Saturday, July 2, 2011

ကံဆိုတာ ဘာလဲ





ကံဆိုတာ ဘာလဲ

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် ကံဆိုတာ ဘာကိုဆိုလိုသည်ကို ပြည့်ပြည့်ဝဝ သိသင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကံ-ကံ၏ အကျိုးကို ယုံ၍ကြည်မှသာလျှင် ဗုဒ္ဓဘာသာအစစ် မည်ပေမည်။ ကံသည် ကမ္မ=ပြုလုပ်ခြင်း ဟူသော ပါဠိစကားမှ ဆင်းသက်လာသည့် ပါဠိပျက်စကား တစ်ခုပင် ဖြစ်သည်။ မြန်မာတို့သည် ပါဠိစကားကို ဘာသာပြန်ရာ၌ ကံဟူသော ပါဠိပျက်စကားကို ဘာသာမပြန်ဘဲ မြန်မာစကားအဖြစ်ဖြင့် ‘ကံ’ ကို ‘မွေးစား’ ၍ ယူလိုက်သဖြင့် တချို့လူတို့ အဓိပ္ပာယ်အယူအဆ လွဲနေကြခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။

ကံကို များသောအားဖြင့် ယူဆထားကြသည်မှာ အတိတ်ဘဝက မိမိပြုလုပ်ခဲ့သော အကြောင်းများကြောင့် ယခုဘဝတွင် အကောင်းအဆိုး ခံစားနေကြခြင်း ဖြစ်သည်ဟုပင် ဖြစ်သည်။ ထို့ကြောင့် ကံကောင်းသည်၊ မကောင်းသည် ဟူသော အသုံးအနှုန်း၌ အတိတ်ဘဝက မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှုဟု အများက ယူဆထားကြသည်။ အမှန်အားဖြင့် နားလည်သဘောပေါက်မှု လွဲနေကြခြင်း ဖြစ်သည်။ ကံကို ပြုလုပ်ပြောဆိုကြံစည်ခြင်းဟု အတိတ်ရော ပစ္စုပ္ပန်ပါ အကျုံးဝင်ပြီး ကာယကံ၊ ဝစီကံ၊ မနေကံ သုံးပါးစလုံး သဘောပါအောင် ဘာသာပြန်ထားနိုင်ပါက ကံအကြောင်းကို ပိုမိုသဘောပေါက် နားလည်လိမ့်မည်ဟု ယုံကြည်မိပါသည်။

လူတစ်ဦးတစ်ယောက်၏ ကံကောင်းမှုသည် ယခုပစ္စုပ္ပန် အလုပ်ကောင်းမှုပေါ်၌ အများကြီး တည်ရှိကြောင်း သိရှိလာပါက မိမိ၏ ပစ္စက္ခအလုပ်များကို ကောင်းအောင် ပြုလုပ်ပြောဆို ကြံစည်လာခြင်းအားဖြင့် ယခုဘဝတွင်ပ်င ကောင်းကျိုးချမ်းသာများကို ရနိုင်ပေသည်။ လူတိုင်းသည် ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရမည်။ မကောင်းတာလုပ်လျှင် မိမိပင် ယခုဘဝ၌ ဆိုးကျိုးခံစားရမည်ဟူသော ကံ-ကံ၏ အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်လာပါက မကောင်းမှုများကို ပယ်လာနိုင်သည်နှင့်အမျှ သာယာစိုပြေသော ဘဝတစ်ခုကို ဖန်တီးနိုင်ကြမည်ဟု ယုံကြည်မိပါသည်။ ထို့ကြောင့် ကံအကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိရန်အတွက် ကျမ်းစာများမှ ထုတ်နုတ်တင်ပြရခြင်း ဖြစ်ပါသည်။
ယခုဘဝတွင် လူတို့ တွေ့ကြုံနေရသော ကောင်းမှု မကောင်းမှု (ကံ) ဖြစ်ရပ်တို့သည် မည်သည့်ပုဂ္ဂိုလ် တန်ခိုးရှင်မှ ဖန်ဆင်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ဘဲ မိမိအတိတ်က ပြုလုပ်ခဲ့သည့် အလုပ် အပြောအဆို အကြံအစည်နှင့် ယခု ပစ္စုပ္ပန်တွင် ပြုလုပ်ပြောဆို ကြံစည်ခြင်းတို့၏ အကျိုးတရားများသာလျှင် ဖြစ်ပေသည်။ ထို့ကြောင့် မည်သူမပြု မိမိမှုဟု အတိုကောက် မှတ်သားသင့်ပေသည်။

လောက၌ လူတို့ ပြုလုပ်ပြောဆို ကြံစည်ကြသည်များသည် အလုပ်သစ် (ကံသစ်)များ ဖြစ်၍ ယခု ဖြစ်ပျက်သော အကြောင်းခြင်းရာတို့သည်။ မိမိပြုလုပ်ခဲ့သော ကောင်းသောအလုပ်၊ ဆိုးသောအလုပ်တို့၏ ရလာဒ်များပင်ဖြစ်ကြောင်း တထစ်ချ ယုံကြည်ထိုက်ပေသည်။ ထို့ကြောင့် အတိုကောက်အားဖြင့် “ပြုလျှင်အသစ်၊ ဖြစ်လျှင် အဟောင်း” ဟု မှတ်သားရာ၏။

ကံနှင့်ပတ်သက်၍ ပထမဦးစွာ မှားယွင်းသည့် အယူအဆ သုံးမျိုးကို သိထားသင့်ပေသည်။

(၁) သင် တွေ့ကြုံခံစားနေရသော အကောင်းအဆိုး ဟူသမျှတို့သည် ရှေးရှေးဘဝများစွာက ပြုလုပ်ခဲ့ဖူးသော အကြောင်းသက်သက်ကြောင့်သာလျှင် ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ယူဆထားလျှင် သင်သည် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်နေလေပြီ။

