Sunday, July 10, 2011

နမောတဿနှင့် စပ်၍ သိမှတ်ဖွယ်




နမောတဿနှင့် စပ်၍ သိမှတ်ဖွယ်
ဗုဒ္ဓဘာသာဝင်များ နေ့စဉ်နေ့စဉ် ဘုရားဝတ်ပြုတဲ့အခါပဲဖြစ်ဖြစ်၊ အလှူဒါန ပေးလှူတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဥပုသ်သီတင်း ဆောက်တည်ကျင့်သုံးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအခမ်းအနားများ ကြီးကြီးငယ်ငယ် ပြုလုပတဲ့အခါ စတင်ဖွင့်လှစ်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ “ဘဂ၀ါဂုဏ်တော်၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်များနဲ့” ချီးကျူးမှုပြုကာ ဘုရားကိုရှိခိုးတဲ့ ပါဠိစာပိုဒ်ကို ရွတ်ဆိုပူဇော်ကာ ဘုရားရှိခိုး ကန့်တော့ကြပါတယ်။

နမော တဿ အရေးပါပုံ
ဒီ ဘုရားရှိခိုး စာပိုဒ်ဟာ ဗုဒ္ဓစာပေနယ်ပယ်မှာလည်းပဲ မပါလျှင်မဖြစ်၊ မပါလျှင် မဖြစ်နိုင်လောက်အောင်ကို အရေးပါအရောက်တဲ့ ဘုရားရှိခိုး စာပိုဒ်ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ပိဋကတ်စာအုပ်တွေရဲ့ ပထမဆုံးစာမျက်နှာကို ကြည့်လိုက်မယ်ဆိုရင် ဒီ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့စာပိုဒ်ကို ဦးစွာတွေ့ရပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ စာအုပ်စာပေတွေမှာလည်းပဲ တွေ့မြင်ရပါတယ်။ ဗုဒ္ဓစာပေနဲ့ သက်ဆိုင်တဲ့ စာအုပ်စာပေတိုင်းမှာ ဒီ နမော တဿ ဘုရားရှိခိုး စာပိုဒ်မပါတဲ့ စာအုပ်စာပေရယ်လို့ မရှိပါဘူး။ ဒီအကြောင်းအရာတွေကို ထောက်ဆပြီး ဒီ ဘုရားရှိခိုး စာပိုဒ်ဟာ အရေးပါ အရောက်မှန်းသိသာနိုင်သလို ဘာသာရေးအခမ်းအနားများမှာ ရွတ်ဆိုပူဇော် ကန်တော့ကြတာကို ကြည့်ရှုပြီးတော့လည်း သိသာထင်ရှားပါတယ်။
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ- ဘဂ၀တော-ဘဂ၀ါဂုဏ်ရှင် ဖြစ်တော်မူထသော၊ အရဟတော-အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူထသော၊ သမ္မာသမ္ဗုဒ္ဓဿ-သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူထသော၊ တဿ-ထိုမြတ်စွာဘုရားအား၊ နမော-ရိုသေမြတ်နိုး လက်စုံမိုး၍ အကျွန်ုပ် ရှိခိုးပါ၏။”

