Saturday, July 23, 2011

“မြင့်မိုရ် ရွှေတောင်”



“မြင့်မိုရ် ရွှေတောင်”
မင်္ဂလာပါ ကလေးတို့ရေ-

တောင်တွေထဲမှာ အမြင့်ဆုံး တောင်ကို မြင့်မိုရ်တောင်လို့ ခေါ်တယ်။ ဒါကြောင့် လောကမှာ မြင့်မိုရ် တောင်ထက် မြင့်တဲ့တောင် မရှိဘူး၊အမြင့်ဆုံးေ တာင်မို့ တောင်တကာ တို့ရဲ့မင်း၊ တောင်မင်းလို့သာ မှတ်ထား။ ကလေးတို့ သိနေတဲ့ ဧဝရက် တောင်ကြီးထက် အပုံကြီးမြင့်တယ်။

ကလေးတို့ ကြားဖူးကြတယ် မဟုတ်လား?

ဒီကနေ့ခေတ်မှာလေ မိမိအတွက် အကျိုးများမယ်၊ တန်ဖိုးရှိမယ်ဆိုရင် လူတွေက ဘယ်လို ပြောတတ်ကြသလဲ?

“ရွှေပဲကွာလို့” ပြောကြတယ် မဟုတ်လား။

ပညာရှင်တွေက မိဘများကို “မြင့်မိုရ်ရွှေတောင်”လို့ ဆိုကြတယ်။ ဘာလို့လဲဆိုတော့ မိဘဆိုတာ ကလေးတို့အတွက် အမြင့်ဆုံး ကျေးဇူးရှင်တွေဖြစ် သလို၊အလွန်လည်း အဖိုတန် သူတွေ ဖြစ်ကြလို့တဲ့။

ဒါကြောင့် “မြင်းမိုရ်ရွှေတောင်” ဆိုတာ ဘယ်သူတွေလဲလို့ မေးရင်?

ကလေးတို့ရဲ့ မေမေနဲ့ဖေဖေ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့။ ရွှေတောင်ကြီး တွေမို့ ကလေးတို့က အမြဲ တမ်းတန်ဖိုးထားကြရမယ်။ ရိုသေကြရမယ်။ စကားနားထောင်ကြရမယ်။ ရိုးရိုးတောင်မဟုတ်ဘူးနော် “ရွှေတောင်” တဲ့။

ကလေးတို့ဖေဖေနဲ့မေမေက ဘယ်လောက်မြင့်မြတ်တုန်း၊ ဘယ်လောက် အဖိုးတန်တုန်း ဆိုရင် ဘုရားနဲ့တောင် တစ်တန်း စားတည်း တန်းတူ သတ်ခံ ထားကြရတဲ့သူတွေ ဖြစ်တယ်။

ဘုရားဆိုတာကတော့ ကလေးတို့ရဲ့ နေအိမ်တွေမှာ ခေါင်းရင်းဖက် ဘုရားခန်းမှာ ဗုဒ္ဓပုံတော်တွေ ရှိကြတယ်။ အဲဒီ ပုံတော်တွေ၊ ရုပ်ပွားတော်တွေဟာ ဘုရားရှင်ရဲ့ကိုယ်စား တော်တွေ ဖြစ်တယ်။ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ပွင့်တော်မူပြီး၊ သက်တော်(၈၀)မှာ ပရိနိဗ္ဗာန်စံဝင်သွား တဲ့ ဘုရားအစား ကိုးကွယ်ပူဇော်ထားတာ ဖြစ်တယ်။

ပရိနိဗ္ဗာန်စံတယ်ဆိုတာကို ကလေးတို့ နာမလည်ဘူးထင်တယ်၊ ရပ်ကွက်ထဲမှာ တချို့လူတွေ သေကြတယ်မဟုတ်လား။ အဲဒါမျိုး ကိုယ်မျက်စိ အောက်က ပျောက်သွားတာ၊ လူလောကထဲ မရှိတော့တာကို ပြောတာ။ မရှိတော့ပေမယ်လို့ ကြီးမြတ်သူ ဖြစ်လေတော့ အခုတိုင် ကိုးကွယ် နေကြတာ၊ ဆည်းကပ် နေကြတာ။

