Bless You
စာရေးဆရာ
ကံထွန်းသစ်က အမေရိကကို ရောက်လာတာ လပိုင်းပဲရှိသေးတာ။ သူ့အတွက် အနောက်ယဉ်
ကျေးမှုက ဖတ်သိ၊ မြင်သိအရ အသစ်မဟုတ်ပေမယ့် လက်တွေ့ထိတွေ့မှုအရဆိုရင်တော့
အသစ်တွေချည်း ဖြစ် နေဦးမှာ။ ဒီက စကားအရ ပြောရလျင် သူက A new comer ၊
လူသစ်လေး။ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခုရဲ့ ထူးခြားမှုတွေကို စူးစမ်းလေ့လာတတ်တဲ့
အလေ့စရိုက်ရှိတဲ့ သူ့လိုစာရေးသူတစ်ဦးအဖို့ ရှေ့မှာတွေ့ရမယ့် ယဉ်
ကျေးမှုဓလေ့မျိုးစုံတွေက စာရေးဖို့ကုန်ကြမ်းတွေဖြစ်လာမှာ အသေအချာပေါ့။
တနေ့မှာတော့ ဒီအတွေ့အကြုံ သစ်တွေနဲ့ သူ့ရဲ့ကြွယ်ဝတဲ့ အလှရသစကားလုံးတွေ၊
လတ်ဆတ်တဲ့အတွေးတွေကို ယှက်နွယ်ကာ ရက်ချယ် ထားတဲ့ စာတွေ
တဝကြီးဖတ်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ခုတော့
သူက ရောက်စဆိုတော့ သွားတုန်း၊ လာတုန်း၊ လေ့လာတုန်း။ ဒါကြောင့် အနောက်ရဲ့
အတွေ့အကြုံသစ်တွေ ကို သူကိုယ်တိုင် စာများများရေးတဲ့အဆင့်ကို
ရောက်မလာသေးဘူးလေ။ အရှေ့အနောက်ယဉ်ကျေးမှုတွေရဲ့ မတူခြားနားမှုနဲ့
တူ-မခြားနားမှု သဘောတရားတွေကို လက်တွေ့ စတင်ထိတွေ့ခွင့် ရကာစ။ ဆရာကံထွန်းသစ်
က သူစိတ်ဝင်စားတဲ့ အကြောင်းအရာလေးတစ်ခုကို စာရေးပါဦးလို့
ကိုယ့်ကိုတိုက်တွန်းခဲ့ပါတယ်။ ရေးမယ်ဆို ပြီး မှတ်ထားခဲ့တာ
အတော်ကြာသွားပြီ။ မစဖြစ်ခဲ့ဘူး။ ခုတော့ ရေးဖြစ်ပါပြီပေါ့။
ဆရာကံထွန်းသစ်လို
ရသ မကြွယ်လေသမို့ အလှအပတွေနဲ့ ချယ်သထားတဲ့ ရသနွယ် စာတစ်ပုဒ်တော့လည်း
ဖြစ်မယ် မဟုတ်ဘူးပေါ့။ သို့ပေမယ့် ဗဟုသုတဖြစ်ဖွယ်တစ်ခုမို့ ရေးလိုက်တာ။
စာဖတ်သူတွေအတွက် ဒဿန လေးတစ်ခုတော့ သယ်ဆောင်လာပေးလိုက်မယ်လို့တော့
ထင်မိပါရဲ့။ နောက်မှ ရေးမယ်ဆိုပြီး ထပ်အချိန်ရွှေ့ လိုက်ရင်
လုံးဝမေ့သွားတာနဲ့ ရေးဖြစ်တော့မှာ မဟုတ်တာကြောင့် သတိရခိုက်
ခုလိုရေးလိုက်တာလည်း အကြောင်းတစ်ခုပေါ့။
ခရစ်ယန်ဘာသာကိုးကွယ်မှုအားကောင်းတဲ့
အနောက်တိုင်းနိုင်ငံတွေမှာ သူတို့ကိုးကွယ်ယုံကြည်တဲ့ (God)
