Sunday, May 6, 2012

ကြင်နာတတ်သူဆိုတာ


ကြင်နာတတ်သူဆိုတာ

“သဗ္ဗေ သတ္တာ၊ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာစ ကေ၀လာ၊ သဗ္ဗေ ဘဒြာနိ ပဿန္တု မာ ကိဉ္စိ ပါပ မာဂမာ”
အာရုံငါးရပ် ငြိကပ်တတ်ကုန်သော သတ္တ၀ါတို့သည်လည်းကောင်း၊ ထွက်သက် ၀င်သက်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း၊ အလုံးစုံသော ဖြစ်ပြီး ဖြစ်ဆဲ သတ္တ၀ါတို့သည်လည်းကောင်း၊ အလုံးစုံသော ပုဂ္ဂိုလ် ဟူသမျှတို့သည်လည်းကောင်း၊ ကောင်းကျိုး ချမ်းသာ မင်္ဂလာတို့ကို အမြဲထာဝရ တွေ့မြင် ကြုံတွေ့နိုင်ကြပါစေ…၊ တစ်စုံတစ်ယောက်သော သတ္တ၀ါထံသို့ ယုတ်မာ ညစ်ဆိုး မကောင်းကျိုးတရားတွေ ဘယ်သောအခါမှ မကျရောက်ပါစေနဲ့….။“ (ခန္ဓပရိတ်)
"ကြင်နာတတ်သူဆိုတာ သနားခြင်း-စာနာခြင်း ကရုဏာစိတ်ထား ပြည့်ဝတဲ့သူပါပဲ။"
စစ်မှန်တဲ့ ဗုဒ္ဓဘာသာတစ်ယောက်မှန်ရင် သတ္တ၀ါတိုင်းအပေါ်မှာ ဗုဒ္ဓမြတ်စွာရဲ့ အနန္တကရုဏာမျိုး၊ အဂ္ဂသာဝက မဟာသာဝကတို့ရဲ့ ကရုဏာမျိုး မထားနိုင်ဦးတောင်မှ မိမိတတ်နိုင်သလောက် သနားခြင်းဆိုတဲ့ ကရုဏာစိတ်ထားကိုတော့ ထားရှိနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ကရုဏာတရားဆိုတာ ဗြဟ္မစိုရ်တရားလေးပါးထဲက မြတ်သောတရားတစ်ပါး ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာက လူသားတိုင်းအပေါ်မှာ ထားရှိဖို့ တိုက်တွန်းအားပေး ဟောကြားထားတော်မူတဲ့ သနားခြင်း-ကရုဏာတရားဆိုတာကို ဒီလိုနားလည်ကြည့်ရအောင်ပါ။
စစ်မှန်တဲ့ ကရုဏာတရားမှာ ခွဲခြားကန့်သတ်မှု့ဆိုတာ မရှိပါဘူး။ အကန့်အသတ်ထားရှိတဲ့ ကရုဏာတရားဟာလည်း ကရုဏာအစစ်အမှန်မဟုတ်ပါဘူး။ သက်ရှိသတ္တ၀ါအားလုံးတိုင်းရဲ့အပေါ်မှာ တူညီမှု့ထားရှိပြီး အနန္တကြီးမားတဲ့ ကရုဏာထားနိုင်မှသာ ကရုဏာအစစ်ဖြစ်ပါတယ်။
ကရုဏာဆိုတာဟာ ဝေဒနာခံစားနေရတဲ့ မိမိရဲ့ရင်သွေးငယ်အတွက် ခံစားမှု့ဝေဒနာတွေကို သက်သာပျောက်ကင်းစေဖို့ ကြင်နာတဲ့ ပြုစုစောင့်ရှောက်မှု့တွေ၊ သာယာနာပျော်ဖွယ် စကားသံလေးတွေ၊ သန့်စင်တဲ့ စေတနာလှလှစိတ်ထားလှလှလေးတွေနဲ့ ပြည့်စုံနေတဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့တူပါတယ်။
