Tuesday, March 22, 2011

နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရအုံးမယ်


နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရအုံးမယ်

သတ္တ၀ါတိုင်းဟာ ဖြစ်လေရာ ဘ၀၊ ရောက်လေရာအရပ်မှာ ချမ်းသာချင်ကြတာချည်းပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ ဆင်းရဲနေကြရတာကတော့ ဘ၀ရည်မှန်းချက်နဲ့ လမ်းစဉ်တွေ လွဲမှား ကြလို့နဲ့ တူပါရဲ့။ ချမ်းသာခြင်းဆိုတာကလည်း အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်တာကိုး၊ ဒါမှမ ဟုတ် ချမ်းသာစစ် ချမ်းသာမှန်ကို ရှာမတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။


စာပေတွေထဲမှာက” လူ၊နတ်၊နိဗ္ဗာန်(၃)တန်ချမ်းသာ”လို့ မှတ်တမ်း ရှိပါတယ်။ အဲဒီထဲမှာ လူချမ်းသာ၊ နတ်ချမ်းသာဆိုတာတွေက ဝေဒယိကသုခ= အာရုံခံစားမှု ချမ်းသာတွေဖြစ်ပြီး နိဗ္ဗာန်ချမ်းသာ ဆိုတာကတော့ သန္တိသုခ=အာရုံခံစားမှုမဖက် ငြိမ်းအေးချမ်းမြေ့မှု သက်သက်လို့ ဖွင့်ဆိုဖော်ပြကြ ပါတယ်။ ဝေဒယိကသုခ ကာမရသ=(လိုချင်နှစ်သစ်ဖွယ် ရှိပါပေစွလို့ ကပ်ငြိ တွယ်တာမှု)ကို ဖြစ်ပေါ်စေပြီး သန္တိသုခကတော့ ၀ိမုတ္တိရသ=(လွတ်လပ် ပါပေစွလို့ ရွှင်လန်း ချမ်းမြေ့မှု)ကို ဖြစ်ပေါ်စေပါတယ်။ ကာမရသဟာ ဆင်းရဲပင်ပန်းခြင်း များစွာနဲ့ ရောပြွမ်းနေပြီး၊ ၀ိမုတ္တိရသကတော့ ဆင်းရဲပင်ပန်းမှု ဟူသမျှ လုံးဝကင်းလွတ်နေပါတယ်။ ဒါကြောင့် သူတော် ကောင်းသူမြတ်တွေက ‘နိဗ္ဗာန်’ ဟာ ချမ်းသာစစ် ချမ်းသာမှန်လို့ ဟောညွှန်ကြခြင်းဖြစ်ပါတယ်။


နိဗ္ဗာန်ဆိုတာ နိဗ္ဗာနဆိုတဲ့ ပါဠိက ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာဝေဟာရ တစ်ခုပါ။ နိဗ္ဗာနဆိုတဲ့ ပါဠိပုဒ်ရင်းဟာ မရှိခြင်း၊ လွတ်မြောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ‘နိ’ နဲ့ လိုချင်တပ် မက်မှု တဏှာလို့ အဓိပ္ပာယ်ရှိတဲ့ “၀ါန” ပုဒ် ၂ ခု ပေါင်းစပ်ထားတာပါ။ (နိ+၀ါန=နိဗ္ဗာန)။ ဒါကြောင့် နိဗ္ဗာန်ရဲ့ လိုရင်းအဓိပ္ပာယ်ဟာ “တဏှာမှ ထွတ်မြောက်ခြင်း၊ တဏှာမရှိခြင်း”ပဲ ဖြစ် ပါတယ်။


