သူတောင်းစားနဲ့ ထင်းရှူးသေတ္တာ
လမ်းဘေး မြေပြင် တနေရာ
မှာ ထင်းရှူးသေတ္တာ အဟောင်းလေး တလုံးရှိတယ်။ သူတောင်းစား တယောက်က အဲ့ဒီ ထင်းရှူး သေတ္တာလေးပေါ်မှာ
ထိုင်နေတယ်။ သံကြေးခွက် တလုံး ကို သူ့ရှေ့မှာ ချထားတယ်။ သူ အဲ့မှာ ရှိနေတာ နှစ်ပေါင်းများစွာကြာမြင့်တဲ့
အချိန်ကတည်းက ဖြစ်ပါတယ်။ ။ နှစ်ချို့နေအောင် ကြာလင့်တဲ့အထိ အဲ့သည်နေရာမှာ သူ နေ့တိုင်း
ထိုင်တယ်။ နေ့စဉ်ရက်ဆက် တောင်းရမ်းစားသောက်နေတယ်။
တနေ့မှာတော့ ဒီ သူတောင်းစားရဲ့ရှေ့ကို လူစိမ်းတယောက် ရောက်လာတယ်။ သူတောင်းစားက ရိုကျိုးတဲ့မျက်နှာထား နဲ့ မျက်လွှာချလိုက်တယ်။ “အကြွေလေးများရှိရင် စွန့်ကြဲခဲ့ပါ။ သနားကရုဏာ ရှိသောအားဖြင့် စွန့်ကြဲခဲ့ပါဗျာ” တုန်ရီတဲ့ အသံနဲ့ စိတ်လိုလက်ရ တောင်းခံတယ်။ သူ့ရဲ့ ကြေးခွက်ကို ခပ်ဆဆလေးမြှောက်ထားမယ်။ တတွတ်တွတ် စကားဆို တယ်။
လူစိမ်းက ပြန်ပြောတယ်။
“ကျုပ်မှာ ခင်ဗျားကို ပေးစရာ ဘာမှ မရှိဘူး။”
“အကြွေလေး အနည်းအကျဉ်းလောက် ဖြစ်ဖြစ်ပါ ….”
“ဟင့်အင်း ၊ ကျုပ်မှာ အကြွေ အနည်းအကျဉ်းတောင် မပါဘူး၊ ဒါနဲ့ ခင်ဗျား အခုထိုင်နေတဲ့ဟာက ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး။ သေတ္တာအဟောင်းတလုံးပါ။ ကျနော် မှတ်မိသလောက် ကျနော် ငယ်ငယ် အချိန်ကတည်းက ဒီမှာ ပဲ ထိုင်ရင်း တောင်းရမ်းနေခဲ့တာ။ ဒါ ကျနော့ရဲ့ နေရာလေးဆိုလည်း ဟုတ်ပါတယ်။ ကျနော့အတွက် အကြွေအစအန လေးပဲဖြစ်ဖြစ် စွန့်ခဲ့ပါ ခင်ဗျာ”
“နေပါဦး ခင်ဗျား အထဲကို ကြည့်ခဲ့ဖူးသလား”
“ဟင့်အင်း မကြည့်ဖူးပါဘူး။ ဘာဖြစ်လို့လဲ။ ဒါ အဟောင်းကြီးပဲ။ ထားပါလေ ကျနော့အတွက် အရေးကြီးတာ တနေ့စာ အတွက် များများတောင်းရမ်းနိုင်ဖို့ပဲ။ ခင်ဗျား တကယ်ကို အကြွေ မပါတာလား မပေးနိုင်တာလားဗျာ”
“မဟုတ်သေးဘူးဗျ။ ခင်ဗျားဟာ ခင်ဗျား သေသေချာချာလည်း ကြည့်ကြည့်ပါဦး”
လူစိမ်းက မရမက ပြောနေတာမို့ သူတောင်းစားက ထင်းရှူးသေတ္တာကို ဆွဲထုတ်လိုက်ရတယ်။ အဖုံး အကာတွေ ဆွဲခွာ ပစ်လိုက်တယ်။ အဲ့ဒီနောက် သူ အံ့ဩသွားတယ်။ သူ့မျက်လုံးကို သူမယုံ နိုင်အောင်ဖြစ်တယ်။ အံ့အားသင့်မှင်သက် သွား တယ်။ သူနှစ်ပေါင်းများစွာထိုင်နေတဲ့ ထင်းရှူး သေတ္တာအစုတ်ထဲမှာ ရွှေအပြည့်ရှိပါတယ်။
