တထာဂတရဲ့ အလိုတော်
နောက်လေးလလွန်လျှင် ...
အတွေးအလျဉ်သည် ဤနေရာတွင် တန့်ရပ်သွားတတ်မြဲ၊ ဒီနေ့မှစ၍ နောင်လေးလ လွန်မြောက်သွားလျှင်...အစားထိုးမရနိုင်သည့် လောက၏ လပ်ဟာမှုကြီး တစ်ခုသည် မလွဲမသွေ ပေါ်ပေါက်လာတော့မည်။ ထိုအခါ...စိတ်၏ပူဆွေးမှုတို့သည် ညိုးငယ်မှု၊ ခိုကိုးရာမဲ့မှုသို့ အသွင်ပြောင်း သွား တော့သည်။ သောကငြိမ်းသတ်နည်းတို့ကို အကြိမ်ကြိမ် သင်ကြားခဲ့ရဖူးပေမင့် အမှတ်ပြုနိုင်စွမ်း မရှိတော့။ “ကြီးမြတ်လှတဲ့ အာနုဘော်နဲ့ ထိုလေးလ ကို လွန်မြောက်တော်မူပါဘုရား”လို့ ရင်ထဲမှ အခါခါ တောင်းပန် နေမိသည်။
မရနိုင်မှန်း သိပါ၏။ သို့သော် သိမှုက တခြား၊ ဖြစ်လိုတဲ့ ဆန္ဒက တခြားပေပဲ။ ထိုဆန္ဒသည်လည်း အကြီးဆုံး ရှင်မဟာကဿပကအစ ဝင်လာ သစ်စ ထေရ်ရှင်များတိုင်း ရှိကြမည် ဧကန်ပင်။
ဒါတင်မက...ရာဇဂြိုဟ်ပြည့်ကြီးရှင် ရင်မှာလည်း ရှိသည်။ ဇေတဝန် ကျောင်းကြီးဒကာရဲ့ အသိုင်း အဝိုင်းတို့ ရင်မှာလည်း ရှိမည်။ ပုဗ္ဗာရုံ ကျောင်း အစ်မကြီးရဲ့ ရင်မှာလည်း ရှိမည်။ အို...နောက်ဆုံး ပန်းမှိုက်ကျုံး တစ်ယောက်၏ ရင်ထဲမှာတောင်...။
ဇာတ်မြင့်ကိုလည်း မသာစေ၊ ဇာတ်နိမ့်ကိုလည်း မနာစေ တစ်ညီတည်းသော စောင့်ရှောက်မှုဖြင့် သစ္စာအလင်းကို ထွန်းညှိပေးတော်မူခဲ့သော၊ “အမတ” ကို ပေးတော်မူခဲ့သော အရှင်၊ ခု...သူကိုယ်တိုင်က လေးလလွန်လျှင် ..။
မဟုတ်ပါစေနဲ့ ... မဖြစ်ပါစေနဲ့ ...အရှင်၏ စကားတစ်ခွန်းသည် ဘယ်နံရော အခါကမှ ဖောက်ပြန်လွဲသွေခြင်း မရှိသည်ကို သိလျက်နှင့်ပင် ဤအကြိမ်တွင် လွဲသွေ စေချင်နေမိသည်၊ မိုက်မဲသူဟု စကားတင်းဆိုလို့က ဆိုကြစေတော့။ အရှင်ဟောသော မမြဲသည့် လောကကြီးမှာ အရှင်ကို မြဲစေချင်သည်။ ကံ,စိတ်, ဥတု,အာဟာရဆိုတဲ့ အကြောင်းလေးခုရဲ့ စီရင်မှုမှအရှင့်ကို လွတ်စေ ချင်သည်။ ခုတော့ ..။.
ခြေတို့သည် ဖိစီးသော သောကကို မနိုင်ကြထင့်။ လေးဖင့်လှသည်။ ဂန္ဓကုဋီဆောင်ကို လှမ်းမြင်မှ လက်ထဲတွင် ဆောင်လာသော ခွက်ငယ်ကို အမှတ်ရသည်၊ အရှင့်ခြေတို့ကို လိမ်းသုပ်ဆုပ်နယ်ရန် ယူလာသော မုန့်ညင်းဆီမွှေး၊ ညီတော်ကြီးအာနန္ဒာ မျှော်နေမည်ကို သတိရကာ ခြေလှမ်းကို ပြင်လိုက်ရင်း ဝန်းကျင်ကိုလှည့်ကြည့်မိတော့ ...
