ခြင်္သေ့ဆီအတွက် သိင်္ဂိရွှေခွက်
ဒီ တရားအကြောင်း ပြောမယ်ကြံတော့ ကြားဖူးထားတဲ့ တရုတ်ပုံပြင်တစ်ခုကို ပြေးပြီး သတိရမိလိုက်တယ်။ ကလေးတို့ ပေါင်ချိန် ဇာတ်လမ်းတွေ ကြည့်ဖူးတယ်မို့လား၊ အဲဒီခေတ်က ဘုရင့်စာမေးပွဲဆိုတာ အလွန် အရေးပါတယ်နဲ့ တူပါတယ်။ ဒီစာမေးပွဲကို ဖြေနိုင်ဖို့ ဆိုတာကလည်း တစ်နယ် တစ်ယောက် ဆိုရလောက်အောင် အတော်ကို ရှားရှား ပါးပါး ဖြစ်မယ်၊ ဒီစာမေးပွဲ အောင်မြင် သွားသူကလည်း ရာထူး ဌာနန္တရတွေနဲ့ အတော် အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားတာကိုး။
တောရွာ တစ်ရွာကနေ အဲဒီ စာမေးပွဲမျိုး ဖြေဆိုဖို့ သွားမယ့် သားကို အဖေက “အရာရာကို သည်းခံဖို့၊ ဘယ်လို အကြောင်း ကြောင့်မှ စိတ်မဆိုးဖို့၊ သည်းခံဖို့၊ ဘယ်လို အကြောင်းကြောင့်မှ စိတ်မတိုဖို့၊ အမျက်ဒေါသ မဖြစ်ဖို့”သွားခါနီး ရက်ပိုင်းလောက် ကတည်းက မပြတ် သတိပေး ဆုံးမနေသတဲ့။ မနက်ဖြန် သွားတော့မယ် ဆိုတော့ ဒီနေ့လို ညမှာလည်း အိပ်ယာဝင်တဲ့ အထိ ဒါကိုပဲ အထပ်ထပ် မှာနေတာပါတဲ့။
သွားမယ့်နေ့ ရောက်တော့ ထမင်းစားရင်းလည်း ဒါကိုပဲ သတိပေး မှာကြားနေတာပဲ တဲ့။ ဒါနဲ့ သွားပြီ ဆိုတော့လည်း လမ်းမှာ အဖော်မရှိလို့ အဖေက မြို့ကို လှမ်းမြင်ရတဲ့ နေရာအထိ လိုက်ပို့တယ်။ လမ်းမှာ သွားရင်း နားရင်းလည်း တစ်ခြား စကားတွေ သိပ်ပြီး အထွေအထူး မပြောဘူး။ စိတ်မတိုဖို့၊ သည်းခံဖို့ပဲ အထပ်ထပ် မှာတယ်။ ညနေစောင်းလို့ မြို့နဲ့ မနီးမဝေး ရောက်တဲ့အခါ အဖေက “ကဲ..ငါ့သား၊ မြို့ကိုလည်း မြင်နေရပြီ၊ ငါ့သားလည်း သွားတတ်ပြီ အဖေလည်း ရွာအထိ ပြန်ရမှာ ဆိုတော့ ဒီနေရာကပဲ ပြန်တော့မယ်၊ အဲဒီတော့ ငါ့သား ဟိုရောက်ရင် အစစ သည်းခံနော်၊ ဘယ်လို အကြောင်း နဲ့မှ စိတ်မတိုမိစေနဲ့ ကြားလား”လို့ မှာပြန်သတဲ့။
