Monday, May 21, 2012

နှစ်ချို့မင်္ဂလာ

 
 နှစ်ချို့မင်္ဂလာ
အချိန်ကာလအတော်ကြာအောင် အေးခဲနေခဲ့သောကိုယ့်ရင်သည် သည်နေ့မှာတော့ သိသာစွာနွေးထွေးနေတော့သည်။ တခါ တခါ သွေးနှိုး သံသည် ရင်အုံကို ဒိတ်ဒိတ်တိုးလာသည်။ အပျော်ဆိုတာ ကူးစက်လွယ်ဆုံးအရာပေထင့်။
ကခုန်နေသူများ၊ အောင်သံကြွေးနေကြသူများ၊ ရယ်မောပြုံးရွှင်နေကြသူများ၊ တလူလူလွင့်ပျံ့နေသော ဒေါင်းအလံများ၊ သံပြိုင်သီတေးများ၊ … စသည် စသည် အရုပ်အရောင်အသံတို့သည် အွန်လိုင်းမှတဆင့် ကိုယ့်အာရုံတံခါးများသို့ အလုအယက်တိုးဝင်လာကြတော့သည်။

စာအုပ်ခပ်ကြီးကြီးအရွယ်ကွန်ပျူတာဆိုသည့် နည်းပညာပြတင်းလေးမှတဆင့် စီးဆင်းလာသော ထိုပျော်ရွှင်ခြင်းတို့သည် ကိုယ့်သွေးတို့နှင့် ရောနှောပျော်ဝင်သွားက ကိုယ့်ရင်ကိုနှိုးခဲ့ပြီး ကိုယ့်ကလောင်ကို နိုးစေခဲ့ပြီ။ ကြည့်စမ်း၊ ပျော်နေလိုက်ကြတာ။ အရွယ်စုံ၊ အရောင်စုံ၊ ဘ၀စုံဈ ကိုယ့်မြေက ကိုယ့်ဆွေတွေ ပျော်ပုံသစ်လိုက်ကြပါဘိ။ ပျော်ကြပါစေ၊ ရွှင်ကြပါစေ၊ ရယ်ကြပါစေ ပြုံးကြပါစေ။ တင်းထားခဲ့သော ပါးကြောတွေ ပြေလျှော့သည်ထိ ပြုံးကြပါစေ။ နောက်ပြီး ထိုအပြုံးအရယ်တို့ကို အဓွန့်ရှည်အောင်လည်း ထိန်းသိမ်းထားနိုင်ကြပါစေ။

ဟုတ်တယ်လေ။ ပြန်မြင်ယောင်ကြည့်။ ယခုလိုပျော်ရွှင်မှုတွေ တချိန်သောအခါက တပြည်လုံးဖုံးခဲ့ဖူးပြီ။ အုံးအုံးခြိမ့်ခြိမ့် ညံခဲ့ဖူးပြီ မဟုတ်လား။ ဒါပေမယ့် ပျော်မဆုံး ပြုံးမ၀ခင်မှာပင် ညှိုးချုံးသွားကြခဲ့ရသည်လေ။ နိုင်ထက်ကလူ လုယူခံကြရသည်လေ။ အော် … ဆယ်စုခေတ်နှစ်ခုပင် ကျူးခဲ့ပကော။

ယခုပျော်ပုံသစ်နေသူများထဲတွင် ဟိုစဉ်ကပျော်ခဲ့ကြသူများ ပါနိုင်သလို၊ မပါဝင်နိုင်တော့သူတွေလည်း အစုနဲ့အဝေးရှိမည်ပင်။ ကိုယ့်အမေနှင့် အစ်မတယောက်ဆို ဟို သံသရာဆီထွက်ခွာသွားကြရှာပြီ။ ပျော်ဖို့အရေး မဲပေးခဲ့သော်ငြား ပျော်ရေးမသာခဲ့။
“မိန်းကလေး ကျမ်းမာချမ်းသာပါစေ။ လမ်းခုလတ်မှာ သူ့အဖေလို အကြွေမစောပါစေနဲ့” လို့ ဆုတောင်းမေတ္တာပို့သတတ်သလို “သူ့တို့က ဖယောင်းမျိုးတွေသားရဲ့၊ ကိုယ်အရည်ပျော်ခံပြီး သူတပါးကို အလင်းရောင်ပေးတာ။ သူ့အဖေ ဗိုလ်ချုပ်ဆိုလည်း ….” စသည်ဖြင့် ပြောပြလေ့ ရှိသော အမေ ယခုအချိန်များရှိလျှင် ….။

