Thursday, May 17, 2012

ဘဝကို ပြောင်းလဲစေတဲ့ သတ္တိ


ဘဝကို ပြောင်းလဲစေတဲ့ သတ္တိ

     ဘဝအတွက် အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်၊ အတက်နဲ့အကျတို့ကို အဆုံးအဖြတ်ပေးနိုင်မည့် ရွေးချယ်မှုတစ်ခုမှာ တွေဝေ,ကြောက်ရွံ့ ပြီး အမှန်အကန် ဆုံးဖြတ်ရဲတဲ့ သတ္တိမရှိခဲ့ရင် တိုးတက်တဲ့ အပြောင်းအလဲ တစ်ခုအတွက် ကမ္ဘာကြီးတစ်ခုမကခြားအောင် ဝေးကွာသွားစေ နိုင်တယ်။ အမှန်တရားကို ကြောက်ရွံ့ နောက်တွန့်ခြင်း မရှိသူများအတွက်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လှမ်းလိုက်တဲ့ ခြေတစ်လှမ်းဟာ မိမိရဲ့ တစ်ကိုယ်ရေ ဘဝတစ်ခုအတွက်သာမက မိမိမှီတင်းနေထိုင်တဲ့ လောကကြီးတစ်ခုလုံး အတွက်ပါ လင်းလက်တောက်ပ သွားစေနိုင် တယ်ဆိုတာ မြတ်ဗုဒ္ဓခေတ်က ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်များကို အသေအချာ လေ့လာကြည့်ရင် အလွန်ထင်ရှား သိသာစေနိုင်ပါတယ်။

    ဟုတ်ပါတယ်၊ မြတ်စွာဘုရားပွင့်တော်မူလို့ ပထမဆုံးဝါကျွတ်ချိန်မှာ သာသနာပြု တပည့်ရဟန်း ခြောက်ကျိတ်တို့ အရပ်ဒေသအသီးသီးကို လှည့်လည်ပြီး သာသနာပြုကြပါတယ်။ ရာဇဂြိုဟ်ပြည်ကိုတော့ အရှင်အဿဇိမထေရ်မြတ်ကြွရောက် သာသနာပြုတာပါ။ အဲဒီမှာ နောင်အခါ မြတ်စွာဘုရား သာသနာမှာ လကျာရံ၊ လက်ဝဲရံရယ်လို့ ထင်ရှားလာကြမည့် ဥပတိဿနဲ့ ကောလိတဆိုတဲ့ ပုရိဗိုဇ်နှစ်ဦးတို့ဟာ အရှင်အဿဇိ မထေရ်မြတ်ထံမှ မြတ်ဗုဒ္ဓရဲ့တရား အသိမှန်ကို ရရှိပြီး မသေရာတရား ထူးကို တွေ့သိ ခံစားကြရတဲ့အခါ မြတ်ဗုဒ္ဓရှိရာကို သွားရောက်ကြဖို့ စီစဉ်ကြပါတယ်။ သူတို့နှင့်အတူ အရင်က သူတို့ရဲ့ ဆရာတော်ခဲ့တဲ့ သိဉ္စည်းဆရာကြီးနဲ့ သီတင်းသုံးဖော် တပည့်များကိုပါ အပါခေါ်သွားဖို့ သိဉ္စည်း ဆရာကြီးရဲ့ကျောင်းကို ပြန်ခဲ့ကြတယ်။

