Sunday, March 13, 2011

မိုက်မှောင်ကင်းသောည…

မိုက်မှောင်ကင်းသောည…

…ခက်လှချေသည်။


…တပည့်မှားလျှင် ဆရာက ပြုပြင်သည်။ သားသမီး မှားလျှင် မိဘက ပြုပြင်သည်။ လူငယ်မှားလျှင်
လူကြီးက ပြုပြင်သည်။


…လူကြီးမှားသောအခါ မည်သူက ပြုပြင်မည်နည်း။ ထို့ထက် ရှင်ဘုရင်မှားလျှင် ပြုပြင်ရန် သာ၍ ခက်သည်။


…အမှားဆိုသည်မှာ မသိ၍ မှားခြင်းလည်းရှိသည်။ သိလျက်ဖြင့် မှားခြင်းလည်းရှိသည်။ သိလျက်ဖြင့်
မှားသောအမှားကို လူကြီးများသာ လုပ်တတ်ကြသည်။


…မသိသောအမှားကို ပြင်ဖို့ လွယ်သေးသည်။ သိလျက်ဖြင့် မှားသောအမှားကိုကား
ပြင်ဖို့ ခက်လှသည်။ ယခုမူ တိုင်းပြည့်သခင် ဘုရင်ကိုယ်တိုင် မှားနေ၍ ပို၍
ခက်လှချေသည်။ ရိုးရိုး မှားရုံမျှမဟုတ်၊ ဖခင်သူတော်ကောင်းကြီးကို
သတ်ပစ်သည်အထိ မိုက်မိုက်ကန်းကန်း မှားမိသည်။


…အမှားကို မှားမှန်းသိ၍ သတ်လိုသည်ကိုပင် ရဲရဲ မသတ်ဝံ့ခဲ့။ ပရိယာယ်ဆင်၍
သတ်သည်။ ထောင်သွင်း၍ အစာငတ် ထားသည်။ ခြေဖ၀ါးကို ဓားဖြင့်ခွဲ၍ မီးရဲရဲဖြင့်
ကင်စေသည်။


…ဤမျှဆိုလျှင် သူ့ကို သိလောက်ပေပြီ။ သူကား အဇာတသတ်တည်း….


…ဘုရင်ကိုယ်တိုင် မှားသောအခါ ဘယ်သူမှ မပြင်နိုင်။ မပြင်ဝံ့။ ပြင်မည့်သူ မှန်သမျှ တပ်လန်သွားကြရသည်။

ပညာရှိ မှူးကောင်းမတ်ကောင်း မှန်သမျှ နောက်သို့ ဆုတ်ကြရသည်။


…သို့ရာတွင် ဘယ်သူ၏ ပြုပြင်ဆုံးမမှုကိုမျှ မနာခံခဲ့သော်လည်း
မမျှော်လင့်သောနေရာမှ ဆုံးမနိုင်မည့်သူ ပေါ်ပေါက်လာသည်။ ထိုသည်ကား ရင်သွေး
ရင်နှစ်ကလေး ပေါက်ဖွားလာခြင်းပင် ဖြစ်သည်။


…အဇာတသတ်သည် မိမိရင်သွေးရင်နှစ် ပေါ်ပေါက်လာသည့်အခါတွင်မှ မိဖ၏မေတ္တာကို နားလည်လာသည်။ ကိုယ်ချင်းစာမိလာသည်။ သူကား လူပေါင်းမှား၍ ငါးပါးမှောက်ခဲ့ရသော်လည်း
ဗီဇညံ့သူကား မဟုတ်ပါပေ။


…ထိုအခါ အမှားကို ပြင်လိုသော်လည်း လက်လွန်ပြီတည်း။ အဇာတသတ်သည် အမှား၏ တုံ့ပြန်ချက်ကို
ထိုအချိန်မှစ၍ မရှုနိုင် မကယ်နိုင် ခံရချေပြီ။


…စားသမျှသည် အရသာမရှိ။ စက်တော်ခေါ်၍လည်း မှေးပျော်သည်မရှိ။ ပင့်သက် တမျှင်းမျှင်း
သက်ပြင်းတချချ နှင့်သာရှိရသည်။


