ပြုံးခွင့်ပြုပါ လူကြီးမင်း
ငွေရောင်တိုယိုတာကိုရိုလာကားလေးသည်
လစ်ဘာတီလမ်းတလျောက် အရှေ့မြောက်သို့ ဦးတည်ပြေးလျှက်ရှိသည်။ မောင်းနှင်သူက
ဒေါက်တာအရှင်သြသဓ။ သူ့နံဘေးတွင်မူ ဝေဇယန္တာဆရာတော် ဦးဣန္ဒာစာရ။
“အိပ်ရေးဝရဲ့လား’’ ဟု ဒေါက်တာ သြသဓ လှည့်မေးချိန်မှာ တော့ ကိုယ်က
ခါးပတ်ကိုပတ်နေချိန်လေ။
ကိုယ်တို့တတွေဦးတည်ရာကား ဒလဲဝဲယားစတိတ်ဆီ။ Traffic နှင့် မတိုးရန်
လုံ့လထားကာ ထွက်လာကြသည့်တိုင် လမ်းပေါ်မှာကားတွေက ဥဒဟို ပြေးနှင့်နေကြပြီ။
GPS ခေါ် လမ်းညွှန်ကိရိယာ၏ ဘယ်ချိုးညာကွေ့ဆိုသည့် လမ်းညွှန်မှုကိုနာခံရင်း
တနာရီခန့်မောင်းအပြီးမှာတော့ ဦးတည်ရာ Newark ကို ချဉ်းနင်းဝင်ရောက်ပြီ။
မြို့နှင့်မလိုက်အောင် ထည်လှသည့် တက္ကသိုလ်အဆောက်အဦးကြီးနားအဖြတ်မှာတော့
“ဒီစတိတ်က Tax မရှိဘူး။ အော်ရီဂွန်လိုပဲ’’ ဆရာ တော် ဦးဣန္ဒာစာရကမိန့်တော့
ဒီတိုင်းပြည်မှာ ဘယ်ပစ္စည်းဝယ်ဝယ် ရောင်းဝယ်ခွန်ဆောင်ရတာကို အမှတ်ရသည်။
သည်စတိတ်နှစ်ခုသာ အခွန်လွတ်သည်တဲ့။ စတိတ်ငါးဆယ်လုံး သူ့စတိတ် သူ့ဥပဒေနှင့်
စီမံခန့်ခွဲကြပြီး ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်ကြပုံကဖြင့်
အတုလိုက်ဖွယ် ပင်။
လမ်းဆုံလေးတစ်ခုကိုကွေ့အပြီးမှာတော့ အိမ်ပုံစံ၊ ပင်လုံးကျွတ်ပွင့်နေသော
ပင်ပြတ်လေးများ၊ မြက်ခင်းစိမ်းကအစ မနီးယိုးစွဲမို့ အိမ်နံပါတ်ကို
သေချာကြည့်ရှုကာ ကားရပ်လိုက်သည့်တိုင် ဝေခွဲမရ။ အရှင်နှစ်ပါးတို့
စူးစမ်းနေစဉ်မှာပင် တဖက်တိုက်မှ ထောင်ထောင်မောင်းမောင်း အ
မျိုးသားကြီးတစ်ဦး ထွက်ကြိုလာသည်။ ထိုအခါမှ
အိမ်မှားရပ်မိကြောင်းသဘောပေါက်ကာ ရယ်မောမိလိုက်ကြသည်။
မဟော်ဂနီရောင် ဂျပန်မေပယ်ပင်ပုလေးနားမှာ ကားကိုရပ်လိုက်တော့ တိုက်ထဲမှ
ပိန်ပိန်ပါးပါးအမျိုးသမီးကြီးတစ်ယောက်ထွက်လာကာ ခရီးဦးကြိုဆိုပြန်သည်။
ဦးထင်လတ်နှင့် ဒေါ်မြဟန်တဲ့။ လှိုက်လှဲပျူငှာစွာနေရာပေးရင်း
ဂါရ၀ပြုအပြီးမှာတော့ ဟင်းလျာစီမံခြင်းကို လက် စသတ်ရန် ဒေါ်မြဟန်က
မီးဖိုးခန်းသို့ ၀င်သွားသည်။ ချက်ရင်းပြုတ်ရင်းက သူ့ဘ၀အပိုင်းအစတချို့ကို
