Wednesday, May 9, 2012

စိတ်ပူပန်တာ သိပ်မူမမှန်လို့ပါ



 
စိတ်ပူပန်တာ သိပ်မူမမှန်လို့ပါ

ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ " စိုးရိမ်ပူပန်မှု ကင်းရှင်းခြင်း၊ သို့မဟုတ် စိတ်မပူပန်တတ်ခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။
တချို့ က သိပ်ပြီးတော့ စိတ်ပူတတ်တယ်။ စိတ်ပူတတ်တာကိုပဲ ဂုဏ်ယူစရာလို့လည်း ထင်နေတတ်တယ်။ တလွဲဂုဏ်ယူနေတာပါပဲ။

ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဟိုဟာလေးတွေးပြီးစိတ်ပူ၊ ဒီဟာလေးတွေးပြီးစိတ်ပူ၊ သူတစ်ပါးနဲ့ပတ်သက်ပြီးတော့လည်း ဟိုကိစ္စ လိုက်စိတ်ပူ၊ ဒီကိစ္စ လိုက်စိတ်ပူ၊ စိတ်မပူရင် နေကို မနေတတ်ဘူး။ စိတ်ပူခြင်းကိုပဲ အဖော်လုပ်ပြီးတော့ နေတတ်ကြတယ်။
စိတ်မပူလိုက်ရတဲ့နေ့ဆိုရင် တစ်ခုခုလိုအပ်နေသလို ထင်နေတတ်ကြတယ်။ စိတ်ပူတယ် ဆိုကတည်းကိုက စိတ်ကိုပူလောင်နေပြီပေါ့။ ငြိမ်းအေးမှု ဘယ်ရှိပါတော့မလဲ။

ခုနတုန်းကပြောခဲ့တဲ့ တဏှာဖြစ်နေရင် ငြိမ်းအေးမှု မရှိဘူး၊ ဒေါသဖြစ်ရင် ငြိမ်းအေးမှုမရှိဘူး ဆိုတာက နောက်ဆက်တွဲ အကျိုးတရားအနေနဲ့ဖြစ်တာ။ တဏှာကြောင့် ပူလောင်တယ်။ ဒေါသကြောင့် ပူလောင်တယ်။ အကြောင်းအကျိုးသဘောမျိုး သွားတာ။
ဒီစကားလုံးကတော့ စကားလုံးကိုက ပူပြီးသား၊ သူ့ချည်းသက်သက်ကိုက ပူပြီးသား။ သူ့စကားလုံးကိုက စိတ်ပူတယ်ဆိုမှတော့ ပူနေပြီပေါ့။ စိတ်ပူနေရင် ပူတယ်ဆိုတာ အထူးပြောစရာတောင် မလိုတော့ဘူး။ တချို့ က စိတ်ပူတာကို မေတ္တာတရားရဲ့  သင်္ကေတလို့ ယူဆကြတယ်။ ငါနင့်ကို စိတ်ပူတာ နင့်အပေါ် မေတ္တာရှိလွန်းလို့နော်…တဲ့။

စိတ်ပူခြင်းက နှစ်မျိုးရှိပါတယ်။ အားနာပါးနာထည့်သွင်းသင့်တဲ့ စိတ်ပူခြင်းလေးက တစ်မျိုး၊ သောကတရားရဲ့  သင်္ကေတသက်သက်ဖြစ်တဲ့ စိတ်ပူခြင်းက တစ်မျိုးလို့ စိတ်ပူခြင်း နှစ်မျိုးရှိပါတယ်။
ဥပမာဆိုပါတော့။ ကိုယ့်သားသမီးက တခြားတစ်မြို့  တစ်ရွာကို ခရီးထွက်တော့မယ်။ " အဲဒီမြို့ ကို သွားလို့ရှိရင် ဖျားမယ်၊ နာမယ်နော်၊ သွားတဲ့လာတဲ့အခါ ဖျားနာနေမှာစိုးလို့ ရော့ ဒီဆေးလေးယူသွား " ဒါကတော့ မေတ္တာရဲ့ သဘော။ မေတ္တာရဲ့  သင်္ကေတပါ။ စိတ်ပူနေတဲ့ အခိုက်အတန့်လေးမှာ သောကလည်း နည်းနည်းတော့ ပါတယ်။ ဒါပေမဲ့ စိတ်ပူရုံနဲ့ ရပ်နေတာမဟုတ်ဘူး။ နေမကောင်းလို့ရှိရင် စားဖို့ ဆိုပြီးတော့ ဆေးကလေး ထည့်ပေးလိုက်တယ်။ အဲဒါ မေတ္တာပဲ။ ကာယကံမြောက်မေတ္တာ။