နမော တဿကို ရှိခိုးကြသူများ
ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါက ဒီ နမော တဿ ဘုရားရှိခိုးဂါထာကို မြတ်မြတ်နိုးနိုး ရွတ်ဆိုပူဇော် ရှိခိုးကန်တော့ကြတဲ့ ပုဂ္ဂိုလ်များကတော့ ဗြဟ္မာပြည်က သဟမ္ပတိဗြဟ္မာမင်း၊ နတ်ပြည်က သိကြားမင်း၊ လူ့ပြည်က ပသေနဒီကောသလမင်း၊ ဗိဗ္ဗိသာရမင်း၊ ဗြဟ္မာယုပုဏ္ဏား၊ ပေါက္ခရသာတိပုဏ္ဏား၊ ဇာဏုေဿာဏီပုဏ္ဏား၊ ဓနဉ္စာယီပုဏ္ဏေးမကြီးတို့ဟာ ဒီ နမော တဿဘုရားရှိခိုးနဲ့ သုံးကြိမ်တိုင်တိုင် ဗုဒ္ဓမြတ်စွာကို ရှိခိုးကြပါတယ်။
ပိဋကတ်လမ်းညွှန်မှာတော့ နမော တဿဘုရားရှိခိုးကြသူတွေဖြစ်တဲ့ “ဇာဏုသောဏီ ပုဏ္ဏားကြီး (ပဏ်၊ ၁၊ ပါ၊ ၂၃၅)၊ ကောသလမင်းကြီး (ပဏ်၊ ၂၊ ပါ၊ ၃၁၄)၊ ဗြဟ္မာယု ပုဏ္ဏားကြီး (ပဏ်၊ ၃၊ ပါ၊ ၃၄၁)၊ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီး (သံ၊ ပါ၊ ၁၆၂)၊ အာရာမဒဏ္ဍ ပုဏ္ဏား (အံ၊ ၂၊ ပါ၊ ၆၈)၊ ကာရဏပါလီ ပုဏ္ဏား (အံ၊ ၅၊ ပါ၊ ၂၀၆)၊ မဟိန္ဒမင်းကြီး (ဓမ္မ၊ ဋ္ဌ၊ ပ၊ ၆၄)၊ သိကြားမင်း (ဒီဃ၊ ၂၊ ပါ၊ ၂၃၀) “ တို့ကို ပြဆိုထားပါတယ်။

ဘဂ၀ါဂုဏ်တော်
ဘဂ၀ါ ဂုဏ်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏……..လို့ အထက်က အကျဉ်းအားဖြင့် လွယ်လွယ်မှတ်သားလို့ရအောင် ရွတ်ဆိုခဲ့ပါတယ်။ ပြည့်ပြည့်စုံစုံ ဆိုရရင်တော့ “ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။”
ဒီတော့ ဘဂ၀ါ ဂုဏ်တော်ဆိုတာဟာ ဘယ်လို ဂုဏ်တော်တွေကို ခေါ်ဆိုသလဲဆိုတာ နားလည်ကြည့်ပြီးတော့ ပူဇော်ကြည့်ရအောင်ပါ။
ဘဂ၀ါဂုဏ်တော်အရာ မိမိတို့ ရွတ်ဆိုပူဇော်ရှိခိုးနေတဲ့ ဘဂ၀တောဆိုတဲ့ ပါဠိစာပိုဒ်အရ ဗုဒ္ဓမြတ်စွာဟာ “ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါး ဂုဏ်ရှင်ဖြစ်တော်မူပါတယ်။

၁။ ဣဿရိယဘုန်းတော်
ဣဿရိယ ဘုန်းတော်ဆိုတာကတော့ မြတ်စွာဘုရားရှင်ဟာ မိမိရဲ့စိတ်ကို သူမတူအောင် စိုးပိုင်နိုင်နင်းမှု့ကို ခေါ်ဆိုတာပါ။ မြတ်စွာဘုရားရှင်ဟာ မိမိရဲ့ စိတ်တော်ကို ဘယ်လောက်တောင် စိုးပိုင် နိုင်းနင်းတော်မူသလဲဆိုတာကို မူလဋီကာမှာ ပြဆိုထားပါတယ်။
“စိတ္တိဿရာ ဟိ ဗုဒ္ဓါ ဘဂ၀န္တော ဓမ္မံ ဒေသေန္တာပိ ယံ မုဟုတ္တံ တုဏှီ ဘ၀ိတဗ္ဗံ ဟောတိ၊ တံ မုဟုတ္တံ ဖလသမာပတ္တိံ သမာပဇ္ဗန္တိ ပဂေ၀ အညသ္မိံ ကာလေ”
စိတ္တဣဿရိယ ဘုန်းတော်ရှင် ဖြစ်တော်မူတဲ့ ဗုဒ္ဓမြတ်စွာဟာ တရားဟောနေတုန်း တရားဓမ္မကို ပရိသတ်များက ၀မ်းသာနုမော် သာဓု သုံးကြိမ် ခေါ်ဆိုနေတဲ့အချိန်ပိုင်းကလေးမှာပင် အရဟတ္တဖိုလ် သမာပတ်ကို ၀င်စားတော်မူပါတယ်။ ဒါဟာ စိတ္တဣဿရိယ ဘုန်းတော်ရှင်ဖြစ်တော်မူလို့ စိတ်ကို အစိုးရလွန်းလို စိုးပိုင်နိုင်းနင်းတော်မူလို့သာ ဒီကာလလေးမှာ ၀င်စားနိုင်တာပါ။ ကျန်တဲ့အချိန်အခါမှာတော့ ပြောစရာမရှိတော့ပါဘူး။
ဒီ ပရိသတ်က သာဓုသုံးကြိမ်ခေါ်ဆိုနေတဲ့အခိုက်အတန့်လေးမှာ သာဝကများမပြောနဲ့ အဂ္ဂသာဝကကြီးများဖြစ်တဲ့ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးတွေတောင် ဖလသမာပတ်မ၀င်စားနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကုတ္တရာ စိတ္တဣဿရိယ ဘုန်းတော်မရှိကြလို့ပါပဲ။
လောကုတ္တရာဣဿရိယ ဘုန်းတော်တင် ရှိတာမဟုတ်ပါဘူး၊ အဏိမာ၊ မဟိမာစတဲ့ လောကီဣဿရိယဘုန်းတော်ငယ် ရှစ်ပါးနဲ့လည်း မြတ်စွာဘုရားဟာ ပြည့်စုံပါတယ်။

