Saturday, March 26, 2011

ထာဝရ ရာနှုန်းပြည့်လူ။


ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်ပါမကျန် အပ၀တ္ထု ၊ ရုပ်ခန္ဓာစုကြီး ပျက်စီးပါစေ၊ အတွင်း အနှစ်ဖြစ်တဲ့ ပါရမီကောင်းမှု(နာမ်ခန္ဓာစု) မပျက်စီးရင် သေတာတောင် ပျက်စီးတယ်လို့ မဆိုနိုင်ဘူး။
(ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ကြီး)

ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးရှိစဉ်က ရန်ကုန် ကျိုက္ကစံမှာ သီတင်း သုံးနေတော်မူတဲ့အချိန်မှာ ဆရာတော် ဘုရားကြီး တည်ထောင်သီတင်းသုံးခဲ့တဲ့ ရွှေကျင်ဂိုဏ်း ပင်ရင်းမူလ မန္တလေးမြို့ အရှေ့ဝိသုဒ္ဓါရုံကျောင်းတိုက်ကြီးထဲက ကျောင်းအချို့ မီးလောင် ပျက်စီး သွားတယ်။ ဒီအကြောင်း ဆရာတော်ဘုရားကြီးထံ လျောက်ထားကြတဲ့အခါ အထက်ပါ ဆုံးမ သြ၀ါဒကို နှုတ်က မြွတ်ကြားသလို ဂါထာနဲ့လဲ ရေးဖွဲ့ပြီး တပည့်ရဟန်းများကို ဆုံးမတော် မူခဲ့ ပါတယ်။
undefined
ဆရာတော်ကြီးအဆုံးအမက ဂါထာ သုံးပုဒ်ရှိပါတယ်။ ဆိုလိုရင်းကတော့ ဘ၀သံသရာ တစ်လျှောက်လုံးမှာ စကြ၀တေးမင်းစည်းစိမ်မျိုးအထိလဲ ရှိခဲ့ဖူးမှာပဲ။ အဲဒီ ဘ၀တွေမှာ ရခဲ့ဖူးတဲ့ စည်းစိမ်ဥစ္စာ (ရုပ်ခန္ဓာ)တွေလဲ ဆုံးရှုံး ပျက်စီးတတ်တဲ့ သဘာဝအတိုင်း ပျက်စီးခဲ့ပြီး တကယ် တမ်းဘ၀ကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပို့ဆောင်ပေးခဲ့တာက အဲဒီ ၀တ္ထုတွေ မဟုတ်ပါဘူး။ မိမိတို့ ဆည်းပူးခဲ့တဲ့ ပါရမီကောင်းမှု (နာမ်ခန္ဓာစု) ကသာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ခန္ဓာတွေ ဘယ်လိုပဲ ပျက်စီးပါစေ၊ နာမ်ခန္ဓာ ပါရမီကောင်းမှုတွေသာ မပျက်စီးစေနဲ့။ ဒီပုဂ္ဂိုလ် မျိုးကို သေသွားတောင်မှ ပျက်စီးသူလို့ မဆိုနိုင်ဘူးလို့ ဆုံးမခဲ့တာပါ။

