" အဆန်လမ်း "(2)
(၇) အတ္တ နှင့် အနတ္တ
အကြောင်းအကျိုး ဆက်နွယ်မှု တွင် အကျိုးတရား အပေါ်တွင် ပုဂ္ဂိုလ်အလိုအတိုင်း အစိုးရသည်။ မိမိအလိုအတိုင်း ဖြစ်သည်ဟု ထင်မြင်ယူဆလျှင် အတ္တအယူဖြစ်သည်။ ပုဂ္ဂိုလ်အလိုမပါပဲ အကျိုးတရားသည် အကြောင်းအားလျှော်စွာဖြစ်သည်ဟု ယူလျှင် အနတ္တအယူ ဖြစ်သည်။ ၎င်းကို လက်တွေ့ သုံးသတ်လိုလျှင် လက်ခုပ်တီးကြည့်ပါ။
လက်ခုပ်တီးခြင်းသည် အကြောင်း ဖြစ်၍ လက်ခုပ်သံ မည်ခြင်းသည် အကျိုးဖြစ်သည်။ ထိုအခါ လက်ခုပ်တီးခြင်း အကြောင်းရှိနေပါလျှက် လက်ခုပ်သံ မမည်ပါနှင့်ဟု အကျိုးတရားအပေါ်တွင် ပုဂ္ဂိုလ်အလိုအတိုင်း အမိန့်ပေး၍ အစိုးမရသလို လက်ခုပ်မတီးပဲ လက်ခုပ်သံ မည်အောင်လည်း လုပ်၍ မရပါ။ ထို့ကြောင့် မိမိအလိုဖြင့် အကျိုးတရားအပေါ်တွင် မစိုးမရပဲ အကျိုး တရားသည် ပုဂ္ဂိုလ်အလိုမပါပဲ အကြောင်း အားလျှော်စွာပင် ဖြစ်ပေါ်ရလေသည်။ ဤသို့ လက်တွေ့ကျကျ သိမြင်ပါက သဘာဝတွင် အတ္တသဘောမရှိပဲ အနတ္တသဘောသာ ရှိသည်ကို ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပေမည်။
“ မိမိသည် အကြောင်းတရားကိုသာ အားထုတ်ရ၏ ”
အခန်းတစ်ခုတွင် မှောင်နေပါက ထိုအမှောင်ကို ဖယ်ချင်လျှင် အမှောင်ကို တိုက်ရိုက်ဖယ်၍ မရပေ။ အလင်းဆိုသော အကြောင်းတရားကိုသာ အားထုတ်ရခြင်းဖြစ်ပါသည်။ အလင်းဖြစ်ပေါ်သည်နှင့် အမှောင်ချုပ် ပျောက်ရခြင်းသည် သူ့သဘောသူဆောင်ကာ ဖြစ်ပေါ်လာလေသည်။

မိမိသည် အမှောင်ဖယ်ခြင်းဆိုသော အကျိုးတရားနှင့်
မသက်ဆိုင်ပဲ၊ အလင်းဖြစ်ပေါ်ရန် အကြောင်း တရားကိုသာ အားထုတ်ရခြင်းဖြစ်သည်။ ထို့ကြောင့်
အကျိုးတရားသည် မိမိအလိုနှင့် မသက်ဆိုင်ပဲ အကြောင်းတရားတို့ ညီညွတ်ပြည့်စုံလာသောအခါ သူ့သဘောသူဆောင်ပြီး
အသစ်သစ်အနေနှင့် ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။
“ သမုတိ အကြောင်းအကျိုး ”
သမုတိနယ်တွင် အကြောင်းအကျိုးကို လူတိုင်းနားလည်ကြပါသည်။ အကြောင်းကောင်းလို့ အကျိုးကောင်းတာ၊ အကြောင်းဆိုးလို့ အကျိုးဆိုးတာဆိုပြီး အကြောင်းတရားသည် အကျိုးတရားပေါ်ကို တိုက်ရိုက်ဆက်နွယ်နေမှု (Connection) သဘောမျိုး ဖြစ်နေသည်။
ဥပမာအနေဖြင့် အကြောင်းတရားသည် အကျိုးတရားကို မွေးဖွားလိုက်သည့်သဘောမျိုးဖြစ်သည်။ ပရမတ်နယ်တွင် အကြောင်းတရားသည် အကျိုး တရားအပေါ်တွင် တိုက်ရိုက် ဆက်နွယ်ခြင်း သဘောမျိုး မရှိပါ။ အကြောင်းတရားသည် အကျိုးတရားကို အခြေအနေပေးမှု (Condition) အနေဖြင့်သာ ကျေးဇူးပြုပေးခြင်းမျိုးဖြစ်သည်။