အဲဒီတော့ သားလုပ်သက “အဖေကလည်းဗျာ၊ ဒီစကားကို အထပ်ထပ် မှာနေတာ ဘယ်နှစ်ရက် ရှိနေပြီလဲ။ တစ်လမ်းလုံးလည်း ဒါပဲ အထပ်ထပ် ပြောနေတာပဲ၊ ဒီလောက်ဆို မှတ်မိပါပြီဗျ၊ တကတဲ နားကိုငြီးနေတာပဲ” ဆိုပြီ။ စိတ်တိုတဲ့ လေသံနဲ့ ငေါက် ဆတ်ဆတ် ပြန်ပြော ပါလေရော။ အဲဒီတော့ အဖေလုပ်သူက “အေး အဲဒါပဲ ငါ့သားရေ၊ မင်းမြို့ကို ရောက်တဲ့ အခါကျရင်လည်း ဒီလိုပဲ မကြားချင်အဆုံး ဖြစ်နေတဲ့ စကားတွေကိုပဲ အထပ်ထပ် ကြားနေရတဲ့အခါ ခုလို စိတ်ဆိုးမာန်ဆိုး ဖြစ်မှာစိုးလို့ အဖေက အထပ်ထပ် မှာနေတာကွယ့် ငါ့သားရဲ့”လို့ ပြောလိုက်သတဲ့။ မှတ်ထားနော်။ မင်းတို့လည်း အဖေ အမေ တို့က ခဏ ခဏ ဆုံးမရင် ပြန်မအော်ကြနဲ့။ ကြားလား။
ဒီ “အဘိဏှ ရာဟုလောဝါဒ” သုတ္တန်ကို ဟောတော်မူခြင်းရဲ့ ရည်ရွယ်ချက်က “ကလျာဏမိတ္တလို့ခေါ်တဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းမိခြင်းဟာ အရဟတ္တဖိုလ် ပေါက် အကျိုး ရစေတဲ့အတွက် အလွန်ကျေးဇူး ကြီးမားတယ်၊ အဲဒီလို ကျေးဇူးကြီးမားတဲ့ ကလျာဏိမိတ်ကောင်း (ဆရာသမား)ကို ဘယ်နည်းနဲ့မှ မပြစ်မှားရဘူး”ဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်လို့ ဟောတော်မူတာ။ ဒီ အဆုံးအမကို မပြတ် မပြတ် လွန်ရော ကျွံရော တစ်ရက်ခြား နှစ်ရက်ခြားလောက် ကွာချင်ကွာမယ်၊ အချိန်ရ ရသလို ရောက်လေ ရာရာမှာ မပြတ် ဟောညွှန် ဆုံးမတော်မူတာ၊ ဒါကြောင့် ဒီသုတ္တန်ကို “အဘိဏှ ရာဟုလောဝါဒ သုတ္တန်”လို့ ခေါ်တယ်။
မြတ်စွာဘုရားရှင်က တရားနာခံ ဖြစ်တဲ့ ရှင်၇ာဟုလာကို ဘာ စပြီး ဆုံးမသလဲ ဆိုတော့--
၁။ [B]“ချစ်သား ရာဟုလာ……. ဘယ်လိုလဲ၊ အမြဲတစေ တစ်ကျောင်းတည်းမှာ အတူ နေရတဲ့ ပညာရှိဖြစ်တဲ့ သင့်ရဲ့ ဥပဇ္ဈာယ် ဆရာဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို “သူက ပုဏ္ဏားမျိုး၊ ငါက မင်းမျိုး ဖြစ်တယ်” ဆိုတဲ့ မအပ်မတော် မာန်ထော်ခုလု မထေမဲ့ မြင် မပြုဘဲ နှိမ့်ချ လေးစားတဲ့စိတ် အမြဲ ထားရဲ့လား။[/B]