ပြောပြသည်။ ဂျပန်ခေတ်တွင် ဖခင် ကို ဂျပန်များဖမ်းသွားရာ ဒီနေ့အထိ
မတွေ့ရတော့ကြောင်း၊ သူအပါအ၀င် မိသားစုအားလုံးကို လာခေါ်ကာ ရက် (၁၀၀) တိတိ
ထောင်ထဲမှာ နေခဲ့ရကြောင်း၊ မိခင်ကြီး၏ ကျန်းမာရေး လူမှုရေး၊
စီးပွားရေးတို့ကို ဦးဆောင်ပုံနှင့် မဟာစည်ဆရာတော်ဘုရားကြီးကို
ဆည်းကပ်နိုင်အောင် ဘာသာရေး ဦးဆောင်ပေးမှုအကြောင်းများ။
ပို၍စိတ်ဝင်စားဖွယ်ကား ခင်ပွန်းသည်က ကင်မရာမင်းလုပ်၍ ဇနီးသည်က
အင်္ဂလိပ်လို နောက်ခံပြောပေးကာ သူတို့မောင်နှံ မှတ်တမ်းပြုခဲ့ သော
မြန်မာ့သမိုင်းနွယ်သည့် Document လေးပင်၊ ထိုစီဒီလေးကိုကြည့်ရှုကြရင်း
ကိုယ့်စိတ်တွေဟာ တောတောင်ထူထပ်သည့် အမိမြေရဲ့ နယ်စပ်တွေဆီ
လွင့်ပြန့်သွားတော့သည်။ သူတို့မောင်နှံ၏ တာဝန်ကျေသော အဇ္ဈတ္တအလှလေးကိုလည်း
ဖြတ်ခနဲတွေ့လိုက်ရသည်။ (၁၁) နာရီခန့်မှာတော့ ဆွမ်းဆက်ကပ်ကြသည်။
ဆရာကြီးရွှေဥဒေါင်း၏ ကျွန်ုပ်မမေ့နိုင်သော ထမင်းတနပ်ကဲ့သို့ပင်။
ကိုယ်တို့အတွက်လည်း မ မေ့နိုင်သည့် ဆွမ်းတနပ်၊ ကြက်ဟင်းခါးသီးကျော်၊
ငါးခြောက်အိုးကြီးနှပ်၊ ခရမ်းချဉ်သီးငပိချက်၊ သခွားသီးတို့၊ အမဲနှပ်၊
စွန်တန်ဟင်းချို၊ ၀က် သားနှင့် မရမ်းပြား၊ ငါးရံ့ခြောက်ဖုတ်၊
ဟင်းလျာတို့ကား ကိုယ်တို့သုံးပါးကို ခေါင်းမဖော်စေတော့၊။
“ဟင်းချက်ရော ဟင်းစပ်ရော တော်တော်ကောင်းတာပဲ” ဆိုသည့်
ဒေါက်တာသြသဓ၏မှတ်ချက်ကို နောင်တော်ကြီး အရှင်ဣန္ဒာစာရက
သုံးကြိမ်မြောက်ဆွမ်းထပ်ထည့်ခြင်းဖြင့် ထောက်ခံပြလိုက်သည်။ တကယ့်
စားမြိန်ဆွမ်းပင်။
“တပည့်တော်မတို့ ကုသိုလ်ထူးတာပဲဘုရား။ ခုလိုဆွမ်းကပ်ခွင့်ရတာ အရင်ကလဲ ဆရာတော်ကြီးတွေ မပြတ်ဘူးဘုရား”
“ဟုတ်တယ်၊ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတည်းက မစိုးရိမ်ဆရာတော်နဲ့ ဦးဇင်းရောက်ခဲ့ဘူးတယ်လေ” ဒေါက်တာသြသဓ၏စကား အဆုံးမှာ “ဒကာကြီးတို့အိမ်က ချမ်းမြေ့ဆရာတော်တို့ မစိုးရိမ်ဆရာတော်တို့ နယူးယောက်ကြွတိုင်း တထောက်နားရာ ကွန်းထောက် ဆောင်လေ” ဟု ဦးဣန္ဒာစာရက ဖြည့်စွက်လိုက်သည်။
