Saturday, March 12, 2011

ငယ်သာငယ်......


ငယ်သာငယ်......
ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် မွန်မြတ်ပြီး၊ ရခဲတဲ့ ပဏ္ဏာတစ်ခု ဖြစ်ပါတယ်။ ကရုဏာနဲ့ ပညာကို အခြေခံထားပြီး လောက အကျိုးစီးပွားအတွက် တည်ဆောက် ထားတာမို့ လူသားတွေနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး ဘာသာတရား တစ်ခုလည်း ဖြစ်ပါတယ်။

ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်သာရ အထည်ကိုယ်ဟာ သစ္စာလေးပါးဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်က နိဗ္ဗာန်ဖြစ်ပါတယ်။ အကျင့်လမ်းစဉ်က မဂ္ဂင်ရှစ်ပါးဖြစ်ပြီး လက်စွဲတရားကတော့ ဗြဟ္မစိုရ် လေးပါးဖြစ်ပါတယ်။ သိက္ခာသုံးဖြာ၊ သာသနာတော်သုံးရပ် ပိဋကသုံးပုံ၊ နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်း လေးထောင်ရှိတဲ့ ဗုဒ္ဓသာသနာတော်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာဟာ အံ့ဖွယ်ရှစ်ဖြာနဲ့ ပြည့်စုံတဲ့ မဟာသမုဒ္ဒရာကြီးတစ်ခုလိုပါ။



စ-လယ်-ဆုံး ကောင်းခြင်းသုံးပါးနဲ့ ပြည့်စုံတဲ့ သာသနာတော်ဟာ ဖွဲ့စည်းပုံမှာလည်း စည်းကမ်း၊ နည်းလမ်း၊ သဘောတရား သုံးပိုင်းလုံး ပြည့်စုံကြွယ်ဝစွာ ပါရှိပါတယ်။ စည်းကမ်းပိုင်း ဖြစ်တဲ့ ၀ိနယ ပိဋကဟာ သာသနာတော်ရဲ့ အသက်ဖြစ်ပါတယ်။ နည်းလမ်းပိုင်းဖြစ်တဲ့ သုတ္တန္တ ပိဋကဟာ သာနာတော်ရဲ့ အလှဖြစ်ပါတယ်။ သဘောတရားပိုင်းဖြစ်တဲ့ အဘိဓမ္မပိဋကဟာ သာနာတော်ရဲ့ အနှစ်သာရဖြစ်ပါယ်။ အသက်- အလှ-အနှစ်သာရ တွေနဲ့ ပြည့်စုံ ကြွယ်ဝတဲ့ သာသနာတော်ဟာ ယဉ်ကျေးသိမ်မွေ့ပြီး လွန်စွာမှ အထက်တန်းကျ မြင့်မြတ်လှပါတယ်။

ဗုဒ္ဓသာသနာတော်ရဲ့ အထက်တန်းကျ မြင့်မြတ်လှမှုကို ဗုဒ္ဓသာသနာတော်ဟာ အသွင် သဏ္ဍာန်ရော၊ အနှစ်သာရပါ နှစ်ဖက်လှတဲ့ ဘာသာ တရားတစ်ခု ဖြစ်ပါတယ်။ စည်းကမ်းရှိမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ချင်းစာနာ မေတ္တာထားမှု၊ သတိဉာဏ်ယှဉ်တတ်မှု စတာတွေဟာ ဗုဒ္ဓသာသနာ တော်ရဲ့ လှပတဲ့ အသင်သဏ္ဌာန်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ “သန့်ရှင်း သပ်ရပ်မှုနဲ့ တိတ်ဆိတ်ငြိမ်သက်မှု”ကို လွန်စွာ လိုလား မြတ်နိုးတော်မူ ပါတယ်။ လိုလား မြတ်နိုး တော်မူတဲ့အတိုင်း “ဘုရားရှင်တို့ မည်သည် တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာမှာသာ မွေ့ လျော်မြဲဖြစ်တယ်”လို့ မကြာခဏ မိန့်တော်မူပါတယ်။