“အလို ... ဟိုသစ်ပင်ရိပ်မှာ အတ္တဒတ္ထထေရ်ပါလား ...သူ့မှာ ... အာရုံတစ်ခုတည်းမှာ စိတ်ကို ပို့လွှတ်ထားဟန်ပင်၊ ငြိမ်သက်သော ဣနြေ္ဒက သောကကင်းဝေးဟန်ကို ညွှန်းနေသည်မို့။
အားစွမ်းဟုန် တစ်ခုခုများရှိခဲ့ရင် အချိန်ကို ဒီနေရာမှတင် တန့်ရပ်ထား လိုက်ချင်စမ်းပါဘိ၊ ခုတော့ ...အင်း ... လေးလပြည့်ရာ နေ့သည်လည်း နံနက်တိုင်း ထွက်ပေါ်လာသော နေလုံးကြီးလို မလွဲမသွေ ရောက်လာပေတော့မည်၊
ထိုနေ့သည် လောက၏ ခိုကိုးရာကို ယူဆောင်သွားမည့်နေ့ ဖြစ်သည်ကို အားလုံးက သိနှင့်ကြသည်ပင်။ထိုအခါ ... ဘယ်ဆီမှာ ခိုကိုးရပါ့။ အရှင်သည် ခိုကိုးရာမဲ့တို့၏ ရွှေတောင်ကြီး ဖြစ်သလို လွတ်မြောက် လိုသူတို့အတွက် မွေ့လျော်ရာ ကျယ်ပြောသော ကောင်းကင်ကြီးလည်း ဖြစ်ခဲ့သည်မှာ အမှန်ပင်။
သုပ္ပဗုဒ္ဓလို နူနာသည်အတွက် ခိုကိုးရာရှိသလို အဟိံသကလို တောပုန်းကြီးအတွက် အလင်းရှိသည်။ ပဋာစာရီလို ရူးသွပ်သူအတွက် ကုထုံးရှိ သလို ကိသာဂေါတမီလို သောကသည်အတွက် ဆေးဝါးရှိသည်။
အို...နောက်ဆုံး ...အကြိမ်ကြိမ် ရိုင်းပြရန်ပြုခဲ့သော ဒေဝဒတ္ထအတွက်ပင် နေရာမဆိတ်ခဲ့၊ ထိုသို့ မေတ္တာကရုဏာတို့ဖြင့် ပြည့်သောရင်၏ ပိုင်ရှင် သည် နောက်လေးလလွန်လျှင်...
ထိုသတင်းကို ကြားသည့်နေ့မှစ၍ ဘဝင်သည် တစ်နေ့မျှ မလန်းခဲ့။ သောကနှင့် ယှဉ်လျက် စိတ်သည် လွင့်ပါး နေတတ်သည်ကို သတိထားမိ သည်။ အရှင် မရှိလျှင်...အရှင် မရှိတော့လျှင်ဆိုသည့် ပူပင်မှုသည် ထိုင်ထိုင်၊ သွားသွား၊ လျှောင်းလျှောင်း၊ မြှေးယှက် နေတော့သည်။ ရွတ်အံမှု မျှကိုလည်း မပြုနိုင်၊ ပွားများမှု လည်း မပြုနိုင်ခဲ့။ အို... ဒီအချိန်မှာဒါတွေ ပြုနေရင်... ထိုစဉ် ရိပ်ခနဲ တစ်စုံတစ်ဦးနှင့် တိုက်လုမိခင် ရင်ဆိုင်မိမှ ...။
“အလို ... တိဿထေရ်ပါလား”လွှတ်ခနဲ ရေရွတ်လိုက်ရင်း ကိုယ်ကို ယို့ပေးလိုက်သည်။ သူကမူ မျက်လွှာမပင့်၊ လည်ပြန် ငေးကြည့်ရင်းက ...။
“တို့မှာ ဖိစီးတဲ့ သောကဟာ သူ့မှာ မရှိဟန်ဘဲ ...သူ ...သူ ...ကြောင့်ကျမဲ့ နေစိမ့်တာလား ...ဒါဆို...။