နိဗ္ဗာန်ဟာ အရာရာတိုင်းက လှပတင့်တယ်ပြီး ရောက်တဲ့သူတိုင်းက အမြဲပျှော်ရွှင် နေကြတဲ့ နေရာကောင်းတစ်ခု၊ ကောင်းကင်ဘုံတစ်ခုမဟုတ်ပါ။ နိဗ္ဗာန်ဟာ နေရာဌာန ဘုံ နန်းပြာသာဒ် တစ်ခု မဟုတ်ပေမယ့် နိဗ္ဗာန်ချမ်းသာကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ရသူတိုင်း ကိုယ် တွေ့ခံစားနိုင်ပါတယ်။ အာရုံခံစားလိုမှုတွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ရရှိတတ်တဲ့ တဒင်္ဂခဏလောကီချမ်းသာမှု ဟူသမျှထက် နိဗ္ဗာန်ချမ်းသာက အဆရာထောင်မက ပိုပါတယ်။ တကယ်တော့ နိဗ္ဗာန်ချမ်းသာဆိုတာ လောကီချမ်းသာတွေနဲ့ မနှိုင်းယှဉ်အပ်တဲ့ လောကလွန် အရာတစ်ခု၊ လောကုတ္တရာ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ လောကရဲ့ဖွဲ့စည်းပုံနဲ့ လောကုတ္တ ရာ တည်ရှိနေပုံတွေဟာ ခြားနားကွဲပြားလွန်းတာမို့ လောကုတ္တရာချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ရဲ့ အခြေအနေကို လောကီအခြေအနေတွေနဲ့ ဘယ်လိုမှ ထပ်တူကျအောင် မဖော်ပြနိုင်ပါဘူး။ အရှင်နာရဒ မဟာထေရ်ကတော့ “နိဗ္ဗာန်ဆိုတာ အဘိဓမ္မာရှုထောင့်က ကြည့်ရင် ဘ၀ဆင်းရဲ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း။ စိတ်ပညာရငထောင့်က ကြည့်ရင် အတ္တကိုပယ်ဖျက်ခြင်း။ ကိုယ်ကျင့်စာရိတ္တရှုထောင့်က ကြည့်ရင် လောဘ၊ဒေါသ၊မောဟ ကိလေသာကို ပယ်သတ်ခြင်း”လို့ သူ့ရဲ့နာမည်ကျော် (Buddhism in a nutshell )စာအုပ်မှာ ရေးသား ထားပါတယ်။


“အာရှတိုက်ရဲ့ လင်းရောင်ခြည်” စာအုပ်ကို ရေးခဲ့သူ(ဆာအက်ဒ်ဝင်အာနိုးလ)ကတော့“တစ်စုံတစ်ယောက်က နိဗ္ဗာန်ဟာ ချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ သင်ပြလာရင် အဲဒီလူကို သင်လိမ်ညာတာပဲလို့ ပြောလိုက်ပါ။ တစ်စုံတစ်ယောက်က နိဗ္ဗာန်ဟာ နေထိုင်ဖို့ဖြစ်တယ်လို့ သင်ပြလာရင် အဲးဒီလူကို သင်မှားပြီလို့ ပြောလိုက်ပါ”ဆိုပြီး နိဗ္ဗာန်နဲ့သပတ်သက်တဲ့ ကဗျာ တစ်ပုဒ်ရေးဖွဲ့ခဲ့ဖူး ပါတယ်။ တကယ်တော့ နိဗ္ဗာန်ရဲ့ သဘာဝကို ကဗျာလည်းမမီ၊ စာလည်း ပီ အောင် မဖွဲ့ဆိုနိုင်ပါဘူး။


နိဗ္ဗာန်ဟာ ရေ၀ါဒဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ အမြင့်မြတ်ဆုံးနဲ့ နောက်ဆုံးပန်းတိုင် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပန်းတိုင်ဟာ မိမိတို့အတွက်တော့ အမြင်နီးပြီး ခရီးဝေးနေဆဲပါ။ ဒါကြောင့်မို့ထင်ပါရဲ့ “နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ထက် နိဗ္ဗာန်ကို လိုချင်မြတ်နိုးတဲ့ စိတ်ဖြစ်ဖို့က အရေးကြီးတယ်။ နိဗ္ဗာန်ကို လိုချင်မှ နိဗ္ဗာန်ရောက်အောင်သွားကြ ကျင့်ကြမှာ။ ဒါကြောင့် ရဟန်းတော်တွေနဲ့ ဆုံတဲ့အခါ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပါဘုရား ဟောတော်မူ ပါဘုရားလို့ လျှောက်ထားရမယ်” ဆိုပြီး အဘိဓဇမဟာရဋ္ဌဂုရု၊ မန္တလေးမြို့၊ မစိုးရိပ်ဆရာတော် ကြီးကလည်း တပည့် ဒကာတစ်ဦးကို ဆုံးမ သြ၀ါဒ ပေးတော်မူဖူးပါတယ်။


ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိပါသေးတယ်။ ရတနာပုံနေပြည်တော် ခောတ်က ခင်မကန် ဆရာတော်ဘုရားကြီး ပြောပြခဲ့တာပါ။

နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရဦးမယ်

တစ်ခါတုန်းက မန္တလေးမြို့၊ ဈေးချိုတော်ရဲ့ တောင်ဘက်အရပ်မှာ မောင်ဆောင်နဲ့ မောင် အောင်ဆိုပြီး သူငယ်ချင်းနှစ်ဦး ရှိခဲ့ဖူးတယ်။ သူတို့နှစ်ယောက်ဟာ အိမ်နီးချင်းတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ပြောမနာ ဆိုမနာ အလွန်ပဲ ရင်းနှီးခင်မင်ကြတယ်။


