"အစားထိုး မိဘ (Surrogate )"
ဟူသောစကား ယနေ့Modern ခေတ်တွင် ခေတ်စားလျက်ရှိ၏။ ခေတ်မီတိုးတက်သော ပညာရေးစနစ်ကို သို့မဟုတ် ယင်းပညာရေးစနစ်ကို ပီပြင်စွာအကောင်ထည် ဖော်ပေးနိုင်မည့် ဆရာကောင်းတို့၏ အခန်းကဏ္ဍကို ဆိုလိုဟန်တူပါသည်။ ယင်းသဘောတရားသည် အနောက်ကမ္ဘာမှာ ယနေ့ခေတ်မှာမှ ခေတ်စားနေသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာကျော်လောက်ကတည်းက အင်းဝစာဆိုအကျော် အရှင်မဟာရဌသာရ၊ အရှင်မဟာသီလဝံသစသော ဆရာတော်များက ယင်းသဘောတရားကို တွေ့မြင် သိနားလည်ခဲ့ပြီး ဖြစ်ပေ၏။ ဆရာဖြစ်သူများက တပည့်များအား သူတို့၏ ရင်ဝယ်သားပမာ စေတနာထား ဆိုဆုံးမ ပြုစုပျိုးထောင် ပေးကြသည်ကို ထောက်ဆလျှင် ရှေးခေတ် ဘုန်းတော်ကြီးပညာရေးသည် အလွန်ပင် ခေတ်မီတိုးတက်သောစနစ်ကို အသုံးပြုကြောင်း သိသာထင်ရှားလှပေသည်။
ခေတ်မီတိုးတက်သော ပညာရေးစနစ်ကို
သို့မဟုတ် ယင်းပညာရေးစနစ်ကို ပီပြင်စွာအကောင်ထည် ဖော်ပေးနိုင်မည့် ဆရာကောင်းတို့၏
အခန်းကဏ္ဍကို လေ့လာကြည့်သင့်သည်။ သားသမီးတိုင်း မိဘရိပ်မှာ စုပြုံပြီး ခိုလှုံနေလို့
မဖြစ်၊ ဘဝပေးအခြေအနေအရ မိမိတို့ကိုယ်တိုင် သားမယားအိမ်ထောင်နှင့်ဖြစ်လာလျှင်
ကိုယ့်မိသားစုစားဝတ်နေရေးအတွက် မိမိကိုယ်တိုင်ရုံးကန်လှုပ်ရှားရမည်ဖြစ်၏။
ဘဝရုံးကန်လှုပ်ရှားဖို့အတွက် "အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ" ဆိုသလို
အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုတော့ တတ်ထားရမည်ဖြစ်၏။ မိဘတိုင်းက ထိုကဲ့သို့သော
ပညာလုံလောက်စွာ မပေးနိုင်ကြ။
လူသားတို့၏ ပညာသည်လည်း တိရစ္ဆာန်တို့၏ ပညာကဲ့သို့
မိဘဆီမှ သင်ယူရုံမျှဖြင့် မလုံလောက်တော့။ တိရစ္ဆာန်တို့မှာ မိခင်သင်ပေးလိုက်သည့်
ပညာဖြင့် ရှာစားနိုင်၏။ လုံလောက်နိုင်၏။ ဥပမာ ကြောင်ဆိုလျှင်
မိဘသင်ပေးလိုက်သည့်အတိုင်း ကြွက်ခုတ်စား၏။ ကျား၊ ကျားသစ် တို့သည် သားကောင်လိုက်လံ
ဖမ်းစားကြကုန်၏။ တိရစ္ဆာန်တို့၏ မိခင်သင်ပေးလိုက်သည့် ပညာသည် ကမ္ဘာဦးမှစပြီး
ယနေ့တိုင်အောင် တစ်စုံတရာ ဘာမှတိုးတက်ပြောင်းလဲလာမှု မရှိ။ တိရစ္ဆာန်လောက၌ "လက်ဦးဆရာ
မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ" ဆိုတာလောက်သာ လိုအပ်ကောင်း
