ဆင်လောက်မှ မလိမ္မာသေးဘဲကိုး
သာသနာတိုးတက်ကြီးပွားဖို့
ဆောင်ရွက်တဲ့နေရာမှာ သံဃာနဲ့ ဒကာ/မ တို့ တက်ညီလက်ညီ
လုပ်ကိုင်ဆောင်ရွက်ပါမှဖြစ်ပါမည်။ အတူတူ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ
“တပည့်ဆရာ အပြစ်ရှာ ဘယ်ခါတွေ့စမြဲ…၊ ”ဆိုသည့်အတိုင်း
အပြစ်ရှာကြည့်နေမယ်ဆိုရင်တော့ အပြစ်ကတော့ တွေ့မှာသေချာပါတယ်။
လူချင်းတူပေမယ့်
ခံယူချက်ချင်းမတူကြသူတွေ၊ လုပ်ဆောင်ချက်ချင်းမတူတာတွေ၊
စိတ်နေစိတ်ထားမတူတာတွေရှိနေမှာဖြစ်သလိုပါပဲ သင်္ကန်းဝတ်ချင်းတူပေမယ့်
ခံယူချက်ချင်းမတူတဲ့သူတွေ၊ စိတ်နေသဘောထား၊ ကျင့်ကြံမှုများလည်း မတူကြပါဘူး။
ကိုယ်လုပ်ရမယ့် ပရိယတ်၊ ပဋိပတ်အလုပ်ကို မလုပ်ဘဲ တစ်ခြားလူတိုလုပ်ရမယ့်
အလုပ်တွေ လုပ်နေကြတဲ့၊ အမြင်မတော် လူဘော်လုပ်နေတဲ့ အနေအထားတွေ
တော်တော်လေးတွေ့မြင်နေကြမိတယ်။
ဒီလိုအနေအထားတွေ တွေ့ပါများလာတော့ သံဃံ သရဏံ
ဂစ္ဆာမိ-ဟု ခံယူထားသူတွေဟာ “အရှင်ဘုရားတို့ဟာ
ရတနာသုံးပါးထဲကတစ်ပါးအပါအ၀င်ဖြစ်ပါတယ်။ ဒီတော့ အကြည်ညိုခံထိုက်သူဖြစ်အောင်
နေသင့်ပါတယ်။
ကျင့်ကြံသင့်ပါတယ်။ နေထိုင်သင့်ပါတယ်။”စသည်ဖြင့်
ပြောဆိုလာပြီးတော့ မိမိတို့သန္တာန်မှ အပြစ်တွေကို တိုးပွားစေမိတတ်ကြပါတယ်။
"ရင်ထဲကဆန္ဒအမှန်က သူတစ်ပါးကို
အကြောင်းပြုပြီးတော့ မိမိမှာ အကုသိုလ်အပြစ်တွေ မတိုးပွားစေချင်ပါဘူး။
မိမိကိုးကွယ်ရာကနေ ဘေးဖြစ်ဖြစ်စေမယ့် အနေအထားတစ်ခုဆီကို
မကျရောက်စေချင်ပါဘူး။" ထိုသို့ ပရိယတ် ပဋိပတ်စတဲ့ ရဟန်းတို့အလုပ်ကို
မလုပ်ဘဲ အမြင်မတော်တာတွေ မသင့်တော်တာတွေလုပ်နေကြတဲ့ တစ်ချို့သော
ရဟန်းသံဃာတို့ကို တွေ့မြင်လာခဲ့မယ်ဆိုရင် မကြည်ညိုရင်နေပါ၊
မကိုးကွယ်ရင်နေပါ၊ မပူဇော်ရင်နေပါ။
မကြည်ညိုလို မိမိမှာ
ဘာအပြစ်မှမဖြစ်ပါဘူး။ မကိုးကွယ်လို့လည်း ဘာအပြစ်မှမဖြစ်ပါဘူး။
မပူဇော်လိုလည်း ဘာအကုသိုလ်မှမဖြစ်ပါဘူး။ ဒါပေမယ့် နှလုံးသွင်းမှားပြီး
ပြောမိပြောရာ ပြောမိလိုက်မယ်ဆိုရင်တော့ မိမိမှာ အပြစ်ဖြစ်သွားပါလိမ့်မယ်။