ရောဂါဖြစ်ရင် ဒီဆေးလေးစားပါနော်လို့ ဆေးထည့်ပေးရင်းပြောလိုက်တော့ ၀စီကံမြောက်မေတ္တာ။ ရောဂါပျောက်စေချင်တဲ့စိတ်ကလေးက မနောကံမေတ္တာ။ မေတ္တာကံသုံးပါးလုံး ပါနေတယ်။
အဲဒီလို တစ်ရပ်တစ်ကျေးသွားတဲ့ သားသမီးကို ဖျားနာမှာစိုးလို့ ဆေးတွေဝါးတွေ ထည့်ပေးလိုက်တာကတော့ ဖြစ်သင့်တဲ့စိတ်ပူခြင်းပါပဲ။ တကယ်တော့ မေတ္တာဆိုတာ အဒေါသ။ စိတ်ပူတယ်ဆိုတာ သောကအမည်ခံထားတဲ့ ဒေါသပါပဲ။
ဒေါသနဲ့ အဒေါသဆိုတာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဖက်ပဲ။ သို့သော်လည်း လောကဝေါဟာရအရ ဒီလိုမေတ္တာထားတာကိုပဲ စိတ်ပူတယ်လို့ ပြောနေကြတာပါ။ ဒီလိုမေတ္တာနဲ့ စိတ်ပူခြင်းကတော့ သဘာဝကျတဲ့ စိတ်ပူခြင်းမို့လို့ လက်ခံရမှာပါ။

သဘာဝမကျတဲ့စိတ်ပူခြင်းကတော့ တစ်ရပ်တစ်ကျေးသွားတဲ့ သားသမီးအတွက် ဖျားနာတဲ့အခါ သုံးဖို့ဆေးကလည်း ထည့်ပေးလိုက်ပြီးပြီ။ သားသမီးကလည်း တစ်ရပ်တစ်ကျေးရောက်သွားပြီးပြီ။ အဲဒါကို အခုအချိန်ဆို ဖျားများ ဖျားနေမလား၊ ရောဂါများဖြစ်နေမလား၊ အခုအချိန်ဆို အေးလိုက်တာ။ အနွေးထည်မှ ၀တ်ရဲ့ လားမသိဘူး။ ရေချိုးတာမှ ဆင်ခြင်ရဲ့ လားမသိဘူး။
ဘယ်လိုများနေလဲမသိဘူး။ ဘယ်လိုများဖြစ်လဲမသိဘူးနဲ့ တွေးပြီးတော့ တစ်ချိန်လုံး စိတ်ပူနေတယ်။ တစ်ချိန်လုံး စိတ်ဆင်းရဲနေတယ်။ တစ်ချိန်လုံးတွေးပြီးတော့နေတယ်။ အဲဒီလိုဆိုရင်တော့ သဘာဝမကျတဲ့ စိတ်ပူခြင်း ဖြစ်သွားပြီ။

ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးလိုက်တဲ့ စိတ်ပူခြင်းကတော့ မေတ္တာတရား ရဲ့  သင်္ကေတပဲ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးပြီးပါရက်နဲ့ တစ်ဖက်သားဖြစ်မလာသေးတာကို တွေးပြီးတော့ စိတ်ဆင်းရဲနေမယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးရုံနဲ့မပြီးဘဲ၊ " သူတော့ ဒုက္ခတွေဖြစ်နေတော့မှာပဲ။ သူတော့ စိတ်ဆင်းရဲနေတော့မှာပဲ။ သူ့ဒုက္ခ ငါယူလိုက်ချင်ပါရဲ့ ၊ " အဲဒီလို စသည်အားဖြင့် တွေးပြီးတော့ စိတ်တွေပူလောင်နေတယ်။ စိတ်တွေ ဆင်းရဲနေတယ်။ ဒီစိတ်ပူခြင်းကတော့ သဘာဝမကျတဲ့ စိတ်ပူခြင်းမို့လို့ စွန့်ပယ်ရမှာပါ။

