Wednesday, March 2, 2011

ဘဝပျံချီ



ဘဝပျံချီ(၁)

“လူ့ဘုံ လူ့ဘ၀ဆိုတာ ကုသိုလ်ကံအခ ပေးနိုင်သမျှ ခဏလေး တည်းခိုခွင့်ရတဲ့ ‘တည်းအိမ်’ပါ။ အိမ်ရှင်ကို စော်ကား ပြစ်မှားမိရင်တော့ နောက်တစ်ခါ တည်းခွင့်ရဖို့ မလွယ်လောက်တော့ဘူး။


မိမိပထမဆုံး ပညာစသင်တဲ့အချိန်ကစပြီ မန္တလေး(အမရပူရ)ကိုရောက်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော် ဆက်တိုက်နေခဲ့တာဖြစ်လို့ မန္တလေး ဇာတိသားလို ဖြစ်နေပေမယ့် မန္တလေးသားတိုင်း ဒုံးမဝေးလှတဲ့ အငြိမ့်သဘင်နဲ့ ပတ်သက်လို့တော့ အတော်လေး ဒုံးဝေးပါ သေးတယ်။


“ပြည်သူချစ်သော အနုပညာသည်များ”လို့ စာအုပ်မျိုးလို အတော်နှစ်နှစ် ခြိုက်ခြိုက် ဖတ်ရှုဖူးတာကလွဲလို့ လက်တွေ့မျက်မြင် အငြိမ့်ကြည့်ရတာကို ၀ါသနာ နည်းခဲ့တယ်။ ငယ်ငယ်ကတော့ လောကီစာအုပ်တွေလို့ သတ်မှတ်ထားတဲ့ ဂျာနယ်၊ မဂ္ဂဇင်း၊ ၀တ္ထုစတာတွေကို မဖတ်ရဘူးဆိုတဲ့ ပိတ်ပင်မှု ကြောင့် ညပိုင်း မီးပိတ်ပြီးတဲ့ အချိန်ရောက်မှသာ စာကို ဖယောင်းတိုင်မီးနဲ့ ခိုးဖတ်ရတာ ဆိုတော့ စာဖတ်ခြင်းကို ၀ါသနာထုံတဲ့ မိမိအနေနဲ့ အငြိမ့် အတွက် အချိန်သိပ် မပေးဖြစ်ခဲ့လို့ ခုလို ဒုံးဝေးနေတာပါပဲ။


ဒီတစ်ခေါက် မန္တလေး ပြန်ရောက်တော့ အလွန့်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက”ကဲ… ကိုယ့်လူ၊ အငြိမ့်ဝါသနာမပါဘူးဆိုလည်း တစ်ခါ တည်းနဲ့ စွဲသွားစေမယ်။ ဒါကိုတော့ ကြည့်ဖြစ်အောင် ကြည့်စမ်းပါ”ဆိုပြီး လေပါတီမမြရင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အငြိမ့်ခွေကို ဖွင့်ပြပါတယ်။ မိမိက သိပ်ပြီး စိတ်ဝင်စားဟန် မပြတဲအခါ “ကဲ… ကဲ မန္တလေး နေလာပြီး အငြိမ့် အကြောင်းမှ နည်းနည်းပါးပါး တီးမိခေါက်မိ မရှိရင် ညံ့ရာကျတယ်။ ဟောဒီ အခန်းကတော့ ကြည့်လည်း ကြည့်ဖူးပြီး နားလည်း လည်ထားမှဖြစ်မယ်”ဆိုပြီးတော့မှ “ပြန်ချီ”ဆိုတဲ့ အခန်းကို ဖွင့်ပြရင် အဓိပ္ပါယ်ကိုလည်း ရှင်းပြပါတယ်။