“ဟုတ်တယ်၊ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတည်းက မစိုးရိမ်ဆရာတော်နဲ့ ဦးဇင်းရောက်ခဲ့ဘူးတယ်လေ” ဒေါက်တာသြသဓ၏စကား အဆုံးမှာ “ဒကာကြီးတို့အိမ်က ချမ်းမြေ့ဆရာတော်တို့ မစိုးရိမ်ဆရာတော်တို့ နယူးယောက်ကြွတိုင်း တထောက်နားရာ ကွန်းထောက် ဆောင်လေ” ဟု ဦးဣန္ဒာစာရက ဖြည့်စွက်လိုက်သည်။
သားသမီးတွေ
သိုက်မြုံခွဲချေပြီမို့ မောင်နှံနှစ်ဦးသာနေသည့် သပ်ယပ်ခမ်းနားသော
သည်အိမ်ကြီးသည် ဆရာတော်ကြီးများ၏ သီလရောင်၊ သင်္ကန်းရောင်တို့ဖြင့်
အသရေတိုးခဲ့ယောင်ပင်၊ သဒ္ဓါဗလ၀ဆိုသည့်စကားလုံးလေး ကို ကိုယ်စဉ်းစားနေမိသည်။
အချိုပွဲကပ်တော့လည်း ရေခဲမုန့်၊ ရာသီကလည်းအေး ဗိုက်ကလည်းလေး၍
ကိုယ်တို့သုံးပါးလုံး ငြင်းလိုက်ကြသည်။ သို့သော် “ဒီအိုက်စ်က ရင်က
နှစ်တစ်ရာကျော်ပြီဘုရာ့။ နို့ကိုလည်း သူတို့မွေးတဲ့နွားခြံက သုံးတာ၊
ဒီမှာသိပ်နာမည်ကြီးတာ” ဦးထင်လတ်၏စကားကြောင့် စိတ်ဝင် စားသွားကြသည်။
နည်းနည်းမြည်းကြည့်ဦးမှဆိုသည့်စိတ်ကူးသည် ရေခဲမုန့်ကုန်သွားမှပင်
ရပ်တော့သည်။ ကြေငြာသင့်သော အရာပါပေ။
တအောင့်တနား နားနေပြီးတော့ ကမ္ဘာ့အကြီးဆုံးသောဥယျာဉ်ကို လိုက်ပို့သည်။
စတိတ်ခြင်းကပ်လျက်ရှိသော ပင်ဆယ်လ်ဗေနီးယား ပြည်နယ်၊ Kennett Square သို့
ကားကို ကျွမ်းကျင်စွာမောင်းနှင်ရင်း တနေရာအရောက်မှာတော့ ဦးထင်လတ်က
လက်ညှိုးညွှန်ကာ
“တပည့်တော်ပြောတဲ့ ရေခဲမုန့်ဆိုင်က ဟိုဟာလေ၊ နောက်ဖက်ကဟာက နွားခြံပေါ့’’
Weekend မဟုတ်ပဲ ကားများတန်းစီနေသည်ကိုကြည့်ရင်း
တကယ့်အောင်မြင်တဲ့လုပ်ငန်းလေးပေပဲ။ မိဘလက်ငုတ်ကို နှစ်ရာကျော်အောင်
ဆက်လက်ထိမ်းသိမ်းနိုင်တာကိုက ဂုဏ်ပြုစရာ၊ ကိုယ်တို့ဆီမှာဆို …. အင်း ….။
တနေရာတွင်လည်း “ဟိုအဆောက်အဦးတွေက စားမှိုစိုက်ပျိုး ထုတ်လုပ်တဲ့
နေရာတွေပေါ့” များစွာသောအဆောက်အဦးတွေကို ကားပေါ် မှပင်
လှမ်းငေးလိုက်ကြရသည်။
နာရီဝက်လောက် အကြာမှာတော့ Longwood garden ဆိုသည့် ဥယျာဉ်ကြီးဆီ
ရောက်ကြပြီ။ ကားကို ပေါ့ပါးစွာမောင်းနှင်သကဲ့သို့ ကား ပေါ်မှ
သွက်လက်စွာဆင်းလျက် ရှေ့ဆောင်သွားနေသူ ဦးထင်လတ်ကို အသက် (၈၀) အရွယ်ဆိုတာ
မြင်သူတိုင်း ယုံအံ့မထင်။ ဥတုအာ ဟာရစသည် ဥပနိဿယပစ္စည်း