“မဟိမာ ပတ္တိ ပါကမ္မ ဤသိတာ ၀သိတာ ယတ္ထကာမ၀သာယိတာ။”
အဏိမာဘုန်းတော်ဆိုတာက (မြတ်စွာဘုရားဟာ) ကိုယ်တော်မြတ်ကို အဏုမြူသဖွယ် သေးသေးငယ်ငယ်လေးဖြစ်အောင် ဖန်ဆင်းနိုင်တဲ့ တန်းခိုးတော်ဖြစ်ပါတယ်။ မုန်ညင်းစေ့ကလေးအတွင်းမှာ ပရိက္ခရာရှစ်ပါးကို ဆောင်ပြီးတော့ လူးလားခေါက်ပြန် စင်္ကြံလျှောက်နေတဲ့ ပုံတော်ထိအောင် ကိုယ်တော်ကို သေးသေးငယ်ငယ်လေးဖြစ်အေင် ဖန်ဆင်းပြနိုင်ပါတယ်။ ဒါကတော့ အဘိညာဏ်စိတ်ကို နိုင်းနင်းတော်မူပုံပါ။

မဟိမာဘုန်းတော်ဆိုတာက ကိုယ်တော်မြတ်ကို အလိုရှိတဲ့အခါမှာ အလွန်ကြီးမားအောင် ဖန်ဆင်းပြနိုင်တဲ့ တန်ခိုးတော်ဖြစ်ပါတယ်။
လဃိမာဘုန်းတော်ဆိုတာက မြတ်စွာဘုရားဟာ ကောင်းကင်၌ ခြေဖြင့်သွားခြင်းစသည်ဖြင့် စွမ်းနိုင်အောင် ပေါ့ပါးအောင် ဖန်ဆင်းနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။ မိမိရောက်လိုရာ အရပ်ကို ရောက်စေလိုတဲ့ စိတ်က ပြဌာန်းလိုက်တာနဲ့ ညွတ်တော်မူလိုက်တာနဲ့ ချက်ချင်းရောက်ပြီးသား ဖြစ်သွားနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။
ပတ္တိဘုန်းတော်ဆိုတာက မိမိအလိုရှိရာအရပ်ကို စိတ်ညွတ်လိုက်တာနဲ့ ရောက်နိုင်အောင် ဖန်ဆင်းနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။
ါကမ္မဘုန်းတော်ဆိုတာက အဓိဌာန်ခြင်းစသည်၏ အစွမ်းအားဖြင့် မိမိအလိုရှိအပ်တာကို ပြီးစေနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။
ဤသိတာဘုန်းတော်ဆိုတာက မိမိအလိုအတိုင်း ဖြစ်အောင် ဖန်ဆင်းနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။