သူပြောပြတဲ့အတိုင်း မိမိ နားလည်သလောက်တော့ လေပါတီ မမြရင်တို့ခေတ်တုန်းက နာမည်ကြီး အငြိမ့်တွေမှာ ခေါင်းဆောင်မင်းသမီးနဲ့ ရှေ့ထွက်မင်းသမီး တစ်လက်လောက်ပဲ ရှိတယ်။ ‘ရှေ့ထွက်’ဆိုတဲ့ အတိုင်း ခေါင်းဆောင်မင်းသမီး မထွက်သေးမီ ရှေ့ပိုင်းမှာ စောစော ရောက်နေတဲ့ ပရိသတ်ကို ဖျော်ဖြေရင်း ကခွင့်ရတဲ့ မင်းသမီးပါပဲ။ အဲဒီ ရှေ့ထွက်မင်းသမီးမှာ ပညာစွမ်းပြခွင့်အဖြစ် ခေါင်းဆောင် မင်းသမီး ထွက်ခါနီး နောက်ဆုံး ကခွင့်ရတဲ့ အချီကို ‘ပြန်ချီ’ လို့ ခေါ်ပါသတဲ့။


‘ ပြန်ချီ’ ရဲ့ ထူးခြား ချက်ကတော့ ဒီအချီကို ကတဲ့နေရာမှာ ဆိုင်း အဖွဲ့နဲ့ မင်းသမီးတို့ဟာ ကြို တင်ပြီးညှိနှိုင်း ဇာတ်တိုက်ထားခြင်း လုံးဝ မရှိဘူး။ မင်းသမီး က သီချင်းတစ်ပုဒ်ကို ဆိုလိုက်တာနဲ့ ဆိုင်းကလည်း ပထမတော့ အဲဒီသီချင်းအလိုက်ပဲ နည်းနည်းပါးပါး တီးလိုက်တယ်။ နောက်တော့ သူတီးချင်းသလို တီးတော့တာပဲတဲ့။ ငြိမ့်ငြိမ့်ညောင်း ညောင်းလေး တီးနေရာကနေ ခပ်ဆတ်ဆတ် တီးလုံးကို ပြောင်းချင်လည်း ပြောင်းတယ်။ ယိုးဒယား တီးကွက်လို ကနေ ဘီလူး ဆိုင်း၊ မျောက်ဆိုင်းလို ခပ်ကြမ်းကြမ်းတီးလုံးကို ပြောင်းချင် ပြောင်းတယ်။ ပြီးရင် မြိုင်ထလို ခပ်သွက် သွက် တီးလုံးမျိုး ပြန်ပြောင်းချင်လည်း ပြောင်းတယ်။ ဆိုင်းက ဘယ်လိုပဲ ပြောင်းတီးတီး မင်းသမီးက တီးကွက် စည်းချက်နဲ့ လိုက်ဖက်အောင် ကပြရတာ ပါပဲတဲ့။


အငြိမ့်ကြည့်တဲ့ ပရိသတ်က များသေားအားဖြင့်တော့ ခေါင်းဆောင် မင်းသမီးကိုသာ အဓိက ထားကြတာ ဖြစ်ပေမယ့် ဒီ “ပြန်ချီ”ဆိုတဲ့ အခန်းကိုတော့ မီအောင်လာရောက်ပြီး ကြည့်ကြပါသ တဲ့။ “ဆိုင်းက ဘယ်လိုတီးလုံးကနေ ဘယ်လိုတီးလုံးမျိုးကို ပြောင်းလိုက်မလဲ။ မင်းသမီးလေးက ကော တီးလုံးတီးကွက်နဲ့ အံဝင်အောင် ကနိုင်ပါ့မလား”ဆိုပြီး ဒီတီးကွက်နဲ့ ဒီ ‘က’ကွက်ကို အလွန် စိတ်ဝင်တစားစောင့်ကြည့်ကြတာ ဆိုကိုး။ အဲဒီမှာ တီးလုံးက အနု၊အကြမ်း၊ အငြိမ့်၊ အဆတ် အမျိုးမျိုး ပြောင်းသလို မင်းသမီးကလည်း အားကျမခံ အံဝင်ခွင်ကျ ကနိုင်တယ်ဆိုရင် ပရိသတ်က လက်ခုပ် တဖြောင်း ဖြောင်းနဲ့ မင်းသမီးတို့ တရင်းတနှီးအဖြစ်ဆုံး ကကွက်ဖြစ်လို့ မင်းသမီးကလည်း ဒီ ‘ ပြန်ချီ’ ကို ဂူဏ်ယူဝင့်ကြွား ကြိုးစားပြီးကတယ်။ ဆိုင်းက လည်း မင်းသမီး ကိုးရိုးကားရားဖြစ်အောင်ကို အပြောင်းအလဲတွေ အမျိုးမျိုးနဲ့ အစွမ်းပြကြတာမို့ ဒီတစ်ည ‘ပြန်ချီ’ ကကွက်ကို မမီလိုက်ဘူးဆိုရင် အငြိမ့်ကြည့်ရတာလို့တောင် မထင်ကြဘူးဆိုပဲ။


