သန္တိ၏ ရနံ့
အို ~ သာရိပုတ္တရာ
နတ္ထိက၏ အဖြစ်ကို သိမြင်သည့်နောက်
ထင်ရှားသော သန္တိ၊ ချုပ်ငြိမ်းခြင်း ၌ ~
အသွင်သဏ္ဍာန်သည် မရှိ၊
ခံစားချက်၊ ခံယူချက်သည် မရှိ၊
တုံ့ပြန်မှု၊ သိစိတ်သည် မရှိ။
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ် ဒွါရတို့ မရှိ။
သဏ္ဍာန်၊ အသံ၊ ရနံ့၊ အရသာ၊ ထိတွေ့ဆုပ်ကိုင်နိုင်ခြင်း မရှိ၊
စိတ်သန္တာန်တို့၏ အနုမာန တို့သည်လည်း မရှိ။
နတ္ထိက၏ အဖြစ်ကို သိမြင်သည့်နောက်
ထင်ရှားသော သန္တိ၊ ချုပ်ငြိမ်းခြင်း ၌ ~
အသွင်သဏ္ဍာန်သည် မရှိ၊
ခံစားချက်၊ ခံယူချက်သည် မရှိ၊
တုံ့ပြန်မှု၊ သိစိတ်သည် မရှိ။
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ် ဒွါရတို့ မရှိ။
သဏ္ဍာန်၊ အသံ၊ ရနံ့၊ အရသာ၊ ထိတွေ့ဆုပ်ကိုင်နိုင်ခြင်း မရှိ၊
စိတ်သန္တာန်တို့၏ အနုမာန တို့သည်လည်း မရှိ။
အို ~ သာရိပုတ္တရာ
စိတ်သန္တာန် ခဏကို ကျော်လွန်ပြီးမြောက်သော အခါ
မသိမှုသည် မရှိ။ မသိမှု၏ အပိုင်းအခြားသည် မရှိ။
ထိုမှ နောက် သန္တိသို့ ရောက်သည့် အခါ
ဆုတ်ယုတ်ခြင်း (ဝါ) မရဏသည် မရှိ။
ဆုတ်ယုတ်ခြင်း (ဝါ) မရဏ၏ အပိုင်းအခြား သည် မရှိ။
ဇာတိ မရှိ၊ ဇရာ မရှိ။
မှတ်တိုင်လည်း မဟုတ်၊ လမ်းလည်း မဟုတ်။
စိတ်သန္တာန် ခဏကို ကျော်လွန်ပြီးမြောက်သော အခါ
မသိမှုသည် မရှိ။ မသိမှု၏ အပိုင်းအခြားသည် မရှိ။
ထိုမှ နောက် သန္တိသို့ ရောက်သည့် အခါ
ဆုတ်ယုတ်ခြင်း (ဝါ) မရဏသည် မရှိ။
ဆုတ်ယုတ်ခြင်း (ဝါ) မရဏ၏ အပိုင်းအခြား သည် မရှိ။
ဇာတိ မရှိ၊ ဇရာ မရှိ။
မှတ်တိုင်လည်း မဟုတ်၊ လမ်းလည်း မဟုတ်။
The Heart Sutra.
