Thursday, March 10, 2011

" ဤမျှလောက်သောစည်းစိမ်သည်...


" ဤမျှလောက်သောစည်းစိမ်သည်...

”ဤမျှလောက်သောစည်းစိမ်သည် ငါတို့ေ၇အိမ်တစ်ခါတက်ကိုမျှ မတန်လေ။ ရေအိမ်တစ်ခါတက်လျှင်ပင် အသုဘကမ္မဠာန်းကို များစွာပွားသည် မဟုတ်တုံလော”

(နန်းကျောင်းဆရာတော်)

နန်းကျောင်းဆရာတော်ဆိုတဲ့ နာမည်ကို ငယ်ရွယ်စဉ်ကတည်းကကို ရင်းနှီးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်က သဒ္ဒါစသင်ရတော့ နန်းကျောင်းဆရာတော် ရေးတဲ့ နန်းကျောင်းမူ သဒ္ဒါကြီးနိဿယနဲ့ သင်ခဲ့ရတာကိုး။ အဲဒီကာလာတုန်းက နန်းကျောင်းဆရာတော်ဆိုတာ သဒ္ဒါကြီးနိဿယရေးတဲ့ဆရာတော်ပဲ ဆိုတာလောက်သာ သိခဲ့ရပါတယ်။ ဒီထက်ပိုပြီး မသိခဲ့ရပါဘူး။ နောက်အခါ ၀ါသနာအလျောက် သာသနာဝင်ကျမ်းတွေဖတ်ဖြစ်တော့မှပဲ နန်းကျောင်းဆရာတော် အကြောင်းကို သေချာသိရတော့တာပါ။ နန်းကျောင်းဆရာတော်က သဒ္ဒါကြိးနိဿယအပြင် တခြားကျမ်းများစွာကိုလည်း ပြုစုခဲ့ပါတယ်။ ဒါပေမယ့် တခြားကျမ်းစာတွေက ဒီနေ့ခေတ်မှာ အသုံးပြုတာ သိပ်ပြီးမတွေ့ရပါဘူး။ သဒ္ဒါကြီးနိဿယ ကတော့ ဒီနေ့ မျက်မှောက်အထိ စာချဆရာတော်တွေ၊ စာသင်သားတွေ တွင်တွင်ကျယ်ကျယ် သုံးနေရဆဲပါ။

သမိုင်းကြောင်း လိပ်ပတ်လည်သွားအောင် ရှေ့ပိုင်းသမိုင်းဖြစ်ကိုပါ နည်းနည်းထည့်ပြောပါရစေဦး။ အင်းဝနေပြည်တော်မှာ ထီးနန်းစိုက်နေတဲ့ သာလွန်မင်းတရားကြီးက စစ်ကိုင်းမှာ ရာဇမဏိစူဠအမည်ရတဲ့ ကောင်းမှုတော်ဘုရားကြီး တည်တော်မူပါတယ်။ တည်တော်မူပုံက သရေခေတ္တရာဒွတ္တဘောင်မင်းကြီး ကောင်းမှုတော် ခြောက်ဆူထဲက သရမာစေတီပုံကို အတုယူပြီး တည်တာပါ။ ပြီးတော့ စေတီရဲ့ အရှေ့အနောက် တောင်မြောက်မှာလည်း ကျောင်းတိုက်ကြီးလေးတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ရဟန်းသံဃာတော်တွေကို သီတင်းသုံးစေပါတယ်။ ဒါပေမယ့် သာလွန်မင်းတရားကြီးက စေတီတော်ကြီးရေစက်မချသေးခင်မှာပဲ နတ်ရွာစံခဲ့ပါတယ်။ ဒါကြောင့် ဖခင်ရဲ့အရိုက်အရာကို သားတော် မင်းရဲ့ရန္တမိတ်က (၁၀၁၀) ခုနှစ်မှာ ဆက်ခံခဲ့ပါတယ်။ ခမည်းတော်လက်ထက်မှာ မပြီးပြတ်သေးတဲ့ ကောင်းမှုအရပ်ရပ်ကို ပြီးပြတ်အောင် ဆက်ပြီးဆောင်ရွက်ခဲ့ပါတယ်။