‘ ပြန်ချီ’မှာ မင်းသမီးရဲ့ နောက်ထပ် အရေးပါတဲ့ အခွင့်ထူးတစ်ခုကတော့ ခေါင်းဆောင်မင်းသမီး အသစ်တင်ပြီး အငြိမ့်သစ်ထောင်လိုကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ‘ပြန်ချီ’ကို အလေးထားလေ့ လာကြပါသတဲ့။ “ဘယ်ရှေ့ထွက် မင်းသမီးကတော့ ‘ပြန်ချီ’ မှာ ပရိသတ်လက်ခုပ်သြဘာ အပေးခံရတယ်။ ပရိသတ် သဘောကျတယ်”ဆိုရင် အဲဒီ မင်းသမီးဟာ မကြာခင် ခေါင်းဆောင် မင်းသမီး ဖြစ်ခွင့်ရသွားတော့တာပဲဆိုတဲ့ အကြောင်း ရှင်းပြပါတယ်။


ဟုတ်လည်း ဟုတ်လောက်ပါတယ်။ ကကြိုးကကွက်ဆိုတာ ဘာမှ သိပ်နားမလည်တဲ့ မိမိ အနေနဲ့တောင် ဒီကကွက်ဟာ အတော် မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ မင်းသမီးကော ဆိုင်းအဖွဲ့ပါ ပညာချင်းပြိုင်နေကြတာမို့ အတော်လေး စိတ်ဝင်တစား ကြည့်မိလိုက်သလို၊ ၀ါသနာပါလို့ အငြိမ့် ကြည့်မယ် ဆိုရင် ဒီအခန်းဟာ မင်းသမီးရဲ့ ပညာသားကို အပြည့်အ၀ အကဲခတ်ခွင့်ရတဲ့ အခန်းပါလားဆိုတာလောက်တော့ သဘောပေါက်သလိုလို ရှိလာပါတယ်။


"ပြန်ချီ’ ဆိုတာ ဒီတစ်ညအတွက် ပြန်ခါနီး နောက်ဆုံး ကပြတဲ့ အချီလို့ ဆိုလိုတာလား။ ပရိသတ်က နောက်ထပ်ပြန်ပြီး တောင်းဆိုလာအောင် ပညာကုန် အစွမ်းပြပြီး ကရတဲ့ အချီလို့ ဆိုလိုတာလားရယ်လို့တော့ သူငယ်ချင်းက သဲသဲကွဲကွဲ ရှင်းမပြလို့ အတိအကျ မသိလိုက်ရဘူး။ ဇာတ်ခုံပေါ်မှာ “ပြန်ချီ” အကကောင်းရင် ပရိသတ်က ပြန်လည်တောင့်တတယ်။ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်တဲ့ အခွင့်အလမ်းတွေ ရရှိသွားတယ် ဆိုတာလောက်ပဲ သဘောပေါက်မိတာ ပါ။


ဆန့်ကျင်ဘက်အနေနဲ့တော့ သူငယ်ချင်းက နှုတ်နဲ့ ဖြည့်စွက်ပြီး ပြောပြတဲ့အထဲမှာ ပါသေး တယ်။ “မင်းသမီးက ပြန်ချီအကကောင်းလို့ ပရိသတ်က ပြန်လည်တောင်းဆိုနေပေမယ့် သူ့ အတွက် သတ်မှတ်ထားတဲ့ အချိန်စေ့တော့ နောက်ထဲပြန်ဝင်သွားရတယ်။ အဲဒီအချိန်မှာ လူရွှင် တော်က ထတဲ့ပြီး “အောင်မာ… ကောင်းမလေးလောက်တော့ ငါလည်း ကပြတတ်ပါတယ်။ ကဲ.. ဆိုင်းဆရာ ပညာကို စမ်းချင်သလောက် စမ်းလိုက်စမ်း”ဆိုပြိး ကပါလေရောတဲ့။ ဆိုင်းရဲ့ တီးကွက် ကတခြား လူရွှင်တော် ကပြတာက တခြားနဲ့ “ကပေါက်တိ ကပေါက်ချာ’ ဖြစ်နေတော့မှ ကြီးတဲံ လူရွှင်တော်က ပြေးလာပြီး ‘နင့်ဟာ ပြန်ချီကပါဆိုနေမှ နင်ကနေပုံက ‘ပြန်ချီ’မဟုတ်ဘူး ‘ကန်ချီ’ ကြီးဟ ဆိုပြီး” ခြေနဲ့ကန်ထည့်လိုက်ပါသတဲ့။