တလောက မာဂဓပြည့်ရှင် သောကဗျာပါဒ ဖိစီးဟန်နှင့် ရောက်လာခဲ့သေးသည်။ သမားတော် ဇီဝကကမူ မပြတ်လှ။သူတို့လို တိုင်းရေးပြည်ရေး ထွေးသည့်ကြားမှပင် လာကြသေးလျှင် ...ခုနက ထေရ်နှစ်ပါးက ဘာကြောင့်များ ...။
စိတ်သည် ဆတ်ခနဲ ဖြစ်သွားသည်၊ ဘာဖြစ်လို့များ ခုလိုအချိန်မှာ သူတို့ ဥပေက္ခာ အားကြီးကြပါလိမ့် ...အရှင်အပေါ်မှာ အငြိုးအတေး တစ်ခုခုများ ...အို ... မဟုတ်တန်ပါဘူး၊ သူတို့ဟာ ရှင်ဒေဝဒတ္ထရဲ့ နောက်လိုက်တွေမှမဟုတ်ကြတာ ...ဒါဆို ဘာလို့များ အရှင်ထံ မချဉ်းကြပါလိမ့် ...ကြောင့်ကြမဲ့ပုံကဖြင့် ...။
“ဟော ဟိုမှာ တစ်ပါး “ ခဲတစ်ကျ အကွာအဝေးမယ့် တောချုံရိပ်က သူသည်ဓမ္မာရာမ မထေရ်မှန်း သိသာအောင် အသွင်သဏ္ဍာန်က ညွှန်းနေ သည်၊ သူကိုအလျင်ကတည်းက “အကျင့်မွေ့လျော်သူအဖြစ် သိခဲ့ဖူးပေမယ့်၊ ခုလိုအချိန်ကြီးမှာ ...အားလုံး၏ဦးခေါင်းတွင် မီးတောက်စွဲချိန်မှာ ...။
ဝါစုံ၊ ရွယ်စုံ ထေရ်တို့ဆိုင်ရာ ဝန်တို့ကို ခေတ္တခွာချကာ အရှင်ထံပါးဝယ် ချဉ်းကပ်ကြ၊ ပြုစုကြ၊ လုပ်ကျွေးကြချိန်မှာပင်...ထိုသူတို့သည်ခုလို ဣနြေ္ဒမပျက် နေနိုင်ကြသည် ဆိုတော့ ...။
မျက်ကွယ်မပြုမီပင် အရှင်ကို ပစ်ပယ်ကြပြီလား၊ သို့ဆိုလျှင် ... မျက်ကွယ်ပြု သွားခဲ့ပြီးဆိုလျှင် ...သူတို့... အရိပ်ထွေး၊ အသီးကျွေး၊ အပွင့်ပေး ခဲ့သော သစ်ပင်ကြီးကို လွယ်လင့်တကူ ကျောခိုင်း စွန့်ခွာသွားသော ကျေးငှက်ရိုင်းတွေနဲ့ ခြားနားမှုဟာ ...အို ...ဒီလိုလည်း ဟုတ်ဟန် မတူပါ ဘူးလေ။
“လောကမှာ ကျေးဇူးသိတတ်သူကို ရခဲ၏” လို့ အရှင်ဟောဖူးတာပဲလေ၊ ကျန်သမျှ ကာလလေးမှာ အရှင်ကျေးဇူးတွေ ကျေနိုင်သမျှ ကျေအောင် ပေးဆပ်ဖို့ ကြိုးကုတ် ရတော့မှာဘဲဟု တည်ဆောက်ရသည်။
ထိုစဉ် တူရှုမှ ဗျာကသီလှမ်းလာကြသော ပဉ္စင်းငယ်တစ်သိုက်ကို တွေ့လိုက်ရမှ ...။ အလို ...အရှင်စံရာ တံခါးဝကိုတောင် ရောက်တော့မှာပါလား။
ညီတော်ကြီးအာနန္ဒာရဲ့ နွမ်းနယ်သော မျက်နှာကို တစ်ချက်ကြည့်ရင်း လက်ထဲမှ မုန့်ညှင်းဆီခွက်ကို လှမ်းကပ်လိုက်သည်၊ ထိုနွမ်းနယ်မှုသည် နေ့ညဥ့်မပြတ် ပြုစု လုပ်ကျွေးခဲ့ရ၍ အအိပ်အနေ ယွင်းပျက်မှု သက်သက်ကြောင့်တော့ မဟုတ်နိုင်။
တံခါးခုံကိုကျော်ကာ ခန်းဆောင်တွင်းကြည့်မိတော့ အရှင်၏ ဝင်းဆဲ ဝါဆဲ ကိုယ်တော် သည် ညောင်စောင်းထက်မှာ လျှောင်းတော်မူလျက်။