နန်းသက်ရှည်ဇာတာ ပါမလာလို့မသိပါဘူး။ ၁၀၂၃ ခုနှစ်မှာ ” စစ်ကိုင်းသောတပန်နတ်ကြီး (၉၆) ပါး ပြောင်းသွားတော့မည်” ဆိုတဲ့ ကောလဟာလ တပေါင်တွေ ပေါ်လာပြီး မကြာမီမှာပဲ တရုတ်စစ်တွေရောက်လာပါတယ်။ ပြည်သူပြည်သားတွေ အထိတ်အလန့်ဖြစ်၊ ရဟန်းသံဃာ တော်တွေ ထိပါးပုတ်ခံရနဲ့ တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်သွားပါတယ်။ ဒါကြောင့် ညီတော်ပြည်မင်းသားက တိုင်းသူပြည်သားတွေနဲ့ တိုင်ပင်ပြီး ထီးနန်းကို သိမ်းယူလိုက်ပါတယ်။

နန်းတက်တက်ချင်းပဲ ပရိယတ္တိ၊ ပဋိပတ္တိနဲ့ ထင်ရှားကျော်ကြားတဲ့ ဆရာတော်တွေကိုပင့်ပြီး နန်းတော်ထဲမှာ ဆွမ်းကပ်ပါတယ်။ ဆွမ်းစားပြီးတော့ ဆရာတော်တွေက အနုမောဒနာတရားဟော၊ တရားဆုံးလို့ သာဓုခေါ်အပြီးမှာ ပြည်မင်းက ” တပည့်တော်သည် အလိုမရှိဘဲလျက် အမှူးအမတ်အမှုထမ်း သူရဲသူခက်တို့က ကျွန်တော်တို့ ကိုးကွယ်၇ာမရှိပြီဟူ၍ အကြိမ်ကြိမ်လျှောက်ထားသောကြောင့် သံဃာအားကို ဘုရားမဆန်နိုင်ဆိုသကဲ့သို့ တပည့်တော် မင်းပြုရပါသည် လို့လျှောက်ပါတယ်။ ဒီတော့ တခြားဆရာတော်တွေက ” ကြံသော်လည်း ကံမရှိက မဖြစ်ရာ၊ မကြံသော်လည်း ကံကြီးက ဖြစ်ရာသည်” လို့ အလိုက်အထိုက် ပြန်မိန့်ကြပါတယ်။ နန်းကျောင်းဆရာတော်ကတော့ ချက်ချင်းဆိုသလိုပဲ ” ငါတို့အရာမဟုတ်၊ ညီတော် နောင်တော်နှစ်ပါး ဟုတ်၊ မဟုတ် အောက်အ၀ီစီရောက်မှ ငြင်းခုံကြပါလေ လို့ မိန့်တော်မူလိုက်ပါတယ်။

ဒီစကားကြားရသော ပြည်မင်းက နန်းကျောင်းဆရာတော်ကို ကြိတ်ပြီးကြည်ညိုနေပါတယ်။ နှုတ်ကတော့ ဖွင့်ပြီး မပြောပါဘူး။ ငါအတွက် အထူးကိုးကွယ်ရာတစ်ပါးပေပဲ ဟု ဆိုပြီး ရင်ထဲကပဲ အာရုံပြုထားလိုက်ပါတယ်။ အဲဒီကာလတုန်းက ဆရာတော်က မြောက်နန်းကျောင်းဆရာတော် ဆိုတဲ့ အမည်မတွင်သေးပါဘူး။ ဘွဲ့ရင်းဖြစ်တဲ့ အရှင်အဂ္ဂဓမ္မာလင်္ကာရဆိုတဲ့ အမည်ပဲရှိပါသေးတယ်။