အဲ ကိုးကွယ် ဆည်းကပ်တာ ဆိုတာက ကလေးတို့ရဲ့ ဖေဖေ မေမေတွေက ပန်းကပ် လှူတယ်၊ ရေချမ်းကပ်လှူတယ်၊ ဆွမ်း ကပ်လှူတယ်။ ဆီးမီး ကပ်လှူတယ်။ ရှိခိုးဦးချတယ်။ အဲလိုမျိုး ဘုရားစဉ်ရှေ့မှာ လုပ်ဆောင်တာကို ပြောတာ၊ အရိုအသေ ပြုတာ ပေါ့နော်။ ကလေးတို့လဲ အဲလိုမျိုး ဘုရား ရှိခိုးကြရမယ်၊ ပန်းကပ်လှူရမယ်၊ ကလေးတို့ စားမဲ့မုန့်လေးတွေကို ဘုရားစဉ်မှာ တင်ပြီးကပ်လှူရမယ်။ အဲလိုမျိုး ကပ်လှူရင်၊ရှိခိုးရင် ကုသိုလ်ရတယ်။

ကုသိုလ်ရတယ်ဆိုတာကတော့ စားမေးပွဲတေ အောင်မယ်၊ မုန့်ဖိုးတွေအများကြီးရမယ်၊ မိဘတွေ ဆွေမျိုးတွေ ဆရာ၊ဆရာ မတွေက ကလေးတို့ကို ပိုချစ်ကြမယ်။ အဲဒါတွေရချင်ရင် နေ့တိုင်း အိမ်ရာမဝင်ခင် မျက်နှာသစ် ခြေလက်တွေ ရေဆေးပြီးရင်ဘုရားရှိခိုးကြရမယ်နော်။

ဘုရားရှိခိုးပြီးရင် မေမေနဲ့ဖေဖေကိုလည်း ရှိခိုးကြရမယ်။ဘာလိုလဲဆိုတော့ ဘုရားနဲ့ အတူတူ ထားရမယ်လို့ ဘုန်းဘုန်း ပြောခဲ့တယ်မဟုတ်လား။ ဒါကြောင့်ပါ။

ကလေးတို့ လူဖြစ်လာကြတာက သူအလိုလို ဖြစ်လာကြတာ မဟုတ်သလို၊ ယခု ရှင်သန် နေကြရတာ၊ စားသောက် နေကြရတာ၊ ပညာသင်နေကြရတာ၊ သက်တောင့်သက်သာ ချမ်းချမ်း သာသာ ပျော်ပျော်ရွှင်ရွှင် နေကြရတာ ကလေးတို့ ဖေဖေနဲ့ မေမေကြောင့် ဖြစ်တယ်။

အရွယ်မရာက်သေးခင် ကလေးတို့ရဲ့ ဘဝရပ်တည်ရှင်သန်မှု့ဟာ မိဘတွေအပေါ်တည်ကြရတာမို့ ဖေဖေနဲ့မေမေဟာ ကလေးတို့ရဲ့ ကျေးဇူး ရှင်တွေ ဖြစ်တယ်။ အဲဒါကိုတော့ မြဲမြဲမှတ် ထားကြရပါမယ်။

ကလေးတို့ ဖေဖေနဲ့မေမေက ကလေးတို့အတွက် အဘယ်မျှ ကျေးဇူးကြီးသလဲဆိုရင် အမြင့်ဆုံး မြင်းမိုရ်တောင်ကြီးထက်ပင် သာလွန်သတဲ့၊ ဒါကြောင့် “ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်ဖခင်တို့အား”လို့ စာပေမှာ အခိုင်အမာ ဆိုထား တာပေါ့။ ကလေးတို့ စိတ်ထဲမှာ တသက်လုံး ရှိနေကြရမယ့် ကျေးဇူးရှင်တွေ ဖြစ်တယ်။