[B] “ဘယ်လိုလဲ… ချစ်သားရာဟုလာ၊ ပညာတန်ဆောင် မီးရှုးရောင်ကို ဆောင်တော်မူ တတ်တဲ့ ဥပဇ္ဈာယ် ဆရာမြတ်ကို သင် လေးစားကော်ရော် ပူဇော်ရဲ့လား”[/B]ဆိုတဲ့ မေးခွန်း နှစ်ခုကို မေးတော်မူတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားရှင် အလိုတော်ကျ ကိုယ်ကျင့်သီလစသည်နဲ့ လိုက်ပါ ကျင့်ကြံတဲ့ အနုဇာတ သားကောင်းပီပီ “တပည့်တော်ဟာ ဆရာဥပဇ္ဈာယ်အပေါ်မှာ မထီမဲ့မြင်စိတ်လည်း တစ်ရံတစ်ခါမျှ မထားခဲ့မိပါ ဘုရား၊ နေ့ညဥ့်မစဲ အမြဲမပြတ် လေးစား ကော်ရော် ပူဇော်ပါတယ်ဘုရား”လို့ ပြန်ကြား လျှောက်ထားပါတယ်။
ရှင်ရာဟုလာလေးက ထွန်တုံးကို မျိုးထားတဲ့ စပါးကြီးမြွေဟာ ခွေလို့ မရ၊ တွန့်လို့ မရနဲ့ တောင့်ခိုင်ခိုင်ကြီး ဖြစ်နေသလို မာန်မာနနဲ့ တောင့်တောင့်နဲ့ ဖြစ်မနေဘူး။ “ [B]ခြေသုတ်ကြိုးခွေ စွယ်ကျိုးမြွေ”[/B]လို ခွေလိုခွေ၊ တွန့်လို့တွန့် ပြုပြင်ချင်သလို ပြုပြင်လို့ ရနိုင်ပြီ ဆိုတဲ့ သဘောကို ပြနေတာဖြစ်လို့ ဘုရားရှင်က အတော်ကို နှစ်လိုအားရ ၀မ်းမြောက်တော် မူမှာပေါ့နော်။ မင်းတို့တစ်တွေ ပြောစကား နားထောင်တယ်၊ ဆရာ မိဘ ကို ရိုသေတယ်၊ လိမ္မာတယ် ဆိုရင်လည်း မင်းတို့ မိဘတွေ အရမ်းကို ၀မ်းသာ ကျေနပ်ကြ တာပဲမို့လား။
အဲဒီတော့ မြတ်စွာ ဘုရားရှင်က “ သားတော် ရာဟုလာရဲ့ နှလုံးအိမ်ဟာ တရားဆိုတဲ့ ခြင်္သေ့ဆီ တည်နိုင်လောက်တဲ့ သိင်္ဂိရွှေခွက်စဖွယ် ဖြစ်ပြီး သားတော်ရဲ့ နှလုံးအိမ် သိင်္ဂိရွှေခွက်ထဲကို တရားခြင်္သေ့ဆီ လောင်းထည့်ပေးဖို့ အချိန်တော်ပြီ”လို့ သိတော်မူတဲ့ အတွက်--
၂။ [B]ချစ်သား ရာဟုလာ … သင်ဟာ ချစ်ခင်မြတ်နိုးစရာ၊ စိတ်နှလုံး ရွှင်ပြုံးစရာ အာရုံ ငါးပါး ကာမဂုဏ်တရားတွေကို ကိုယ်မှ ထွေးဟက် တံတွေးခွက်ပမာ ရက်ရက်စက်စက် စွန့်ခွာခဲ့ပြီး သာသနာတော်ကို မမှိတ်မသုံ ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ အိမ်ရာတည်ထောင် လူ့ဘောင်က အိမ်ရာမထောင် ရဟန်းဘောင်ကို ရောက်အောင် ထွက်မြောက်လာပြီ ဖြစ်တဲ့အတွက် သံသရာဝဋ်ဒုက္ခရဲ့ အဆုံး ရောက်အောင် ကျင့်ဆောင် ကြိုးကုန် အားထုတ်ပါ”[/B]လို့ တိုက်တွန်းတော်မူပါတယ်။