ကရုဏာဆိုတာဟာ တစ်စုံတစ်ယောက် ဆင်းရဲဝေဒနာ ခံစားနေရတာကိုမြင်တွေ့ရတဲ့အခါ၊ စိတ်မချမ်းမသာနဲ့ မပျော်မရွှင်ဖြစ်နေတဲ့အခါ၊ ထွက်ပေါက်မရှိ အခက်အခဲပြဿနာကြားမှာ နစ်မွန်းနေတဲ့အခြေအနေကို မြင်တွေ့တဲ့အခါမျိုးမှာ ဒီလို ဆင်းရဲဒုက္ခဝေဒနာဆိုးတွေ၊ စိတ်မချမ်းမြေ့စရာ သောကဗျာပါဒတွေ၊ အဆင်မပြေမှု့တွေ အခက်အခဲအတွေ င့ါအပေါ်တစ်နေ့ ကျရောက်လာမှာကို တွေးမြင်ပြီး ကိုယ့်စိတ်ထဲမှာ စိုးရိမ်ဝမ်းနည်းမှု့တွေ ကြောက်ရွံ့ထိန့်လန့်မှုတွေဖြစ်ပေါ်လာတဲ့ ခံစားမှု့မျိုးကိုသက်သက်ကို ကရုဏာလို့ ဆိုလိုတာ မဟုတ်ပါဘူး။
လူသားတွေရဲ့ ရင်ဆိုင်တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ အခက်အခဲပြဿနာတွေ၊ စိတ်မချမ်းမြေ့မှု့တွေကို တကယ် သိမြင်နားလည်သဘောပေါက်ပြီး သူတို့လက်ရှိခံစားနေရတဲ့ အဲဒီ ဆင်းရဲဒုက္ခဝေဒနာတွေ၊ အခက်အခဲပြဿနာတွေ၊ စိတ်မချမ်းသာစရာ ခံစားချက်ဝေဒနာတွေ၊ စိတ်ပျက်အားငယ်နေမှု့တွေကို ကင်းပျောက်အောင် ကူညီဖယ်ရှားပေးချင်တဲ့ ဆန္ဒမျိုးဖြစ်ပေါ်လာပြီး ပျော်ရွှင်မှု့တွေ၊ စိတ်ချမ်းသာစရာတွေ၊ စိတ်ကြည်နှုးစရာတွေ၊ ငြိမ်းချမ်းမှု့တွေ၊ အင်အားတွေကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်ဆန္ဒခံစားမှုမျိုးကိုသာ သနားခြင်း-ကရုဏာစစ်စစ်ဖြစ်တယ်လို့ဆိုလိုတာပါ။
သူတို့ဘာသာ မကောင်းတာလုပ်လို့ မကောင်းတဲ့ ခံစားမှု့မျိုး အဖြစ်မျိုး ခံစားနေရတာပဲလို့ စာနာမှု့ကင်းမဲ့စွာနဲ့ သဗ္ဗေသတ္တာ ကမ္မဿကာ လုပ်ပစ်လို့တော့ မသင့်တော်ပါဘူး။ တစ်ဖက်သားက မကောင်းသူဖြစ်ဖြစ်၊ ကောင်းသူဖြစ်ဖြစ် ဘယ်လိုဆုံးဖြတ်ချက် ခွဲခြားချက်မျိုးကိုမှ မလုပ်ဘဲနဲ့ လူတိုင်းအပေါ်မှာ ကရုဏာတရားထားရှိပေးစေချင်ပါတယ်။ ဒီလိုစိတ်ထားမျိုးဟာ ဗုဒ္ဓမြတ်စွာတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ထား အတုယူမြတ်နိုးတတ်ပြီး လက်တွေ့ကျကျ ကျင့်ကြံသင့်တဲ့ စိတ်ထားမျိုးပါပဲ။