ကျေးဇူးရှင်ကို စိတ်ဆင်းရဲအောင် မလုပ်ကြရဘူးတဲ့။ အဲလို စိတ်ဆင်းရင်အောင်လုပ်ရင် ကျေးဇူးကန်းသူလို့ ဆိုတယ်။

ဥပမာ ကလေးတို့ နေပူရင် သစ်ပင်ရိပ်မှာ အရိပ်ခိုကြရတယ်မို့လား၊ မိမိအရိပ်ခိုးဖူးတဲ့ သစ်ခက် ကိုင်းတောင် ဖျက်ဆီးလိုတဲ့ စိတ်ထားနဲ့ မချိုးကောင်းဘူး တဲ့၊ လူဟာအရိပ်နေပြီး အခက်ချိုးရင် လူ့ဘဝမှာ ကျေးဇူးကန်းသူဖြစ်လို့ ဘယ်သောအခါမှ မကြီးပွားနိုင်ဘူး။ မိဘကျေးဇူးကန်းရင် သစ်ကိုင်း ချိုးတာထက် ပိုဆိုးတော့မပေါ့၊ ဟုတ်ဖူးလား။ ဒါကြောင့် ဖေဖေတို့မေမေတို့ စိတ်ဆင်းရဲအောင် ကလေးတို့က မလုပ်ကြရဘူး။ လိမ္မာကြရမယ်၊ မေမေ ဖေဖေ စိတ်ချမ်း သာအောင် နေကြရမယ် ။ကျေးဇူးသိတတ်ကြရမယ်။

ကလေးတို့ကို ပုံပြင်လေးတစ်ပုဒ် ပြောပြရဦးမယ်၊ လှိုင်ဂူထဲမှာ ခွေးမိသားစုတွေ နေထိုင်ကြတယ်၊ တစ်နေ့တော့ ကျား ကြီးတစ်ကောင် က ခွေးမိသားစုကို စားဖို့ လာပြီး ချောင်းနေသတဲ့။

အဲဒီအခါမှာ ခွေးအဖေကြီးက ခွေးအမေကြီးကို “ရှင်မရေ၊ သားလေးတွေ သမီးလေးတွေ အသံအော်မြည်အောင်လုပ် ပေးပါ” လို့ တိုးတိုးလေး ကပ်ပြောသတဲ့။

ခွေးအမေကြီးကလည်း ခွေးသားပေါက်ကလေးတွေကို အသံမြည်အောင်လုပ်တော့ ခွေးသားပေါက် ကလေးတွေက တအီးအီး တအဲအဲ အသံမြည်ကြတော့ တာပေါ့။ အဲဒီတော့ ခွေဖေကြီးက “ရှင်မရေ၊ သားသားမီးမီးတို့ ဘာလို့ အော်နေကြ တာတုန်းလို့” မေး လိုက်သတဲ့။ “ ရှင့်သား သမီးတွေက ကျားအသား စားချင်လို့တဲ့တော်ရေ” လို့ ပြန်ပြောတယ်။

“ဟဲရှင်မရဲ့ ဟိုနေကမှ ကိုးတောင်ကျားကြီးကို ကိုက်သတ် ပေးထားတာဘဲ” လို့ ပြောတော့ “ကုန်သွားပြီးတော်ရေ့” လို့ ခွေးအမေက ကျယ် ကျယ် ပြန်ပြော လိုက်တယ်။

အဲဒီ ခွေးအဖေနဲ့ ခွေးအမေ ပြောနေတာကို ဂူပေါက်မှာ ချောင်းနေတဲ့ ကျားကြီးက ကြားပြီး “အဲ ငါက ခြောက်တောင် လောက်ပဲရှိတာ ကိုးတောင် ကျားကြီးတောင် ကိုက်သတ်တာဆိုတော့ ငါဆို မလွယ်ဘူး လစ်မှဖြစ်တော့မယ်” လို့ စဉ်းစားမိးပြီး တချိုးတည်း ထွက်ပြေးသွားသတဲ့။

