Tuesday, March 15, 2011

လူယဉ်ကျေးတို့အတွက် လောကပေးတာဝန်



လူယဉ်ကျေးတို့အတွက် လောကပေးတာဝန်

လူသည် Idol ဟုခေါ်ခေါ်၊ 'Role-model' ဟုဆိုဆို ကျင်လည်ရာ ဝန်းကျင်မှ အတုယူ လောက်သည့် ပုဂ္ဂိုလ်များ၏ ကံသုံးပါး အမူ အရာတို့ကို အမြင်ဖြင့် ဖြစ်စေ၊ အကြားဖြင့် ဖြစ်စေ အတုလိုက် မြဲဖြစ်သည်။

ထိုသို့ ကောင်းတု လိုက်ခြင်းသည်ပင် လူ့ယဉ်ကျေးမှု မြင့်မား တိုးဖွံ့ခြင်း၏ အခြေခံ အကြောင်းရင်းဟု ယူဆမိပေသည်၊ မိမိစံပြုသော ပုဂ္ဂိုလ်တို့၏ အမူ အကျင့်တို့ကို နည်းယူ ပြုကျင့်ခြင်းဖြင့် ထိုသူများကဲ့သို့ အသိအမှတ် ပြုခံနေရာသို့ ရောက်လို ကြမည်မှာ ဓမ္မတာပင်။



သို့စေ ... မိုးမည်မျှ သွန်းသွန်း ခံသည့်အိုးက ငယ်နေလျှင် အရနည်းလျက် ပေါက်နေလျှင် ရေမရနိုင်သကဲ့သို့ စံပြုခံပုဂ္ဂိုလ်များက မည်မျှပင် ကျင့်ကြံ နေထိုင် ပြသွားစေကာမူ အတုယူသူ၏ ဥာဏ်နှင့် ယှဉ်သော နှလုံးသွင်းနှင့် ဗဟုသုတ တည်းဟူသော “တိုင်းတာ” ဖွယ် အချက်အလက်တို့ ကင်းမဲ့ခဲ့လျှင် အယူမတတ် ဖြစ်ကာ အရမတော် ဖြစ်ရလေသည်။

ဗုဒ္ဓမြတ်စွာ၏ ခန္ဓာဝန် ပယ်နိုင်ရေး မရဏနုဿတိကို ဟောကြားရာတွင် ခံယူပုံ တိမ်း၍ လည်ကို ဓားဖြင့်ဖြတ်ကာ ဘဝကို အဆုံးသတ်ကြသော ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့၏ အဖြစ်က ထင်ရှားသော သာဓကဖြစ်သည်။



ညောင်ကဲ့သို့ မကျင့်နှင့် ကြောင်ကဲ့သို့ ကျင့် ဆိုသည့် ဩဝါဒကို နှိုင်းယှဉ် သုံးသပ်နိုင်စွမ်း မရှိသောကြောင့် ညောင်တို့ကို ခုတ် ကြောင်တို့လိုဖမ်းသည့် “စောမည်း” ကဲ့သို့သော သူများဆိုလျှင်ကား မိမိကိုယ်သာမက ဝန်းကျင်ကိုပါ ထိပါး စေတတ်သည်ကို ညွှန်းနေပေသည်၊ အယူတတ်မှ အရတော်ကာ အယူမတတ်က အရမတော် ဖြစ်စေမည်။