    သိဉ္စည်းဆရာကြီးထံရောက်တော့ အရှင်အဿဇိထံက သိရှိရတဲ့ တရားစစ် တရားမှန်နဲ့ ဒီတရားကို ဟောညွှန်းတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုပြီး ဆရာကြီးပါ မြတ်ဗုဒ္ဓထံမှောက် သွားရောက်ကြဖို့ ခေါ်တဲ့အခါ သိဉ္စည်းဆရာကြီးက “ဒီနေရာမှာ ဆရာကြီးတစ်ဆူ ဖြစ်နေပြီးမှ တခြားဆရာတစ်ဦးထံမှာ တပည့်မခံလိုတော့ဘူး၊ သင်တို့နဲ့အတူ လိုက်လိုတဲ့ တပည့်တွေ လိုက်ကြ၊ ငါကတော့ ဘယ်လို ကပြီး ဘယ်လိုပဲ ဇာတ်သိမ်းရ သိမ်းရ ဒီမှာပဲ ငါ့ဇာတ်နဲ့ငါ ဆရာကြီးပဲ လုပ်နေတော့မယ်'' ဆိုပြီး မြတ်ဗုဒ္ဓထံ သွားရောက်ဖို့ တွေဝေ တွန့်ဆုတ်စွာ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံး ဇာတ်သိမ်းကြရတဲ့အခါမှာတော့ အမှန်အကန်ကို သတ္တိရှိရှိ ဆုံးဖြတ်ခဲ့ကြတဲ့ တပည့်များက ဘဝရဲ့ အေးချမ်းမှု ကို ကိုယ်သိမျက်မှောက်ခံစားကြရပြီး သေခြင်းကင်းတဲ့ အဖြစ်နဲ့ ဇာတ်သိမ်းကြရတယ်။ ဆုံးဖြတ်ချက် တွေဝေနောက်တွန့်ခဲ့တဲ့ သိဉ္စည်း ဆရာကြီးကတော့ အမှန် တရားကို ကြောက်ရွံ့နောက်တွန့်ကြသူတို့ရဲ့ ထုံးစံအတိုင်း သာသနာတော်ဆိုတဲ့ ခေတ်ကောင်းကြီးတစ်ခုနဲ့ လွဲချော်ပြီး ပူပန်ဆင်းရဲ မှောင်မည်းလှတဲ့ဒုဂ္ဂတိဘုံဘဝမှာပဲ ကျင်လည်နေရဆဲပါ။ သူရဲ့ တွေဝေတဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် နောက်ထပ် သာသနာခေတ်ကောင်းတစ်ခု ကြုံဖို့ဆိုတာကတော့ ကမ္ဘာများစွာ ခြားနေဦးမှာပါပဲ။ဒါကြောင့်လည်း ဒီလိုပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီးတော့ပဲ ကဝိဗန္ဓနကထာကျမ်းဆရာက -

* လမ်းမှားသိလျက်၊ သွားမပျက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော။
* လမ်းကောင်းသိလျက်၊ ပြောင်းမတက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော။ လို့ ဆိုတာ ဖြစ်ပါလိမ့်မယ်။
အမှန်တရားကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိနဲ့ ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် မိမိရဲ့ တစ်ကိုယ်ရေ ဘဝကိုသာမက မိမိနေထိုင်ရာ ဝန်းကျင် လောကကြီး တစ်ခုလုံးကိုပါ အမှားက အမှန်၊ အမှောင်က အလင်း၊ အနိမ့်က အမြင့်အထိ လင်းလက် မြင့်တက်သွားအောင် ပြောင်းလဲသွားစေ နိုင်ပုံကိုတော့ ဘုရားရှင်ရဲ့ ကျောင်းဒကာကြီး အနာထပိဏ်ရဲ့ဖြစ်စဉ်က ထင်ရှားသိသာစေသလို အတုယူအားကျ ဖို့လည်း ကောင်းလှပါတယ်။

    အနာထပိဏ်သူဌေးကြီးဆိုတာ ကောသလမင်းကြီးအုပ်ချုပ်တဲ့ ကောသလတိုင်းရဲ့ မြို့တော် သာဝတ္ထိမြို့က အထင်ရှား အကြွယ်ဝဆုံး သူဌေးကြီးပါ။ အမည်ရင်းက ''သုဒတ္တ'' ဖြစ်ပေမယ့် ခိုကိုးရာမဲ့သူတို့ကို အစားအစာ ပေးကမ်းထောက်ပံ့လေ့ရှိတဲ့ သူ့ရဲ့ဂုဏ်ကြောင့် သူ့ကို အများက ''အနာထပိဏ္ဍိက = ခိုကိုးရာမဲ့သူတို့ရဲ့ ထမင်းရှင်'' ဆိုတဲ့ ဂုဏ်ထူးဆောင်အမည်နဲ့ပဲ ခေါ်ဆိုကြပါတယ်။