ကျေးဇူးပြုပုံကွာ၍ထင့်။ သည်က (၈၀) အရွယ်က ကိုယ့်ဇာတိက (၅၀) ကျော်ရွယ်
အကိုတွေ ဦးလေးတွေ ထက်ပင် သန်စွမ်းနေတော့သည်။
သူ့လိုပင် ပန်းအလှကို လာရောက်ကြည့်ရှုသူတွေကလည်း များသောအားဖြင့်
စတုတ္ထအရွယ်အမျိုးသမီးကြီးများပင်။ ဇရာကို ပွင့်သစ်တို့ဖြင့်
ခေတ္တမေ့ဖျောက်ကြလေသလားမသိ။ အားလပ်ရက်များတွင်တော့ အရွယ်စုံ ပျားပန်းခတ်
စည်ကားနေမည်မှာဧကန်။
စကတည်းက ယဉ်ဆိုသလို အ၀င်ဝမှာပင် Tulip ပန်းရောင်စုံတွေက ကြိုလင့်နေပြီ။
ပြီး… ဗီဇအလျှောက် ရှင်သန်ခွင့်မရအောင် စီမံခံထား ရသည့်
သစ်ပင်ပျိုလေးတချို့ကလည်း နံရံကိုကပ်ကာ လက်နှစ်ဘက်ဆန့်ကားထားသည့်
ယောက်ျားတို့လိုရပ်လျက်။
အတွင်းကိုဝင်လိုက်တော့ ယာဘက်တွင် သီယေတာနှင့် ၀ဲဘက်မူ လက်ဆောင်ပစ္စည်း
အရောင်းဆိုင်၊ ဥယျာဉ်၏အကြောင်းကို မိတ်ဆက် ပေးသော ရုပ်ရှင်ကို သီယေတာတွင်
ခေတ္တ၀င်ကြည့်လိုက်ကြသည်။ ပြကွက်များကတော့ ရှုမောဖွယ်ပင်။
သို့နှင့်
တကယ့်ပြကွက်များကို ၀င်ကြည့်ရှုရန် လက်မှတ်ဝယ်ကြရာ တစောင် (၁၈) ဒေါ်လာတဲ့။
ပန်းတွေကိုငေးယုံမျှနှင့် သည်မျှသောတန်ဘိုးကို စွန့်သင့်ပါ့မလားဟု တွန့်
ဆုတ်လိုက်မိသည်။
ဒါမျိုးတွေ သည်နိုင်ငံရဲ့စတိတ်တိုင်းလိုလိုမှာ ရှိကြတာပဲ။ တနေ့ကပဲ
ဝါရှင်တန်ဒီစီမှာဝင်ကြည့်ခဲ့ကြသေးတာကို အမှတ်ရသည်။ အဲဒီမှာဆို
ကိုယ်တို့မြေက ပန်းမာလာတွေနှင့် သဘာဝပေါက်ရောက်ပင်တွေကိုပင် တွေ့ခဲ့သေး။
မြန်မာဟုစာချိတ်ဆွဲထားသည့်ပန်းအိုးလေးတခု ဆို လျှင် ကိုယ်တို့မြင်ပင်
မမြင်ဖူး။
တနေရာမှာတော့ အထက်အညာ အလောင်းတော်ကဿပ သစ်တောဧရိယာက
ပေါက်ရောက်ပင်တွေကို ပြသထားသည်မှာစုံစွ။ ကိုယ်တို့တတွေက
ရှိမှန်းမသိမီမှာပင် သူတို့က ထိန်းသိမ်းပြသထားနှင့်ပါပေါ့လားဟု မချင့်မရဲ
ဖြစ်မိလိုက်သေး။
ကိုယ့်နေရာ ၀က်စ်ကွန်စင်က မီလ်ဝါးကီးမြို့မှာလည်း ချွန်ချွန်ခုံးခုံး
ဒုံးကြီးသုံးခုအတွင်းမှာလည်း မြန်မာအပါအ၀င် ကမ္ဘာအရပ်ရပ်က အပင်
တွေပြသထားသည်မှာ စုံမှစုံ၊ ခွေးတောက်ပင်၊ ကင်ပွန်းပင်တို့ပင် တွေ့လိုက်သေး။
ကိုလိုရာဒိုစတိတ်ရောက်စဉ်ကလည်း နည်းတူပင်။ ခု လည်း သိပ်ထူးမည်မထင်ဟု