တစ်လောဆီက ဂျာနယ်တွေထဲမှာ မန္တလေးက လူရွှင်တောကြီး ဦးပေါစံရဲ့ နာရေးသတင်းကို ဓာတ်ပုံတွေ ဆောင်းပါးတွေနဲ့ ဖတ်လိုက်ရတယ်။ အဲဒီထဲမှ ဦးပေါစံကို ချစ်တဲ့ ပရိသတ်များက လွမ်းသူ့ပန်းခွေ ပို့ကြတဲ့အခါ အလယ်မှာ “လူ့ဘုံမှာ ဇာတ်စုံကဖို့ အဘ ဦးပေါစံ အမြန် ပြန်လာပါ” ဆိုတဲ့ တမ်းတစာတမ်း ရေးထားတာကို တွေ့လိုက်ရတော့ “ပြည်သူကြားမှာ ပြည်သူ တွေချစ်အောင် အကကောင်းခဲ့လို့ ပြည်သူတွေက ပြန်လည်တမ်းတ ကြတာဖြစ်လိမ့်မယ်။ ဒါကိုပဲ ‘ပြန်ချီ’လို့ ခေါ်ရလေမလား”လို့ အတွေးပေါ်လာမိတယ်။


ဟုတ်တယ်လေ။ လူ့ဘုံ လူ့ဘ၀ဆိုတာ တကယ်တော့ ဘယ်သူမှ အပြီးအပိုင်နေခွင့် ရကြတာ မဟုတ်ပါဘူး။ ဘယ်သူက မှလည်း အပြီးအပိုင် စီးထားလို့ မရဘူး။ ကံတန်ဖိုး ပေးထား နိုင်သလောက် ခေတ္တခဏသာ တည်းခိုနားနေခွင့်ရတဲ့ ‘တည်းအိမ်’တစ်ခုမျှသာပါ။ ကံအဖိုးအခ မကုန်သေးမီ တည်းခိုခွင့်ရခိုက် ကြံစည်၊ ပြောဆို၊ လုပ်ကိုင်နေကြတဲ့ ကံသုံးပါးတို့ဆိုတာ လောက ဇာတ်ခုံမှာ ကံဇာတ်ဆရာ စီမံတဲ့အတိုင်း ကပြနေကြရတဲ့ လောက ဇာတ်ဆောင် လောကသားတို့ရဲ့ ‘ပြန်ချီ’ များလို့ ဆိုနိုင်ပါလိမ့်မယ်။



ကံဇာတ်ဆရာရဲ့ ကိုယ်ပိုင်သံစဉ်များဖြစ်တဲ့ ရရှိခြင်း၊ ဆုံးရှုံးခြင်း၊ အခြံအရံများခြင်း၊ အထီးကျန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ဆိုတဲ့ လောကဓံ ရှစ်ပေါက် သံစဉ်တီးလုံးများဟာ လောက ဇာတ်ဆောင်များနဲ့ ကြိုတင်ညှိနှိုင်း ဇာတ်တိုက်ထားတာ မဟုတ် ကြဘဲ ကံဇာတ်ဆရာ ပေးတဲ့ အခွင့်အလှည့်အတိုင်းသာ ဖြစ်နေကြတာပါ။


ဘာပဲဖြစ်ဖြစ် လောကထဲ ရောက်လာတဲ့ လောကသားတိုင်းဟာ ဘ၀ပိုင်ရှင် ကံဇာတ်ဆရာရဲ့ လောကဓံတီးကွက်ကို ငြင်းဆန်ခွင့် မရနိုင်ကြပါဘူး။ ဒါဟာလည်း လောကနိယာမရဲ့ သတ်မှတ် ချက်တစ်ခု ဖြစ်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ ဘယ်နည်းနဲ့မဆို ဒီတီးကွက်အတိုင်း လက်ခံပြီး လှုပ်ရှား ကပြကြရမှာပါ။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