ဂေါ့ဒ်နဲ့ဆိုင်တဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ လူထုကြားမှာ ပျံ့နှံ့ပျော်ဝင်နေတာ
အဆန်းတော့ မဟုတ်ပေဘူးပေါ့။ ဘာသာရေးအလေးထားတဲ့သူတွေအနေနဲ့ ဘာသာရေးနဲ့နွယ်တဲ့
ယဉ်ကျေးမှုဆိုင်ရာတွေကို ပိုပြီးသုံးစွဲမယ် ဆိုတာလည်း သံသယဖြစ်ဖွယ်
မရှိပါဘူး။ ဘာသာရေးနဲ့ ဝေးဝေးမှာနေတဲ့သူများတောင်မှပဲ ပတ်ဝန်းကျင်ရဲ့ ရိုက်
ခတ်မှုကြောင့် ဘာသာရေးကလာတဲ့ ဓလေ့ထုံးစံတွေနဲ့ မသိလိုက် မသိဘာသာ
အလိုလိုကျွမ်းဝင်နေတတ်ပါ တယ်။ တခါခါမှာတော့ မကင်းနိုင်စွာ
နေ့စဉ်သုံးစွဲနေတဲ့ Language ဆိုတဲ့ ဘာသာစကားက ဘာသာရေးနဲ့
ဆက်သွယ်နေတတ်ပြန်ပါတယ်။
ဒီဆက်သွယ်နေတာတွေက
နေ့စဉ်ပြောဆိုနေကြ စကားထဲမှာပင် နည်းတာမှ မဟုတ်တာ။ မကြာမကြာ ကြားရ တတ်တဲ့
ဂေါ့ဒ် ဘလက်စ် အမေရိက၊ အို မိုင်ဂေါ့ဒ်၊ ဂေါ့ဒ် ဘလက်စ် ယူ စတာတွေဟာ
ထင်ရှားတဲ့ ဥပမာတွေပဲ ပေါ့။ ဒီအထဲမှာ ဆရာကံထွန်းသစ်က သူအမှတ်ပြုမိလိုက်တဲ့
(God bless you) ဂေါ့ဒ် ဘလက်စ်ယူ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး စာရေးဖို့
တိုက်တွန်းခဲ့တာ။
ဒီစကားလေးကို
ဗုဒ္ဓရဲ့ စာပေမှာရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ခုနဲ့ ယှဉ်တွဲပြောပြရင်
စာဖတ်သူတွေအနေနဲ့ ဗဟုသုတ တိုးပွားနိုင်တာမို့ အကျိုးဖြစ်ဖွယ်ရှိမယ်ထင်လို့
တိုက်တွန်းတာပါ။ ကောင်းတဲ့အစဉ်အလာမို့ မြတ်မြတ် နိုးနိုး နှစ်သက်စွာ
ပိုပြီးလုပ်ဖြစ်လာအောင် အားပေးသလိုလည်း ဖြစ်နိုင်မှာပဲလို့ စာရေးသူကလည်း
ယုံကြည်မိပါ တယ်။
နောက်ပြီး
မြတ်စွာဘုရားရှင်ရဲ့ သူ့တပည့်သားရဟန်းတော်တွေကို လောကလူသားတို့ရဲ့
ယဉ်ကျေးမှုလူ့ကျင့်ဝတ် တရားတွေနဲ့ ကင်းကွာပြီးနေတာမျိုးကို
အားမပေးလိုဘူးဆိုတာကို အမှတ်ပြုမိပြီး ကြည်ညိုအားရမိလို့ ရေးဖြစ် တာလည်း
ပါပါတယ်။
တခါက
မြတ်စွာဘုရားရှင် ရဟန်းတော်များကို တရားဓမ္မဟောကြားနေရင်း နှာချေပါတယ်။
ဒီအခါမှာ ရဟန်း တော်အချို့က "ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊
သက်တော်ရှည်ပါစေ"၊ အချို့ရဟန်းတော်များက" ကောင်းသောစကားကို ဆိုတော်မူသော
မြတ်စွားဘုရား၊ သက်တော်ရှည်ပါစေ" ရယ်လို့ ပြောဆိုကြပါတယ်။ ရဟန်းများ
တပြိုင်တည်း အဲဒီလိုပြောဆိုတဲ့အသံက ကျယ်လွန်းတော့ မြတ်စွာဘုရား
တရားဟောနေတာကို အနှောက်အယှက်ဖြစ်စေပါတယ်။
ဒီတော့ မြတ်စွာဘုရားက
ရဟန်းတော်တွေကို "ချစ်သားတို့ တစ်စုံတစ် ယောက် နှာချေတဲ့အခါ သင်တို့က
အဲဒီလို အသက်ရှည်ပါစေ-လို့ ပြောဆိုလိုက်တဲ့အတွက် အပြောခံရသူမှာ တကယ်ရော
အသက်ရှည်သွားနိုင်သလား၊ မပြောခဲ့ဘူးဆိုရင် အဲဒီသူမှာ သေသွားစေနိုင်သလား"
လို့ မေး တော်မူပါတယ်။ ဒီအခါမှာ ရဟန်းတော်များက "မြတ်စွာဘုရား ၊
နှာချေသူကို အဲဒီလို အသက်ရှည်ပါစေလို့ ပြောလိုက်တဲ့အတွက် အဲဒီသူမှာ
အသက်ရှည်မှု၊ တိုမှု၊ ဘာမှ ထူးပြီး ဖြစ်မသွားစေနိုင်ပါဘူးဘုရား"လို့ ပြန်
လည်လျှောက်ကြားပါတယ်။ ဒီတော့ ဘုရားရှင်က အဲဒီလို ဘာမှ
ထူးမသွားစေနိုင်ဘူးဆိုရင် တစ်စုံတစ်ဦးနှာချေ တဲ့အခါမှာ အသက်ရှည်ပါစေလို့
မပြောရဘူး။ ပြောရင် ပြောတဲ့ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေလို့ သိက္ခာပုဒ်
ပညတ်တော်မူပါတယ်။
တချိန်မှာတော့
ရဟန်းတော်အချို့ နှာချေတဲ့အခါ ဒကာတွေက 'အရှင်ဘုရားတို့ အသက်ရှည်ပါစေ'
လို့ ပြောဆို ကြပါတယ်။ ဒီအခါမှာ ရဟန်းတော်တွေက တစ်ဦးတစ်ယောက်နှာချေရင်
အသက်ရှည်ပါစေလို့ မပြောရ၊ ပြော ရင် ဒုက္ကဋ်အာပတ်သင့်စေ-လို့
ဘုရားရှင်ပညတ်တော်မူထားတဲ့ သိက္ခာပုဒ်ရှိနေတာကြောင့် တစ်စုံတစ်ခုပြန်ပြော
ရင် အာပတ်သင့်မှာ စိုးတာကြောင့် အသက်ရှည်ပါစေလို့ ပြောတဲ့ ဒကာတွေကို ဘာမှ
ပြန်မပြောခဲ့ကြပါဘူး။
ဒီတော့
ဒကာတွေက ဗုဒ္ဓရဲ့ တပည့်သား ရဟန်းတွေဟာ လူမှုရေးတရား အလွန်ခေါင်းပါးသူတွေပဲ။
လူ့ယဉ်ကျေး မှုကို နားမလည်သူတွေပဲ၊ လူရိုင်းတွေပဲ စသဖြင့်
အပြစ်တင်ကြပါတယ်။ ကဲ့ရဲ့ရှုတ်ချကြပါတယ်။ ဒို့က အရှင် ဘုရားတို့
အသက်ရှည်ပါစေလို့ ပြောတာတောင် ဘာစကားမှ ပြန်မပြောကြဘူး။ သူ့တပည့်သားတွေရဲ့