သားသမီးက တစ်ရပ်တစ်ကျေးသွားတော့မယ်။ ဆိုပါတော့၊ အခုရက်တွေဆိုရင် ပိတ်ရက်ဆက်နေတော့ တော်တော်များများ ကျိုက်ထီးရိုးသွားကြတယ်ပေါ့။ ကိုယ့်သားသမီးက အမေ ကျိုက်ထီးရိုးသွားချင်လို့ပါ၊ ဟဲ့ မသွားနဲ့၊ အခုရက်က လူတွေများတယ်၊ တော်ကြာ ပြဿနာတစ်ခုခုဖြစ်လို့ နင်အရိုက်ခံရတော့ ဘယ့်နှယ့်လုပ်မလဲ။ အဲဒါကတော့ သဘာဝမကျတဲ့ စိတ်ပူခြင်း ဖြစ်သွားပြီ။
ပြဿနာဖြစ်မယ်၊ မဖြစ်ဘူး၊ အရိုက်ခံရမယ်၊ အရိုက်မခံရဘူး။ သေချာတာလည်းမဟုတ်ဘူး၊ လူများရုံနဲ့လည်း ပြဿနာက ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဖြစ်မယ်ဆိုရင်လည်း ဖြစ်နိုင်ချေတော့ ရှိတာပေါ့။
လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမှ မရှိဘဲ။ ဆင်းရဲ ဒုက္ခတစ်ခုခု၊ ပြဿနာတစ်ခုခု၊ အန္တရာယ်တစ်ခုခုဆိုတာ ဘယ်နေရာမှာမဆို အချိန်မရွေး ဖြစ်နိုင်တာချည်းပဲပေါ့။ ဒါပေမဲ့ ဖြစ်လိမ့်မယ်ဆိုတာ သေချာမှုမရှိသေးဘဲနဲ့ တကယ်ဖြစ်တဲ့ပုံစံမျိုး တိတိကျကျကြီးတွေးပြီးတော့ စိတ်ပူပန်နေတာ၊ စိတ်ဆင်းရဲနေတာကတော့ သဘာဝမကျတဲ့ စိတ်ပူခြင်း ဖြစ်သွားပါပြီ။

ဟိုမှာတောင်ပေါ်မှာဆိုတော့ အေးမှာပေါ့၊ အေးလို့ရှိရင် တော်ကြာနှာစေးရင် ဘယ်နှယ့်လုပ်မလဲ။ ဒီလိုအကြောင်းပြချက်လေးတွေဟာ တကယ်တော့ မခိုင်လုံတဲ့ အကြောင်းပြချက်လေးတွေပါ။ အေးတာပဲ၊ ဘာဆန်းလို့လဲ၊ ဆောင်းတွင်း အေးမှာပဲပေါ့၊ လူရှုပ်တာပဲ၊ ဘာဆန်းလဲ၊ ပိတ်ရက်မို့ လူတွေ အများကြီးသွားတာ လူရှုပ်မှာပေါ့၊ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်မပူပါနဲ့။
အဲဒီလို မိဘတွေရဲ့  သဘာဝမကျတဲ့ စိတ်ပူခြင်းတွေကြောင့် တချို့  သားသမီးတွေမှာ ဟိုနေရာလည်း မရောက်ဖူး၊ ဒီနေရာလည်းမရောက်ဖူး၊ ဟိုလူနဲ့လည်း မခင်မင်၊ ဒီလူနဲ့လည်း မခင်မင်၊ ဟိုအလုပ်လည်း မလုပ်ဖြစ်၊ ဒီအလုပ်လည်း မလုပ်ဖြစ်နဲ့ ဘ၀ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးရပါတယ်။
စိတ်ပူတယ်ဆိုတာ တကယ်တော့ တရားကိုယ်ကောက်လိုက်ရင် ဒေါသပါပဲ။ ဒေါသဆိုတော့ ကိုယ်လည်းပဲ စိတ်ပူနေတဲ့အတွက် စိတ်ဆင်းရဲရ၊ စိတ်ညစ်ရတယ်။ ကိုယ့်ရဲ့  စိတ်ပူမှုကို ခံရတဲ့သူလည်းပဲ အချုပ်အချယ် အဖိအနှိပ်ခံရတဲ့အတွက် စိတ်ဆင်းရဲရ၊ စိတ်ညစ်ရတယ်။