     အနာထပိဏ်သူဌေးကြီးဟာ ဗိမ္ဗိသာရမင်းကြီးအုပ်ချုပ်တဲ့ မဂဓတိုင်းရဲ့မြို့တော် ရာဇဂြိုဟ်က အထင်ရှား ဆုံးဖြစ်တဲ့ ရာဇဂြိုဟ် သူဌေးကြီးနဲ့ မောင်လည်နှမလည်(သမီးယောက်ဖ)ညီအစ်ကို တော်စပ်ပါတယ်။ အသီးအသီး ဒေသထွက်ပစ္စည်းများ အပြန်အလှန် သွားလာရောင်းချရာမှာ တစ်ဦးအိမ်တစ်ဦး တည်းခိုမြဲ ဖြစ်သလို တစ်ဦးဦးက အာဂန္တုကအဖြစ် ရောင်းဝယ်ဖောက်ကားဖို့ ရောက်လာကြတဲ့ အခါမှာလည်း အိမ်ရှင် (အာဝါသိက)သူဌေးကြီးက အဆောင်အယောင်များနဲ့ တခမ်းတနားကြိုဆိုပြီး နေရာချထား စီစဉ်ပေး ကြမြဲ ဖြစ်ကြပါတယ်။

   တစ်ခါသားမှာတော့ အနာထပိဏ်သူဌေးကြီးက နောက်ပါလှည်းငါးရာတို့နဲ့အတူ ရာဇဂြိုဟ်ကို သွားတဲ့အခါ မြို့နားနီးရောက်တော့ ထုံးစံအတိုင်း မိမိရောက်လာကြောင်း သတင်းစကား ကြိုတင်ပါး လိုက်ပေမယ့် ရာဇဂြိုဟ်သူဌေးကြီးက အကြိုအထောက် မရောက်လာပါဘူး။ လာနိုးနိုးနဲ့ စောင့်စားရင်း တဖြည်းဖြည်းခရီးဆက်လာခဲ့တာ ရာဇဂြိုဟ်သူဌေးရဲ့ အိမ်ဝသာရောက်ရော အစေခံအကြိုအထောက်လောက်ပဲ ရောက်လာတယ်၊ ရာဇဂြိုဟ်သူဌေးကြီးကတော့ သူ့အစေအပါးတွေနဲ့သူ ချက်ရေးပြုတ်ရေး ကိစ္စတွေကို ကြီးကြပ်ညွှန်ကြားရင်း အလုပ်ရှုပ်နေတယ်။

    အနာထပိဏ်သူဌေးကြီးက သူ့အတွက် စီမံပြင်ဆင်ထားတဲ့ ဘုံခုနစ်ဆင့်အဆောက်အဦရဲ့ ကျက်သရေခန်းမှာ နားနေချိန်ရောက်မှာသာ ရာဇဂြိုဟ်သူဌေးကြီး ရောက်လာပြီး ''မနက်ဖြန်မှာ မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်အပေါင်းကို ဆွမ်းအလှူ ကြီးပေးဖို့ ပင့်ဖိတ်ထားတဲ့အတွက် လစ်လပ် လစ်ဟင်းမှုမရှိအောင် စီမံညွှန်ကြား ဝေယျဝေစ္စများနေတဲ့အတွက် မြို့ပြင်ထွက်ပြီး ထုံးစံအတိုင်း မကြိုမထောက်နိုင်ကြောင်း'' ပြောဆိုနှုတ်ခွန်းဆက်လိုက်တဲ့အခါ အနာထပိဏ် သူဌေးကြီးမှာ ''မြတ်စွာဘုရား''ဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့တစ်ပြိုက်နက် ပါရမီဓာတ်ခံရဲ့ နှိုးဆော်မှုကြောင့် ပီတိအဟုန် ငါးမျိုးစုံအောင် တစ်ကိုယ်လုံးပြန့်နှံ့ပြီး ချက်ချင်းကြီးကို ဘုရားရှင်ထံ သွားရောက်ဖူးမြော်လိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာပါသတဲ့။

