Wednesday, March 30, 2011

ဘ၀ရဲ့ အခြေခံ အခွင့်အရေး

ဘ၀ရဲ့ အခြေခံ အခွင့်အရေး

မွေးနေ့ လက်ဆောင် ဆိုတဲ့ အတိုင်း မိမိရဲ့ မွေးနေ့ကို အကြောင်း ပြုပြီး စဉ်းစားမိသမျှ ကလေးကို မွေးနေ့ပွဲ လာရောက်ကြတဲ့ ပရိတ်သတ်များကို လက်ဆောင်အဖြစ် ဟောပြောပေးခဲ့တဲ့ လက်ဆောင် စကားလေးတွေပါပဲ၊ သိပ်တော့လဲ လေးလေး နက်နက် ကြီးတော့ မဟုတ်လှပါဘူး၊ ပထမဆုံး ပေးဖြစ်ခဲ့ တာကတော့ အရင်ပြောခဲ့ပြီး ဖြစ်တဲ့ စကားရဲ့ အနှစ်ချုပ် ကတော့ သက်ရှိ အရိပ်တွေ ဆိုတာ သူတို့တွေ သက်ရှိထင်ရှား မရှိတော့ ပေမယ့်လဲ သူတို့ ရဲ့အရိပ်ကို မဖျက်သမျှ အရိပ်တွေဟာ အနန္တတိုင်အောင် မပျက်ဘဲ အမြဲအေးမြစေ နိုင်စေစွမ်းရှိတယ်။ ....


သူတို့ ရဲ့ အရိပ်ကို ဖျက်ဆီးမိရင်တော့ သူတို့ အသက်ထင်ရှားရှိနေပေမယ့် အရိပ်တွေပျက်ပြီး အပူမိတတ်တယ်၊ သက်ရှိရိပ်ကို ဖျက်ရာမှာ အဖျက်ခံရတဲ့ အရိပ်တွေပူသွားမှာ မဟုတ်ပါဘူး၊ ဖျက်သူတွေ ပူကြမှာ၊ ပူတယ်ဆိုတာတောင်မှ ရိုးရိုးပူရုံသာမကဘူး လောင်မြိုက်တတ်တယ်ဆိုတဲ့ အကြောင်းပါ။

မွေးနေ့ မှာ ဆက်ပြီးပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ မွေးဖွားလာသူတိုင်းရဲ့ အခြေခံအခွင့်အရေးအကြောင်းပါပဲ။ အခြေခံ အခွင့်အရေးပြည့်ဝဖို့  စဉ်းစားတဲ့အခါ အခြေခံတရားက ဘာတွေလဲဆိုတာကို စပြီးစဉ်းစားမိပါတယ်။ အခြေခံ တရားတွေကို လိုက်ပြီး စဉ်းစားကြည့်တဲ့ အခါမှာ သုဂတိဘုံကို ရောက်စေတဲ့ အတိတ် ကုသိုလ်ကံတရားနဲ့  သာသနာတော်ကို ကြုံကြိုက်စေတဲ့ ပါရမီ တရားတွေကစပြီး တွက်ဆ စဉ်းစား ကြည့်ပါတယ်။ ဒါကြောင့် လူ့ အခြေခံတရားတွေထဲမှာ အတိတ်အခြေခံတရားဖြစ်တဲ့ ကုသိုလ်ကံမျိုးစေ့နဲ့  ပါရမီမျိုးစေ့ဆိုတဲ့ တစ်စုံရယ်၊ အခုဘ၀မှာ လူဖြစ်ရခြင်း သာသနာတော်နဲ့  ကြုံကြိုက်ရခြင်းဆိုတဲ့ အခွင့်ထူး အခြေခံတစ်စုံရယ်ကို သတိပြုမိလာပါတယ်၊ ပြီးတော့ မြန်မာလူမျိုးတိုင်းလိုလို ကြားသိဖူးကြတဲ့အတိုင်းပဲ သက်ရှိသတ္တ၀ါတိုင်းမှာ ရုပ်တရား နာမ်တရားဆိုတဲ့ အခြေခံတရားနှစ်ခု အကြောင်းပါ။ ဒီအခြေခံတရား နှစ်ခုတို့ မှာလဲ ရုပ်တရားမှာ ရုပ်ရဲ့ စွမ်းအားတွေရှိသလို နာမ်တရားမှာလဲ နာမ်ရဲ့စွမ်းအားတွေဆိုတာ ရှိပါတယ်။

