Wednesday, April 13, 2011

လူကြီး သင်ပုန်းကြီး



လူကြီး သင်ပုန်းကြီး

ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ
စလုံးစခုဖြစ်ပြီးကျန်ရစ်ပါ တယ်။ သူ့မိဘ သူ့အဘိုးအဘွားတို့ဟာဗုဒ္ဓဘာသာတွေပါ။
ဘုရားနဲ့၊တရားနဲ့၊သံဃာ ကိုလည်း ကိုးကွယ်နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂၀
လောက်ရှိနေပြီဖြစ်တဲ့ ဒီကလေးမလေးနဲ့ သူ့အစ်ကိုများခေတ် မှာ ဘုန်းကြီးနဲ့
စကား မပြောတတ်ဘူးလို့ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး
အလှမ်းကွာဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိပါတယ်။ (လူထုဒေါ်အမာ)
မိတ်ဆွေတစ်ပါးရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကား။ အမျိုးဘာသာ
ကိုချစ်ခင်တဲ့ စိတ်ထားနဲ့ ပူပန်မှုကြီးစွာ ပြောကြားခဲ့တဲ့ မေတ္တာ စကားပါ။ မျိုးဆက်သစ် လူငယ်တွေ
အမျိုးဘာသာချစ်တတ်ဖို့အရေး၊ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘိုးဘွားအမွေအနှစ်တွေကို ထိန်းသိမ်း
တတ်စေဖို့၊ မြတ်နိုးတန်ဖိုးထားတတ်စေဖို့အရေး၊အသက်ဆုံးသည်အထိမနေမနားရေးသား
သွားခဲ့တဲ့ စာပေမိခင်၊ နိုင်ငံရဲ့ မိခင်ကြီးတစ်ဦးရဲ့ မေတ္တာစကား ပါ။

ဆရာမကြီး လူထုဒေါ်အမာစကားကို ဖတ်ရတော့ သူ့နည်းတူပဲ စိတ်မကောင်းဖြစ်ရပါတယ်။မပြော
တတ်လို့ မပြောကြ ရုံတင် မက ဘုန်းတော်ကြီးတွေဆို အဝေးကနေ ရှောင်ကြမှာမျိုး၊ ဘုန်းကြီး
စကား ဆိုရင်နားမထောင် ရမယ့် အရာမျိုးရယ်လို့ ထင်မှတ် သွားမှာ အထိတွေး
ပြီးစိုးရိမ်မိ တာကြောင့်လည်း ကိုယ့် စိတ်မကောင်း မှုက အမေလူထုဒေါ်အမာ ထက်ပင်
သာကောင်း သာလေမလားရယ်လို့ပင် ပိုပိုသာသာ တွေးမိပါတယ်။
ရုပ်ဝတ္ထု အခြေခံ ထင်လွယ်မြင်လွယ်တဲ့ အကျိုးရလဒ်မှသာလျင် တကယ့်အကျိုးရလဒ်လို့
ယူဆတဲ့ခေတ်မှာ သူ တို့ လိုအပ်ချက်ပြည့်ဝစေဖို့ ထင်သာမြင်သာ တိုက်ရိုက်အကူအညီ
မပေးသလိုဖြစ်နေတဲ့ ဘာသာရေးအဆုံးအမ က လူငယ်များအကြား ရေပန်း
မစားနိုင် ဖြစ်နေတတ်တာ အဆန်းတော့လည်း မဟုတ်ပါဘူး။ အသိဉာဏ်ရင့်ကျက် ရွယ်ရယ်လို့
