Wednesday, April 3, 2013
ဝဋ်ကြွေးရှိလျှင်ကျေပါစေ
ဆောင်းရာသီဥတု ကုန်ခါနီးပြီမို့ ရာသီဥတုက ဆောင်းလည်းမပီ နွေလည်းမမည် ဖြစ်နေတဲ့အချိန်။ အကြင်နာမဲ့စွာ တစ်ချက်တစ်ချက် တိုး ဝှေ့တိုက်ခိုက်လိုက်တဲ့ လေးရူးကြောင့် သစ်ပင်များပေါ်မှာ ချိနှဲ့နဲ့နှင့် ခိုတွဲနေတဲ့ ရော်ရွက်ဝါလေးများဟာ ကယ်သူမဲ့ဘ၀နဲ့ မိခင်ပင်အိုကို စွန့်ခွါခဲ့ရတယ်။ နောက်ပြီး လေရူးနှင့်အတူ မြေပြင်ကိုဆင်းသက်ခဲ့ရတယ်။ မြေပြင်ပေါ်ကို ရောက်ပြန်တော့လည်း တည်ငြိမ်စွာ မဆင်း သက်နိုင်တာကြောင့် မြေပြင်ပေါ်မှာ ဟိုဟိုဒီဒီ ပြေးလွှားနေတဲ့ ပုံရိပ်သဏ္ဍာန်ဟာ ကျွန်ုပ်ရဲ့ စိတ်အစဉ်နှင့်တူနေတာကို တွေ့ရတယ်။ ထို ကြောင့် ရွက်ဝါလေးတွေရဲ့ ပြေးလွှားနေဟန်ကိုကြည့်ပြီး အတွေးနှယ်မှာ လွှင့်မျောခဲ့ရတယ်။
အတွေးဆိုတာ ရောက်တတ်ရာရာကို တွေးတယ်ဆိုပေမဲ့ ကျွန်ုပ်တွေးနေမိတာကတော့ လူတွေရဲ့အကြောင်းပဲဖြစ်တယ်။ အော် … လူတွေ လူတွေ … ။  စီးပွားရေးနဲ့ပဲဖြစ်ဖြစ်၊ ပညာရေးနဲ့ပဲဖြစ်ဖြစ် အဆင်များပြေလာပြီဆိုရင်၊ အထက်တန်းစားဘ၀များကို ရောက်သွားကြပြီဆိုရင် စိတ်ထားတွေက ပြောင်းလဲသွားတတ်ကြတယ်။ “ရေမြင့်ရင် ကြာမြင့်တယ်״ ဆိုတဲ့ ဆိုရိုးစကားရှိပေမဲ့ ဘ၀မြင့်လာတဲ့လူတွေဟာ မြင့်မြတ် တဲ့စိတ်ထားတွေတော့ မြင့်တက်မလာပဲ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး အထင်တွေကြီးလာတတ်ကြတယ်။ ဒါကို လောကစကားနဲ့ပြောရင် ဘ၀င်မြင့်တယ်လို့ ဆိုကြတယ်။
ဘ၀င်မြင့်တယ်ဆိုတဲ့သဘောက မာန်မာနကို အထိန်းအကွပ်မရှိ တိုးမြှင့်ပေးလိုက်တဲ့သဘောပါပဲ။ မာန်မာနဆိုတဲ့သဘောတရားကို လော ကနယ်ပယ်ဘက်က ကြည့်ကြည့်၊ ဓမ္မနယ်ပယ်ဘက်က သုံးသပ် သုံးသပ် အလွန်ကြောက်စရာကောင်းတဲ့တရားဖြစ်တယ်။ မာနတရား ရှိလာပြီဆိုရင် လူမှုရေးမှာ အစွန်းရောက်လာပြီး တစ်ဖက်သားကို မတူမတန်ဆက်ဆံလာတတ်တယ်။ ဒါဟာ မာန်မာနရဲ့ သဘောတရားပဲ။