ကရုဏာထားတတ်ဖို့ဆိုတာဟာလဲ “ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်”ဆိုတဲ့ ကံ ကံ၏အကျိုးတရားကို နားလည်ထားဖို့ သိပ်ကိုလိုအပ်ပါတယ်။ ကမ္မနိယာမ သဘောတရားကိုသာ နားမလည်ဘူးဆိုရင် အတ္တရေးကိုရှေတန်းတင် လူလူချင်းလည်း စာနာတတ်တဲ့စိတ်မျိုး ထားနိုင်လာမှာ မဟုတ်ဘူး၊ ဘာကိုမှ ဂရုမစိုက် ရူးမိုက်တဲ့လုပ်ရပ်တွေကို ရူးမိုက်စွာ လုပ်နေမိမှာ အသေအချာပါပဲ။ တစ်ဖက်သားအပေါ် စာနာသနားတတ်တဲ့စိတ်ထားမျိုးသာ မရှိဘူးဆိုရင် ကိုယ်လုပ်ချင်တာ လိုချင်တာကို လုပ်ရဖို့၊ ရရှိပိုင်ဆိုင်ဖို့အတွက် မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ မရ,ရအောင် ကြိုးစားကြတတ်ကြတယ်။ ဒီလိုသာဆိုရင် မိမိကိုယ်တိုင်က အတ္တရေးကိုပဲ ရှေ့တန်းတင်တတ်သူ၊ လိုချင်တပ်မက်မှု့လောဘအားကြီးသူဆိုတဲ့ အလကားလူစားမျိုးပဲ ဖြစ်ပါလိမ့်မယ်။
တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်တွေ လျော့ပါသွားစေဖို့ ကရုဏာတရား သတ္တ၀ါတိုင်းအပေါ်မှာ ထားတတ်ဖို့လိုပါတယ်။ ကြင်နာတတ်တဲ့ နှလုံးသား၊ စာနာတတ်တဲ့ စိတ်ထားရှိသူတစ်ယောက်ဖြစ်လာပြီဆိုရင် ကြင်နာတတ်တဲ့သူ၊ ယဉ်ကျေးသိမ်မွေ့တဲ့သူ၊ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ အတ္တဟိတ-ကိုယ်ကောင်းစားဖို့အတွက်သာ ရှေတန်းတင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထား ကင်းပျောက်၊ ပရဟိတ-အများကောင်းစားဖို့အတွက် ကြိုးစားလုပ်ဆောင်ပေးလိုတဲ့ စိတ်ထားများသာ တည်လာပြီဆိုရင် တစ်ဖက်သားကို ဘယ်လိုကူညီပေးရမလဲဆိုတဲ့ အခွင့်အရေးမျိုးကိုပဲ ကြိုးစားရှာဖွေ လုပ်ဆောင်ဖြစ်နေမှာပါ။ ကိုယ် ကူညီလုပ်ဆောင်ပေးလိုက်တဲ့ လူတစ်ယောက် အဆင်ပြေသွားမယ်၊ စိတ်ချမ်းသာသွားမယ်၊ စိတ်ငြိမ်းချမ်းသွားမယ်၊ စိတ်ဓာတ်ခွန်းအားတွေ တိုးတက်သွားမယ်ဆိုရင် မိမိကိုယ်တိုင်လည်းပဲ ပျော်ရွှင်နေသူ၊ ငြိမ်းချမ်းတဲ့သူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။
