သတင်းစာဆရာကြီး
ဦးဝင်းတင်ရဲ့ စာတွေထဲက စကားလုံးတွဲလေးများမှာ “အတွေးအမြင်” သစ်ကိုရစေတဲ့
“အတွေးအမျှင်”စကလေးတွေ ပါနေတတ်စမြဲဖြစ်လို့ အမရပူရမြို့၊ တူမောင်းတိုက်မှာ
စာသင် သားဘဝနဲ့နေကတည်းက ဟံသာဝတီခေါင်းကြီးပိုင်းတွေကို အလေးထားဖတ်ရှု၊
ဖြတ်သိမ်းလုပ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက “ကဗျာရူး စာရူးများ”လို့
ထောပနာပြုခြင်းခံရတဲ့ မိမိတို့ စာဖတ်သမားအုပ်စုအတွင်းမှာ “ပြောမှား
ကြားလွဲ”မဖြစ်ပါစေနဲ့တို့၊ “တံခါးမကြီး ဖွင့်သူကဖွင့်၊ ပြတင်းပေါက်တွေ
ပိတ်သူကပိတ်”မလုပ်ပါနဲ့တို့၊ “မှေးလိုက် မှိန်းတုတ်
ပင်းခုတ်ပေါင်းစား”လုပ်နေကြတာလားတို့ “သိပ်အပြောသန်မနေနဲ့
ပြည်သူ့ကြေးမုံပြင်မှာ ဘယ်လို ပုံရိပ်တွေ ထင်နေတယ်ဆိုတာလည်း ကြည့်ကြပါဦး”
တို့စတဲ့ စကားလုံး တွဲတွေ အလွန် ခေတ်စားခဲ့တာပေါ့။
ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေထဲက အတွေးအမျှင်စကလေးတွေကို ဆွဲဆန့်ရင်း
အတွေးအမြင် သစ်တစ်ခုကို ဖော်ထုတ်ကြည့်မိတဲ့ အလေ့အထလေးတွေလည်း ရနေပါတယ်။
အခုလည်း အသစ်ထပ် ရိုက်တဲ့အတွက် ပြန်ဖတ်မိတဲ့ “စာပေ မွေ့လျော်မှု
ပျိုးထောင်ခြင်း”ဆိုတဲ့ စာအုပ်ထဲက “သတင်းစာသမားမှ စာဖတ်သူသို့”ဆိုတဲ့
စာတမ်းကိုဖတ်ရင်း “ကွေ့ချော်တိမ်းညွတ်”၊ “တည့်မတ်ဖြောင့်တန်း”ဆိုတဲ့
ကြောင်းကျိုး ဆက်စကားလုံးတွဲလေးတွေရဲ့ အတွေးအမျှင်စကလေးတွေကို ဆွဲထုတ်ပြီး
အတွေးအမြင်သစ် တစ်ခုဆီကို ဖြန့်ကြက်နေမိပါတယ်။
ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေကတော့ သမရိုးကျ ကြောင်းကျိုးဆက်ဓမ္မနိယာမအရ
“ကွေ့ချော် ရင် တိမ်းညွတ် ယိမ်းယိုင်မယ်၊ တည့်မတ်မှ ဖြောင့်တန်းမယ်။
ကြောင်းကျိုးအပြန်အလှန်သဘောမျိုးနဲ့ ဆိုရင်လည်း တိမ်းညွတ်ရင် ကွေ့ချော်
မယ်။ ဖြောင့်တန်းမှ တည့်မတ်မယ်လို့”လို့ ဆိုလိုတဲ့သဘောပဲ ဖြစ်မယ် ထင်ပါတယ်။
ဒါပေမယ့် တချို့ကိစ္စတွေမှာ ဖြစ်ရပ်တွေက သမရိုးကျ ကြောင်းကျိုးဖြစ်စဉ်
ဓမ္မနိယာမအတိုင်း မဟုတ်ဘဲ နိယာမကို သစ္စာဖောက်သွေဖီတဲ့ ဖြစ်ရပ်တွေကလည်း
ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ မနဲမနောပဲ။ ဖြစ်ရပ်တွေက နိယာမနဲ့
သွေဖီလာတဲ့အခါ ကြောင်းကျိုးဖြစ်စဉ်တွေကလဲ သမရိုးကျ မဟုတ်တဲ့ နိယာမသစ်
တွေလို တွေးမြင်မိလာပါတယ်။
မိမိတို့မှာ မြတ်ဗုဒ္ဓရဲ့ တပည့်သားပီပီ ဗြဟ္မစိုရ်တရားလေးပါးတို့ကို
အိပ်ရာထ၊ အိပ်ရာဝင် နေ့စဉ် အနဲဆုံး နှစ်ကြိမ်တော့ ပွားများကြရပါတယ်။
ဗြဟ္မစိုရ်ဆိုတာ သတ္တလောကထဲက အမြတ်ဆုံးသတ္တဝါများဖြစ်တဲ့ ဗြဟ္မာတို့ရဲ့
စိတ်ထားဖြစ်လို့ အမြတ်ဆုံးစိတ်ထားများလဲ ဖြစ်ပါတယ်။ “အမြတ်ဆုံး
သာသနာတော်မှာနေပြီး အမြတ်ဆုံးဖြစ်တဲ့ မဂ်ဖိုရ်နိဗ္ဗာန်ကို ဦးတည်
သူမှန်သမျှဟာ ဒီအမြတ်ဆုံး ဗြဟ္မစိုရ်တရားကို အမြဲမပြတ် ပွားများ ရမယ်”ဆိုတဲ့
ဘုရားရှင်ရဲ့ အဆုံးအမတော်ကြောင့်လဲ ဒီဝတ္တရားများကို တတ်နိုင်သမျှ
မပျက်မကွက် ပွားများ အားထုတ်ကြရတာပါ။
ဗြဟ္မစိုရ်တရား လေးပါးဆိုတာ ဗုဒ္ဓဘာသာဝင်အများစုတို့တော့ သိကြပြီးသားပါ။
နံပါတ်(၁) “မေတ္တာ”ဆိုတာ “ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊
သူ့အသက်ကို ချစ်ပါလေ”ဆိုတဲ့ အရှင်မဟာရဋ္ဌ သာရရဲ့ စာပိုဒ်အတိုင်း
သတ္တဝါအားလုံးပေါ်မှာ ကိုယ်နှင့်နှိုင်းစာပြီး ချစ်ခင်တဲ့ သဘောပါ။ ကိုယ်လဲ
ကျန်းမာ ချမ်းသာပြီး ဆင်းရဲခပ်သိမ်းကင်းငြိမ်း ခြင်းကို လိုလားသလို
သက်ရှိသတ္တဝါအားလုံးအပေါ်မှာ “ကျန်းမာ ချမ်းသာကြပါစေ၊ ဆင်းရဲခပ်သိမ်း
ကင်းငြိမ်းကြပါစေ” ဆိုတဲ့ မေတ္တာစိတ်ဓာတ်ကို ပို့လွှတ်ပွား များပေးတာပါ။
ဒီ”မေတ္တာ”ဆိုတဲ့ တရားကတော့ နှုတ်ဆောင်ဗြဟ္မစိုရ်၊ ဒါမှမဟုတ် ဗြဟ္မစိုရ်ရဲ့
ရည်မှန်းချက်ြွေကးကြော်သံ သဘောမျိုးဖြစ်မယ်ထင်ပါတယ်။ ရည်မှန်းချက်တို့
ကြွေးကြော်သံတို့ဆိုတာ လုပ်ဆောင်ချက်နဲ့ လက်တွေ့ပြနိုင်မှသာ
မှန်ကန်တယ်လို့ဆိုရမှာပါ။ လုပ်ဆောင်ချက်နဲ့ သက်သေမပြနိုင်ရင်တော့ “လိမ်ညာ
လှည့်ဖြားဖြင်း(မုသာ)၊ ကိုယ့်အပြစ်ကို ဖုံးကွယ်လိုခြင်း(မာယာ)၊
ဟိတ်ဟန်ဆောင်လိုခြင်း (သာဌေယျ) သဘောမျိုးပဲ ဖြစ်သွားမှာပါ။ (“မုသား လိမ်ညာ၊
မာယာပြစ်ဖုံး၊ ဟိတ်ဟန်သုံးက သာဌေယျ၊ မှတ်ကြ အထူး တည်း” တဲ့။)