ကျွနုပ်တို့ ဗုဒ္ဓလက်ထက်က ၀ိဒေဟရာဇ်မင်းကြီး တနေ့တော့ ဥယျာဉ်တော်ထဲလာတဲ့အခါ ပုတ်သင်ကလေးက အပင်ပေါ်ကဆင်းပြီး ၀ိဒေ ဟရာဇ်မင်းကြီးကို အလေးပြုတယ်။ ဒီတော့ ၀ိဒေဟရာဇ်မင်းကြီးက ဒီပုတ်သင်ကလေးကလိမ်မာတယ်။ ဒီပုတ်သင်ကလေးကိုကျွေးဖို့ဆိုပြီး အသပြာပေးထားတယ်။ မင်းကြီးခိုင်းထားတဲ့ဥယျာဉ်စောင့်ကလည်း အမြဲမပြတ်ကျွေးနေတာပေါ့။ တနေ့တော့ ဥယျာဉ်စောင့်ကလည်း အ စာဝယ်ဖို့မေ့နေပြီး အသပြာတပြားစေ့လေးဖေါက်ပြီး လည်မှာဆွဲပေးလိုက်တယ် အဲဒီအသပြာလေးဆွဲပေးတဲ့အချိန်ကစပြီး ပုတ်သင်က လေးဟာ စိတ်ပြောင်းသွားတော့တာဘဲ အစကတော့ ၀ိဒေဟရာဇ်မင်းကြီး ဥယာဉ်ထဲလာတိုင်း ဆင်းဆင်ြး့ပီးအလေးပြုတယ်။ အခုတော့ မင်းကြီးလာလဲ အလေးမထားဂရုမပြုတော့ဘူး။ မင်းမှာလဲနန်းတော်ကြီးပိုင်တယ်။ ငါ့မှာလဲတပြားစေ့ပိုင်တယ်ဆိုပြီး မာန်မာနတွေ ၀င်နေသတဲ့။
နောက်တခုကလည်း ဗုဒ္ဓလက်ထက်ကပါဘဲ မြင်းမြီးဆွဲ မောင်ဆန်လို့ခေါ်တဲ့ ရှင်ဆန္ဒမထေရ်ကိုကြည့်လေ။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတော့ သူက ရှင်မဟာကဿပတို့ ရှင်အာနန္ဒာ စတဲ့မထေရ်ကြီးတွေကို ဂရုမစိုက်ဘူး။ ငါကမြတ်စွာဘုရားနဲ့ရင်းနှီးတယ် တောထွက်တုန်းက တည်းက အတူလိုက်ခဲ့တာဆိုပြီး မာန်မာနတွေတက်ကာ ဘယ်သူ့ကိုမှဂရုမစိုက် ဘယ်သူဆုံးမလို့မှမရဘူး။ နောက်ဆုံးတော့သူ့ကို ဘယ် သူမှမဆက်ဆံဘဲ ဗြဟ္မာ့ဒဏ်ခတ်ရသည်အထိဖြစ်တယ် မဟုတ်ပါလား။ အဲဒါမာန်မာနကြောင့်ပေါ့။
အဲဒီမာန်မာနဆိုတဲ့တရားက  ကိန်းသူရဲ့သဏ္ဍာန်မှာ အကျိုးမဲ့ကိုဖြစ်စေတတ်သောတရားမို့ ဗုဒ္ဓကလည်း မကောင်းသောတရားလို့ မိန့်ခဲ့ပါ တယ်။
မာန်မာနကြောင့် အကျိုးမဲ့ ဖြစ်ပုံ  ၀ဋ်လည်ပုံလေးကို ကိုယ်တွေ့ဖြစ်ရပ်တခုအနေနဲ့  တင်ပြပါရစေ။ စာရေးသူဟာ တချိန်တုံးက အသင့်အတင့် နာမည်လေးရလာတော့ ဘာမဆိုပြည့်စုံတာပေါ့။ စာသင်သားဘ၀နဲ့မတူတော့ဘူး။ နာမည်ကျော်တဲ့တရားဟောဓမ္မကထိက ကမ္မဌာနာစရိယ တပါးဖြစ်လာပြီး နာမည်ကလည်းရ ပရိသတ်ကလည်းများလာ၊ နေရတဲ့နေရာကလဲ နာမည်ကြီး မဟာစည်ရိပ်သာ၊ ဆရာသမားတွေကလဲ နာမည်ကြီးတွေဆိုတော့ အစစအရာရာအဆင်ပြေတာပေါ့။