(၂) သင် တွေ့ကြုံခံစားနေရသော အကောင်းအဆိုး ဟူသမျှတို့သည် လောကကို အစိုးရသော (ဝါ) ကမ္ဘာလောက၏ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးကို ဖန်ဆင်းတတ်သော ဘုရား၊ ဗြဟ္မာ၊ ဗိဿနိုး စသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်သည်ဟု များယွင်းစွာ ယုံကြည်ယူဆထားလျှင် သင်သည် ဣဿရနိမ္မာနဟေတုဒိဋ္ဌိ ဖြစ်နေလေပြီ။

(၃) သင် တွေ့ကြုံခံစားနေရသော အကောင်းအဆိုး ဟူသမျှတို့သည် ဖြစ်စေတတ်သောအကြောင်း၊ ထောက်ပံ့တတ်သောအကြောင်းများ လုံးဝမရှိဘဲ ပကတိ အလိုလိုသာ ဖြစ်ပေါ်လာကြ၏၊ (ဝါ) ဘာအကြောင်းမျှမဟုတ်ဘဲ သူ့အလိုလို ဖြစ်ပေါ်လာကြသည်ဟု မှားယွင်းစွာ ယုံကြည်ယူဆထားလျှင် သင်သည် အဟေတုကပစ္စယဒိဋ္ဌိ ဖြစ်နေလေပြီ။

ဤသို့ ပြဆိုခဲ့ပြီးသော မှားယွင်းသည့် အယူအဆမျိုးမှ ကင်းလွတ်၍ အောက်ပါအတိုင်း ယုံကြည်မှသာလျှင် သင်သည် ကံ-ကံ၏ အကျိုးကို ယုံကြည်သော မှန်ကန်သောအယူကို လက်ခံ ထားသူ ဖြစ်ပေမည်။

(က) ကောင်းသောအမှုတို့ကို ပြုလုပ်ပြောဆို ကြံစည်လျှင် ကောင်းသောအကျိုးကိုသာ ခံစားရမည်။

(ခ) မကောင်းသောအမှုတို့ကို ပြုလုပ်ပြောဆို ကြံစည်လျှင် မကောင်းသော အကျိုးကိုသာ တွေ့ကြုံခံစားရမည် ဤသို့ တွေ့ကြုံခံစားရခြင်းသည်။
(၁) ရှေးရှေးသော အတိတ်ဘဝများက ပြုလုပ်ခဲ့သော အကြောင်းကံများကြောင့် လည်းကောင်း၊
(၂) ယခု ပစ္စုပ္ပန်ဘဝ၌ ပြုလုပ်ခဲ့သော အကြောင်းကံများကြောင့် လည်းကောင်း။

ဤအကြောင်း နှစ်ပါးကြောင့် လည်းကောင်း၊ သို့မဟုတ် ယင်းနှစ်ပါးအနက်မှ တစ်ပါးပါးကြောင့်သာလျှင် ဖြစ်သည်ဟု သင် ယုံကြည်ထားလျှင် သင်သည် ကံ-ကံ၏ အကျိုးကို ယုံကြည်သူ ကမ္မဿကတာသမာဒိဋ္ဌိ အစစ် ဖြစ်လေပြီ။
ရူပဗေဒပညာ၌ သိပ္ပံပညာရှင်တို့သည် မဖောက်မပြန် မှန်ကန်သော နိယာမသဘောတရား တစ်ခုကို တွေ့ရှိထားသည်။ ယင်းသည်ကား သက်ရောက်မှုတိုင်း၌ တူညီသော တန်ပြန်သက်ရောက်မှု ရှိသည်။ (In every action there is an equal and opposite reaction) ဟူသော နိယာမပင် ဖြစ်သည်။ ဗုဒ္ဓသည် ထိုနိယာမကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် တွေ့ရှိခဲ့ပြီး ဖြစ်သည်။

ပြုလုပ်ပြောဆို ကြံစည်မှုများ၌ တန်ပြန်သက်ရောက်မှု ရှိသည်ဟူသော သဘောတရားမှာ အငြင်းပွားရန် အကြောင်းရှိရကား ယင်းသက်ရောက်မှုသည် မည်သည့်အချိန် ဖြစ်ပေါ်လာမည်ကိုသာ မသိနိုင်သော်လည်း အကျိုးသက်ရောက်မှု အမှန်ဖြစ်ပေါ်လာမည်ကို ယုံမှားဖွယ် မဖြစ်သင့်ချေ။ တစ်နည်းအားဖြင့်ဆိုလျှင် ကောင်းသောအလုပ် (ကံ)ကို ပြုလုပ်သူသည် ကောင်းသောအကျိုးများကိုသာ ခံစားရပြီး၊ မကောင်းသောအလုပ် (ကံ)ကို ပြုလုပ်သူသည် မကောင်းသော ဆိုးကျိုးကိုသာ ခံစားရမည်မှာ သဘာဝတရားတစ်ခုပင် ဖြစ်သည်။ ယင်း ကောင်းကျိုး ဆိုးကျိုးတို့ကို မည်သည့်အချိန် တွေ့ကြုံခံစားရမည်နည်း။ ချက်ချင်း တွေ့ကြုံခံစားရမည်လော၊ မည်မျှကြာသော အနာဂတ်ကာလ၌ ခံစားရမည်လောဆိုသည့် အချက်တွင်သာ ကွဲလွဲမှု ရှိနိုင်ပေသည်။