ရုပ်ရဲ့ စွမ်းအားတွေဆိုတာကတော့ အဆင်း, အသံ, အနံ့ , အရသာ, အတွေ့ အထိဆိုတဲ့အပြင် အာရုံတွေကို ယူပေးနိုင်စွမ်းတဲ့ မျက်စေ့, နား, နှာ, လျှာ, ကိုယ်တို့ ပဲဖြစ်ပါတယ်။ နာမ်ရဲ့ စွမ်းအားတွေကတော့ သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ ဗလငါးပါး တို့ ပဲဖြစ်ပါတယ်။ ရုပ်စွမ်းအားတွေဆိုတာ အပြင်ပအာရုံတွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားတွေဖြစ်လို့  သူတို့ လို ‘အပြင်အားတွေ’ လို့ လဲ ဆိုနိုင်ပါတယ်။ နာမ်ရဲ့စွမ်းအားတွေကတော့ ခန္ဓာကိုယ်ရဲ့ အတွင်းအကျဆုံး ဟဒယနှလုံးသားမှာ တည်မှီဖြစ်ပေါ်တဲ့အားတွေဖြစ်လို့  ‘ အတွင်းအား ’ လို့  ဆိုရမှာပေါ့။

မြတ်စွာဘုရားရှင်က တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားတော်မှာ ဟောပြောချက်အရဆိုရင် သာသနာပ ကာလသားလူတွေဟာ အတွင်းအားအကြောင်း သိသူရှားတယ်၊ အပြင်အားများကိုသာသိကြပြီး အပြင်အားတွေရဲ့ အခွင့်အရေးပြည့်ဝရေးကိုသာ ကြိုးစားအားထုတ်ကြတယ်။ အပြင်အားတွေက ဘ၀ရဲ့ လက်ဦးအိမ်ရှင်လိုဖြစ်တဲ့ တဏှာ လောဘနဲ့  ပေါင်းမိကြရာက မျက်စေ့အကြိုက်၊ နာအကြိုက်စတဲ့ အာရုံတွေကို ရှာဖွေခံစားကြတယ်၊ အတိုင်းထက်အလွန် ရယူပိုင်ဆိုင်ကြဖို့ လဲ ကြိုးစားအားထုတ်ကြတယ်၊ လောကထဲမှာတော့ အဲဒီလို ခံစားစရာ အာရုံငါးပါးတွေကို အမည်အမျိုးမျိုးတပ်ထားတဲ့ ရွှေငွေကျောက်သံစတဲ့ ပစ္စည်းသတ္တုတွေ များများပိုင်ဆိုင်ထားရတာကိုပဲ တကယ်ချမ်းသာ အစစ်ကြီးလို့ မှတ်ထင်ကြပါတယ်၊ လောကမှာ သတ်မှတ်ခေါ်ဆိုကြတဲ့ ‘လူချမ်းသာတွေ’ ဆိုတာဟာ အဲဒီအာရုံငါးပါးတွေကို များများပိုင်ဆိုင်ကြသူတွေကို ခေါ်ကြတာပါပဲ။