ဘုန်းဘုန်းတို့ ကျေးလက်အရပ်တွေမှာ ညနေစောင်းရင် ပိုးကောင်လေးတွေ မြေကြီးက နေထွက်ကြတယ်၊ အဲဒီအချိန်မျိုး မှာ သိမ်းစွန်ငှက်ကြီးတွေ ကလည်း ပိုးကောင်လေးတွေ ဖမ်းစားကြဖို့ ကောင်းကင်မှာ ပျံဝဲနေတတ်ကြတယ်။ စွန်ငှက်ကြီးတွေက ပိုးကောင်လေးတွေတင် မကဘူး မြင်မြင်းသမျှ အကောင်ငယ်လေးတွေကို သူတို့ ခြေသည်းတွေနဲ့ကုတ်ပြီး သယ်ဆောင် ဖမ်း စားလေ့ရှိတတ်ကြတယ်။

အဲဒီအခါမျိုးမှာ အစာရှာနေတဲ့ မိခင်ဖြစ်ကြတဲ့ ကြက်သားပေါက်မတွေဟာ “ ကတော် ကတော်” မည်ကာ သူရဲ့သား သမီးဖြစ်ကြတဲ့ ကြက်ပေါက်စ ကလေးတွေကို သူ့အတောင်နဲ့ အုပ်ကာ ဝပ်နေကြတယ်။ အကယ်၍ ကြက်ပေါက်ကလေး တစ်ကောင် တစ်လေဟာ မိခင်ကြက်မ ကြီးရဲ့ ဝပ်နေတဲ့ ရင်ခွင်အောက်မှာ ရှိမနေလို့ စွန်က ချီရန် ထိုးဆင်းလာရင် မိခင်ကြက်မကြီးဟာ အဲဒီစွန်ကို ပြန်လှန်တိုက်ခိုက်တော့တာဘဲ။


ကလေးတို့ရေ-

ဒီပုံပြင်နဲ့ဒီဖြစ်ရပ်က ဘာကို ပြောပြတုန်းဆိုရင် တိရစ္ဆာန်ပေမယ့် ကိုယ်သားသမီး ဘေးဒုက္ခမရောက်အောင် နည်းပရိယာယ်သုံးပြီး ကိုယ်ထက် အင်အားကြီးတဲ့ သတ္တဝါတွေ ကိုတောင် မောင်းထုတ်နိုင်တာ သားသမီးကို ချစ်တဲ့စိတ်ကြောင့်ပေါ့၊ မိဘဆိုတာ ကိုယ့်သား သမီးကို ဘယ်လိုေ ဘးအန္တရာယ်မျိုးကိုမှ မကျရောက်စေလိုကြဘူး။ ကိုယ့်အသက်သာ အသေခံမယ် သားသမီးကိုတော့ လာမစမ်းနဲ့ အသက်ချင်းလဲပစ်တတ်တာ မိဘတို့ သာဖြစ် နိုင်တယ်။

ဗြဟ္မာဆိုတာကို ကလေးတို့ ကြားဖူးကြမလားမသိဘူး၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေနဲ့ အမြဲနေသူ ကို ဗြဟ္မာ လို့ ခေါ်တယ်။

မြင့်မြတ်တဲ့စိတ်နဲ့ နေသူလို့ အလွယ်မှတ်နိုင်ပါတယ်။ ကလေးတို့လဲ မြင့်မြတ်သူများဖြစ်အောင် အဲဒီ စိတ်(၄)မျိုးနေကြရမယ်။ စိတ်လှသူလို့ လည်း ခေါ်နိုင်တယ်။ စိတ်လှမှ ရုပ်လှတာ။ စိတ်ပုတ်ရင် ရုပ်လဲဆိုးသွားရော။

မေတ္တာဆိုတာ အများကောင်းကျိုးလိုလားစိတ်၊ ကရုဏာဆိုတာ ဆင်းရဲဒုက္ခ ရောက်နေသူ များကို သနာကြင်နာစိတ်၊ မုဒိတာဆိုတာ ကိုယ်ထက်တော်တဲ့ သူတွေအပေါ်မှာ ဂုဏ်ယူဝမ်းသာစိတ်၊ ဥပေက္ခာဆိုတာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အညီအမျှ ခံစားနိုင်စိတ် ဖြစ်တယ်။