ဤနေရာတွင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော “ရဟန်းတို့၊ စေတနာကို ကံဟူ၍ ငါဘုရား ဟော၏။ စေတနာတံ ဘိက္ခဝေ ကမ္မံဝဒါမိ” ဟူသော ဟောကြားချက်ကို ဆင်ခြင်ပါက မိမိပြုလုပ်မှု အကြောင်းကြောင့် ဖြစ်ပေါ်လာမည်ဖြစ်သော ကောင်းကျိုး ဆိုးကျိုးတို့နှင့် တွေ့ကြုံရမည့် ကာလအပိုင်းအခြားကို မှန်းဆ သိနိုင်ပေမည်။

စေတနာဟူသော စကား၏ အဓိပ္ပာယ်မှာ စေ့ဆော်မှု၊ စိတ်အားထက်သန်မှု သဘောပင် ဖြစ်သည်။ ကောင်းမှု မကောင်းမှုကို ပြုလုပ်ရာ၌ စိတ်အားထက်သန်မှု ကြီးမားသည်နှင့်အမျှ ချက်ချင်း အကျိုးသက်ရောက်မှု ရှိသည်။ (၎င်းအပြင် မပြစ်မှားထိုက်သော ပုဂ္ဂိုလ် ၁၀ ပါးကို ပြစ်မှားပါက ယခုဘဝတွင်ပင် မကောင်းကျိုးများကို ခံစားရမည် ဖြစ်သည်။ မပြစ်မှားထိုက်သော ပုဂ္ဂိုလ် ၁၀ ပါးမှာ- ၁။ မြတ်စွာဘုရာ၊ ၂။ ပစ္စေက ဗုဒ္ဓါ၊ ၃။ အဂ္ဂသာဝက၊ ၄။ ရဟန်းသံဃာ၊ ၅။ အမိ၊ ၆။ အဖ၊ ၇။ အလေးအမြတ်ပြုအပ်သောသူ၊ ၈။ ဆရာသမား၊ ၉။ ကျွေးမွေးပေးကမ်းဖူးသောသူ၊ ၁၀။ အကျိုးအကြောင်းပြ၍ ဆုံးမသောသူ။)

ထိုသို့ ကောင်းမှု၊ မကောင်းမှု ပြုလုပ်ပါက တွေ့ရှိရမည်ဖြစ်သော အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ တင်ပြရာဝယ် တရားဂုဏ်တော် ခြောက်ပါးထဲမှ “အကာလိကော” ဂုဏ်တော်ကို ရည်ညွှန်း၍ ထပ်မံ ဖြေရှင်း တင်ပြလိုပါသည်။ မြတ်စွာဘုရား၏ တရားတော်သည် ကျင့်ကြံသူအား အချိန်မရွေး အကျိုးပေးသည်ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပေသည်။ “အကာလိကော” ဂုဏ်တော်သည် စိတ်နှင့်ဆိုင်သော ဂုဏ်တော်ဖြစ်၍ ကုသိုလ်ကောင်းမှု ပြုလုပ်နေသည့် အချိန်အတွင်း၌ ပြုလုပ်သူ၏ စိတ်အစဉ်သည် ကြည်လင်ရွှင်လန်း အေးမြချမ်းသာနေသော အကျိုးကို ချက်ချင်း ခံစားနေရခြင်း၊ ကောင်းသောသတင်း အကျော်အစောကို ရရှိခြင်း၊ မကောင်းမှု ပြုလုပ်နေသူသည် ယင်းသို့ ပြုလုပ်နေသည့် အချိန်အတွင်း၌ စိတ်ပူပန်ရခြင်း၊ စိုးရိမ်ရခြင်း၊ စိတ်တည်ငြိမ် ချမ်းသာမှု မရှိခြင်း၊ မကောင်းသော သတင်းကျော်စောမှု စသော ဆိုးကျိုးတို့ကို ချက်ချင်း ခံစားရပေမည်။ ထို့ကြောင့် ကောင်းမှု မကောင်းမှု ပြုလုပ်ကြသူများသည် စိတ်သဘောအရ ချက်ချင်း အကျိုးသက်ရောက်မှု ရှိသည်ကို သတိပြုသင့်ပေသည်။
၎င်းပြင် သာမန်လူတို့ နားလည်နေကြသည့်အတိုင်း ကုသိုလ်ကောင်းမှုပြုလျှင် ချက်ချင်းပင် စီးပွားဥစ္စာ တိုးတက်၍ ချမ်းသာတော့မလို၊ မကောင်းမှုပြုလျှင်လည်း ချက်ချင်းပင် ဒုက္ခများနှင့် ရင်ဆိုင်ရတော့မည်ဟု ထင်ကြသည့် အယူအဆများနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းအောင် အောက်ပါဥပမာဖြင့် တင်ပြလိုပေသည်။

ကောင်းမှု၊ မကောင်းမှုများကို ပြုလုပ်ရာ၌ တွေ့ကြုံရမည့် အကျိုးသက်ရောက်မှုကို ထင်ရှားအောင် ဥပမာပြရမည် ဆိုပါက ရေကန်တစ်ခု၏ အလွန်တည်ငြိမ်သော ရေမျက်နှာပြင်ပေါ်သို့ ကောင်းမှု၊ မကောင်းမှုနှင့်တူသော ခဲတစ်ခုကို ပစ်ချလိုက်ပါက ရေနှင့်ခဲ ထိလျှင်ထိချင်း ရေလှိုင်းတို့သည် အရစ်လိုက် အရစ်လိုက် ပေါ်ထွက်လာကာ ရေမျက်နှာပြင်ကျယ်သည်နှင့်အမျှ လှိုင်းပြန့်၍ လှုပ်ရှား သွားကြလေသည်။