တစ်ကြိမ်မှာ လက်ယာရံ အဂ္ဂသာဝကဖြစ်တဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် သန့်ရှင်း မှုနဲ့ ပတ်သက်လို့ ဘုရားရှင်ရဲ့ သတိပေး ဆုံးမမှုကို ခံရပါသေးတယ်၊ နောက်ပြီး “၀ိနည်းအစ၊ တံမြက်လှည်းမှုက” လို့ ဆိုရိုးရှိတဲ့အတိုင်း ကုဋေကိုးထောင်ကျော် စည်းမျဉ်း ဥပဒေတွေ ပါရှိတဲ့ ၀ိနည်းပိဋကရဲ့ နိဒါန်းကိုလည်း တံမြက်လှည်းမှု ကျင့်ဝတ်နဲ့ စတင် ထားရှိတော်မူခဲ့ပါတယ်။

ကျောင်းတော်တွင်းမှာ ဆူညံသံပြုကြတဲ့ ရဟန်းငယ်၊ ရှင်ငယ်တွေကိုလည်း “ငါးစိမ်းသည်တွေ ရန်ဖြစ်သလိုပဲ”လို့ ရှုတ်ချတော်မူကာ နှင်ထုတ်စေခဲ့ ပါတယ်။ ရဟန်းတော်များ စုဝေးရာမှာလည်း ပြောကြားလိုရင် တရားစကားကိုသာ တိုးတိတ်ငြင်သာစွာ ပြောဆိုနိုင်ပြီး၊ မပြောကြားလိုရင် တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေရမယ်လို့ ညွှန်ကြားတော်မူခဲ့ပါတယ်။

ဒါကြောင့် “သန့်ရှင်း သပ်ရပ်မှုနဲ့ တိတ်ဆိတ် ငြိမ်သက်မှု” တွေဟာ အထက်တန်းကျ မြင့်မြတ် လှတဲ့ ဗုဒ္ဓသာသနာတော်ကြီးရဲ့ ကောင်းမြတ်တဲ့ ဂုဏ်အင်္ဂါတွေ ဖြစ်တယ်ဆိုတာ သတိပြု ထိမ်းသိမ်းကြရမှာပါ။ ယခုအခါမှာတော့ သာသနာတော်ရဲ့ မြင့်မြတ်တဲ့ ဒီဂုဏ် ကျက်သရေ တွေဟာ တစ်စ တစ်စ ဆုတ်ယုတ် လျော့ပါးလာရုံမျှမက မယဉ်ကျေးကြတဲ့ အောက်တန်းစား ဘာသာဝင် တချို့ကြောင့် လုံးဝပျက်စီးနေကြပါပြီ။ မွန်မြတ်တဲ့ အနှစ်သာရ တွေကြောင့် ဗုဒ္ဓသာသနာတော်ကို မြတ်နိုးတန်ဖိုးထား၊ စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားတွေဟာ ဗရုတ်သုတ်ခ၊ ပရမ်းပတာ၊ ၀ရုန်းသုန်းကား ဖြစ်နေကြတဲ့ ဘာသာရေး အခမ်းအနား တချို့ကို ကြည့်ပြီး စိတ်ပျက် အထင်သေး သွားတတ်ကြပါတယ်။

စည်းကမ်းကြီးတဲ့ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ် ယုံကြည်သူတွေဟာ စည်းကမ်းရှိသင့်ကြ ပါတယ်။ ယဉ်ကျေး သိမ်မွေ့တဲ့ ဗုဒ္ဓသာသနာ တော်တော်ကို မှီခိုနေကြသူတွေဟာ ယဉ်ကျေးသိမ် မွေ့သင့်ကြပါတယ်။ အထက်တန်းကျ မြင့်မြတ်လှတဲ့ ဗုဒ္ဓသာသနာတော်ကို ယုံကြည်သက်ဝင် ကြသူတွေဟာ အထက်တန်းကျ မြင့်မြတ်သင့်လှပါတယ်။ ဒီအကြောင်းနဲ့ ဆက်နွယ်ပြီး ပုံပြင် ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။