လိုအပ်နိုင်ပြီး ဆရာဆိုတာ မလိုအပ်သလောက်ပင်ဖြစ်၏။
လူ့လောကတွင် ခေတ်အခြေအနေအလိုက်
လူနေမှုအဆင့်အတန်းအမျိုးမျိုး ပြောင်းလဲလာတာနှင့်အမျှ ယင်းပြောင်းလဲမှုနှင့်အညီ
အမီလိုက်နိုင်သည့် ပညာကို မည်သည့် မိဘမှ သင်ပေးနိုင်စွမ်းမရှိပေ။
အနောက်တိုင်းအဆိုအရ ပညာစုံရဖို့အတွက် အစားထိုးမိဘများလိုအပ်လာ၏။ သို့အတွက်
ဆရာသမားကဏ္ဍအထူးအရေး ကြီးလာ၏။ ဆရာ့အရိပ်ကို ခိုလှုံနိုင်ပါမှ ဆိုခဲ့ပြီး "အသက်မွေးမှု၊
တစ်ခုပညာ၊ ခေတ်မီတိုးတက်သော ပညာများ " ရနိုင်မှာဖြစ်၏။
ရှေးပညာရှိများကလည်း "လူဆိုတာ
တစ်ကြိမ်တည်း ဖွားရင် လူလားမြောက်ရုံပဲ ရှိမယ်၊ နှစ်ကြိမ်ဖွားပြီးမှ
လူလားမြောက်တယ်" ဟုဆိုတော်မူကြ၏။ ပထမတစ်ကြိမ်မှာ လူဖြစ်လာအောင် မိဘများက
မွေးဖွားပေး၏။
လူဖြစ်လာပြီး လူကလေးများကို အသက်မွေးမှု တစ်ခုပညာပါအောင်၊
ပညာရှင်ကလေးတွေ ဖြစ်အောင်၊ ခေတ်နှင့်အညီ လိုက်မီသည့် ပညာရပ်များရရှိအောင် ဆရာက
မိဘကိုယ်စား အစားထိုးကာ မွေးဖွားပေးရ၏။ ထို့ကြောင့် ဆရာများသည် အစားထိုးမိဘများဟု
ခေါ်နိုင်၏။ ပိဋကစာပေမှာလည်း "ဥရေန ဝသိတွာ မုခေ ဇာတော" နှလုံးသားနှင့်
သန္ဓေတည်ပြီး ခံတွင်းမှာ မွေးဖွားပေးသည်"ဟု ဆို၏။ ဆရာကောင်းတို့သည်
တပည့်များကို မိမိထက်ပင် တော်စေတတ်စေ ကြီးပွားတိုးတက်ပါစေဟု မေတ္တာစေတနာ
ကရုဏာတရားများကို နှလုံးသားနှင့်လွယ်ထားပြီး အာခံတွင်းမှ ပြောဆိုဆုံးမ
လမ်းပြတော်မူကြ၏။ ယင်းဆရာကောင်းတပည့်လေးများကို ရည်ရွယ်၍ ရှေးလူကြီးသူမများက "ဘုန်းရှင်ကံရှင်ကလေးများဟာ
အာခံတွင်းက မွေးဖွားလာပါပေတယ်" ဟု ဆိုကြကုန်၏။
ဆရာဖြစ်သူက တပည့်အပေါ်ထားရှိသည့်
စေတနာကို ပေါ်လွင်အောင် အရှင်မဟာရဌသာရက လက်သစ်တောင် ဆုံးမစာတွင် "ရင်ဝယ်ဖြစ်ငြား၊
မွေးသည့်သားကို၊ မယ်ဖွားမိခင်၊ ဆုံးမသင်သို့၊ အကြင်ဆရာ၊ တို့သူငါကို၊ လိမ္မာစေကြောင်း၊
ကောင်းပါစေလို၊ ဆိုပါသမျှ သြဝါဒကို"…စသည်ဖြင့် ရေးသားဆုံးမတော်မူခဲ့၏။
ဆရာ့စေတနာကို ဖွင့်ဆိုရာ၌လည်း "ငါကသည်စာ၊ သည်ဂါထာကို၊ မြဲစွာကြပ်မပ်၊
ဆရာအပ်သော်၊ တတ်လှစေချင်၊ ငါ့ကိုသင်ဟု၊ ထိပ်တွင်လည်းယှက်၊ လျင်လျင်ရအောင်၊
ကြိုးစားကျက်" ဟူ၍ ဆုံးမတော်မူ၏။။
စာရေးစာဖတ်ရာတွင်လည်း "မပြတ်အသံ၊
တညံညံသည်၊ စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည်းလည်းညသတ်၊ ပြတ်ပြတ်သားသား၊ စကားဆိုစေ၊