ချုပ်ငြိမ်းခြင်း၊ ငြိမ်းအေးခြင်း၊ သန္တိ သည် သင်္ခါရတို့ အလွန်၌ ရှိသော မွှေးရနံ့ပင် ဖြစ်သည်။ အမတ သို့ ဦးညွှတ်သော – နှလုံးသား၏ ဟင်းလင်းပွင့်အာ နေမှု လည်း ဖြစ်သည်။ ပွင့်ဖတ် တစ်ထောင် ခြံရံသော ကြာညိုပန်း ပွင့်လန်းလာခြင်းလည်း ဖြစ်သည်။ ထိုပုဂ္ဂိုလ် အတွက် အန္တိမ ၊ ကိစ္စတို့ ပြီးဆုံးသည် လည်း ဖြစ် သည်။ ချုပ်ငြိမ်းခြင်း တည်းဟူသော ထိုရနံ့ကို ရရှိသော ခဏ – အကြင် ပုဂ္ဂိုလ် အတွက် ပြုဖွယ် ကိစ္စ တို့ ပြီးစီး ခဲ့ပြီ ဟု ဆိုရ ပေမည်။ ဖြစ်တည်သော ဘဝ အတွင်း အနှစ်၌ နတ္ထိက (ဝါ) သုညတ သို့ ဆိုက်ရောက် ပြီး သည် ဖြစ်၍ အသွင်သဏ္ဍာန် မဲ့ခြင်းသာ ၎င်းသန္တာန်၌ လွှမ်းခြုံလျက် ရှိ၏။ အကြင် ပုဂ္ဂိုလ် အတွက် ကောင်းကင်ပြင်သည် တိမ်သလ္လာတို့ မရှိ၊ ပကတိ ကြည်စင် ပြာလွင်လျက် ရှိ၏ ဟု ဆိုပါမည်။
ဤနတ္ထိက အဖြစ်ကို ဗုဒ္ဓက နိဗ္ဗာန ဟု ခေါ်ဆို ခဲ့ပါသလော။ ထို နတ္ထိက (ဝါ) သုညတ သည် ဗလာနတ္ထိ ဘာမျှ မရှိခြင်း မဟုတ်ပေ ။ ပြည့်ဝခြင်း သာ အနက် ရှိသည်။ ဗလာနတ္ထိ ကို အများ ထင်ကြသကဲ့သို့ မရှိခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျောက်ပျက်နေ ခြင်း ဟု အနက် မပြန်။ ဆုတ်ယုတ်ခြင်း သဘော မ ဟုတ်။ လစ်ဟာနေခြင်း အနက် ကို နတ္ထိက ဟု ခေါ်ဆိုနိုင်သည် မဟုတ်ပေ။ နတ္ထိက ၏ စင်စစ် အနက် အဓိပ္ပာယ် မှာ ဗလာ အထီးတည်း ဖြစ်တည်ခြင်း သာ ဖြစ်သည်။ ပစ္စည်း အသွင်သဏ္ဍာန် တို့ ပျောက်ကွယ်၍ အဆုံး စွန်သော ဖြစ်တည်မှု သာ ကိန်းဝပ် လျက် ရှိသည်။ အသွင်သဏ္ဍာန် တို့ ပျောက်ကွယ်၍ အသွင်သဏ္ဍာန် မဲ့မှုသာ ကိန်းဝပ် သည်။ အဆိုပြု သတ်မှတ်ချက် တို့ ပျောက်ကွယ်၍ အမည်နာမမဲ့ခြင်းသာ အထီးတည်း ထင်ရှား လျက် ရှိသည်။
နတ္ထိက ၏ အဖြစ် သည် နတ္ထိ၊ ဘာမှ မရှိခြင်း၊ ဘာမှ မဟုတ်ခြင်း၊ ငြင်းပယ် ဖယ်ရှားနေခြင်း မဟုတ်။ အဓိပ္ပာယ် သတ်မှတ် ရှင်းပြ၍ မရနိုင်ခြင်း ဟူ၍သာ ရိုးရှင်းစွာ ဆိုလို ပါသည်။ သင်၏ နေအိမ် အတွင်းမှ ပရိဘောဂ အားလုံး ၊ အသုံးအဆောင် ပစ္စည်းပစ္စယ အားလုံး ရှင်းလင်း ဖယ်ထုတ်လိုက်သကဲ့သို့ ဟု ပမာဆိုပါမည်။ ထိုသို့ ပြုထားသော သင့်အိမ်အတွင်းသို့ – လူတစ်ဦး တစ်ယောက် ဝင်ရောက်၍ ကြည့်ရှုရင်း “အို ~ အခု သည်မှာ အဘယ်အရာမှ မရှိပါတကား” ဟု ဆိုမည်။