ထို့အတူပင် ကောင်းမှု၊ မကောင်းမှု အကြီးအသေးနှင့် တူသော ခဲအကြီးအသေး၊ စေတနာနှင့်တူသော ပစ်အား အရှိန်ပြင်းမှု၊ ပျော့်မှုပေါ်မူတည်၍ ရေလှိုင်း အရစ်အဝိုင်းတို့သည်လည်း ခဲကြီးလျှင် ကြီးသည့်အလျောက်၊ ခဲသေးလျှင် သေးသည့်ပမာဏအလျှောက်၊ အရှိန်အဟုန်ပြင်းလျှင် ပြင်းသည့်အလျှောက်၊ အရှိန်အဟုတ်နည်းလျှင် နည်းသည့်အလျှောက် လှိုင်းအရစ်အဝိုင်း အကြီးအသေးများ၊ လှိုင်းခေါင်း အနိမ့်အမြင့်များ၊ လှိုင်းပြေးအရှိန် အနှေးအမြန်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ ကမ်းခြေအထိ လှုပ်ရှားသွားကြသည်။

ဤဥပမာကို တင်စားရာ၌ ခဲအကြီးအသေးကို ကံအကြီး၊ အသေး ဟူ၍လည်းကောင်း၊ စေတနာကောင်းမှု ယုတ်ညံ့မှုကို ရေထဲသို့ ပစ်ချလိုက်သော ခဲ၏ အရှိန်အဟုန် ကြီးငယ်မှု ဟူ၍လည်းကောင်း၊ လှိုင်းပြေး အရှိန်နှေးမှု မြန်မှုသည် အကျိုးသက်ရောက်မှု အချိန် ဟူ၍လည်းကောင်း၊ လှိုင်းတစ်ရစ်ပြီး တစ်ရစ် ပေါ်လာသော အရစ်အဝိုင်းတစ်ခုသည် ဘဝတစ်ခု ဟူ၍လည်းကောင်း၊ ရေမျက်နှာပြင် အကျယ်သည် ဘဝများစွာ ကျင်လည်ရသော သံသရာ ဟူ၍လည်းကောင်း တင်စား၍ ဆင်ခြင်ကြည့်ပါက အကျိုးသက်ရောက်မှု၊ ခံစားရမှု သဘောများကို ပို၍ ထင်ရှားစွာ သိမြင်နိုင်ပါသည်။

ထို့အတူ ကြီးမားသော အကောင်းအဆိုး ကံတစ်ခုကို ထက်သန်သော စေတနာအရှိန်အဟုန်ဖြင့် ပြုလုပ်ပါက တန်ပြန်သက်ရောက်မှုသည် အရှိန်အဟုန်ကြီးသည်နှင့်အမျှ ချက်ချင်းဖြစ်ပေါ်လာ၍ သံသရာမှ မလွတ်မြောက်မချင်း ဘဝများစွာ ခံစားရမည်ကို ဤဥပမာဖြင့် ထင်ရှားလောက်ပြီဟု ယူဆမိပါသည်။

ဤနေရာ၌ အတိတ်ကံ ပစ္ဈပ္ပန်ကံနှစ်ပါးတို့၏ အကြောင်းကို ကောင်းစွာသိရှိရန် ထပ်မံတင်ပြလိုပါသည်။ လောက၌ ဖြစ်ပျက်မှု အခြင်းအရာ အားလုံးတို့သည် ကံ၊ ဉာဏ်၊ ဝီရိယအပေါ်၌ တည်၏။ ကံဟု ဆိုရာ၌ အတိတ်နှင့် ပစ္ဈပ္ပန် ကံနှစ်ခုစလုံးကို ဆိုလိုသည်။

အတိတ်ကံကို အခြေပြု၍ ဖြစ်ပေါ်လာရသော အကြောင်းခြင်းရာတို့ကို ပစ္ဈပ္ပန်၌ ကံဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်း၊ ဝီရိယဖြင့်လည်းကောင်း ပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။ ပုံစံပြရသော် တိရစ္ဆာန်စသော ဘဝများ၌ သန္ဓေတည်လာရခြင်း၊ ရုပ်ရည်အဆင်း လှပစွာ ပဋိသန္ဓေတည်လာရခြင်း၊ ပိဋိသန္ဓေဉာဏ် ထက်မြက်ခြင်း၊ ထုံထိုင်းညံ့ဖျင်းခြင်း စသော အချက်များသည် အတိတ်ဘဝကံ၏ စီမံဖန်တီးမှုများကြောင့်သာဖြစ်၍ ယခု ပစ္ဈပ္ပန် ကံ၊ ဉာဏ်၊ ဝီရိယတို့ဖြင့် ပြုပြင်၍ မရနိုင်ပေ။

လောကီ၊ လောကုတ္တရာ ကြီးပွားမှုအတွက် ကောင်းသော ပြုလုပ်ပြောဆို ကြံစည်မည့် သုစရိုက်တရားတို့သည် လည်းကောင်း၊ မိမိ၏ ပျက်စီးဆုတ်ယုတ်မှုအတွက် ပြုလုပ်သော ဒုစရိုက်တရားတို့သည် ပစ္ဈပ္ပန်ကံဟု မှတ်ယူလေသည်။
အတိတ်နှင့် ပစ္ဈပ္ပန်ကံတို့၌လည်း အောက်ပါအတိုင်း သုံးမျိုးသုံးစား ရှိကြသည်။

အတိတ်ကံ
(၁) ကြီးမားသော အတိတ်ကံ၊
(၂) အလယ်အလတ်ဖြစ်သော အတိတ်ကံ၊
(၃) အနည်းငယ်သော အတိတ်ကံ၊

