Thursday, May 3, 2012

စိတ်သာလျှင် အရှင်သခင် ဖြစ်နေသရွေ့


                                              စိတ်သာလျှင် အရှင်သခင် ဖြစ်နေသရွေ့

ခင်ဗျား လောက၊ ခင်ဗျား ဘဝ မှာ အလိုမပြည့်ခြင်း၊ ဆင်းရဲ ဒုက္ခ မကြာ ခဏ ဖြစ်ရတယ်။ ဒါဟာ ဘယ်သူ့ဘယ်သူ အတွက်မှ နက္ခတ် ဗေဒင် ဝေဒ မေးစရာ မလိုအပ် လှဘူးရယ်။ စင်စစ် သတ္တဝါ တို့ရဲ့ဆင်းရဲ ဒုက္ခ အားလုံးဟာ စိတ်အတွင်းက စပါတယ်။ တစ်နည်း – စိတ်အတွေး အကြံ၊ မျှော်မှန်းတမ်းတချက် ကိုယ်၌က ဆင်းရဲဒုက္ခ ဖြစ်တယ်။ ဒါ့ကြောင့် “စိတ်အေးချမ်းမှု” ဆိုတဲ့ စကားလုံး ကိုယ်တိုင်က အမှား သက်သက် ဖြစ်တယ် လို့ ကျနော် ဆိုချင် ပါတယ်။

စိတ်အေးချမ်းမှု ဆိုတာ မရှိဘူး။ စိတ် အတွေးအကြံတို့ အတွင်းမှာ အေးချမ်းမှု ဘယ်လိုမှ မရနိုင်ဘူး ။ ရောဂါ ပြင်းထန်နေသူ တစ်ယောက် ကို ဘိန်း၊ မေ့ဆေး စသည် ပေးလို့ တခဏ ငြိမ်ဝပ်သွားတာ ဟာ ရောဂါ ပျောက်သွားတာ မဟုတ်ပါဘူး။ ရောဂါ ကိုယ်၌က မရှိမှ အဲ့ဒီ ရောဂါ ပျောက်တယ် လို့ ဆိုနိုင်ပါမယ် ။
ဥပမာ ယဉ်ယဉ်လေး ရူးနေတဲ့ သူတစ်ယောက် ရှိမယ်။ အဲ့သည် လူဟာ ပုံမှန် အားဖြင့် အကောင်း ပဲ။ ဒါပေတဲ့ အခွင့်အခါ ကြုံတိုင်း ထထ ဖောက်မယ် ဆိုပါစို့ ။ အဲ့သည်လူ အဲ့သလို ဖြစ်နေသရွေ့ သူ့ ကို ခင်ဗျား အကောင်း လို့ ခေါ်မလား၊ အရူးလို့ ခေါ်မလား ခင်ဗျား စဉ်းစား နိုင်ပါလိမ့်မယ် ။ စင်စစ် သူဟာ ကျန်အချိန် ဘယ်လိုပဲ ကောင်းနေပါစေ၊ ဘယ်အခါ မဆို ထဖောက်နိုင်တဲ့ အနေအထား ရှိနေ မယ်။ အဲ့သည် အနေအထား ရှိနေသရွေ့ သူဟာ ရူးနေတာက ရူးနေတာ သက်သက် ပဲ မဟုတ်လား။

အလားတူ လူတိုင်း အတွက် အေးချမ်းမှု မရရှိနိုင်သရွေ့ အရူးနဲ့ အရူး ~ အတူတူ သာ ဖြစ်ပါတယ်။ ဒီ စိတ်ဆန္ဒ၊ တမ်းတချက် ကို မကျော်လွှားနိုင်သရွေ့ အရူးက အရူးပဲ ။ တခဏ ကောင်းနေ တာကြောင့်နဲ့ “လူကောင်း တစ်ယောက် ဖြစ်တယ်” လို့ ပြောမရဘူးရယ်။ လူအများဟာ ဟာသကို မက်မောတယ်။ ချမ်းမြေ့မှုကို မက်မောပါတယ်။ စိတ်အေးချမ်းမှု ဆိုတဲ့ တခဏတာ အတွက် ကို မက်မော ခုံမင် တယ်။ ဒါပေတဲ့ အဲ့သည် တခဏ ပြီးတဲ့ နောက် အကြောင်း ဆုံရင် ငိုကြွေးမြည်တမ်း၊ ရပြန်တယ်။ ဆင်းရဲ ဝမ်းနည်း ပြန်ဖြစ် ရတော့တယ်။