2011-ခု၊ဇန်နဝါရီလ ၁၄-ရက်၊သောကြာနေ့။

ဘဝပျံချီ(၂)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

အဲ… တစ်ခုပဲရှိပါတယ်။ “လောကဓမ္မ”ဆိုတဲ့တိုင်း လောကထဲရောက် လာသူမှန်သမျှ မလွဲမသွေ ကြုံတွေ့ရမြဲဆိုတဲ့ အသိတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး အလိုက်သင့် ကပြကြမလား။ လောကဓံနဲ့ ဆန့်ကျင်ဘက် ပြိုင်ဘက်အဖြစ် ကိုယ့်လောဘ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး မရရအောင် ၊ မဖြစ် ဖြစ်အောင် ဇွတ်အတင်း ကြံဖန် လှုပ်ရှားကြ ကပြကြမ လား။ ဒါပဲ ခြားနားပါတယ်။ မ ‘က’ ပဲတော့ နေခွင့်မရှိကြပါဘူး။ နေလည်း မနေကြပါဘူး။


မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာသဘောတရား အရကတော့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး လောကဓမ္မ အခွင့်အလှည့်အရ ရရှိခွင့် မပေးတာကို မရရအောင်ယူဖို့ ကြိုးစားတာ၊ မရရင် မကျေမနပ် ပေါက်ကွဲတာ၊ ပေါက်ကွဲပြီး ထင်ရာစိုင်းတာဆိုတဲ့ အပြုအမူ(ကကွက်) တွေဟာ “အယောနိသော မနသိကာရ မသင့်မလျော်တဲ့ နှလုံးသွင်းသဘော ထား” ဦးဆောင်ပြု မမူတာ ဖြစ်တယ်တဲ့။ ဒီလို ကိုယ့်ရဲ့အခွင့် အလှည့် မဟုတ်တာကို မရအရ ယူခြင်းဟာ သူတစ်ပါးရဲ့ အခွင့်အလှည့်ကို လုယူတဲ့ သဘောဖြစ်လို့ လောကသား အချင်းချင်းဖြစ်တဲ့ သူတစ်ပါးအတွက် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း(တစ်မျိုးမျိုး ကိုဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ)ကို ဖြစ်ပေါ်စေတဲ့အတွက် လောကပြစ်(လောက၀ဇ္ဇ) အရ အပြစ်ရှိတဲ့ အကုသိုလ် အလုပ်မျိုးလို့ သတ်မှတ်ပါတယ်။

ဒီလို အယောနိသော မနသိကာရ ဦးဆောင်တဲ့ ကကွက်များဟာ ‘ပြန်ချီ’ မဖြစ်နိုင်ဘူး။ ‘ကန်ချီ’ များသာဖြစ် တယ်။ လူ့လောကကြီးက ပြန်လည် တောင့်တစရာကောင်းတဲ့ ကကွက် မဟုတ်ဘူး။ လူ့လောက ထက် နိမ့်ကျ တဲ့ ဘုံဘ၀ကို ရောက်အောင် ကန်ချခံရမယ့် က ကွက်မျိုးကို ဆိုလိုတာပါ။ လောကဓမ္မအရ ကံရဲ့ အကျိုးပေးခွင့် အားလျှော်စွာ ဖြစ်ပေါ်လာတဲ့ လောကဓံ တီးကွက်အလိုက် ဆင်ခြင်တုံတရားရှိရှိ ကြံစည် ပြောဆို ပြုမူတာမျိုး ကတော့ “ယောနိ သော မနသိကာရ=အကျိုးသင့်အကြောင်းသင့် နှလုံးသွင်းမှု” ရှေ့သွားဦး ဆောင်ပြီး ပြုမူ တာဖြစ်လို့ လောကဓမ္မနဲ့ မဆန့်ကျင်တဲ့ အတွက် လောကပြစ်ကင်းတဲ့ ကုသိုလ်အလုပ်မျိုး လို့ သတ်မှတ်ပါ တယ်။


