Wednesday, April 6, 2011

ကြင်နာမှုရှိ မရှိ၊ သေခါမှသိ

ကြင်နာမှုရှိ မရှိ၊ သေခါမှသိ

လူရယ်လို့ဖြစ်လာလျှင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေရမည်ကား မုချပင်တည်း။ မိဘ ဆွေမျိုး ညီအစ်ကို မောင်နှစ်မ မိတ်ဆွေ သူငယ်ချင်းအားလုံး မည်သူမျှ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။ သို့သော် ထိုသို့သေသွားရာ၌ ကြိုတင်ပြင်ဆင်မှု မရှိဘဲ သေခဲ့ရလျှင် (သို့မဟုတ်) မသေခင်က ကြိုတင်၍ ကုသိုယ် ကောင်းမှု ရိက္ခာထုပ်များ ကြိုတင်ကာ လုံလုံလောက်လောက် မထုပ်ခဲ့ရလျှင် သေသွားသောအခါ ထောက်တည်ရာမဲ့၊ အားကိုးရာမဲ့ ဖြစ်ရတတ်၏။ ထိုသဘောကို သိသာစေရန် “ရေဗူးနှင့် ဘိနပ်မပါလျှင် နွေခါမှသိမည်။ ဒါနနှင့် သီလမပါလျှင် သေခါမှသိမည်” ဟူ၍ ရှေးဆရာတော်ကြီးများက ဆုံးမခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် တစ်ခုတည်းသာ မျှော်လင့်စရာ ရှိတော့၏။ ထိုအရာကား တစ်ခြားမဟုတ်။ ကျန်ရစ်ခဲ့ကြေသော ဆွေမျိုးသားချင်းများ၏ ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတန်း ပေးဝေမှုကိုသာ စောင့်စား မျှော်လင့်စရာလင့်စရာ ရှိတော့သည်။

အကူအညီကို မျှော်လင့်နေရသောဘုံဘ၀။ ။

ဤနေရာ၌ ဆောင်းပါးခေါင်းစဉ်ဖြင့် ရည်ညွှန်းဆိုလိုသော အကြောင်းအရာမှာ ပေတဂတိခေါ် မကျွတ်မလွတ်သော ဘုံဘ၀အကြောင်းကို ဆွေနွေးတင်ပြလိုရင်း ဖြစ်ပါ၏။ ထပ်မံချဲ့ပြရသော်… သေသည်၏ အခြားမဲ့၌ ရောက်ရမည့်ဘ၀၊ လားရာအရပ် ဂတိကား (၅)မျိုး ရှိပါ၏။

၁။နိရယဂတိ=ငရဲဘုံဘ၀။

၂။တိရစ္ဆာနဂတိ=တိရစ္ဆာန်ဘုံဘ၀။

၃။ပေတဂတိ=မကျွတ်မလွတ်သော ဘုံဘ၀ဟူသော ပြိတ္တာဘုံဘဝ

၎။မနုဿဂတိ=လူဘ၀။

၅။ဒေ၀ဂတိ=နတ်ဘ၀၊ ဗြဟ္မာဘ၀တို့ ဖြစ်ကြပါ၏။

ထို(၅)မျိုးတို့တွင် ဤခေါင်းစဉ်ဖြင့် ဝေဖန်ထောက်ပြလိုသော အကြောင်းအရာမှာ ပေတဂတိ= မကျွတ်မလွတ်သော ဘုံဘ၀ဟူသော ပြိတ္တာဘုံဘ၀ကိုသာ ဆိုလိုရင်း ဖြစ်ပါ၏။ ကျန်သော ဘုံဘ၀တို့ကို မဆိုလိုပါ။ အဘယ့်ကြောင့်နည်း။ ၁။နိရယဂတိ=ငရဲဘုံဘ၀နှင့် ၂။တိရစ္ဆာနဂတိ= တိရစ္ဆာာန်ဘုံဘ၀ တို့သည် သူတို့၏အကုသိုလ်ကံက ကြီးလေးလွန်း၍ ထိုအကုသိုလ်ကံ၏ ဆိုးကျိုးကို တိုက်ရိုက် ခံစားရသောကြောင့် အမျှအတန်း ပေးဝေခြင်းနည်းဖြင့်လည်း ကယ်၍မရနိုင်ပါ။ ၄။မနုဿဂတိ=လူဘ၀နှင့် ၅။ဒေ၀ဂတိ=နတ်ဘ၀၊ ဗြဟ္မာဘ၀တို့သည်လည်း သူတို့ ပြုခဲ့သောကုသိုလ်ကောင်းမှု၏ ပြည့်ဝသော ကောင်းကျိုးကို တိုက်ရိုက် ခံစားရသောကြောင့် အမျှအတန်းပေးဝေခြင်းနည်းဖြင့်လည်း အကူအညီပေးရန် မလိုအပ်တော့ပါ။ ထိုကြောင့် ဤခေါင်းစဉ်ဖြင့် စာရေးသူ သုံးသပ်လိုသော ကြောင်းအရာမှာ ၃။ပေတဂတိ=မကျွတ်မလွတ်သော ဘုံဘ၀ဟူသော ပြိတ္တာဘုံဘ၀နှင့် ထိုဘုံဘ၀သို့ မတော်တဆ ရောက်ခဲ့ကြသော ဆွေမျိုးများ၊ ညီအစ်ကိုမောင်နှစ်မများ၊ မိဘများ၊ သူငယ်ချင်းများကို မည်သို့ မည်ပုံ အကူသီပေးရမလဲ။ မည်သို့သောနည်းဖြင့် ကယ်တင်ရမလဲ ဟူသော နည်းလမ်းပင် ဖြစ်ပါ၏။