ရှင်မဟာ ကဿပထေရ်ကြီးတို့လို အဝေးနေ အချို့မှလွဲ၍ ရဟန်းအားလုံး စုရုံးမိချိန်လို့ပင် ဆိုနိုင်လောက်သည်၊အရွယ်စုံ အမျိုးဇာတ်စုံပင်၊ ထိုသို့ အရွယ်စသည် ကွဲပြားကြပေမယ့် “အရှင်ကိုပြုစု ကျေးဇူးဆပ်ကြရမည့် သမယပိုင်း”ဆိုသည်ကိုခံယူမှု ကတော့ တူညီကြသည်သာ။
ထိုသို့ အားလုံးအတွက် အရေးကြီးဆုံး အချိန်မှာပင် လမ်း၌တွေ့ခဲ့သော ထိုသူတို့က ...၊ ချုပ်တည်း ထားသောစိတ်သည် ခံခက်မှုက တွန်းဖွင့် လေတော့ ...
“အရှင်မြတ်အာနန္ဒာ၊ တထာဂတကိုယ်တော် ခန့်ကျန်းမာရဲ့လား” “အိမ်း ...ရင့်အိုမှုဆိုတာ တိုးလို့ဆုတ်ယုတ်တတ်တဲ့ သဘောပဲ ... တို့နောင်တော် ဘုရားလည်း နောင်လေးလလွန်လျှင် ...” ညီတော်ကြီး၏ စကားသည် တုန်ခါမှုဖြင့် အနားသတ်သွားသော်လည်း ကြားသူ့ရင်မှာတော့ သိမ့်ခနဲ လှိုက်ကျန်ရစ်သည်၊ ထိုကြောင့်ပင်ကြိတ်မနိုင် ခဲမရဖြင့် ...
“ခုလို အချိန်မျိုးမှာတောင် သူတို့ ...သူတို့ ..” “ဘာကို ဆိုလိုတာလဲ ငါ့ရှင်ငယ်”
“ခုလိုတထာဂတ ကိုယ်တော်အတွက် အရေးကြီးလှတဲ့ အချိန်မှာတောင် အချို့ရဟန်း တွေရဲ့ ကိုယ်ကျိုး ကြည့်မှုလွန်ကဲပုံကို တွေးမိလို့ပါ အရှင်” ညီတော်ကြီး ခတ်မဆိတ် အတွင်းခန်းကို လှမ်းမျှော်ကြည့်နေရာမှ ...။
“အတ္တဒတ္ထကို ပြောတာလား” “ဟုတ်တယ်၊ ညီတော်အရှင်၊ အတ္တဒတ္ထရယ် နောက်ပြီး ...” “တိဿနဲ့ ဓမ္မာရာမရယ် မဟုတ်လား” “ဟုတ်တယ်၊ ဟုတ်တယ်၊ အရှင်လည်း ကြားပြီးပြီ ထင်တယ်”
“အိမ်း ...နေ့စဉ်လိုပဲ ကြားနေရပါရဲ့၊ ရဟန်းတိုင်းက သူတို့ကို နေစိမ့် သူများရယ်လို့ ပြစ်မြည်ဖွဲ့နေကြလေရဲ့”
“အမှန်ပဲ ညီတော်အရှင် တထာဂတကို ခုလိုအချိန်မှာမှ ကျေးဇူး မသိတတ်ရင် ဘယ်အချိန်မှာများ ...”စကားပင် မဆုံးလိုက်၊ ညင်သာပီသသော ခေါ်သံကြောင့် ညီတော်ကြီး အာနန္ဒာ သွက်လက်စွာ လှမ်းဝင်သွားရာ ခန်းဆောင်တွင်းသို့ ဝင်လိုက်ခဲ့ရသည်။
ညီတော်ကြီးအနီးပါးသို့ ချဉ်းကပ်မိလျှင်ပင် တထာဂတအရှင် စကားဆက်သည်က ...။ “သင်တို့ ကမ္မဋ္ဌာန်း နှလုံးသွင်းမှုမှ လစ်လပ်ချိန်မှာ အဘယ်စကားကိုများ ပြောဆိုနေကြပါလိမ့်” အားလုံး ငြိမ်ဆိတ် သွားကြသည်မို့၊ တထာဂတအရှင် နောက်တစ်ကြိမ် မမေးမိ၊ ဖြေဆိုရန် ပါးစပ်ပြင်ခိုက် ...။