ငယ်သာငယ် တယ်တွယ်တဲ့ဘုရား

တစ်ခါတုန်းက အထက်အညာမှာ “သာစည်”ဆိုတဲ့ ကျေးရွာတစ်ရွာ ရှိခဲ့ဖူးတယ်။ အိမ်ခြေ (၃၀၀)လောက်ရှိတဲ့ အဲဒီရွာမှာ ကိုးကွယ်စရာ စေတီ ပုထိုး မရှိသေးဘူးတဲ့။ တစ်နေ့တော့ ရွာဦး ကျောင်း ဆရာတော်ဟာ အိပ်မက်အရ ဆိုပြီး ကျောင်းဝင်းထဲမှာ ရွာသူရွာသူးတွေ ကိုးကွယ်ဖို့ရာ စေတီငယ်တစ်ဆု တည်တော်မူပါတယ်။ ဆရာတော်ဟာ ဘယ်ဒကာ၊ ဒကာမထံမှ အလှူမခံဘဲ ကိုယ်ပိုင် န၀ကမ္မနဲ့ တည်တော်မူတာမို့ ကိုးတောင်ပြည့်ရုံပဲ ရှိသတဲ့။

စေတီတော်တည်ပြီးသွားတဲ့အခါ ထီးတော်တင်ပွဲ ကျင်းပဖို့ရန် ရွာလူကြီးတွေကိုခေါ်ပြီး ဆွေးနွေး တိုင်ပင်ပါတယ်။ ရွာလူကြီးတွေကလည်း ရွာမှာ ကိုးကွယ်ဖို့ရာ စေတီတော်တစ်ဆူ အခုလိုဖြစ်တော်မူလာတာကို ၀မ်းသာအားရ ဖြစ်ကြတာမို့ ထီးတင်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ အလှူငွေများ ကောက်ခံ ပေးမှာဖြစ်ကြောင်း လျောက်ထားကြပါတယ်။ အဲဒီအချိန် မန္တလေးမှာ စာလိုက်နေတဲ့ အာဂန္တု ဦးပဉ္စင်းတစ်ပါးလည်း ရွာဦးကျောင်းမှာ ရောက်ရှိ နေတာမို့ ဆရာတော်က “ထီးတော်တင်ပွဲ စည်ကားအောင် ဘယ်လိုကျင်းပရရင် ကောင်းမလဲ လို့” အကြံဉာဏ် တောင်းခံပါတယ်။

အဲဒီအခါ ဦးပဉ္စင်းက “ဘုရားရှင်ကို ပူဇော်ရာမှာ အာမိသပူဇာလို့ခေါ်တဲ့ ပစ္စည်းဝတ္ထုနဲ့ ပူဖော်တာထက် ဓမ္မပူဇာလို့ခေါ်တဲ့ တရားနဲ့ ပူဇော်တာက ပိုမိုကောင်းမြတ်ပြီး ဘုရားရှင်လည်း နှစ်သက်တော်မူတာမို့ ဓမ္မစကြာ၊ ပဋ္ဌာန်းစတဲ့ တရားများနဲ့ ရွတ်ဖတ်ပူဇော်ခြင်း၊ နိုင်ငံကျော် ဓမ္မကထိကများကို ပင့်ဖိတ်ပြီး ညတရားပွဲများ ကျင်းပ ပူဇော်ခြင်းတွေကို ဆောင်ရွက်သင့် ကြောင်း” အကြံပေးတော်မူပါတယ်။ ဒါပေမယ့် ဆရာတော်နဲ့ ရွာလူကြီးတွေက “တရားပွဲဆိုရင် လူစည်းကားမှာ မဟုတ်”လို့ အကြောင်းပြပြီး ဦးပဉ္စင်းရဲ့ အကြံပေးချက်ကို ငြိင်းပယ်ကြပါတယ်။

နောက်ဆုံး အများဆန္ဒအရဆိုပြီး ဇာတ်ပွဲထည့်ရန် ဆုံးဖြတ်ကြပါတယ်။ နာမည်ကြီး ဇာတ်ပွဲကို မန္တလေးမြို့ အထိတက်ပြီး ငှားရမ်းကြတာမို့ ငွေတွေ သိန်းနဲ့ချီပြီး ကုန်ပါတယ်။ ထီးတင်ပွဲ မကျင်းပမီ ရက်တစ်ပတ်လောက် ကတည်းက စေတီတော်နဲ့ မလှမ်းမကမ်း ကွင်းပြင် ကျယ်ထဲမှာ ဇာတ်စင်ကြီးကို ဟည်းနေအောင် ဆောက်းကြတာမို့ ဘုရားက ငယ်ငယ် ဇာတ်စင်က ကြီးကြီး ဖြစ်နေတာပေါ့။ ထီးတင်ပွဲနေ့ ရောက်တဲ့အခါ မနက်စောစောမှာပဲ ရွှေထီးတော်ကို တင်လှူကြပါတယ်။ ပင့်သံဃာတော်(၁၀)ပါးနဲ့ ရွာလူကြီးတွေသာ ပါဝင်ကြတာမို့ သိပ်စည်စည် ကားကားကြီး မဖြစ်သေးပါဘူး