မိဘတို့၏ နောက်ဆုံးမျှော်လင့်ချက်။ ။

ဤနေရာတွင် ထင်ရှားစေရန် သိင်္ဂါလောဝါဒသုတ်တွင် ဗုဒ္ဓဟောခဲ့သော သားသမီးဝတ္တရား (၅) ပါး၊ သို့မဟုတ် မာတာပိတုသုတ်တွင် ဗုဒ္ဓဟောခဲ့သော မိဘတို့၏ မျှော်လင့်ချက်(၅)မျိုးကို အနည်းငယ် တင်ပြပါဦးးမည်။ ထို(၂)မျိုးသည် နာမည်သာ ကွာခြားသော်လည်း အဓိပ္ပါယ်မှာ အတူတူပင် ဖြစ်ပါ၏။ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့သာ။” ဟူသော(၅)ပါးတို့တွင် အမှတ်စဉ်(၅) ‘လှူမျှဝေ၍’ မှတစ်ပါး ကျန်(၄) ပါးတို့သည် မိဘများ အသက်ရှင်စဉ်ဝယ် ပြုစုလုပ်ကျွေး ကျေးဇူးဆပ်၍ ရသော ၀တ္တရား ဖြစ်ပါ၏။ အမှတ်စဉ်(၅) ‘လှူမျှဝေ၍’ ကား မိဘများ သေလွန်ပြီး ဘ၀တစ်ပါးသို့ ပြောင်းသွားချိန်မှသာ ပြုလုပ်၍ရ၊ ကျေးဇူး ပေးဆပ်၍ ရသည့် ၀တ္တရားဖြစ်ပါ၏။ မိဘတို့၏ အနှိုင်းမဲ့ ကျေးဇူးကြွေးကို နောက်ဆုံး ပေးဆပ်ရမည့် ၀တ္တရားဖြစ်သလို၊ မိဘတို့၏ သားသမီးတို့အပေါ် မျှော်လင့်တောင့်တခဲ့သော မျှော်လင့်ချက်(၅)မျိုးမှ နောက်ဆုံး မျှော်လင့်ချက်ကို ဖြည်ဆည်းပေးခြင်းလည်း မည်ပါသည်။

အဘယ့်ကြောင့် ဘုရားရှင် ကိုတော်မြတ်ကြီးသည် “မိဘများ သေလွန်သောအခါ ကျန်ရစ်သော သားသမီးများက ကုသိုလ် ကောင်းမှု ပြုလုပ်ပြီး အမျှအတန်း ပေးဝေရမည်” ဟူသော ၀တ္တရားကို သတ်မှတ်ခဲ့ရပါသနည်း။ သုံးသပ် ဝေဘန်ကြည့်ကြပါစို့။