အဲဒီအချိန်က အသက်ကလဲငယ်သေးတော့ နားထင်သွေးရောက်ပြီး မာန်မာနတွေတက် ဘ၀င်မြင့်နေတဲ့အချိန်ပေါ့။ အတော်သင့်လူဆို စ ကားတောင်ပြောတာမဟုတ်ဘူး။ တနေ့တော့ သာကေတဘက်ကို ဆွမ်းစားကြွကြတော့ အတူသွားတဲ့ ဆရာတော်တပါးက ဦးတေဇ၀န္တ အရှင်ဘုရား ကျောင်းအတွက်နေရာရှာနေတာ ဒီနေရာလာနေပါလားလို့ ဒေါပုံမြို့အ၀င် လမ်းမြောက်ဘက် ခရာတောတွေ ပြည့်နေတဲ့နေရာ ကိုပြလိုက်ပါတယ်။ အဲဒီအချိန်ကဒေါပုံဆိုတာက ရွှံ့တွေဗွက်တွေပြည့်နေတဲ့ ကျူးကျော်ရပ်ကွက်တွေပါ။  အဲဒီတော့ဒီကဘာ ပြန်ပြောလိုက်သ လဲဆိုတော့  နှာခေါင်းရှုံ့ပြီး ဒီလိုနေရာကြီးမနေချင်ပါဘူးကိုယ်တော်လို့ ပြန်ပြောမိပါတယ်။ နောက်နှစ်တွေအတော်ကြာလို့ အရေးအခင်း တွေပြီးတော့ ဒေါပုံဝါဆိုရပ်ကွက် ၀ါဆိုဦးဓမ္မာရုံကတရားစခန်းပွဲပင့်တော့ တရားပြလာရင်း ၀ါဆိုကျောင်းတိုက်ကဆရာတော် ဦးဝိစိတ္တနဲ့တွေ့ တော့ အလ္လာပသလ္လာပစကားတွေပြောကြရင်း ….
အရှင်ဘုရားတပည့်တော် အရွယ်ကလဲရလာပြီဘုရား ကိုယ့်ကျောင်းကိုယ့် ကန်လေးနဲ့ နေချင်တယ်လို့ပြောတော့ အဲဒီဆရာတော်က အရှင် ဘုရား ဟုတ်ပြီ ကြည်စုရပ်ကွက်ထဲမှာ ဘုန်းကြီးပျံတော်မူထားတဲ့ တဲကျောင်းလေးတခုရှိတယ်။ အဲဒါမြို့နယ်ဥက္ကဌဆရာတော် ဦးဥာဏိက ထံသွားလျှောက်ကြည့်ရအောင်လို့ ပြောပြီး သွားလျှောက်တော့လည်း ဥက္ကဌဆရာတော်ကလည်း    အဆင်သင့်ပါဘဲ။ အရှင်ဘုရားသာသနာ ပြုပါဆိုပြီးပေးလိုက်တာပါဘဲ။  အဲဒီဝါးကျောင်းလေးကိုရတော့ အများတကာတွေကတော့ ကိုယ့်ကိုကြည့်ပြီးသနားနေကြတာပါ။ သနားကြ မှာပေါ့။ ကျောင်းလေးလည်း ဓနိမိုးးဝါးကျောင်းကလေး ဘေးကလဲညစ်ပတ်နေတာကို။ တချို့ တကာ တကာမတွေကလည်း ပြောကြတာပေါ့။ အရှင်ဘုရားမို့ ဒီလိုနေရာနေတယ်ပေါ့။ အဲဒီအခါမှ ဘ၀ရဲ့အကြောင်း လူတွေရဲ့အကြောင်းကို သေသေချာချာနားလည်လိုက်ပါတော့တယ်။ “ဘ၀ကို ပုံသေမတွက်နဲ့ဆိုတာ ဒါပါလားလို့ နားလည်လိုက်ပါတော့တယ်” လူတွေကလည်း ရှိတော့တမျိုး မရှိတော့တမျိုးပါလားဆိုတာ လူတွေရဲ့အကြောင်းကိုလည်း နားလည်လာပါတယ်။
တနေ့ညအိပ်ရာဝင်တော့ စဉ်းစားမိတယ်။ အော်ဒီနေရာကလေးက ငါခပ်ငယ်ငယ်က ငါနှာခေါင်းရှုံ့ခဲ့တဲ့နေရာလေးပါလား။ အဖြစ်တွေက ထူးဆန်းလိုက်တာ။ ငါဘယ်သောအခါမှ ဒီလိုနေရာမျိုး နေရမယ်လို့မထင်ခဲ့ဘူး။ တချိန်က ငါနှာခေါင်းရှုံ့ခဲ့တဲ့နေရာ အခု ငါတကယ်လာနေ ရတာပါလား။ ဘ၀များဆန်းကြယ်လိုက်တာ။ အနံ့အသက်တွေကလဲမကောင်း တဲကျောင်းလေးကလဲ ဒယိမ်းဒယိုင် ဓနိအမိုးတွေကလဲ မလုံမလဲ လေလာရင်လဲမှာစိုးလို့ ဘေးကသစ်ပစ်ပင်ကို သွပ်နန်းကြိုးနဲ့ ဆွဲချည်ထားရတယ်။
