Wednesday, March 30, 2011

ဇာတ်ပေါင်းခန်း



ဇာတ်ပေါင်းခန်း

“ဘုန်းကြီးသောဘာသော နားမလည်ဘူး၊ တို့ရွာကို စော်ကာလို့ကတော့ သူသေ ကိုယ်သေ ဆော်ပစ်လိုက်မယ်”

ကာလသား ဖိုးထောင်၏ ထန်းရည် မူးမူးနှင့် အော်ဟစ်ကြိမ်းဝါး သံမှ အစပြု၍ ရေကန်ထဲ ခဲကြီးကြီး တစ်လုံး ချလိုက်သလို တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဂယက် အပြန့်ကျယ် သွားသည်။ ကုဋီတို့၊ ရေတွင်းတို့ အပြီးသတ်ပြီး
သိမ်ကျောင်းပင် ပြီးလုပြီးခင် အနေအထား ရောက်ရှိနေပြီ။ အချိန်တိုတို အတွင်းမှာပင် ဦးပဉ္ဇင်းလေး၏ စီမံခန့်ခွဲမှု၊ တက်တက်ကြွကြွ နေ့မအား ညမနား ဆောင်ရွက်မှု တို့ကြောင့် ယခုကဲ့သို့ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ ဘုန်းကြီး ကြိုတင် စိုးရိမ်ထား သလို ပြဿနာ စတင် ပေါ်ပေါက် လာတော့သည်။

ကျောင်းသို့ ရွာသားတွေ တစ်အုပ် တစ်မကြီး ရောက်ရှိ လာကြသည်။ ကျောင်းပြိုလု နီးနီးကျောင်းနှင့် အပြည့် ရောက်ရှိ လာကြသည်။ အခါကြီး ရက်ကြီး တရားနာ ပရိသတ် ထက်ပင် ပိုသေးသည်။ ကျောင်းနှင့် မဆန့်၍ ကျောင်းပြင် တွင်လည်း လူအုပ်စုတို့ မနည်းလှပေ။ ထန်းတော ရွာတစ်ရွာတည်း သာမက ရွာနီး ချုပ်စပ်ကလည်း လာရောက်ကြပုံ ပေါ်သည်။

ထိုပရိသတ် ထဲတွင် အကဲဆုံးမှာ ဒကာကြီး ဦးဘတုတ်နှင့် ကာလသား ဖိုးထောင်တို့ ဖြစ်သည်။ “စကားနဲ့ ရှင်း၊ တရားနဲ့ ရှင်းလို့ မရရင် ဓားနဲ့ ရှင်းမဟဲ့” အကြံဖြင့် ထန်းလှီး ဓားကိုင်၍ ရောက်လာသည်။ ရွာလူကြီး ဦးဘဆောင်က မဖြစ်သင့်တာ မဖြစ်ရအောင် ဓားကို သိမ်းထားရသည်။

“ကိုင်း ဘာကိစ္စ လာကြတာလဲ”

အကြောင်းရင်းကို သိပေမယ့် မသိကျိုးကျွံ ပြု၍ ဘုန်းကြီးက မေးလိုက်သည်။
“ဘာကိစ္စ လာရမှာလဲ၊ ဦးပဉ္ဇင်းလေးနဲ့ သံသယ ရှင်းချင်လို့ လာတာ။ မဟုတ်တာတွေ ယုတ်မာတွေ သင်္ကန်း ခြုံပေမယ့် မလုံ နိုင်ပါဘူးဗျာ”

“ဘာတွေ မဟုတ်တာလဲ၊ ဘာတွေ ယုတ်မာတာလဲ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောကြစမ်းပါ”

ဦးဘဆောင်က လူအုပ်ထဲက ထလာသည်။
“ဒီလိုပါ အရှင်ဘုရား၊ ဦးပဉ္ဇင်းလေးဟာ ရဟန်းသံဃာ အကျင့် မကျင့်ဘဲ ရပ်ကြီး ရွာမ လူဝတ်ကြောင် အကျင့်ကို ကျင့်ကြောင်း စွပ်စွဲကြလို့ပါ”

