပါသည်)၊

အဓိကအားဖြင့် အလွှာမျိုးစုံမှာရှိသော လူသားတို့သည် မွေးနေ့ပွဲကို အမှတ်တရရှိတတ် ကြသော်လည်း မွေးနေ့ပွဲကို အကြောင်းပြု၍ ပြုလုပ်သောပျော်ပွဲရွှင်များ၌သာ နစ်မွန်းနေကြသည်ဟု ဆိုလိုခြင်းဖြစ်သည် ၊ ပျော်ပွဲရွှင်ပွဲများသည် မွေးနေ့၏ အနှစ်သာရမဟုတ်ဟု နားလည်သင့်ပါသည်၊

မိမိမွေးနေ့ရောက်ပြီဆိုလျှင် ဘ၀အသစ်တစ်ဖန် ဖြစ်လာမှုဟူသော အတိတ်အကျိုးရလာဒ် ၊ ယင်းအကျိုးရလာဒ်ကို သတိပြုဆင်ခြင်ဖို့ လိုပါသည် ၊ လောကတွင် ဖြစ်လာသမျှ အရာဝတ္ထုတိုင်းသည် ဖြစ်သည့်အတိုင်း ထာဝရတည်တံ့မနေ ၊ ဆက်ကာ ဆက်ကာ ပြောင်းလဲနေသည် ၊ သတ္တ၀ါတစ်ဦးမွေးဖွားလာပြီး ဘ၀အသစ်တစ်ဖန်ဖြစ်လာပြီဆိုလျှင်လည်း ရပ်တန့်မနေ ၊ မွေးဖွားပြီးစအရွယ် ၊ လူငယ်အရွယ် ၊ လူကြီးအရွယ်အဖြစ်ဖြင့် ဆင့်ကဲဆင့်ကဲ ပြောင်းလဲသွားသည် ၊ နောက်ဆုံး အိုရ နာရ သေရသည် ၊ ဖြစ်သမျှ ပျက်ရသည်မှာ ဇာတိ၏လမ်းစဉ်၊
ဇာတိ၏ အကျိုးရလာဒ်ပင်ဖြစ်သည် ၊

ထို့ကြောင့် ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွင် “ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ “ ဟု ဟောတော်မူသည် ၊ ဘ၀အသစ် တစ်ဖန်ဖြစ်ခြင်း ၊ မွေးဖွားခြင်းကြောင့် အိုရ နာရ သေရခြင်းဟူသော တိုက်ရိုက်အကျိုးဖြစ်ပေါ်လာရသည် ၊ အကျိုးဆက်အနေအားဖြင့် စိုးရိမ်ကြောင့်ကြရခြင်း၊ ပူဆွေးငိုကြွေးရခြင်း ၊ ကိုယ်စိတ်ဆင်းရဲရခြင်း ၊ ပြင်းစွာ ပင်ပန်းမောဟိုက်ရခြင်းများ ဖြစ်ရပြန်သည် ၊ ဇာတိကြောင့် ဆင့်ကဲဖြစ်ပေါ်လာသော အကျိုးဆက်တို့ကို မည်သည့် ရှုထောင့်ကကြည့်ကြည့် သက်သာဖွယ် မမြင်ရပေ၊ တွေးကြည့်ရုံမျှဖြင့်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည် ၊

ဒါကိုထောက်ရှု၍ မိမိလူအဖြစ်ရောက်ရှိခဲ့သောမွေးနေ့ကို အမှတ်တရရှိရုံမျှဖြင့် မပြီး ၊ မွေးနေ့ပွဲ ကျင်းပပြုလုပ်ရုံမျှဖြင့် ကောင်းမြတ်သော မွေးနေ့မင်္ဂလာမဖြစ်နိုင် ၊ “ ငါ မွေးဖွားခဲ့ပြီ ၊ အိုရ နာရ သေရဦးမည် “ ဟု သတိပြုဆင်ခြင်ဖြစ်မှ ဗုဒ္ဓမြတ်စွာ အလိုတော်ကျ အနှစ်သာရရှိသော ကောင်းမြတ်သော မွေးနေ့မင်္ဂလာဖြစ်နိုင်သည်ဟု မိမိ ယူဆပါသည်။

အထူးမှတ်ချက် ။ ယခုကဲ့သို့ ဘာသာရေးဆောင်းပါးပို့စ်များရေးဖြစ်အောင် တိုက်တွန်း အားပေးသော ခပ်ရဲရဲရေးနိုင်အောင် မိမိ မသိနားမလည်သည်များကို စိတ်ရှည်လက်ရှည် ပြောပြပေးသော ဗုဒ္ဓကမ္ဘာဆိုဒ်တွင်တွေ့ရသော ရန်ကုန် သာသနာ့တက္ကသိုလ်မှ ဘုန်းဘုန်းတစ်ပါးအား ရိုသေလေးမြတ်စွာ ဦးခိုက်ပါ၏ ၊ ကျေးဇူးလည်း အထူးတင်ရှိမိပါ၏။

ခလေးလေး