အဓိက ပြဿနာကတော့ အပြင်အားတွေကိုသာ အသုံးများလာကြတဲ့အခါ သဒ္ဓါပညာစတဲ့ အတွင်းအားတွေဟာ လုံးဝဆိတ်သုဉ်း ကြတော့မလောက် နီးပါးအထိ လျော့ပါးသွားကြပါတယ်။ လူရဲ့ ပင်ကိုယ်မျိုးစေ့ဖြစ်တဲ့ ကုသိုလ်တရားရဲ့ အပြစ်ကင်းခြင်း၊ ကောင်းကျိုးဆောင်ခြင်းဆိုတဲ့ အသိတရားလောက်တောင် ထားဖော်မရကြတော့တဲ့ အထိကိုလျော့ပါးသွားကြတာပါ၊ ဒါကြောင့်လဲ ‘ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုတဲ့သဘောနဲ့ ကိုယ့်အတွက်ရရေးကိုသာ အဓိကထားလာကြတဲ့အခါ ဒီကိလေသာ အပူရည်တွေကြောင့်ပဲ ကိုယ်ကျင့်တရားတွေလဲ ကိုယ်ငွေ့ တရားတွေဖြစ်သွားကြပြီး အငွေ့ နဲ့ အတူ လွင့်ပျယ်သွားကြပါတယ်။ လူဆန်တဲ့ အသိတရားတွေလဲ အငွေ့ ပျံတဲ့အထဲ ပါသွားပါတယ်။

အသိမဲ့လေ အမိုက်ကြီးလေဆိုတဲ့ ဓမ္မတာအတိုင်းပဲ အာရုံတွေ များများ ပိုင်ဆိုင်နိုင်ရေးအတွက် လူအင်အားတွေ စုကြ၊ နယ်မြေတွေ သူပိုင်ငါပိုင် သိမ်းပိုက်ကြနဲ့  နောက်ဆုံးတော့ အင်အားကြီးသူတွေက အရာရာကို ပိုင်စိုးချယ်လှယ်တဲ့ ပဒေသရာဇ် ရှင်ဘုရင်တွေဆိုတာအထိ ဖြစ်ကုန်ကြပြီး အင်အားပြိုင်ပွဲတွေ နယ်မြေလုယူ ချဲ့ ထွင်မှုတွေ အပါအ၀င် သွေးထွက်သံယို သတ်ဖြတ် တိုက်ခိုက်ပွဲတွေအထိ အပြစ်ကြီးတွေ ကျူးလွန်ကြတာလဲရှိလာပါတယ်။

အာရုံငါးပါး ကာမဂုဏ် တရားတွေဆိုတာကလဲ ‘ကာမငါးထွေ၊ ဆားငံရေသို့ ၊ သောက်လေ သောက်လေ၊ သောက်မပြေတည့်’ ဆိုတဲ့အတိုင်း ရလေလိုလေ ဖြစ်တတ်စမြဲပဲ။ အတွင်းအား အသိနည်းတဲ့အတွက် သတိမထားမိကြတဲ့ အချက်ကတော့ ပိုင်ဆိုင်သူနဲ့ ပိုင်ဆိုင်စရာတွေဆိုတာ သင်္ခါရနယ်က ပစ္စည်းဝတ္တုတွေ ချည်းဖြစ်ကြတဲ့အတွက် သေကွဲရှင်ကွဲ တစ်ကွဲကွဲနဲ့ ကွဲကွာရမြဲ ခွဲခွာရမြဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကို သတိမထား အသိမပွားနိုင်တဲ့အတွက် အစွဲနာကြသူ တိုင်းဟာ ‘အစွဲနာ အခွာခက်’ ဖြစ်ပြီး နောက်ဆုံးတော့ သင်္ခါရဓမ္မနိယာမ အတိုင်း ကွာကျသလို သက်သောင့် သက်သာ မဖြစ်ကြဘဲ ခွါချသလို ကျင်နာခံခက်တဲ့ ဒုက္ခကြီးနဲ့ တွေ့ ပြီး ၀မ်းနည်းပူဆွေးမှုတွေနဲ့ ပဲ တစ်ဘ၀ဇာတ်ကို ငိုခြင်းနဲ့ အဆုံးသတ်ကြရတယ်။ ဒီလိုအာရုံငါးပါးကို အသိမဲ့သိမ်းပိုက်ခံစားရင်း ဘ၀ကို ငိုကြီးချက်မနဲ့ ဇာတ်သိမ်းကြရ သူတွေကို တရားဦး ဒေသနာတော်မှာ ‘ ကာမ သုခလ္လိကာနုယော= ကာမချမ်းသာ ခံစားမှု အစွန်းရောက်သမားတွေ’ လို့  မှတ်ချက်ချတော်မှုပါတယ်။