     ရာဇဂြိုဟ်သူဌေးကြီးက ''အရဟံအစရှိတဲ့ ဂုဏ်ကိုးဝနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သုဿန်သင်္ချိုင်းအနီးမှာရှိတဲ့ သီတဝနတောရကျောင်းမှာ သီတင်းသုံးနေတော်မူတာဖြစ်လို့ အခုအချိန်မှာတော့ သွားရောက်ဖို့ မဖြစ်နိုင်တော့ပါ။ နက်ဖြန်နံနက် စောစော ရောက်မှသာ အရဟံစတဲ့ ဂုဏ်တော်များသခင် ဘုရားရှင်ထံ သွားရောက်နိုင်ပါတော့မည်''လို့ ဖြေကြားပြောဆိုတဲ့အခါ အနာထပိဏ် သူဌေးကြီး လည်း ရာဇဂြိုဟ် သူဌေးထံက ကြားသိရတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ပွားများရင်း ဖြစ်ပေါ်လာတဲ့ပီတိအဟုန်တွေကြောင့် ထမင်းမေ့ ဟင်းမေ့သာမက အိပ်ဖို့ရာကိုပင် မကြိုးစားတော့ဘဲ ဘုရားဂုဏ်များကိုသာ အထပ်ထပ်ပွားများ နေလိုက်တဲ့အတွက် ပီတိအဟုန်တွေ တဖွားဖွားဖြစ်ပေါ်လာပြီး နေထိုင်ရာဝန်းကျင်တစ်ဝိုက်မှာတောင် အလင်း ရောင်တွေ ဖြာထွက် လင်းထိန်နေပါသတဲ့။

   ပီတိအဟုန်ကြောင့် ဖြစ်ပေါ်တဲ့ အလင်းရောင်တွေကိုပဲ နေထွက်တဲ့အလင်းရောင်လို့ မှတ်ထင်ပြီး သဘာဝအလင်းရောင်မရမီ မိုးသောက် အားကြီး(အမှောင်ထုအားကြီး)တဲ့ လင်းခါနီးအချိန်မှာပဲ ဘုရားရှင်ရှိရာကို သွားဖို့ ဘုံခုနှစ်ဆင့်ရှိတဲ့ အဆောက်အဦအထက်က ဆင်းသက်လာတဲ့ အခါ ဘုံခုနှစ်ဆင့်ရဲ့ တံခါးတွေဟာ အလိုလို အရန်သင့် ပွင့်လင်းနေပါတော့သတဲ့။

    ဘုံခုနှစ်ဆင့်က ဆင်းပြီး မြို့တွင်းလမ်းမအတိုင်း လျှောက်လာခဲ့လို့ မြို့တံခါးအနီး ရောက်တဲ့ အခါမှာတော့ အရိယာဖြစ်တဲ့မြို့စောင့်နတ်က မြို့တံခါးကို အရန်သင့်ဖွင့်ထားနှင့်တဲ့အတွက် မြို့ပြင်ကို အဟန့်အတားမရှိ ထွက်လာနိုင်ခဲ့ပါတယ်။

    အဲဒီခေတ်ဒေသဓလေ့ထုံးစံအရ သူသေများကို ရက်ခြားအောင် အိမ်မှာမထားကြဘဲ သေဆုံးပြီးပြီးချင်း စွန့်ပစ်ကြပါတယ်။ လူဦးရေကိုးကုဋေလောက်နေထိုင်တဲ့ ရာဇဂြိုလ်မြို့တွင်းမှာလည်း နေ့နေ့ညည သေဆုံး သူများက အမြဲမပြတ်လို ရှိနေကြတာပါ။ ညပိုင်းမှာ သေဆုံးသူများကိုတော့ မြို့တံခါးတွေ ပိတ်ထားတဲ့အတွက် တံတိုင်းပေါ်ကနေပြီးတော့ပဲ အပြင်ကို ပစ်လွှင့်ထားကြလို့ အနာထပိဏ် သူဌေးကြီးမြို့ပြင် ရောက်တယ်ဆိုရင်ပဲ လောလောလတ်လတ် စွန့်ပစ်ထားတဲ့ အလောင်းကောင်တွေကို နင်းမိ တိုက်မိပြီးကြောက်လန့် သွားတဲ့ အတွက် ဘုရားဂုဏ်ကို အာရုံပြုနေတဲ့ ပီတိအဟုန်ကြောင့် ဖြစ်ပေါ်နေတဲ့ အလင်းရောင်များလည်း ကွယ်ပျောက် သွားလို့ ပတ်ဝန်းကျင်ဟာ မှောင်အတိကျရောက်ပြီး ကြောက်သည်ထက်ပိုကြောက်လာကာ နောက်ကြောင်း ပြန်လှည့် လိုတဲ့ စိတ်တွေ ဖြစ်လာပါသတဲ့။