အကျယ်ချဲ့ပြီး ပြောမယ် ဆိုရင်တော့- ချစ်သား၊ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့် စမ်း၊ ရွှေနန်းတော်ကြီးမှာ ဘိုးတော်(သုဒ္ဓေါဒန)မင်း တရားကြီးနဲ့ နေမယ် ဆိုရင် စကြ၀တေး မင်းလောက် နီးနီး ကြီးကျယ်တဲ့ စည်းစိမ်တွေ၊ ၀တ္ထုအာရုံ ကာမဂုဏ်တွေကို သုံးဆောင် ခံစားနေရမှာ အမှန်ပဲ။ (သားတော်ရာဟုလာမှာလည်း မြတ်စွာဘုရားလောက် ထင်ထင် ရှားရှားကြီး မဟုတ်ပေမယ့် စကြ၀တေးမင်း ဖြစ်လောက်တဲ့ ယောင်္ကျားမြတ် လက္ခဏာတွေ ပါရှိပါတယ်။၊ ဒါကြောင့် စကြ၀တေးမင်း ဖြစ်ရင်လည်း ဘာပြောစရာ ရှိမလဲ၊ စကြ၀တေးမင်းရဲ့ စည်းစိမ်တွေ ခံစားပြီး ၊ စကြာရတနာကြီး စီးပြီး လောကကြီးထဲ မှာ သဘောရှိသလို ပျော်မွေ့နိုင်မှာ အမှန်ပဲ။ အဲဒီလောက် အာရုံ ကာမဂုဏ်တွေကို မငဲ့ မကွက် တံတွေးခွက်လို သဘောထားပြီး ရက်ရက် စက်စက်ကြီး ပယ်စွန့်ခဲ့ပြီးတော့မှ သဒ္ဓါပဗ္ဗဇ္ဇိတ သမားတို့ သွားရာလမ်းကြောင်းဖြစ်တဲ့ သံသရာဝဋ်ဆင်းရဲရဲ့ အဆုံးရောက် အောင် ကျင့်ဆောင် အားထုတ်တဲ့ အလုပ်ကို နောက်မဆုတ်တမ်း ရဲရဲတောက် ကြိုးစား အား ထုတ်ပါ”လို့ တိုက်တွန်းတာပေါ့။
မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ ဒီစကားထဲမှာ ‘သဒ္ဓါယ ဃရာ နိက္ခမ္မ= သဒ္ဓါပဗ္ဗဇ္ဇိတ သာသမဏေ ဖြစ်တယ်ဆိုတဲ့ စကားလေးကို ကလေးတို့ သေသေချာချာ မှတ်ထား။ ဒီစကားက ဘုရားရှင် ကိုယ်တိုင် ရှင်ရာဟုလာကို ချီးကျုးမိန့်ဆိုတဲ့ စကားနော်၊ ပေါ့သေးသေး မထင်လိုက်နဲ့။
ဒီးကားရဲ့ ဆိုလိုရင်းက လောကမှာ သဒ္ဓါပဗ္ဗဇ္ဇိတ လို့ခေါ်တဲ့ ရှင်အဖြစ် ပြုကြသူတွေမှာ ဘယာ ပဗ္ဗဇ္ဇိတဆိုပြီး နှစ်မျိုး နှစ်စားရှိတယ်။ ဘာယာ ပဗ္ဗဇ္ဇိတ ဆိုတာ ကြောက်လို့ ရဟန်း ပြုသူပေါ့ကွာ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ကိုင် မစားနိုင်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြောက်လို့၊ မင်းမှုထမ်းရမှာ ကြောက်လို့၊ အနာရောဂါ နှိက်စက် နေရတာကို မကုနိုင်တဲ့အတွက် ဒုက္ခရောက်မှာ ကြောက်လို့ စတဲ့အကြောက် တစ်မျိုးမျိုး ကြောင့်ပဲ ဖြစ်ဖြစ်၊ အဖေ အမေတို့က ငေါက်မှာ ကြောက်လို့၊ ယောင်္ကျား ဖြစ်လျက်နဲ့ ရှင်ရဟန်း မပြုဖူး ဆိုရင် သူများတွေ ကဲ့ရဲ့မှာ ကြောက်လို့ ဆိုတာမျိုးတွေ လည်း အတူတူပေါ့။ အဲဒီလို အကြောက် တရားတွေကြောင့် ရဟန်းပြုသူများကို ဘယာ ပဗ္ဗဇ္ဇိတလို့ ခေါ်တယ်။