“လူ”ဆိုတာ ရုပ် နာမ် နှစ်ခုတို့ရဲ့ အစုအဝေး ဖြစ်တယ်ဆိုတာကတော့ ကြားဖူးသူ များပါ လိမ့်မယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်က တွေ့မြင်နေရတဲ့ ခန္ဓာကိုယ်ကြီးက ရုပ် အစုအဝေးကြီးပါ။ အတွင်းမှာ သိမြင် ခံစား မှတ်သား ကြံစည်တတ်တဲ့ သိမှု အစုအဝေးကို နာမ် ခန္ဓာလို့ ခေါ်ပါတယ်။ ဒီရုပ်တရား နာမ်တရား နှစ်မျိုးလုံး ပြည့်စုံနေခိုက်ကို သက်ရှိ“လူ”လို့ ခေါ်ရ တာပါ။
လူ့ဘ၀ တစ်ခုရဲ့ ယေဘုယျ ဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ပထမ အရွယ်လို့ ခေါ်တဲ့ လူ့ဘ၀ရောက်ပြီး အနှစ်သုံးဆယ် အရွယ်လောက်အထိဟာ ရုပ်ခန္ဓာရဲ့ ကြီးထွားမှုက အားသာ ပါတယ်။ ဒီအရွယ်မှာ နာမ်ခန္ဓာစုကလဲ ရုပ်ခန္ဓာကြီးထွားမှုနဲ့ ရုပ်ခန္ဓာရဲ့ အထောက်အပံ့ဖြစ်တဲ့ ရုပ်ပိုင်း ဆိုင်ရာ ပစ္စည်းဥစ္စာ တိုးတက်မှုကိုပဲ အဓိက အားသာနေတာ များတတ်ပါတယ်။
နာမ်ခန္ဓာစုရဲ့ တကယ်တိုးတက်မှု အစစ်ဆိုတာ ကိုယ်ကျင့်သီလ၊ စိတ်ဓာတ်တည်ငြိမ်မှု သမာဓိနဲ့ သဘာဝတရားရဲ့ သဘောအမှန်ကို သိတတ်တဲ့ ပညာတရားများ တိုးတက် ကြီးထွား မှုကိုသာ ခေါ်ရတာပါ။ ရုပ်ပိုင်း ဆိုင်ရာ အထောက်အကူ ဖြစ်တဲ့ လောကီအတက်ပညာ တိုးတက် ကြီးပွားမှုဟာလဲ တကယ် နာမ်ခန္ဓာတိုးတက်မှု အစစ်မဟုတ်သေးပါဘူး။ ဒါကလဲ ဒီအတတ်ပညာတွေနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်း ဥစ္စာတွေက အရွယ်သုံးပါးမရွေး ချမ်းသာမှုကို ပေးနိုင်စွမ်း မရှိတာနဲ့ သေရွာအထိ ယူဆောင်လို့ မရနိုင်တာကို သဘောပေါက်မှ နားလည် လက်ခံနိုင်မှာပါ။

ပထမအရွယ်လို့ခေါ်တဲ့ ရုပ်ခန္ဓာ ကြီးထွားတိုးတက်မှု အားသာနေတဲ့ အရွယ်မှာ နာမ်ခန္ဓာ ရဲ့ တကယ်တိုးတက်မှု အစစ်ဖြစ်တဲ့ သီလ၊သမာဓိ၊ပညာတို့က များသော အားဖြင့် အင်အား နည်းပါးတာဟာ လူအများစုကြီးရဲ့ ယေဘုယျဖြစ်စဉ်ကြီးပါ။
ပထမအရွယ် လွန်လာပြီဆိုရင်တော့ ရုပ်ခန္ဓာရဲ့ သဘာဝကြီးထွားမှုလို့ဆိုရမယ့် မျိုးရိုးဗီဇ ဆိုင်ရာ ရှိသင့် ရှိထိုက်တဲ့ အရပ်အမောင်း ကြီးထွားမှုများက ရပ်ဆိုင်းသွားပါပြီ။ ( သဘာဝလွန် ဖြစ်တဲ့ ၀ဖြိုးတာ၊ ဗိုက်ရွှဲတာမျိုးကတော့ သဘာဝကြီးထွားမှုလို့ မဆိုနိုင်တော့ပါဘူး) ဒီအရွယ်မှာ ရုပ်တရားနဲ့အတူ နာမ်တရားစုကလဲ အင်အားအညီအမျှ တိုးတက် ရင့်ကျက် ကြီးထွားလာဖို့ လိုအပ်ပါတယ်။
မင်္ဂလာတရားတော်မှာပါတဲ့ အနကုလ=အနှောင့်အယှက်ကင်းရမယ်။ အန၀ဇ္ဇ= အပြစ် ကင်းရမယ်ဆိုတာ ဒီအရွယ်မှာ ရုပ်နာမ်နှစ်ပါး အချိုးအစားညီမျှအောင် သတိပြုရမယ်လို့ ဆိုလို တာပါ။ အနကုလ ဆိုတာက စီးပွားရှာရာမှာ အပျော်အပါး အသောက်အစားဆိုတဲ့ အနှောက် အယှက်တွေ ကင်းစင်ရမယ်လို့ ဆိုတာဖြစ်ပြီး၊ အန၀ဇ္ဇ ဆိုတာ မကောင်းမှု ဒုစရိုက် ကင်းစင်ပြီး ကိုယ်ကျင့်သီလ အခြေခံတဲ့ စိတ်ဓာတ် ခိုင်မာမှုကို တည်ဆောက်ရမယ်။ သဘာဝရဲ့ မတည်မမြဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောကို သတိပြု နားလည် ထားရမယ်လို့ ဆိုလိုပါတယ်။
ဒုတိယအရွယ်ရဲ့ ထက်ဝက်ကို ကျော်လွန်လာချိန်မှာတော့ ရုပ်တရားစုတို့ဟာ သိသိ သာ သာ လျော့နည်းလာပါပြီ။ ပုံမှန်ကြီးထွားမှု လျော့နည်းလာရုံသာ မကဘူး ပြင်ပအာရုံ ခံစားနိုင်မှု တို့လဲ သိသိသာသာ လျော့နည်းသွားလောက်ပါပြီ။ ဒီအခါမှာ ရုပ်တရားစု ကျဆင်းလာမှုနဲ့အတူ နာမ်တရားစု(စိတ်ဓာတ်)ပါ ကျဆင်းလာမယ်ဆိုရင်တော့ လူဟာ ရာနှုန်းမပြည့်နိုင်တော့ပါဘူး။