မိဘများသည် ယေဘုယျအားဖြင့် အရိယာပုဂ္ဂိုလ်များ မဟုတ်ကြ။ တရားထူး မရကြသေးသော ပုထုဇဉ်များသာ ဖြစ်ကြ၏။ မိဘတိုင်းသည် သားသမီးများအပေါ် သံယောဇဉ် ကြီးကြသည်မှာလည်း အထူးပြောဖွယ် လိုမည် မထင်ပါပေ။ ဇနီး မယား သံယောဇဉ်၊ သမီး သား သံယောဇဉ်၊ ပစ္စည်း ဥစ္စာ သံယောဇဉ် စသည်ဖြင့် သံယောဇဉ် အနှောင် အဖွဲ့တို့မှ မလွတ်မြောက်နိုင်ကြသေး၍ အစွဲအလန်းကြီးကြသည်မှာ အပြစ် မဆိုသာချေ။ ထို့ကြောင့် သေခါနီးအချိန်ဝယ် ဇနီးမယား သံယောဇဉ်၊ သမီးသား သံယောဇဉ်၊ ပစ္စည်း ဥစ္စာ သံယောဇဉ် စသည်တို့တွင် တစ်ခုခုကို စွဲလန်းပြီး သေလွန်သွားခဲ့မည် ဆိုလျှင် မကျွတ်မလွတ်သော ဘုံဘ၀ဟူသော (ပေတဂတိ) ပြိတ္တာ ဘုံဘ၀သို့ မုချကျိန်းသေ ရောက်ရမည်မှာ မလွဲပင်တည်း။

ထိုပြိတ္တာ ဘုံဘ၀သည် စားရမဲ့ သောက်ရမဲ့ ဘ၀ဖြစ်သလို ကိုယ်တိုင် အလုပ်လုပ်၍ ရှာဖွေပြီး စားသောက်၍ ရသော ဘ၀မဟုတ်။ ၀တ်စရာ၊ စားစရာ မရှိ၍ ကျန်ရစ်ခဲ့ကြသော သား သမီးများက “ရော့ ယူပါ စားပါ” ဟူ၍ တိုက်ရိုက် ပေး၍လည်း ရသောဘ၀ မဟုတ်ပေ။ အကယ်၍ ထိုဘုံဘ၀သို့ ရောက်ရှိသွားခဲ့လျှင် ထိုဘုံဘ၀မှ လွတ်မြောက်ရန် အတွက်သော်လည်းကောင်း၊ ထိုဘုံဘ၀၌ ကောင်းကောင်းမွန်မွန် နေထိုင် စားသောက်ရန် အတွက်သော်လည်းကောင်း၊ ကိုယ့်အားကို ကိုယ်ကိုးကာ ကိုယ်တိုင် ကိုယ်ကျ ပြူလုပ်၍ မရသော အခြေအနေ ဖြစ်ပါ၏။ ဆက်သွယ်ကူညီ၍ ရသော နည်းလမ်းကား တစ်မျိုးသာ ရှိ၏။ ယင်းနည်းလမ်းကား အခြားမဟုတ်။ ဘုရား အမှူးရှိသော သံဃာတော် အရှင်မြတ်တို့ကို ဖြစ်စေ၊ အခြားသော အလှူခံ ပုဂ္ဂိုလ်တို့ကို ဖြစ်စေ၊ အ၀တ်အထည်၊ အစားအသောက် စသည် (ပြိတ္တာ ဘုံဘ၀သို့ ရောက်သောသူ လိုအပ်သော ပစ္စည်း၊ အစားအသောက်၊ အနေအထိုင်၊ အိပ်ယာနေရာ ) တို့ကို လှူဒါန်း ပေးကမ်း၍ ထိုကုသိုလ် ကောင်းမှု၏ အဖို့ဘာဂကို အမျှအတန်း ပေးဝေခြင်း၊ ထိုကုသိုလ်အမျှကို ပြိတ္တာ ဘုံဘ၀သို့ ရောက်သော သူက သာဓု ခေါ်ဆိုခြင်းဖြင့်သာလျှင် ပေးနိုင်၊ ရယူနိုင်ပါ၏။ ဤနည်းလမ်းဖြင့်သာလျှင် ကယ်တင်နိုင်မည် ဖြစ်ပါသည်။

ထိုသို့သော အခြေအနေကို ဘုရားရှင်က သိမြင်သဘောပေါက်သလို၊ ထိုသို့ အမျှပေးဝေခြင်း၊ သာဓုခေါ် ခြင်းဖြင့် ထိုပြိတ္တာ ဘုံဘ၀မှ တစ်ချို့လွတ်မြောက်ကြ၍ တစ်ချို့မှာ ထိုဘ၀၀ယ် ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး များပြားသော စည်စိမ် ချမ်းသာကို ရရှိကြောင်း တွေ့မြင်တော်မူ၍ မိဘများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဘ၀တစ်ပါး ပြောင်းသွား သေလွန်သောအခါ ကျန်ရစ်သော သားသမီးတို့က ထိုမိဘတို့အား ရည်စူး၍ ကုသိုလ် ကောင်းမှု ပြုလုပ်ခြင်း၊ အမျှအတန်း ပေးဝေခြင်း အလုပ်ကို မဖြစ်မနေ ပြုလုပ်ရမည့် အလုပ် (၀တ္တရား) အဖြစ် သတ်မှတ်ကာ သားသမီး ၀တ္တရား (၅) ပါးတွင် ထည့်သွင်း၍ ဘုရားရှင်က ဟောကြား တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ပတ္တိဒါန အမည်ရ။ ။