ဒါဟာ နိမိတ်ပုံ ဇာတ်လမ်းသက်သက်ပဲ။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့က ပုံပြင် အရ လူစိမ်းနဲ့ တူ တယ်။ ခင်ဗျားအတွက် သူတို့ဆီက၊ ဒါမှမဟုတ်၊ ခင်ဗျား ယုံကြည်ရာ တယောက်ယောက်ဆီက လက်ဝါးဖြန့်နေမယ်။ အကြွေအနည်းအများ သွားတောင်းခံမယ်။ တောင်းတဲ့စကား ကွဲပြားကောင်း ကွဲပြားမယ်။ တောင်းတာကတော့ တောင်း တာပဲ။
“ဘုရားသခင်ဆီ ပို့ဆောင်ပေးပါ။ ချမ်းမြေ့မှု ပေးပါ၊ ငြိမ်းအေးမှုပေးပါ။ နတ်ပြည်၊ ဗြဟ္မာပြည် ချမ်းသာရကြောင်း ကုသိုလ် တရားတွေ ချပေးပါ။ ယုံကြည်စွာနဲ့ ကျနော် ဆုတောင်းနေပါတယ်။ ကျနော် အခု ဒါလေးလိုချင်တယ်။ ဟိုဟာလေးလိုချင် တယ်။ ကျနော် အခု ဒါလေးဖြစ်နေလို့ပါ။ ပြေလည်ချင်တယ်။ နည်းနည်း ဖြစ်ဖြစ် စိတ်ချမ်းသာမှုလေး ချပေးစေချင် ပါ တယ်။”
စင်စစ် ဒီဇာတ်လမ်းဟာ ကျနော်တို့ ခင်ဗျားတို့ ကို သူတောင်းစားတွေလို့ မီးမောင်းထိုးပြထား ပါတယ်။ မနာပါနဲ့။ ကနေ့ ဘာသာတရားတိုင်းမှာ ကုသိုလ်တခုပြု၊ ဆုတောင်းတချက်ယူနေကြ တာဟာ အဲ့ဒါပဲမဟုတ်လား။ ကုသိုလ်ကို ဈေးကစား ဖို့၊ ဈေးရောင်းဈေးဝယ်ပြု၊ အကြောင်းရှာ နေကြသူအများ ရှိနေကြတယ် မဟုတ်လား။ အလှူခံ ပုဂ္ဂိုလ်အများကလည်း သွေးဆောင်တတ် ပါတယ်။ “ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် ပြန်ရကြမယ်” လို့ ဈေးခေါ်တယ်။ လောဘတက်တဲ့ စီးပွားရေးသမား သူတောင်းစားက ကြိုက်ဈေးအတွက် ကြေးညှိတယ်။ ရသလောက်အစွမ်းနဲ့ ညောင်ပင် လိုက် လှူပြပါလိမ့်မယ်။
“ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်” ဆိုတဲ့ စကားကိုလည်း အများသိပါတယ်။ ကြည့် ကြည့်စို့။ ခင်ဗျားက အဲ့ စကားကို အတွင်းအနှစ်သာရ မပါဘဲ၊ ကောင်းတာဖြစ်ချင်ဇောနဲ့သာ ယုံကြည်မယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိထားတဲ့ အကောင်းအမွန် အမြတ်တွေ ခင်ဗျားလိုချင်တာပဲ မဟုတ်လား။ လူတိုင်းနီးပါး (မိမိအတွေးနဲ့ မိမိ) ကောင်းမွန်တယ် ထင် ရာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ကောင်းတာ ဖြစ်ချင်ဇောနဲ့သာ ကောင်းတာလုပ်ပါတယ် ဆိုပါစို့။