ဒီလိုပြုမူ(ကပြ)သူများဟာ အထက်မှာပြောခဲ့တဲ့ ဥိးပေါစံ တို့လိုပဲ လောကကြီးက လောကကြီးက ပြန်လည်တောင့်တ ထိုက်သူ၊ တောင့်တခြင်း ခံရသူများဖြစ်လို့ “ပြန်ချီ”ကို ကောင်းကောင်း ကနိုင်သူလို့ပဲ ဆိုရမှာပါ။ “ငှက်များ ပျံရင်းသေ၊ လူမှာ ကြံရင်းသေ”ဆိုတဲ့အတိုင်း လူ့လောကထဲ ရောက် လာသူ မှန်သမျှ ကံသုံးပါးဆိုတဲ့ ကခြင်းသုံးမျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ကပြနေကြတာချည်းပါပဲ။ မိမိတို့ ကပြနေတာဟာ ပြန်ချီလား၊ ကန်ချီလားဆိုတာကို အချိန်မီ စဉ်းစားသုံးသပ်မိကြဖို့ ပြောချင်တာပါ။ ဘုရားအစရှိတဲ့ အရိယာသူတော်စင်များနဲ့ အရိယာတရား နားရည်ဝကြသူတို့ကတော့ “မနုဿတ္တ ဘာဝေါ ဒုလ္လဘော လူ့ဘုံ လူ့ဘ၀မှာ ကပြခွင့်ကြုံရတာဟာ ရခဲတဲ့ အခွင့်ထူး ကြီးတစ်ခု” လို့ သတ်မှတ်ခံယူကြပါတယ်။ အရခဲဆုံးကို ရရှိခိုက်မှာ ဘယ်လို အသုံးချ မလဲ။

ဘယ်လို က,ကြိုးမျိုးနဲ့ ကပြကြမလဲဆိုတာ ကတော့ မိမိတို့ရဲ့ ဝေဖန် သုံသပ် နိုင်စွမ်း အပေါ်မှာသာ တည်နေပါတယ်။ လောကသားအားလုံး ဆန္ဒတူ သတ်မှတ်ထားတဲ့ စည်းကမ်း တစ်ခုလည်း ရှိပါတယ်။ “အိမ်ရှင်ကို ဧည့်သည် မစော်ကား ရ” တဲ့။ဟုတ်တာပေါ့ ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာ လာပြီး တည်းခိုတဲ့ ဧည့်သည်က အိမ် ရှင်ကို စော်ကားမယ်။ အိမ်ရျင်နဲ့ ဆန့်ကျင်ဘက် ပြုမယ်ဆိုရင် အိမ်က မြန်မြန်ပြန်နှင်ချင် မယ်။ ဒိလိုလူမျိုးက နောက်တစ်ခါ တည်းခို ခွင့်ပြုပါ ဆိုရင်လည်း ဘယ်နည်းနှင့်မှ လက်ခံချင်မှာ မဟတ်ုပါဘူး။ ဒါက အရိုးသားဆုံး အရှင်းဆုံး လူ့စည်းကမ်းရဲ့ ဆုံးဖြတ် ချက်ပါ။ အထက်မှာ ပြောခဲ့တဲ့အတိုင်း ‘လူ့ဘ၀’ ဆိုတာဟာ ကံ တန်ဖိုးနဲ့ ပေးပြီး ခေတ္တနေခွင့် ရတဲ့ ‘တည်းအိမ်’တစ်ခုပါ။

လူ့ဘုံလူ့ဘ၀မှာ လူသား တစ်ယောက်အဖြစ် ခေတ္တတည်းခို နေထိုင်ခွင့် ရခိုက်မှာ အိမ်ရှင် ကြည်ဖြူအောင် အလိုက်အထိုက် ကျင့်သုံး နေထိုင် တတ်ဖို့နဲ့ ကိုယ်ပေးထားတဲ့ ကံတန်ဖိုးကုန်ဆုံးလို့ ပြန်လည် ထွက်ခွာ သွားရရင်တောင် နောက်တစ်ခါ ပြန်လာခွင့်ရဖို့ အိမ်ရျင်က ကြည်ကြည်ဖြူဖြူ ပြန်လည် ဖိတ်ခေါ်ချင်လောက် အောင် ပြုမူကျင့်သုံး (ကပြ)ကြဖို့ အရေးကြီး ပါတယ်။ လူ့ဘ၀ရဲ့ အိမ်ရှင်က ဘယ်သူလဲ။ “သဗ္ဗေသတ္တာ ကမ္မဿကတာ= သတ္တ၀ါမှန်သမျှ ကံရဲ့ အမွေခံများသာ ဖြစ်တယ်”ဆိုတဲ့စကား။ “ကံပြုသမျှ နုကြရတယ်”ဆိုတဲ့စကားတွေကို ထောက်ဆကြည့်ရင် လူ့ဘ၀ ဆိုတဲ့ တည်းအိမ်ရဲ့ ပိုင်ရှင်က “ကံ”ပါ၊ တိတိကျကျ ပြော ရရင် လူ့ဘ၀ ဆိုတာ ကာမသုဂတိဘုံထဲမှာ အကျုံးဝင်တာဖြစ်လို့ လူ့ဘ၀ရဲ့ အိမ်ရှင် ဟာ ကာမာဝစရ ကုသိုလ်ကံ ဖြစ်ပါတယ်။