ကရုဏာတရား ကျင့်သုံးလိုက်နာတဲ့သူဟာ ကာယကံအနေနဲ့လည်း သူတစ်ဖက်သား ဆင်းရဲဒုက္ခ ပြဿနာတွေကနေ လွတ်မြောက်နိုင်အောင်၊ ကျော်လွှားနိုင်အောင်၊ မကျရောက်ရလေအောင် မိမိစွမ်းနိုင်သလောက် ကူညီစောင့်ရှောက်ပေးရပါမယ်။ မနိုင်တဲ့အလုပ်ကို မိမိက တတ်နိုင်သလောက် ကူညီလုပ်ဆောင်ပေးလိုက်ပါ။ တစ်ဖက်သားကို နာကြင်ထိခိုက်စေမယ့် အလုပ်မျိုးကို ကိုယ်နဲ့ မလွန်ကျူးမိအောင် စောင့်ထိန်းဆက်ဆံခြင်းဟာလည်းပဲ ကာယကံအနေနဲ့ တစ်ဖက်သားကို ကရုဏာတရား ထားရှိရာရောက်တာပါပဲ။
ဝစီကံအနေနဲ့လည်း သူတစ်ဖက်သား ဆင်းရဲဒုက္ခတွေ ကြုံတွေ့စေနိုင်မယ့် ကျရောက်စေနိုင်မယ့် အလုပ်တွေ မလုပ်မိအောင်၊ မသွားသင့်တဲ့အရပ်ကို မသွားမိလေအောင် နည်းပေးလမ်းပြ ပြောဆို စောင့်ရှောက်ကာကွယ်ရပါမယ်။ ခံစားနေရတဲ့ စိတ်မချမ်းသာမှု့တွေ၊ စိတ်အားငယ်မှု့တွေ လျော့ပါးသွားအောင် သက်သာရာရစေအောင်လည်း အားပေးစကားတွေ ပြောပေးသင့်ပါတယ်။ ချိုသာတဲ့ စကားများကိုလည်း နားဝင်ချိုအောင် ပြောဆိုသင့်ပါတယ်။ မိမိက မှန်ကန်တဲ့စကား၊ ချိုသာတဲ့စကား၊ ခွန်အားဖြစ်စေမယ့် စကားများကို ပြောဆိုပေးလိုက်မယ်ဆိုရင် တစ်ဖက်သူစိတ်ထဲမှာ ကျေနပ်မှုတွေ ၀မ်းသာမှု့တွေ ပျော်ရွှင်မှု့တွေ ခံစားသွားမှာသေချာပါတယ်။
မနောကံ အနေနဲ့လည်းပဲ တစ်ဖက်သား ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်အောင်၊ စိတ်မချမ်းမြေစရာ အဖြစ်များနဲ့ ရင်ဆိုင်မတွေ့ကြုံရလေအောင် ဆုတောင်းပို့သပေးခြင်းဖြင့် ကရုဏာတရား ထားရှိပေးရပါမယ်။ တစ်ပါးသူတွေ ကောင်းကျိုး မင်္ဂလာတွေတိုးပွားစေဖို့၊ ကောင်းတဲ့ ဣဌာရုံများနဲ့သာ မြင်တွေ့စေနိုင်စေဖို့ ဆုတောင်းပေးခြင်းဖြင့်လည်းပဲ ကရုဏာတရားကို မနောကံအနေနဲ့ ထားရှိလို့ရပါတယ်။ လိုရင်းဆိုရရင်တော့ ကံသုံးပါးလုံးမှာ ကရုဏာတရားထားရှိဖို့၊ ကျင့်ကြံဖို့ ဗုဒ္ဓမြတ်စွာက ရှေဆောင်လမ်းပြအနေနဲ့ ကိုယ်တော်တိုင် လုပ်ဆောင်ကျင့်သုံးခြင်းဖြင့် တိုက်တွန်းအားပေးတော်မူခဲ့တာပါ။