အပြစ်ဖြစ်သွားပြီဆိုရင် ဘေးကျရောက်မှာကတော့ သေချာပါပဲ။ ဒါကြောင့်
မိမိကိုယ်ကို အပြစ်အဖြစ်ခံမယ့်အစား၊ ဘေးဖြစ်စေခံမယ့်အစား မကြည်ညိုရင်နေပါ၊
မစွပ်စွဲမိပါစေနဲ့ မပြစ်မှားမိပါစေနဲ့….။
ကိုးကွယ်ရာမှ ဘေးမဖြစ်စေချင်သော
စေတနာနဲ့ ဒီစာလေးကို ဆရာတော်ဘုရားကြီးနှစ်ပါး၏ အဆုံးအမစကားကိုတော်တွေကို
အခြေခံပြီး အသိဥာဏ်ရင့်စေလိုက်တာပါ။ နာယူကြည်ညိုကြည့်ရအောင်ပါ…………။
မင်းကွန်းဆရာတော်ကြီး အဆုံးအမ
တစ်ခါက
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးထံ မိုးကုတ်က ဒကာ/မများ
လာရောက်ကန်တော့ကြပါတယ်။ ကန့်တော့ပြီးတော့ ဆရာတော်ဘုရားကြီးနဲ့အတူ
စကားစမြည်ပြောနေခိုက်မှာ ကိုရင်ငယ်လေးတွေဟာ ကလေးသဘာဝ
ဘောကန်ဆော့ကစားနေကြပါတယ်။ ဒီတော့ ဘောလုံးကို ဆရာတော်ဘုရားကြီးထိုင်နေတဲ့
အဆောင်မှာကာထားတဲ့ သစ်သားပြားကို တဗြောင်းဗြောင်းနဲ လာထိမှန်ပါတယ်။
အဲဒီအချိန်မှာ ဆရာတော် ဘုရားကြီးက
ဒကာ/မတွေကို “ဒကာကြီးတို့ ဒကာမကြီးတို့ ခင်ဗျားတို့ မိုးကုတ်မှာ
ကျောက်တူးတော့ တူးတူးချင်းပဲ ကျောက်ကတန်းတွေ့သလား”လို့
မေးတော်မူလိုက်ပါတယ်။
ဒီတော့ ဒကာ/မတွေက
“မှန်လှပါဘုရား………ကျောက်တွင်းတူးတူးချင်းတော့ ကျောက်ကို
တန်းမတွေ့ပါဘူးဘုရား…….ပထမဆုံး ခေါင်းမွှေးကျဉ်းရပါတယ်။
ခေါင်းမွှေးကျဉ်းပြိးနောက်မှာ ကျောက်ရခါနီး ဗြုန်းတွေ့ပါတယ်ဘုရား
….အဲဒီဗြုန်း(ဗြုံး)ထဲကနေမှ ကျောက်ကို ကျင်ဆေးပြီးယူရပါတယ်ဘုရား”လို့ ပြန်လည် လျှောက်ထားကြတော့ မင်းကွန်းဆရာတော်ဘုရားကြီးက
“အေး….ဒကာ/မတို့
ဟိုဘက်က ဘောကန်ဆော့ကစားနေတဲ့ ကိုရင်လေးတွေကလည်းပဲ သာသနာ့ဗြုန်းလေးတွေဗျ……၊
အဲဒီဗြုန်းလေးတွေထဲကမှ ကျူပ်တို့က ဆရာတော်ကြီးတွေဖြစ်အောင်၊
သာသနာပြုဆရာတော်တွေဖြစ်အောင် ကျင်ယူရမှာ၊ ရှာယူရမှာဗျ”ဟု မိန့်ကြားတော်မူခဲ့ဖူးပါတယ်။
ဆရာတော်ဘုရားကြီးဟာ
ကိုရင်ငယ်လေးတွေကိုလည်းပဲ ကြည်ညိုတတ်အောင်
သွန်သင်ဆုံးမပေးသွားတော်မူခဲ့တာပါ။ ဒီအဆုံးအမကို ကြည့်သောအားဖြင့်
ကိုရင်သာမဏေငယ်လေးတွေကိုလည်း အသိဥာဏ်ကင်းသည့်အလျောက် အထင်မသေးမိစေချင်ဘူး၊