အစွဲနာသလောက် အခွာခက်ပြီး ကျင်နာခံခက်တဲ့ ဒုက္ခတွေနဲ့ သာ ဘ၀နိဂုံးချုပ်ကြရသူတွေရဲ့ ဖြစ်ရပ်ကို သံဝေဂပွားပြီး သတိထားမိသူတချို့ လဲရှိလာပြန်တယ်။ သူတို့ သတိပြုမိတာကတော့ အပြင်အားတွေကို အထိမ်းမဲ့ လွှတ်ပေးထားတဲ့အတွက် အပြင်စွမ်းအားတွေနဲ့ ဘ၀ဦးပိုင်တဏှာတို့ ရဲ့ အလိုကိုလိုက်ရင်း အာရုံငါးပါးတွေကို အစားကြီးကြ၊ အစွဲနာကြလို့ ဒီလိုအကျပ်ဆိုက်ကြရတာဖြစ်တယ်။ ဒါကြောင့် အပြင်အားတွေကို လုံးဝထိမ်းချုပ်နိုင်မှ ဒီဒုက္ခကြီးက လွတ်မြောက်မယ်၊ အာရုံတွေကို စွန့် ခွာရမှာဖြစ်တဲ့အတွက် အာရုံကိုရှာဖွေခံစားနေကြတဲ့ မြို့ ရွာကို စွန့် လွှတ်ပြီး တောနက်ရာ မှာနေကြမယ်လို့ ဆုံးဖြတ်ခံယူကြတဲ့ အုပ်စုအနည်းငယ်ပါ။

သူတို့ ဟာ လူ့ ဘောင်ရပ်ရွာကို စွန့် ခွာပြီး တောနက်ရာမှာ နေထိုင်ကြရင်း အပြင်အားများဖြစ်ကြတဲ့ မျက်စေ့, နား, နှာတို့ ကို အပြင်းအထန် ထိန်းချုပ်ညှင်းဆဲတဲ့ အကျင့်ကို ကျင့်ကြပါတယ်။ သူတို့ ဟာ ‘ဒုက္ခနဲ့ ရင်းနိုင်မှ သုခရမယ်’ လို့ ခံယူကြသူများပီပီ အသက်ကိုထိန်းဖို့ အစားအစာကိုတောင်တောထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အသီးအရွက် အခေါက်လောက်နဲ့ ပဲ မျှတကြပါတယ်။ ကာယကို ကာကွယ်ဖို့ အ၀တ်အစားကိုလဲ တချို့ က ဟီရိသြတ္တပ္ပကို လုံတယ်ဆိုရုံ သစ်ရွက်သစ်ခွံတို့ နဲ့  ကာကွယ်ထားကြပြီး များသောအားဖြင့်ကတော့ ဖောဋ္ဌဗ္ဗာရုံ အခြုံအ၀တ်တို့ ကို လုံးဝစွန့် ပယ်ကြတာပါ။ ဒီကြားထဲမှာ အာရုံခံစားလိုစိတ်တွေ ပေါ်ပေါက်လာသေးတယ်ဆိုရင်လဲ ‘ပူရင် မီးလှုံ၊ ချမ်းရင် ရေချိုး၊ နားရင် ကြိုးခုန်၊ မောရင် ဇယ်ခုပ်’ ဆိုတာတွေလုပ်ပြီး နိုးကြားနေချိန်တွေကို ကုန်လွန်စေပြီးတော့မှ နောက်ဆုံးဖတ်ဖတ်မောချိန်မှာ အနည်းငယ်သာ အိပ်စက်နားနေပြီး ကျင့်ကြံအားထုတ်နေကြသူတွေဖြစ်ပါတယ်။