တွေးနေမိသည်။ တဦးလျှင် (၁၈) ဒေါ်လာ။ လေးယောက်ဆိုတော့ ….။
သို့သော် ထိုတွန့်ဆုတ်မှုသည် သိပ်မခံလိုက်။ တစတစနှင့် ပျောက်ပျယ်သွားလိုက်ပုံမှာ ….။
ဂိတ်အဆောက်အဦးမှထွက်၍ ဥယျာဉ်တွင်းခြေချလိုက်သည်နှင့် ရွက်သစ်ထိုးစ
တောကိုလှမ်းမြင်ရသည်။ လောင်းဝုဒ် (Long wood) ဆို သည့်အတိုင်း
ထင်းရှူးနွယ်ဝင် ကြီးမားဖြောင့်တန်းသည့် သစ်ပင်ကြီးများကို လှမ်းတွေ့ရသည်။
ထိုတောဆီအသွား နှင်းဆီနွယ်ပင်များကို ကကြီးသဏ္ဍာန်
အခုံးအခုံးပြုကာဝန်းရံလျှက် ထိုင်ခုံလေးများနှင့် နားနေရာလေးကလည်း
နားချင့်စဖွယ်။ ရှေ့ဆက်လိုက်တော့ နီညိုဝါဖြူ ခရမ်း ပန်းရောင်
ကျုးလစ်ပန်းခင်းများက လမ်းနံဘေးဝဲယာ၊ အရောင်အသွေးကစုံသလို
အမျိုးအစားကလည်းလေးမျိုးလောက်ထိ သတိ ထားလိုက်မိရဲ့။ တမေ့တမော
ကိုယ်ငေးနေတုန်း “ဒါက ဒီရာသီမို့ ကျုးလစ်ပန်းတွေ တွေ့ရတာ။ တခါတလေ
ဂန္ဓမာပန်းတွေ၊ နှင်းဆီရောင်စုံတွေ သူ့ရာသီအလိုက် ချိန်းသွားတာ။
လေးလတကြိမ်လေ” ဦးထင်လတ်စကားကြောင့် အံ့သြစိတ်ဝင်စပြုပြီ။
တမျှော်တခေါ် မြက်ခင်းကမ္ဗလာနှင့် ငွေရောင်ရေပန်းဥယျာဉ်နားကို
ရောက်တော့လည်း သဘာဝရေကန်လေးက ရေတွေကို လိုအပ်သလိုပုံ သွင်းထားလိုက်ပုံက
ရေပန်းတွေ နိမ့်လိုက်မြင့်လိုက်၊ ထိုင်လိုက် ထလိုက်နှင့် ဟန်ချက်ညီပင်။
“လပ်စ်ဗေးဂတ်စ်မှာဆို ရေပန်းတွေက တီးလုံးနဲ့လှုပ်ရှားတာ ကနေသလိုပဲ” ဟု
နောင်တော်ကြီး ဦးဣန္ဒာစာရကပြော၏။ “အော် … ဒီကလူတွေ
ပန်းကိုသာလှပစေတာမဟုတ်ဘူး။ မြက်ကိုလည်း ပန်းဖြစ်၊ သစ်ပင်ကိုလည်း ပန်းဖြစ်၊
ရေကိုလည်း ပန်းဖြစ်အောင် လုပ်နိုင်ကြပါလား” ဟု တွေးလိုက်မိသည်။
ဒေါက်တာသြသဓနှင့် ဦးထင်လတ်တို့ကတော့ ကင်မရာတွေနှင့် ရိုက်လို့မဆုံး။
ဖလင်မလို၊ ဒစ်ဂျစ်တယ်မို့ တော်ပေတော့သည်။ သူ့တို့ကို ကြည့်ရင်း Portland က
ညီ အရှင်သီရိန်ကို အမှတ်ရလိုက်သေး၊
“ခုနက ရုပ်ရှင်ထဲမှာမြင်ခဲ့တဲ့သစ်ပင်တွေကြားက အိမ်ကတော့ ဟိုဟာလေ။
အဲဒီကို မသွားတော့ဘူး။ ပန်းဥယျာဉ်ဆီသွားကြစို့” ဟု ဦးထင် လတ်ဆိုကာမှ အော်
…. ပန်းဥယျာဉ်ထဲ မရောက်သေးဘဲကိုး။
ထိုစဉ်ကွဲပြားနေသည့် ကိုယ်တို့အသွင်အပြင်ကြောင့် စူးစမ်းမိတ်ဖွဲ့လာသော