မတူမတန် မလေးမစား မဆက်ဆံမိစေချင်ဘူး။ တကယ်တန်ဖိုးထား
လေးစားမြတ်နိုးကြည်ညိုတတ်စေချင်မိပါတယ်။
မစိုးရိမ်ဆရာတော်ဘုရားကြီး အဆုံးအမ
တစ်ခါတုန်းက
မန္တလေးမြိုမျက်နှာဖုံးလည်းဖြစ် စက်ပိုင်သူဌေးလည်းဖြစ်တဲ့ ဦးအုန်းဆိုတဲ့
ဒကာကြီးတစ်ဦးရှိပါတယ်။ ဒကာကြီး ဦးအုန်းဟာ ၀ါဝင် ၀ါကျွတ်တိုင်း
ဆရာတော်ကြီးကို အမြဲလာရောက်ကန်တော့လေ့ရှိပါတယ်။ တစ်နေ့တော့
ဒကာကြီးဦးဘအုန်းဟာ မန္တလေးမစိုးရိမ်ဆရာတော်ဘုရားကြီးထံလာရောက်ပြီးတော့ “ဆရာတော် တပည့်တော် ပွဲကြည့်တဲ့ ကိုယ်တော်တွေကို မကြည်ညိုဘူးဘုရား…”ဆိုပြီး လျောက်ထားလိုက်ပါတယ်။
ဒီတော့ မစိုးရိမ်ဆရာတော်ဘုရားကြီးက “ဘအုန်း
မင်းင့ါကို ဒီနေ့ကစပြီး ၀ါဝင် ၀ါကျွတ် လာမကန်တော့နဲ့တော့ မင်းင့ါကို ၀ါဝင်
ဝါကျွတ် မကန်တော့လို့ ကုသိုလ်မရရုံဘဲရှိမယ်၊ ဘာကြောင့်လဲဆိုတော့
မင်းကင့ါကို ဘာမှ ပြစ်မှားထားတာမရှိဘူး….၊ အခုတော့ မင်းက
ပွဲကြည့်တဲ့သံဃာတော်တွေကို ပြစ်မှားနေပြီ၊ ပြစ်မှားထားတဲ့အပြစ်တွေများနေပြီ
ဘအုန်း….၊ တို့ဇာတ်တော်မှာကွာ ဘုရားအလောင်း ဆဒ္ဒန်ဆင်မင်းဟာ
သင်္ကန်းစလေးမြင်တာနဲ့ ကိုယ့်အသက်ကို သေအောင်သတ်မယ့် မုဆိုးကို
အန္တရာယ်ပြုနိုင်ရက်သားနဲ့ မပြုဘဲနဲ့ အစွယ်တွေလှူခဲ့တယ်……..ခုတော့
ဘအုန်းကြီး မင်း ဆင်လောက်မှ မလိမ္မာသေးဘဲကိုး……….။” ဆိုပြီး အဆုံးအမပေးခဲ့ဖူးပါတယ်။
ဆရာတော်ဘုရားကြီးရဲ့အဆုံးအမစကားကို
နားကြားလိုက်မိတာနဲ့ ဦးဘအုန်းဟာ ချက်ချင်းပဲ အိမ်ကိုတန်းပြန်ပြီးတော့
ဆရာတော် ဆုံးမတာ ဟုတ်တယ် မှန်တယ်ဆိုပြီး နားလည်သဘောပေါက်သွားပါတယ်။
နောက်တစ်နေမနက်ပိုင်းမှာ အိပ်ရာကစောစောထ မျက်နှာသစ်ပြီးတော့
အိမ်အ၀င်ပေါက်နေ ကြွလာသမျှသံဃာတော်တွေကို မြင်တာနဲ့ အရှင်ဘုရား
ကြွတော်မူပါဦးဘုရားဟု လျှောက်ထားပြီး ထိခြင်းငါးပါးနဲ့ သေချာရိုရိုသေသေ
သုံးကြိမ်ရှိခိုးကန်တော့ပြီးတော့ အရှင်ဘုရားအပေါ်မှာ
ပြစ်မှားမိတဲ့အပြစ်တွေရှိပါက ခွင့်လွှတ်သည်းခံတော်မူပေးပါဘုရား……..ဆိုပြီး
