Friday, July 22, 2011

ရဟန်းတို့ ဣနြေ္ဒ

ရဟန်းတို့ ဣနြေ္ဒ



ရဟန်းတစ်ပါးရဲ့
သင်္ခန်းစာမှာ
ပေယျာလတွေက များလွန်းလှပေါ့
အဲဒီပေယျာလတွေကို
ဖော်ပြခွင့် မရှိကြတာကိုက
ပေယျာလတွေနဲ့ သူ့ကမ္ဘာမြေဟာ
ပိုလှသွားတာ…။

သိပ်လှတာလေးများတွေ့ရင် သိမ်းပိုက်ချင်ကြတယ်။ လိုချင်တာမရကြတော့ ကိုယ့်ဟာကိုရော၊ တပါးသူကိုပါ နှိပ်စက်ချင်ကြပြန်ရော…။ ဒီကြားထဲ မိန်းမောတွေဝေမှုတွေ ဖြစ်လိုက်ကြတာလည်း ဒုနဲ့ဒေး။ တချို့ကြတော့ သိမ်းပိုက်ချင်တဲ့စိတ်တွေ၊ နှိပ်စက်ချင်တဲ့စိတ်တွေ၊ တွေဝေတတ် တဲ့ စိတ်တွေဟာ ကိုယ့်ရဲ့ သန္တာန်မှာ ဖြစ်လာခဲ့ရင် ဖြစ်လာချင်းပဲ အပြင်ကို ဖော်ထုတ်လိုက်ကြတယ်။ ချုပ်တည်းနိုင်စွမ်း မရှိကြဘူး။ ပုထုဇဉ်လက်မှတ်ကလေးတစ်ခုတည်းနဲ့ ထင်ရာလုပ်ပစ်လိုက်တတ် ကြတယ်။ တချို့တတ်နိုင်သလောက် ထိန်းကြတာမျိုးလည်း ရှိပါတယ်။

မဇ္ဈိမပဋိပဒါဆိုတာ သိပ်ပေါ်ပြူလာဖြစ်တဲ့ စကားလုံးလေးမို့ တော်တော်များများ သိထားကြပါတယ်။ ဘ၀အတွက်၊ သံသရာအတွက် လမ်းလျှောက်ကြတဲ့အခါ အလည်တည့်တည့်ကသွားဖို့ ပြောထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ စကားလုံးလေးပါပဲ။

လောဘနဲ့ သိမ်းပိုက်တဲ့ အစွန်းမှာလည်း မလျှောက်မိစေနဲ့။
ဒေါသနဲ့ နှိပ်စက်တဲ့ အစွန်းကိုလည်း မကပ်မိ၊ မလျှောက်မိစေနဲ့၊
အလည်တည့်တည့်ကသာ သွားပါလေ..တဲ့။
ဘုရားရှင်က လောကသားတွေအတွက် အရင်ဦးဆုံး ချပြခဲ့တဲ့ တရားဦးလေးပါပဲ။

အာရုံတစ်ခုခုနဲ့ကြုံတွေ့လာရင် ဖြစ်လာတဲ့ စိတ်ကလေးကို ချုပ်တီးနိုင်စွမ်းရှိတဲ့သူဟာ ဣနြေ္ဒရှိတယ်လို့ ခေါ်တာပါ။ ခပ်စိမ်းစိမ်းလေးပြောရရင် ဟန်ဆောင်မှုတစ်ခုပါပဲ။ သိမ်းပိုက်ချင်တဲ့ စိတ်တွေ၊ နာကြည်းမုန်းတီးတတ်တဲ့ စိတ်တွေဟာ ပုထုဇဉ်လူသားပဲ ဖြစ်မိမှာပေါ့။ ဒါပေမယ့် ဖြစ်တာကို မဖြစ်ရလေအောင် ဟန်ဆောင်ရတယ်၊ ဣနြေ္ဒဆောင်ရတာပါပဲ။ ဒါမှသာ အစွန်းနှစ်ဖတ်လွတ်တဲ့ မျှတတဲ့စိတ်ထားရှိသူ ဖြစ်သွားတာပါ။

လောကမှာ မယူတတ်ရင် ကိုယ်က ရလိုက်တာက နည်းနည်းရယ်။ အဲဒီ နည်းနည်းလေးကိုပဲရဖို့ ပေးဆပ်လိုက်ရတာက အများကြီး။ ဒါကို လူတွေက သတိမထားကြဘူး။ ကိုယ်လိုချင်တာကို အကြောင်းကြောင်းကြောင့် ရလိုက်တယ်ပဲထား.. ဒါပေမယ့် ကိုယ်သတိမထားလိုက်တဲ့ အရာတွေက ဘယ်လောက်များများ ကိုယ့်ကို ချုပ်ကိုင်ထားလိုက်လဲ၊ ကိုယ့်သံသရာက ဘယ်လောက်များ ရှည်လျားသွားသလဲဆိုတာကိုတော့ တွေးကြည့်ဖို့ကောင်းတယ်။