ဒါဆို ပြန် မေးမယ် “ခင်ဗျား
ဘာလုပ်လုပ် ကောင်းတာမဖြစ်ဘူးလို့သာ ပြောခဲ့ရင် ဘာဖြစ်မလဲ။ ခင်ဗျား ဘယ်လောက်ကောင်းတာ
လုပ်နေနေ ခင်ဗျားအတွက်အဆိုးချည်းသာ ဖြစ်လာနေမယ် ခင်ဗျား ကြုံတွေ့နေရမယ်၊ ကဲ ခင်ဗျား
သန္တာန်ထဲ ဘာဖြစ်မလဲ။” အဲ့ဒီ အချိန်မှာ အဲ့ဒီ ကောင်းတဲ့အလုပ်ဆိုတာကို နည်းနည်းတော့ ခင်ဗျား
တွေဝေသွားနိုင်တယ်။ “ဒါဟာ ကံပါပဲ ကွာ” (ဝါ) “ဒါလည်း ဘုရားသခင် အလိုတော်ကျ ပါပဲ” လို့
မမြင်ရာလွှဲချတတ်သူ အတွက်တော့ ကောင်းကောင်းဖြေသိမ့် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မနှစ်သိမ့်နိုင်သူအဖို့
ဘာသာတရားဟာ လိမ်စဉ်သက်သက်ပဲလို့ အထင်ရောက်သွားမယ် မ ဟုတ်လား။
စင်စစ် ဘာသာတရားက လိမ်နေတာ မဟုတ်ဘူး။ ဘာသာတရားကသာ ပြန်အလိမ်ခံနေရတာ ဖြစ်နိုင်ပါတယ်။ ဆိုပါစို့ God, အလ္လာ၊ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ချမ်းသာ စသည် ဒီအရာ ဒီစကား လုံးတွေက ဘာသာတိုင်းမှာ လိမ်ထားတာ မဟုတ်ဘူး။ ခင်ဗျား မြင်အောင် ကြည့်ဖို့သာ လိုတယ်။ ခင်ဗျား အတွင်းသန္တာန်မှာ စိတ်ကူး၊ မျှော်မှန်းချက်တွေကသာ ဘာ သာတရားကို ပြန်ပြီး လိမ်လည် ယူတယ်။
ဥပမာ “ဘုရားသခင်ဟာ သူနဲ့
ပုံတူအဖြစ် လူသားကို ဖန်ဆင်းတယ်” ဒါဟာ “ခင်ဗျားရဲ့ အတွင်းသန္တာန် ကိုယ်၌က ဘုရားသခင်ဖြစ်တယ်
ခင်ဗျားရဲ့ အတွင်းအနှစ်သန္တာန်မှာ အကြည်လင် ဆုံးရှိတယ် ခင်ဗျားသန္တာန်ကို ခင်ဗျား ပြန်မြင်အောင်ကြည့်ပါ
ဘုရားသခင်ဟာ ခင်ဗျား ကိုယ်တွင်းမှာ ရှိတယ် မိမိကိုယ်တိုင်သည်သာ မိမိရဲ့ ဘာသာတရားဖြစ်တယ်”လို့
ရှင်းရှင်းဆိုတာပဲ မဟုတ်လား။