လျောက်ထားတောင်းပါတယ်။ ဒီလို သံဃာတွေကို တွေ့တဲ့နေရာတိုင်း
ဝန်ချတောင်းပန်ကန်တော့တာ သုံးနှစ်သုံးမိုးထိကြာသွားတယ်လို့ဆိုပါတယ်။
မသိသည့်အလျောက် မိမိအနေနနဲ့
ပြစ်မှားစော်ကားမိထားတယ်ဆိုပါက
ပြစ်မှားစော်ကားခံရတဲ့ပုဂ္ဂိုလ် သက်ရှိထင်ရှားရှိနေစဉ်
ဝန်ချတောင်းပန်လျောက်ထားရင် ကျူးလွန်ထားတဲ့အပြစ်ကနေ လွတ်မြောက်ပါတယ်။
အဲဒီအချိန်ကစပြီးတော့
ဘယ်ပွဲတော်ရာသီမှာပဲဖြစ်ဖြစ် ဘယ်ပွဲမှာတော့
ဒကာကြီးဦးဘအုန်းရှိတယ်တဲ့ဟေ့……ဆိုရင် ဘယ်သံဃာတော်မှ
ပွဲကြည့်မသွားကြတော့ဘူးတဲ့။ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။
သုံးနှစ်ပြည့်ပြီးတော့ ဒကာကြီးဦးဘအုန်းဟာ
မစိုးရိမ်ဆရာတော်ကြီးထံသွားရောက်ကန်တော့ပြီး “ဆရာတော် တပည့်တော် ဘအုန်းကြီး
လိမ္မာလာပါပြီဘုရား”လို့ လျှောက်ထားပါတယ်။
ဒီတော့ ဆရာတော်ဘုရားကြီး “ဘအုန်း မင်းလိမ္မာပြီဆိုရင် မင်းကန်တော့နေတဲ့ သံဃာတော်တွေလည်း လိမ္မာရောပေါ့ကွာ……”ဟု မိန့်တော်မူလိုက်ပါတယ်။
ဒီတော့ ဆရာတော်ဘုရားကြီး “ဘအုန်း မင်းလိမ္မာပြီဆိုရင် မင်းကန်တော့နေတဲ့ သံဃာတော်တွေလည်း လိမ္မာရောပေါ့ကွာ……”ဟု မိန့်တော်မူလိုက်ပါတယ်။
ခုခေတ်ခုခါ မိမိအနေနဲ့ အမြင်မတော်
မသင့်တော်တဲ့ ကိုရင်တစ်ပါးပါးကိုပဲဖြစ်ဖြစ်
ရဟန်းသံဃာတစ်ပါးပါးကိုပဲဖြစ်ဖြစ် အဲဒီမသင့်တော်တာ အမြင်မတော်တာကနေ
ပြုပြင်ချင်တယ်၊ တားမြစ်ချင်တယ်ဆိုရင် လက်အုပ်ကလေးချီပြီး အရိုအသေသာ
ပေးလိုက်ပါ။ ၀စီဘေဒ ပြစ်မှားကျူးလွန်ပြောဆိုနေတာထက်စာရင်
ကာယကံအရိုအသေပေးမှု့ဟာ သိပ်ကိုထိရောက်ပါတယ်။ ဒါဆိုရင် မိမိမှာလည်းပဲ
အပြစ်မဖြစ်တော့သလို မိမိဖြစ်စေချင်တဲ့အတိုင်း အဲဒီအမြင်မတော်တာကို
လုပ်နေတဲ့ မသင့်တော်တာကို လုပ်နေတဲ့ သံဃာတော်တွေလည်းပဲ
အလိုအလိုပြုပြင်ပြီးသား နားလည်းပြီးသား လိမ္မာပြီးသားဖြစ်သွားပါလိမ့်မယ်။
သူတော်ကောင်းဓာတ်ခံရှိသူဆိုရင် မိမိကို
အရိုအသေပေးလာပြီဆိုရင် င့ါကွာရှက်လိုက်တာ ဟိုနေ့က ဒကာကြီးက/ဒကာမကြီးက
လက်အုပ်တချီချီနဲ့ အရိုအသေပေးနေလိုက်တာ ငါကဖြင့် ဧကသီ-အပေါ်သင်္ကန်းဝတ်မထားဘူး