“ကျေးဇူးသိမှု နည်းပါးတဲ့ အချို့ရဟန်းတွေအကြောင်းပါ အရှင်”
အားလုံးက တောင့်တနေသော ပရိသတ်စွန်းမှ ထွက်ပေါ်လာသော ရဟန်းငယ် တစ်ပါးရဲ့ အသံပင်၊ ပြောလိုသောစကားကို ကိုယ်စား လျှောက် ပေးသူဟု ကျေးဇူးတင် ကြမည်ကတော့ မလွဲ၊ ထိုသူတို့ကို အရှင်သိစေချင်သည်၊ ပြီး ...ကဲ့ရဲ့ဆုံးမ စေချင်ကြသည်။
“အတ္တဒတ္ထတို့လို ရဟန်းတွေကိုလားအာနန္ဒာ” “ဟုတ်ပါတယ်၊ နောင်တော်မြတ် ဘုရား၊ အတ္တဒတ္ထ, တိဿ, ဓမ္မရာမဆိုတဲ့ ရဟန်းသုံးပါး၊ ခုလိုအားလုံးက အရှင်အတွက် ပူပန်စွာ လုပ်ကျွေး ပြုစုနေကြချိန်မှာ ကိုယ့်ဝန်ကိုသာ အထမ်းမပျက်တဲ့ သူတို့ကို နောင်တော်မြတ် အပေါ် ကျေးဇူးမဲ့ သူတွေရယ်လို့ အားလုံးကစွဲယူနေကြတယ်အရှင်”
“သူတို့လာလျှင် တွေ့ချင်စမ်းပါဘိ” ပြန်လည် ငြိမ်ဆိတ်သွားသည်၊ ညီတော်ကြီးက တထာဂတ၏ သလုံးတော်တို့ကို အသာအယာ ဆုပ်နယ် ပေးနေသည်၊
အစွန်းအနားကျသော ရဟန်းငယ်တချို့သာ တီးတိုးစကား ဆိုနေကြသည်၊ မကြာလိုက် ရဟန်းငယ်တစ်ပါး ကိုယ်ကို ယို့လျက် အရိုအသေပေးကာ ထွက်ခွာ သွားသည်ကို သတိထားလိုက်မိသည်။
“အတ္တဒတ္ထ အဖူးမြော်ရောက်ပါတယ် အရှင်” ညီတော်ကြီး၏ တိုးသက်သော လျှောက်ထားသံကြောင့် တထာဂတအရှင် မျက်ဝန်းတော်ကို လှပ်၍ကြည့်တော်မူပြီး... “အတ္တဒတ္ထလား” “မှန်ပါတယ်အရှင်” “သင် သီတင်းဖော် တိဿနဲ့ ဓမ္မရာမတို့ကော” “သူတို့ မကြာမီရောက်လာ ကြမှာပါ အရှင်” လျောင်းခြင်းဣရိယာပုတ်မှ ဖြေးညင်းစွာ ထတော်မူသည်ကို ညီတော်ကြီးက ဖေးကူကာ ထူပေး သည်။ ထိုင်ခြင်းဣရိယာပထ မျှချိန်မှာပင် ပြည့်သော ဣနြေ္ဒနှင့် ထေရ်နှစ်ပါးဝင်လာသည်။
“တပည့်တော်တို့ ချဉ်းကပ်မိပါပြီ အရှင်” “ရဟန်းတို့ ...” “အရှင်” “ဒီနေ့က စရေတွက်လို့ နောက်လေးလ လွန်လျှင် ဖြစ်ပေါ်လာမည့် အရေးတစ်ခုကို သင်တို့ ကြားမိကြရဲ့လား” “ကြားကြပါတယ်အရှင်”
“အဲဒီအခါ ...အပြီးတိုင် မျက်ကွယ်ပြုသွားတော့မည့် ဆရာကို လျစ်လျူရှုပြီး ကိုယ့်အရေးသာ ငဲ့ကွက်သူများလို့ သင်တို့ကို အားလုံးက ရေရွတ်သံကို ကြားမိကြရဲ့ ...”