ဝသိတာဘုန်းတော်ဆိုတာက တန်ခိုးအမျိုးမျိုးကို အလိုရှိတော်မူတဲ့အတိုင်း ဖန်ဆင်းတော်မူနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။
ယတ္ထကာမ၀သာယိတာဘုန်းတော်ဆိုတာက ကောင်းကင်ဖြင့် ခရီးသွားနေစဉ် ဖြစ်စေ၊ အခြားကိစ္စ တစ်စုံတစ်ခုကို ပြုလုပ်နေစဉ်မှာဖြစ်စေ အမှတ်မရှိ တစ်စုံတစ်ခုသောအရာမှာ အဆုံးသတ်နိုင်ခြင်းငှာ စွမ်းနိုင်တဲ့ ဘုန်းတော်ဖြစ်ပါတယ်။
ဒီဘုန်းတော်တွေဟာ သဗ္ဗညုမြတ်စွာဘုရားရှင်တို့နဲ့သာ ဆိုင်တဲ့ ဘုန်းတော်တွေဖြစ်ပါတယ်။ ကျန်တဲ့ အဂ္ဂသာဝက၊ မဟာသာဝက၊ သာဝကတွေနဲ့ ဆိုင်တဲ့ ဘုန်းတော်တွေ မဟုတ်ပါဘူး။
ဒီလို လောကီ လောကုတ္တရာ ဘုန်းတော်တွေနဲ့ ပြည့်စုံတော်မူတဲ့ ဘဂ၀ါဂုဏ်တော်ရှင် မြတ်စွာဘုရားအား ရှိခိုးခြင်းဖြစ်ပါတယ်။ ဒီလို ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတဲ့ မြတ်စွာဘုရားအား တို့များ ရှိခိုးပူဇော်နေပါလားဆိုတာကို အနက်အဓိပ္ပါယ် သိရှိနားလည်ပြီး ရွတ်ဆိုပူဇော်ကန်တော့ရတဲ့အခါ ပိုပြီးတော့ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ကောင်းကျိုးတရားများ ပွားစေပါတယ်။

၂။ ဓမ္မဘုန်းတော……ဆိုတာက ဗုဒ္ဓမြတ်စွာမှာ ရတဲ့ မဂ်လေးပါး ဖိုလ်လေးပါးနှင့် ထိုမဂ် ဖိုလ်ရဲ့ အာရုံဖြစ်တဲ့ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရားကိုးပါးကို ဓမ္မဘုန်းတော်လို့ ဆိုပါတယ်။
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့မှာလည်းပဲ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ကို ရရှိပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် သူတို့ ပိုင်ဆိုင်တဲ့ လောကုတ္တရာတရားကိုးပါးကိုတော့ ဓမ္မဘုန်းတော်လို့ ဆိုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ကိုးတန်သော မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တွေက ကိလေသာကို ပယ်တဲ့နေရာမှာ ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့ဓာတ် ၀ါသနာကိုပါ ပယ်တာပါ။ သာဝကတို့ရဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကတော့ ၀ါသနာကို မပယ်နိုင်ပါဘူး၊ ကိလေသာကိုသာ ပယ်သတ်နိုင်တဲ့အတွက်ကြောင့်ပါ။ ဗုဒ္ဓမြတ်စွာမှာ ရတဲ့ မဂ်လေးပါး ဖိုလ်လေးပါးနှင့် ထိုမဂ် ဖိုလ်ရဲ့ အာရုံဖြစ်တဲ့ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရားကိုးပါးကို ဓမ္မဘုန်းတော်လို့သာ ဆိုထိုက်ပါတယ်။