ပါးစပ်က မေတ္တာပို့နေပေမယ့် အဲဒီမေတ္တာဟာ ဗြဟ္မစိုရ်မေတ္တာ အစစ်ဟုတ် မဟုတ်ကို
ကျန်တဲ့ ဗြဟ္မစိုရ်တရား သုံးပါးနဲ့ မှတ်ကျောက်တင်ကြည့်ရလိမ့်မယ်။ ဒါကြောင့်
ကျန်ဗြဟ္မစိုရ်သုံးပါးကိုတော့ သရုပ်ဆောင် ဗြဟ္မစိုရ်လို့ ဆိုချင်ပါ တယ်။
သဘောကတော့ မေတ္တာဗြဟ္မစိုရ် အစစ်အမှန်ထားသူဟာ ကျန်တဲ့ ဗြဟ္မစိုရ်သုံးပါးနဲ့
သရုပ်ဆောင်ပြရမှာပါ။
ဟုတ်ပါတယ်။ မေတ္တာဗြဟ္မစိုရ် ထားသူမှန်ရင် ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါနဲ့
တွေ့ကြုံလာတဲ့အခါ ကိုယ်တိုင် ဆင်းရဲဒုက္ခရောက်နေသလို စာနာစိတ်ထားပြီး
သနားစောင့်ရှောက်ကူညီပေးခြင်းဆိုတဲ့ ကရုဏာနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီလို
သရုပ်ဆောင်မပြနိုင်ရင် မေတ္တာဟာ အစစ်လို့ မဆိုနိုင်တော့ပါဘူး။
အလားတူပဲ၊ ချမ်းသာသုခနဲ့ ပြည့်စုံတွေ့ကြုံနေတဲ့ သတ္တဝါများနဲ့
တွေ့ကြုံတဲ့အခါမှာလဲ ကိုယ်တိုင်ရရှိ ခံစားနေရ သလို ဝမ်းသာကျေနပ်ပြီး
“ရရှိပြီးတဲ့ ချမ်းသာသုခတွေ မယွင်းမယို မြဲခိုင်တည်တန့်ပါစေ”ဆိုတဲ့
မုဒိတာစိတ်ကို မွေးကြရမှာ ဖြစ်ပါတယ်။
“ဥပေက္ခာ”ဆိုတာကတော့ နှစ်မျိုးနှစ်စားရှိပါတယ်။
တရားဓမ္မကျင့်သုံးဖို့ဆိုရင်တော့ “သတ္တဝါတစ်ခု၊ ကံတစ်ခု (သဗ္ဗေသတ္တာ
ကမ္မဿကတာ)ဆိုတဲ့စိတ်နဲ့ သနားခြင်း ချစ်ခင်ခြင်း၊ မုန်းတီးခြင်း မထားဘဲ
လစ်လျူရှု ရမှာ ဖြစ်ပါတယ်။ ပါရမီသဘောမျိုးနဲ့ကျင့်သုံးရာမှာတော့
အပြစ်နဲ့ချွတ်ယွင်းချက်များကို သည်းခံခွင့်လွှတ်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း
လက်တွေ့ကျင့်သုံးရာမှာ ရှေ့ရှေ့ဗြဟ္မစိုရ်ထက် နောက် နောက်ဗြဟ္မစိုရ်က
ပိုပိုပြီး ခက်ခဲပါတယ်။ ဒုက္ခိတသတ္တဝါအပေါ်မှာ သနားစောင့်ရှောက်ကူညီဖို့ထက်
သုခိတ သတ္တဝါနဲ့တွေ့တဲ့အခါ ကိုယ်တိုင်ရရှိခံစားရသလို
ဝမ်းမြောက်တဲ့စိတ်မွေးဖို့က ပိုခက်ခဲပါတယ်။ အဲဒီထက် အပြစ်ရှိသူကို သည်းခံ
ခွင့်လွှတ်ဖို့က ပိုလို့ ခက်ခဲတယ်ဆိုတာ လက်တွေ့ဘဝကို ဆင်ခြင်ကြည့်ရင်
သဘောပေါက်မှာပါ။
ဒုက္ခိတသတ္တဝါ၊ သုခိတသတ္တဝါနဲ့ အပြစ်ရှိကြတဲ့ သတ္တဝါတို့က နိယာမနဲ့ မသွေမဖီပဲ
