Wednesday, March 16, 2011

အတွင်းအားကို သုံးကြစို့ 


အတွင်းအားကို သုံးကြစို့ 


အဘိဓမ္မာအလိုကတော့ အတွင်းက ကိလေသာပူတွေကို စေတသိကဒုက္ခလို့ ခေါ်ကြပြီး အပြင်က အာရုံငတ်မှု ဒုက္ခကိုတော့ ကာယိကဒုက္ခလို့ ခေါ်ပါတယ်။ စေတသိကဒုက္ခ ငြိမ်းရေးအတွက် ကိုယ့်ကာယ အပြင်အားတွေကို ထိန်းချုပ်ကာကွယ်ဖို့ ကြိုးစားကြတာဖြစ်လို့ အနာတခြား ဆေးတခြား ဖြစ်ပြီး ကာယိကဒုက္ခ ကြီးတွေပါ တိုးပွား လာတာပါ။

ဒါကြောင့်လဲ ဒီကျင့်စဉ်ကြီးနဲ့ပတ်သက်လို့ ဘုရားရှင်က “အတ္တကိလ မထာနုယောဂ=ကိုယ်ကိုပင်ပန်းအောင် ညှင်းဆဲ အားထုတ်မှု” အစွန်းရောက် တယ်လို့  မှတ်ချက်ချဲ့တာပါ။

အပြင်အား အသုံးလွန် သူတွေက အာရုံသိမ်း ပိုက်စွဲလန်းမှု လွန်ကဲပြီး အကြပ်ဘေး ဒုက္ခရောက်တယ်၊ အပြင်အား အထိန်းလွန်သူတွေက အာရုံစွန့် လွှတ်မှု လွန်ကဲပြီး အငတ်ဘေး ဒုက္ခရောက်တယ်။ ကြပ်တာနဲ့ ငတ်တာပဲထူးတယ် ဒုက္ခရောက်တာကတော့ အတူတူပါပဲ။

ဒါကြောင့်လဲ မြတ်စွာဘုရားရှင် ပထမဦးဆုံး တရားဟောတော်မူတဲ့အခါ ဒီအစွန်းရောက်မှုကြီး နှစ်ခုလုံးဟာ ဒုက္ခနဲ့ ဇာတ်သိမ်းရတဲ့ အမှားလမ်းစဥ်ကြီးနှစ်ခုလို့ သတ်မှတ်တော်မူပြီး ဒုက္ခလွတ်မြောက်လို သူတိုင်း ဒီအစွန်းရောက် ကျင့်စဉ် နှစ်မျိုးလုံးကို ရှောင်ရမယ်လို့  ဟောတော်မူတာပါ။

ဒီအစွန်းနှစ်ပါးကလွတ်တဲ့ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမကျင့်စဉ်လမ်းဆိုတာ အပြင်အားတွေကို အထိန်းမဲ့လွှတ်ပေးထား ရမှာလဲ မဟုတ်ဘူး၊ အထိန်းမဲ့ရင် ကြပ်သွားမယ်။ အပြင်အားတွေကို လုံးဝလှုပ်ရှားခွင့် ( အာရုံနဲ့ တွေ့ ကြုံခံစားခွင့် ) မပေးဘဲ ထိန်းချုပ်ထားရမှာလဲ မဟုတ်ဘူး အထိန်းလွန်ရင် ငတ်သွားမယ်။ ထိန်းထိန်းေ ကျာင်းကျောင်း မျှမျှတတ ထားရှိစေရမယ့် ကျင့်စဉ်ပဲ ဖြစ်ပါတယ်။ အပြင်အားတွေကို အတွင်းအားနဲ့  ‘ ထိန်း ’ ပေးပြီး ဆိုင်ရာအာရုံစားကျက်မှာ ‘ ကျောင်း ’ ပေးရတဲ့ လမ်းစဉ်ပါ။

ဒီနေရာမှာ အထိန်းနဲ့ အကျောင်း ( ထိန်းတာနဲ့ ကျောင်းတာ ) ကို အသုံးနည်းတဲ့ အတွက် နားစိမ်းမနေအောင် နည်းနည်းပြောပါမယ်။ နွားကျောင်း တယ်ဆိုတဲ့ မြန်မာစကားမှာ အပြည့်အစုံက နွားထိန်းကျောင်းတာ ဖြစ်ပါတယ်၊ နွားကို စားကျက်ထဲမှာ စာသောက်ခွင့်ပြုပေးတာကို ‘ ကျောင်းတယ် ’ လို့ ခေါ်ပါတယ်၊ မသွားသင့် မ၀င်သင့်တဲ့ ကောက်ပဲ သီးနှံခင်းတွေထဲကို မ၀င်အောင် မစားအောင် ပဲ့ပြင်ပေးရတာကို ‘ ထိန်းတယ် ’ လို့  ခေါ်ပါတယ်။