ဤသို့မိမိပြုသမျှ ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို အမျှပေးဝေခြင်းသည် ပုညကြိယာ (၁၀)ပါး တို့တွင် ပတ္တိဒါနကုသိုလ်ကို ပြုလုပ်ခြင်းလည်းမည်းပါ၏။ ထိုသို့မျှဝေပေးခြင်းကြောင့် မိမိမှာရှိသော ကုသိုလ်ကောင်းမှုသည် ယုတ်လျော့မသွားဘဲ၊ ပိုမို၍ တိုးပွါးလာခြင်းဖြစ်ကြောင်း သဘောပေါက် ထားသင့်ပါ၏။ ကျမ်းဂန်များတွင် ဥပမာ သာဓကကို ဤသို့ပြဆိုကြ၏။ ဆီမီး (သို့မဟုတ်) ဖယောင်းတိုင်မီး တစ်ခုမှ တစ်ခုသို့ မီးများကူးယူထွန်းညှိသောအခါ မူလပထမ ဆီမီး၊ ဖယောင်တိုင်မီးသည် အဆင့်ဆင့်ကူးယူခံရသောကြောင့် မီးအရှိန်သည် ယုတ်လျော့သွားသည် မဟုတ်ပေ။ အလင်းရောင်သည် ပိုမို၍ တိုးလာမြဲသာတည်း။

ဤနေရာ၌ ပတ္တိဒါန၏ အဓိပ္ပါယ်ကို ထင်ရှားစွာသိစေရန် ပုညကြိယာ(၁၀)ပါးကို ရှင်းပြပါမည်။

ပုညကြိရိယာဝတ္ထု (၁၀)ပါး ။ ။

ဘေးအန္တရာယ်ကင်းခြင်း၊ ချမ်းသာခြင်းအကျိုးတရားတို့ကို ရရှိစေတတ်သောကြောင့် ပုညကြိရိယာဝတ္ထု (၁၀)ပါးဟုခေါ်ပါသည်။ ကုသိုလ်ကောင်းမှု (၁၀)မျိုးဟုလည်း အမည်တွင်ပါသည်။

ပုည၊ ကုသိုလ်ကောင်းမှု။ ကြိရိယ၊ ပြုလုပ်ခြင်း။ ၀တ္ထု၊ ကောင်းကျိုးဖြစ်စေသောအရာများ။

ပုညကြိရိယာဝတ္ထု =ဘေးန္တရာယ်ကင်းခြင်း၊ ကောင်းကျိုးချမ်းသာ ဖြစ်စေခြင်းဟူသော အကျိုးကိုဖြစ်စေတတ်သော ကုသိုလ်ကောင်းမှုတရားများ။

ဘေးန္တရာယ်ကင်းခြင်း၊ ကောင်းကျိုးချမ်းသာ ဖြစ်စေခြင်းဟူသော အခြေခံ အကျိုးတရားမှသည် ကိုယ် စိတ်နှစ်ဖြာ ငြိမ်းအေးစေနိုင်သည့် နိဗ္ဗာန်သို့တိုင် ရောက်ရှိစေနိုင်ပြီး၊ ပါရမီကုသိုလ်များ ဖြစ်သောကြောင့် “ပုညကြိရိယာဝတ္ထု” ဟုခေါ်ပါသည်။

၁။ ဒါန၊ ပေးကမ်းလှူဒါန်းခြင်း။

၂။ သီလ၊ စောင့်ထိန်းခြင်း၊ ရှောင်ကြဉ်ခြင်း။ (၅ ပါးသီလ၊ ဂပါးသီလ၊ ၉ပါးသီလ စသည်)

၃။ ဘာဝနာ၊ ပွါးများအားထုတ်ခြင်း။ (သမထ၊ ၀ိပဿနာ စသည်)

၎။ အပစာယန၊ ရိုသေထိုက်သူကို ရိုသေခြင်း။ (ရတနာ၃ပါး၊ မိဘ၊ ဆရာ၊ အသက်ကြီးသူ၊ ဂုဏ်ကြီးသူ။)