ဒါပေမယ့် ညနေခင်းမှာတော့ ရွာနီးချုပ်စပ်က ဧည်းသည်တွေရော ရွာထဲရှိ လူပျို၊ အပျို ကာလသား အဘိုးကြီး အမယ်အိုပါမကျန် ထွက်လာကြတာမို့ ဇာတ်စင်ရှေ့မှာ စည်ကားနေတဲ့ လူအုပ်ကြီးဟာ တိုးမပေါက်အောင် စည်ကားသတဲ့။ အဲဒီအချိန် ကျောင်းဝန်းထဲမှာ တည်ထားတဲ့ ကိုးတောင်ပြည့် စေတီတော်ကလေး နံဘေးမှာတော့ လုပ်လီလုပ်လဲ့ လင်းနေတဲ့ ဖယောင်းတိုင် လေး တစ်တိုင် နှစ်တိုင်ကလွဲလို့ လူတစ်ယောက်မျှ မရှိပါဘူး။

အဲဒီလိုနဲ့ နာမည်ကြီး ဇာတ်ပွဲကြီး ကပြ အသုံးတော်ခံတာ တစ်နာရီလောက်သာ ရှိသေးတဲ့ အချိန်မှာ ရွာခံလူတွေနဲ့ တခြားရွာကလူတွေဟာ ပွဲခင်းထဲမှာ နေရာလုရာကနေ ရန်ဖြစ်ကြလို့ ရိုက်ပွဲဖြစ်ကြသတဲ့။ တစ်ဦးနဲ့တစ်ဦး တွေ့ကရာ သစ်သားချောင်း၊ အုတ်ခဲတွေနဲ့ ပစ်ပေါက် ရိုက်နှက်ကြတာမို့ ခေါင်းကွဲသူကွဲ၊ အလဲလဲ အပြိုပြိုနဲ့ လူသုံးဆယ်လောက် ဒဏ်ရာရ ကြတယ်။ အဲဒီ လူတွေကို ရာလူကြီးက ဖမ်းခေါ်သွားပြီး ရဲဌာနမှာ အမှုတိုင်ချက်ဖွင့်ရတယ်။ ရဟန်းငယ်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ ပွဲခင်းရှိ လူအုပ်ကို ငြိမ်ငြိမ် ဆိမ်ဆိမ် ဖြစ်အောင် မနည်းထိန်း ကြရတယ်။

အဲဒီ အခြင်းအရာတွေကို ပွဲခင်းထဲ လမ်းလျှောက်လာတဲ့ မန္တလေးက ဦးပဉ္စင်းက တွေ့မြင် သွားတဲ့အခါ “ အင်း.. ငါအကြံပေး သလိုသာ တရားနဲ့ ပူဇော်ကြရင် အခုလို ဖြစ်ကြမှာ မဟုတ်ဘူး။ အခုတော့ ဘုရားကို မတရားနဲ့ ပူဇော်ကြလို့ မဟုတ်မဟတ်တွေ ဖြစ်ကုန်ကြပြီ။ တကယ်တော့ လူတွေဟာ ထီးတင်ပွဲ၊ ဘာပွဲ၊ ညာပွဲတွေ လုပ်နေကြတာပါ။ ဘုရားကို ပူဇော်ရာ မရောက်ဘဲ “ စော်ကားရာတောင် ရောက်သေးတယ်”လို့ တွေးမိပြီး မချင့်မရဲဖြစ်လာရာက “ဒွေးချိုါ်” တစ်ပုဒ် စပ်ဆိုလိုက်ပါတယ်။

“ဘုရားကလေး ငယ်ငယ်၊ ကိုးထောင်ပြည့်တယ်၊ ငယ်သာငယ် တယ်တွယ်တဲ့ဘုရား။

လူသုံးဆယ် ခေါင်းတွေ ကွဲသွားတယ်။ ရဲဌာနသွား။”