ခက်ပြီ။ အထောက်အထား မခိုင်လုံဘဲ လူစုလူဝေးနှင့် မလာရောက် တန်ရာ။ ဘုန်းကြီး အနေဖြင့်လည်း သိတန်သလောက် သိထားသည်။ ဦးပဉ္ဇင်းလေး ခေါ်၍ ကျောင်းသို့ ရောက်လာသော ကျောင်းသားလေး၏ တစ်ဆင့် စကား ပြန့်ပွားမှုက အဓိက ကျပေလိမ့်မည်။ တစ်ရက်တွင် ရွာတစ်ရွာက ပင့်ဖိတ်၍ တရားဟောရန် အချက်အလက်များ စုဆောင်းနေသော ဦးပဉ္ဇင်းလေးသည် ဒကာများ ရောက်ရှိ လာချိန်တွင် ကပြာကယာ ကိုယ်လက်သုတ်သင် သန့်စင်ရခြင်း၊ သင့်လျော်သော သင်္ကန်းလဲလှယ် ၀တ်ဆင်ရခြင်း တို့အတွက် အချိန် မီစေရန် ကျောင်းသား လေးအား အကူအညီ တောင်းရသည်။ ထိုစဉ် ဦးပဉ္ဇင်းလေး၏ ခရီးဆောင်အိတ် ဖွင့်လှစ်ခိုက် ဘုန်းကြီး ရဟန်းတို့နှင့် မအပ်စပ် သော ယောက်ျားဝတ်စုံ တစ်စုံအပြင် မိန်းမ၀တ်စုံ တစ်စုံတို့ကို ကျောင်းသားလေးက တွေ့ရှိသွားသည်။

ကျောင်းသားလေးက သူတွေးမိသလို ဘေးလူတွေကို ပြောမိသည်။ မကြာမီ ဦးပဉ္ဇင်းလေး လူဝတ် လဲတော့မည်။ မယ်ဇာရည် ဆိုသော အချောအလှ သမီးကညာနှင့် အကြောင်း ဆက်ပေါင်းဖက် တော့မည်။ ၀တ်စုံတွေပင် ၀ယ်ပြီးပြီ ဟူသော သတင်းသည် တစ်ခဏချင်း မှာပင် ပြန့်ပွားသွားသည်။ ရပ်သိရွာသိ ဘုန်းကြီးသိ အကုန်လုံးသိ။ ထို့ကြောင့် မယ်ဇာရည်အား တစ်ဖက်သတ် ကြိတ်ပိုး ပိုးနေသော ကာလသား ဖိုးထောင် မခံမရပ် နိုင်ဖြစ်ကာ ထန်းရည် မူးယစ်ရင်း နှုတ်ကြမ်း အာကြမ်းဖြင့် ရမ်းကားလာသည်။ သမီးထိ ဓားကြည့်ဟူသော သဘောဖြင့် ဦးဘတုတ်က တစ်ခန်းထ လာပြန်သည်။ ဤသို့ဖြင့် ကျောင်းသို့ လူအုပ်စုကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

“ကိုင်း ဒကာ ဒကာမများရဲ့ သံသယကို ဦးပဉ္ဇင်း ရှင်းစရာ ရှိတာ ရှင်းပေးလိုက်”

နောက်ဆုံး ဘုန်းကြီး အနေဖြင့် တိုးတိုးစကား မေးချိန် မရတော့၍ လူအုပ်စု ရှေ့တွင် ဦးပဉ္ဇင်းလေး၏ အရှုပ်ထုပ်ကို ဖြည်ပြ ခိုင်းလိုက်မိပြီ။ စိတ်မကောင်းလည်း ဖြစ်မိသည်။ မတတ်နိုင်။ ထိုကိစ္စ ထိုမျှနှင့် မပြီးလျှင် ထို့ထက်မက ကြီးမားနိုင်သည်။ မီးကို မလောင်ခင်က တားချိန် မရ၍ မီးလောင်ချိန်တွင် ငြိမ်းလိုငြိမ်းငြား ငြိမ်းသတ်စရာ ရှာမိခြင်း ဖြစ်သည်။ ဦးပဉ္ဇင်းလေးသာ မရှင်းလျှင် ထိုအရှုပ်ထုတ်မှာ ပို၍ ရှုပ်လာနိုင်သည်။