ဒါ့ကြောင့် ဒီ စိတ်ဆန္ဒ တွေ အတွင်း ရှာဖွေနေသရွေ့ ၊ (ဝါ) ဒီလက်သည်ကို မသတ်နိုင် သရွေ့ — စိတ်အေးချမ်းမှု ဆိုတာ ဟာ တကယ်မရှိဘူး လို့ ပြောရပါတယ်။ အေးချမ်းမှု စင်စစ် ဟာ စိတ်အတွင်းမှာ မဟုတ်ဘူး။ သူ့ရဲ့ ဗြောင်းဗြန် ။ စိတ် အတွေးအကြံ ကို နိုင်နင်း ကျော်လွှားနိုင်တဲ့ အခါမှသာ အေးချမ်းရာ အစစ်ကို ရပါလိမ့်မယ်။ ပြန်ပြန် ပြီး ရူးသွပ်နေစရာ မလိုတော့ တဲ့ အခြေအနေ ရောက်မှသာ ခင်ဗျားကို အကောင်း ပကတိ ဖြစ်တယ် လို့ ပြောနိုင် ပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ချမ်းသာမှု ဆိုတာ ခဏတော့ ဖြစ်နိုင်မယ်။ အဲ့ဒီ တခဏတာ အေးချမ်းမှု ၊ ချမ်းသာမှု ဟာ အတုပဲ ဖြစ်ပါတယ်။

“ချမ်းမြေ့မှု စင်စစ် ဆိုတာ ဘာလဲ၊ အေးချမ်းမှု အစစ် က ဘာလဲ” ကမ္ဘာမှာ အမေးသင့်ဆုံး မေးခွန်း ဟာ အဲ့ဒီ မေးခွန်း ဖြစ်ပါတယ်။ တစ်ခုတည်း လိုအပ်နေတဲ့ ဒီ မေးခွန်း စကား ကို အမေးပြုခဲ့သူ၊ အဖြေရှာခဲ့သူ ကလည်း ရှားပါးခဲ့တယ်။ ကမ္ဘာသိ ပုဂ္ဂိုလ် အနေနဲ့ လက်ချိုး ရေကြည့်လို့ ရနိုင်ပါတယ်။ အဲ့အထဲက တစ်ဦးက- ဗုဒ္ဓ ကိုယ်တိုင် ပဲရယ်။

စိတ်ချမ်းသာဖို့ ဆိုတဲ့ တခဏတာ ချမ်းမြေ့မှု အဖြစ် ကို လိုလားတဲ့ သူဟာ အေးချမ်းမှု စင်စစ်ကို ရနိုင်မှာ မဟုတ်ဘူး ။ အကြောင်းက စိတ်ကူး၊ အတွေး ၊အနုမာန တမ်းတ မျှော်မှန်းနေရသမျှ ကိုယ်၌က အပျက်အစီး ဆင်းရဲ ဖြစ်နေလို့ပါပဲ။ အဲ့ဒီ စိတ်ဆန္ဒတွေ ကိုယ်တိုင်ဟာ- ဆင်းရဲဒုက္ခ မှန်သမျှ မရပ်မနား တောင်းဆိုနေတဲ့ လက်သည် တရားခံလည်း ဖြစ် တယ်။

ဒီနေရာမှာ ဗုဒ္ဓ စသည် ပုဂ္ဂိုလ်များ ညွှန်ပြ လမ်းပြ ကြတာက တစ်ခုတည်း ဖြစ်ပါတယ်။ အဲ့ဒါက ~
“ခင်ဗျား အတွက် ဒီ စိတ်ဆန္ဒ ဆိုတာတွေဟာ ကျော်လွှားနိုင်တဲ့ အရာတွေ ဖြစ်တယ်။ ခင်ဗျား ခွန်၊ ခင်ဗျား အားနဲ့ လွန်မြောက် နိုင် တယ်။ စိတ်အတွေးအကြံကို မိမိ လက်အစုံနဲ့ ဖြစ်ညှစ် သတ်ပစ် ခဲ့နိုင်တယ် ။ ကျော်လွန် ထားရစ် ခဲ့နိုင်တယ်။ ဒါ့ကြောင့် ~ ခင်ဗျား စိတ်ကို အရှင်သခင် ဆရာ တင်ရင်း သူခိုင်းသမျှ ဆက်လက် ဆင်းရဲ ခံနေမလား ~ စိတ် ကို ကျော်လွန် စေခိုင်း ရင်း အေးမြမှု၊ ချမ်းမြေ့မှု နဲ့ နေနိုင်မလား ~ ဒါဟာ ခင်ဗျား အခုလှမ်းတဲ့ ခြေလှမ်း ခင်ဗျား ရွေးချယ်မှု နဲ့ ဆိုင်ပါတယ်။ ခင်ဗျား ကိုယ်တိုင်ရဲ့ အခုခဏ ရှင်သန်မှု ကပဲ ခင်ဗျားကို ချမ်းမြေ့မှု ပေးစွမ်းနိုင် တယ်။”
by ဇေယျ
……………..
March 11st 2012 at 1:50 AM
…………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/