စသည်ဖြင့်တွေးပြီးတော့ သူတော်ကောင်းစိတ်ကလေးဝင်လာပြီး နောက်ဆို
အလိုလိုပြုပြင်သွားပါလိမ့်မယ်။ မိမိကကျောင်းကန်ဘုရားသွားလို ဆော့ကစားနေတဲ့
သံဃာတွေကိုတွေ့ရင်လည်းပဲ ရိုရိုသေသေနဲ့ ဆရာတော်ကြီးရှိလားဘုရား၊
ဘယ်အတွက်လျောက်ထားလိုလို လာပါတယ်ဘုရား စသည်ဖြင့် လက်အုပ်ကလေးသာ
ချီပြီးလျောက်ထားလိုက်ပါ။ နောက်တစ်ခါဆို ဒကာ/မတို့ ကျောင်းကိုလာရင် သူတို
အရင်လို မဆော့ကစားရဲတော့ပါဘူး။
ဒါဟာ သံဃာကို
တကယ်ယုံကြည်မြတ်နိုးကိုးကွယ်သူတွေအနေနဲ့ သာသနာတိုးတက်စေဖို့
မိမိကိုးကွယ်နေတဲ့ သံဃာတွေလိမ္မာစေဖို့ ထိရောက်တဲ့နည်း၊
အကျိုးရှိနည်းဖြစ်ပါတယ်။ သာသနာတိုးတက်ပြန်ပွားအောင် ကြိုးစားတဲ့နေရာမှာ
အသိဥာဏ်လည်းလိုအပ်ပါတယ်။ နည်းဗျူဟာလည်း လိုအပ်ပါတယ်။ ပရိယာယ်လည်း
လိုအပ်ပါတယ်။ သံဃာကျင့်ဝတ်နဲ့အညီမကျင့်တဲ့ သံဃာတော်တစ်ချို့ကို
တွေ့မြင်တဲ့အခါမှာ မိမိနှုတ်ကနေ ဟိုပြောဒီပြော မပြောမိစေဖို့အရေးကြီးပါတယ်။
ဝစီဘေဒ ထိတိုင်းရှ ဆိုသလို သိပ်ကိုကြီးလေးတဲ့ အပြစ်တစ်ခု
ဖြစ်တည်သွားမှာစိုးရိမ်မိပါတယ်။ အသိဥာဏ်ရှိသူဟာ သူတစ်ပါးကို
အကြောင်းပြုပြီး မိမိသန္တာန်မှာ အကုသိုလ်တွေ တိုးပွားအောင် မလုပ်ကြပါဘူး။
စက်ပိုင်သူဌေးဦးအုန်းနည်းအတိုင်းသာ ကျင့်ကြံကြည့်လိုက်ပါ။
မိမိဟာ တိဟိတ်ပုဂ္ဂိုလ်
အသိဥာဏ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အသိဥာဏ်ရှိတဲ့လူသားတစ်ယောက်ဟာ
အဟိတ်တိရစ္ဆာန်လောက်မှ မလိမ္မာဘူးဆိုပြီး နှိုင်းယှဉ်ခံရမယ်ဆိုရင် သိပ်ကို
ရှက်စရာကောင်းပါတယ်။ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ ဆင်လောက်မှ အသိဥာဏ်မရှိဘူးဆိုရင်
မစိုးရိမ်ဆရာတော်ဘုရားဘုရားကြီးသာ သက်တော်ထင်ရှားရှိမယ်ဆိုပါက “………….မင်း ဆင်လောက်မှ မလိမ္မာသေးဘဲကိုး” ဟု မိန့်မြွက်တော်မူမှာကို မြင်ယောင်နေမိပါသည်။
(ဆရာတော်ဦးကောမလ-ရွှေမဂ္ဂင်စာသင်တိုက်ဆရာတော်ဘုရား၏ ရှင်သာမဏေနဲ့ သာသနာ ဟူသောတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။)
(ဥယျာဉ်မှူးလေး)