     အဲဒီအခါမှာ ဝန်းကျင်ကို စောင့်ကြပ်တဲ့ သိဝကနတ်ဘီးလူးက ကိုယ်ထင်မပြဘဲ သာယာချိုမြိန်တဲ့ အသံနဲ့ ''အို ..အနာထပိဏ်သူဌေးကြီး အမှန်တရားရှိရာ ဘုရားကျောင်းတော်ဆီ အရောက်သွားမည်ဟု ရည်မှန်းထားတဲ့ ယောကျာ်းလူစွမ်းရဲ့ခြေတစ်လှမ်းဟာ မင်းထိုက်စိုးတန် အမျိုးမှန်တဲ့ အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ သတို့သမီးကညာ တစ်သိန်းတို့ထက် အဆပေါင်းများစွာ အဖိုးထိုက်တန်ပါတယ်။ သူဌေးကြီး ရှေ့ကိုသာ ဆက်သွားပါ၊ ရှေ့ကိုသာ ဆက်သွားပါ၊ သင်သူဌေးကြီးအတွက် ရဲရဲဝံ့ဝံ့ ရှေ့ကိုဆက်သွားခြင်း ကသာ ချီးမွမ်းထိုက်အောင် မြင့်မြတ်လှပါတယ်။ ကြောက်ရွံ့တွန့်ဆုတ် နောက်ပြန်တုံ့ခြင်းဟာ အကျိုးလည်းမဲ့ ကဲ့ရဲ့ဖွယ်လည်း ဖြစ်ပါလိမ့် မယ်''လို့ အားပေးတိုက်တွန်စကား ပြောကြားလိုက်တဲ့အခါကျမှ သူဌေးကြီးလည်း ''ငါ့မှာ အဖော်မရှိ တစ်ယောက်တည်းလို့ မှတ်ထင်ပြီး ကြောက်ရွံ့ နေတာ ခုတော့ အပေါင်းအဖော်တွေနဲ့ပါလား''လို့တွေးတောအားတက်ပြီး ရဲစိတ်တွေ ပြန်ပေါ်လာ ပါတော့တယ်။

    ရဲဝံ့တဲ့ စိတ်ဓာတ်နဲ့ ရှေ့ကိုသာဆက်ဖို့ ဆုံးဖြတ်ပြီး ဘုရားရှင်ဂုဏ်ကို အာရုံပြုလိုက်တဲ့အခါ သဒ္ဓါတရား, ပီတိ တရားတွေလည်း အရှိန်အဟုန်ပြန်လည်ကြီးထွားတက်ကြွပြီး အလင်းရောင်တွေလည်း ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် စိတ်ရဲ့ကြောက်ခြင်း,ကိုယ်ရဲ့ တုန်လှုပ်ခြင်း နဲ့ ကြက်သီးမွေးညှင်း ထခြင်းများ လည်း ငြိမ်းအေးသွားပါတယ်။

    ဒီလိုနဲ့ ခရီးဆက်ခဲ့ရာက ဘုရားရှင်ရဲ့ကျောင်းတော်အနီး သုဿာန်ခရီးကို ဖြတ်သန်းရတဲ့အခါမှာလည်း အသုဘကောင် အမျိုးမျိုးနဲ့ တောခွေး အိမ်ခွေးတို့ရဲ့အသံကို တွေ့မြင်ကြားသိရတဲ့အခါ ကြောက်စိတ်တွေ ပြန်ဝင်လာပြန်လို့ ဘုရားအာရုံတွေပျောက်ပြီး အမှောင်ထုပြန်ဖုံး သွားပြန်တဲ့အတွက် ရှေးနည်းအတူ နောက်ပြန် ဆုတ်ရကောင်းမလားဆိုတဲ့ ကြောက်ရွံ့တွန့်ဆုတ်တဲ့ စိတ်တွေ ပေါ်လာပြန်တယ်။ ဒီအခါမှာလည်း ရှေးနည်းအတူ သိဝကနတ်ဘီလူးက အားပေးတိုက်တွန်းစကား ပြောပေးပါတယ်။ ဒီလိုနဲ့သုံးကြိမ်လောက် တွန့်ဆုတ်ဖြစ်ခဲ့ရာက နောက်ဆုံးမှာတော့ ဘုရားရှင်ထံတော်မှောက်ကို ရဲရဲဝံ့ဝံ့ ရှောရှောရှူရှူကြီး ရောက်သွား ပါတော့တယ်။