ပီလှစေ" "သင်ပုန်းထမ်းရွက်၊ ပေထက်စီကာ၊ ရေးသောခါလည်း၊ အက္ခရာကို၊
သေချာလှစေ၊ စာလုံးကိုလည်း၊ လှလှစေ" ဟူ၍ ဆုံးမသည်ကို ထောက်လျှင်
စနစ်တကျစာဖတ်တတ်ဖို့၊ စာရေးရာတွင် အက္ခရာပီပီ၊ စာလုံးညီညီ လက်ရေးလှလှ ရေးသားတတ်ဖို့
အထူးမှာကြားတော်မူ၏။
သင်ကြားမှုနှင့်ပတ်သက်၍လည်း "မပျင်းမရိ၊
လုံ့လရှိ၍၊ သတိအထဲ၊ အရိုးစွဲအောင်၊ တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဥ့်နက်၊
သင်ကျက်သမျှ၊ စစကုန်စေ၊ နေ့ကိုအလွတ်၊ ရွတ်နိုင်စေ" ဟူ၍
အရှင်မဟာသီလဝံသ၏အဆိုအရ အလွတ်ကျက်မှတ်(by heart) စာပြန် စာသင်ရသော
ပညာရေးစနစ်ကိုလည်း တွေ့ရပေသည်။
အရှင်မဟာရဌသာရ၏ "သု၊စိ၊ပု၊ဘာ၊
ဆုံးမစာတွင်လည်း စာသင်သားတို့သည်
၁၊ သုဏေယျ=ဆရာသင်သမျှကို သေချာစွာ
နာယူရမည်၊ ဥာဏ်မျက်စိဖွင့် ဥာဏ်နားစွင့်ထားရမည်၊
၂၊စိန္တေယျ=
မိမိတို့ကိုယ်တိုင်လွတ်လပ်စွာ တွေးတတ် ကြံတတ်ရမည်၊ စိတ်ကူးတတ်ရမည်၊
၃၊ ပုစ္ဆေယျ= မရှင်းတာကို
မေးမြန်းတတ်ရမည်၊
၎၊ ဘာသေယျ= အကြောင်းအရာတစ်ရပ်ရပ်ကို
ပြောဆိုဆွေးနွေးတတ်ရမည်၊
၅၊ ဝိစာရေယျ= မိမိတွေ့ရှိ သိမြင်
နားလည်သမျှကို စူးစမ်းဖော်ထုတ်တတ်ရမည်၊
၆၊ လိခေယျ= အကြောင်းအရာကို
တိကျမှန်ကန်စွာ ရေးသား မှတ်ထားရမည်၊
၇၊သိက္ခေယျ၊ မတတ်မြောက်သေးသည့်
အကြောင်းအရာ ပညာရပ်ရပ်များကို သေချာစွာ သင်ကြားထားရမည်၊
၈၊ ဓာရေယျ= လိုအပ်လာပါက နှတ်ငုံ(by
heart) ဆောင်ထားရမည်။
ဤရှစ်ချက်သည်
ပညာရှာမှီးလိုသူတို့အဖို့ မပြတ်အသုံးပြု လေ့ကျင့်သင့်၊
လက်တွေ့အသုံးချသင့်သော
ရှေးဟောင်း ဗုဒ္ဓဘာသာပညာရေးစနစ်လေးပင်ဖြစ်၍ ယနေ့တိုင်အောင်ပင် အလွန်ခေတ်မီလျက်
ရှိသေးသည်ဟု ဆိုနိုင်ပါသည်။
စာသင်သားများ
ကြိုးစားအားထုတ်မှုနှင့်ပတ်သက်ပြီးလည်း "လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊
နှတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်"
ဟူ၍လည်းကောင်း၊ "စာသင်ဟူက၊ ကျမ်းထိုမျှကို၊ တွေ့ကမရှောင်၊
ကြောင်ပုဇွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊ လိုရာရအောင်၊
ကြံဆောင်လေ့ကျက်၊ အနက်ဓိပ္ပါယ်၊ နှတ်ဝယ်ရွရွ၊ ထားချေမှတည့်" ဟူ၍လည်းကောင်း
စာသင်သားကောင်း ပီပြင်မှုကို ဖော်ကျူးဆုံးမတော်မူခဲ့၏။