ပြည်မင်းဘိသိတ်ခံပြီး မကြာခင်မှာ ဇာတာတော်မသန့်ဆိုပြီး သက်ငယ်ဟာ ယာယီနန်းဆောက်လုပ်ပြီး အဲဒီနန်းတော်မှာပဲ ဘုံဿဝတီသမုတ်ပြီး ခေတ္တစံနေပါတယ်။ သက်ငယ်ယာယီနန်းရဲ့ မြောက်နန်းဆောင်ကို မြောက်နန်းကျောင်းဆိုပြီး ဆောက်လုပ်ပါတယ်။ တောင်းနန်းဆောင်ကို တောင်နန်းကျောင်းဆိုပြီး ဆောက်လုပ်ပါတယ်။ ပြီးတော့မှ ဟိုယခင် ရင်ထဲကကျိတ်ပြီးကြည်ညိုထားတဲ့ အရှင်မဂ္ဂဓမ္မာလင်္ကာရကို စစ်ကိုင်းအိမ်ရှေ့ကျောင်းကပင့်ပြီး မြောက်နန်းကျောင်းကို တင်လှူတော်မူပါတယ်။ ( တခြားကြည်ညိုရာ ဆရာတော်တစ်ပါးကိုလည်း တောင်နန်းကျောင်းပင့်ပြီး တင်လှူပါတယ်)ဒီအခါကျမှ နန်းကျောင်းဆရာတော်ဆိုတဲ့ အမည်တွင်သွားတာပါ။ ဆရာတော်က အဲဒီမြောက်နန်းကျောင်း မှာပဲ ကျမ်းများစွာကို ရေးသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကာလမှတော့ မြောက်နန်းကျောင်းဆရာတော်အမည်ထက် ”နန်းကျောင်းဆရာတော်” ဆိုတဲ့ အမည်တွင်ကျန်ရစ်ခဲ့တာ ဒီနေ့ခေတ်အထိပါပဲ။

အဲဒီအချိန်ကာလမှာပဲ နန်းကျောင်းဆရာတော်ရဲ့တပည့် နန်းကျောင်း၇ံမှာနေတဲ့ အရှင်ဇိနာရာမကို အိမ်ရှေ့မင်းက တံတားဦးလယ်ပြင်အရပ်မှာ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းပါတယ်။ နန်းကျောင်းဆရာတော်မှာ အရှင်ဂုဏဂန္ဓဆိုတဲ့ တပည့်တစ်ပါးလည်း ရှိနေပါသေးတယ်။ အရှင်ဂုဏ၀န္ဓက ချင်းတွင်းရာဇာတိပါ။ အင်းဝမှာ စာသွားသင်ပြီး စာပေတတ်တော့ ဇာတိချင်းတွင်းရွာမှာပဲ ပြန်ပြီး ကျောင်းထိုင်နေပါတယ်။ဒါပေမယ့် တောရွာဆိုတော့ ပစ္စည်းလာဘ်လာဘရှားပါပြီး ဆင်းရဲငြိုငြင်စွာ သီတင်းသုံးနေရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နန်းကျောင်းဆရာတော်က ” ချင်းတွင်းရွာမှာ အမျက်ကျောက်ကောင်းသာ ရှိတာမဟုတ်ဘူး၊ ပိဋိကတ်အိုးတစ်လုံးလဲ အသုံးအဆောင်မရပဲ ရှိနေတယ်လို့” ဘုရင်ကိုအမိန့်ရှိပါတယ်။ ပြည်ဘုရင်ကလည်း ဆရာတော့်စကားကြားတာနဲ့ အရှင်ဂုဏဂန္ဓကို တံတာဦးမှာ မှန်စီကျောင်း ဆောက်လုပ်လှူဒါန်းပေးပါတယ်။