ပုံပြင်ထဲက အဖြစ်အပျက်တွေဟာ အပြင်မှာလည်း တကယ်ဖြစ်နေတာပါ။ ဒီထက်သာ ဆိုးရင် ဆိုးမယ်၊ ဒီထက်တော့ မလျော့နည်းနိုင်ပါဘူး။ ဒီလို အဖြစ်ဆိုးတွေကို ပညာရှိ သူတော်ကောင်းတွေက မနှစ်သက်ပါဘူး။ ပြုပြင်လိုကြပေမယ့် အများနဲ့ တစ်ယောက်တည်းမို့ “ သံဃာအား ဘုရားမလွန်ဆန်သာ” ဆိုသလို လက်လျှော့ နေကြရတာပါ။ ဒါတောင် တတ်နိုင်သလောက် ပြုပြင်ပေး ကြပါသေးတယ်။ လယ်တီဆရာတော်ကြီးက “ တစ်နှစ် တစ်ခါ၊ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ”လို့ သံပေါက် ရေးခဲ့သလို၊ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ကလည်း “ ပွက်လောဆူညံ၊ လူသံပွဲတို့၊ ကျောင်းဘုရားထဲ လုပ်ကြသည်။ ဗုဒ္ဓအယူ၊ အတွင်းလူဖျက်လို့။ ဘာသာပျက်၍ ခက်လိမ့်မည်” ဟု ကဗျာရေးစပ်ခဲ့ပါတယ်။

အချင်းချင်း မသင့်မတော် မလျော်တာတွေ တွေ့ရင် ဆုံးမသွန်သင် ပြုပြင်ပေးခြင်းဟာ မွန်မြတ်တဲ့ သာသနာ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ မေတ္တာ၊ ကရုဏာ ရှေ့ထားပြီး အချင်းချင်း အမှားပြင်ပေးခြင်းဟာ ကြီးပွား တိုးတက်ကြောင်း၊ ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါးလည်း ဖြစ်ပါတယ်။ ဒီသာသနာတော်ဟာ အလေးအမြတ်ပြုအပ် ရင်နဲ့ကပ်ထားရမယ့် သာနာတော်၊ ရိုသေ မြတ်နိုး၊ ဦးနှိမ်ချိုးရမယ့် သာသနာတော် ဖြစ်ပါတယ်။ ဒီ သာသနာတော်အတွက် ချွေးနဲ့ရင်း၊ သွေးနဲ့ရင်း၊ အသက်နဲ့ရင်းခဲ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့ စွန့်ခြင်းကြီးတွေ ပြန်လည်တွေးဆ သတိရမိရင် မြတ်စွာဘုရားရဲ့ ကရုဏာတော်ကို စော်ကားဖို့ဆို ဝေးစွ၊ မျက်ရည် ပေါက်တောင် ကျလာ နိုင်တယ်။

ဘုရားရှင်ကို ရိုသေတာ၊ တရားတော်ကို မြတ်နိုးတာ၊ သံဃာတော်ကို ရိုကျိုးတာ၊ သာသနာ တော်ကို လေးစားတာ၊ မိမိကိုယ်ကို တန်ဖိုး ထားတာတွေဟာ လောက၊ သာသနာကြီးပွား ကြောင်းတွေပါ။ ဆရာ၊ မိဘ စသူတွေကို ကိုယ်ကမှ မလေးစားရင် တခြားသူတွေက အရိုအသေ တန်တတ်ပါတယ်။ အဲဒီလိုပါပဲ။ ဗုဒ္ဓသာသနာတော်ကို မိမိတို့ကမှ မမြတ်နိုးရင် တခြား ဘာသာဝင်တွေက တန်ဖိုးထားကြမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်နဲ့ စပ်တဲ့ အခမ်းအနားကြီးငယ် အသွယ်သွယ်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဦးထိပ်တင် ပန်ဆင်ပြီး ရိုသေလေးမြတ် ပြုလုပ်အပ်ကြပါတယ်။ တကယ်တော့ “ ရေမြင့်ရင်ကြာတင့်” သလို ဗုဒ္ဓသာသနာတော်ရဲ့ ဂုဏ်ကျက်သရေဟာ မိမိတို့ရဲ့ ဂုဏ်ကျက်သရေပဲ ဖြစ်ပါတယ်။

တော်ဝင်နွယ်