ဦးပဉ္ဇင်းလေးက မမှိတ်မသုန် မတုန်မလှုပ် ရှိနေသည်။ ပရိသတ်တွေက သောသော ရုတ်ရုတ် ကျက်ကျက် ဖြစ်နေသလောက် ဦးပဉ္ဇင်း လေးက သူမဟုတ် သလို တည်ငြိမ်း အေးဆေးလှသည်။ ဘုရား ကျောင်းဆောင်ဘက် လက်အုပ်ချီ၍ ရွတ်ဖတ် ပူဇော်နေသည်။ ပရိသတ်တွေ ကြိတ်မနိုင် ခဲမရ ထိုင်ရမလို၊ ထရမလို ဖြစ်နေကြသည်။ ဘုန်းကြီး ကိုယ်တိုင်ပင် တုတ်တစ်ပြက် ဓားတစ်ပြက် မဖြစ်စေ ရန်သာ ဆုတောင်း နေမိသည်။ လူကြား မကောင်း သူကြားမကောင်း၊ ပြဿနာတွေ အူဟောင်းလောင်း ဖြစ်နေပါ ပေါ့လား။

“ဒကာကြီး ဒကာမကြီးတို့ ကြားသိသလို ဦးပဉ္ဇင်းလေး ကြားသိ ပြီးဖြစ်ပါတယ်။ ဒေါသရှေ့ မထားကြပါနဲ့ဦး။ အားလုံး ကျေနပ်တဲ့ အထိ ဦးပဉ္ဇင်း ရှင်းပြပါမယ်။ သံသယ မြူတစ် မှုန်လေးတောင် မကျန် စေရပါဘူး”

ဦးပဉ္ဇင်းလေးက ဘုရားဝတ်ပြု အပြီး ပရိသတ်ဘက် မျက်နှာမူလျက် တရား ရေအေး အမြိုက်ဆေးတိုက် ကျွေးသကဲ့သို့ အေးအေးလူလူ မိန့်တော်မူသည်။ လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် လောင်မြိုက်သော အပူမီးတောက်ကို ဦးပဉ္ဇင်းလေး၏ တရား ရေစင်နှင့် ပက်ဖျန်း၍ မရဖြစ်နေသည်။

“တရားနာဖို့ လာတာ မဟုတ်ပါဘူး။ တရားဟော မနေနဲ့ ရှင်းစရာရှိ ရှင်း။ မရှင်း နိုင်ရင်တော့ အဆိုးမဆိုနဲ့”

ဖိုးထောင် အမှူးပြုသော ကာလသား တစ်သိုက်၏ မိုက်မဲမှုက စကားနောက် တရား ပါချင်သည်။ ဒကာကြီးတွေ ကိုယ်၌ကလည်း ထိန်းမနိုင် သိမ်းမရ ဒေါသ နောက် အလွယ်တကူ လိုက်ချင်သည်။
“မောင်ပဉ္ဇင်း စကားကို ပြီးအောင် နားထောင်ပါ။ မရှင်းရှင် မေးပါ။ ပရိသတ်ပွဲ မဆူအောင် လူကြီးတွေက ထိန်းပေးပါ။ တရား အတိုင်း ဖြစ်စေရပါမယ်”

ဘုန်းကြီး၏ စကားကို အထိုက် အလျောက် နာခံကြ၍သာ တော်တော့သည်။ ဦးပဉ္ဇင်းလေး၏ အေးတိအေးစက် အမူအရာက ပရိသတ်ကို ဒေါပွအောင် ဆွပေးတာနှင့် တူနေသည်။ ဦးပဉ္ဇင်းလေးက တည်ကြည်သော ကာယိနြေ္ဒ၊ ကြံ့ခိုင်သော မနိဒြေ္ဒတို့ဖြင့် ထိုင်ရာမှ ထ၍ ပရိသတ် အများကို ရင်ဆိုင်သည်။
“ဦးပဉ္ဇင်း အနေနဲ့ ဦးစွာ ပထမ ပြောချင်တာက ငယ်စဉ် ကတည်းက ရည်မှန်းထားတဲ့ သာသနာ့ ဘောင်ကို ဘယ်နည်းနှင့်မှ ဘယ်အကြောင်း နှင့်မျှ မရှောင် ခွာနိုင်ပါဘူး။ ပရိယတ္တိ စာပေသင်ကြားဖို့ ကလည်း အကြောင်း အားလျော်စွာ ရှိနေပါသေးတယ်”

