Sunday, April 17, 2011

နဝကမ္မ





နဝကမ္မ


ရဟန်း သံဃာများအတွက် ၀တ္ထုကြေးငွေတို့ကို လှူဒါန်းကြရာတွင် န၀ကမ္မ အတွက်ပါ ဘုရားဟု နှုတ်မြွက်ဆို၍ ကပ်လှူလေ့ရှိကြပါသည်။ တချို့ကလည်း စာအိပ်ပေါ်တွင် န၀ကမ္မ အလှူငွေဟု ရေးသားပြီး လှူလေ့ရှိကြပါသည်။ န၀ကမ္မ ဟူသည်ကား န၀-အသစ်ဖြစ် ပေါ်လာသော၊ ကမ္မ-အမှုကိစ္စများ၊ အသစ်ဖြစ်သော အမှုကိစ္စများအတွက် သုံးစွဲနိုင်ရန်ဟူ၍ အဓိပ္ပါယ် ကောက်ယူကြပါသည်။



အချို့ ကလည်း န၀ကာမဟု ဆိုကြသေး၏။ န၀ကမာဆိုလျှင်ကား န၀-အသစ်ဖြစ်သော၊ ကာမ- လိုအင်ဆန္ဒ။ အသစ်ဖြစ်ပေါ်လာသော ဆန္ဒ အတွက် လိုတာပြည့်အောင် သုံးဆောင်နိုင်သော ၀တ္ထုပစ္စည်းဟု ဆိုရမည်။ အချို့ကတော့ အဓိပ္ပါယ်သိ၍ ဆိုခြင်းဟုတ်ဟန်မတူ။ အများပြော၍ အကြားသဘောဖြင့် ရောယောင်ပြောကြားခြင်း ဖြစ်နေပါသည်။ အချို့ပုဂ္ဂိုလ်တို့ကလည်း ဒကာ-ဒကာမများအား စာအိပ်များကပ်လှူရာတွင် န၀ကမ္မပါ ဘုရားဟု နှုတ်မြွတ်ဆို၍ ကပ်လှူရန် သြ၀ါဒပေးကြသည်။

လူဒကာ-ဒကာမနှင့် ရဟန်းသံဃာ ဆက်ဆံရေးကိစ္စတွင် အများဆုံး ပါဝင်နေသော ဤန၀ကမ္မကိစ္စများကို ဒကာ-ဒကာမများကလည်း အထိုက်အလျောက် သိရှိနားလည် ထားသင့်ကြပေသည်။ သို့မှသာ တပည့်လိမ္မာ ဆရာအာပတ်လွတ်နိုင်ပေလိမ့်မည်။ မည်သို့ပင် လှူသည်ဖြစ်စေ ရာဇာပဓာနံ ဆိုသည့်အတိုင်း နိုင်ငံတော် အစိုးရမင်းများက တန်ဖိုးသတ်မှတ်ထားသော ငွေစက္ကူများသည်လည်း ငွေကောင်းသော (မသာယာကောင်းသော) ပစ္စည်းသာလျှင်ဖြစ်ပါသည်။ ငွေအသပြာသည် ရဟန်းသံဃာများအတွက် အနာမာသ၀တ္ထု (မခံယူကောင်းသော ပစ္စည်းအမျိုးအစား) သာလျှင်ဖြစ်ပါ၏။

သို့ရာတွင် ငွေကြေးကိစ္စသည် ကျယ်ဝန်း၏။ ရှုပ်ထွေး၏။ မရှိမကောင်း ရှိမကောင်းဟု ဆိုနိုင်၏။ ငွေသည် တိုက်ရိုက် ကိုယ်တိုင်အားဖြင့် ခံယူသုံးစွဲရန် မအပ်စပ်သော ရဟန်းများအတွက်သာမက ငွေမရှိလျှင် နေ၍မဖြစ်သော လောကလူသားများ အတွက်ပင် အန္တရာယ်ရှိ၏။ သုံးတတ်လျှင် လိုတရ ဣစ္ဆာသယ ပစ္စည်းသဖွယ်ဖြစ်သကဲ့သို့ မသုံးစွဲတတ်။ မကိုင်တွယ်တတ်လျှင် အန္တရာယ်ဖြစ်သည်ကို ရှိ၏။ ငွေသည် ဆေးသဖွယ်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်လည်း ဖြစ်နိုင်သည်ကို ငြင်းဆိုဘွယ်ရာ မရှိပေ။ ငွေကို အသုံးချတတ်သဖြင့် အောင်မြင်မှုအသွယ်သွယ် ရရှိပြီးလျှင် ဘ၀သရဖူ ဆောင်းသွားသူတွေ ရှိကြသလို ငွေကြောင့်ပင် ဘ၀ပျက်စီးကာ အဖတ်ဆယ် မရသူတေလည်း အနမတဂ္ဂ မြောက်မြားလှပေသည်။ ထို့ကြောင့်ပင် ဓမ္မပဒ၊ ဗာလ၀ဂ်တွင် ဗုဒ္ဓရှင်ကလည်း ငွေကို မြွေဟုတင်စားပြီး ဟောကြားခဲ့ဖူးလေသည်။