လူ့ဘုံဘ၀ကို လာရောက်တည်းခိုတဲ့ လူသားတစ်ယောက်အနေနဲ့ လူဘ၀ရဲ့ အိမ်ရှင် ဖြစ်တဲ့ ကာမာဝစရ ကုသိုလ်ကံကို ကျော်လွန်ပြီး ဈာန်ကုသိုလ်၊မဂ်ကုသိုလ်အထိ ပြုလုပ် နိုင်ကြမယ်ဆိုရင် လူ့ဘ၀ အိမ်ရှင်ဖြစ်တဲ့ ကာမာဝစရ ကုသိုလ်ကံက ကြည်ဖြူကျေနပ် တဲ့အတွက် ဆန့်ကျင်ဘက်ပြုသူလို့ မဆိုနိုင်ပါဘူး။ သူ့ကံအလျောက် လူ့ဘုံ လူ့ဘ၀ထက်ပိုပြီး မြင့်မြတ်တဲ့ ဘုံဘ၀အထိ သွားခွင့်ရသူ(သို့မဟုတ်)ဘ၀အားလုံးကို လွန် မြောက်ပြီး ဒုက္ခဇာတ် အကြွင်းမဲ့ ချုပ်ငြိမ်းသူသာ ဖြစ်မှာပါ။


တကယ်လို့ ကာမာဝစရကုသိုလ်ကံ အဆင့်လောက်ကိုသာ စိတ် စေတနာ စင်စင် ကြယ်ကြယ်နဲ့ ပြုလုပ်သူဆိုရင်လည်း လူ့ဘ၀ပိုင်ရှင်နဲ့ စိတ်စေတနာရချင်း တူညီတဲ့ အတွက် အိမ်ရှင် ကျေနပ်တဲ့ အလုပ်ကို လုပ်သူဖြစ်လို့ အိမ်ရှင်ကြည်ဖူတဲ့ ဧည့်သည်မျိုးပဲ ဖြစ်မှာပါ။ ဒီလို ဧည့်သည်မျိုးကျတော့ အိမ်ရှင်က နေသမျှ သက်တမ်း တစ်လျှောက်လုံး ကြည်ဖြူရုံမျှမကဘူး။ ကံအခကြေး ကုန်ဆုံးလို့ တည်းခို နေထိုင်ခွင့် ကန်နေပြီဆိုရင် တောင် တတ်နိုင်သမျှ ဆက်ပြီး နေထိုင်ဖို့ တားမှာပဲ။


နောက်ဆုံး တားခွင့်မရတော့လို့ ခရီးဆက်ရတော့မယ်ဆိုရင်လည်း အထက်မှာ ပြောခဲ့တဲ့ ဦးပေါစံရဲ့ နောက်ဆုံး ခရီးမှာလို ပဲ ဇာတ်တူသားအချင်းချင်းက ၀မ်းနည်းလှိုက်လှဲ နှုတ်ဆက်ပို့ဆောင်ကြပြီး မကြာခင် ပြန်လာဖို့ တမ်းတမ်းတတ တောင်းဆိုကြမှာ မလွဲပါဘူး။ ဒီလို ပြုမူ (ကပြ)တဲ့ အချီမျိုးကို ‘ဘ၀ပြန်ချီ’လို့ တင်စားပြောလိုက်ချင်တာပါ။ တိပိဋက(ယော)ဆရာတော်ဟောတဲ့ တရားတစ်ပွဲမှာ ကြားလိုက်ဖူးတယ်။ ဒကာမကြီး တစ်ယောက်တဲ့ လူမှုရေး၊ စီးပွား ရေး စတဲ့ လောကအဆင့်အတန်းအရလည်း အလယ်အလတ်တန်း လောက်တော့ အဘက်ဘက်က ချို့တဲ့မှုမရှိဘူးလို့ပဲ ဆိုရမှာပါ။