ပစ္ဈပ္ပန်ကံ
(၁) ကြီးပွားဖြစ်ထွန်ရန်ရှိသော ကံ၊
(၂) တည်တံ့ရုံမျှသာ ဖြစ်ထွန်းနိုင်သော ကံ၊
(၃) ယုတ်လျော့ရန်အဖို့သာရှိသော ကံ။
အတိတ်ကံကြီးသူ သုံးယောက်

အကြင်သူသည် ကြီးမားသော အတိတ်ကံ၏ အကျိုးကျေးဇူးကြောင့် စည်းစိမ်ဥစ္စာပြည့်စုံ၍ မြင့်မြတ်သော မင်းမျိုး၊ သူဌေးမျိုးတို၌သာ လူလာဖြစ်သော်ငြားလည်း ထိုသူသည် လောကီကြီးပွားမှုအတွက် ကြီးပွားဖြစ်ထွန်းရန်ရှိသော ပစ္ဈပ္ပန်ကံကို ပြုလုပ်မှီဝဲ၏။ ထိုသူ၏ လောကီကြီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် ဆုန်ယုတ်ခြင်းမရှိ၊ တည်တံ့ရုံသာလည်း မနေ၊ ကြီးပွားတိုးတက်ခြင်းသာ ဖြစ်ကုန်၏။

အကြင်သူသည် ကြီးမားသော အတိတ်ကံကြောင့် မြင့်မြတ်သော ဘဝကို ရသော်လည်း တည်တံ့ရုံမျှသာ ဖြစ်ထွန်းနိုင်သော ပစ္ဈပ္ပန်ကံကို ပြုလုပ်မှီဝဲ၏။ ထိုသူ၏ လောကီစီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် တိုးတက်ခြင်းလည်း မရှိ၊ ဆုတ်ယုတ်ခြင်းလည်း မရှိ၊ တည်တံ့ရုံမျှသာ ရှိ၏။

အကြင်သူသည် ကြီးမားသော အတိတ်ကံကြောင့် မြင့်မြတ်သော ဘဝကို ရသော်လည်း ယုတ်လျော့ရန်အဖို့သာရှိသော ပစ္ဈပ္ပန်ကံကို ပြုလုပ်မှီဝဲ၏။ ထိုသူ၏ လောကီစီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် တိုးတက်မှုကို မဆိုထားနှင့် တည်တံ့မှုပင် မရနိုင်ဘဲ ဆုတ်ယုတ်ပျက်စီးခြင်းသာ ဖြစ်ကုန်၏။
အတိတ်ကံ အလတ်ရှိသူ သုံးယောက်

အကြင်သူသည် အလယ်အလတ်ဖြစ်သော အတိတ်ကံအတွက်ကြောင့် လူလတ်တန်းစားဘဝ၌ ဖြစ်၏။ ထိုသူသည် လောကီ အကျိုးစီးပွားအတွက် ကြီးစွာဖြစ်ထွန်းရန်ရှိသော ပစ္ဈပ္ပန်ကံကို ပြုလုပ်မှီဝဲ၏။ ထိုသူ၏ လောကီစီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် ကြီးပွားတိုးတက်ခြင်းသာ ဖြစ်ကုန်၏။

အကြင်သူသည် အလယ်အလတ်ဖြစ်သော အတိတ်ကံကြောင့် လူလတ်တန်းစားဘဝ၌ ဖြစ်၏။ ထိုသူသည် တည်တံ့ရုံမျှသာဖြစ်သော ပစ္ဈပန်ကံကို မှီဝဲပြုလုပ်၏။ ထိုသူ၏ လောကီကြီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် တည်တံ့ရုံမျှသာ ဖြစ်ကုန်၏။

အကြင်သူသည် အလယ်အလတ်ဖြစ်သော အတိတ်ကံအတွက်ကြောင့် လူလတ်တန်းစားဘဝ၌ ဖြစ်၏။
ထိုသူသည် ဆုတ်ယုတ်ရန်ဖြစ်သော ပစ္ဈပ္ပန်ကံကို မှီဝဲပြုလုပ်၏။ ထိုသူ၏ လောကီစီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် မိမိ၏ ပင်ရင်းဘဝ အခြေအနေ၌ပင် မတည်တံ့နိုင်ဘဲ ဆုတ်ယုတ်ပျက်စီးခြင်းသို့ ရောက်ရ၏။
အတိတ်ကံ ငယ်သူ သုံးယောက်


အကြင်သူသည် သေးနုပ် သိမ်ငယ်ခဲ့သော အတိတ်ကံအကျိုးကြောင့် သူဆင်းရဲဘဝ၌ ဖြစ်၏။ ထိုသူသည် ကြီးပွားဖို့ရန်ဖြစ်သော ပစ္ဈပ္ပန်ကံကို မှီဝဲပြုလုပ်၏။ ထိုသူ၏ လောကီစီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် တိုးတက်ကြီးပွားကုန်၏။

အကြင်သူသည် သေးသိမ်ခဲ့သော အတိတ်ကံကြောင့် သူဆင်းရဲဘဝ၌ ဖြစ်၏။ ထိုသူသည် တည်တံ့ရုံမျှသာဖြစ်သော ပစ္ဈပ္ပန်ကံကို မှီဝဲပြုလုပ်၏။ ထိုသူ၏ လောကီစီးပွားချမ်းသာ ဂုဏ်ရှိန်တို့သည် တည်တံ့ရုံမျှသာ ဖြစ်ကုန်၏။