သူတို့နှစ်ဦးထဲက မောင်ဆောင်ဟာ ငယ်စဉ်ကတည်းက ဘုရားသွား ကျောင်းတက် အမြဲပြုလုပ်လေ့ရှိတယ်။ အသက်အ၇ွယ်တွေကြီးလို့ အိမ်ထောင်ကျပြီး သားသမီးတွေပင် ရနေပေမယ့် မောင်ဆောင်ဟာ နေ့စဉ်နံနက်တိုင်း အိမ်တော်ရာဘုရားကို မပျက်မကွက် သွား ရောက် ၀တ်တက်လေ့ရှိသတဲ့။


တစ်နေ့တော့ သူငယ်ချင်း မောင်အောင်က မောင်ဆောင်ကို “မင်းဘာကြောင့် ဒါလောက်ဆောင် ဘုရားကို နေ့စဉ် ၀တ်တက် သွားနေရတာလဲ”လို့ မေးပါတယ်။ အဲဒီအခါ မောင်ဆောင်က “နိဗ္ဗာန် လိုချင်လို့ပေါ့ကွ”လို့ အဖြေပေးပါတယ်။ မောင်အောင်က “မင်း တကယ် နိဗ္ဗာန် ရောက်ချင်သလား”လို့ ထပ်ဆင့်မေးရင် မောင်ဆောင်က “ဟာ မောင်အောင် နယ် မိုက်ပါဘိကွာ၊ ငါ နိဗ္ဗာန်တကယ် ရောက်ချင်တာပ”လို့ ဖြေလေ့ရှိသတဲ့။


ဒါနဲ့ မောင်အောင်က သူ့ သူငယ်ချင်းမောင်ဆောင်ဟာ နိဗ္ဗာန်ကို တောင့်တလွန်းလှတယ်၊ တကယ် ဟုတ် မဟုတ် စုံစမ်းကြည့်ဦးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပြီး၊ မောင်ဆောင် အိမ်တော်ရာ ဘုရားကို ၀တ်တက်သွားတိုင်း မနီးမဝေးက စောင့်ကြည့်အကဲခတ်ပါတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာတဲ့အခါမှာ မောင်အောင်ဟာ မောင်ဆောင်ဝတ်တတ် ပြုနေကျ အချိန် ထက် နာရီဝက်လောက်စောပြီး အိမ်တော်ရာဘုရားကို ရောက်လာပါတယ်။ ပြီးတော့ မောင်ဆောင် ရှိခိုးဆုတောင်းမြဲဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ကြီးရဲ့ နောက်ဘက်မှာဝင်ပြီး၊ ဇာတ်ထဲက ငှားယူလာတဲ့ နတ်ဝတ်တန်းဆာကို အပြည့်အစုံ ၀တ်ဆင်လိမ်းခြယ်ကာ ပုန်းကွယ် ပြီး နေလိုက်ပါတယ်။ မောင်ဆောင်ဟာ သူ့ထုံးစံအတိုင်း သြကာသနဲ့ ဘုရာကန်တော့အပြီး “နိဗ္ဗာန်ရောက်ရပါလို၏ဘုရား”လို့ ဆုတောင်းရှိခိုးလိုက်ပါတယ်။ အဲဒီအခါ ဘုရားနောက်မှာ ကွယ်နေတဲ့ မောင်အောင်က အပြင်ကိုထွက်လာပြီး၊ အသံကိုဖျက်ကာ နတ်မင်းကြီးတစ်ပါးပုံစံ နဲ့ မေးမြန်းပါတယ်။


“အသင်လူသား။ နိဗ္ဗာန်ကို တကယ်ရောက်ချင်သလား” “တကယ်ရောက်ချင်လှပါ တယ်နတ်မင်း” “ရောက်ချင်ရင် ကျုပ်ပို့ပေးမယ်” “အခု လိုက်ရတော့မှာလား နတ်မင်းကြီး ဘုရား” “ဟုတ်တယ်၊ ချက်ချင်းခေါ်ခဲ့ ဖို့ သိကြားမင်းက မှာလိုက်တယ်” အဲဒီလို အပြန်အလှန် အမေးအဖြေလုပ်ရင်းက မောင်ဆောင်ဟာ အသားတွေတုန်လာပါတယ်။ နိဗ္ဗာန်ရောက်လို ပေမယ့် အခုချက်ချင်းကြီး ဆိုတော့ လိုက်ရမှာလည်းမ၀ံ့မရဲ။ ကိုယ့်ဆုတောင်းနဲ့ ကိုယ်ဆိုတော့ လည်း မငြင်းဆန်သာဖြစ်ပြီး ကြောက်ဒူးတုန်နေရပါတယ်။ ဒီကြားထဲ အိမ်က မယားနဲ့ သားသမီးတွေရဲ့ မျက်နှာတွေကိုလည်း ပြေးမြင် ယောင်မိရင်း ထွက်ပေါက်တစ်ခု တွေ့လိုက် ပါတယ်။ အဲဒါကြောင့်--