ကိုယ်သွားချင်တဲ့နေရာတစ်ခုကို မိဘက စိတ်ပူပြီး မသွားဖို့တားလို့ မသွားလိုက်ရဘူး၊ စိတ်ညစ်လိုက်တာ။ ကိုယ်ပေါင်းချင်တဲ့လူတစ်ယောက်ကို မိဘက စိတ်ပူပြီး မပေါင်းဖို့ တားလို့ မပေါင်းလိုက်ရဘူး၊ စိတ်ညစ်လိုက်တာ။ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို မိဘက စိတ်ပူပြီး မလုပ်ဖို့တားလို့ မလုပ်လိုက်ရဘူး။ စိတ်ညစ်လိုက်တာ။
မလိုအပ်ဘဲ အဓိပ္ပာယ်မဲ့ စိတ်ပူခြင်းကြောင့် စိတ်ပူသူရော၊ စိတ်အပူခံရသူရော၊ နှစ်ဦးနှစ်ဖက်လုံး စိတ်ဆင်းရဲရပါတယ်။ စိတ်အပူခံရသူက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးတဲ့အတွက် ပိုပြီး စိတ်ဆင်းရဲရပါတယ်။

ဘာမဆို လွတ်လပ်ခွင့်ပေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်ကို တားမြစ်သင့် တားမြစ်ထိုက်တဲ့ကိစ္စဆိုရင်တော့ တားမြစ်ရမှာပေါ့။ တစ်ဖက်အုပ်စုနဲ့ ရန်ဖြစ်ဖို့ ချိန်းထားတဲ့ ကိုယ့်သားသမီးကို အပြင်မထွက်ဖို့ တားမြစ်တာမျိုးကတော့ သဘာဝကျတဲ့ စိတ်ပူခြင်းဖြစ်လို့ လက်ခံရမှာပါ။
ဖြစ်မယ်၊ မဖြစ်ဘူး လုံးဝမသေချာတဲ့၊ သို့မဟုတ် လုံးဝမဖြစ်နိုင်တဲ့ကိစ္စကို တကယ်ဖြစ်မယ့်ပုံစံမျိုး၊ သို့မဟုတ် တကယ်ဖြစ်နိုင်တဲ့ ပုံစံမျိုးတွေးပြီး စိတ်ပူခြင်းဟာ သဘာဝမကျတဲ့ စိတ်ပူခြင်းပါပဲ။ ဖြစ်မယ်မဖြစ်ဘူး သေချာတဲ့ကိစ္စ၊ သို့မဟုတ် ဖြစ်နိုင်ချေရှိတဲ့ကိစ္စကို စနစ်တကျ တွေးတောဆင်ခြင်ပြီး လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့ စိတ်ပူခြင်းကတော့ သဘာဝကျတဲ့ စိတ်ပူခြင်းပါပဲ။