အကြင်သူသည် သေးသိမ်ခဲ့သော အတိတ်ကံကြောင့် သူဆင်းရဲဘဝ၌ ဖြစ်၏။ ထိုသူသည် ယုတ်လျော့ရန်ဖြစ်သော ပစ္ဈပ္ပန်ကံကို မှီဝဲပြုလုပ်ခြင်းကြောင့် မိမိပင်ရင်းဘဝထက်ပင် ယုတ်လျော့ကာ ဆင်းရဲသည်ထက် ဆင်းရဲ၏။
အထက်ပါ အခြင်းအရာများကို ယခုခေတ် မျက်မှောက် ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော ဖြစ်ရပ်များနှင့် ပုံစံပြရမည်ဆိုပါက ကောင်းမြတ်သော ဘဝ၌ ဖြစ်ကြသည့် အရာရှိကြီးများ၊ သူဌေးများ၊ လူရည်တတ်များ၏ သားသမီးအချို့သည် ပစ္ဈပ္ပန်ကံဖြစ်သည့် ယခုဘဝတွင် ပြုလုပ်ပြောဆို ကြံစည်မှုတို့၌ ဆုတ်ယုတ်မှုကိုသာ ပြုလုပ်ကြသဖြင့် မိဘများ တိမ်းပါးပြီးနောက် လူလတ်ပိုင်းအရွယ်တို့၌ ဆင်းရဲဒုက္ခ ရောက်ကြရသူများကို မိမိပတ်ဝန်းကျင်တွင် အများအပြား တွေ့နိုင်ပေသည်။

ထို့အတူပင် အတိတ်ဘဝကံ သိမ်ငယ်ခဲ့၍ ယခုဘဝ ပထမအရွယ်၌ အောက်တန်းကျခဲ့သော်လည်း ငယ်စဉ်က ပညာကြိုးစားသင်ခဲ့ခြင်း၊ အသိအလိမ္မာရှိခြင်း၊ ဝီရိယရှိခြင်း စသော တိုးတက်ဖြစ်ထွန်းဖို့သာရှိသည့် ပစ္ဈပ္ပန်ကံကို ပြုလုပ်ပြောဆို ကြံစည်ခြင်းကြောင့် ယခုဘဝ လူလတ်ပိုင်းအရွယ်တို့တွင် ရာထူးဌာနန္တရကြီးများ အဖြစ်ဖြင့်လည်းကောင်း၊ စီးပွားတိုးတက်နေသော ကုန်သည်ကြီးများ အဖြစ်ဖြင့်လည်းကောင်း တည်ရှိနေကြသည့် တောင်သူလယ်သမား၊ အလုပ်သမား၊ စာရေး စာချီနှင့် ဈေးသည်ကလေးများတို့၏ သားသမီးများကိုလည်း ပတ်ဝန်းကျင်၌ အများအပြား တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့် လောကီကြီးပွားမှုနှင့် ပတ်သက်၍ ပဋိသန္ဓေ ဝမ်းတွင်းပါ အင်္ဂါချို့ယွင်းခြင်း၊ ရုပ်ရည်လက္ခဏာ လှပတင့်တယ်မှုရှိခြင်း၊ ပဋိသန္ဓေဉာဏ် ချို့ယွင်း၍ ပေါကြောင်ကြာင် ဖြစ်နေခြင်း၊ မိန်းမလျာဘဝတို့၌ ဖြစ်ရခြင်း စသော အချက်များမှအပ လောကီကြီးပွား တိုးတက်မှုတို့သည် ပစ္ဈပ္ပန်ကံဟုခေါ်သော ယခုဘဝ၌ ပြုလုပ်ပြောဆို ကြံစည်မှုတို့ကို ဉာဏ်၊ ဝီရိယနှင့်ယှဉ်ကာ ပြုလုပ်မှသာလျှင် အဓိကအကျဆုံးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကံနှင့်ပတ်သက်၍ ကံလေးမျိုးကိုလည်း ခွဲခြား၍ သိသင့်ပါသေးသည်။

(၁) ဥပပီဠက ကံ
(၂) ဥပစ္ဆေဒက ကံ
(၃) ဇနက ကံ
(၄) ဥပထမ ၻက ကံ

ဥပပီဠကကံ ဟူသည်မှာ ကုသိုလ်ကံ အကျိုးပေးနေသည့်ကြားမှ ကပ်ရောက် နှိပ်စက် ပျက်စီးတတ်သောကံ ဖြစ်သည်။

ထင်ရှားအောင် ရှင်းလင်းတင်ပြရသော် လူတစ်ဦးစီ တစ်ဦးစီ၌ အတိတ်ဘဝသံသရာ အစမှပြုခဲ့ကြသော ကောင်းမှု၊ မကောင်းမှု ကံတို့သည် ရေတွက်ခြင်းငှာပင် မစွမ်းနိုင်အောင် များပြားခဲ့ပါသည်။ ယင်းတို့အနက်မှ တစ်ခုသော ကုသိုလ်ကံကြောင့် အကြင်သူသည် လူ့ဘဝ၌ လူလာဖြစ်ခဲ့ငြားသော်လည်း အတိတ်ဘဝက ပြုခဲ့သော ကြီးမားသည့် အကုသိုလ်ကံများက ‘ငါတို့သာ ရှေးဦးစွာ အခွင့်ရငြားအံ့၊ အသင့်ကို လူ့ပြည်၌ ဖြစ်ခွင့်မပေးဘဲ အပါယ်လေးဘုံ၌သာ ဖြစ်စေအံ့။ ယခုမူ သင်သည် လူ့ဘုံ၌ ဖြစ်လေပြီ။ သင်ဖြစ်ချင်ရာဘုံ၌ ဖြစ်ပါစေ၊ ငါ အကုသိုလ်ကံသည် သင် လူသားကို နှိပ်စက်ရပေဦးမည်’ ဤသို့ မပြောဆိုသော်လည်း ပြောဆိုဘိသကဲ့သို့ ပြုခဲ့သော အကုသိုလ် ကံများက အခွင့်သာလျှင် သာသောအခါ၌ ကပ်၍ နှိပ်စက်လေတော့သည်။ နှိက်စက်ပုံကား-