ဦးပဉ္ဇင်းလေး စကားမဆုံးမီ ကာလ သား တစ်သိုက်ထံမှ ကျွက်စီ ကျွက်စီ ဖြစ်လာပြန်သည်။
“ဒါဆို ဘာကိစ္စ ပုဆိုးတွေ၊ ထမီတွေ ၀ယ်လာရတာလဲ။ ဆင်ကောင်ကြီး တွေ့နေမှာတော့ ဆင်ခြေရာ လိုက်ရှာဖို့ လိုသေးလို့လား”

“သည်းခံပါ ဒကာလေးတို့၊ ဦးပဉ္ဇင်း လိပ်ပတ်လည်အောင် ရှင်းပါရစေဦး”

“ဟေ့ကောင်လေးတွေ စကားကို ဆုံးအောင် နားထောင်ဦးမှ ပေါ့ကွ။ ခုလို ၀င်ဝင် ပြောနေရင် လိုရင်း ဘယ်ရောက် တော့မှာလဲ”

ရွာလူကြီး ဦးဘဆောင်က မတ်တပ် ရပ်၍ ဟန့်တား ရတော့သည်။
“ကောင်လေး တွေကိုချည်း အပြစ် မပြောနဲ့ လေကွာ။ မင်းဦးပဉ္ဇင်း စကားက လိုရင်းမှ မရောက်ဘဲ၊ တရားဟော ကောင်းကောင်းနဲ့ လူတကာ ခေါင်းညိတ်အောင် ပြောတတ်တာကို အခွင့်ကောင်း ယူပြီး ဝေ့လည်ကြောင်ပတ် ပြောနေတာကွ”

“ဘတုတ်ရာ မင်းက ကလေးတွေကို ထိန်းရမှာ၊ မင်းကိုယ်တိုင် ရောယောင် ပါလိုက်ချင်တော့ မခက်ဘူးလား”

ကာလသားတွေ အပြင် လူကြီး အချင်းချင်းလည်း အငြင်းအခုန် ဖြစ်ကုန်ကြသည်။
“ခဏလောက် သည်းခံ ပေးကြပါ။ ဦးပဉ္ဇင်း လိုရင်းရောက်အောင် ရှင်းလင်း ပေးပါ့မယ်။ မောင်ကျောင်းသား ဦးပဉ္ဇင်းရဲ့ ခရီးဆောင်အိတ်ကို ယူပေးပါဦး”

ပရိသတ် အားလုံး အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက် သွားသည်။ သူ့ကြောင့် ပြဿနာ တက်ရသည် ဟူသော ကြောက်ရွံ့ အားနာစိတ်ဖြင့် ကျောင်းသားလေးက ဦးပဉ္ဇင်းလေး၏ ခရီးဆောင် အိတ်ကို မရဲတရဲ မနိုင့်တနိုင်ယူ လာပေးသည်။
“ဒကာကြီး ဦးဘတုတ် ရှေ့ကို ကြွပါ” ဟု ဦးပဉ္ဇင်းလေးက လှမ်းခေါ်သည်။

“ကျုပ်ကို ရှေ့ခေါ်ပြီး အရှက်ခွဲ ကြမလို့လား။ ဒါမျိုးတော့ မရဘူး မှတ်”

ဦးဘတုတ်က ထိုင်ရာမထ အော်ကြီး ဟစ်ကျယ် ပြောသည်။ တိတ်ဆိတ်နေသော ပရိသတ်ကလည်း တစ်ယောက်တစ်ပေါက် ဆူညံစ ပြုလာသည်။
“ဒကာကြီး ဦးဘတုတ် မောင်ပဉ္ဇင်း ရှင်းပြချင်လို့ ခေါ်တာ လိုက်နာမှပေါ့။ ဘာ အော်ကြီး ဟစ်ကျယ်တွေ လုပ်နေရတာလဲ” ဟု ဘုန်းကြီးက ခပ်ပြတ်ပြတ် မိန့်မှ ဘုန်းကြီး၏ သြဇာကို မလွန်ဆန်နိုင်၍ ဦးဘတုတ် မထချင်ထချင် ထလာသည်။