ဤကဲ့သို့ ဆရာဖြစ်သူက တပည့်များအား ရင်ဝယ်သားမခြား
စေတနာထား၍ ဆုံးမသွန်သင်ကြောင်းကို ထောက်လျှင် ရှေးခေတ်ပညာရေးသည်
ဘုန်းတော်ကြီးကျောင်းပညာရေးပင် ဖြစ်သော်လည်း ခေတ်မီတိုးတက်သည်ဟု ဆိုနိုင်၏။
ဆိုခဲ့ပြီး အစားထိုးမိဘ (Surrogate Parent) ဟူသော စကားကို
အင်းဝခေတ်လောက်ကတည်းက အရှင်မဟာရဌသာရက မီးမောင်းထိုးပြခဲ့ပေ၏။
မြန်မာ့ယဉ်ကျေးမှုတွင်
အစားထိုးမိဘများခေါ်သည့် ဆရာ၏ ဂုဏ်ကျေးဇူးများကို အလွန်တန်ဖိုးထားကြပါ၏။
ဆရာသမားများကို မိမိတို့၏ ကျေးဇူးရှင် မိဘများကဲ့သို့ ခံယူထားကြပါ၏။ အနောက်တိုင်း၌
ဆရာသမားများကို မိဘနေရာ၌ အစားထိုးကြသော်လည်း မိဘနှင့်ဆရာကို ရတနာမြတ်သုံးပါးနှင့်
တစ်တန်းတည်းထားသည့် အယူအဆသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ ရှိမည် (သို့မဟုတ်)
မြန်မာနိုင်ငံကသာ ပိုမိုအထွဋ်အထိပ်ထားတာ ဖြစ်လိမ့်မည်ဟု ထင်မြင်၏။
ဤအယူအဆသည်
မြန်မာနိုင်ငံတွင် ရှေးခေတ် ဘုန်းတော်ကြီးပညာရေး၏ အရိပ်အငွေ့အောက်တွင်
ကြီးပြင်းလာရသည့် ရှေးသူကြီးသူမများ၏ အစဉ်လာကောင်းတစ်ရပ်ပင် ဖြစ်ပေ၏။
မြန်မာစာပေတွင် ပညာ၏တန်ဘိုးနှင့်တကွ ဆရာ့ဂုဏ်ရည်၊ ဆရာ့ကျေးဇူး၊ ဆရာ့ဝတ္တရား
စသည်များကို ကဗျာလင်္ကာ ဆုံးမစာ နီတိများဖြင့် ညွှန်းဆိုထားသည်ကို တွေ့မြင်နိုင်ပေ၏။
မဃဒေဝလင်္ကာသစ်၌ အတတ်ပညာကို "ဆရာတို့ထံ၊ နည်းခံတိုးဝင်၊ မသင်မပေး၊ အရေးမထား၊
မတတ်ငြားဘူး" ဟူ၍ ပညာသင်ကြားရေးတွင် ဆရာ့ထံ၌ နည်းနာနိဿယခံမှ ပညာတတ်ပုံကို
ဖော်ပြထား၏။
ရှေးခေတ် ဘုန်းတော်ကြီးပညာရေးမှ
ဆရာ့ဂုဏ်ပုဒ်များကို တစေ့တစောင်းလေ့လာကြည့်လျှင် "နှံ့ကျယ်ပညာ၊
မြတ်ဆရာ" ဟူ၍လည်းကောင်း၊ "ဗဟုသုတ၊ သိပ္ပပညာ၊ ဆည်းပူးရှာ၍၊
ဆရာကောင်းထံ" ဟူ၍လည်းကောင်း၊ "ကဝိလေးမည်၊ ပြည့်စုံတည်သား၊
ဇာနည်အထွဋ်၊ ဆရာမြတ်ဝယ်" ဟူ၍လည်းကောင်း၊ စသည်ဖြင့် ဆရာ့ဂုဏ်ပုဒ်
အမျိုးမျိုးအဖုံဖုံ တင်စားဖွဲ့ဆိုထားသည်ကို တွေ့ရပေသည်။
ပညာရေးလောကတွင် "ဆရာသည်
တပည့်လူငယ်များနှင့် ဒုတိယအတွေ့ထိရဆုံးသူ ဖြစ်ပေ၏။ ထိုတပည့်ကလေးများသည် ကျောင်းသို့
မရောက်ခင်ကတည်းကပင် မိမိတို့အိမ်၌ "လက်ဦးဆရာ၊ မည်ထိုက်စွာသား၊
ပုဗ္ဗာစရိယ၊ မိနှင့်ဖ(အင်းဝစာဆိုရှင် အရှင်မဟာရဌသာရ၏ ကိုးခန်းပျို့