တကယ်ဖြစ်နေတဲ့ကိစ္စကို တည်တည်ငြိမ်ငြိမ်နဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ မကြိုးစားဘဲ စိတ်ဆင်းရဲနေရုံသက်သက်၊ ၀မ်းနည်းပူဆွေးနေရုံသက်သက် တုံ့ပြန်တဲ့စိတ်ပူခြင်းကတော့သဘာဝမကျတဲ့ စိတ်ပူခြင်းပါပဲ။ တကယ်ဖြစ်နေတဲ့ကိစ္စကို စိတ်ဆင်းရဲမှုမဖက်၊ ၀မ်းနည်းပူဆွေးမှုမဖက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ ကြိုးစားတဲ့ စိတ်ပူခြင်းကတော့ သဘာဝကျတဲ့ စိတ်ပူခြင်းပါပဲ။
သောကအသွင်ဆောင်တဲ့ စိတ်ပူခြင်းမှန်သမျှဟာ သဘာဝမကျတဲ့ စိတ်ပူခြင်းဖြစ်ပြီး မေတ္တာအသွင်ဆောင်တဲ့ စိတ်ပူခြင်းမှန်သမျှဟာ သဘာဝကျတဲ့ စိတ်ပူခြင်းဖြစ်ပါတယ်။ ကိုယ့်မှာ သောကအသွင်ဆောင်တဲ့ စိတ်ပူခြင်းဖြစ်နေတာကို နာမည်ကောင်းရချင်တာနဲ့ မေတ္တာအသွင်ဆောင်တဲ့ စိတ်ပူခြင်းပါလို့တော့ မလှည့်စားနဲ့ပေါ့။

တကယ်တော့ လောကဝေါဟာရအရသာ စိတ်ပူတယ်လို့ ပြောရပေမယ့် မေတ္တာအသွင်ဆောင်တဲ့ အပြုအမူတိုင်း၊ လုပ်ရပ်တိုင်းမှာ စိတ်ကိုပူလောင်စေတတ်တဲ့သဘော လုံးဝမရှိပါဘူး။
မေတ္တာကြောင့် စိတ်ပူလောင်ရိုးထုံးစံ မရှိပါဘူး။ မေတ္တာကြောင့် စိတ်အေးချမ်းရတယ် ဆိုတာပဲရှိပါတယ်။ စိတ်ပူတာကို မေတ္တာလို့ ထင်နေသူတွေအနေနဲ့ စိတ်ပူနေချိန်မှာ စိတ်အေးချမ်းမှု ရှိမရှိ ကိုယ့်စိတ်ကိုယ် စစ်ကြည့်စေချင်ပါတယ်။

တကယ်တော့ စိတ်ပူပန်တယ်ဆိုတာ သိပ်မူမမှန်လို့ပါ။ သိပ်မူမမှန်ဘူးဆိုတာ ရူးသွပ်နေတာ၊ စိတ်ဖောက်ပြန်နေတာကို ပြောတာမဟုတ်ပါဘူး။ ယောနိသောမနသိကာရ မရှိတာ၊ အကောင်းမြင်ဝါဒမရှိတာကို ပြောတာပါ။ အရာရာကို အဆိုးမြင်ဝါဒနဲ့ ကြည့်တတ်တာကို ပြောတာပါ။ စိတ်ထားမတတ်တာကို ပြောတာပါ။
အရာရာကို အကောင်းမြင်ဝါဒနဲ့ မကြည့်တတ်ဘဲ အဆိုးမြင်ဝါဒနဲ့ ကြည့်တတ်တဲ့သူ၊ အပြုသဘောနဲ့ မတုံ့ပြန်ဘဲ အဖျက်သဘောနဲ့ တုံ့ပြန်တတ်တဲ့သူ၊ သူ့ဘက် ကိုယ့်ဘက်၊ ဟိုဘက် ဒီဘက် နှစ်ဖက်မျှအောင် စိတ်မထားတတ်တဲ့သူဟာ မူမမှန်တဲ့သူပါပဲ။