အမေရိကန်မBကီးနှစ်ဦးက မြန်မာလူမျိုးဟုသိသွားကာ အတူ
ဓာတ်ပုံရိုက်ခွင့်တောင်းလာ၍ ခွင့်ပြုကြရသေး။ ခုလိုတောင်းဆိုမှုတွေ
နေရာတော်တော်များများ ကြုံရတာပဲလေ။ ၀ါရှင်တန်ဒီစီ အိမ်ဖြူတော် ကို
သွားတုန်းကဆို …။
ပင်ကြီးအုပ်ကအထွက်မှာတော့ အိမ်ကြီးတဆောင်ကို တွေ့ရသည်။ “ဒါ
ဒီဥယျာဉ်ကြီးကိုလှူသွားတဲ့ ပိုင်ရှင်ကြီးရဲ့အိမ်လေ” ဦးထင်လတ်က ညွှန်ပြရင်း
ဝင်ကြည့်ခွင့်ရှိကြောင်းသိရတော့ ခြေမနှေးခဲ့။ အများနှင့်အတူ
ဝင်ကြည့်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်ကပင် ခေတ်မီ သောလူနေမှုက
ထင်ဟပ်ဆဲ။ လစ်ဗင်းရုဏ်း (Living room) ဖြစ်ဟန်ရှိသောအခန်းတွင် မစ္စတာ Pierre
du Pont ၏ဘ၀ အထ္ထုပ္ပတ္တိကို တီဗွီဖြင့် ပြသလျက်ရှိသည်။ ခန့်ငြားသော ဥပဓိရုပ်ပိုင်ရှင် မစ္စတာ Pierre du Pont သည်
ဒိုင်းနမိုက်လုပ်ငန်းဖြင့် ချမ်းသာလာသူတဲ့။ ကျောင်းများ တက္ကသိုလ်များကို
လှူ ဒါန်းရုံမက နောက်ဆုံးမှာ သူ့စံအိမ်နှင့်တကွ သည်ခြံကြီးကို
ဖောင်ဒေးရှင်းဖွဲ့ကာ အများကြည့်ရှုနားနေရာအဖြစ် လှူခဲ့သည်တဲ့။ အော် …
ဒိုင်းနမိုက်ကနေ ပန်းပွင့်စေခဲ့သူပါလား။
မြင့်မြတ်သော နှလုံးသွင်းကို သာဓုခေါ်ရင်း အိမ်ကြီး၏ ခန်းပေါက်စေ့
တက်သုတ်ရိုက်လိုက်ကြည့်ရှုပြီး အချိန်လုကာ ပန်းပြတိုက်ကြီးဆီဘက်
ဆက်ခဲ့ကြသည်။ ကြီးကျယ်ခန်းနားသော အဆောက်အဦးနှင့် တင့်ဘက်စွာ
လူ့ခါးလောက်ရှိသည့်ပန်းအိုးကြီးလေးလုံးက ပင်လုံးဝေနေ
သောပန်းပင်လေးများဖြင့်
ပြတိုက်တံခါးဝမှ ကြိုလင့်နေသည်။ သည်မျှနှင့်ပင် (၁၈) ဒေါ်လာမက တန်ခဲ့ပြီဟု ဘ၀င်ကျလာသည်။ ပြီး ဖြူ နီ ညို
ပြာ ၀ါ စိမ်း ခရမ်း လိမ္မော် ရောင် စဉ် ခုနစ်သွယ်မက အသွေးအရောင်က စုံလှသလို
အခက်၊ အနွယ်၊ အဆုပ်၊ အခိုင်၊ ပန်းစိုင်၊ ပန်းဆွဲ ပန်းလဲ
ပန်းထောင်အသွင်တွေကလည်း စုံလှပါဘိခြင်း။
အမျိုးမသိအမည် မကြားဖူးသောပန်းတို့ အပင်တို့ကိုငေးရင်း အံ့သြခြင်းကိုသာ
ရသအဖြစ်ခံစားနေရတော့သည်။ သစ်ခွပန်းတို့စံရာ အခန်း ကိုရောက်တော့
ရှုမောဖွယ်ကောင်းလှသည်မှာ နေရာမှပင်မခွာချင်။ “လှလိုက်တာနော်” “သိပ်လှတာပဲ”