ထိုသူ သည် ယခင်က သင့် အိမ်ကို ရောက်ခဲ့ဖူးသည်။ ပရိဘောဂ အများ ကို မြင်ဖူး မည်။ ယခု သူ မမြင်ရ။ ထို့ကြောင့် သူပြောသည် “ဤနေရာမှာ အဘယ်အရာ မှ မရှိတော့ပါကလား။ ဘာမှ မရှိတော့ပါကလား” ထိုသူ၏ စကားသည် အတိုင်းအတာ တစ်ခု အထိ မှန်ကန်ပါသည်။ စင်စစ် သင့်အနေဖြင့် ပရိဘောဂများ ဖယ်ရှား ပစ်လိုက်ခြင်းသာ ဖြစ်သည်။ အိမ်အတွင်း ဧရိယာ နယ်ပယ်သို့ ဝင်ရောက် ခိုအောင်း နေသမျှ ရှင်းခါ ထုတ်ပစ်လိုက်ခြင်းသာ ဖြစ်သည်။ ယခု ဘာမှ ရှိမနေခြင်း ဆုတ်ယုတ်နေခြင်း မဟုတ်ပေ။ အိမ်၏ အဖြစ်သည် အပြည့်အဝ အထီးတည်း ကျန်ရစ်သည်။
အဘယ်အရာမှ အနှောင့်အသွား မရှိတော့။
နတ္ထိက ၏ အဖြစ်သည် တိမ်သလ္လာ ရှင်း နေသော ကောင်းကင်နှင့်လည်း တူပါသည်။ တိမ်မြူ တိမ်မွှား တစ်စမျှပင် ထင်ကျန်မနေသော အခါ၌ ကောင်းကင်၏ ကြည်စင်နေသော အဖြစ်သည် တပြန့်တပြူး ကျန်ရစ်လျက်ရှိသည်။ အဘယ် အရာ မှ မရှိနေခြင်း မဟုတ်ပေ။ တစ်စုံ တစ်ရာ ဆုတ်ယုတ် ပျက်ပြုန်း နေခြင်း မဟုတ်ပေ။ မြူမှုန် အနှောင့်အသွား ကင်းစင်နေခြင်း၊ ပကတိ ကြည်လင်နေခြင်းသာ ဖြစ်ပါသည်။
………………
Note -
( မဟာစည်ဆရာတော် ~ နိဗ္ဗာနပဋိသံယုတ္တကထာ ။ ဒုကြိမ်၊ နှာ ၇၂ – ၇၆ )
နိမိတ္တံ သင်္ခါရာ၊ အနိမိတ္တံ နိဗ္ဗာနံ။
နိမိတ္တံ၊ အကောင် အထည် ပုံသဏ္ဍာန် ဒြပ် ရှိသကဲ့သို့ ထင်သော နိမိတ် သည်။ သင်္ခါရာ၊ သင်္ခါရတို့ ပေတည်း။
အနိမိတ္တံ၊ ပုံသဏ္ဍာန် အရိပ်နိမိတ် ကင်းသော သဘော သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ပေတည်း။
“ဝိပဿနာ မရှု တဲ့ ပကတိ ပုဂ္ဂိုလ်တွေမှာ မြင်ရာ ကြားရာ စသည်မှာ ထင်ပေါ်လာသမျှကို အကောင် အထည် ပုံသဏ္ဍာန် ဒြပ် ဝတ္ထု အနေနဲ့သာ ထင်မြင် မှတ်တယ်။ ဝိပဿနာ ရှုခါစ ပုဂ္ဂိုလ် တွေမှာ လည်း အဲ့ဒီလိုပဲ ထင်မြင်တယ်။ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) အစရှိသော