ဒီနေရာတွင် စံပြုလွဲသည့် ရယ်စရာ ဟာသလေး တစ်ခုကို အမှတ်ရမိသည်၊ ပါရှင်ဆိုသော အမေရိကန် သူရဲကောင်းကြီး ၏ မြင်းစီး ရုပ်ထုကြီး ဘေးနားတွင် နေ့စဉ် ဖြတ်သွား ဖြတ်လာ ပြုနေကြသည့် ကျောင်းသူ ကျောင်းသားလေးများက “ဂွတ်ဒ်မောနင်း ပါရှင်” ဟု ဂုဏ်ပြု နှုတ်ဆက် သွားလေ့ ရှိရာ။ ကျောင်းသားလေး တစ်ယောက် ကလည်း မိခင်နှင့် ပြန်လာစဉ် ကျောင်းသားကြီး များ နှုတ်ဆက် သလို အလေးပြု နှုတ်ဆက်ရာ မိခင်က “သား ပါရှင်ကို လေးစား အားကျလို့လား” ဟု မေးလိုက်တော့ “သား ပါရှင်ကို သိပ်သဘော ကျတာ၊ သူ့ကျောပေါ်က ကုန်းကုန်း ကွကွ စီးနေတဲ့ ငနဲကြီးကိုတော့ ကြည့်မရဘူး”လို့ ဖြေလိုက်ပါသတဲ့။ စံ မကွဲရင် စံ လွဲတတ်သည့် သဘောကို ညွှန်းနေသည့် ဟာသလေးဟု ဆိုလိုက်ချင်သည်။



ကိုယ်တွေ့ဥပမာကိုလည်း တင်ပြပါဦးမည်၊ တလောက မိတ်ဆွေ စာရေးဆရာ တစ်ဦး ငွေလေးသိန်းကျော် ပျောက်ဆုံးသည်၊ စင်ကြယ်စွာ ရရှိထားသော အရာများဖြစ်၍ နှမျောရှာသည်၊ မိမိတို့လည်း နှမျောမိသည်၊ အခိုးခံရခြင်းဖြစ်၍ စုံစမ်းပေးရန် တာဝန်ရှိသူကို ပြောပြရာ ထိုအဆောင် အုပ်ချုပ်သူက “အေးဗျာ .. ဟို ဆရာတော်ကြီးလိုပေါ့ .. ဟိုဘဝက သူများဟာ ခိုးယူခဲ့လို့ ကိုယ့်ဟာ အခိုးခံရတယ်လို့ ကျွန်တော်တို့ သဘောထားရမှာပဲ ” ဟု တုံ့ပြန်သည်၊ တအံ့တဩ ထိုသူကို ကြည့်နေမိသည်၊ သူကတော့ သူကိုယ်သူ ကမ္မဝါဒီ ပီသသူ ဆိုသည့်ဟန် အပြည့်နှင့်ပင်၊ ထိုကောက်ချက်မျိုးကို လွယ်ကူစွာ ချနိုင်ဖို့ သူ၏ စံပြုရာကို ရှာဖွေကြည့်မိသည်၊ လယ်တီဆရာတော်၊ ဆရာတော် သင်္ဘောဖြင့် ခရီးသွားစဉ် ခရီးဆောင် ပစ္စည်းများ ခိုးယူခံရရာ၊ ကပ္ပိယက စိုးရိမ်တကြီး အော်ပြောလိုက်၍ “ တိုးတိုးပြောပါ ကပ္ပိယရဲ့၊ မင်းလုပ်မှ ငါ ဟိုဘဝက သူများပစ္စည်း ခိုးဖူးတာ လူတွေသိကုန်ပါ့မယ်” လို့ ပြောလိုက်ပါသတဲ့၊ လယ်တီဆရာတော်၏ ပစ္စည်းများအပေါ် မတွယ်တာမှုနှင့် မိမိဘဝ ကို ခံယူမှုသည် ကြည်ညိုဖွယ် ဖြစ်သည်၊ အတုယူဖွယ်ကောင်းသည်မှာ အမှန်ဖြစ်ပါသည်။



သည်ထုံးကို စောစောက မိတ်ဆွေ နှလုံးသွင်း ခံယူခဲ့ကြောင်း ထင်ရှားပါသည်၊ သို့သော် ဤနေရာ၌ ချင့်ချိန်ရမည်မှာ ထိုအမှုမျိုး ကြုံလျှင် လယ်တီဆရာတော်ကဲ့သို့ နှလုံးသွင်းနိုင်ပါသည်၊ မိမိ အတိတ်ကံကို အကဲဖြတ်လိုက ဖြတ်နိုင်ပါသည်။