၃။ ယသဘုန်းတော်…….ဆိုတာက ဗုဒ္ဓမြတ်စွာမှာ သရီရဂုဏ် ရူပကာယနှင့် ပတ်သက်တဲ့ ဂုဏ်ကျေးဇူးတွေ၊ ဓမ္မဂုဏ် နာမကာယဓမ္မနှင့် ပတ်သက်တဲ့ ဂုဏ်ကျေးဇူးတွေဟာ အထက်ဘ၀ဂ်တိုင်အောင် ပျံ့လှိုင်ပြီး ကျော်စောတဲ့ ကောင်းသတင်းတွေ လွှမ်းခြုံနေတယ်။ အဲဒီ လွှမ်းခြုံနေတဲ့ ကျော်စောသံတွေ ကောင်းသတင်းတွေဟာ အမှန်အတိုင်း ကျော်စောတဲ့ ကောင်းသတင်းတွေဖြစ်တယ်။ ဒီ ကျော်စောတဲ့ ကောင်းသတင်းသံကို ယသဘုန်းတော်လို့ ဆိုပါတယ်။
လောကမှာ တစ်ချို့က သတင်းကောင်းတွေ ကျော်ကြားနေပေမယ့်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လိုက်တဲ့အခါ တခြားစီဖြစ်နေတတ်တယ်။ ဗုဒ္ဓမြတ်စွာကတော့ ဒီလိုမဟုတ်ပါဘူး။ ကျော်ကြားတဲ့အတိုင်း ဟုတ်မှန်တယ်၊ ဟုတ်မှန်တဲ့အတိုင်းလည်း ကျော်ကြားခြင်းဆိုတဲ့ ဒီ ယသဘုန်းတော်နှင့်ပြည့်စုံတော်မူပါတယ်။

၎။ သိရီဘုန်းတော်…….ဆိုတာက ဗုဒ္ဓမြတ်စွာမှာ မဟာပုရိသလက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နဲ့ ကိုယ်အင်္ဂါကြီးငယ်တို့၏ ဖူးမ၀ ရှုမ၀ အလွန်လှပသပ္ပာယ် တင့်တယ်မှုဆိုတဲ့ အသရေအစုကို သိရီဘုန်းတော်လို့ ခေါ်ပါတယ်။

၅။ ကာမဘုန်းတော် …….ဆိုတာက ကိုယ့်တော်အကျိုး သူတစ်ပါးအကျိုးကို လိုလားတဲ့အတိုင်း ပြီးမြောက်စေနိုင်တဲ့ မြတ်စွာဘုရားရဲ့ ဆန္ဒတော်ကို ကာမဘုန်းတော်လို့ ဆိုပါတယ်။ တစ်ခြားသော သူများမှာလည်း ကိုယ့်အကျိုး သူတစ်ပါးအကျိုးကို လိုလားတဲ့ ဆန္ဒတွေရှိတတ်ကြပါတယ်။ ဒါပေမယ့် ဆန္ဒရှိကြတဲ့အတိုင်း ပြီးမြောက်အောင် မဆောင်ရွက်နိုင်ကြပါဘူး။ ဗုဒ္ဓကတော့ အဲဒီလိုမဟုတ်ဘူး၊ ဆန္ဒရှိတော်မူတဲ့အတိုင်း မိမိအကျိုး သူတစ်ပါးအကျိုးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ ဒီကာမဘုန်းတော်နဲ့ ပြည့်စုံတော်မူပါတယ်။