ဒါပေတဲ့ လူအများက ငုံ့မကြည့်ဘူး။ မော့ကြည့်လေ့သာ ရှိပါတယ်။ မကြိမ်းဝါးနိုင်ဘူး ဒူးထောက် ဖို့သာ အဆင်သင့်ရှိတယ်။ အဲ့အတွက် ဘုရားသခင်ကို သူတို့ရင်မှာ မတွေ့နိုင်ဘူး၊ အခြားသီးခြား တနေရာမှာ စိတ်ကူးတည့်ရာရှာတယ်။ သိပ္ပံပညာရှင် တယောက်အတွက် ဘုရားသခင်ကို ပြင်ပ ဂြိုလ်ကမ္ဘာ တခုခုမှာရှာနိုင်တယ်။ အက်တမ် တလုံးထဲမှာ ဖြဲကြည့်ရင် ကြည့်မယ်။ ကလေးတွေ အတွက် တိမ်တိုက်တွေပေါ်က မုတ်ဆိတ်ဖြူ အဖိုးကြီးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နီဂရိုး တယောက်အတွက် ဘုရားသခင်ဟာ အသားမည်းချင် မည်းမယ်။ တရုတ်လူမျိုး တယောက်အတွက် ဘုရားသခင်ဟာ ဗိုက်ရွှဲချင် ရွှဲနေပါလိမ့်မယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာ ထင်ရှားလာတာက ဘုရားသခင်ဟာ လူတွေ ပြန်ဖန်ဆင်းတာကို ပယ်ပယ်နယ်နယ် ခံလိုက်ရတော့တယ်။
စင်စစ် ဘာသာတရား တခုတည်းမက အတော်များများရဲ့ သွန်သင်မှုအောက်မှာ အများစုဟာ အဲ့အတိုင်း ရှိနေပါတယ်။ ဆိုင်ရာ ဘာသာရေးသမားတွေက “ကံကံရဲ့ အကျိုး” (ဝါ) “ဘုရားသခင်ရဲ့ အလိုဆန္ဒအတိုင်း” စတဲ့ မြင့်မြတ်တဲ့စကား ကို တလွဲသုံးထားကြောင်း တွေ့လိမ့်မယ်။ ဆိုလိုတာက- ကိုယ်ကိုယ်တိုင်ရဲ့ အမြင်မှ မရှိရင် အရင်းအတိုင်း မဖွင့်ပြနိုင်ဘူး ရယ်။ တနည်းပြောရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်မမြင်နိုင်တဲ့ “ကံ ကံရဲ့ အကျိုး” ဟာ မျက်ကန်း ယုံကြည်ထားတဲ့ မျက်ကန်း အကျိုးပဲ ဖြစ်ပါလိမ့်မယ်။ မိမိကိုယ်ကိုယ် အသိအမြင် အေးချမ်းမှုမပါရှိဘဲ သုံးတဲ့ “ဘုရားသခင်ရဲ့ အလိုဆန္ဒ” ဟာ ခင်ဗျားပြောတဲ့ ဘုရားသခင်ကို ခင်ဗျားကိုယ်တိုင် စော်ကားနေတာ သက်သက်ပဲ။
အကျိုးမျှော်စိတ်၊ တောင်းရမ်းလိုစိတ်ရှိသူအပေါင်းဟာ အဲ့သည်မြင့်မြတ်တဲ့ စကားတိုင်းကို ပုံသဏ္ဍာန် မမှန်တဲ့ စကားတွေ အဖြစ် အသွင်အမျိုးမျိုး ပြောင်းယူပါတယ်။ အဲ့သည်အခါ ဆိုင်ရာ ဘာသာရေးရဲ့ ဘုန်းကြီး၊ လူကြီး၊ ဂေါပကများက ခင် ဗျား အလိုဆန္ဒနဲ့ ကိုက်ညီအောင် ရွှေလိုချင် ရွှေရမယ်၊ ငွေလိုချင် ငွေရမယ်၊ ငြိမ်းချမ်းမှုလိုချင် ငြိမ်းချမ်းရပါလိမ့်မယ် စသဖြင့် ခင်ဗျားကို မျှော်လင့်ချက်ပေးမယ်၊ မျှားခေါ်နေလိမ့်မယ်။ တကယ်က သူတို့မှာခင်ဗျားအတွက် ဘာမှပေးစရာ ရှိမနေဘူး သူတို့ဟာ သူတို့တောင် အနိုင်နိုင်ရယ်။ ခင်ဗျားအတွက် သီးခြားဘာမှထပ်ဖြည့်ပေးမှာ မဟုတ်ဘူး။ သူတို့ ထပ်ဖြည့် ပေးလည်း ခင်ဗျား နေ့တွက်ကိုက်ရုံကလွဲလို့ ဘာမှမရဘူး။