ကြွက်တွေကလဲတသောသော့  တဲကျောင်းအောက်ကလဲ ရေတွေနဲ့ဆိုတော့ ရေညှိစော်ကနံ။ ညအခါဆို အောက်ကဖားတွေကလဲ တကွိကွိ နဲ့ အိပ်လို့ မရတော့ ဟိုတွေးသည်တွေးနဲ့ ကိုယ့်ဘ၀ကိုစိတ်မကောင်းဖြစ်မိပါသည်။
တချို့ မန္တလေး အောင်လံ တောင်ငူ ရန်ကုန်စတဲ့ တပည့် တကာ တကာမတွေက တို့ဆရာတော်ဦးတေဇ၀န္တ ရန်ကုန်မှာ ကျောင်းခွဲတယ်ဆိုပြီး အထင်ကြီးပြီးးလာကြတာပေါ့။ ကျောင်းကိုမြင်လိုက်သည်နှင့်တပြိုက်နက် သူတို့အထင်နဲ့ အမြင်နဲ့ တခြားစီဖြစ်နေတော့ သူတို့ရဲ့မျက်နှာ တွေကပျက်လို့။ တချို့ကြတော့လဲ ပြန်ချင်လို့ လက်တတို့တို့နဲ့။ တချို့ကြတော့လည်း နောက်လှည့်ပြီး အထင်သေးတဲ့သဘောနဲ့ ခနိုးခနဲ့ပေါ့။ အစားကြွေးလဲမစား၊ ရေတောင် မသောက်ကြပါဘူး။ ပတ်ဝန်းကျင်ကလဲမသန့်တော့ ရွံကြတာပေါ့။ ကိုယ်ကလည်း  သူတို့သာ ဟန်လုပ်ပြီး စကားပြောနေရတာ မျက်နှာတွေပျက်ပြီး အားငယ်နေတာပါ။
အဲဒီအချိန်တုံးကဆိုရင် ကိုယ့်ရင်းနှီးတဲ့ဧည့်သည်တွေ မလာပါစေနဲ့လို့ ဆုတောင်းနေရတာ။
အဲဒီတော့  ညအိပ်ရာဝင်တော့စဉ်းစာမိတယ်။ အော် ငါငယ်ငယ်တုံးက ဒေါပုံ ဒီလိုနေရာမျိုး မနေချင်ပါဘူးလို့ နှာခေါင်းရှုံ့ခဲ့တယ်။ ဒေါပုံ ၀ါဆိုရပ်ကွက်ဝါဆိုဦးဓမ္မာရုံတရားပြတော့ သူတို့ကပ်တဲ့ဆွမ်းဟင်းတွေကြည့်ပြီး နှာခေါင်းရှုံ့ခဲ့တယ။် အဲဒီကံတွေက အခု ငါ့ကိုအကျိုးပေး နေတာ များလား အများတကာတွေရဲ့ အထင်သေးနှာခေါင်းရှုံ့ ခြင်းခံနေရပါပေါ့လား။
တချို့လူကြီးတွေကပြောကြတယ်။ ငှက်သိုက်ခလေးတွေဖျက်တာမြင်ရင် အကောင်းလေးတွေသတ်တာတွေ့တော့ ဟဲ့ကောင်လေးမလုပ်နဲ့ ၀ဋ်လည်လိမ့်မယ်လို့ပြောကြတယ။် ငါပြုလုပ်ခဲ့တဲ့ ကံတွေက ဘ၀တောင်မခြားဘဲ ယခုပစ္စုပ္ပန်မှာပင် လည်နေပါပေါ့လားလို့ ထိတ်လန့် သံ ဝေဂတွေရမိပါတယ်။