အပြင်အားတွေနဲ့  အာရုံကိုရှာဖွေပြီး ခံစားခွင့်ပြုတာက ကျောင်းတာ၊ အာရုံကို ရှာဖွေခံစားရာမှာ ‘ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ’ ဆိုတဲ့ စည်းကမ်းနဲ့ ညီအောင် စောင့်စည်းကျင့်သုံးတာက ထိန်းတာဖြစ်ပါတယ်။

အတွင်းအားတွေဖြစ်တဲ့ သဒ္ဓါ ၀ီရိယ စတဲ့ အား တွေထဲက သဒ္ဓါအားဆိုတာ ရတနာသုံးပါးနဲ့ ကံ ကံရဲ့အကျိုးတွေကို အကျိုးတွေကို ယုံကြည် အလေးထားတာပါ၊ ကံ ကံရဲ့ အကျိုးဆိုတာကလဲ၊ မကောင်းတဲ့ ကံတွေပြုရင် မကောင်းကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခတွေနဲ့  ကြုံရမယ်၊ ကောင်းတဲ့ကံပြုမှ ကောင်းကျိုး ချမ်းသာရမယ်လို့  ယုံကြည်ရတာပါပဲ။ ဒီယုံကြည်ချက် စွမ်းအားလေးနဲ့  ထိန်းပေးလိုက်ရင်ပဲ၊ အာရုံကို ရှာဖွေရာမှာ မတော်မတရားရှာဖွေခြင်းကို မပြုဘဲရှောင်ပြီး တရားမျှတစွာသာ ရှာဖွေလာတဲ့အတွက် အထိန်းတစ်ခုရသွားပါတယ်၊ သဒ္ဓါစွမ်းအားက စတင်စည်းရုံး လိုက်ပြီဆိုရင်၊ ၀ီရိယစွမ်းအားကလဲ မကောင်းမှု ရှောင်ရေး ကောင်းမှုဆောင်ရေးကိုပဲ ကြိုးစား အားထုတ်လာပါတယ်။ သတိစွမ်းအားကလဲ မိမိပြုတဲ့ ကံတိုင်းကို မကောင်းမှုလား ကောင်းမှုလားဆိုတာ ခွဲခြားသတိပြုမိလာပါတယ်။ သမာဓိစွမ်းအားက ရှောင်ရေး, ဆောင်ရေးအပေါ်မှာ မလစ်လပ်အောင် တည်ဆောက်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ ပညာစွမ်းအားကတော့ မကောင်းမှုနဲ့  ကောင်းမှုကို ကွဲပြားအောင်လဲ ဆင်ခြင်ပေးတယ်။ သဘော လက္ခဏာ အမှန်ကိုလဲ ခွဲခြမ်းစိတ်ဖြာပြီးသိပေးပါတယ်။

ပြီးပြည့်စုံတဲ့ ပညာစွမ်းအားဆိုတာ ‘ ယံ ကိဥ္စိ သမု ဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ=ဖြစ်ပေါ်လာတဲ့ သင်္ခါရ တရားတွေမှန်သမျှဟာ မုချချုပ်ပျောက်ရမြဲ ဓမ္မတာဖြစ်တယ် ’ လို့  ပိုင်ပိုင်နိုင်နိုင် လက်ခံသိမြင်လိုက်တာပဲဖြစ်ပါတယ်။ ဒီလို လက်ခံသိမြင်နိုင်သူဟာ ဘယ်အရာကိုမှ စွဲလို့ မရဘူး၊ သုံးလို့ ရသခိုက်ကလေးမှာ သုံးရုံသာ သုံးခွင့်ရတဲ့ အရာတွေပဲလို့ လဲ ဆုံးဖြတ်သိမြင်သွားပါတယ်၊ တကယ်တမ်း ဒီအတိုင်း ကိုယ်ပိုင်ပညာစွမ်းအားနဲ့ သိမြင်သွားပြီဆိုရင် ‘ အသုံးနဲ့ အစွဲ ’ ကိုလဲ ကွဲကွဲပြားပြား သဘောပေါက်သွားမှာပါ။ အသုံးနဲ့ အစွဲ ကွဲပြားရင်၊ ရုပ်စွမ်းအား နာမ်စွမ်းအားတွေဟာလဲ စနစ်တကျ ဖွံ့ ဖြိုးတိုးတက်ခွင့်ရလာတဲ့ အတွက် အခြေခံအခွင့်အရေးတွေ ပြည့်ဝသွားပါတယ်။

သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ရရှိပိုင်ဆိုင်ထားတဲ့ သင်္ခါရ ပစ္စည်းတိုင်းဟာ အသိနဲ့ သုံးတတ်ရင် သုံးတတ်သလောက် ချမ်းသာကို ဆောင်တယ်။ အနီးကပ်ဆုံးဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကိုပဲ အသိရှိရှိ အသုံးချတတ်သူတွေ အတွက် စီးပွားရှာရာမှာ သုံးရင် စားဝတ်နေရေး ချမ်းသာကို ဆောင်တယ်။ ‘ တရားရှာ ကိုယ်မှာတွေ့ ’ ဆိုတဲ့ အတိုင်း ၀ိပဿနာတရားရှုမှတ်ပွားများပြီး အသုံးချရင်တော့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ချမ်းသာကိုလဲ ပေးဆောင်နိုင်ပါတယ်။

စွဲရင်တော့ စွဲသလောက် ဆင်းရဲပါတယ်၊ အရက်စွဲ မူးယစ်ဆေးစွဲကစပြီး ဘ၀စွဲ၊ ခန္ဓာစွဲ၊ လူမျိုးစွဲ၊ ဘာသာအယူဝါဒစွဲ၊ ဘာကိုပဲစွဲစွဲ စွဲသမျှ ဒုက္ခချည်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ တရားဦးဒေသနာတော်မှာ ဒုက္ခသစ္စာကို လိုရင်း အကျဉ်းချုပ်ပြတဲ့အခါ ‘ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခ=လိုရင်း အကျဉ်းချုပ်ကတော့ အစွဲဥပါဒါန်နဲ့ တွဲကပ်နေတဲ့ ခန္ဓာငါးပါးတို့ ဟာ ဒုက္ခအစုအဝေးကြီးပါ ’ လို့ ဆုံးဖြတ်ချက် ချတော်မှုတာပါ။

အစွဲဥပါဒါန်ကင်းလွတ်သွားတဲ့ ပုဂ္ဂိုလ်များအနေနဲ့ တော့ ဒီခန္ဓာငါးပါးကို အသုံးချပြီးတော့ပဲ ဖလသမာပတ်နဲ့ နိဗ္ဗာန်ချမ်းသာထိ ခံစားခွင့် ရသွားကြတာတွေ ပိဋကတ်တော်မှာ တွေ့ နိုင်ပါတယ်။

အသုံးနဲ့ အစွဲကို ခွဲခြားသိမြင်တဲ့ အသိပညာ ဦးဆောင်ပြီး အတွင်းအား အပြင်အားတို့ ကို သူ့ နေရာနဲ့ သူစနစ်တကျ အသုံးချတတ်ခြင်းဟာ သာသနာတွင်းသားတစ်ယောက်အတွက် အတိတ်အခြေခံတရားများဖြစ်တဲ့ ကံမျိုးစေ့ ပါရမီမျိုးစေ့တို့ ကို အခွင့်အရေးပြည့် ရှင်သန်ကြီးထွား ခွင့်ပေးခြင်းဖြစ်သလို လူဖြစ်ခြင်း သာသနာကြုံခြင်းဆိုတဲ့ အခြေခံ အခွင့်ထူးနှစ်မျိုးကိုလဲ ပြည့်ဝစေပြီး ဘ၀ရဲ့ အခြေခံ ဖြစ်တဲ့ ရုပ်တရား နာမ်တရားနှစ်မျိုးလုံးလဲ အခွင့်အရေးပြည့်အောင် ကျင့်သုံးခြင်းမည်နိုင်မယ်လို့ ပြောချင်ပါတယ်။

မွေးနေ့ လက်ဆောင်အနေနဲ့  ပြောခဲ့တဲ့ ဒီစကားများဟာ ‘ ဒီအတိုင်းသာ မှတ်သားလိုက်နာကြ ’ လို့  ဆုံးဖြတ်ချက်ချပြီးပြောတဲ့ အတွေး အမြင် တစ်ရပ်လို့  သဘောမထားမိပါဘူး၊ မွေးနေ့ နဲ့ မကင်းနိုင်သူတိုင်း တွေးကြံ သုံးသပ်မိကြဖို့ အတွက် ရည်ရွယ်တဲ့ ‘ အတွေးအမျှင် ’ ကလေးများသာ ဖြစ်ပါတယ်။ အမျှင်ကို ရှုပ်အောင်ထုတ်ရင်တော့ အမြင်တွေလည်း ရှုပ်သွားနိုင်ပါတယ်၊ အမျှင်ကို ရှင်းအောင် တွေးကြံမေးမြန်း ထုတ်နိုင်ကြသူများ အတွက်တော့ အမျှင်ရှင်းသလောက် အမြင်လည်း ရှင်းသွားမယ်လို့ ထင်မိပါတယ်။ တွေးတောကြံဆ အမှန်ရကြပါစေ။



မေတ္တာများဖြင့်....

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

http://www.ashinsirinda.com/