စစ်မှန်တဲ့ သန္တိဆိုတာဟာ ခင်ဗျားက တောင်းခံလို့၊ သူတို့ကလည်း ချပေးလို့ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ပုံပမာအရ ခင်ဗျား ဖင်ခုထိုင်ထားတဲ့၊ ခင်ဗျားကိုယ်တိုင် ပြန်ကြည့်ရမယ့် ထင်းရှူသေတ္တာလေးမှာ ကိုယ့်ဘာသာ ပြန်ခွာကြည့်ဖို့ပဲ။ ဒီပုံပမာမှာ ထင်းရှူး သေတ္တာလို့ ဆိုပေမယ့် တကယ်က ခင်ဗျားကိုယ်ခင်ဗျား ပြန်ကြည့်ဖို့ကို ဆို လိုပါတယ်။ ခင်ဗျား ရုပ်ခန္ဓာ၊ ခင်ဗျား နာမ်ခန္ဓာ ၊ ခင်ဗျား ဘဝ၊ ခင်ဗျား အသိအမြင် ဒါသာလျှင် ခင်ဗျားရဲ့ အရှင်သခင်၊ ခင်ဗျားရဲ့ ရတနာ၊ ထင်းရှူးသေတ္တာဖြစ်ပါတယ်။ ဆွဲခွဲနိုင်ဖို့တော့ အခြားမလို၊ သတ္တိနည်းနည်းနဲ့ မြင်ကြည့်ဖို့သာလိုတယ်။
ဒါ့ကြောင့် စင်စစ် အသိအမြင်ရှိပြီးကြသူတွေ၊ ရှေးသူတော်စင်တို့အနေနဲ့ ခင်ဗျား အဲ့လို တောင်းခံနေရင် ပြောမယ့်စကား က…
“ခင်ဗျား ထိုင်နေတဲ့ သေတ္တာအစုတ်ကို ဆွဲခွာကြည့်ပါဦး။ အခြားမှာ အချိန်ကုန်ခံပြီး တောင်း မနေပါနဲ့။ ကျုပ်ဆီမှာလည်း လာ မတောင်းနဲ့။ ကျုပ်ပေးလည်း အလကား။ အကြွေ တကျပ် တပြားကို အခြားတနေရာကလည်း မျှော်လင့်မနေပါနဲ့။ ကျုပ်တင်မကလို့ အခြားသူ ဘယ်သူက ဘယ်လောက်ပေးနေနေ ခင်ဗျားအတွက် ရရစားစား ဝါးဝါးမျိုမျိုပဲ ဖြစ်နေမယ်။ ဒီနေ့ တောင်းသလို၊ နောက်နေ့တွေလည်း တောင်းနေရဦးမယ်။ အခု သူတောင်းစားဖြစ်သလို၊ နောက်နေ့လည်း သူ တောင်းစားပဲ။ ဒီလို အကြွေ တကျပ်တပြားကို တောင်းစားနေသရွေ့ ခင်ဗျား ဒီသူတောင်းစားဘဝက ဘယ်တော့ လွတ်မလဲ။ စင်စစ် တောင်းစားစရာ လိုအပ်မနေဘူးရယ်။ ဒီဘဝက လွတ်အောင် ကျုပ်ပြောမယ်။ ခင်ဗျား အခု ထိုင်နေတဲ့ နေ ရာမှာ ရတနာရှိပါတယ်။ ခင်ဗျားအတွက် ရတနာဟာ ကာလ တော်တော်ကြာကြာကတည်းက မသိမမြင် ဖယ်ထားတဲ့ ခင်ဗျား ကိုယ်မှာ ရှိနေပြီးသားပဲ။”