“ဒကာမကြီး ဒေါ်မယ်မနဲ့ ဒကာမလေး မယ်ဇာရည်ရော ရှေ့ကို ကြွပါဦး”

“ဘာလုပ် မလို့လဲ ရှုပ်ရှုပ် ရှက်ရှက်တော် မလာနိုင်ပါဘူး”

“အမေကလည်း ခေါ်မှတော့ သွားရမှာ ပေါ့တော်။ ချော်တော ငေါ့မနေ ပါနဲ့”

သားအမိချင်း ကတောက်ကဆ ဖြစ်ပြီး ပရိသတ် ရှေ့မှောက်သို့ ကမောက် ကမ ရောက်လာကြသည်။ မယ်ဇာရည် လေးခမျာ ဦးပဉ္ဇင်းလေး တစ်ခုခု ဖြစ်မှာ စိုးသောကြောင့် ကျောင်းသို့ လိုက်လာခြင်း ဖြစ်သည်။ အများထင် သလို မဟုတ်ကြောင်းလည်း ရှင်းပြချင်သည်။ သို့ရာတွင် ဦးပဉ္ဇင်းလေး အပေါ် ထားရှိသော သံယော ဇဉ်သည် ဖြူစင်မွန်မြတ် သော်လည်း တိမ်းညွတ်မှု ရာခိုင်နှုန်း များများ ပါဝင်သည်ကို သိနေသည်။

“မောင်ကျောင်းသား တွေ့ထားတဲ့ ဦးပဉ္ဇင်း အိတ်ထဲက ပုဆိုးတွေ ထဘီတွေ၊ အင်္ကျီတွေ ထုတ်လိုက်စမ်း”

ပဉ္စလက် မျက်လှည့် ဆရာကြီး၏ အံ့သြ ကုန်နိုင်ဖွယ် ပြကွက်ကို ကြည့်ရမည် ကဲ့သို့ ဘုန်းကြီး အပါအ၀င် ဒကာ ဒကာမတို့ ရင်တထိတ်ထိတ် ထိတ်တလန့်လန့် ဖြစ်နေကြသည်။ နောက်နား ကျကျက လူတွေလည်း ထိုင်ရာမှ ထကြည့်ကြသလို ကျောင်းဝင်းထဲက ပရိသတ်တွေ ထိုင်ရာမှ ထ၍ တံခါးပေါက်ရှိရာ ပြေးကြည့်ကြသည်။ စောစောက တရားပွဲနှင့် တူသလို ရှိသည်။ ယခုတော့ မျက်လှည့်ပွဲ ကြည့်ရသလို ပါပဲလားဟု ဘုန်းကြီး တွေးနေမိသည်။ ကျောင်းသားလေးက ဦးစွာ ပုဆိုးနှင့် အင်္ကျီကို ထုတ်ပေးသည်။

“ဒကာကြီး ဦးဘတုတ် ခဏလောက် မတ်တပ်ရပ်ပါဦး”

“ဘာတွေလဲဟ။ လူကို ကောင်းကောင်း မနေရဘူး”

ဦးဘတုတ်က မြည်တွန် တောက်တီးရင်း ထလာသည်။
“ဟောဒီ ယောက်ျား ၀တ်လုံချည်နဲ့ အင်္ကျီက ဦးပဉ္ဇင်းသာ လူဝတ်လဲပြီး ၀တ်မယ် ဆိုပါတော့ လိုက်ပါ့မလား။ အဆင်က ဟောဒီ ဒကာကြီး ဦးဘတုတ်တို့နဲ့မှ လိုက်မယ့် အဆင်ဖြစ် မနေဘူးလား”

ဦးပဉ္ဇင်းလေးက လူကြီးဝတ် အနံကြီး ကွင်းကျယ် ကွက်ထောက် ပုဆိုးနှင့် လည်ကတုံး အင်္ကျီတို့ကို ဦးပဉ္ဇင်းလေး၏ ကိုယ်မှ ကပ်ကြည့်ပြီး ဦးဘတုတ်၏ ကိုယ်မှာ ကပ်ပြသည်။
“ခုခေတ်မှာ လူကြီးဝတ် လူငယ်ဝတ် အဆင်မရွေး ကြပါဘူး။ လူကြီးဆင်လည်း လူငယ်တွေ ၀တ်ကြတာ ပါပဲ”