     မြတ်စွာဘုရားရှင်ကို ဖူးမြင်ကန်တော့ပြီးလို့ တရားဓမ္မနာယူရတဲ့အဆုံးမှာတော့ သူဌေးကြီးရဲ့ စိတ်သန္တာန်မှာ စွဲမှီညစ်ပေနေတဲ့ အထင်အမြင်အယူအဆ မှားယွင်းမှု(ဒိဋ္ဌိ)နဲ့ တွေးတောယုံမှား သံသယပွားမှု(ဝိစိကိစ္ဆာ)အမှောင်ထုတို့ ကင်းစင်လွင့်ပျောက်ပြီး သောတာပတ္တိဖိုလ် ဆိုတဲ့ တရားအလင်း ဓာတ်များ ပေါ်ပေါက်တည်ရှိသွားပါတော့တယ်။

    ဘုရားရှင်နဲ့နောက်ပါသံဃာတော်ကို ဆွမ်းအလှူကြီးပေးပြီး မိမိရဲ့ဇာတိ သာဝတ္ထိမြို့မှာ သီတင်းသုံးနေထိုင်ဖို့ ဘုရားရှင်ကိုလျှောက်ထား ပန်ကြားတဲ့အခါ ဘုရားရှင်ကလည်း ကရုဏာကြီးစွာ လက်ခံလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဌေးကြီးကမိမိရဲ့ ဇာတိနိုင်ငံမှာ ''ဇေတဝန်'' ဆိုတဲ့ ကျောင်းတိုက်ကြီးကို အခက်အခဲအမျိုးမျိုးကို အံတုရင်ဆိုင်ပြီး အောင်အောင်မြင်မြင် ဆောက်လုပ် လှူဒါန်းခဲ့တဲ့ အတွက် သာဝတ္ထိပြည်နဲ့ ကောသလတိုင်းသားများရဲ့ဘဝဟာလည်း မြတ်ဗုဒ္ဓရဲ့ တရားစွမ်းအားတွေ ရရှိပြီး အမှောင်ခေတ်ကြီးကို လွန်မြောက်ကာ အမှန်တရားရဲ့အလင်း ရောင် ထွန်းပရာ ခေတ်သစ်ကြီးအဖြစ် ပြောင်းလဲ တိုးတက် လာပါတော့တယ်။

    သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်ကြီးဟာ ဘုရားရှင်နဲ့နောက်ပါ သံဃာတော်အတွက်နေထိုင်ဖို့ သပ္ပါယမျှတသလို ကျောင်းဒကာကြီးနဲ့ ပြည်သူပြည်သားများကလည်း သဒ္ဓါတရားထက်သန်ကြတဲ့အတွက် ဘုရားရှင်ဟာ သက်တော်ထင်ရှားနေထိုင် သမျှ သက်တမ်းရဲ့ ထက်ဝက် ကျော်ကျော်(၂၅)ဝါတိုင်တိုင် ဝါဆိုတော်မူခဲ့ပါတယ်၊ သီတင်းသုံးနေထိုင်စဉ်အတွင်းမှာလည်း မင်းနဲ့ပြည်သူ ခပ်သိမ်းလူတို့ရဲ့ စရိုက်, ဝါသနာ, အလေ့အထုံဓာတ်ခံအလိုက် တရားဓမ္မများ ဟောကြားခဲ့တာကြောင့် မြတ်ဗုဒ္ဓရဲ့ ဝိနည်း ပညတ်တော် အများစုနဲ့ သုတ္တန်ဒေသနာတော် အတော်များများတို့ဟာ သာဝတ္ထိပြည်မှာ ပညတ်ခဲ့ç ဟောကြားခဲ့တာတွေများပါတယ်။

   သာသနာပဆိုတဲ့ အမှောင်ခေတ်ကြီးကုန်လွန်ပြီး ''သာသနာတွင်း ဓမ္မအလင်းခေတ်''ဆိုတဲ့ ခေတ်သစ်ကြီးတစ်ခု သာဝတ္ထိပြည်နဲ့ဝန်းကျင် မှာသာမက ကမ္ဘာနဲ့အဝှမ်း ပြောင်းလဲဖြစ်ပေါ်လာခြင်းမှာ အနာထပိဏ်သူဌေးကြီးရဲ့ ရဲဝံ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ခဲ့တယ် ဆိုတာ ကတော့ အထူးပြောစရာ မလိုတော့ပါဘူး။