ဒါပေတဲ့ သူတို့က အဲ့လိုပြောသည့်တိုင် ကျနော်တို့ ခင်ဗျားတို့ လွယ်လွယ်ကူကူ လက်ခံနိုင်ဖို့ ခက်နေမယ်။ တောင်းရတာ အကျင့် ပါနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါထက်ပိုပြီး ဖြစ်ကောင်း ဖြစ်နိုင်တာက “ကျုပ် သူတောင်းစား မဟုတ်ဘူး”လို့ ခင်ဗျား ငြင်းဆန်နေနိုင်တယ်။ ပြန်ပြော နေနိုင်ပါတယ်။ တခါတလေ “ကျုပ်ကိုများ သူတောင်းစား ပြောရလား” ဆို ခင်ဗျား ရှူးရှူးရှားရှား ထဖြစ်နိုင်သေးတယ်။
စင်စစ် ဒီနေရာမှာသုံးတဲ့ “သူတောင်းစား” ဆိုတာဟာ “အလိုဆန္ဒ အထပ်ထပ်တက်နေသူ၊ ဘယ်အချိန်မှာမှ ပြည့်ဝ မနေ နိုင်သူ၊ ချမ်းမြေ့ ကြည်လင်မှုမရှိဘဲ အမြဲတစေ လစ်ဟာလိုအပ်နေသူ” လို့ ဆိုလိုတယ်။ အဲ့ဒီလူဟာ တိုက်တာ၊ ခြံမြေ ရှိ နေနိုင်တယ်။ အိုးအိမ်၊ စည်းစိမ် ပြည့်စုံ နေနိုင်တယ်။ ရုပ်ပိုင်းပစ္စည်း လိုလေသေးမရှိ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြည့်ဝနှစ်သိမ့် မနေနိုင် သရွေ့၊ လစ်ဟာလိုအပ်နေသရွေ့ သူဟာ သူတောင်းစားပဲ။ ခင်ဗျား ရင်ထဲမကြည်လင်ဘူး မ ချမ်းမြေ့ဘူး ဒါဆို ခင်ဗျား သူတောင်းစားပဲ။ ကျနော် သန္တာန်ထဲ ကြည်လင်မနေဘူး ချမ်းမြေ့မှု မရှိဘူး ဒါဆို ကျနော်လည်း သူတောင်းစားပဲ။ တခုခုကိုတော့ အစဉ်အမြဲ မျှော်လင့်တောင်းခံနေရတယ်။ ကိုယ့်ရင်ထဲက မျှော်မှန်းချက်အတွက် မနက်ဖြန်ကို မျှော်နေရမယ်။ အဲ့လို မျှော်နေတယ် ဆိုကတည်းက အဲ့ဒီ မျှော်နေသူဟာ သူတောင်းစား သက်သက်ကလွဲလို့ ဘာ မှမဖြစ်နိုင်ဘူးရယ်။
အဲ့ဒီအတွက် မိမိကိုယ်ကိုယ် ပြည့်ဝအောင်နှစ်သိမ့်နေဖို့၊ ဒီဘဝကို အဆုံးသတ်ဖို့ ဆိုတာ မိမိ သန္တာန်စဉ်ကို မိမိကိုယ်တိုင် အမှန်မြင်ဖို့လိုပါတယ်။ မိမိသေတ္တာကို မိမိဘာသာ စွဲခွာကြည့်ရ ပါလိမ့်မယ်။ မိမိရဲ့ အဖြစ်ကို မိမိ ပြန်မမြင်နိုင်သူအတွက် ဘယ်အခါမှ နှစ်သိမ့်ပြည့်ဝနေမှာ မဟုတ် ဘူးရယ်။ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့ အခုလက်ရှိကို ပစ်ပယ် ထားနေဦးမယ်။ အဲ့အတွက် သူ့သန္တာန်ဟာ ကြည်လင်မှု မရှိသလို ချမ်းမြေ့မှုလည်း ရှိမနေနိုင်ဘူး။ ချမ်းမြေ့ မနေခြင်းဟာ တစုံတခု လစ်ဟာနေကြောင်း၊ လိုအပ်နေကြောင်း ပြဆိုနေတာသက်သက်။
အဲ့ဒီအချိန်မှာ ခင်ဗျား