တစ်ဖက်သားကို ကရုဏာထား ကူညီစောင့်ရှောက်ပေးတဲ့နေရာမှာလည်းပဲ တုန့်ပြန်လာမယ့် ကျေးဇူးတရားကို မမျှော်လင့်ဘဲနဲ့ လုပ်ဆောင်ပေးပါ…။ စာလိုပြောရရင်တော့ ကရုဏာဗြဟ္မစိုရ်တရားကို ဥပေက္ခာဗြဟ္မစိုရ်တရားနဲ့တွဲထားလိုက်ဖို့ပါပဲ…။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ချက်ပါတဲ့ ကရုဏာနဲ့ ကူညီလုပ်ဆောင်ပေးလိုက်တဲ့အခါမှာ ကိုယ်မျှော်လင့်သလို ဖြစ်လာခဲ့ရင် ကရုဏာကိုအကြောင်းပြုပြီး ဒေါသစိတ်ကလေးဖြစ်တည်လာတတ်လို့ပါပဲ။ ဒါကိုပဲ ကရုဏာ-ဒေါသ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရုဏာထားတဲ့နေရာမှာ ကရုဏာစစ်စစ်ထားနိုင်ဖို့အရေးကြီးပါတယ်။ ကရုဏာ-ဒေါသ မျိုးမဖြစ်စေပါနဲ့။
အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး ခမည်းတော်နဲ့ တိုင်းသူပြည်သားများ လယ်ထွန်မင်္ဂလာကျင်းပနေကြတဲ့အခါမှာ တစ်ကိုယ်တည်း ညောင်ပင်အောက်မှာ ထိုင်နေခဲ့စဉ်တုန်းက နေပူကြဲကြဲအောက်မှာ ချွေးသံတရွှဲရွှဲနဲ့ အားမာန်ခဲကာ ထွန်ယက်နေကြတဲ့ လူတွေကိုလည်း တွေ့မြင်နေရတယ်၊ မြေထူထူတွေကို နေပူပူအောက်မှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ ဖောက်ခွဲထွက်လာဖို့ ရုန်းကန်နေကြရတဲ့ နွားတွေကိုလည်း တွေ့မြင်နေရတယ်၊ ပိုးမွှားတွေကို သုတ်ချီ ဖမ်းယူစားသောက်နေတဲ့ သိမ်းငှက်ကလေးကိုလည်း တွေ့မြင်နေရပါတယ်။ အကြင်နာနှလုံးသားပိုင်ရှင် သိဒ္ဓတ္ထမင်းသားလေးရဲ့ ရင်ထဲမှာ အဲဒီအဖြစ်အပျက်တွေကို မြင်တွေ့နေရတော့ ထိုဆင်းရဲဒုက္ခတွေကနေ ကယ်တင်ဖယ်ရှားပေးစေချင်တဲ့ သနားခြင်း-ကရုဏာတရား ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆင်းရဲဒုက္ခတွေက ဖယ်ရှားကယ်တင်ကူညီစောင်မပေးချင်ပေမယ့်လို့ သိဒ္ဓတ္ထမင်းသားလေး သွားရောက်ကယ်တင်ခြင်း မပြုခဲ့ပါဘူး။ 

ဘာကြောင့်လဲ….၊ တကယ်လို့ ပင်ပင်ပန်းပန်း ချွေးဒီးဒီးကျမောပန်းနေကြတဲ့ လူတွေကို သွားရောက်ပြီး ထွန်ယက်နေခြင်းကနေ ကယ်တင်လိုက်မယ်ဆိုရင် လယ်ထွန်မင်္ဂလာပွဲကို တားဆီးသလို၊ ဖျက်ဆီးသလို ဖြစ်သွားနိုင်ပါတယ်။ ရုန်းကန်နေကြတဲ့ နွားတွေကို ကူညီကယ်တင်လိုက်မယ်ဆိုရင်လည်း မတော်တဆထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ မြွေကို သိမ်းငှက်ကလေးရဲ့ ရန်ကနေကယ်တင်ကူညီပေးလိုက်မယ်ဆိုရင်လည်းပဲ သိမ်းငှက်ကလေးကို ဆာလောင်မွတ်သိပ်ခိုင်းသလိုဖြစ်နေပြီး