ကာလသား တစ်သိုက်၏ စီခနဲ အသံကြားရ ပြန်သည်။ ဦးပဉ္ဇင်းလေး၏ အကြောင်းပြချက် မခိုင်လုံကြောင်း ကန့်ကွက်ကြခြင်း ဖြစ်မည်ထင်သည်။
“ဒကာမကြီး ဒေါ်မယ်မနဲ့ ဒကာ မလေး မယ်ဇာရည်တို့ ခဏလောက် မတ်တပ် ရပ်ပေးပါဦး”

“တကတည်းတော် ဘာမှန်းလည်း မသိပါဘူးဟဲ့။ ဘုန်းကြီးက အထည်ရောင်း မလို့လား၊ မ၀ယ်နိုင်ဘူးနော်။ ထန်းလျက် ဈေးတွေ ကျနေတာ”

“အမေကလည်း ဘာတွေ ပြောနေတာလဲ။ ရပ်ဆို ရပ်စမ်းပါ။ ဘောက်မပြော စမ်းပါနဲ့”

သားအမိ နှစ်ယောက် ငြူငြူစူစူ တစ်ယောက် တစ်ပေါက် ပြောရင်း ထရပ်ကြ သည်။
“ဟောဒီ ထဘီနဲ့ အင်္ကျီကကော ဒကာမကြီးနဲ့ လိုက်တဲ့ အဆင်လား၊ ဒကာ မလေးနဲ့မှ လှတဲ့ အဆင်လား ခွဲခြား ကြည့်လိုက်စမ်းပါ”

ကျောင်းသားလေး ထုတ်ပေးသော ပွင့်ရိုက် ပါတိတ် ထဘီနှင့် ရင်ဖုံး အင်္ကျီတို့ကို ဦးပဉ္ဇင်းလေးက ဖြန့်ပြသည်။
“ငရဲ ငအုံကြီး နေပါ့မယ်တော်၊ ပေး စမ်းပါ”

ဒေါ်မယ်မက ဦးပဉ္ဇင်းလေး လက်ထဲမှ ထဘီနှင့် အင်္ကျီတို့ကို ဆိုးခနဲ ဆတ်ခနဲ လှမ်းယူရင်း သူမကိုယ်တွင် ကပ်ပြသည်။ ဒေါ်မယ်မ အပြုအမူကြောင့် ပြက်လုံးကောင်း တစ်ခုလို ဖြစ်သွားသည်။ ၀ါးခနဲ ပွဲကျသွား၍ ပရိသတ်တိ၏ ရင်ထဲက အကြိတ်အခဲသည် အနည်းငယ် ကြေပျက်စ ပြုလာသည်။ မာကျောရာမှ ပျော့ပြောင်း စပြုလာသည်။

“ဒကာကြီး ဒကာမကြီးတို့ အတွက် ဦးပဉ္ဇင်း ၀ယ်လာ ခဲ့တာပါ”

“ဘာ သဘောလဲကွ။ လူကြီးတွေကို ပုဆိုး၊ ထမီတွေ ပေးပြီး သမီးတောင်း မလို့လား”

ကာလသား တစ်သိုက် တစ်လွဲ ဆံပင်ကောင်း မကြေနိုင်၊ မချမ်းနိုင် ဆူဆူညံညံ လောင်မြိုက် လာပြန်သည်။
“ဟဲ့ မောင်ပဉ္ဇင်း စကားမဆုံး သေးခင် ဘယ်သူမှ ၀င်မပြောကြနဲ့”

ဘုန်းကြီးက အရေးပေါ် ဟိန်းဟောက်လိုက်မှ ကာလသား တစ်သိုက်လည်း ငြိမ်သက်သွားသည်။
“ဒကာကြီးတို့ မိသားစုရှေ့ နားမှာပဲ နေရာ ယူပေးကြပါဦး”