ခုလိုရိုင်း စိုင်း မသိတတ်မှုကို ဘုရားရှင်ကို လျှောက်ထားရမယ်ဆိုပြီး
လျောက်ထားကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က ချစ်သားတို့ လူတွေအနေနဲ့ ဒီလို
အသက်ရှည်ပါစေ အရှင်ဘုရားလို့ ပြောဆိုခြင်းဟာ ယဉ်ကျေးမှုအစဉ်အလာ အရ
မင်္ဂလာရှိတယ်လို့ ယုံကြည်လက်ခံထားတာကြောင့် အသက်ရှည်ပါစေလို့ ပြောဆိုခဲ့ရင်
ဒကာတို့လည်းပဲ အသက်ရှည်ပါစေလို့ ပြန်ပြောကောင်းပါတယ်၊
အဲဒီလိုပြောတဲ့အတွက် အာပတ်(အပြစ်)မသင့်ပါဘူးလို့ ပြန် လည်
မိန့်ကြားတော်မူပါတယ်။ (ဝိနယပိဋက၊ စူဠဝဂ္ဂပါဠိ၊ နှာ-၂ဂ၁) ။ ဗုဒ္ဓဟာ
အပြစ်မဖြစ်တဲ့ လောကထုံးတမ်း ကျင့်ဝတ်တရားတွေကို လုံးဝစွန့်ပယ်ထားတဲ့ ဘုရား
မဟုတ်ပါဘူး။
တကယ်လို့
ဗုဒ္ဓက ရဟန်းတော်များကို ခုလို လောကကျင့်ထုံးတစ်ခုကို ပြုလုပ်ဖို့
ခွင့်မပေးခဲ့ဘူးဆိုလျင် လျှောက် ကြားတဲ့ ဒကာတွေရဲ့စိတ်ထဲမှာ ဂေါတမဗုဒ္ဓနဲ့
တပည့်သားတွေဟာ ယဉ်ကျေးမှုထုံးတမ်းကို နားမလည်သူတွေ၊ ယဉ်ကျေးမှု
ကင်းမဲ့သူတွေရယ်လို့ ပြစ်တင်စကားဆိုလေမလား။ အခြေခံယဉ်ကျေးမှု
ခေါင်းပါးသူတွေဆီကနေ အဆင့်မြင့်တဲ့ ယဉ်ကျေးဖွယ် အဆုံးအမတရားတွေ
ရနိုင်လိမ့်မယ်လို့ ဘယ်လိုမျှော်လင့်နိုင်ပါ့မလဲလို့များ အပြစ်
တင်ကြလေမလားလို့ တွေးမိပါတယ်။
တခါက
ဒကာတစ်ဦးက ဒီအနောက်နိုင်ငံမှာ လူတစ်ဦးဦး နှာချေရင် အနီးမှာရှိသူတွေက
(ဂေါ့ဒ် ဘလက်စ် ယူ) ဘုရားသခင် ကောင်းချီးပေးပါစေ၊ (ဒါမှမဟုတ်) (ဘလက်စ်ယူ)
မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပါစေ-လို့ ပြောတတ် ကြတယ်။ နှာချေသူကလည်း (သင့်ခ်ယူ)
ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောတတ်တယ်။ အဲဒီလို ဂေါ့ဒ် ဘလက်စ် ယူ လို့ဆိုတာ
မိမိတို့ကိုးကွယ်တဲ့ ဘာသာရေးနဲ့ ဆန့်ကျင်ပါသလားလို့ မေးတာကို
ကြားရဘူးတယ်။
တကယ်တော့
ဒီစကားဟာ ဘာသာရေးတစ်ခုခုကို အခြေခံတဲ့စကားတစ်ခု၊ ယဉ်ကျေးမှုတစ်ခု
ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဒီစကားဟာ
ဘာသာတစ်ခုခုကို ကိုယ်စားပြုတာထက် ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ဖက်
ရောက်ရှိသွားပြီလို့ ထင်မိပါတယ်။ ဂေါ့ဒ် ဘလက်စ်ယူ-ဆိုတဲ့စကားဟာ ဒီနေရာမှာ၊
ကျန်းမာ ပါစေ၊ မင်္ဂလာပါ-စတဲ့စကားမျိုးနဲ့ အဓိပ္ပါယ်ကွဲပြားမယ်လို့
မထင်ပါဘူး။ ဒီလိုဆိုသူရဲ့စိတ်ထဲမှာ ဂေါ့ဒ်ကို ယုံကြည် လို့
ခုလိုပြောတာလို့လဲ မဆိုနိုင်ပါဘူး။ အစဉ်အလာယဉ်ကျေးမှု တစ်ခုအရသာ၊
ထုံးတမ်းစဉ်လာအရသာ သုံး လိုက်တာ ဖြစ်မှာပါပဲ။ တကယ်လို့ ကိုယ့်စိတ်ထဲမှာ
ဂေါ့ဒ်လို့ဆိုရတာကို လိုလိုလားလား မရှိလှဘူးဆိုရင်ဖြင့် ရိုးရိုးလေးပဲ
ဘလက်စ်ယူ-လို့ ဆိုရင်လည်း ဖြစ်နိုင်တာပါပဲ။
ကိုယ်နှာချေတဲ့အခါ
ဘလက်စ်ယူ၊ ဂေါ့ဒ် ဘလက်စ် ယူ-လို့ဆိုလာသူကို သင့်ခ်ယူပါလို့
ပြောခဲ့တာတွေလည်းများပြီ။ ဒီလိုပြန်ပြောမိတိုင်း တံခိုးရှင် တစ်ဦးဦးက
ကိုယ့် ကို ကောင်းချီးပေးလိမ့်မယ်လို့ ယုံကြည်မှုနဲ့ ပြန်ပြောခဲ့တဲ့အကြိမ်
တစ်ကြိမ်မှ မရှိခဲ့ဖူးဘူး။ ကိုယ့်ရဲ့အားထုတ်မှု တစ်ခုခုမပါပဲ တစ်စုံတစ်ဦးက
ကိုယ့်ကို အလိုလို ကောင်းချီးပေးနိုင်လိမ့်မယ်လို့လည်း မယုံကြည်ပါဘူး။ ယဉ်
ကျေးမှု အစဉ်အလာအရ ပြောလာသူကို ယဉ်ကျေးမှုအရ ကျေးဇူးတင်စွာနဲ့
ကျေးဇူးတင်စကား ပြောခြင်းမျိုး အနေနဲ့သာ ပြောခဲ့လိုက်တာပါပဲ။
ဘာပဲဖြစ်ဖြစ်
ဘာသာစကားဆိုတာ ဘာသာတရားနဲ့ လုံးဝတစ်သားတည်း မဟုတ်ဖူးဆိုတာကို လက်ခံထားမယ်
ဆိုလျင်လည်း ကိုယ့်အတွက် အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်နိုင်မယ်
မထင်ပါဘူး။ ဒါကြောင့် ဂေါ့ဒ် ဘ လက်စ်ယူလို့ပဲ ဆိုဆို၊ ဘလက်စ်ယူလို့ပဲ
ပြောပြော။ ယဉ်ကျေးမှုသဘောတရားတစ်ခုကို ယဉ်ကျေးမှုသက်သက် ပဲလို့သာ
အသိအမှတ်ပြု လက်ခံထားလိုက်မယ်ဆိုလျင်တော့ ဂေါ့ဒ်ဘလက်စ်ယူလို့ဆိုလိုက်တဲ့
ဘာသာစကား တစ်ခွန်းကြောင့်တော့ ကိုယ်ယုံကြည်တဲ့ ဘာသာတရားရဲ့
အနှစ်သာရအလှုကို လုံးဝထိပါးစေနိုင်မယ်လို့ မထင်မိ ပါဘူး။ ။
အရှင်ဥာဏိက
ဇန်န၀ါရီ ၂၈၊ ၂၀၁၁