ဘာပဲဖြစ်ဖြစ် အသက်ရှူရပ်သွားရှာသူတွေအတွက် မဖြေသာသည့်တိုင် အသက်ရှူကြပ်နေရှာကြတဲ့ ကိုယ့်ဇာတိက ကိုယ့်ညာတိတွေအတွက် တော့ တကယ့်မင်္ဂလာပါ။ (သုပ္ပဘာတံ၊ သုဝုဌိတံ) ဆိုသလို သည်ဧပြီ (၂) ရက်နေ့မှာဖြင့် နိုးခြင်းကောင်းစွာ မင်္ဂလာဖြင့် နိုးထခဲ့ကြပြီ။ မနေ့က ပျော်ရွှင်မှုအရှိန်သည် သည်နေ့တိုင် အဟုတ်ကောင်းဆဲ။ မိုင်ပေါင်းများစွာဝေးကွာသည့် ကိုယ်တို့နေရာ ကမ္ဘာတဖက်ခြမ်းထိ ရိုက်ခတ်လာ သည်။ ဖေ့စ်ဘုတ်မှာ အွန်လိုင်းမှာ လေလှိုင်းမှာ စာမျက်နှာတွေမှာ ပုံရိပ်တို့က ဝေဆာဝင်းပြက်လျှက်။
“အနိုင်ရလို့ ပျော်ရွှင်ကြတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် တဖက်သားကို မထိခိုက်စေဖို့ မေတ္တာရပ်ခံပါတယ်” တဲ့။ အနိုင်ရသူ ခေါင်းဆောင် ၏စကားကို ကြားလိုက်ပြန်တော့ ပျော်ရွှင်မှုမှာ လေးနက်ခြင်းတွေ စိုစွက်လိမ်းကျံလို့ပါလား။

ဒါတင်မက “ကျွန်မတို့ အနိုင်ရသူအများစုဟာ၊ အနဲစုရဲ့အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးကြရမယ်” တဲ့။ ဖြူစင်ဖြောင့်စင်းပြီး ဘယ်လောက်များ ဂုဏ်သိက္ခာရှိလိုက်သလဲ။ ဘယ်လောက်များ မိကောင်း ဖမြတ်သမီး ပီသလိုက်သလဲ။ ဘယ်လောက်များ စာနာ ကြင်နာတတ် သလဲ။

 အော် … သူတုန်းက ဆို ….။ ရင်သွေးလေးတွေနှင့် ကွဲကွာ၊ ခင်ပွန်းသည်နှင့်ကွေကွင်း၊ သာယာအေးချမ်းသည့် မိသားစု လေး ပြိုကွဲ၊ အကျယ်ချုပ်က အကြိမ်ကြိမ်၊ အကျဉ်းချုပ်က ခဏခဏ၊ အသက်ဘေးကလည်း သီသီလွတ်ရ။
ပြီး …သတင်းစာ၊ ရေဒီယို၊ တီဗွီရှိသမျှ ၀ါဒဖြန့်ချိရေးကိရိယာတွေသုံးပြီး ထိုးနှက်ပုတ်ခတ်ဆဲရေးလာလိုက်ကြတာ၊ အားမရတော့ “လူငါးယောက်ထက် ပိုမစုရ” ဆိုသည့် ကိုယ်ထုတ်သည့်ဥပဒေ ကိုယ်ချိုးဖောက်ပြီး လူစုလူဝေးနှင့် ရှုံ့ချပွဲဖကြီးတွေ ကျင်းပလား ကျင်းပရဲ့။