“ဟာလှလိုက်တာ” ဆိုသည့် အာ မေဋိတ်တွေကိုသာ ကိုယ်တို့သုံးပါး
အလှည့်ကျရွတ်ဆိုပြီးရင်း ရွတ်ဆိုနေမိကြသည်။ ကင်မရာမင်း ဒေါက်တာသြသဓကလည်း
ဒစ်ဂျစ်တယ် ထွင်သူတွေကို ကျေးဇူးတင်ပြီးရင်း ကျေးဇူးတင်နေသည်။ ရှုမ၀၊ ငေးမ၀၊
မှတ်တမ်းတင်လို့မ၀။
အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက၊ သြစတေလျ …ကမ္ဘာအရပ်ရပ်က ပန်းမာလ်တွေ
စုဆောင်း စိုက်ပျိုးပြသထားမှု၊ စိတ်ကူးစိတ်သန်းနှင့် စွမ်းနိုင်ကြပုံကိုကား
သြချရပေမည်။ “အပင်ကပွင့်လျှင် ပန်း၊ အနွယ်ကပွင့်လျှင် မာလ်” ဟု
ငယ်ငယ်ကမှတ်သားခဲ့ကြသည့် သုတလေးပင် မေ့ချင်ချင် ဖြစ်လောက်အောင် စုံလှသည်။
ဒါတောင် “တော်ဝင်သည့်သဇင်” မရှိဘူးဟု စိတ်ကြီးဝင်အံ့လုပ်ဆဲ။
ရန်ကုန်ဟုစာတမ်းဆွဲထားသောအပင်လေးကို တွေ့လိုက်ရတော့ ဘ၀င် မမြင့်နိုင်။
ဘာပင်လေးပါလိမ့်ဟု ပဟေဠိနှင့်သာ ခွာခဲ့ရ။ မိုးဦးကျ၊
ရန်ကုန်မြို့ပတ်ရထားလမ်းဘေးနေရာ တချို့မှာ ပန်းရောင်ပွင့်လေးတွေနှင့်
ဖုံးနေသည့်ခြုံနွယ်များကို မြင်ယောင်မိသည်။ ခုတ်ထွင်မှုများကြောင့်
ချုံအဖြစ်နှင့် မျိုးပြုန်းရော့မည်ထင့်။ ဒီအပင်လေးကတော့ ကံကောင်းပေ တာပဲ။
တတ်လည်း တတ်နိုင်ကြပါပေစွ။ စွမ်းလည်း စွမ်းနိုင်ကြပါပေစွ။ အပူပိုင်း၊
အအေးပိုင်း၊ သမပိုင်း၊ ပေါက်ရောက်ရာ ရာသီဥတုအလိုက် အပူ အအေးကို
ဖန်တီးပေးထားသည်မှာ ပြတိုက်ကြမ်းခင်းပိုက်လိုင်းများမှ လိုသလို
ထုတ်လွှတ်ပေးနေသည်။ ပန်းများအလိုက် ခင်းကျင်းပြသရာ အခန်းဖွဲ့စည်းထားပုံကလည်း
စနစ်ကျပါဘိတောင်း။
သည်ကလူတွေဟာ အာဂလူတွေပဲ။ သဘာဝကို ထိန်းလည်းထိန်းသိမ်းကြသလို ခိုင်းလည်း ခိုင်းစားတတ်ကြတဲ့သူတွေပဲဟု ရေရွတ်မိသည်။
“ဒါ အစိုးရနဲ့ဆိုင်လား”
“ဖောင်ဒေးရှင်း ရှိတယ်လေ။ ၀န်ထမ်းသုံးရာလောက်ရှိတယ်။ သူတို့က ထိန်းသိမ်းပြုပြင်တယ်။ ဒါတင်မကဘူး သစ်ပင်ပန်းမာလ်နဲ့ ပတ်သက် တဲ့ သင်တန်းတွေလည်း ဒီမှာပေးတယ်”
“ဖောင်ဒေးရှင်း ရှိတယ်လေ။ ၀န်ထမ်းသုံးရာလောက်ရှိတယ်။ သူတို့က ထိန်းသိမ်းပြုပြင်တယ်။ ဒါတင်မကဘူး သစ်ပင်ပန်းမာလ်နဲ့ ပတ်သက် တဲ့ သင်တန်းတွေလည်း ဒီမှာပေးတယ်”
ဒေါက်တာသြသဓနှင့် ဦးထင်လတ်တို့၏ အမေးအဖြေကိုကြားရတော့ ကြည့်စမ်း