ယူဆနိုင်တဲ့အသက်အတန်ရလာသူအချို့ကြားမှာပင်လျင်ဘာသာရေးဆိုတာကိုယောင်
ဝါးဝါးသာနားလည် နေတတ်ကြတာမို့လည်းလူငယ်တွေကြားမှာဘာသာရေး
ကပေးတဲ့ အသိဉာဏ်တွေ ရေပန်းမစားဖြစ် နေတာ အဆန်းဆိုနိုင်မယ် မဟုတ်ပါဘူး။
ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူး-ဆိုတဲ့စကားက အရှင်ဘုရား။ တပည့်တော်။
တပည့်တော်မ-စတဲ့ သာသနာ တော်နဲ့စပ်တဲ့ အသုံးအနှုန်းများသုံးပြီး မပြောတတ်ဘူးလို့
ဆိုချင်တာဖြစ်မှာပါ။ မိဘဆရာသမားများကလည်း ဘုန်းတော်ကြီးများနဲ့ စကားပြောရင်
တပည့်တော်၊အရှင်ဘုရားစသဖြင့်…ပြောရမယ်။အဲဒီလိုမှမပြောရင်ငရဲကြီးတတ်တယ်။
အပြစ်ဖြစ်တတ်တယ်ရယ်လို့ သင်ကြားထားလေတော့ အပြစ်ဖြစ်မှာကြောက်ရွံ့တာလည်း
ပါမယ်ထင်ပါတယ်။
နောက်ပြီးအဲဒီလိုသာသနာ့အသုံးအနှုန်းများကိုဆီလျော်အောင်မသုံးတတ်သူတွေကို
လည်းမယဉ်ကျေးသူလေးတွေ။ ရိုင်းစိုင်းသူလေးလေးတွေရယ်လို့အထင်အမြင်သေးတတ်၊
ကဲ့ရဲ့တတ်တာကြောင့်လည်း ပြောဖို့ ဝန်လေးသွားတတ်ကြတာလည်း
ပါမယ်ထင်ပါတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ် အကြောက်တရားနဲ့ခြောက်
လှန့်စည်းရုံးတတ်တာတွေကို ကြားသိရတဲ့အခါတိုင်း ဒေါသောအတ္ထံ နဇာနာတိ-အကြောက်တရား
အခြေခံမှုကနေ အမှန်တရား ရလဒ်ကောင်း ထွက်မလာနိုင်ဘူး-ဆိုတဲ့စကားကို သတိရမိတတ်တယ်။
တကယ်တော့ တစ်နှစ်တခါ၊ ၂ နှစ် ၃ နှစ်နေလို့မှ တစ်ခါမှ ရဟန်းသံဃာတော်များနဲ့ ဆုံဖို့ကြုံဖို့
မလွယ်ကူတဲ့ လူ ငယ်တွေအနေနဲ့ သာသနာနဲ့ စပ်ဆိုင်တဲ့ အသုံးအနှုန်းများကို
မှန်မှန်ကန်ကန် သုံးတတ်ဖို့ဆိုတာက လွယ်မယ် တော့ မထင်ပါဘူး။ အတွေ့အကြုံအရတော့
သံဃာတော်များနဲ့ တဖြေးဖြေးရင်းနှီးလာတဲ့အခါမှာအလေ့အကျင့်ရလာပြီး
မှန်မှန်ကန်ကန် သုံးစွဲလာတတ်တာကို တွေ့ရပါတယ်။
ဒါကြောင့် တွေ့တွေ့ချင်းအချိန်များမှာ ကျနော်ပဲ သုံးသုံး၊ ကျမပဲပြောပြော နားလည်ခွင့်လွှတ်ပေးပြီး
တဖြေးဖြေးနဲ့ သင်ပြသွားဖို့လိုမယ်လို့ ယူဆပါတယ်။ ဒါကြောင့် အသုံးအနှုန်းမှားတဲ့