အမှန်တကယ် ဖြစ်သင့်တာကတော့ ရုပ်တရားစုကြီးသိသိသာသာ လျော့နည်းသွား တာကို သတိထား အသိပွားပြီး ဒါဟာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်(ယထာဘူတ) သဘောပဲဆိုတဲ့ အသိအမှန်(ယထာဘူတဉာဏ်)ဖြစ်ပေါ်လာအောင် ကြိုးစား ကြရမှာပါ။
ဒီအသိဉာဏ် ရဘို့ဆိုတာကလဲ အခြေခံကိုယ်ကျင့် တရားကစပြီး တည်ထောင်ရပါတယ်။ ကိုယ်ကျင့်တရာကို ကောင်းမွန်မှန်ကန်အောင် မတည်ဆောက်နိုင်ရင် အကျင့်ပါ အရှိန်ရနေတဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုတွေက စိတ်ဓါတ်ကို ယိမ်းယိုင်လှုပ်ရှားနေအောင် ဆင်ခြေပေးဆွဲ ဆောင်နေတတ်ပါတယ်။ အဲဒီဆင်ခြေတွေနဲ့ စိတ်ဓါတ် မခိုင်မမာ(သမာဓိမရ) ဖြစ်နေသမျှ သဘာဝအမှန်ကို သိမြင်နိုင်ရေး(ယထာဘူတဉာဏ်၊ ၀ိပဿနာဉာဏ်တို့ဟာလဲ အလှမ်းဝေးနေ ဦးမှာပါ။

ယထာဘူတဉာဏ်နဲ့ ထောက်ကန်ပေးနိုင်ပြီဆိုရင်တော့ ရုပ်ခန္ဓာပျက်စီးမှုကပင် နာမ်ခန္ဓာ( သိမှု အစုအေ၀း) ရင့်သန်မှု အထောက်အကူ ပေးနေပါလိမ့်မယ်။ ရုပ်ခန္ဓာ ယိုယွင်း ပျက်စီးလာတာနှင့် အမျှ နာမ်ခန္ဓာကို တိုးတက်အောင် ကြိုးစားတည်ထောင် နိုင်မယ်ဆိုရင်တော့ လူဟာ အမြဲတမ်း ရာနှုန်းပြည့်နေမှာ မလွဲပါဘူး။
ပိဋကတ်တော်ထဲမှာပါတဲ့ ကျာ။ကိုက်ခံရတဲ့ ရဟန်းငယ်တစ်ပါး ခြေဖျားကစပြီး ကျားစား ခံရတဲ့အခါ ဒီခံစားမှုအပေါ်မှာ မပြတ်သတိထား အသိပွါးရင်း နောက်ဆုံး ရုပ်ခန္ဓာအဆုံး ပျက်စီး (သေဆုံး)ချိန်မှာ နာမ်ခန္ဓာက ရာနှုန်းကိုကျော်လွန်ပြီး လောကုတ္တရာအသိရဲ့ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုသွားရတာဟာ ရုပ်ခန္ဓာ ပျက်စီးမှုကို နာမ် ခန္ဓာတိုးပွါးဖို့ အဖြစ် စနစ်တကျ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနှင့်အညီ အသုံးချသွားတဲ့ သာဓက တစ်ရပ်ပါပဲ။