ဆိုခဲ့ပြီးသော အကုသိုလ် ပြုခဲ့ဖူးသူသည် အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသည်မှစ၍ မိဘနှစ်ပါးတွင် ကိုယ်စိတ် မချမ်းမသာဖြစ်ရခြင်း၊ အိမ်၌ရှိသော ပစ္စည်းဥစ္စာတို့ ဆုံးပါးပျက်စီးခြင်း၊ ထိုသူနှင့်ပတ်သက်သော မိဘ၊ မောင်နှမသားချင်းတို့မှာ ၎င်းကံနှင့် ကံချင်းဆက်နေသဖြင့် ဒုက္ခအဖုံဖုံ တွေ့ကြုံရခြင်း၊ ၎င်းကိုယ်တိုင် အနာရောဂါ ထူပြောခြင်း၊ အကျော်အစော ကင်းမဲ့ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း စသော ဒုက္ခများဖြင့် နှိပ်စက်ခြင်း ခံရတတ်သည်။
ဥပစ္ဆေဒကကံမှာ ကုသိုလ်ကံ အကျိုးပေးနေသည့်ကြားမှ ဝင်၍ အပြီးအပိုင် ဖြတ်ချတတ်သော ကံကို ဥပစ္ဆေဒကကံဟု အမည်တွင်သည်။

ထပ်မံ ထင်ရှားအောင် ရှင်းလင်းပြရသော် ဥပစ္ဆေဒကကံသည် အတိတ်ဘဝများစွာက မိမိပြုခဲ့သော သူတစ်ပါး သတ်ဖြတ်ခဲ့သည့် အကုသိုလ်ကံကြောင့် ယခုဘဝတွင် ကောင်းကျိုးခံစားနေရသည့် ကြားမှဝင်၍ တစ်စုံတစ်ခုသော အကြောင်းကြောင်းကြောင့် မမျှော်လင့်ဘဲ အသက်အန္တရာယ် ဆုံးရခြင်းပင် ဖြစ်သည်။

ဇနကကံမှာ အကောင်းအဆိုး နှစ်ခုစလုံးကို ဖြစ်စေတတ်သည့် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံပင် ဖြစ်သည်။ အတိတ်ဘဝက ကုသိုလ်ကောင်းမှု အရှိန်ကြောင့် သုဂတိဘုံ၌ ဖြစ်ရခြင်း၊ မကောင်းသော အကုသိုလ်ကံကြောင့် အပါယ်လေးဘုံ၌ ဖြစ်ရခြင်း စသော သဘောတရားပင် ဖြစ်သည်။
ဥပထမ္ဘကကံသည် ကူညီထောက်ပံ့တတ်သော ကုသိုလ်ကံ ဖြစ်သည်။ ဤကံ၏ သဘောကား ဥပပီဠကကံနှင့် ဆန့်ကျင်ဘက်သဘော ဖြစ်၏။ ဘဝများစွာက ပြုခဲ့သော ကုသိုလ်ကံ အရှိန်ကြောင့် နတ်ပြည်၌မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ခဲ့သော ထိုကံများက ‘ငါတို့သာ ရှေးဦးစွာ အခွင့်ရငြားအံ့၊ သင့်အား လူ့ပြည်၌ဖြစ်ခွင့်မပေးဘဲ နတ်ပြည်၌သာ ဖြစ်စေအံ့။ ယခုမူ သင်သည် လူ့ဘုံ၌ ဖြစ်ခဲ့လေပြီ။ ဖြစ်ချင်ရာ ဘုံ၍ဖြစ်ပါစေ၊ ငါ ကုသိုလ်ကံသည် သင့်အား ကူညီထောက်ပံ့မှုကို ပြုရပေတော့မည်’ ဟု ပြောဆိုသည့်အလား ထိုသူ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေစဉ်ကပင် မိဘတို့သည် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေရခြင်း၊ စီးပွားဥစ္စာ တိုးတက်လာခြင်း၊ ဂုဏ်ရှိန်သတင်း ကျော်စောလာခြင်း၊ ဆုံးပါးသွားပြီဟု ယူဆထားသော ပစ္စည်းများ ပြန်ရရှိခြင်း၊ ၎င်းတို့နှင့် ဆက်စပ်နေသူ မိဘဆွေမျိုး သားချင်းများ ချမ်းသာခြင်း၊ ၎င်းကိုယ်တိုင် ကြီးပွားချမ်းသာရခြင်း စသည့် အကျိုးကျေးဇူးများကို ရသည့်ကံပင် ဖြစ်သည်။
ကံ-ကံ၏ သဘောတရားတို့သည် အတော်ဆန်းကြယ်လှပေသည်။ အနတက္ကမ သံသရာမှ မိမိပြုခဲ့သော် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ရေတွက်ခြင်းငှာ မရနိုင်အောက်အောင်ပင် များပြားလှ၏။ ထို့ကြောင့် ဆရာတော်တစ်ပါးက မိန့်ဆိုဖူးသည်မှာ “တို့ကိုယ်စီတွင် သဲလှည်းအစီး ကိုးရာတိုက်ရှိသော သဲပွင့်များနှင့် ညီမျှသော ကုသိုလ်၊ အကုသိုလ်ကံတွေ ရှိကြတယ်” ဟု မိန့်ကြားဖူးသည်။ ယင်း ကုသိုလ်၊ အကုသိုလ်ကံတို့သည် အခွင့်သင့်သလို အကျိုးပေးတတ်ကြောင်းကိုလည်း သတိပြုသင့်ပေသည်။