ဘုရားကဟောထားတယ်။ မိဘဆိုတာ အဲလိုဗြဟ္မာတွေနဲ့ တူသတဲ့။ ဘာလို့လဲဆိုရင် သားသမီးတွေရဲ့ ကောင်းကျိုးကို အမှန်လိုလားတာ မိဘတွေပဲ ဖြစ်တယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီး ကြီးပွားတာ တိုးတက်တာ ပညာတတ်ကြီးဖြစ်တာ ချမ်းသာတာ ကောင်းတာတွေ မှန်သမျှ သားသမီးဖို့ ချည်း ရစေချင်တာ မိဘပါ။ ဘာလိုလဲဆိုရင် သားသမီးအပေါ် မေတ္တာရှိ လို့ဖြစ်တယ်။

သားသမီးတွေ ဆင်းရဲနေရင် ဒုက္ခရောက်နေရင် “ငါသားလေး ဆင်းရဲနေရှာတယ်၊ ငါ့သမီးလေး ကျန်းမာရေးချို့ယွင်း နေရှာတယ်၊ အဲလိုဒုက္ခမျိုး ငါ့မှာသာ ဖြစ်လိုက်စမ်းပါဟယ်၊ ငါ့သားလေး၊ ငါ့သမီးလေး သနားလှချည်ရဲ့လို့” မချိတင်ကဲြွေကကွဲ ရှာတာ မိဘရယ်ပါ။

သားမီးဒုက္ခရောက်ရင် နှလုံးတုန်လှုပ် အလွန်ခံစားရတာ မိဘထက် ပိုလွန်တဲ့သူ မရှိနိုင်ဘူးတဲ့။ အဲဒါဘာဖြစ်လိုလဲ ကရုဏာရှိလိုပပေါ့။

သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကြတယ်၊ ချမ်းသာကြွယ်ဝကြတယ် ဆိုရင်လည်း အလွန်ဝမ်းသာကြတယ်၊ သား သမီးကြီးပွား တိုးတက်တာကို မနာလိုမရှုစိမ့်တဲ့ မိဘဆိုတာ မရှိဘူး။ ဘာလို့လဲဆိုတော့ ကလေးတို့အပေါ် မုဒိတာစိတ်ရှိလို့တဲ့။

သားသမီးတွေအပေါ်မှာ ဒီသားကတော့ ချမ်းသာလို့၊ ဒိသမီးကတော့ ရာထူးကြီးလို့ဆိုပြီး ပိုချစ်တာ မရှိသလို၊ ဒီသားဒီသမီးတွေကတော့ ဆင်းရဲကြလို့ဆိုပြီး အထင်သေး နှိမ့်ချတယ် ဆိုတာလည်း မိဘမှာမရှိဘူး၊ သားသမီးတွေ မြင့်မြင့်နိမ့်နိမ့် အတူတူ ဘဲ ချစ်ကြတယ်။ ဒါပေမယ် ပြည့်စုံနေ တဲ့ သားသမီးထက် နိမ့်ပါးတဲ့သမီးကြတော့ သနားတာလေးတောင် အပိုဆောင်းပြီးချစ် တတ်ကြသတဲ့။ အဲဒါကတော့ ဥပေက္ခာစတ်ရှိလို့တဲ့။

ကိုယ့်သားသမီး မကောင်းမှန်သိသိကြီးနဲ့ သားသမီးဖက်က နာတတ်ကြ မိဘတွေရယ်ပါ။ ဥပမာ ကလေးတို့ ကျောင်းမှာ ရန်ဖြစ်လာကြတယ် ဆိုပါတော့၊ ရန်ဖြစ်တာ ကောင်းလား၊ မကောင်းဘူး၊ ဒါပေမယ့် ကလေးတို့မိဘတွေက ကိုယ့်သားသမီး ခံလာရရင် မကြိုက်ဘူး၊ ကိုယ်သားသမီးက ရိုက်လာလို့ကတော့ တစ်ဖက်ကို ခြေတောင် ဖက်တောင်းပန်ရပါစေ၊ မိဘတွေက ကျေနပ်နေတတ်ကြတယ်။ ဘာလို့လဲ ကလေးတို့ကို ချစ်လို့ပေါ့။ တချို့မိဘတွေဆို မှာလိုက်သေးတယ်၊ “ကိုယ်ကခံမလာရစေနဲ့” တဲ့။