သတိပဋ္ဌာန် ဒေသနာတော် နှင့် အညီ “သွား၊ ကြွ၊ လှမ်း၊ ချ” စသည် ရှုမှတ်နေပေမယ့်လို့ သွားနေတဲ့ ကိုယ်ကောင်ကြီး ကြွလှမ်း ချ နေတဲ့ ခြေ စသော အထည်ဒြပ်ပါ ထင်ပြီး သိနေတယ်။ “ကွေး၊ ဆန့်” စသည်ဖြင့် ရှုမှနတ်ရာမှာလည်း လက်ခြေ ပုံသဏ္ဍာန် အထည်ဒြပ် နဲ့ တကွ ထင်ပေါ်တယ်။
အဲ့လို ထင်ပေါ်နေတာဟာ သင်္ခါရ နိမိတ် ထင်နေတာပါပဲ။
“ဒါပေမယ့် ဝိပဿနာ ရှုသူမှာ ဥာဏ်ရင့်လာတဲ့ အခါ အဲ့ဒီပုံသဏ္ဍာန် အထည်ဒြပ်တွေ မထင်ဘူး။ တောင့်တင်း လှုပ်ရှား တွန်းကန်ခြင်း စသော သဘော တရား မျှသာ ထင်ပေါ်တယ်။ အဲ့ဒီ အခါမှာ ဖြစ်ပေါ်ပြီး ပျောက်ပျောက်သွားတာ မို့ မမြဲဘူး ဆိုတဲ့ အသိဥာဏ် ဖြစ်ပေါ် ပါတယ်။ အထူးအားဖြင့် ဘင်္ဂဥာဏ် ရောက်တဲ့အခါ အဲ့ဒီ ပုံသဏ္ဍာန် ပညတ်တွေ အကုန်ပျောက်သွားတယ်။
ဒါပေမယ့် ဝိပဿနာ ဥာဏ် ဆိုတာ ဖြစ်ပျက်တဲ့ သင်္ခါရတရားကို ရှုမှတ်ပြီး သိသိနေတဲ့ ဥာဏ် ဖြစ်တဲ့အတွက် သင်္ခါရ နိမိတ်ကင်းတဲ့ နိဗ္ဗာန် ကိုတော့ မသိ မမြင်သေး ပါဘူး။ ဒါ့ကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဖြစ်ပျက်တဲ့ သင်္ခါရတရား ၊ သင်္ခါရနိမိတ်ကိုပဲ သိသိနေပါတယ်။ အဲ့ဒီ သင်္ခါရကို အနိစ္စ၊ ဒုက္ခ ၊ အနတ္တ အနေနဲ့ သိသိနေ ခိုက်မှာ သင်္ခါရ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန် အာရုံ မထင်ပေါ်သေးဘူး။ ဥာဏ် ရင့်သန် ပြည့်စုံ တဲ့ အခါမှာ မြင်မှု ၊ ကြားမှု စသော အဲ့ဒီ သင်္ခါရ နိမိတ် အာရုံတွေကို ရှုသိ ရှုသိ နေရင်း အဲ့ဒီ သင်္ခါရ လုံးဝ ဆိတ်သုဉ်းတဲ့ သဘော ထဲကို ရောက် သွား တယ်။
အဲ့ဒီ အခါမှာ ပုံသဏ္ဍာန် အရိပ်နိမိတ် ဘယ်လိုဟာကို မှ မတွေ့ရပါဘူး။ ဖြစ်ပျက်သင်္ခါရ လုံးဝ ဆိတ်သုဉ်း ကင်းငြိမ်းနေ တဲ့ သဘောကိုသာ ထင်ရှားတွေ့ရတယ်။ အဲ့ဒီလို တွေ့ပြီးတဲ့ နောက် ပြန်လည် ဆင်ခြင်တဲ့ အခါများမှာလည်း ဖြစ်ပျက် သင်္ခါရ ဆိတ်သုဉ်း ကင်းငြိမ်း တဲ့ သဘော ကိုသာ သိရတယ်။”
ဇေယျ
………..
Further Reading ~
~ မဟာစည် ဆရာတော် – နိဗ္ဗာနပဋိသံယုတ္တကထာ
~ Osho – The Heart Sutra: The Fragrance of Nothingness.