သန္တာန်ထဲ တောင့်တနေတဲ့စိတ် ဖြစ်နေမယ်။ အခုခဏအတိုင်း မတည်တံ့ နိုင်တဲ့စိတ်၊ မမြင်နိုင်တဲ့
ခင်ဗျားရဲ့အဖြစ်သာ ရှိနေတယ်။ ဒီလို မိမိ ခဏအပေါ် မမြင်နိုင်ခြင်း အကြောင်း ကြောင့်သာ
စိတ်ထင်ရာ အတိတ်၊ အနာဂတ်ကို ပြေးလွှားတမ်းတနေရတယ်။ ဒါဟာ သမားရိုး ကျ သူတောင်းစား ပုဂ္ဂိုလ်တဦးရဲ့
မြင်နေကျ တွေ့နေကျ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနိမိတ်ပုံ အတွင်းက သူတောင်းစားဟာ အချိန်ပြည့် တခုမဟုတ်တခု လိုလားနေသူ (တနည်း) သန္တိ မရှိနိုင်သူကို ကိုယ်စားပြုတယ်။ ခင်ဗျားအတွက် စင်စစ် ဘယ်အရာကိုမှ သွားတောင်းနေဖို့ မဟုတ်ဘူး။ ခင်ဗျား အခုထိုင်နေတဲ့ ထင်ရှူးသေတ္တာကို ဆွဲခွာနိုင်ဖို့က အဓိကအကျဆုံးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကနေ ကနေ့အထိ ပညာရှိ အဆက် ဆက်တို့ လက်ညှိုးထိုး ပြခဲ့တဲ့ အရာဟာလည်း ဒီအရာပဲ မဟုတ်လား။ ထင်းရှူးပုံးက ပုံပမာ သက်သက်ပါ။
ဆိုလိုတဲ့ အဓိ ကက ခင်ဗျား
ရုပ်၊ နာမ်စဉ် အားလုံး ဆွဲခွာပစ်ချနိုင်ဖို့ပဲ။ အဲ့ဒီအခါ ခင်ဗျားရဲ့ အတွင်းမှာ တကြိမ်တခါမှ
မမြင်ခဲ့ရဖူးမယ့် ရွှေစင်စစ်ကို တွေ့နိုင်မယ်။ ဒါကို ဘုရားသခင်လို့ ခေါ်ခေါ်၊ ချမ်းမြေ့မှု
သန္တိလို့ ခေါ်ခေါ်၊ သုညတလို့ ခေါ်ခေါ် ကြိုက်ရာ ခေါ်နိုင်တယ်။ ခင်ဗျား ဘယ်လို အမည်တပ်တပ်
ခင်ဗျား ဖြစ်တည်သမျှ စင်စစ် ငြိမ်းအေးသွားတော့တယ်။ တောင်းရမ်း နေရသမျှ ခင်ဗျားလုပ်ငန်းစဉ်
အားလုံး ရပ်တန့်သွားတယ်။ ခင်ဗျားအဲ့ဒါကို သိနိုင်တယ်။
ဒါပေတဲ့ ဒီလိုအကြောင်းအရာကို ဒီလိုရှင်းပြသည့်တိုင် လက်ရှိ သူတောင်းစားအများစုက တောင်းဖို့သာ အာသီသရှိပါတယ်။ မိမိ ထင်းရှူးသေတ္တာကို ဆွဲခွာမပစ်နိုင်ဘူး။ အချို့အတွက် ဆွဲခွာပစ်ဖို့ အားအစွမ်းမရှိတာ ဖြစ်သလို၊ အချို့က ကိုယ့်သေတ္တာ ကိုယ်ခွာကြည့်ဖို့ ဘူးပိတ် ငြင်းဆန်နေမယ်။ အချို့အတွက်ဆို ကိုယ့်ထင်းရှူးသေတ္တာကိုတောင် ကိုယ်ပြန် မမြင်နိုင်ကြဘူးလို့ ဆိုပါတယ်။
(http://www.naytthit.net/?p=25318 မှ ကူးယူဖေါ်ပြပါသည်)