လူငယ်များကို ဆရာမိဘများက ငရဲကြီးမယ်၊ ရိုင်းစိုင်းတယ်လို့ ခြောက်လှန့်မှု၊ ပြစ်တင်ရှုတ်ချမှု
မပြုပဲ စာနာနားလည်စွာနဲ့ တဖြေးဖြေး ရင်းနှီးအောင် ဖန်တီးပေးပြီး သင်ပြသွားဖို့လိုပါလိမ့်မယ်။
ကိုယ်တွေ့ဖြစ်ရပ်ပါ။ တခါက ပေါက်ဖော်ဒကာမကြီးက တယ်လီဖုန်းနဲ့ ဆွမ်းစားလှန်းပင့်ပါတယ်။
ဖုန်းကိုင်ကိုင်ခြင်း သူက မေးပါတယ်။
နင်က ဘုန်းကြီးလား …” တဲ့။
ဟုတ်ပါတယ် ဆိုတော့
ဝက ...မြို့ကပါ။ နင်တို့ကို ထမင်းစားဖိတ်ချင် လို့။ အဲဒါ အိမ်က ကောင်မတွေက
ဘုန်းကြီးနဲ့ စကားမပြောတတ်ကြလို့ ဝက ပြောပေးတာ။ အိမ်ကို လာနိုင်မလား …”
လို့ ပြောပါတယ်။
အိမ်ကကောင်မတွေက ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဝကပြောပေးတာဆိုတော့ စိတ်ထဲက
အနည်းငယ် တော့ ပြုံးမိပါတယ်။ ဒါပေမယ့် အလားတူအတွေ့အကြုံမျိုးက ကိုယ့်အတွက်
အဆန်းမဟုတ်လို့ ဒါဟာ ကဲ့ရဲ့စရာ တစ်ခုလို့တော့ မမြင်ပါဘူး။နောက်ပြီး ရိုင်းစိုင်းတဲ့
အသုံးအနှုန်းလို့လည်း မထင်ခဲ့ပါဘူး။ ဒူးနေရာဒူး၊တော်နေရာ တော်၊လျှော်စွာ
သုံးစွဲတတ်ခြင်းဆိုတာ လိုအပ်တဲ့အရာလို့ လက်ခံပေမယ့် မလျှော်စွာ မသုံးတတ်တာကြောင့်
လည်း အပြစ်တစ်ခုဖြစ်လေတယ်လို့ မထင်မိပါဘူး။

(မအပ်စပ်တဲ့ဝေါဟာရစကားနဲ့ပင့်ဖိတ်တဲ့ဆွမ်းကိုရဟန်းတော်မျာမဘုန်းပေး
မသုံးဆောင်ကောင်းဘူးဆိုတဲ့ ဝိနည်းပညတ်တော်ကို မသိနားမလည်လို့ ဖြစ်မှာပေါ့လို့
စွပ်စွဲမယ် မထင်ပါဘူး၊အဏုမတ္တဝဇ္ဇေသုဘယဒဿာဝီအဏုမြူပမာဏမျှသေးသေး
ငယ်ငယ်အပြစ်ကလေးကိုပင်ဘေးအန္တရာယ်လို့ရှုမြင်ရမယ်လို့ဟောထားတယ်
မဟုတ်လားလို့လည်းမေးခွန်းထုတ်ချင်မယ် မထင်ပါဘူး )
တကယ်တော့ ကိုယ့်ကိုဆွမ်းစား ပင့်တဲ့ပေါက်ဖော် မကြီး ဆိုရင်မြန်မာပြည်မှာနေစဉ်က
ဘုန်းတော်ကြီး ကျောင်းတွေကို တစ်ခေါက်မှ မရောက်ဖူးခဲ့သူပါ။ ပြည်ပရောက်ခါမှသာ
ဘုန်းတော်ကြီးများနဲ့ရင်းနှီးပြီး ခုလို နင် တစ်ခွန်း၊ ငါတစ်လှည့် ဆက်ဆံရင်း ဘုန်းတော်ကြီးကျောင်း
များကိုဝင်ထွက်သွားလာကျင့် ရလာတာပါ။
ခုဆို သူ့မြေးတွေတောင် ကျောင်းတွေကို သွားလာဝင်ထွက်နေလို့ ဘုန်းတော်ကြီးများနဲ့