ဒီနေရာမှာ သူတို့ သတိမထားတတ်တဲ့ အချက်ကတော့ ဘ၀ရဲ့ အခြေခံမှာ ရုပ်တရား, နာမ်တရား နှစ်ပါးရှိသလို ရုပ်စွမ်းအား နာမ်စွမ်းအား နှစ်မျိုးရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့်လဲ ရုပ်စွမ်းအားတွေကို ထိန်းချုပ်ကန့် သတ်ချက်မရှိ ခံစားသိမ်းပိုက်မှုလွန်ကဲတဲ့အတွက် စိုးရိမ်ပူဆွေးမှုတွေနဲ့  ဇာတ်သိမ်းရတာတွေကို သံဝေဂယူပြီး ရုပ်စွမ်းအားတွေကို ချွင်းချက်မထား ကန့် သတ်ထိမ်းချုပ်ပစ်ဖို့ ကြိုးစားကြတာပါ။

အမှန်ကတော့ ရုပ်ရဲ့ စွမ်းအားတွေကို အကန့် အသတ် အထိန်းအချုပ်မရှိ လွှတ်ပေးထားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားပိုင်ဆိုင်မှုတွေ များပြားလာတဲ့အခါရုပ်အတွက် ပြည့်စုံကြွယ်ဝသလို ထင်ရပေမယ့် နာမ်မှာတော့ နာမ်ရဲ့ ရောဂါဝေဒနာများလို့ ခေါ်နိုင်တဲ့ တဏှာဥပါဒါန်တွေ၊ ဣဿာမစ္ဆေရတွေစတဲ့ အသိဉာဏ်ပိတ်တရားတွေ တိုးပွားလာတဲ့အတွက် နာမ်စွမ်းအားတွေ ကျဆင်းရတာပါ၊ တိုးသင့်တဲ့ စွမ်းအားတွေက လျှော့ပါးပျောက်ကွယ်ပြီး လျော့ပါးပျောက်ကွယ်သင့်တဲ့ တရားတွေက တိုးပွားလာတဲ့အတွက်ကြောင့်ပဲ အပူမျိုးတရားတွေ တိုးပွားသလောက် အပူတွေလဲ တိုးပွားပြီး ဒုက္ခရောက်ကြတာပါ။

ဒီအပူဒုက္ခတွေကို ငြိမ်းစေချင်ရင် အတွင်းအားဖြစ်တဲ့ နာမ်စွမ်းအားတွေကို မြှင့်တင်ပြီး ကိလေသာ အပူအားတွေကို လျော့ပါးအေးငြိမ်းစေရမှာ ဖြစ်ပါတယ်။ အတွင်းပူတွေကို အတွင်းအားများနဲ့ သာ ငြိမ်းအေးရမှာလို့  သဘောမပေါက်ကြလေတော့ အတွင်းပူ ငြိမ်းရေးအတွက် အပြင်အားတွေကိုသာ လျော့ချဖို့ ကြိုးစားတဲ့အတွက် အတွင်းပူတွေက မငြိမ်းတဲ့အပြင် အငတ်ဘေးဆိုက်ပြီး အပြင်ပူတွေပါ ထပ်တိုးလာပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မေတ္တာများဖြင့်....

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/]http://www.ashinsirinda.com

၂၀၁၁-ခု၊ ဇန်နဝါရီလ ၃-ရက်၊ တနင်္လာနေ့