၅။ ဝေယျာဝစ္စ၊ အကူအညီလိုအပ်သူများကို ကူညီခြင်း နှင့် ရတနာ၃ပါး၊ မိဘ၊ ဆရာတို့၏ အလုပ်ကို ကူညီ ဆောင်ရွက်ပေးခြင်း။

၆။ ပတ္တိဒါန၊ မိမိပြုလုပ်သော ကုသိုလ်ကောင်းမှု၏ အဖို့ကို မိဘဘိုးဘွား ဆွေမျိုးညီအစ်ကို မောင်နှစ်မ မိတ်ဆွေ သူငယ်ချင်းမှစ၍ (၃၁)ဘုံ၌ ကျင်လည်ကြကုန်သော လုံးစုံများစွာ သတ္တ၀ါအပေါင်းတို့အား အမျှဝေခြင်း။

၇။ပတ္တာနုမောဒနာ၊ သူတစ်ပါးပြုလုပ်သော ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း။

၈။ ဓမ္မဿဝန၊ တရားနာယူခြင်း၊ တရားစာဖတ်ခြင်း။ တရားဆွေးနွေးခြင်း။

၉။ ဓမ္မဒေသနာ၊ တရားဟောပြောခြင်း။ တရားစာရေးခြင်း။

၁၀။ ဒိဋ္ဌိဇုကမ္မ၊ အယူဖြောင့်မတ် မှန်ကန်ခြင်း။ (ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ရှိခြင်း။) တို့ဖြစ်ကြပါသည်။

ဗိမ္ဗိသာရမင်းနှင့် သူ၏ဆွေမျိုးပြိတ္တာများ။ ။

ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်နှင့် သံဃာတော်အရှင်တို့အတွက် ကျောင်းဆောက်လုပ်ကာ လှူဒါန်းပွဲ ပြီးဆုံးသည့်နေ့ညတွင် နန်းတော်တွင်း၌ အသံအမျိုးမျိုးဖြင့် ခြောက်ခြားစေခဲ့၏။ “အဘယ့်ကြောင့် မမြင်ရသောသူတို့၏ အသံများသည် နန်းတော်တွင်းသို့ လာရောက်ကာ ခြောက်ခြားစေခဲ့ကြသနည်း”ဟု ပုရောဟိတ် ပုဏ္ဏားများကို မေးမြန်းသော်လည်း တိကျသော အဖြေကို မရရှိခဲ့ပေ။

နောက်ဆုံးတွင် မြတ်စွာဘုရားရှင်ကို လျှောက်ထားမေးမြန်းသောအခါ မြတ်စွာဘုရားရှင်က “ထိုအသံများကား အခြားမဟုတ်။ ရှေးအတိတ်ဘ၀က တော်စပ်ခဲ့ကြသော သင်၏ ဆွေမျိုးပြိတ္တာတို့၏ အသံများ ဖြစ်ပါ၏်။ သူတို့က သင်ကျောင်းဆောက်လုပ်ပြီး လှူဒါန်းပွဲတွင် အမျှပေးဝေသောအခါ သာဓုခေါ်ကြရန် စောင့်မျှော်နေကြသော်လည်း သင်က အမျှမပေးဝေ၍ အသံမျိုးစုံပေးကာ သတိပေးခြင်း ဖြစ်ပါသည်” ဟု ရှင်းလင်းဟောပြခဲ့လေသည်။ အကြောင်းစုံကို ဗိမ္ဗိသာရမင်းကြီး သိသောအခါ နောက်ရက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်များကို နန်းတော်သို့ ပင့်ဖိတ်ကာ အလှူဒါန ထပ်မံပြုလုပ်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ရပါ၏။ ဆွေမျိုးဟောင်း ပြိတ္တာတို့သည်လည်း ထိုကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို သာဓုခေါ်ဆိုပြီးနောက် ထိုပြိတ္တာဘုံဘ၀မှ လွတ်မြောက်ခဲ့ရလေသည်။