“လူတကာရှေ့ ပုဆိုးတွေပေး၊ ထဘီတွေ ပေးနဲ့ ဘာသဘောလဲဟ။ ဒီလိုလေး ရှင်းပြရုံနဲ့ ကျေအေးမယ် မထင်နဲ့”

ဦးဘတုတ်က ဘုန်းကြီး ဟန့်တားနေသည့် ကြားမှပင် ဒေါပွဖြစ်အောင် ပွလိုက်သေးသည်။ ဘုန်းကြီး၏ ရှုတင်းတင်း အကြည့်ကြောင့်သာ စကားရှည်ရှည် မပြောရဲဘဲ ရပ်လိုက်ရသည်။
“ဒကာကြီး ဦးဘတုတ်ကို မေးမြန်း စရာလေးတစ်ခု ရှိပါတယ်”

“ဘာများ မေးဦးမလို့ပါလိမ့်”

“ဒကာကြီးတို့မှာ သမီးလေး မယ်ဇာရည် တစ်ယောက်တည်း ရှိတာလား။ ကျန်တဲ့ သားသမီးတွေ မထွန်းကား ဘူးလား”

မထင်မှတ်သော မေးခွန်းဖြစ်၍ အံ့သြ ထိတ်လန့် သွားသည်။ ဦးဘတုတ်က ခါတိုင်းဆို ချက်ချင်းလက်ငင်း ဘွင်းဘွင်းကြီး တုံ့ပြန် ပြောဆိုနေကျ ဖြစ်သည်။ ယခုတော့ တစ်ခွန်း တစ်ပါဒမျှ မဖြေဆိုနိုင်၊ နှုတ်အံ သေသလို ဖြစ်နေသည်။
“ဒီသမီးတင် ဘယ်ကပါ့မလဲ ဦးပဉ္ဇင်းရယ်။ သားလေး တစ်ယောက်လည်း ရှိပါသေးတယ်”

ဦးဘတုတ် မဖြေနိုင် သည်ကို ဒေါ်မယ်မက သွက်သွက်လက်လက် ၀င်ပြောသည်။ ဦးဘတုတ်၊ ဒေါ်မယ်မနှင့် မယ်ဇာရည် တို့အား သုံးပွင့် ဆိုင် အပြန်အလှန် ကြည့်မော နေကြသည်။ သို့လော သို့လောဟူသော တွေးတောစရာ လေးတွေလည်း ၀င်လာသည်။ ဦးပဉ္ဇင်း လေး၏ မျက်နှာကိုလည်း စူးစူးစိုက်စိုက် ကြည့်နေ ကြသည်။ ပရိသတ် အားလုံးကလည်း ဦးပဉ္ဇင်းလေး၏ ပဟေဠိလို ဖြစ်နေသော အဖြေညှိသည့် စကားသံတို့ တစ်ခွန်းမကျန် ကြားသိစေရန် နားစွင့်၍သာ နေကြသည်။
“အဲဒီ သားလေးကော ဘယ် ရောက် သွားသလဲ”

“ဟောဒီက ကိုဘတုတ်ပေါ့။ သားလေးကျောင်း နေချင်တာကို ကျောင်းမထားဘဲ မြူအိုး ကောက်ခိုင်းလို ခိုင်း၊ ထင်းခွေခိုင်းလို ခိုင်း၊ ကျောင်းထားပေးဖို့ ပူဆာ တာကို ရိုက်မောင်း ပုတ်မောင်းလုပ်လို့ ကလေး အရွယ်တည်းက ထွက်ပြေးသွားတာ သေသလား၊ ရှင်သလားတောင် မသိရပါဘူး။ သားလေး ဖိုးဉာဏ်ရဲ့ အီး ဟီးအီး”

မဆင်ဘဲ ဗြုန်းခနဲ ရွာချသည့် မိုးလို ဒေါ်မယ်မ ခမျာ စကားလည်း ဆုံးရော ဟီးတိုက်၍ ငိုလိုက်ပြန်ရော။ ဦးဘတုတ်ရော မယ်ဇာရည်ပါ မလှုပ်မယှက်။ ပရိသတ် အားလုံးလည်း ဒေါ်မယ်မ၏ သောကကို ကြည့်၍ ငိုရခက်၊ ရယ်ရခက် ဖြစ်နေကြသည်။
“ကျောင်းနေချင်လို့ ရောက်ရာ ပေါက်ရာ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးသွားတဲ ဖိုးဉာဏ်ဆိုတဲ့ ကောင်လေးဟာ ကံအားလျော်စွာ ခုချိန်မှာ ဦးပဉ္ဇင်းလေး ဉာဏ၀ရရယ်လို့ ဖြစ်လာလိမ့်မယ် ဆိုတာ ဘယ်သူမှ ထင်မှတ် မထားကြဘူး မဟုတ်လား”