အတိုချုပ်ကတော့ စိတ်ထားမတတ်တဲ့သူဟာ မူမမှန်တဲ့သူပါ၊ သိပ်မူမမှန်တဲ့သူတိုင်း စိတ်ပူပန် တတ်ပါတယ်။
အဓိပ္ပာယ်မဲ့ စိတ်ပူခြင်းတွေရဲ့ နောက်မှာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အဖျက်အင်အားစု သဘောတရားတွေ အများကြီး ကိန်းအောင်းနေပါတယ်။ ဟိုလူနဲ့ မပေါင်းသင်းစေချင်၊ ဒီလူနဲ့ မဆက်ဆံစေချင်ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး စိတ်ပူမှုရဲ့  နောက်မှာ စိတ်အပူခံ ကာယကံရှင်အပေါ် မယုံကြည်ခြင်း၊ အထင်သေးခြင်းတွေ ပါဝင်နေသလို အပေါင်းသင်းခံ အခြားတစ်ဖက်သားအပေါ်မှာလည်း မနာလိုခြင်း၊ မုန်းတီးခြင်းတွေ ပါဝင်နေပါတယ်။
တချို့  စိတ်ပူခြင်းတွေဟာ စိတ်အပူခံပုဂ္ဂိုလ်အပေါ် မေတ္တာထားရာမရောက်ဘဲ စော်ကားရာရောက်နေတာမျိုးလည်း ရှိတတ်ပါသေးတယ်။ စိတ်အပူခံပုဂ္ဂိုလ်ဟာ ဘာမှ မသိနားမလည်တဲ့သူ၊ ဘာမှ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်မရှိတဲ့သူ၊ ဘာမှ မတွေ့အကြုံမစုံတဲ့သူဆိုတဲ့ အဓိပ္ပာယ်မျိုး လုံးလုံးလျားလျား သက်ရောက်သွားစေတဲ့ စိတ်ပူခြင်းတွေပါပဲ။

သတိပေးတာပါလို့ နာမည်ကောင်းခံထားတဲ့ သြဇာပေးခြင်း၊ လွှမ်းမိုးခြယ်လှယ်ခြင်းတွေဟာလည်း စော်ကားရာရောက်တဲ့ စိတ်ပူခြင်းတွေကို အခြေခံထားတာတွေချည်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ် နေရာတကာ စိတ်ပူတတ်တာကို မစွန့်လွှတ်နိုင်တောင် သူများအတွက် နေရာတကာ စိတ်ပူတတ်တာကိုတော့ သတိ၊ ပညာနဲ့ ဆင်ခြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်မေတ္တာရှိပါတယ်ဆိုတဲ့သူတွေကို အလကားနေရင်း စိတ်မဆင်းရဲဆင်းရဲအောင် လုပ်နေတာနဲ့ အတူတူပါပဲ။
စိတ်ပူတတ်သူတွေနဲ့ အနီးကပ်နေရတာဟာ ငရဲပြည်နဲ့ အိမ်နီးချင်းတော်စပ်ရသလိုပါပဲ။ အင်မတန်ပူလောင်လှပါတယ်။ အရမ်းအရမ်းကို ပူလောင်လွန်းပါတယ်။
ကိုယ့်အတွက်လည်း စိတ်မပူတတ်တော့ဘူး။ သူတစ်ပါးအတွက်လည်း စိတ်မပူတတ်တော့ဘူးဆိုရင်တော့ ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ပါပြီ။
***

လုပ်သင့်တာလုပ်ပေးဖို့အတွက်
စဉ်းစားကြံဆတဲ့စိတ်ပူခြင်းကို မေတ္တာနဲ့
` စိတ်ပူခြင်းလို့ ခေါ်နိုင်ပေမယ့် စိတ်ထဲမှာ
တကယ်မပူပါဘူး၊ စိတ်အေးချမ်းနေပါတယ်။
လုပ်ပေးလို့ ဘာမှမရဘဲ စိတ်ပူလောင်ရုံသက်သက်
ခံစားကြေကွဲတဲ့ စိတ်ပူခြင်းကိုတော့
သောကနဲ့ စိတ်ပူခြင်းလို့ ခေါ်ပါတယ်။
စိတ်ထဲမှာ တကယ်ပူလောင်နေပါတယ်။
လုံးဝစိတ်မအေးချမ်းပါဘူး။
မေတ္တာနဲ့ ကူညီရင်း အေးချမ်းစွာစိတ်ပူပါ။
သောကနဲ့ပူပင်ရင်း လောင်ကျွမ်းစွာ စိတ်မပူပါနဲ့။

(အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

by အောင်ကလေး