ပြည်ဘုရင်ရဲ့တောင်းပန်ချက်ကြောင့်ပဲ ”ရာဇ၀င်”ဆိုတဲ့ ကျမ်းကိုလည်း ပြုစုပါတယ်။ နောင်မှာတော့ ”မြောက်နန်းရာဇ၀င်” ဆိုပြီး တွင်ကျန်ရစ်ခဲ့ပါတယ်။ နန်းကျောင်းဆရာတော်ဟာ ကျမ်းဂန်များစွာပြုစုရင်းနဲ့ တစ်ဖက်ကလည်း စာသင်သားများစွာကို စာပေပို့ချပေးပါတယ်။ ကျန်တဲ့အချိန်မှာတော့ ကမ္မဠာန်းဘာဝနာကို ပွားများနေလေ့ရှိတယ်လို့ ဆိုပါတယ်။ နန်းကျောင်းဆရာတော်က ပဉ္စင်းငယ်ဘ၀မှာ တောင်ဖီလာဆရာတော်ကြီးကို မီလိုက်ပါတယ်။ တောင်ဖီလာဆရာတော်ဘုရားကြီးက ရဟန်းပရိတ်သတ်စုံတဲ့ပွဲတစ်ခုမှာ ”အဂ္ဂဓမ္မာလင်္ကာတို့လည်း ငါတို့မရှိလျှင် ကျမ်းဂန် တတ်ပြုချေတော့မည်” လို့ အပျော်အပါးမိန့်တော်မူတော့ နန်းကျောင်းဆရာတော်လောင်းက ” အရှင်ဘုရားတို့မရှိလျှင် တပည့်တော်တို့ပင် ကျမ်းတတ်မဟုတ်ကုန်လော့” လို့ပြန်လျှောက်ခဲ့ပါတယ်။ စကားသာဓကရှိခဲ့တဲ့အတိုင်း ပြည်မင်းလက်ထက်မှာ ထင်ရှားတဲ့ ကျမ်းဂန်တတ် ဆရာတော်တစ်ပါးဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ ရဟန်းလူထွက်ဖြစ်တဲ့ သတိုးမင်းကြီး( အမတ်ကြီး)ဟာ မှူးမတ်အဆောင်အရွက် အခင်းအကျင်းတွေနဲ့ ကျောင်းကိုရောက်လာ ပါတယ်။ တကယ်တော့ နန်းကျောင်းဆရာတော်ဟာလည်း ပြည်မင်းအမတ် နေမျိုးနော်ရထာရဲ့ သားဖြစ်လို့ အမတ်အမျိုးအနွယ်ထဲကပါ။ သတိုးမင်းကြီးက ဆရာတော်နဲ့ စကားတွေပြောင်းရင်း ပြန်ခါနီးကျတော့ သူရဲ့အခင်းအကျင်းအခြွေအရံတွေကိုပြပြီး အရှင်ဘုရား လူသာဖြစ်ရင် ဤမျှလောက်သော စည်းစိမ်ကို ရလိမ့်မည်လို့လျှောက်ပါတယ်။ ဒီတော့ နန်းကျောင်းဆရာတော်က

”ဤမျှလောက်သော စည်းစိမ်သည် ငါတို့ ရေအိမ်တစ်ခါတက်မျှကိုမတန်လေ၊ ရေအိမ်တစ်ခါတက်လျှင်ပင် အသုဘကမ္မဠာန်းကို များစွာပွားသည် အဟုတ်တုံလော” လို့ ပြန်မိန့်လိုက်ပါတယ်။ သာသနာမှာ ဒီနေ့အထိ ဥဒါန်းတွင်ရစ်ခဲ့တဲ့စကားတစ်ခွန်းပါ။

ဆရာတော်မိန့်ကြားစကားကို တစ်ဆင့်စကားနဲ့ ပြည်ဘုရင် ကြားသိရတော့ သူ့ဆရာတော်ကို ကြည်ညိုလို့မဆုံး ဖြစ်ပါသတဲ့။ ငါ့ဘ၀မှာ ဒီလိုဆရာတော် မျိုးရှိပါလား ဆိုပြီး အသက်ထက်ဆုံး ကြည်ညိုသွားပါတဲ့။ နန်းကျောင်းဆရာတော်ရဲ့ စကားတစ်ခွန်းဟာ ပြည်ဘုရင်အတွက် တွေးမိတိုင်း ကုသိုလ်ဇောတွေ စောဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော ကိုယ့်ဘ၀မှာ ကုသိုလ်ဇောတွေစောဖြစ်ဖို့ ၀န်းကျင်ကောင်းတစ်ခုတော့ ရှိသင့်တာအမှန်ပါပဲ။

ကျမ်းကိုး

(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသတ်ကြီး)

(၂) သီလ၀ိသောဓနီ ( တတိယ နံမော်ဆရာတော်)

(၃) နန်းကျောင်းဆရာတော် (ရဝေထွန်း)

ဥာဏ်လင်းဓမ္မစာပေ၊ ၈၄- ဒီဇင်ဘာ

(သူရဇ္ဇ၊ မတ်၊ ၂၀၀၁)

Best wishes

Ko Nyi