အကျိုးတရားသည် အကြောင်းတရား ပြည့်စုံညီညွတ်သည်နှင့် တစ်ပြိုင်နက် သူ့သဘော သူဆောင်ကာ သဘာဝတရား(အသစ်) တစ်ခု အနေဖြင့် (မရှိရာမှ) အသစ်ဖြစ်ပေါ်လာခြင်းမျိုး ဖြစ်သည်။
ဥပမာ - ရေကို မီးအပူပေးပါက မီးပူလို့ ရေပူတာလို့ အပူကူးပြောင်းသကဲ့သို့ တိုက်ရိုက် ကြောင်းကျိုး ဆက်နွယ်မှု (Connection) သဘောမျိုး ယူလျှင် သမုတိနယ်မှ အပူကူးပြောင်းနေမှု အမြင်ဖြစ်၏။ မီးပူသည် ရေပူခြင်းကို မွေးထုပ်လိုက်သကဲ့သို့ တိုက်ရိုက် ကူးပြောင်း ဆက်နွယ်နေခြင်းမျိုး ဖြစ်သည်။
“ ပရမတ် အကြောင်းအကျိုး ”
ပရမတ်တွင် မီး တွင်ရှိသော အပူတေဇောဓါတ်သည် ဖြစ်သည့် နေရာမှာပင် ချုပ်ပျောက်၏။ အပူ ဓါတ်သည် ကူးပြောင်းခြင်း နေရာပြောင်းရွေ့ခြင်း လုံးဝမရှိပါ။ ရေပူခြင်းသည် ရေတွင်ရှိသော အေးသည့် တေဇောဓါတ်များ ချုပ်ပျောက်ပြီး ပူသည့်တေဇောဓါတ်သည် သူ့သဘော သူဆောင်ကာ အသစ် အသစ် ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်သည်။
သို့သော် မီးဆိုသော အကြောင်းတရား၏ ကျေးဇူးပြုမှုနှင့်တော့ မကင်း နိုင်ချေ။ မီးသည် ရေပူမှု အပေါ်တွင် တိုက်ရိုက်ဆက်နွယ်မှု (Connection) သဘောမျိုး (ကူးပြောင်းခြင်း) မဟုတ်ပဲ အခြေအနေပေးမှု (Condition) အနေဖြင့်သာ (ကျေးဇူးပြုခြင်း) သဘောမျိုး ဖြစ်သည်။ ထို့ကြောင့် ရေပူခြင်း ကိစ္စတွင် မီးသည် အပူဓါတ် အကြောင်းတရားတို့ဖြင့် လုံလောက်သော ကျေးဇူးပြုခြင်း သဘောသာ ဖြစ်သည်။ ရေပူခြင်း အကျိုးတရား (ပူသည့်တေဇောဓါတ်)သည် သူသဘောသူ ဆောင်ကာ မရှိရာမှ အသစ် အသစ်ဖြစ်ပေါ်နေသော သဘောဝတရားမျိုးသာ ဖြစ်ပါသည်။
နောက်ဥပမာတစ်ခုမှာ လေတိုက်၍ သစ်ရွက်လှုပ်ခြင်းဖြစ်သည်။ သမုတိနယ်တွင် လေတိုက်ခြင်း သည် အကြောင်းတရား ဖြစ်၍ သစ်ရွက်လှုပ်ခြင်းသည် အကျိုးတရား ဖြစ်သည်။ ၎င်းတွင် လေတိုက်ခြင်း အကြောင်း တရားသည် သစ်ရွက်လှုပ်ခြင်း အကျိုးတရားအပေါ်တွင် တိုက်ရိုက် ဆက်နွယ်နေသည်။
ပရမတ်နယ်တွင် လေတွင်ပါဝင်သော ၀ါယောဓါတ်သည် လေမှာပင် ချုပ်ပျောက်၏။ သို့သော် သစ်ရွက်လှုပ်ခြင်းသည် သစ်ရွက်တွင် ပါဝင်သော မူလတည်ငြိမ်ဝါယော ချုပ်ပျောက်၍ လှုပ်ရှားဝါယော အသစ်ဖြစ်ပေါ်လာသောကြောင့် သူ့သဘောသူဆောင်ကာ လှုပ်ရှားခြင်း ဖြစ်ပါသည်။ ထိုသို့ လှုပ်ရှားဝါယော အသစ်ဖြစ်ပေါ်လာခြင်းသည် လေတိုက်ခြင်းဆိုသော အကြောင်းတရား၏ ကျေးဇူးပြုမှုနှင့်ကင်း၍ မဖြစ်ပေါ်နိုင်ချေ။