တပါးသူအပေါ်(ပစ္စည်းပျောက်သူအပေါ်)၌မူ အကဲဖြတ်ခွင့် မရှိပေ၊ အဘယ်ကြောင့်ဆိုသော် တပါးသူ၏ လူတန်ဖိုး ဂုဏ်သိက္ခာ တို့ကို ထိပါးခွင့် မရှိသကဲ့သို့ ထိုသူ၏ ကံကိုလည်း မိမိ မည်သို့မျှ သိနိုင်ခြင်း မရှိသောကြောင့်ပင်။



ယခုတော့မူ အလွယ်တကူ စံပြုကာ အလွယ်တကူ ကောက်ချက် ချနေသော မိတ်ဆွေ ကဲ့သို့သော လူများသည် ယူဂန္ဓာတွင် အီဒီဘာမင်း လက်ထက်က ညှင်းပန်း နှိပ်စက်ခံ ပြည်သူများကို ကြည့်ကာ ကံမကောင်း ကြသူများအဖြစ် မြင်လျက် ဖိနှိပ်သူကိုမူ ဘုန်းရှင်ကံရှင်ဟု ပြောသည်နှင့် မခြားဟု ဆိုလိုက်ချင်ပါသည်။ ထို့ကြောင့် ဤသို့သော အရာမျိုးတွင် မိမိ ကိုယ်တိုင် တွက် စံပြုအတုယူလိုက ယူနိုင်ပြီး သူတပါးကို စံ နှိုင်းခွင့် မရှိကြောင်းကို သတိပြုသင့်ပေသည်။

စပ်လျဉ်း၍ သာဓက တစ်ခုကိုလည်း ဆောင်ပါဦးမည်၊ အမရပူရမြို့က အောင်ခြင်း ဆရာတော်ကြီး၏ အတုယူဖွယ် နှလုံးသွင်းတစ်ခု၊ တစ်ည သူခိုးတစ်ယောက် ဆရာတော် ကျောင်းတွင်းမှ တိုင်ကပ်နာရီကို မမှီမကမ်း ခိုးယူနေစဉ် “ဟဲ့ .. ဟိုမှာ ခုံယူပြီး ဖြုတ်၊ မမှီမကမ်းနဲ့ ကျကွဲနေရင် လူလည်းနိုး နင်လည်း ဒုက္ခတွေ့ဦးမယ်” ဟုပြောလိုက်ပါသတဲ့။ သည်ဆရာတော်၏ စံကိုလည်း အတုယူကြပါသည်။ သို့သော် သေချာစွာ စေ့ငုကြည့်ပြန်လျှင် ဆရာတော်၏ ပစ္စည်းအပေါ် မတွယ်တာမှု သဘောနှင့် ညှာတာမှုကြောင့် ဖြစ်နိုင်သကဲ့သို့ ဝိနည်းဥပဒေကို လေးစားခြင်းကြောင့်လည်း ဖြစ်နိုင်ပြန်ပါသည်။

ခိုးသူတို့ကို မမြစ်တားရ၊ မြစ်တား မောင်းမဲခဲ့လျှင် ဘဏ္ဍာအစားပေး၊ မပေးနိုင်က အာပတ်သင့်စေ ဟူသော ဘုရားရှင်၏ ပညတ်ချက်ရှိသည် မဟုတ်ပါလား၊ သို့ဆိုလျှင် ဝိနည်းသိက္ခာကို အလေးထား လိုသူတို့အတွက်သာ ထိုနှလုံးသွင်းမှုကို စံထားနိုင်ပြီး လောကီ လူနယ်နှင့်ဆိုလျင် သဟဇာတ ဖြစ်မည်မထင်၊ လူနယ်ပယ်တွင်မူ မိမိပိုင်ဆိုင်မှုကို ကာကွယ်ခွင့် ရှိသည် မဟုတ်ပါလား၊ ထိုကြောင့် သည်ဥပမာမျိုးတွင်လည်း အကန့်အသတ်နှင့်သာ စံပြုအတုလိုက်သင့်သော အရာဟု ဆိုလိုက် ချင်ပါသည်။