ရင်းနှီးကျွမ်းဝင်နေပါပြီ။ အဖွား တိုက်တွန်းမှုနဲ့ ယဉ်ကျေးမှုသင်တန်းတွေလည်း
တက်ရောက်ကြလို့ ခုဆို သူတို့အဖွားကိုပင်လျင် အဖွား ဘုန်း ဘုန်းနဲ့ဆို
ဒီလိုပြောရတယ်လို့ သူတို့ကပင် အဖွားကို ပြန်လည်သင်ကြားပေးနေတတ်ကြပြီ။
ကိုယ်ကတော့ မြန်မာစကားကို လေလုံးကွဲအောင် မပြောတတ်တဲ့သူတွေနဲ့ တွေ့တိုင်း
ပြောတတ်သလို ပြောပါ၊ ကိုယ့်နားမှာ စကားပြန်စက် တပ်ထားတယ်။ နင်ပဲပြောပြော၊
ငါပဲဆိုဆို၊ အရှင်ဘုရား၊ တပည့်တော်လို့ပဲ ပြန်ပြီး ကြားပေးတယ်လို့ ပြောထားလိုက်တယ်။
ဒီလိုမှ မပြောရင် သူတို့အနေနဲ့ ဘာမှ မပြောဖို့ပဲရှိတော့တယ်လေ။ တစ်လုံးစ
နှစ်လုံးစမြန်မာစကားလေးကို ကြိုးစားပြီးပြောနေရတဲ့သူတွေကို ဟိုလိုပြောရမယ်၊
ဒီလိုပြောရမယ်လို့ ညွှန်ကြားနေရင် ဘယ်မှာ ခရီးက ရောက်နိုင်ပါတော့မလဲ။
ဒီလိုပြောတာ ပြည်ပနိုင်ငံများမှာတော့ ဟုတ်တာပေါ့။ပြည်တွင်းမှာတော့
မှန်မှန်ကန်ကန် ပြောရမှာပေါ့လို့ ဆိုကောင်းဆိုနိုင်စရာ ရှိပါတယ်။ သို့ပေမယ့် ပြည်တွင်းမှာရော
လူငယ်တွေကို သံဃာတော်များနဲ့ အကြိမ်ဘယ်လောက် များများ တွေ့ခွင့်ရအောင်
ဆုံနိုင်တဲ့အခွင့်အရေး ဖန်တီးပေးထားသလဲဆိုတာ ပြန်မေးကြည့်ဖို့ လိုပါလိမ့် မယ်။
နောက်ပြီး ဘာသာရေးနဲ့လူငယ်တွေ ဝေးစေတဲ့အကြောင်းထဲမှာ အခြားအကြောင်းများလည်း
ပါလေမလားလို့ စဉ်းစားမိပါတယ်။
ဒေါသမထားဖို့ပြောနေကြသူတွေကြားမှာဒေါသတွေပွားတတ်တာ၊လောဘပါးဖို့ ပြောနေတတ်
သူတွေကြားမှာလောဘတွေများနေတတ်တာကလည်းလွဲမှားမှုတစ်ခုပါပဲ။
ဒီလိုလွဲမားနေမှုတွေကို တွေ့မြင်နေရတတ်တဲ့ အခြေအနေမျိုးမှာ
ဘာသာရေးဆိုတာမေတ္တာတရားတွေ တိုးပွားအောင် သင်ကြားပေးတတ်တာ။
မျှဝေတတ်အောင်လမ်းညွှန်ပေးတတ်တာရယ်လို့ပြောရင်နားဝင်စရာဖြစ်ပါ့မလား။
ဘဝနေထိုင်မှုအတွက် အထောက်အပံ့ကောင်း တစ်ခုရယ် လို့လက်ခံဖို့ရော လွယ်ကူပါ့မလား ။
ကြားသိရမှုနဲ့ လက်တွေ့က ခြားနားကောင်း ခြားနားနေပေမပေါ့။
ဘုန်းကြီးဖြစ်နေပြီးကွာ။ အမေကလည်း တရားတွေ ဒီလောက်နာပြီး၊ အဖေကလည်း
တရားတွေ ဒီလောက် ထိုင်ပြီး-စသဖြင့် လူငယ်တွေရဲ့ အလိုမကျ ဟန်စကားတွေဟာ