ဒီစကားနဲ့ အလျော်အဖြစ် ရှင်ရဟန်းပြုရင် အစားချောင် အနေချောင်လို့၊ လူတွေ လေးစားခံရလို့၊ အေးအေး ဆေးဆေး ဇိမ်လေးနဲ့ နေချင်လို့၊ ရပ်ထဲ ရွာထဲမှာ အသုံးမ၀င် တော့လို့ ဆိုပြီး ရဟန်းပြုသူ များဟာလည်း လူဝတ်ကြောင် ဘ၀နဲ့ ရချင်ပေမယ့် မရနိုင်တဲ့ အခက်အခဲကို ကြောက်ပြီး “အမျှော်”သက်သက်နဲ့ ရဟန်းပြုသူများ ဖြစ်လို့ ဘယာ ပဗ္ဗဇ္ဇိတ အမျိုးအစားထဲပဲ ထည့်သွင်းရမှာပဲကွ။
ရှင်ရာဟုလာလေး ရှင်သာမဏေ ဖြစ်လာတာ ဟာလည်း နံဘေး အမြင်အရ အပေါ်ယံ အကြည့်နဲ့ ကြည့်မယ်ဆိုရင် သားတော်ကလေးက ရွှေအိုးကြီးတွေလို အမွေကိုတောင်းတာ၊ ဘာမှ မပြောဝံ့တဲ့ ကလေးကို မြတ်စွာဘုရားက ဇွတ်အတင်း ရှင်ပြုပေးလိုက်တာ၊ ဘယ်ကလာ သဒ္ဓါပဗ္ဗဇ္ဇိတဖြစ်မလဲ၊ ကလေးမို့ ကြောက်လို့ ကိုရင်ဝတ်လိုက်ရတဲ့။ “ဘယာ ပဗ္ဗဇ္ဇိတ” လို့ ထင်ချင် ထင်ကြမှာပေါ့။ အမှန်အတိုင်း မြတ်စွာဘုရားရှင် မြင်တော်မူတာက ..
ရာဟုလာလေးရဲ့ အတွင်း အဇ္ဈာသယဓာတ်က ပါရမီတရားအပြည့် ကိန်းနေတဲ့အတွက် ၀ဋ်ဘောင်ကို လွတ်အောင်ရုန်းလိုတဲ့ နေက္ခမ္မ အလို အဇ္ဈာယသ ဓာတ်ခံ ရှိပြီးသား။ ဒီဓာတ်ခံကောင်း ရှိလို့ ရှင်ပြုလာတာ၊ မြတ်စွာဘုရားရှင်နဲ့ ကပိလ၀တ္ထု နန်းတော်မှာ ပထမဆုံးတွေ့တော့ ရာဟုလာ ပြောတဲ့ စကားကို အသေအချာ စဉ်းစား ကြည့်ပါလား။ အမေက “အမွေတောင်းချေ” လို့ ခိုင်းလိုက်ပေမယ့် ဘုရားရှင်နဲ့ တွေ့တော့ ဘာပြောသလဲ။ “ အရှင်ဘုရားရဲ့ အရိပ်က အေးချမ်းလှပါဘိတယ် ဘုရား”လို့ ပြောတယ်မို့ လား။ နန်းတော်ထဲမှာ ပျော်စရာတွေ အမျိုးမျိုး၊ ခံစားစရာ အာရုံတွေ အမျိုးမျိုးထက် “ကိလေသာ ငြိမ်းအေးတဲ့ ဘုရားရှင်ရဲ့ အရိပ်က ပိုအေးတယ်”လို့ ခံစားရတာ ကိုက သားတော်ရာဟုလာရဲ့ အတွင်း အဇ္ဈတ္တ အလို ဆန္ဒနဲ့ ပါရမီဓာတ်ခံကို ဖော်ပြနေတာပဲ။ အဲဒီ ဓာတ်ခံ ကြောင့်လည်း ရှင်သာမဏေ ပြုပေးတာကို ကျေကျေနပ်နပ် ခံယူခဲ့တာပါ။ ဒါတွေအားလုံးကို သိတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က “ သဒ္ဓါ ပဗ္ဗဇ္ဇိတ= သဒ္ဓါတရားနဲ့ ရှင်ပြုခဲ့တဲ့ သာမဏေ” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။