ဗုဒ္ဓဘာသာနည်းအရ အမျှပေးဝေရန်တောင်းဆိုလာမှု (၁) ။

ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံတွင် ဤသို့သော သာဓက အဖြစ်အပျက်များစွာ ရှိခဲ့ကြပါ၏။ စာပေအသွင် မှတ်တမ်းတင်ခဲ့ကြသည်များလည်း အများစုပင် တွေ့ဖူး ဖတ်ဖူးကြပေလိမ့်မည်။ သို့ဖြစ်၍ မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို မဆွေးနွေးတော့ပေ။ မဟာယာန ဗုဒ္ဓဘာသာထွန်ကားရာ ထိုင်ဝမ်နိုင်ငံမှ အဖြစ်အပျက် သာဓကများကို ထုတ်နှုတ်တင်ပြပါဦးမည်။ ထိုင်ဝမ်တွင် နှစ်ပေါင်း(၂၀)ကြာ နေထိုင်သာသနာပြုလာသော တရုတ်မြန်မာဘုရားကျောင်းမှ ဆရာတော်ဦးပညာဇောတက ဤအဖြစ်အပျက်ကို မကြာမကြာ ဟောပြောလေ့ရှိသော သက်သေသာဓကပင် ဖြစ်ပါ၏။ ထိုင်ဝမ်တွင် မြန်မာသင်္ဘောသားတစ်ယောက် သင်္ဘောနစ်ကာ သေဆုံသေဆုံးသွားခဲ့၏။ ထိုင်ဝမ်တွင် သူ၏ အစ်မတစ်ယောက်ရှိပြီး၊ ထိုအစ်မသည် မဟာယာန ဗုဒ္ဓဘာသာဝင် ထိုင်ဝမ်လူမျိုးနှင့် အိမ်ထောင်ကျသူဖြစ်၏။ တစ်နေ့တွင် သေဆုံးသွားသော မောင်သင်္ဘောသားက သူ့အတွက် ကုသိုလ်ကောင်းမှုပြုကာ အမျှပေးဝေရန် အိပ်မက်ပေးကာ တောင်းဆိုလာ၏။

ထို့ကြောင့် အစ်မဖြစ်သူလင်းမယား(၂)ယောက်သည် တရုတ်ဘုရားကျောင်းသို့ သွားကာ ကုသိုလ်ပြု အမွေးတိုင်ပူဇော်ပြီး ဆုတောင်းပေးနေစဉ် အစ်မဖြစ်သူ၏ ယောက်ျား(တရုတ်)သည် လူအများကြားတွင် ချက်ချင်း ပစ်လဲကြသွားပြီး၊ သတိမရတော့ပေ။ မောင်ဖြစ်သူက ၀င်ပူးကာ ပြောကြားလာ၏။ “ငါ့အတွက် တရုတ်နည်းနှင့်လုပ်မပေးပါနဲ့။ နားမလည်ဘူး။ ကျုံးဟိုမြို့မှာ မြန်မာဘုန်းကြီးကျောင်း ရှိတယ်။ အဲဒီကို သွားပြီး၊ မြန်မာနည်းနဲ့ ကုသိုလ်ကောင်းမှုပြုပြီး၊ အမျှပေးဝေပေးပါ။” ဟူ၏။ သို့သော် အစ်မဖြစ်သူ၏ ယောက်ျားသည် ပြန်လည်၍ ကျန်းမာရေးကောင်းမလာကြောင့် ဆေးရုံ အရေးပေါ်ဋ္ဌာနသို့ တင်ပို့လိုက်ရ၏။ အစ်မဖြစ်သူလည်း မလုပ်မဖြစ်တော့၍ မြန်မာကျောင်းသို့ ရောက်လာကာ ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့အား ဆွမ်း သင်္ကန်းစသည်တို့ကို လှူဒါန်းကာ မောင်ဖြစ်သူအတွက် အမျှပေးဝေခဲ့၏။ ထိုသို့ကုသိုလ်ကောင်းမှုပြု အမျှပေးဝေပြီးသည်နှင့် အစ်မ၏ယောက်ျားလည်း ကျန်းမာလာကာ ဆေးရုံမှ ချက်ခြင်းဆင်းလာခဲ့ရလေသည်။ှ

ဤသာဓကတွင် အစ်မဖြစ်သူက သူ့အတွက် ကုသိုလ်ပြုလုပ်ကာ အမျှမပေးဝေမှာကို စိုးရမ်သောကြောင့် အစ်မယောက်ျားကို ၀င်ပူးကာ မကျန်းမမာဖြစ်အောင် ပြုလုပ်ပြီး၊ အစ်မဖြစ်သူကို ကုသိုလ်ပြုလုပ်၍ အမျှပေးဝေစေရန် သေဆုံးသွားသော မောင်ဖြစ်သူက ဖိအားပေးကာ စေခိုင်းခဲ့ခြင်းပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာနည်းအရ အမျှပေးဝေရန်တောင်းဆိုလာမှု (၂)။