    မြတ်ဗုဒ္ဓခေတ်က ဖြစ်ပျက်ခဲ့တဲ့ ဒီဖြစ်ရပ်တွေကိုကြည့်လိုက်ရင် သံဝေဂပွားများစရာရော အတုယူအားကျစရာများပါ နှစ်မျိုးလုံးကို တွေ့မြင်နိုင်ပါတယ်၊ သိဉ္စည်းဆရာကြီးဟာ အခွင့်ကောင်းကြီးတစ်ခုကို ကြုံတွေ့ရပါလျက် မပြောပလောက်တဲ့အကြောင်းကလေး တစ်ခုကို ငဲ့ကွက်ပြီး အမှန်အကန်ဆုံးဖြတ်ရဲတဲ့ သတ္တိချို့တဲ့ခဲ့တဲ့အတွက် ''သာသနာတွင်း''ဆိုတဲ့ ခေတ်ကောင်း ကြီးတစ်ခုကို လွဲချော်သွားခဲ့ ရတယ်ဆိုတာရယ်။

   အနာထပိဏ်သူဌေးကြီးဟာ သူ့အတွက်အခွင့်ရလိုက်တဲ့ ခဏကောင်းတစ်ခုကို ရဲရဲဝံ့ဝံ့çသတ္တိရှိရှိ အရအမိ ဆုပ်ကိုင် ဆုံးဖြတ်နိုင်တဲ့အတွက် မိမိရဲ့ဘဝတစ်ခုအတွက်သာမက မိမိဖြစ်တည်ရာနိုင်ငံနဲ့ လောကကြီး တစ်ခုလုံးကိုပါ မည်းရာမှဖြူ၊ မှောင်ရာမှ လင်း၊ ဆိုးရာမှ ကောင်း၊ နိမ့်ရာမှ မြင့်တက်လာတဲ့ အခွင့်အရေး ကောင်းကြီးတွေကို ရယူလိုက်နိုင်ခဲ့တယ်ဆိုတာရယ်ကိုပါ။

  ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်ကလည်း အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊် အက္ခဏသုတ်မှာ
'' ဣဓ စေနံ ဝိေိရောဓေတိ = အခွင့်ကောင်း ခဏကောင်းတစ်ခုကို လက်လွတ်စေ ချွတ်ချော်စေသူဟာ။
စိရတ္တံ္တံ အနုတပိဿတိ =  နေ့ညဉ့်ရှည်ကြာ နောင်တပူပန် ရလိမ့်မည် '' လို့ သတိပေး ဆုံးမခဲ့ပါတယ်။

    ဘုရားရှင်က ဥပမာသာဓက ပြတာကတော့ ''ဝါဏိဇောဝ အတီတတ္ထော= အခါအခွင့်ကို လက်လွတ်ခဲ့ ရတဲ့ ရွှဲကုန်သည် လိုဖြစ်မယ်'' တဲ့။
ဒေဝဒတ်အလောင်း ရွဲကုန်သည်ဟာ အဖိုးတစ်သိန်းထိုက်တဲ့ရွှေခွက်ကို အဦးဆုံးတွေ့ရပေမယ့် အချောင်ရလိုတဲ့ စိတ်ထားနဲ့ ရွှေခွက်ကို ပဲဝက်တောင်မတန်ဘူးဆိုပြီး မြေပေါ် ကိုင်ပေါက်လွှင့်ပစ်ခဲ့တယ်၊ နောက်မှရောက်လာတဲ့ ဘုရားလောင်း ရွဲကုန်သည်က အမှန်အတိုင်းပြောပြီး ရွှေခွက်ကို ရယူသွားနိုင်ခဲ့တယ်၊ ဒေဝဒတ်အလောင်းရွဲကုန်သည်က အဖိုးအနည်းငယ် ပေးပြီးယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက် တစ်ကြိမ် ပြန်လာချိန်မှာတော့ လက်လွန်သွားခဲ့ပြီဆိုတာ သိလိုက်ရပြီး ဘုရားအလောင်းနောက်ကို လိုက်ပေမယ့် မမှီလိုက်တော့တဲ့အတွက် နောင်တကြီးစွာပူပန်ပြီး သွေးပွက်ပွက်အန်ကာ သေဆုံးသွားရပါသတဲ့။ အဲဒီရွဲကုန် သည်လို မဖြစ်ကြစေနဲ့လို့ သတိပေးလိုတာပါ။

 နောင်တပူပန်ရမှု ကင်းဝေးကြစေဖို့ ခဏကောင်းတစ်ခုကို
သတ္တိရှိရှိ ရယူနိုင်ကြပါစေသော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(29 March 2012)