၎င်းအပြင် “သဒီသံပါကံ ဇနေတီ” ဟူသော တရားတော်အရ ကံသည် တူသောအကျိုးကို ပေးတတ်ပါသည်။ ထို့ကြောင့် မိမိပြုသလို မိမိပြန်ခံစားရတတ်သည်။ ဘဝသံသရာတစ်ခုလုံး၌ ကံသာလျှင် အဖ၊ ကံသာလျှင် အမိ၊ ကံသာလျှင် မိမိအားထားရာဖြစ်ကြောင်း မြတ်စွာဘုရားသည် အင်္ဂုတ္ထိုရ်ဒသကနိပါတ် သံသပ္ပနီယသုတ်တော်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့ပါသည်။

“ရဟန်းတို့ သတ္တဝါတို့မည်သည် မိမိပြုသောအမှု (ကံ) သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။ မိမိပြုသောအမှု (ကံ) သာလျှင် အခြွေအရံ ရှိကုန်၏။ မိမိပြုသောအမှု (ကံ) သာလျှင် အကြောင်း ရှိကုန်၏။ မိမိပြုသောအမှု (ကံ) သာလျှင် အဆွေအမျိုး ရှိကုန်၏။ မိမိပြုသောအမှု (ကံ) သာလျှင် ကိုးကွယ်ရာကုန်၏၊ (ဝါ) တည်ရာရှိကုန်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော အကြင်အမှု (ကံ) ကို ပြုကြလေကုန်၏။ ထို မိမိပြုသောအမှု (ကံ)၏ ကောင်းမွေ ဆိုးမွေကိုသာလျှင် မိမိတို့ ခံယူကြရကုန်သည်ဖြစ်၏” ဟု ဟောတော်မူခဲ့ပေသည်။

မိမိပြုလုပ်သောအလုပ် (ကံ) သာလျှင် ကိုးကွယ်ရာ (ကံ) သာလျှင် ဆွေမျိုးမိတ်ဆွေဖြစ်ကြောင်း မှီခိုအားထား လဲလျောင်းရာဖြစ်ကြောင်းကို ယခုလောက ဖြစ်ပျက်မှုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

ပုထုဇဉ်သဘာဝအလျောက် များသောအားဖြင့် သာမန်ပုဂ္ဂိုလ်တို့သည် မိမိထက် ဂုဏ်ရှိသူ၊ အာဏာရှိသူ၊ ပစ္စည်းချမ်းသာသူ၊ ထင်ပေါ်ကျော်ကြားသူများနှင့် မိမိကို အကျိုးကျေးဇူး ပြုနိုင်သူများသာ ပေါင်းသင်းလိုကြသည်။ ထိုပုဂ္ဂိုလ်သည် ပစ္စုပ္ပန်အလုပ် (ကံ) မကောင်းမှုများကို ပြုခဲ့မိခြင်းကြောင့် လည်းကောင်း၊ အတိတ်ကံ အကြောင်းမလှခြင်းအားဖြင့် လည်းကောင်း၊ မူလတိုးတက်နေသော အဆင့်မှ ရုတ်တရက် လျော့ကျသွားသောအခါ ထိုပုဂ္ဂိုလ်ထံသို့ ဝင်ထွက်သွားလာ နေကြသူများသည် အဝင်အထွက်မရှိတော့ဘဲ ရှောင်ကြဉ်သွားကြသည်ကို လေ့လာကြည့်ရှုပါက တွေ့ရပေသည်။ ထိုပုဂ္ဂိုလ် ဒုက္ခတွေ့သည့်အခါ၌ မည်သူမျှ အားမကိုးရဘဲ ဖြစ်နေသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် ပစ္ဈပ္ပန် (ကံ) လုပ်ကိုင် ပြောဆိုကြံစည်မှု ကောင်းဖို့သာလျှင် ဘဝ၏အာမခံချက်ဖြစ်ကြောင်း တင်ပြရခြင်း ဖြစ်ပါသည်။

ကံနှင့်ပတ်သက်၍ ကံချင်းဆက်စပ်မှု အကြောင်းကိုလည်း အနည်းငယ် တင်ပြလိုပေသည်။ ကောင်းမှု၊ မကောင်းမှု ပြုလုပ်သည့်အခါများ၌ အပေါင်းအသင်းများဖြင့် ပြုလုပ်တတ်ကြသည်။ အတိတ်ဘဝက အတူပြုခဲ့သော ကံအကျိုးကြောင့် ယခုဘဝတွင် အတူခံစားခြင်း၊ စံစားခြင်းများကို ခံယူရသည်။ မိဘ၏အလုပ် ကံကောင်းခြင်းကြောင့် ဇနီး၊ သားသမီးများ အကျိုးခံစားရသလို သားသမီးများ၏ အလုပ် (ကံ) ကောင်းခြင်းကြောင့် မိဘဆွေမျိုးများလည်း အကျိုးခံစားရပုံ၊ ၎င်းတို့ အလုပ်မကောင်းခြင်းကြောင့် မှီခိုနေသူတို့ပါ ဒုက္ခတွေ့ကြုံရသော သာဓက လောကဖြစ်ရပ်အစုံတို့ကို သင်ခန်းစာယူပြီး ကံဆက်စပ်နေသူတို့သည် တစ်ဦးကိုတစ်ဦး ကောင်းသောကံများ ပြုလုပ်မိကြရန် အပြန်အလှန်ေ-ာက်ရှောက်သင့်ကြောင်း တင်ပြအပ်ပါသည်။

ဗုဒ္ဓ၏ လူမှုရေး တရားတော်များ - ဦးခင်မောင်ဝင်း by MMCYBERMEDIA မှ