ယခုတင်ပြလိုသော သာဓကမှာ ထိုင်ဝမ်နိုင်ငံ၊ ထူချန်မြို့မှာ နေထိုင်လျက်ရှိသော အထက်တန်းကျောင်းသူလေး တစ်ယောက်၏ အတွေ့အကြုံဖြစ်ပါ၏။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေဆိုရန် နီးကပ်လာချိန်တွင် သူမ၏ ကျန်းမာရေးမှာ ချွတ်ယွင်းလာကာ ရောဂါမှာလည်း တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲကာ ဖြစ်ပေါ်နေတော့၏။ ယခင်က ဒေါင်ဒေါင်မြည်အောင် ကျန်းမာရေး ကောင်းမွန်ခဲ့သော သူမသည် စာမေးပွဲနီးကာမှ အခက်ကြုံရတော့၏။ ဆေးခန်းသို့ မကြာမကြာသွားကာ ဆရာဝန်နှင့် ကုသသော်လည်း ထူးခြားမလာခဲ့ပေ။

တစ်နေ့သောညတွင် ကျောင်းနေဖက်သူငယ်ချင်းကို အိပ်မက်ထဲတွင် တွေ့ရ၏။ ထိုသူငယ်ချင်းသည် သေဆုံးသွားသည်မှာ (၄)နှစ် (၅)နှစ်ပင် ကြာမြင့်ခဲ့ပေပြီ။ ယခင်က တစ်ခါမျှ အိပ်မက် မမက်ဘူးဘဲ၊ ယခုမှ အဘယ့်ကြောင့် အိပ်မက်မက်ရသနည်း။ ကျန်သော အိပ်မက်များ မြင်မက်ရာတွင် အိပ်ယာမှ နိုးသောအခါ မမှတ်မိတော့သည်ကများ၏။ မှတ်မိပြန်လျှင်လည်း အကုန် သတိမရ။ ဟိုတစ်စသည်တစ်စသာ မှတ်မိတော့၏။ ယခုမက်သော အိပ်မက်မှာမူ တစ်ခုမျှမေ့မသွားခဲ့။ အကုန်လုံးကို ပြန်လည် မြင်ယောင်နေ၏။ အိပ်မက်ထဲတွင် ထိုသူငယ်ချင်းက ထူးထူးခြာခြား ဘာကိုမျှ မပြောသော်လည်း သူနောက်မှ အမြဲလိုက်နေသည်။ သူ့မျက်လုံးများကို ကြည့်ရသည်မှာ အကူအညီတစ်ခုခုကို တောင်းလိုသည့်ဟန်ဟု ယူဆရ၏။ သို့သော် ဘာရယ်ဟု အတိအကျ ကောက်ချက်ချ၍ မရခဲ့ပေ။ ထိုအကြောင်းအရာသည် ပျောက်ပျက်မသွားဘဲ၊ စိတ်မှာအမြဲပေါ်နေသောကြောင့် ထိုကြောင်းကို မိဘများအား ဖွင့်ပြောကာ တိုင်ပင်ခဲ့၏။ မိဘများသည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ တိကျသော အဖြေကို မပေးနိုင်ခဲ့ပေ။ တစ်နေ့တွင် သူတို့မိသားစုအားလုံး ကျုံးလိမျြိ့ ရတနာဝါသကျောင်းသို့ ရောက်ရှိလာခဲ့၏။

ဆရာတော်အား ထိုအကြောင်းအရာကို လျှောက်ထားမေးမြန်းသော ဆရာတော်က ဤသို့အမိန့်ရှိခဲ့၏။ “ထိုသေဆုံးသွားသော ကျောင်းသူလေး၏ မိဘများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြ၍ သူ့အတွက် ကုသိုလ်ကောင်းမှုပြု အမျှပေးဝေကြမည်မဟုတ်ပေ။ ထို့ကြောင့် အမျှပေးဝေခြင်းကို အလိုရှိ၍ အကူအညီတောင်းချင်သောကြောင့်သာ နောက်မှ တစ်ကောက်ကောက် လိုက်နေခြင်းဖြစ်၏။ အနှောင့်အယှက် ပေးလို၍ မဟုတ်။ သူ့အတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး၊ အမျှပေးဝေလိုက်ပါ။ သာဓုခေါ်ပြီး သူ့ဘ၀အဆင်ပြေလျှင် သင့်ကိုလည်း တစ်ဖန် ပြန်လည် စောင့်ရှောက်ပေးပါလိမ့်မည်” ဟု အမိန့်ရှိခဲ့၏။