“ကျွန်မတို့ အာဏာရရေးအတွက်နဲ့ ဘယ်တော့မှ ပြည်သူကို လမ်းပေါ်မတက်စေရဘူး” တဲ့။ သူ့ပြည်သူတွေ သေကြေမှာ၊ နာကြင်မှာစိုးသည့် သူ့မေတ္တာကို တဘက်က ပုဂ္ဂိုလ်တွေက မဟာအခွင့်အရေးကြီးအဖြစ် အသုံးချပြီး ထင်တိုင်း စိုင်းလိုက်ကြတာ။ ပြည်သူကလည်း ညှိုးချုံး၊ တိုင်းပြည်ကလည်း ချုံးချုံးကျ။
သူမကိုယ်တိုင်ကတော့ သူ့ရဲဘက်တွေ ရဲဖော်တွေ လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြတောင်းဆိုလိုက်တာ၊ ကံသီပေလို့ …အော် ..ကိုယ့် အမေပြောတဲ့ “ကိုယ်အပူခံပြီး သူများကို အလင်းရောင်ပေးတယ်” ဆိုတဲ့စကား မှန်လှချည့်။

အင်း အဲဒီတုန်းက သူ့အသက်က (၄၅) နှစ်ပေါ့။ အဲဒီကသာ စပြီးလုပ်ခွင့်ရခဲ့ရင် ခုနေ ကိုယ်တို့တိုင်းပြည်ဟာ … အခြားတိုင်းပြည်တွေက မော်မကြည့်ရင်တောင် ခုလို ငုံကြည့်ခံရသည့်အနေအထား မရောက်နိုင်။ ခုတော့ …. သူတင်မက သူ့ကိုထောက်ခံသည့် ပညာတတ်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားခေါင်းဆောင်တွေ …အားလုံး အဲဒီတုန်းက ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနှင့် ၀ံ့စားတက်ကြွသည့် အရွယ်ကောင်းတွေ၊ ပြည့်ခွန်အားတွေ၊ ပြည့်ဦးဏှောက်တွေ၊ ပြည့်မျက်လုံးတွေ၊ ပြည့်လက်ရုံးတွေ ခမျာ၊ ထောင်ကျသူကျ၊ ပြည်ပတိမ်းရှောင်သူတိမ်းရှောင်နှင့် ဘာကြောင့်များ ဖြုန်းတီးပစ်ကြပါလိမ့်။

အဲဒီတုန်းကသာ အခုလို တွေ့ဆုံညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလျှင် ကိုယ်တို့မြေဟာ အပျော်ရည်ဝ နေရောပေါ့။ မင်္ဂလာရောင်တွေ လျှံနေလောက်ပြီ။
တကယ်တော့ သည်ဧပြီ (၁) ရက်နေ့မှာ ကိုယ့်မျိုး ကိုယ့်ဆွေတွေ ရရှိလိုက်သည့် ပျော်ရွှင်ခြင်းနှင့်ပြည့်စုံသော ကျက်သရေမင်္ဂလာသည် နှစ် နှစ်ဆယ်မကပင် နောက်ကျနေခဲ့ပါပေါ့လား။ ဘာကြောင့်များ ယခုလို ….။

ဘာပဲဖြစ်ဖြစ်လေ Late’s better than never တဲ့။ နောက်ကျခြင်းဟာ ဘယ်တော့မှ မဖြစ်ခြင်းနဲ့စာရင် အများကြီးကောင်းသေးသတဲ့။ နောက် မကျဘူးဆိုလျင်တော့ ဘာဆိုဖွယ်ရှိတော့မလဲ။
အင်းလေ … ရှေ့လျှောက်အများအတွက် ပြင်ဖို့ ပြုဖို့ တည်ဖို့ ဆောက်ဖို့အရေး တွေ့ဆုံဆွေးနွေးဖို့ဆိုလျှင် အဃာတ၀န်၊ မာန၀န်တွေနှင့် လေးဖင့်မနေကြပါစေနှင့် မနေကြပါစေနှင့် …။

ဘုရားရှင်ကိုယ်တော်မြတ်၏ “အဇ္ဇေ၀ သုေ၀၀ ကိစ္စံ ကာတဗ္ဗံ” ကောင်းသည့်အမှုဆို နေ့ခြင်းပြု၊ နက်ဖြန်မဆိုင်းနှင့်ဆိုသည့် ခွန်းတော်သံဟာ နားတိုင်းလျှံပြီး ရင်တိုင်း ပဲ့တင်ထပ်စေချင်စမ်းပါဘိ။

ကံထွန်းသစ်
ဧပြီ ၂၅၊ ၂၀၁၂