ပုံမှန်ဖြစ် ရိုးဖြစ်စဉ်အရ ဖြစ်လာကြတဲ့အခါ ဗြဟ္မစိုရ်သရုပ်ဆောင်မှုများကလဲ
နိယာမနဲ့အညီ သရုပ်ဆောင်ကြရမှာဖြစ်လို့ ကွေ့ချော် တိမ်းညွတ်မှု မရှိဘဲ
တည့်မတ်ဖြောင့်တန်းနေမှာပါ။
ဒါပေမယ့် အခုတွေ့နေရတာက သတ္တဝါပညတ်တွေထဲမှာကိုပဲ သမရိုးကျဖြစ်သူနဲ့
သမရိုးကျမဟုတ် သူဆိုတာက နှစ်မျိုးစီ ကွဲပြား နေကြတာပါ။
ဒုက္ခိတသတ္တဝါပညတ်ဆိုရာမှာလဲ စားဝတ်နေရေး ကျန်းမာရေး ချို့တဲ့ကြတဲ့ ပုံမှန်
“မရှိဆင်းရဲ ဒုက္ခသည်များ” ဆိုတာ ရှိသလို စားဝတ်နေရေးစတဲ့ အထွေထွေ
ပြည့်စုံမှုအရ တစ်ဘဝစာမကလို့ ဆိုရလောက်အောင်ကို အလျှံပယ်ပြည့်စုံ နေကြပါလျက်
လောဘကို အသော မသတ်နိုင် ကြသေးတဲ့ “မပြည့်ဆင်းရဲ ဒုက္ခသည်များ”ဆိုတာတွေကလဲ
ရှိနေကြပြန်ရော။
ဒီဒုက္ခသည်နှစ်မျိုးလုံးအပေါ်မှာ
ကွေ့ချော်တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်မှန်စွာဖြစ်အောင် တစ်သား တည်း
သဘောထားပြီး ဒုက္ခကို ကျော်လွှားနိုင်အောင် ရိုင်းပင်းကူညီတဲ့
ကရုဏာဗြဟ္မစိုရ်နဲ့ သရုပ် ဆောင်ကြမယ် ဆိုပြန်ရင်လဲ ဒီဒုက္ခသည်နှစ်မျိုးတို့က
ဓာတ်လှေကားကို အတင်အချလုပ်တဲ့ ကြိုး စနှစ်ဖက် တို့လိုပဲ တစ်ဆက်တည်း
တစ်သားတည်း ဖြစ်နေပါလျက် တစ်ပြိုင်နက် အတင်အချလုပ်လို့က ရတာမျိုး မဟုတ်
ပြန်ဘူး။ တစ်ဖက်ကမြင့်တက်သလောက် တစ်ဖက်က ပိုပြီး နှိမ့်ကျသွားရမည့်
အခြေအနေကြီး။ ဒီအခြေအနေ မျိုးမှာက တည့်မတ်ရင် တိမ်းညွတ်ပြီး ကွေ့ချော်မှသာ
ဖြောင့်တန်း မည့်သဘော ဖြစ်နေတာ အမှန်ပါ။ အပြစ်ရှိသူ၊ ချွတ်ယွင်းသူ
ဆိုသူများထဲမှာလဲ ဒီအတိုင်းပဲ နှစ်မျိုး နှစ်စားရှိနေကြတာ အားလုံး
သတိပြုမိကြမှာပါ။
သုခိတသတ္တဝါတွေထဲမှာလဲ ဒီအတိုင်းပါပဲ။ သမရိုးကျ ချမ်းသာလာကြတဲ့
“ဓမ္မိယလဒ္ဓသုခိတ” ပုဂ္ဂိုလ် များဆိုတာ ရှိသလို သမရိုးကျ မဟုတ်တဲ့
“အဓမ္မိယလဒ္ဓသုခိတ” သတ္တဝါပညတ်တွေက ရှိနေပြန်ရော။
ဒီသုခိတပုဂ္ဂိုလ်နှစ်မျိုးတို့ကလဲ ဓာတ်လှေကားရဲ့ ကြိုးစနှစ်ဖက်လိုပါပဲ။
တစ်သားတည်း တစ်ဆက်တည်း ဖြစ်နေ ကြတာ မှန်ပေမယ့် တစ်ပြိုင်နက် အတင်