လူငယ်တွေကြားမှာ ဘာသာရေးနဲ့စပ်ပြီး ဘဝင်မကျ နိုင်မှုကနေ ထွက်အံလာတဲ့ တုန့်ပြန်
စကားမျိုးပါ။ဒီ စကားမျိုး ကြားရပြီ ဆိုရင်တော့ ဒါဟာ ကိုယ့်ဆီမှာ တစ်ခုခု မှားနေပြီဆိုတာ
သူရောကိုယ်ပါနားလည် ကြဖို့နဲ့ ပြုပြင်ကြဖို့ လိုနေပြီရယ်လို့ သိဖို့လိုပါလိမ့်မယ်။
ဒီလို အပြောခံရဖွယ် အနေအထား မျိုးတွေ ကိုယ့်ဖက်က မပြုပြင် ပဲနဲ့တော့
ဘာသာရေး အဆုံးအမများဟာ ဘယ်လိုကောင်းတယ်၊ ဘယ်လောက်တောင်
တန်ဖိုးရှိတယ်ရယ်လို့ ဘယ်လိုပင် စည်းရုံးလမ်းပြ လုပ်လုပ်၊ လူငယ်တွေအနေနဲ့လက်သင့်
ခံနားထောင်ပေးဖို့နဲ့ ယုံကြည်စွာ လိုက်နာဖို့ အဆင်သင့်ဖြစ်နိုင်မယ်မဟုတ်ပေဘူး။
အနှစ်နှစ်ဆယ်လောက်အသက်ကွာခြားသူတွေကြားမှာ(GenerationGap)
မျိုးဆက်ကွာခြား မှုကြောင့်တွေးခေါ်ယူဆပုံ၊ လက်ခံယုံကြည်ပုံလည်း
ကွဲပြားတတ်တယ်လို့ ပညာရှင်အများကယူဆခဲ့ကြပါတယ်။
နည်းပညာ တွေတိုးတက်လာမှုကြောင့် ခုနောက်ပိုင်းမှာဆိုလျင်မျိုးဆက်ကွားခြားမှုက
ဒီထက်ပင်လျင်ပိုမိုမြန်ဆန်၊ ကွဲပြားမှုတွေကလည်း ပိုမိုများလာတယ်လို့လည်း ပြောကြပါတယ်။
ဘာသာရေးအပေါ်၊ ဘာသာရေးကို ဦးဆောင် ဦးရွက်ပြုနေသူတွေအပေါ်
အသက်အရွယ်ကြီးရင့်သူတွေနဲ့ ငယ်ရွယ်သူတွေ မြင်တဲ့အမြင်ခြင်း
ကွာခြားတတ်တာကို သတိထားမိပါတယ်။
အစဉ်အလာတွေကို စွဲစွဲမြဲမြဲ တန်ဖိုး ထားတတ်သူတွေရဲ့ အချို့အမြင်ဟာ
ခေတ်သစ်လူငယ်တွေအမြင်မှာ အသုံးမဝင်တဲ့ အရာတွေသာရယ်လို့ မြင်တာမျိုးလည်း
ရှိတတ်ပါတယ်။ အပြန်အလှန်အားဖြင့် ဘာသာရေးနဲ့ပတ်သက်ပြီး လူငယ်တွေရဲ့
အချို့ မျှော်လင့်ချက်တွေ ဟာအစဉ်အလာ ကိုလွန်စွာ တန်ဖိုးထားလွန်း သူတွေအတွက်
လက်သင့်ခံဖို့ ခက်တာမျိုးလည်း ရှိတတ်ပါတယ်။
ဒီတော့ အကောင်းဆိုပြီး ပေးတိုင်း အကောင်းချည်း မဖြစ်နိုင်တာကို သတိပြုမိစေဖို့ လိုအပ်သလို
ကိုယ့်ရဲ့ရှေးရိုး အစွဲ အမြင်အရ မသင့်လျော်ဘူးထင်တဲ့အရာကပေမယ့်
ခေတ်သစ်လူသားတွေအတွက် အသုံးကျတတ်တာမျိုးရှိ နိုင်ကြောင်းကိုလည်း
လက်ခံနားလည်ပေးဖို့ လိုပေလိမ့်မယ်။
( အရှင်ဉာဏိက )