နကုလပိတာ နကုလမာတာတို့ကို မြတ်စွာ ဘုရားရှင် ဟောကြားတော်မူတဲ့ “ ခန္ဓာကိုယ် နာသော်လည်း စိတ်မနာစေနဲ့” ဆိုတဲ့ အဆုံးအမ၊ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြား လေ့ရှိတဲ့“ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ နာမ်ခန္ဓာ(အထူးသဖြင့် ဉာဏ်ပညာ)က မသေရာဘက် သွားနေစေရမယ်” ဆိုတဲ့ အဆုံးအမများဟာလဲ ဒီသဘောကို ညွှန်ပြနေတာပါ။
“ရုပ်ခန္ဓာရဲ့ ယိုယွင်း ပျက်စီးမှုများကို နာမ်ခန္ဓာ(အသိဉာဏ်)ရဲ့ တိုးတက်မှုအတွက် အသိထား အသိပွားအောင် အသုံးချကြ”လို့ ဆိုလိုရင်းပါပဲ။ ဒီလို ရုပ်ဘက်က လျော့နည်းမှုကို နာမ်တရားရဲ့ တိုးတက်မှုနဲ့ အစားထိုးနိုင်သမျှ လူဟာ သေသည်အထိ အမြဲတမ်း“ရာနှုန်းပြည့်” ဖြစ်နေမှာ မလွဲပါဘူး။
ဒီစာရဲ့ အစမှာပါတဲ့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဆုံးမလိုရင်းကတော့ သေသည်အထိသာမကဘူး။ သံသရာတစ်လျှောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ မပျက်စီးဘူးလို့ ဆိုလိုပါတယ်။ မှန်ပါတယ်။ တရားဂုဏ်တော်တွေထဲက “ သြပနေယျိက= အနီးကပ်ဆောင်ယူခြင်း” ဂုဏ်ဆိုတာ ဘ၀သံသရာတစ်လျှောက် အခါအခွင့်ကြုံရင် အကျိုးပေး နိုင်ဖို့ ကမ္မသတ္တိများက အနီးကပ် လိုက်နေသလို မပျောက်မပျက် တည်ရှိနေတယ်လို့ ဆိုလို တာပါ။

ဘ၀ကို သင်္ချာတွက်နဲ့ တွက်လိုသူတို့အဖို့ကတော့ စားလဒ်များကို ဒီအတိုင်းထားရင် တည်ကိန်းထက်လျော့နေမယ်။
စားလဒ်ကို စားကိန်းနဲ့မြှောက်ရင် တည်ကိန်းပဲ အလွန်ဆုံးရမယ်။
စားလဒ်(သို့မဟုတ်) စားကိန်းများကို တည်ကိန်းနဲ့ မြှောက်ပွားရင်တော့ တည်ကိန်းထက် ပိုလွန်တဲ့ အဖြေကို ရနိုင်တယ်လို့ ဆိုရလိမ့်မယ် ထင်ပါတယ်။
ဘ၀က တည်ကန်း အချိန်က စားကိန်း၊ ရုပ်ခန္ဓာ အိုမင်းမှုများကို စားလဒ်များလို သဘော ထားပြီး တွက်ကြည်ဖို့ပါ။
သာသနာနဲ့ ကြုံတုန်းမှာ“ ထာဝရ ရာနှုန်းပြည့်လူ အဖြစ်ကို ကျော်လွန်အောင်” သတိထား အသိပွားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)