ထို့ကြောင့် အကြောင်း တရားသည် အကျိုးတရား အပေါ်တွင် တိုက်ရိုက်ဆက်နွယ်မှု (Connection) သဘောမျိုး ကူးပြောင်းခြင်း မရှိသော်လည်း အခြေအနေပေးမှု (Condition)အနေဖြင့်သာ ကျေးဇူးပြုပြီး အကျိုးတရားသည် သူ့သဘော သူဆောင်ကာ အသစ်သစ် အနေနှင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
ထို့အတူ ဖယောင်းတိုင် မီးကူးမှုတွင်လည်း ပထမ ဖယောင်းတိုင်မှ မီးသည် ဒုတိယဖယောင်းတိုင်မှ မီးစာကို တို့ထိခြင်းဟူသော အခြေအနေပေးမှု (Condition) အနေဖြင့်သာ ကျေးဇူးပြုခြင်း ဖြစ်သည်။ ဒုတိယ ဖယောင်းတိုင်၌ မီးတောက်မှုသည် ဒုတိယ ဖယောင်းတိုင်ရှိ တေဇောဓါတ်က သူ့သဘောသူဆောင်ကာ မီးတောက် အသစ်ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ မီးကူးပြောင်းခြင်း လုံးဝမရှိပါ။
ထို့သို့ သိမြင်ခြင်းဖြင့် မိမိခန္ဓာတွင်လည်း ခန္ဓပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကို အနတ္တဉာဏ် အမြင်ဖြင့် နားလည် သိမြင်အောင် နှလုံးသွင်းအားထုတ်ရပေမည်။
“ ထိမှ သိတယ် ”
ထိသိကို အများအားဖြင့် ကြားဖူးကြပါသည်။ သို့သော် ထိသော အာရုံမှ ကျေးဇူးပြုမှ သိမှု ၀ိညာဏ် ဖြစ်ပေါ်ရသည်ကို အနတ္တအမြင်ဖြင့် ကိုယ်တိုင်သိမြင်အောင် နှလုံးသွင်းတတ်ရန် မလွယ်လှပါ။ ထိမှု ဟူသော အကြောင်းတရားက ကျေးဇူးပြုပါမှ သိမှု ၀ိညာဏ်သည် အကျိုးတရားအနေဖြင့် သူ့သဘောသူဆောင်ကာ မရှိရာမှ (အသစ်) ဖြစ်ပေါ်လာသည်။
ထိမှု အကြောင်းတရား ကင်းပါကလည်း ထိုဝိညာဏ်သည် ချက်ခြင်း ချုပ်ပျောက်ပါသည်။ အာဂန္တုဓမ္မမျှသာ ဖြစ်လေသည်။ ၀ိညာဏ်သည် မွေးသည်မှ သေဆုံးသည် အထိ အမြဲရှိနေသော အခိုင်အမာ အနှစ်သာရမျိုး၊ အမာခံမျိုး မဟုတ်ပါ။ ထို့ကြောင့် သိမှု ၀ိညာဏ်သည် မိမိနှင့် မသက်ဆိုင်ပဲ သူ့သဘောသူဆောင်၍ (အကြောင်း၊ အကျိုး)အားဖြင့် ဖြစ်ပေါ် ချုပ်ပျောက် နေသောကြောင့် ငါ လည်းမဟုတ်၊ ငါ၏ဥစ္စာလည်း မဟုတ်ပါ။ ထိုသို့ သိမြင် နှလုံးသွင်းနိုင်ပါက ရုပ်နာမ်အပေါ်တွင် အနတ္တ လက္ခဏာ ၀င်ကာ ၀ိပဿနာကို ပွားများအားထုတ်နိုင်ပေမည်။

“ သစ္စာအကြောင်းအကျိုး ”
ဒုက္ခ ကို သမုတိနယ်မှ သူသိ၊ ငါသိ၊ ရပ်ကွပ်သိ အနေဖြင့် ဆင်းရဲတာ ဒုက္ခလို့ နားလည်ကြပါသည်။ ဥပမာ တဲ နဲ့ နေရတာ ဒုက္ခ၊ ခေါင်းကိုက်တာဒုက္ခ၊ ဗိုက်နာတာ ဒုက္ခ၊ ကောင်းကောင်း မစားရတာ ဒုက္ခ စသည်ဖြင့် သိကြပါသည်။