အဲလို သားသမီးတွေ အပေါ်မှာ မေတ္တာစတဲ့ စိတ်ကောင်းတွေ အလွန်အကဲ ထားတတ်ကြလို့ ကလေးတိုရဲ့ ဖေဖေနဲ့မေမေ ကို မြတ်စွာဘုရား က ဗြဟ္မာတွေနဲ့တူတယ်လို့ ပြောတာဖြစ်တယ်။ ဒါကြောင့် မေမေနဲ့ဖေဖေကို ကိုယ့်ကြောင့်စိတ်မဆင်းရဲစေ ကြရဘူး၊ မျက်ရည် မကျစေရဘူးနော်။

ဘုန်းဘုန်းတို့ မြန်မာယဉ်ကျေးမှု့မှာ “ မိဘမျက်ရည်တစ်စက်၊ သားသမီး ဒုက္ခတစ်သက်”တဲ့။ ကလေးတို့ကြောင့် ဖေဖေနဲ့ မေမေ စိတ်မချမ်း သာဖြစ်ကြပြီး မျက်ရည် ကျလို့ရှိရင် ကလေးတို့ တစ်သက်လုံး ဒုက္ခရောက်ကြရတော့မှာ၊ ဆင်းရဲကြတော့မှာ ဖြစ်တယ်။ ဒါကြောင့် ကလေးတို့ ကြောင့် မေမေနဲ့ ဖေဖေကို တစ်သက်လုံး မျက်ရည်မကျစေရဘူးနော်။

မိဘကို စိတ်ချမ်းသာစေတဲ့ သားသမီးကြတော့ တစ်သက်လုံး မဆင်းရဲသည့်အပြင် ဘယ်တော့မှလည်း ဒုက္ခမရောက် နိုင်ဘူးတဲ့၊ အဲဒီအကြောင်းကိုလည်း နောက်မှ ဘုန်းဘုန်း ပြောပြပါဦးမယ်။

လောကမှာ အပေးမရှိဘဲနဲ့ အယူချည်းသက်သက်ဆိုတာ မရှိနိုင်ဘူး၊ ကလေးတို့က ခု သားသားမီးမီး ဖြစ်နေသေးချိန် မှာ သားလိမ္မာ ၊သမီးလိမ္မာလေးတွေ ဖြစ်ပါမှ ကလေးတို့ကြီးလာတဲ့ အခါ မိဘတွေဖြစ်လာကြရင် သားလိမ္မာ သမီးလိမ္မာတွေနဲ့ ကြုံကြရမှာ။ ဒါကြောင့် လိမ္မာတဲ့၊ စာကြိုးစားတဲ့ သားသား မီးမီးတွေ ဖြစ်အောင်ကြိုးစားကြပါလို့ ဘုန်းဘုန်းက လိမ္မာပြီးသား၊ တော်ပြီးသား ကလေးတို့ကို ထပ်ပြီး အလိမ္မာတွေ တိုးအောင်၊ တော်တာတွေ ပိုတော်လာအောင် တိုက်တွန်းတာပါ၊ ဘုန်းဘုန်း က ဆရာကြီးလုပ်တာ မဟုတ်ဘူးနော်-။

ကလေးတို့ရေ မိဘဆိုတာ “ မြင့်မိုရ်ရွှေတောင်” တဲ့။ ပြီးတော့ ဘာတဲ့လဲ “ဗြဟ္မာကြီးတွေ” တဲ့

ကလေးတို့အားလုံး လိမ္မာရေးခြားရှိတဲ့ လူတော်လူကောင်းများ ဖြစ်ကြပါစေကွယ်။


ဘုန်းဘုန်းဦးပညာ(ပဉ္စနိကာယ်)