ရေချိုးပြန်တော့လည်း ကန်ရေတွေချိုးရတော့ ကျုပ်က ကန်ရေတွေမချိုးနိုင်ဘူးလို့ပြောတော့ သူတို့ခမျာ ရေချိုးဖို့ဆိုပြီး အခြားတနေရာကသွားဝယ်ပြီးထမ်းပေးရတယ်။ လူဆိုတာ တဖက်သားကို ကိုယ်ကအသာစီးကရတယ်ဆိုပြီး အနိုင်ယူချင်ကြတယ်လေ။ အခုကိုယ့်ကျတော့ ရေချိုးရုံတင် မဟုတ်ဘူး။ အဲဒီကန်ရေကိုသောက်နေရတယ်။ အဲဒီကန်ရေကိုတောင် လွယ်လွယ်နဲ့ရတာမဟုတ်ဘူး။ သူများဆီက ထန်းပိုး ရေပုံးငှားပြီး အဝေးကြီးသွားးထမ်းရတယ်။ မိုးအခါဆို ရေတထမ်းရဖို့ မလွယ်ပါဘူး။ ၀ဋ်ဆိုတာ အလွန်ကြောက်စရာကောင်းပါတယ်။
တချို့ နိုင်ငံကျော်ဓမ္မကထိကဆိုပြီး အထင်ကြီးပြီးနေကြတဲ့ပရိသတ်တွေလည်း ဒေါပုံကျောင်းထိုင်မှ အကုန်ပြတ်ကုန်တာဘဲ။  ကျောင်းမ ထိုင်ခင်က သားတော်လေး သားတော်လေးဆိုတဲ့သူတွေ လိုတာပြောပါဆိုတဲ့သူတွေလဲ တယောက်မှမတွေ့ ရတော့ပါဘူး။  ကိုယ့်ဇာတိက လာတဲ့သူတွေကတောင် ကျောင်းလာတည်းပြီး အရပ်ရောက်တော့ဘာပြောကြသလဲဆိုတော့ ဦးတေဇ၀န္တ ဦးတေဇ၀န္တနဲ့ နာမည်တော့ ကြီးလိုက်တာ။ နေရတော့လည်း ဆင်းဆင်းရဲရဲနဲ့ ရွှံ့ထဲ ဗွက်ထဲ အမှိုက်ပုံထဲ တဲကလေးနဲ့နေရတာ။ အဲဒီအချိန်တုံးကတော့ ဘ၀ကိုအလူး အလဲခံခဲ့ရတာပါ။
၁၉၉၁  အစိုးရလက်ထက် နေရာတွေပြန်ချပေးတော့လည်း အမှိုက်တွေဝယ်ဖို့ရပြန်တော့ အမှိုက်နံ့တွေ ကတထောင်းထောင်း  ယင်ကောင် တွေက တလောင်းလောင်းနဲ့ ကျောင်းတဲလေးထဲကတန်းတွေမှာဆို ယင်ကောင်ချေးတွေကလည်း မဲလို့။ နောက်မှပြန်စဉ်းစားမိတယ်   အော် အဲဒီတုန်း ကမသေလို့ ကံကောင်းတာ။ မကောင်းတဲ့အနံ့အသက်ကလည်း လူကိုသေနိုင်တာဘဲ။
စာရေသူကို ကျောင်းလှူခဲ့တဲ့ဆရာတော်ဆို တပည့်တော်လည်း အမှိုက်ချမယ်ဆိုပြီး အမှိုက်တွေကျောင်းထဲပုံလိုက်တာ အဲဒီအမှိုက်နံ့ တွေကြောင့် ပျံတော်မူသွားတယ်။ အဲဒီကျတော့မှ ကြောက်လာမိတယ်။ တချို့တကာမတွေကတော့ နာမည်ပေးကြပါတယ်။ ဒေါပုံကျောင်း မဟုတ်ဘူး။ ဒိုက်ပုံကျောင်းလို့တောင် ခေါ်ကြပါသေးတယ်။
ကျောင်းကလည်း ဘယ်လောက်ခမ်းနားသလဲဆိုတာကြည့်လိုက်ပါအုံး။ သီလရှင်ကတောင် အိမ်ထင်ပြီး ဆွမ်းဆံလာရပ်ပါတယ်။ အနားက ဆွမ်းလာကပ်တဲ့ တကာမကြီး ဒေါ်ညွန့်က ဆရာတော် သီလရှင်ဆွမ်းလာရပ်နေတယ်။ ဘယ်လိုလုပ်မလဲလို့ပြောတော့ သွားလောင်းလိုက်ပါ ဗျာလို့သာ ပြောလိုက်ရပါတယ်။ ကိုယ်ကတော့ ရှက်တာနဲ့ အပြင်တောင်မထွက်ရဲပါဘူး။ အဒီအချိန်တုန်းကဆို တရားဟောဘက်ဖြစ်တဲ့အ ပေါင်းသင်းသူငယ်ချင်းကိုတောင် မတွေ့ရဲတဲ့ဘ၀ပါ။ ကိုယ့်မှာမပြည့်စုံရင် ဘယ်လူကြားမှမသွားချင်တော့ပါဘူး။