ဘုရားရှင် ဆိုလိုသော ဒုက္ခ မှာ ထိုကဲ့သို့မဟုတ်ပါ။ သမုဒယ ရှိပါက ဒုက္ခ ရှိပါသည်။ သမုဒယ မရှိပါက ဒုက္ခ မရှိပါ။ ဒုက္ခ ကို သမုဒယရှိ မရှိ အပေါ်တွင် မူတည်၍ ဓမ္မစကြာတရားတော်တွင် ဟောကြားတော် မူခဲ့ပါသည်။
ဥပမာ - တိုက် နဲ့နေရတာသည် ချမ်းသာ၏။ တဲ နဲ့နေရတာသည် ဆင်းရဲ၏။ အများသိ ဖြစ်ပါသည်။ သမုတိနယ် အနေဖြင့်လည်း မှန်ပါသည်။ သမုတိသစ္စာလည်း ထိုက်ပါသည်။ သို့သော် သစ္စာနယ်မှကြည့်လျှင် တိုက် နဲ့နေရသော်လည်း တိုက် အပေါ်မှာ သမုဒယရှိပါက ဒုက္ခ ရှိပါသည်။ တဲ နဲ့နေရသော်လည်း တဲ အပေါ်တွင် သမုဒယ မရှိပါက ဒုက္ခ မရှိပါ။
ထို့ပြင် သစ်စေ့သည် အပင် စပေါက်ရာမှ တဖြည်းဖြည်း ကြီးထွားလာပါသည်။ အိုမင်း ရင့်ရော် လာမည်။ နောက်ဆုံးမှာ သေခြင်းနှင့် အဆုံးသတ်ရပါသည်။ ထိုဖြစ်စဉ်သည် သဘာဝတရား တစ်ခုသာ ဖြစ်ပါသည်။ ထို့အတူ မိမိတို့သည် မွေးဖွားလာပြီး အိုလာကြသည်။ နာလာကြသည်။ နောက်ဆုံး သေကြရပါသည်။ ၎င်းသည်လည်း သဘာဝတရား တစ်ခုသာ ဖြစ်ပါသည်။ ဘာပြဿနာမှ မရှိပါ။
သို့သော် ထို အို၊ နာ၊ သေ အပေါ်တွင် ငါအိုပြီ၊ ငါနာပြီ၊ ငါသေတော့မှာပဲ ဟူ၍ ငါ နှင့် သမုဒယ ရှိသွားသောကြောင့် မိမိတို့တွင် စိတ်ဆင်းရဲခြင်း ဒုက္ခ ဖြစ်ကြရပါသည်။ ဘုရားရှင်တို့တွင် အို၊ နာ၊ သေ ရှိသော်လည်း သမုဒယ မရှိသောကြောင့် ကိုယ်သာနာ၍ စိတ်နာခြင်းဒုက္ခ မရှိခြင်း ဖြစ်ပါသည်။ မိမိတို့မှာ မိမိကိုယ်နာပါက စိတ်ပါနာလေသည်။ ထိုသို့ ကိုယ်နာ၍ စိတ်နာရသည်မှာ မိမိ ကိုယ်ပေါ်မှာ သမုဒယ ရှိသောကြောင့် ဖြစ်ပါသည်။ သမုဒယ ကိုပယ်နိုင်ပါမှ ဒုက္ခ ချုပ်ကာ ကိုယ်သာနာပြီး စိတ်မနာခြင်း ဖြစ်လေသည်။
" အနတ္တ (၅)ခု နှင့် အတ္တ (၁)ခု မြင်အောင်ရှု"
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် တို့တွင် အကြောင်းအားလျှော်စွာ ဖြစ်ပေါ်နေကြသော မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိမှု တို့သည် အကျိုးတရားများသာ ဖြစ်ကြပါသည်။ ၄င်းတို့တွင်အပိုမပါ၊ နဂိုရှိအတိုင်းသာ သိကြပါသည်။
ဥပမာ - မျက်စိသည် အဆင်း နှင့်တိုက်ပါက မျက်စိမှ မြင်စိတ်သည် နဂိုအရှိကို အရှိအတိုင်းသာ မြင်ပါသည်။ သို့သော် မနောသည် နဂိုအတိုင်းသာမက အပို ကွန့်လိုက်ပါသည်။ ကောင်းတယ် မကောင်းဘူး၊ လှတယ် မလှဘူး၊ ကြိုက်တယ် မကြိုက်ဘူး စသည်ဖြင့် မိမိအလို လောဘအတိုင်း အပိုတွေပါတော့သည်။