ပိုဒ်ရေ ၄၆)" ဆိုသည့်အတိုင်း မိခင် ဖခင်တို့၏ ဆုံးမသွန်သင်မှုများ ရတန်သလောက်
ရပြီးဖြစ်ပေ၏ ဤသည်မှာလည်း အမိနှင့်အဖသည် လက်ဦးဆရာဟူသော "ပညာရေးသဘောတရား
တစ်ရပ်ကို" ရှေးခေတ်ဗုဒ္ဓဘာသာပညာရေး ဦးဆောင်တစ်ပါးဖြစ်သည့် အင်းဝစာဆိုရှင်
အရှင်မဟာရဌသာရက မြတ်ဗုဒ္ဓအလိုတော်ကျ ချမှတ်တော်မူခဲ့ခြင်း ဖြစ်ပေ၏။
အနောက်တိုင်းယဉ်ကျေးမှု အစဉ်အလာအရ
ပညာရေးဆိုသည်မှာ ကလေးတို့အား လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင် တစ်ဦးစီအဖြစ် မည်ကဲ့သို့
နေထိုင်ရမည်ကို ဆရာများက ပြုပြင်ပေးရန် ပုံသွင်းပေးရန် ဖြစ်သည်ဟုဆို၏။
မြန်မာ့ယဉ်ကျေးမှုအရဆိုလျှင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် တပည့်ကလေးများကို
လူလိမ္မာကလေးများ၊ လူ့ယဉ်ကျေး မြန်မာလူမျိုးများ ဖြစ်အောင်
ပြုစုပျိုးထောင်ပေးခြင်းသည် အဓိကဖြစ်သည်ဟု ယူဆကြပါ၏။
မည်သို့ပင်ဆိုစေ နိုင်ငံရေး ဒီရေ
အတက်အကျတွင် ဘာသာရေး၊ ပညာရေး၊ စာပေရေး၊ လူမှုရေး စသည့် ဗေဒါပန်းသည်လည်း
ဒီရေအတက်ကျတွင် လိုက်ပါမျောပါတတ်သည်သာတည်း။ ယဉ်ကျေးမှုကိုအလေးထားသည့်
ဘုန်းတော်ကြီးကျောင်းပညာကို ခေတ်လူတို့က ခေတ်မမီတော့ဟု သဘောထားကောင်း ထားနိုင်၏။ သို့သော်
မြန်မာနိုင်ငံ ဘုန်းတော်ကြီးပညာရေးသည် ယနေ့အထိအောင် အသုံးဝင်လျက်ရှိသေး၏။
ယဉ်ကျေးမှုကိုအခြေခံလျက် ရှေးရိုး ပညာရေးစနစ်ကို လိုအပ်ပါက ပိုမိုခေတ်မီအောင်တော့
ပြုပြင်သင့်၏၊ ဘဝအတွက် ခေတ်မီနည်းလမ်းများကိုပါ ပေးစွမ်းနိုင်သော
ပညာရေးမျိုးဖြစ်လျှင် ယနေ့ခေတ် မြန်မာကလေးငယ်တို့အတွက် ပိုမိုသင့်လျှော်မည်ဖြစ်၏။
တိုးတက်ပြောင်းလဲလာသော ကမ္ဘာကြီးကို မျက်ခြေမပြတ်ဘဲ
ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပညာရေးစနစ်သည်လည်း
ခေတ်မီတိုးတက်ပြေင်းလဲလာဖို့ လိုမည်ဖြစ်၏။ ပညာရေးသည် ပြောင်းလဲမှု ဖြစ်စဉ်တွင်
စွမ်းအားပြင်း လက်နက်ကောင်းသဖွယ် ဖြစ်သင့်၏။
ခေတ်မီသော ယဉ်ကျေးသော အားကောင်းသော
ပညာရေးတစ်ရပ်ကို မြန်မာ့လူ့ဘောင်တွင် အချိန်မီ အကောင်ထည်ဖော်သင့်ပေတော့၏။
ယဉ်ကျေးမှုကိုလည်းအခြေခံ ခေတ်မီတိုးတက်သော ပညာမျိုးစုံအားကောင်း ရှင်သန်ဖို့အတွက်
အစားထိုးမိဘ (ဆရာများ)၏ အခန်းကဏ္ဍသည်လည်း အထူးပင်အရေးပါလှတော့၏။ ။
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)