အချပြုလို့က ရနိုင်တဲ့အမျိုး မဟုတ်ကြလေတော့ ဗြဟ္မစိုရ်နဲ့ သရုပ် ဆောင်
တဲ့အခါ တည့်မတ်ရင် တိမ်းညွတ်သလိုကြီးဖြစ်ပြီး ကွေ့ချော်နိုင်မှ
ဖြောင့်တန်းမယ်ဆိုတဲ့ အခြေ အနေပါပဲ။ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်တွေ
မယွင်းမယိုင် မြဲခိုင်တိုးတက်နေရင် ဓမ္မိယလဒ္ဓသုခိတ ပုဂ္ဂိုလ်တွေက
ဒုက္ခိတပုဂ္ဂိုလ်အဖြစ် ရောက်ရှိသွားမှာ မလွဲပြန်ပါဘူး။
ဒီနေရာမှာ ဥပေက္ခာဗြဟ္မစိုရ်နဲ့သရုပ်ဆောင်ဖို့က ပိုပြီးအကြပ်ရိုက်စေပါတယ်။
“သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါတစ်ခု ကံတစ်ခုပဲ”ဆိုပြီး လျစ်လျူရှုထားပြန်ရင်လဲ
အခက်။ ခွင့်လွှတ်သည်းခံပြီး ငြိမ် နေဖို့ကလဲ မလွယ်ဆိုတာမျိုး ကြီးနဲ့
ကြုံနေကြရတာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ဥပေက္ခာ
ဗြဟ္မစိုရ်ကို ကြားခံနယ်မြေတစ်ခုအဖြစ်နဲ့ ကျင့်သုံး သရုပ်ဆောင်ရရင်တော့
အဆင်များ ပြေမလားပဲ။
မပြည့်ဆင်းရဲဒုက္ခသည်များ အပေါ်မှာလဲ ဒေါသမပွားမိအောင်၊ အဓမ္မိယလဒ္ဓ
သုခိတပုဂ္ဂိုလ်များအပေါ်လဲ ဣဿာçမစ္ဆေရမပွားရလေအောင် ဥပေက္ခာကြားခံမြေမှာ
ကိုယ်ကရပ်တည်ပြီးတော့မှ သမရိုးကျမဟုတ်ကြတဲ့ ဒီသတ္တဝါ နှစ်မျိုးလုံးကိုပဲ
သံသရာမှာ ကြုံတွေ့ရမယ့် ဒုက္ခတို့ကို မျှော်တွေးထောက်ဆပြီး တကယ့် ဒုက္ခိတ
သတ္တဝါစစ်စစ်တွေ ဖြစ်မည့် အရေးကို ရှုမြင်သနားတဲ့ ကရုဏာတရားနဲ့ ဒီဒုက္ခတွေက
လွတ်ရာ လွတ်ကြောင်း နည်းကောင်းလမ်းမှန်ဖြစ်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ
အမြင်မှန်ရရှိစေဖို့ ဝိုင်းဝန်း ကူညီပေးရရင်ရော၊ သမရိုးကျ ဗြဟ္မစိုရ်အရ
တည့်မတ်တယ်လို့မဆိုသာပဲ ကွေ့ချော် သယောင် ထင်ရပေမယ့် ဖြောင့်တန်း
မသွားလောက်ပေ ဘူးလား”လို့ စဉ်းစားမိပါတယ်။ ခက်ခဲသလို ရှိလှပေမယ့်
ဘုရားရှင်ရဲ့ တပည့်သားတစ်ဦးအနေနဲ့ ဗြဟ္မစိုရ်ဆိုတာ ရှောင်လွှဲလို့မှ
မရဘဲဆိုပြီး ခုတော့ ဒီနည်းကိုပဲ စမ်းသပ်သရုပ်ဆောင်နေမိရပါတော့တယ်။
ဗြဟ္မစိုရ်စိတ်ထားနဲ့ မြင့်မြတ်တဲ့ သုဂတိဘုံသားများ ပီသကြပါစေ …။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)