၆။ ပယတ္တဘုန်းတော်…………ဆိုတာက မြတ်စွာဘုရားရှင်ရဲ့ သန္တာန်မှာဖြစ်တဲ သမ္မာဝါယာမ မဂ္ဂင်လို့ခေါ်ဆိုရတဲ့ သမ္မပ္ပဓာန်လုံ့လ၀ီရိယတော်ကို ဆိုပါတယ်။
အရဟံဂုဏ်တော်
အရဟံ ဂုဏ်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏……..လို့ အထက်က အကျဉ်းအားဖြင့် လွယ်လွယ်မှတ်သားလို့ရအောင် ရွတ်ဆိုခဲ့ပါတယ်။ ဒီတော့ အရဟံ ဂုဏ်တော်ဆိုတာဟာ ဘယ်လို ဂုဏ်တွေကို ခေါ်ဆိုသလဲဆိုတာ နားလည်ကြည့်ပြီးတော့ ပူဇော်ကြည့်ရအောင်ပါ။
ဘုရားမြတ်စွာကို “အရဟံ” လို့ ခေါ်ဆိုထိုက်တဲ့ အကြောင်းတရား ငါးပါးရှိပါတယ်။
“အာရကတ္တာ ဟတတ္တာစ ကိလေသာဒီန သော မုနိ၊ ဟတသံသာရ စက္ကာရော ပစ္စယာဒီန သော နရော၊ န ရဟော ကရောတိ ပါပံ၊ အရဟန္တေန နာယကော။”
၁။အာရကတ္တာ-တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ၀ါသနာအငွေ့ဓာတ်နှင့်တကွ ဝေးကွာသော အနက်သဘောကြောင့်လည်းကောင်း မြတ်ဗုဒ္ဓဟာ “အရဟံ” ဂုဏ်ရှင်ဖြစ်တော်မူပါတယ်။
၂။ကိလေသာဒီနံ ဟတတ္တာစ-ကိလေသာတည်းဟူသော ရန်သူတို့ကို အရဟတ္တမဂ်ဥာဏ် သန်လျက်ဖြင့်အကြွင်းမဲ့ ပယ်သတ်အပ်ပြီး ဖြစ်တော်မူသောကြောင့်လည်းကောင်း ဗုဒ္ဓမြတ်စွာဟာ “အရဟံ” ဂုဏ်ရှင်ဖြစ်တော်မူပါတယ်။
ဟတသံသာရစက္ကာရော+ဟတသံသာရစက္ကာရတ္တာစ- သံသရာစက်၏အကန့်ကို ဖျက်ဆီးတော်မူပြီးဖြစ်သော အကြောင့်လည်းကောင်း ဘုရားမြတ်စွာဟာ “အရဟံ” ဂုဏ်ရှင်ဖြစ်တော်မူပါတယ်။
၎။ပစ္စယာဒီန စာရဟော-ပစ္စည်းအစရှိသော အပူဇော်တို့၏ (ပစ္စယပူဇာ၊ ဓမ္မပူဇာ)အပူဇော် အမျိုးမျိုးကို၊ ခံထိုက်သောကြောင့်လည်းကောင်း ဘုရားရှင်ကိုယ်တော်မြတ်ဟာ “အရဟံ” ဂုဏ်ရှင်ဖြစ်တော်မူပါတယ်။
၅။န ရဟော ကရောတိ ပါပံ-ဆိတ်ကွယ်ရာ၌ပင်လျှင် မကောင်းမှု့ကို ဘယ်သောအခါမှ ပြုတော်မမူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမြတ်စွာဟာ “အရဟံ” ဂုဏ်ရှင် ဖြစ်တော်မူပါတယ်။
မိမိတို ရွတ်ဆို ရှိခိုး ရွတ်ဖတ် ပူဇော်လိုက်တဲ့ နမော တဿ ဘုရားရှိခိုးဂါထာစာပိုဒ်မှာပါတဲ့ “အရဟံ”ဆိုတဲ့ ပါဠိတော်ဟာ ဒီလို အနက်သဘောတွေရှိပါလား။ ဒီလို ဂုဏ်ပုဒ်တွေကြောင့် ဗုဒ္ဓမြတ်စွာဟာ အရဟံ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ ချီးကျူးထိုက်ပါလား။ ဒီလို ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတဲ့ မြတ်စွာဘုရားအား တို့များ ရှိခိုးပူဇော်နေပါလားဆိုတာကို သိရှိနားလည်ပြီး ရွတ်ဆိုပူဇော်ကန်တော့လိုက်တဲ့အခါမှာ ပိုပြီးတော့ ပီတိသောမနဿတွေဖြစ်ပြီးတော့ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် ထိုင်းထွင်း၍ သိတော်မူတတ်သော သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားအား ရှိခိုးပါ၏။
ဗုဒ္ဓမြတ်စွာက သေလပုဏ္ဏားကို မိန့်ဆိုတဲ့ ဂါထာလေး တစ်ပုဒ်ရှိပါတယ်။