ထိုအခါ မျက်စိသည် အကြောင်းအားလျှော်စွာသာ မြင်သော အကျိုးတရား သာဖြစ်၍ အနတ္တဖြစ်သည်။ မနောသည် မိမိအလိုအတိုင်းသာ ဖြစ်ချင်သောကြောင့် အတ္တ ဖြစ်လေသည်။ ထို့အတူ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့သည် အကြောင်း၊ အကျိုး အားလျှော်စွာသာ သိကြသောကြောင့် အနတ္တသာ ဖြစ်ကြပါသည်။ ထို့ကြောင့် မိမိခန္ဓာကိုယ်တွင် မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်၌ အနတ္တ (၅)ခု ရှိ၍ မနောတွင်သာ အတ္တ (၁) ခုရှိလေသည်။
အနတ္တ (၅)ခု သည် အတ္တ (၁)ခု ကို အနိုင်ရသင့်သော်လည်း မနိုင်ရခြင်းမှာ မနောမှ အတ္တသည် ငယ်နိုင်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာရှုခြင်းသည် မနောကို မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်မှာ သိမြင်သည့် အတိုင်း မြင်လျှင်မြင်ကာမျှ မျက်စိအတိုင်း မနောမှ သိအောင်၊ အပိုမပါပဲ နဂိုအတိုင်းသိအောင် အရှိကိုအရှိအတိုင်း သိမြင်အောင် အားထုတ်ရခြင်း ဖြစ်ပါသည်။
(၈) ပဋိစ္စသမုပ္ပါဒ် နှင့် ၀ဋ်သုံးပါး
(၁)၀ိပါက၀ဋ်။ (၂) ကိလေသ၀ဋ်။ (၃) ကမ္မ၀ဋ်။
ဝိညာဏ် အ၀ိဇ္ဇာ သင်္ခါရ နာမ်ရုပ် တဏှာ ကမ္မဘ၀ သဠာယတန ဥပါဒါန် ဖဿ ဝေဒနာ
ပဋိစ္စသမုပ္ပါဒ် ဟူသည် ပစ္စယပရိဂ္ဂဟဉာဏ် ကို ဟောပြသော ဒေသနာတော်ဖြစ်သည်။ နာမရူပ ပရိစ္ဆေဒ ဉာဏ်နှင့် ပြည့်စုံသောသူသည် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်ပါက ရုပ်နာမ်မှတစ်ပါး အခြား အတ္တကောင်မရှိ။ အကြောင်းတရားတို့ အဆက်မပြတ်ဖြစ်ခြင်းကြောင့် အကျိုးတရားတို့ အဆက် မပြတ်ဖြစ်ခြင်း (ပစ္စယာကာရ) ကို သိမြင်သော သူအား (ဥစ္ဆေဒဒိဋ္ဌိ) ကင်းပျောက်၏။
အကြောင်းတရားတို့ ချုပ်ခြင်းကြောင်း အကျိုးတရားတို့ ချုပ်ပျောက်ခြင်း (ပဋိလောမ ပစ္စယာကာရ) ကို သိမြင်သောသူအား (သဿတဒိဋ္ဌိ) ကင်းပျောက်၏။ ထိုသို့ အစွန်းနှစ်ပါး တို့မှ မကပ်ရောက်မူ၍ မဇ္ဈိပဋိပဒါအကျင့်ဖြစ်သော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောတော် မူခြင်း ဖြစ်သည်။
မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိဆဲ၊ တွေးဆဲ တို့တွင် ဖြစ်ပေါ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး တို့သည် အတိတ်က အကြောင်း(ကံ)ကြောင့် ဖြစ်ပေါ်နေသော အကျိုးတရား (၀ိပါက၀ဋ်) ဖြစ်ပါသည်။ ၎င်း ရုပ်၊ နာမ်ကို ပုဂ္ဂိုလ်၊ သတ္တ၀ါလို့ သိတာသည် အ၀ိဇ္ဇာ၊ နှစ်သက်တာသည် တဏှာ၊ စွဲလမ်းတာ သည် ဥပါဒါန်ဖြစ်ပါသည်။
(အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်) တို့သည် ကိလေသာဝဋ် တို့ဖြစ်ကြ၍ ကိလေသာ ပါဝင်သော ကာယ၊ ၀စီ၊ မနောနှင့် အားထုတ်မှု (သင်္ခါရ) များကြောင့် ကုသိုလ်၊ အကုသိုလ်(ကံ)များ ဖြစ်ပေါ်ကြခြင်းသည် (ကမ္မ၀ဋ်) ဖြစ်သည်။ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး ဆိုသော အကျိုးတရား (၀ိပါက၀ဋ်) အပေါ်တွင် (အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်) ကိလေသာ ၀င်သောကြောင့် (ကံ)ဖြစ်ပေါ်ကာ အကြောင်းတရား (ကမ္မ၀ဋ်) အနေဖြင့် သံသရာလည်ရခြင်း ဖြစ်သည်။
ကိလေသာဝဋ် ချုပ်လျှင် ကမ္မ၀ဋ် ချုပ်၏။ ဤသို့ဖြင့် အကြောင်း(ကံ) ချုပ်ပါက အကျိုး (ဇာတိ) ချုပ်ကာ သံသရာ ရပ်တော့သည်။ ဥပါဒါနပစ္စယာ ကမ္မဘ၀ ဆိုသော ဒေသနာတော်အရ ကုသိုလ် အကုသိုလ် (ကံ) တို့သည် (ဥပါဒါန်) ကြောင့် ဖြစ်ပေါ်နေသည်ဟုဆို၏။ ထို ကံတို့သည် ဥပါဒါန်ကပ်သော ကာယ၊ ၀စီ၊ မနော၊ စေတနာ (ကံ) တို့ဖြင့် အားထုတ်မှုကြောင့် ဖြစ်ပေါ်ရသည်။
ဥပါဒါန်ကို ဉာဏ်ဖြင့် ကောက်တတ်ပါက မိမိ၏ ကာယ၊ ၀စီ၊ မနော၊ စေတနာ (ကံ) တို့တွင် (ဥပါဒါန်) ကိုမိလျှင် အကြောင်းကို သိမ်းဆည်းနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရလေသည်။ ထို့ကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး တို့တွင် ဥပါဒါန် ကပ်၊မကပ်ကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် ဥပါဒါန် ကပ်တာကို နောက်မှ သတိ ဖြင့် အသိ လိုက်နိုင်လျှင်လည်း သိစိတ် ဖြစ်ပါက ဥပါဒါန်စိတ် မရှိတော့ချေ။ ဥပါဒါန် ဖြစ်ပျက် သိတာက မဂ်ဖြစ်၏။
စိတ်သည် တစ်ကြိမ်တွင် နှစ်စိတ် ပြိုင်မဖြစ်ပေ။ ဥပါဒါန် ကပ်သော အချိန်တွင် ဥပါဒါန်ကို သိနိုင်သော ဉာဏ် မဖြစ်ပေါ်သေး။ သတိ ဖြင့် အသိလိုက်နိုင်သော အချိန်တွင်လည်း ဥပါဒါန်မရှိ တော့ချေ၊ ချုပ်ပြီးဖြစ်၏။ ဥပါဒါန် ပါဝင်သောစိတ်သည် ကိလေသ၀ဋ် ဖြစ်၍ အသိလိုက်ခြင်းဖြင့် ကိလေသ၀ဋ် တဒင်္ဂချုပ်လေသည်။ ကိလေသ၀ဋ် ချုပ်လျှင် ကမ္မ၀ဋ်ချုပ်၏။
ကမ္မ၀ဋ်ချုပ်ပါက နောက်ဘ၀၊ နောက်ခန္ဓာဆိုသော ၀ိပါက၀ဋ်ချုပ်ကာ သံသရာ ၀ဋ်ဆင်းရဲ ရပ်တော့သည်။ မြင်မှုအပေါ်တွင် ဥပါဒါန် မကပ်တာကို သိနိုင်လျှင်လည်း သတိ ဖြင့် အသိ လိုက်ခြင်းကြောင့် မောဟ ချုပ်၏။ မောဟ မရှိတာကို မောဟ မရှိမှန်း သိလျှင်လည်း သတိပဌာန် ဖြစ်ပါသည်။
ဓမ္မလမ်း ၀ိပဿနာသင်တန်း သင်ခန်းစာများမှ ကောက်နှုတ်တင်ပြပါသည်။
Dr. Soe Lwin (Mandalay)