ကောင်းပြီ။ ထိုမရှိမကောင်း၊ ရှိမကောင်းသော ငွေနှင့်ရဟန်းများ လုံးဝကင်းကွာ၍ ရနိုင်ပါသလား ..ဟုတိုက်ရိုက်မေးမြန်လျှင် မကိုင်ကောင်းပါ။ အလှူမခံကောင်းပါဟူ၍ (၀ိနည်းဒေသနာအတိုင်း) ဖြေရပေမည်။ သို့သော် ကင်းနိုင်ကြပါမည်လား။ ဂါမ၀ါသီခေါ် ရပ်ထဲရွာထဲ လူဒါယကာ ဒါယိကာမများနှင့် ဆက်စပ်နေသော ရဟန်းများ နဂရ၀ါသီဟုခေါ်ဆိုနိုင်သော ရဟန်းသံဃာများ အဖို့ငွေကြေးနှင့် မကင်းနိုင်သည်မှာ မှန်ပါသည်။

အရည၀ါသီ သို့မဟုတ် ၀န၀ါသီခေါ် တောရဆောက်တည်ပြီး တောထဲတောင်ထဲမှာ တစ်ပါးတည်း သွားနေပြီး ရသမျှ အာဟာရဖြင့် မျှတနေထိုင်ကာ တရားဓမ္မကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ပုဂ္ဂိုလ်မြတ်ဖြစ်ပါက ဤကိစ္စမျိုး ကင်းရှင်းနိုင်ဖွယ်ရာ ရှိပါသည်။ ဂါမ၀ါသီ နဂရ၀ါသီ ကျေးလက်မြို့ပြနေ ပုဂ္ဂိုလ်များအတွက်ကား တော်တော် မလွယ်သော ကိစ္စဟုဆိုနိုင်ပေသည်။

ဤငွေကြေးကိုင်တွယ်မှု ကိစ္စကိုပင် လိုအပ်သည်ထက် ပိုမိုပြီး ရေးကြီးခွင်ကျယ်လုပ်နေကြသူတွေလည်း ရှိကြသည်။ ရေးကြ သူတွေလည်း ရှိကြသည်။ ဤ၌စဉ်းစား ဝေဖန်ဖွယ်ရှိသည်မှာ အနှီးပုဂ္ဂိုလ်များ ကိုယ်တိုင်ပင်လျှင် ငွေကြေးကိစ္စကင်ရှင်းကြပါရဲ့လား ..ဟူသောပြာဿနာပင် ဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင်၏ ၀ိနည်းသိက္ခာပုဒ်တော်များတွင် လောက၀ဇ္ဇ-လောကအတွင်းမှာ နေထိုင်ရင်း သင့်ရောက်တတ်သော အပြစ်မျိုးနှင့် ပဏ္ဏတ္တိဝဇ္ဖ-ဘုရားရှင်တို့ ပညတ်တော်မူသဖြင့် သင့်ရောက် ရရှိနိုင်သော အပြစ်မျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အမှန်အားဖြင့် ဘုရားရှင်တို့က ဒါကို မလုပ်နဲ့ဟု ပညတ်ထားပါက မည်သို့ပင်ဖြစ်စေ အပြစ်သင့်ရောက်မည်သာ ဖြစ်ပါသည်။

သို့ရာတွင် လိုတိုး ပိုလျှော့လုပ်ချင်သော ပုထုဇဉ်တို့၏ ဉာဉ်အတိုင်း မလိုတာငြင်း လိုရာသွင်း ပြုလုပ်တတ်ကြပါသည်။ ရေးကြီးခွင်ကျယ် လုပ်သူတို့က လုပ်နေကြသော်လည်း အချို့သောနေရာများ၌ ၀ိနည်းဒေသနာတော်ကို ကျောပေးကာ ကျောချမ်းဖွယ် ပြုလုပ်နေကြသည်ကို တွေ့မြင်နေရပါသည်။