“ကြားကြပါတယ် အရှင်” “အဲလို ကြားပါရက်နဲ့ လျစ်လျူရှုရတဲ့ အကြောင်းက ...”
တိတ်ဆိတ်စွာ အားလုံးနည်းတူ နားစွင့်နေမိသည်၊ ဘာပြောမလဲ ...သူတို့ ဘာပြောမလဲ ...ဟု တာဝန်ယွင်းချို့သူတို့ရဲ့ ဆင်ခြေဆင်လက်တို့ကို သိချင်သည်။
[B] “ဒီလိုပါ အရှင်၊ နေရောင်ကို အားပြုပြီး ခရီးခဲကို ဖြတ်သန်းရသူအဖို့ နေမဝင်မီ ခရီးတွင်အောင် လှမ်းရသလို... သံသရာအမိုက်တိုက် ကို ဖြတ်သန်းတဲ့ တပည့်တော်တို့ အတွက် အရှင်ဟာ နေမင်းကြီးပါပဲ အရှင်”[/B]
အားလုံးပို၍ တိတ်ဆိတ်သွားသည်။ လေပြည်ပင် တန့်ရပ်သွားသည်ထင့်။
[B] “အရှင် နေမင်းကွယ်သွားလျှင် အမှောင်လမ်းမှာ စမ်းတဝါး ရှိရမှာစိုး၍ အရှင်ထံမှောက် မှာပင် အလင်းရဖို့အားထုတ်နေမိကြပါတယ် အရှင်”[/B]
အဦးဆုံးပင် တထာဂတအရှင်ကို မော့ကြည့်မိသည်၊ အရှင် မိန့်မည့်စကားကို ငံ့မိသည်၊ အရှင်၏ မျက်နှာတော်သည် ပို၍လန်းဆန်း သပ္ပာယ် နေသည်ကို သတိထားမိသည်။ [B]“ချစ်သားတို့” ဆွမ်း ...သင်္ကန်း ...ကျောင်းတိုက်တာစတဲ့ ဝတ္ထုပစ္စည်းတွေနဲ့ ပူဇော်သူဟာ ငါဘုရားကို ချစ်ရာမရောက်သေး၊[/B]
ခုလို ... [B]အတ္တဒတ္ထတို့လို အကျင့်ဓမ္မဖြင့် ပူဇော်သူသာ ငါဘုရားကို ...ချစ်ရာရောက်ပေတယ်”ချစ်ရာ ရောက်ပေတယ် ...ချစ်ရာ ရောက်ပေတယ် ...တဲ့၊[/B] ဟိုမထေရ်တို့ မည်သို့ ခံစားရသည်ကို မသိရပေမင့် ကိုယ်တိုင်မှာမူ ...။
အို အရှင်မြတ်ဘုရား ...နှုတ်ဖြင့် ရင့်ကျူးရင်း နဖူးသည် ကြမ်းပြင်နှင့် အချိန်ကြာအောင် ထိစပ်သွားတော့သည်၊ ဟိန်းသွားသော သာဓုခေါ်သံကိုပင် အမှတ်မထားမိတော့။
ကံထွန်းသစ်
(မြတ်ဓမ္မ၊ ၁၉၉၉)