သူ့စားမယ့်အစားအသောက်ကို ဟန့်တားဖယ်ရှားပစ်ရာ ကျသွားပါလိမ့်မယ်။ ကာယကံ ၀စီကံ အနေနဲ့ ကရုဏာတရားထားရှိပေမယ့် မကယ်တင်နိုင်တော့တဲ့အခြေအနေဖြစ်နေလေတော့ သိဒ္ဓတ္ထမင်းသားလေး သူတို့အတွက် ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးခြင်းဖြင့် ကရုဏာတရားပွားများပြီး ပဌမဈာန်ကို ၀င်စားနေတော်မူခဲ့ပါတယ်။
ဒီဥပမာအတိုင်းပါပဲ…၊ ကရုဏာတရားထားရှိတတ်သူ တစ်ယောက်ဖြစ်ပြီဆိုပါစို့..၊ စာရေးသူတို့ လူတိုင်းကို အမြဲတမ်းအကူအညီ အစောင့်အရှောက် မပြုနိုင် မပေးနိုင်ကြပါဘူး။ တစ်ဖက်သားကို ကူညီဖို့အခွင့်ကြုံလာပြီဆိုရင် ကိုယ့်မှာ ထိုသူဖြစ်တည်နေတဲ့အခက်အခဲကို ကူညီဖြေရှင်းတဲ့နေရာမှာ ကိုယ့်မှာအန္တရာယ်ဖြစ်နိုင်လား မဖြစ်လာနိုင်ဘူးလားဆိုတာကို အရင်ဦးဆုံး စဉ်းစားဖို့လိုပါတယ်။ ကိုယ်က စေတနာထား ကူညီပေးချင်ပေမယ့်လည်း ကိုယ့်စေတနာကို အလေးမထားသူတွေ အကူညီကို တန်ဖိုးမထားသူတွေတစ်ချို့ကို မမေးမမြန်းဘဲ သွားရောက်ကူညီလိုက်မယ်ဆိုရင်လည်းပဲ အလိုက်မသိသူတစ်ယောက်လို ၀င်ရောက်နှောင့်ယှက်နေသူတစ်ယောက်လို ထင်သွားနိုင်တာကြောင့် မကူညီခင်မှာ “အကူညီလိုလား-ကူညီပါရစေ”ဆိုတဲ့ စကားလေးနဲ့ အရင်ပြောဆိုပြီး ကိုယ့်စေတနာကို ကူညီချင်တဲ့အနေအထားကို ပေးသိစေလိုက်ပါဦး။
မိမိစွမ်းသလောက်တော့ သတ္တ၀ါတိုင်းအပေါ်မှာ ကံသုံးပါးလုံးမှာ ကရုဏာတရားထားပြီး ကူညီစောင့်ရှောက်ပေးလိုက်ပါ။ သိဒ္ဓတ္ထမင်းသားလေးလို အနေအထားကြုံနေပြီဆိုရင်လည်း တစ်ဖက်သားကို ကာယကံ-ကရုဏာ၊ ၀စီကံ-ကရုဏာနဲ့ ကူညီစောင့်ရှောက်ပေးလို့မရတဲ့အခါမျိုးနဲ့ ကြုံတွေ့လာတဲ့အခါမှာဆိုရင် သူတို့တစ်တွေ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ၊ ကောင်းကျိုးချမ်းသာ တွေနဲ့ ပြည့်စုံနိုင်ကြပါစေ..လို့သာ မနောကံ-ကရုဏာပွားများ ပေးလိုက်ဖို့ပါပဲလေ။
အကိုး။         ။
အရှင်ဇနကာဘိဝံသ၏ ပရိတ်ပါဠိ ပရိတ်ကြီးနိဿယနှင့် ပရိတ်တရားတော်များ
Buschmann. Margaret, 1st Edit 2010, “Morals in the Life of the Buddha”, lesson 2, “Compassion”
(ဥယျာဉ်မှူးလေး)