အော် ကိုယ်ကတော့ အိပ်ရာဝင်တိုင်းနဖူးပေါ်လက်တင်ပြီး စဉ်းစားရင်းပြီးးခဲ့တဲ့အတိတ်တွေက အရိပ်သဖွယ်ထင်ဟပ်ပြီး အော်—- မင်း တချိန်တုန်းက မင်းကိုယ်မင်း အထင်ကြီးပြီး မာန်မာနတက်ခဲ့တဲ့ဒဏ်၊ ဘ၀င်မြင့်ခဲ့တဲ့ဒဏ်၊ သူများကိုအထင်သေးပြီး နှာခေါင်းရှုံ့ခဲ့တဲ့ဒဏ် တွေယခုမင်းကိုယ်တိုင်ခံစားနေရပါပေါ့လားလို့ နောင်တကြီးစွာရမိပါတော့သည်။  စာရှုသူများလည်း ဤအရှင်လို အဖြစ်ဆိုးများနဲ့ မကြုံတွေ့ ကြစေရန် သံဝေဂယူနိုင်ကြပါစေ။ အော်— လောက၌အရာအားလုံးဟာဘယ်အရာမှတည်တံ့ခိုင်မြဲနေတာမဟုတ်ပါဘူး။ အနိမ့်အမြင့် အ တက်အဆင်းဆိုတာ ရှိကြစမြဲပါဘဲ။ ပြောလိုတာက မြင့်နေတဲ့အခါမှာလည်း ပလွှားခြင်းမရှိကြဖို့ နိမ့်ကျနေတဲ့အခါမှာလည်း စိတ်ဓာတ်တွေ မကျဖို့ပါဘဲ။ လူသားတိုင်းဟာ လောကဓံနဲ့တော့ ဘယ်သူမှမကင်းကြပါဘူ။း
ဗုဒ္ဓသည်ပင်လျှင် ၀ိပါက်တော် ၁၂  ပါးဆိုတဲ့ ၀ဋ်ကြမ္မာတွေကိုမလွတ်သာပဲ ခံခဲ့ရသေးတာဘဲ။ အော်ငါလဲဘဲ သူများတွေက ငါ့ကိုဘယ်လို ဘဲပြောကြပါစေ နှိမ့်ချပါစေ ဘယ်သူ့ကိုမှ အပြစ်မမြင်အပြစ်မတင်လိုတော့ပါ။ ကိုယ်မလိမ္မာလို့ ကိုယ်မိုက်ခဲ့လို့ ကိုယ့်ရဲ့ မိုက်ပြစ်မိုက်ကြွေး တွေကို နောင်ဘ၀မကူးဘဲ ဒီဘ၀တွင်လက်တွေ့ခံစားခဲ့ရတာဘဲ။
သူတို့ကို အပြစ်မမြင်တဲ့အပြင် သူတို့ကိုကျေးဇူးတင်ရမှာပါ။ သူတို့ကြောင့် ကိုယ့်သဏ္ဍာန်မှာ ကိန်းအောင်းနေတဲ့ မာန်မာနတွေလျောကျ ပြီး အမြင်မှန်ကိုရစေခဲ့ပါတယ်။ စာသူအာလုံးတို့လည်း စာရေးသူရဲ့ အဖြစ်အပျက်ကလေးကိုဖတ်ရှုပြီး သံဝေဂယူနိုင်ကြပါစေ။ စာရေးသူက တော့ နေ့စဉ်နေ့တိုင်း ဘုရားရှေ့ မှာဦးချပြီး တပည့်တော်မှာတင်ရှိနေတဲ့ဝဋ်ကြွေးတွေကို ဒီမျှနဲ့ဘဲ ၀ဋ်ကြွေးရှိလျှင်ကျေပါစေလို့ ဆုတောင်း ရင်းဖြင့်သာ  …..။
သံဝေဂပွားနိုင်ကြပါစေ
အရှင်တေဇ၀န္တ (ကာလီဖိုးနီးယား)
မတ်လ ၂၀၊ ၂၀၁၃