“သားနဲ့မယားကို နှုတ်ဆက်ပါရစေဦး နတ်မင်း” “ကောင်းပြီ၊ နှုတ်ဆက်လိုက နှုတ်ဆက်ပါ၊ဒါပေမယ့် မြန်မြန်ပြန်လာခဲ့” “ကျေးဇူးတင်ပါတယ် နတ်မင်း”ဆိုပြီး နတ်မင်းကို အရိုအသေပေးကာ မောင်ဆောင်ဟာ အိမ်ကို အပြေးပြန်လာခဲ့တယ်။ အိမ်ရောက်လို့ ဖြစ်ပျက်ပုံကို မယားပြောပြတိုင်ပင် တဲ့အခါ မယားက “ ဒီလိုအခွင့်အရေးမျိုး ကြုံ ကြုံခဲပါဘိ။ ကြားတောင်မှ မကြားဖူးဘူး၊ ရှင်မို့လို့ ထူးတဲ့ကုသိုလ်ပဲ၊ ကဲ… လိုက်သွားပေတော့”လို့ ပြောသတဲ့။


ဒီအခါ မောင်ဆောင်က “ငါ လိုက်သွားရင် မင်းမှာ ကလေးတစ်ဖက်နဲ့ ချက်ရပြုတ်ရ တဖက်နဲ့ ဒုက္ခရောက်မှာပေါ့၊ စဉ်းစားပါဦး”လို့ ပြောပြန်တယ်။ “အို .. ကျမအတွက် ဘာမျှထည့် စဉ်းစားမနေနဲ့ ရှင့်ကုသိုလ်နှင့်ရှင် လိုက်သာသွားပါ”လို့ မယားကပြောတဲ့အခါ “နင်မစဉ်းစားပေ မယ့် ငါ့ကတော့ စဉ်းစားရမယ်ဟ”ဆိုပြီး မောင်ဆောင်ဟာ စဉ်းစားနေလိုက်တာ အိမ်တော်ရာ ဘုရားဘက်ကို နောက်ထပ်တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးတဲ့။


“မယုံရင် ပုံပြင်မှတ်”လို့ ဆိုရိုးစကားရှိပေမယ့် တချို့ပုံပြင်တွေဟာ ဘ၀ထဲကလာတာမို့ ပုံပြင်ထဲမှာလည်း ဘ၀တွေရှိပါတယ်။ ဒီ ဓမ္မပုံပြင်ကလေးနဲ့စပ်ပြီး စာရေးသူအနေနဲ့(၁) လူ့ပြည်မှာ တရားလိုလားသူထက်စာရင် ကာမဂုဏ်အာရုံတွေကို စွန့်စွန့်စားစားလိုလားသူဟာ နည်းပါး တတ်ပုံ၊ (၂) ဒါပေမယ့် အများလိုချင်တဲ့ အရာတိုင်းဟာ တန်ဖိုးမဲ့မဖြစ်နိုင်ပါဘူး။ လောကရဲ့ သဘာဝကိုက “တန်ဖိုးကြီးလေ လူတိုင်းလက်လှမ်း မမီလေ” ဖြစ်တတ် ပုံနဲ့ (၃) နောက်ပြီး အသိဥာဏ် မြင့်မားလာမှပဲ လူတွေရဲ့ တန်ဖိုးထားတတ်မှုကလည်း မြင့်တက်လာမြဲ ဖြစ်တာကြောင့် မိမိတို့ရဲ့ အသိဥာဏ် ရင့်ကျက်မြင့်တက်လာအောင် ကြိုးပမ်းခြင်းသည်သာ နိဗ္ဗာန်စခန်းဆီကို အနီးဆုံးချဉ်းပ်လမ်းတစ်ခု ဖြစ်ပုံတွေကိုပဲ သတိပြုတွေးမိပါတော့တယ်။

တော်ဝင်နွယ်

2011-ခု၊ ဇန်နဝါရီလ ၁၄-ရက်၊သောကြာနေ့။

http://sirimangala.com/