လောက၌ လူတို့၏အကြိုက်ဆိုသည်မှာ အမျိုးမျိုးရှိနိုင်သည်။ မှန်သည် မှားသည် အပထား၊ လုပ်ပိုင်ခွင့်သာ ရှိလာမည်ဆို လျှင် မိမိကြိုက်သည်ကိုသာ အရေးပေးရှေ့တန်းတင်၍ လုပ်ချင်တတ်ကြသည်မှာလည်း လူ့သဘောပင်မဟုတ်လော။ ငွေစက္ကူများ သိမ်ဆင်းလောင်းခြင်းနှင့် ပတ်သက်၍လည်း ဓမ္မစာဆောင် မဂ္ဂဇင်းများတွင် ကလောင်ရှင်များအသီးသီးက ရေးသားခဲ့ဖူးကြပါ သည်။

ထိုကလောင်ရှင်များသည် လူပုဂ္ဂိုလ်များဖြစ်ကြသည်ကိုလည်း တွေ့ရသည်။ လူက ရဟန်းကိစ္စများကို ရှေ့တန်းတင်ရေးသား လာသောအခါ သာသနာ့ဝန်ထမ်း ရဟန်းတို့အတွက် အလေးအနက် စဉ်းစားစရာဖြစ်လာနိုင်ပေသည်။ သူတို့ အာဘော်အရ သိမ်ဆင်းတွင် ငွေမလှူသင့် အပ်စပ်သော သင်္ကန်းစသည်ပစ္စည်း ၀တ္ထုများကိုသာ ကိုယ်ထိလက်ရောက် လှူဒါန်းသင့် သည်ဟု ဆိုထား၏။ ရဟန်းသံဃာများက ငွေကြေးစသော ပစ္စည်းဝတ္ထုများကို သင်္ကန်းဖြန့်၍ အလှူခံသည်ကို အပြစ်ပြော၏။ အချို့က အမြင်လျော်အောင် ကြွပ်ကြွပ်အိပ်ဆက်ကပ်ပြီး ခံယူစေ၏။

တရားရိပ်သာ ဆရားတော်တစ်ပါး၏ သိက္ခာထပ်ပွဲတစ်ခုတွင် တရားချီးမြှင့်ရာ၌ သံပေါက်လင်္ကာများကို ပရိသတ်အား ချပေးပြီး တရားဟောလေ့ရှိသော တိပိဋကဓရဆရာတော်တပါးလည်း ပါဝင်၏။ ကမ္မ၀ါစာများ ဖတ်ကြားပြီး၍ သိမ်ဆင်းလောင်းလှူခါနီးတွင် ဒကာ ကျောင်းနေ ပုဂ္ဂိုလ်တို့က ကြွပ်ကြွပ်အိပ် တစ်လုံးစီ လိုက်ကပ်ကြသည်။ ထိုအခါ အဆိုပါ တိပိဋကဆရာတော်က ကြွပ်ကြွပ်အိပ် ကို လက်မခံဘဲ ပယ်ပစ်လိုက်လေ၏။ ဒါက ဘာလုပ်တာတုံးဟုလည်း မိန့်ကြားလိုက်သည်ကို ကြားလိုက်ရသည်။

သို့ဖြင့် ဆရာတော်များရှေ့ ကပ္ပိယဒကာတစ်ယောက်စီ လိုက်ပါ၍ သိမ်ဆင်းလောင်းပွဲ ကျင်းပခဲ့သည်ကို တွေ့ကြုံရဖူးပါသည်။ ခက်ပါသည်။ မကင်းနိုင်သော ကိစ္စတို့ကို အပြစ်ပြောနေကြမည့်အစား ပညာ သတိ ဖြင့်သာ ကိုင်တွယ်ကျင့်ဆောင်မှု ပြုသင့်ကြသည်ဟု ထင်ပါသည်။ ၀ိနည်းဒေသနာတော်လာ ရူပိယသိက္ခာပုဒ်ကို ကြည့်ပါ။ ဥဂ္ဂဏှေယျဝါ- မိမိကိုယ်တိုင် ကိုယ်တွင်မှမဟုတ်၊ ဥပနိက္ခိတ္တံ သာဒယေယျ-ဟု ဆိုသည့်အတွက် ခံယူမှမဟုတ် ငွေလှူဒါန်းသည်ကို သာယာမိလျှင် အပြစ်က မလွတ်ချေ။ မသာယာပါ၏ နှုတ်မြွက်ပြောဆိုနိုင်သော်လည်း စိတ်မနောထဲမှ ဖြစ်ပေါ်လာသော ကိစ္စကို ကာယကံရှင်ကိုယ်တိုင်မှ တပါး သိနိုင်ဖွယ် မရှိပေ။