မိသားစုများလည်း ဆရာတော်အမိန့်ရှိသည့်အတိုင်း သံဃာတော်များကို ပင့်ဖိတ်ပြီး ကုသိုလ်ကောင်းမှုပြုကာ အဆိုပါ သေဆုံးသွားသော သူငယ်ချင်းဖြစ်သူ၏ နာမည်ကိုခေါ်၍ အမျှပေးဝေခဲ့ကြ၏။ ထိုသို့အမျှပေးဝေပြီး နောက်ရက်မှစ၍ မကြာမကြာ တစ်ရှောင်ရှောင်ဖြစ်နေသော ရောဂါဝေဒနာများလည်း ယူပစ်သလို ပျောက်သွားခဲ့၏။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကိုလည်း အခက်အခဲမရှိဘဲ၊ ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ခဲ့လေသည်။

ဤအဖြစ်အပျက်ကို သုံးသပ်ရသော် လူ့ဘ၀ရှိစဉ်က ဘယ်ဘာသာကိုကိုးကွယ် ကိုးကွယ်၊ ကုသိုလ်ကောင်းမှုကို လုပ်လုပ်၊ မလုပ်လုပ် သိပ်အရေးမကြီးဟု ဆိုနိုင်သော်လည်း သေဆုံးသွား၍ ဘ၀တစ်ပါးပြောင်းသွားပြီး ထိုပေတဂတိခေါ် ပြိတ္တာဘုံဘ၀ ရောက်သွားလျှင်ကား မိမိမှာ ကုသိုလ်ကောင်းမှုတစ်ခုမျှ မပါလျှင် နေရာမဲ့၊ စားရာမဲ့၊ သောက်ရာမဲ့ဖြစ်ကာ အကူအညီပေးမည့်သူ လိုအပ်လာ၏။ သူ့အတွက် ကုသိုလ်ပြု အမျှပေးဝေပေးမည့်သူ လိုအပ်လာခဲ့သည်။ ထိုသို့အကူအညီပေးမည့်သူ ဆွေမျိုးထဲတွင် မရှိသောကြောင့် စိတ်ကောင်းစေတနာကောင်းရှိသော သူငယ်ချင်းကို အကူအညီတောင်းလို၍ နောက်မှတစ်ကောက်ကောက်လိုက်ကာ အထက်ပါအတိုင်း အကူအညီတောင်းခြင်း ဖြစ်ပါသည်။

ခြုံ၍ဆိုရလျှင် ဤသို့သော အဖြစ်အပျက်သာဓကတို့သည် ယခင်ကလည်း ရှိခဲ့ဘူးပြီ။ ယခုခေတ်လည်း ရှိနေဆဲပင်။ နောင်တွင်လည်း ဆက်လက်ရှိနေဦးမည်သာတည်း။ သို့ဖြစ်၍ အကြင်နာတရားရှိပြီး မိဘကို ချစ်ကြသော သား သမီးမှန်သမျှ၊ မိဘတို့၏ နောက်ဆုံး မျှော်လင့်ချက်ကို ဖြည့်ဆည်း၍ နောက်ဆုံးကျေးဇူးကြွေးကို ပေးဆပ်လိုသော သားသမီးကောင်း မှန်သမျှ၊ ညီအစ်ကို မောင်နှစ်မ မိတ်ဆွေ သူငယ်ချင်းစသော လိုအပ်နေသောသူတို့အတွက် အကူအညီပေးလိုသော မေတ္တာ စေတနာ အကြင်နာတရားရှိသူ မှန်သမျှတို့သည် မိမိသူတစ်ပါး နှစ်ဦးနှစ်ဘက်လုံး အမှန်တကယ်လိုအပ်၍ အစစ်အမှန် အကျိုးရှိသော ကုသိုလ်ကောင်းမှု ပြုလုပ်ကာ ဤပတ္တိဒါန အမျှပေးဝေခြင်းအမှုကို လူတိုင်းကိုယ်စီ ပြုလုပ်၍ ကူညီသင့်ပါကြောင်း နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။ ။

တက္ကသိုလ် မောင်ကိုရင်

ကျမ်းကိုး။ ။ အံ၊ ၈၊ ပါ၊ ၇၂။ ဋ္ဌ၊ ၂၃၁။

တိရောကုဋ္ဋသုတ်၊ ခုဒ္ဒက၊ ပါ၊ ၈။ ဋ္ဌ၊ ၁၆၈။ ၁၇၆။ ပေတ၊ ပါ၊ ၁၂၈။ ၁၃၄။ ဋ္ဌ၊ ၁၅။ ၄၅။