တစ်ဖတ်သက်ဆိုတဲ့ စကားလုံးလေးက အစွန်းဘက်ကို ဦးတည်တယ်ဆိုတာ သိသာပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ လိုအပ်ချက်လေး ဖြည့်ဆည်းဖို့အတွက် တစ်ဖတ်ကို သတ်ပစ်လိုက်ကြတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်တွေနဲ့ပဲ နေချင်ကြတယ်။

ဦးလေးက သူ့ရဲ့တူလေးကို မေးပါတယ်။
“မင်းကြီးလာရင် ဘာလုပ်မှာလဲ”တဲ့။ ဒီတော့ တူလေးက ပြန်ဖြေတယ်။ “စစ်ဗိုလ်ကြီးလုပ်မယ်”တဲ့။ ဦးလေးက ပြန်မေးတယ် “အသတ်ခံရမှာ မကြောက်ဘူးလား” တူလေးက “ဘယ်သူက သတ်မှာလဲ” တဲ့။ “ရန်သူကပေါ့”လို့ ဦးလေးကပြန်ပြောတော့ “ဒါဆိုရင် ကျွန်တော်ရန်သူလုပ်မယ်”တဲ့။
ဒီလိုပါပဲ။ လူတွေဟာ လူကောင်းပဲဖြစ်ဖြစ်၊ လူဆိုးပဲဖြစ်ဖြစ် ကိုယ်က လုပ်လိုက်ရတဲ့ ဘက်ကချည်း နေချင်ကြတယ်။ အဲဒီလို သဘောတရားမျိုးတွေရှိကြလို့လည်း ဘုရားရှင်က အဲဒီအစွန်းတွေကနေ လွတ်အောင် အလည်တည့်တည့်ကို လျှောက်ခိုင်းတာပါ။

ရဟန်းဆိုတာ လျှောက်မိတတ်တဲ့ အစွန်းတွေကို ဣနြေ္ဒနဲ့ ဖျက်စီးပစ်လိုက်တာပါ။ ဖြစ်တတ်တဲ့ လောဘ ဒေါသ၊ မာန်မာနတွေကို ရဟန်းတစ်ပါးရဲ့ သင်္ခန်းစာမှာ ပေယျာလမြုပ်ပစ်လိုက်ရတဲ့ သဘောပါပဲ။ ရှိတော့ရှိတယ်၊ ဒါပေမယ့် ပေယျာလလုပ်ထားတာ။

အဲဒီ မြုပ်ထားတဲ့ လောဘ၊ ဒေါသ၊ မာန်မာနတွေကို ရဟန်းကိုယ်တိုင်ကလည်း အမြဲမြုပ်ထားနိုင်အောင် ကြိုးစားထားရတယ်၊ တစ်စုံတစ်ယောက်က လာပြီးတော့လည်း နှစ်ဦးနှစ်ဘက် အကျိုးမရှိတဲ့အတွက် တူးဆွဖော်ထုတ်ပိုင်ခွင့် မရှိပါဘူး။ ရဟန်းကိုယ်တိုင်ကလည်း ခွင့်မပေးရဘူး။ အဲဒါကို ဘာဝနာလို့လည်း ခေါ်ကြပါတယ်။

သိမ်းပိုက်ချင်စရာ၊ ဒါမှမဟုတ် နှိပ်စက်ချင်စရာတွေ ဖြစ်လောက်အောင် အာရုံတွေက မြင်လာတဲ့အခါ၊ ကြားလာတဲ့အခါ၊ အနံ့ရလာတဲ့အခါ၊ အရသာ၊ ထိတွေ့မှုတွေနဲ့ ကြုံလာတဲ့အခါမှာ ပြူတစ်၊ ပြူတစ် လုပ်လာတတ်တဲ့ စိတ်ကလေးကို ငြိမ်ငြိမ်ကလေးကုတ်နေအောင် ဘာဝနာစွမ်းအားနဲ့ ပြန်မောင်းထုတ်လိုက်တာပါပဲ။ အဲဒီလို ပြုလုပ်လိုက်တဲ့အတွက် ရလာတဲ့ စွမ်းအားကတော့ ချမ်းသာမှုဆိုတာပါပဲ။ ဖြစ်လာတဲ့ စိတ်ကို ဖြစ်လာချင်းပဲ လွှတ်ပေးလိုက်ကြည့်ပါလား၊ ခဏဖြစ်ဖြစ် စိတ်ချမ်းသာတယ်တော့ ထင်ရတာပေါ့လေ။ ဒါပေမယ့် အဲဒီစိတ်ချမ်းသာမှုက အစစ်မဟုတ်ပါဘူး။ အာရုံက လူကို ပြူစားခြင်း ခံလိုက်ရတာပါပဲ။ အပျင်းပြေရုံလောက်သာ ဖန်တီးပေးတာဖြစ်ပါတယ်။

မော်ကွန်းသစ်