သူ့မှာ သမီးတွေ သုံးယောက်လောက် ပေါ်ပေါက်ပြီး နောက်ဆုံး သားလေးတစ်ယောက် ထွန်းပေါ်လာတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်အလိုလိုက်ကြ၊ ချစ်ကြတာတဲ့။ သားလေးကလည်း မိဘနဲ့ အစ်မတွေ အလိုလိုက်ကြ၊ ချစ်ကြသလောက် အခွင့်အရေး အပြည့်အ၀ယူပြီး အသား ကုန်ဆိုးပါသတဲ့။ ဆယ့်လေးငါးနှစ် အရွယ်လောက် ရောက်တော့ အဖေကလည်း ဆုံးပါးသွားတယ်။ အစ်မတွေလည်း သူ့အိုးသူ့အိမ် တွေနဲ့ ခွဲသွားကြတယ်။ အမေနဲ့ သားပဲ ကျန်နေပေမယ့် အမေကို ဘာမှ ငဲ့ညှာရကောင်း မှန်း မသိဘူး။ ဆိုးသည်ထက် ဆိုးလာရာက နောက်ဆုံးတော့ ကောင်းတာလေး တစ်မျိုး ကလွဲလို့ ကျန်တာတွေ အကုန် အစုံ တတ်လာ တယ်။ ကာလပေါ် မူးယစ်ဆေးစွဲပြီး အမေ့ စည်းစိမ် ကုန်သလောက်ရှိတော့ ကာလပေါ် ရောဂါပါ စွဲလာလို့ အမေ့မှာ ရှိသမျှနေရာ တိုက်ခန်းပါ မကျန်ရောင်းချပြီး ငါးနှစ်ခြောက်နှစ်လောက် ကုသပေးရတယ်။ နောက်ဆုံးတော့ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ ကာလပေါ် ရောဂါတို့ သွားရာလမ်းအတိုင်း သွားတော့ တာပါပဲတဲ့။

အဲဒီ ချစ်လှစွာသော တစ်ဦးတည်းသော သားကလေး သေဆုံးသွားတဲ့အခါ မိခင်ကြီးက သူ့သားရဲ့ နာမည်ကို အော်ခေါ်တဲ့ပြီး “နင် အသေနောက်ကျတာကို တွေးမတိုင်း အမေရင်နာသဟဲ့”လို့ ငိုကြွေးပါသတဲ့။ အမေရင်းကတောင် ပြန်လည်တောင့်တဖို့ နေနေ သာသာ အပြန် နောက်ကျလို့တောင် ရင်နာသူဆိုက တည်းက ဘ၀အိမ်ရှင် ကံတရားက ဘယ်လိုလုပ် ပြန်လာခွင့် ပြုနိုင်ပါတော့မလဲ။

ဒီလိုပြုမူ နေထိုင်(ကပြ)တဲ့ အချီ မျိုးတွေကိုတော့ မင်းသမီးရဲ့ ‘ပြန်ချီ’ ကကွက်အပြီး ပြောလိုက် သလို “နင့်ဟာ ပြန်ချီမဟုတ်ဘူး။ ကန်ချီဟ” ဆိုပြီး ဇာတ်တူသား အားလုံးက ခြေနဲ့များ ၀ိုင်းပြီး ကန်ချင် ကြမလားပဲ။ သူငယ်ချင်းက ပြောလည်းပြော၊ ပြလည်းပြတဲ့ ‘ပြန်ချီ’ တီးလုံးနဲ့ ကကွက်ကို ကြည့်ရှု နားထောင်အပြီး ဘ၀နဲ့ ဆက်စပ်တွေးမိတာကို ပြန်ပြောလိုက်တာပါ။


ပြန်ချီ ကကွက်ကလေးများနဲ့ ဘ၀လှပ သာယာကြပါစေ။
ဓမ္မဘေရီအရှင် ၀ီရိယ(တောင်စွန်း)