ငွေကို ကိုယ်တိုင် ခံယူခြင်းသာမဟုတ် ဟိုနားထားလိုက်ပါ၊ ဟိုထဲထည့်လိုက်ပါဟု ဝေခိုင်းခြင်းပင် ပြုခွင့်မရှိပေ။ တချို့ ငွေကို လက်ဖြင့်တော့ မကိုင်ကြပါ။ (ဥဂ္ဂဏှာပေယျဝါ) ယပ်တောင်လေးထိုးပေးလိုက်ကြသည်။ ဘာမျှအကြောင်းမထူးပါ။ အပြစ်မလွတ် နိုင်ပါ။ ဤသို့သော ပုဂ္ဂိုလ်များ၏ ညွှန်ကြားမှုဖြင့် ဒကာ-ဒကာမများက ငွေကိုစာအိပ်ထဲထည့်ကာ အမြင်တော်အောင် ဆက်ကပ်ကြ ခြင်းဖြစ်လေသည်။

အချို့ဒကာ-ဒကာမများကလည်း ပကာသနမက်ကာ ငွေစက္ကူတန်ဖိုးကြီးကြီးလှူမှန်း အခြားသူများ မြင်သိစေရန် စာအိပ်မပါပဲ ဆက်ကပ် တတ်ကြပါသည်။ ငွေကြေးကိစ္စကား ပြောမဆုံးပေါင်း တောသုံးထောင် ဖြစ်ပါသည်။ ၀ိနည်းဒေသနာ၌သာ မဟုတ်သေ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး လူမျိုးအသီးသီး တို့သည်ပင် ဤငွေကိစ္စဖြင့် အလုပ်ရှုပ်နေကြသည် မဟုတ်လော။ အမှုပွေ ရတက်မအေး ဖြစ်နေကြသည် မဟုတ်လော။

ငွေကြေးကို ကိုယ်တိုင်ကိုင်တွယ်ပြီး ကိုယ်ထူကိုယ်ထ ကျောင်းဆောက်နေကြရသော ပုဂ္ဂိုလ်များအတွက် အလွန်ခက်ပါသည်။ကပ္ပိယ ထားဖို့ကလည်း တတ်သိနားလည်သော သစ္စာရှိသော ဆရာမှတ်မှတ် ကျင့်သုံးနေထိုင်သော ကပ္ပိယတပည့်တို့သည်ကား အလွန့်အလွန်ပင် ရှားပါးလှပါတော့သည်။

သို့ဖြစ်ရာ မကင်းနိုင်ကြသော ထိုငွေကြေးနှင့် ဆက်ဆံကြရာတွင် ရဟန်းတော်တို့အနေဖြင့် ကိုယ်နှုတ်ဖြင့် မပယ်သာလျှင် ငါမယူလို ငါမသာယာ ကပ္ပိယသုံးချင်တာ သုံးပါစေဟု အမှန်စင်ကြယ်သော မသာယာသောစိတ်ဖြစ်နိုင်လျှင် အာပတ်မသင့်ဟု မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဆရာကြီးတော်ကြီးက ဆိုထားပေသည်။

သို့အတွက် အလိုက်သိသော တတ်သိနားလည်သော သစ္စာရှိသော ကျောင်ဒကာ ကျောင်းဒကာမ ရဟန်းဒကာ ရဟန်းဒကာမ ကပ္ပိယ လုပ်သူတိုင်း ဤကိစ္စကို နာလည်ထားရန် အရေးကြီးပေသည်။ ရဟန်းသံဃာများအား လိုအပ်သော ပစ္စည်းမိန့်ရန် ဒကာ ဒကာမများက အလိုက်သိစွာ လျှောက်ထားရပေမည်။ သို့မှသာ ရဟန်းသံဃာများငွေကြေးနှင့် ပတ်သက်သော အပြစ် (အာပတ်)မှ လွတ်ကင်းနိုင်ဖွယ် ရှိပေတော့မည်။

ဤသို့လျှင် ဆရာဒကာ လက်တွဲညီညာ နားလည်စွာ ဗုဒ္ဓသာသနာပြုနိုင်ကြပါစေ။

အကျယ်သိလိုက ၀ိနယ ပါဠိတော်များနှင့် ကင်္ခါ ပါတိမောက် ဘာသာဋီကာ စသည်များတွင် ဖတ်ရှုပါ)

မုံရွာနေဇာ
2000-ဒီဇင်ဘာလ- (အမှတ်-13)


မှတ်ချက်။ ။ ဓမ္မရံသီ ပေါင်းချုပ် မဂ္ဂဇင်းမှ ထပ်ဆင့် ဓမ္မဒါနပြုလိုက်ပါသည်။