ဝိနည်း သက်ရောက်ရာ နယ်ပယ်မှာပင် ခိုးသူကို တိုက်ရိုက်သာ မမြစ်တားကောင်းသော်လည်း ပစ္စည်းရှင်များကို မူပြောပြကောင်းကြောင်း၊ မပြောဘဲနေက ဝတ္တရားချို့မှုအပြစ်ပင် သင့်ကြောင်း ပညတ်ထားသည်က ထိုအဆိုကို ခိုင်စေမည်ထင် ပါသည်။



စံပြုလိုသူတို့ ပြုလိုက ပြုနိုင်ရန် နောက်ဆုံး ဥပမာကို ဆောင်ပါမည်။ တောင်တွင်းကြီး နတ်မှီ်တောရဆရာတော်ကြီး၏ နှလုံးသွင်း။ ကမ္ဘာသတင်းကို နားထောင်လေ့ရှိသော ဆရာတော်ကို ကျောင်းအမက “ ရေဒီယိုတလုံး လှူဒါန်းပါသည်။

မကြာမီ ထိုရေဒီယိုကြီး ပျောက်ဆုံးသွားရာ၊ အလှူရှင် သိသွားသောအခါ “ဆုံးပါပြီဘုရား” ဟု နှလုံးမသာမယာ ဆိုရှာသညု။ ဆရာတော်ကမူ အေးအေးပင်၊ “ မဆုံးပါဘူး .. ဒကာမကြီးရဲ့” ဟု မိန့်ရာ “ မဆုံးလို့ ဘယ်မှာ ရှိတော့လို့တုန်း” ဟု လျှောက်သော အခါတွင် “ ဆုံးတယ်ဆိုတာ မီးလောင်သွားတာ၊ ရေမြုပ်သွားတာ စတာတွေမှ ဆုံးတာ၊ ခုဟာက တနေရာရာ မှာတော့ သုံးနေမှာပါ၊ တဦးဦးအတွက် အသုံးတည့်နေမှာပါ” တဲ့။



ထိုသဘောထားသည် နယ်မကန့် လူမခြား ကာလမရွေး အတုလိုက်သင့်သော စံပြုအပ်သော နှလုံးသွင်း၊ စာလိုပြောလျှင် ယောနိသော မနသိကာရ ပင်၊ မိမိလည်း စံပြု သူတပါးကိုလည်း အတုဖြစ်စေသင့်သော ကံသုံးပါး အမူအရာဟု ဆိုလိုက်ချင်ပါသည်။



ဆုံးရှုံးမှုကြောင့် ပူပန်မနေ၊ ခိုးယူသူကိုလည်း ရော်ရမ်း အမျက်မထွက်၊ ယူဆောင်သွားသူကိုပင် အသုံးတည့်ပေမည်ဟု မုဒိတာပွားနိုင်သော နှလုံးသား အမူအရာသည် တကယ်ပင် စံပြုအပ်သော အရာဖြစ်ပါသည်။



ထိုကြောင့် လူတိုင်းသည် မိမိတို့ စံထားရာ ' Idol 'များ 'Role-model'များ၏ ပြုမူပုံကို အမူအရာများ၊ ပြောဆိုသည့် စကားများ၊ ရေးသားထားသည့် စာများကို ကြည့်ရူ နားထောင် ဖတ်မှတ်ကြရမည်၊ ပြီးလျှင် လျှော်ရာ အတုများကို လိုက်ကြရမည် ဖြစ်သည်၊ ထိုသို့ အတု လိုက်ခြင်းပင် လူ၏ ဘဝပေး တာဝန်ဆိုလျှင်၊ အတုမလိုက်မီ ထိုအရာများကို ဆင်ခြင်ဥာဏ်နှင့် ဗဟုသုတ တို့ကိုသုံး၍ (မိမိအတွက် စံ၊ သူတပါးအတွက် ဒဏ် မဖြစ်စေရန်) ဝေဘန်စေ့ငု ဆင်ခြင်ခြင်းသည် လူယဉ်ကျေးများ အတွက် လောကပေး တာဝန်ဟု ဆိုရန်မှတပါး အခြားမရှိတော့ပေ။

ကံထွန်းသစ်(ဓမ္မရိပ်မဂ္ဂဇင်း အယ်ဒီတာချုပ်)
by http://www.ashinsirinda.com/