ဒေါင့်စုံလိုက်ပါဘိ။ ဒါကြောင့်လည်း ဒီလူတွေ ကမ္ဘာကို ရှေ့ဆောင်နိုင်တာ။
ကိုယ်တို့ငယ်ငယ်က တကူးတကသွားလည်ကြသည့် မန္တလေးကျုံးနံဘေးက
မန်းသီတာဥယျာဉ်နှင့် မေမြို့က ရုက္ခဗေဒဥယျာဉ်လေးကော
ကျန်းမာရေးကောင်းမှကောင်းရှာကြရဲ့လားဟု အတွေးရောက်မိသည်။ ရန်ကုန်က
စက္ကူပန်းတွေကိုသာ ပန်းအဖြစ် ပန်တတ်ရှာသည့် ဗန္ဓုလ ပန်းခြံတို့၊
သခင်မြပန်းခြံတို့ကော စက္ကူပန်းလေးမှ ဝေေ၀ပန်နိုင်ကြသေးရဲ့လား။ အင်း ….. ။
သစ်ပင်လေးတွေကို အဆောက်အဦးသဏ္ဍာန်၊
သားငှက်အသွင်ဖြတ်ညှပ်ထားသည့်ဥယျာဉ်လေးကို နောက်ဆုံးဖြတ်သန်းကာ ထွက်ခဲ့ကြ
သည်။ ဧကသုံးရာကျော်ကျယ်ဝန်းသည့် သည်ဥယျာဉ်ကြီးကို နှစ်နာရီခန့်မျှနှင့်
လှည့်လည်ကြည့်ရှုသူတွေမို့၊ အဗ္ဘုတရသမှတပါး အေးအေးလူလူကြည့်ရှုခံစားနေသူတွေလို
အလှရသကို မရခဲ့ဘူးဆိုတာကိုတော့ ၀န်ခံရပေမည်။ နောင်လာဦးမည်ဆိုသည့်
မတိုင်ပင်ဘဲ တူညီနေ သော ရည်ရွယ်ချက်ကိုယ်စီနှင့် ထွက်ခဲ့ကြရသည့်တိုင်
အတွေးကမဆုံးချင်။ “ခိဍပဒေါသိတ” နတ်တွေပန်းခူးရင်း နတ်သက်ကြွေတယ် ဆို တာ
ဒီလိုဥယျာဉ်ကြီးလား မသိ။
နောက်ပြီး ငယ်ငယ်ကသင်ခဲ့ဖူးသည့် “မြကန်” ကဗျာလေးထဲက အပိုဒ်လေးကို
“ပန်းမျိုးဖုံဖုံ၊ ပွင့်မျိုးစုံသည်၊ ဘုံဝတိံက နန္ဒာဝန်လော၊ တူစွ ဟုတွာ” ဟု
ပြောင်းကာရွတ်လိုက်မိရာ “တာဝတိံသာက နန္ဒ၀န်ဥယျာဉ်ဆိုတာ ဒါမျိုးဖြစ်မယ်” ဟု
ချလိုက်သော နောင်တော်ကြီး ဦးဣန္ဒာစာ ရ၏မှတ်ချက်ကို
လွယ်ကူစွာသဘောတူလိုက်မိသည်။ သည်အတွက် “အထင်ကြီးလွယ်ရန်ကော” ဟု တစုံတဦးက
ဆိုလာအံ့။ ထိုသူကိုယ် တိုင် ရောက်ဖူးမည့်နေ့ရက်ကို ငံ့ရင်း
နားလည်စွာပြုံးနေလိုက်ရုံသာ။
အပြန်ခရီးတွင်တော့ “ကျေးဇူးတင်ပါတယ် ရှင်” “ကျေးဇူးတင်ပါတယ် ရှင်”
ဆိုသည့်သီချင်းသံလေးက ကားကက်ဆက်မှ လွှင့်ပျံလာသည်။ တချိန်က လေလှိုင်းမှာ
မကြာခဏကြားရလေ့ရှိသည့် အဆိုတော် တက္ကသိုလ်သန်းသန်းလွင်၏ မင်္ဂလာတေးလေး။
သည်သီချင်းလေးက သည်ခရီးကိုပို့ဆောင်ပေးသော ဦးထင်လတ် + ဒေါ်မြဟန်တို့မောင်နှံကို ကိုယ်တို့ကိုယ်စား ပြောနေသယောင်ပင်။
ကံထွန်းသစ်
မေ ၅၊ ၂၀၁၂
မေ ၅၊ ၂၀၁၂