သဒ္ဓါပဗ္ဗဇ္ဇိတ ရှင် ရဟန်းဆိုတာ သာသနာ့ဘောင် ရောက်လာတဲ့အခါ အရွယ်အရ၊ အချိန်ကာလအရ သာသနာတော်ရဲ့ တာဝန် နှစ်ရပ်ဖြစ်တဲ့ သာသနာတော် ဆက်လက် တည်တံအောင် ပရိယတ်စာပေကို သင်အံ လေ့ကျက်ရတဲ့ “သာသနာဗြဟ္မစရိယ” တာဝန်ကိုပဲ ဖြစ်ဖြစ်၊ သံသရာဝဋ် လွတ်မြောက်ရာ မဂ်ဖိုလ်ရကြောင်း “မဂ္ဂဗြဟ္မစရိယ” တာဝန်ဖြစ် တဲ့ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး တိုးတက်အောင် ကျင့်ဆောင် ပွားများတဲ့ တာဝန်ကိုပဲ ဖြစ်ဖြစ် စိတ်အား ထက်ထက် သန်သန်နဲ့ ကြိုးစား အားထုတ ကြတာဖြစ်လို့ “သာသနာ့ဝန်ထမ်း”လို့ ခေါ်ဆိုနိုင်တယ်။
ဘယာပဗ္ဗဇ္ဇိတသမားများ ကတော့ မူလကတည်းက သဒ္ဓါတရား အစစ်အမှန် ရှိတာမှ မဟုတ်ဘဲဟာ၊ ဒီ တာဝန်တွေကို ဘယ် ၀န်ထမ်းချင်ပါ့မလဲ၊ မလွှဲသာ မရှေင်သာ ကျိန်းကျေ ၀တ်ကုန်လောက်ပဲ အလွန်ဆုံး လုပ်ကြမှာပေါ့။ အဲဒီလို ရှင်ရဟန်းမျိုး ကျတော့ “ရဋ္ဌ ပိဏ္ဍံ မောဃံ ဘုဉ္ဇတိ “ဆိုသလိုပဲ တိုင်းသူ ပြည်သားလှူတဲ့ ဆွမ်းကို အချည်းနှီး စားသုံးနေသူ တွေလည်း ဖြစ်တယ်၊ သာသနာ့ဘောင်မှာ ကျောင်းရှုပ်ရုံ၊ ပြောဆို ဆုံးမရတာ အလုပ်ရှုတ်ရုံပဲ။ ဆိုဆုံးမရတာ ခက်ခဲတဲ့အတွက် သာသနာ့ ၀န်ထမ်း ကောင်းတွေ အတွက် တာဝန်ပိစေတဲ့ ၀န်ထုပ်ကြီးတွေနဲ့ ဘာမှ မထူးလို့ “သာသနာ့ ၀န်ထုပ်”လို့သာ ဆိုရလိမ့်မယ်။
ကလေးတို့၊ အခုပြောတာကို သေသေချာချာ မှတ်ထားကြနော်၊ မင်းတို့ထဲက ယောင်္ကျားလေးတွေဟာ တစ်ချိန်ချိန်မှာ အနည်းဆုံး ဒုလ္လဘ ကိုရင်လေးတွေတော့ ၀တ်ကြမှာပဲ။ အဲဒီအခါကျရင် အဖေ အမေတို့၊ အဘိုး အဘွားတို့က အတင်း တိုက်တွန်း လို့ ၊ မ၀တ်ရင် ဘာညာ ၀ယ်မပေးဘူး ဆိုတာ ကြောက်လို့၊ သူများတွေ ကဲ့ရဲ့မှာ ကြောက်လို့ ဆိုတဲ့ စိတ်ထားမျိုးနဲ့ စူစူဆောင့်ဆောင့် မျက်နှာကြီးနဲ့ ပုပ်သိုးပြီး ၀တ်ကြတဲ့ ကိုရင်မျိုးတွေ မဖြစ်စေကြနဲ့ ၊ အဲဒီလို ၀တ်တဲ့ ကိုရင်မျိုးဆိုရင် [B]ဘယာပဗ္ဗဇ္ဇိတ[/B] ကြီး ဖြစ်သွားမယ်၊ [B]သာသနာ့ဝန်ထမ်း [/B]မဖြစ်ဘဲ [B]သာသနာ့ဝန်ထုပ်ကြီး[/B]တွေလို ဖြစ်နေမှာ။ အဲဒီလိုကြီး နေပြီး ဆွမ်း သင်္ကန်း ကျောင်း ဆေးတွေကို စားသုံးနေတာဟာ “ဣဏပရိဘောဂ” လို့ မြတ်စွာဘုရားက မိန့်ကြားတယ်။ “ကြွေးယူပြီး စားသုံးသူ”လို့ ဆိုတာပေါ့။ ဟုတ်တယ်။ သာသနာ့တာဝန် မထမ်းဘဲ ဒကာ ဒကာမ လှုတာတွေ သုံးစွဲတာဟာ မတန်မရာ အခွင့်အရေးယူသလို ဖြစ်တဲ့အတွက် နောက်ဆက်တွဲ အဖြစ် ပေးဆပ်ရမယ့် ၀ဋ်ဒုက္ခကြွေးတွေက အတိုးကြီးတယ်။ ဒါကြောင့် [B]သာသနာဝန်ထုပ် လုပ်နေသူဟာ သာနာအတွက် ၀န်ထုပ် ဖြစ်တာထက် ကိုယ့်အတွက် ၀န်ထုပ် ဖြစ်တာက ပိုပြီး ကြီးလည်းကြီး၊ လေးလည်း လေးတယ်ဗျ။[/B]
သဒ္ဓါတရား အစစ်အမှန်ထားပြီး ကြည်ညိုစိတ်ကလေးနဲ့ ကြည်ကြည်ဖြူဖြူ ၀တ်ကြတဲ့ ကိုရင် ကလေးတွေကျတော့ ဆရာသမား ဆုံးမသွန်သင်တာကိုလည်း ကျိုးနွံရိုသေတယ်၊ သင်ပြတာတွေကိုလည်း စွမ်းနိုင်သလောက် လေးလေးစားစား သင်ယူတော့ သာသနာဝန်ထမ်း စစ်စစ် ဖြစ်လို့ ၀တ်နေနိုင်သမျှ အကျိုးရှိတာပေါ့၊ တရားအသိ အနှစ်အဆန် တည်ရှိလာတဲ့အတွက် “အဖျင်း”လည်း မဖြစ်တော့ဘူးပေါ့။ စပါးတွေမှာ အဆန်မရှိရင် “အဖျင်း” လို့ ခေါ်တာ သိတယ်မို့လား၊ ဒီလိုပဲပေါ့ ၊ ဘ၀မှာ တရားအသိ ဆိုတဲ့ အဆန် မတည်ရှိရင် စပါးခွံ၊ စပါးဖျင်းလို မီးစာပဲ ဖြစ်သွားတော့ မှာပေါ့။
ကိုရင် ရာဟုလာလေးက သဒ္ဓါပဗ္ဗဇ္ဇိတ သာသနာ့ဝန်ထမ်း ပီပီ အဲဒီလို အဖျင်းဘ၀ကို မလိုလားဘူး။ ဒါကြောင့် ဆရာသမားကို လေးစားရိုသေပြီး ဆုံးမ သွန်သင်သမျှ ကြိုးစား လိုက်နာတယ်။ ဒါကြောင့် ကိုရင်ရာဟုလာရဲ့ နှလုံးသားဟာ တရားခြင်္သေ့ဆီထည့် ဖို့ ထိုက်တန်တဲ့ သင်္ဂိရွှေခွက်နဲ့ တူတယ်လို့ ပြောရတာပေါ့။
နောက်အခန်းမှာ သိင်္ဂိရွှေခွက်ထဲ ထည့်တဲ့ ခြင်္သေ့ဆီကို ဆက်ပြောမယ်..ဟုတ်လား။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)