ဟင် ဟာ အို ဟူသော အာမေဋိတ်သံတွေ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာသည်။ ဘုန်းကြီးပင်လျှင် ဦးပဉ္ဇင်းလေးကို ကြည့်၍ မျက်ရည်ဝဲသည် အထိ နင့်ခနဲ ခံစားသွား မိသည်။
“အောင်မယ်လေး ဒါသားလေး ဖိုးဉာဏ် အဲဟုတ်ပေါင်။ ဦးပဉ္ဇင်းလေး ဉာဏ၀ရတဲ့လား။ မသေကောင်း မပျောက် ကောင်းပါလား သားရယ်။ မေမေ တစ်လျှောက်လုံး လွမ်းနေရတာပါ”

ဒေါ်မယ်မက အော်ကြီးဟစ် ကျယ် ပြောရင်း ၀မ်းသာမျက်ရည် မဆည်နိုင် သလို
“မှားတော့ မလို့ပါလား သားလေးရယ်။ အသုံးမကျ လိုက်တဲ့ ဖအေလိုလူ ဇမ္ဗူမှာ ရှိသေးလို့လား”

ဦးဘတုတ်က သူ့ရင်ကို တအုန်း အုန်းထုလို့ အော်ဟစ် သကဲ့သို့
“အစ်ကို အစ်ကို ဦးပဉ္ဇင်းလေးဟာ အစ်ကိုတဲ့လား” မယ်ဇာရည်ကလည်း ၀မ်းသာမဆုံး မျက်ရည်သုတ်ရင်း ထခုန်သည်။

“ရွာက ထွက်ပြေးလာရင်း လမ်းမှာ ထန်းလျက်ဝယ်တဲ့ ကုန်သည် တစ်ယောက်နဲ့ တွေ့လို့ မန္တလေးက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ အပ်နှံပေးတဲ့ အတွက် ခုလို သာသနာ့ ဓဇသီရိပ၀ရဓမ္မာ စရိယဘွဲ့ရ ဦးပဉ္ဇင်းလေး ဖြစ်လာတာပါ။ ဘွဲ့ရပြီး စာအောင် သံဃာတွေကို လှူကြ တန်းကြ ဆုပေးကြလို့ ၀တ္ထုငွေကြေး လေးတွေ စုမိ ဆောင်းမိ လာပါတယ်။ ခမည်းတော်၊ မယ်တော်တို့ကို သတိလည်းရ ကျေးဇူး လည်း ဆပ်ချင်လို့ ဦးပဉ္ဇင်းနဲ့ မအပ်စပ်တဲ့ အ၀တ် အထည်တွေကို ၀ယ်လာ မိတာပါ။ ဒီထက် စောစောက ခမည်းတော်၊ မယ်တော်တို့ကို ကန်တော့ ခဲ့ရင် ခုလို ပြဿနာ ပေါ်ပေါက်မှာ မဟုတ်ပါဘူး။ သိမ်ကျောင်း ဆောက်လုပ် ပြီးစီးလို့ ရေစက်ချပွဲ အမီ ပေးဖို့ ရည်ရွယ်ထားတဲ့ အတွက် ခုလို ပြဿနာ ပေါ်ပေါက် လာတာပါ။ အားလုံး ရှင်းကြရဲ့လား” ဦးပဉ္ဇင်းလေး၏ ရှင်းလင်းချက် စကားအဆုံး တရုန်းရုန်း ထမပြန်ကြဘဲ မင်သက် မိနေကြ သလို ပရိသတ် အားလုံး မတုန်မလှုပ် ပန်းပုရုပ်များ ဖြစ်သွားကြ လေသည်။

ခြိမ့်သဲ