“သေလပုဏ္ဏား၊ ငါသည် ထူးသောဉာဏ်ဖြင့် သိထိုက်သည်ကို ထူးသောဉာဏ်ဖြင့် သိခဲ့ပြီ၊ ပွားထိုက်သည်ကိုလည်း ပွားစေခဲ့ပြီ၊ ပယ်ထိုက်သည်ကိုလည်း ပယ်ခဲ့ပြီ၊ ဒါကြောင့် ငါသည် သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ်ဖြစ်ပေသည်။”
အမှန်တော့ နမော တဿ ဘဂ၀တော သမ္မာသမ္ဗုဒ္ဓဿ ဆိုတဲ့ ဒီဘုရားရှိခိုး စာပိုဒ်ကို ငယ်စဉ်ကလေးဘ၀ သိတတ်စအချိန်ကတည်းက ကြားနာခဲ့တာဖြစ်သလို ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မိမိတို့ ရွတ်ဆိုနေခဲ့တဲ့ ရွတ်ဆိုနေတဲ့ ဒီဘုရားရှိခိုးဂါထာဟာ ဘယ်လိုအဓိပ္ပါယ်တွေရှိတယ်၊ ဘယ်လိုဂုဏ်ပုဒ်တွေရှိတယ်ဆိုတာကို တကယ်သိမြင်တဲ့သူ နည်းပါးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အခုလို သြော်………….တို့ရွတ်ဆိုပူဇော်ကန်တော့နေတဲ့ နမော တဿဘုရားရှိခိုးပါဠိတော်ဟာ ဒီလို ဘဂ၀ါဂုဏ်တော်၊ အရဟံဂုဏ်တော်၊သမ္မာသမ္ဗုဒ္ဓဂုဏ်တော်တွေနဲ့ ပြည့်စုံနေတဲ့ ဘုရားရှိခိုးစာပိုဒ်ပါလား။ ဒီ ဘဂ၀ါဂုဏ်တော်တွေဆိုတာမှာလည်း ဒီလို ဂုဏ်တော် ဘုန်းတော်တွေနဲ့ ပြည့်စုံနေပါလား၊ အရဟံ ဂုဏ်တော်မှာလည်း အရဟံဂုဏ်တော် ခံထိုက်တဲ့ အနက်ငါးမျိုး ဂုဏ်တော်တွေနဲ့ ပြည့်စုံနေပါလား၊ သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဆိုတာ ဒီလိုပုဂ္ဂိုလ်ပါလား…..ဆိုတာကို နားလည်သိမြင်ပြီး ရွတ်ဆို ပူဇော်လိုက်တဲ့အခါ ဘယ်လောက်များ ကြည်နူးဝမ်းသာ ဖြစ်မလဲ။ အရာမက အကျိုးကျေးဇူးတွေ ရရှိလိုက်မလဲ။” လို့ မိမိကိုယ်ကိုယ် ဂုဏ်ယူဝမ်းမြောက်စေပါလိမ့်မယ်။

နမော တဿဘုရားရှိခိုးကို ရွတ်ဆိုရုံမျှတင် အမှတ်တမဲ့ ပေါ့ပေါ့တန်တန် မပြုပါနဲ့။ တကယ်လေးလေးနက်နက်နဲ့ အခုလို အဓိပ္ပါယ်သိရှိပြိး ရွတ်ဆိုပူဇော်မှု့ပြုပါ။ ငယ်စဉ်ကတည်းက ရွတ်ဆိုပူဇော်လာတာဆိုတော့ လူ့သဘာဝဆိုတာက အလေးမထားချင်ကြတတ်ပါဘူး။ ပေါ့ပေါ့တန်တန်သဘောနဲ့ ၀တ်ကျေတန်းကျေ အများဆိုသလိုတော့ ဆိုလိုက်ကြတာလည်း ရှိတတ်လို့ပါ။ ရွတ်ဆိုပူဇော်ရင်းနဲ့လည်းပဲ မြတ်ဗုဒ္ဓ၏ အရဟံဂုဏ်တော် ဘဂ၀ါဂုဏ်တော်များကိုပွားများကာ ဗုဒ္ဓါနုဿတိဘာဝနာများလည်း ပြုလို့ရပါတယ်။
ကဲ…..စာဖတ်သူ..။ ဘဂ၀ါဂုဏ်တော်၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်တွေနဲ့ လွှမ်းခြုံထားတဲ့ ပြည့်စုံတဲ့ နမော တဿ ဘုရားရှိခိုးစာပိုဒ်လေးကို သုံးခေါက်လောက် ရွတ်ဆိုပူဇော်လိုက်ပါဦး။

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ကျမ်းကိုး။ ။
ဝိသုဒ္ဓိမဂ်မြန်မာပြန် (ဒုတွဲ)
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားတော် (ပတွဲ) နှင့် သီလပေးအကျယ်
(ဥယျာဉ်မှူးလေး)