…ဘယ်သူ့ကိုမျှလည်း မကြည့်ချင်၊ မမြင်ချင်။ ကြည့်လိုက်လျှင်လည်း မိုက်မှားစဉ်အခါက ၀ိုင်းရံလျက်ရှိခဲ့သော

ပပြားပင် အသိုက်အ၀န်းကိုသာ တွေ့ရမည်။ သို့ဖြစ်၍ မင်းရေးမင်းရာ ညီလာခံမခေါ်သည်မှာပင် ကြာပေပြီ။

…ဖခင် ကွယ်လွန်သွားပြီဖြစ်သော်လည်း ဖခင်သူတော်ကောင်းကြီး၏ မေတ္တာ
အခိုးအငွေ့များသည်ကား မကွယ် မပျောက်သေး။ စိတ်ထဲ နှလုံးထဲဝယ် တရိပ်ရိပ်
ပေါ်လွင်လျက် ရှိသည်။ ဖခင်ကို သတိရတိုင်းလည်း ဖခင် နိစ္စဘတ် ကိုးကွယ်သော
ဗုဒ္ဓကို သတိရသည်။

…မိမိ၏ မိုက်ရိုင်းစွာ ပြစ်မှား နှိပ်စက်မှု အမျိုးမျိုးကို
ဖခင်သူတော်ကောင်းကြီးသည် နှုတ်ဝစီကံမျှဖြင့်ပင် မတုံ့ပြန်ဘဲ သေသည်အထိ
သည်းခံသကဲ့သို့ပင် ဗုဒ္ဓသည်လည်း ဒေ၀ဒတ်၏ ပြစ်မှားနှိပ်စက်မှု အမျိုးမျိုးကို
မျက်နှာမျှ မညှိုးဘဲ သည်းခံတော်မူသည်ကို မြင်လာသည်။


…ထိုအခါ မရှိတော့ပြီဖြစ်သော ဖခင်ကို ကျော်၍ ဖခင်၏ ဆရာ ဗုဒ္ဓကို မြင်လာသည်။
ဗုဒ္ဓသို့ စိတ်နှလုံးကိုင်းညွှတ် လာသည်။ ဗုဒ္ဓသို့ ချဉ်းကပ်လိုလာသည်။ သူ့အမှု
သူ့အမှားကို စင်ကြယ်အောင် ဆေးကြောရန်အတွက် ဗုဒ္ဓမှ တပါး အားထားရာ
မရှိတော့သည်ကို သိမြင်လာသည်။

…ရာဇာဂြိုလ် တမြို့လုံးသည် တန်ဆောင်မုန်းလပြည့် နက္ခတ်သဘင်အတွက် ပြင်ကြဆင်ကြ

မြူးကြွလျက် ရှိသည်။ တန်ဆောင်မုန်းလ၏ ရာသီဥတုသည် ပူလည်း မပူလွန်း၊ အေးလည်း
မအေးလွန်းဘဲ လူတို့ စိတ်ကြိုက် အနေတော်ဖြစ်သည်။


…တမိုးတွင်းလုံးတွင်မူ ရွာသွန်းသော မိုးကြောင့် သစ်ပင်တောတောင်တို့မှာ
စိုပြေရုံသာ မဟုတ်၊ ယိမ်းငိုက်ကြ ရသည်။ လန်းဆတ် မြူးကြွခွင့်ပင်မရ။ မိုး၏
ဒဏ်ကို ကုန်း၍ ခံကြရသည်။ တော်သလင်း၊ သီတင်းကျွတ်တွင် နေရောင်ကလေး
မြင်ရသောအခါ သစ်ပင်ပန်းမလ်တို့ ဦးထောင် လန်းဆတ်ခွင့်ကလေး ရလာသည်။
တန်ဆောင်မုန်းလသည်ကား လောကတခုလုံး

ရွှင်ပြုံးသည့်အခါတည်း။

…ကောင်းကင်သည် မြူခိုးကင်းစင်၍ သာယာ၏။ မြစ်ချောင်း၊ အင်းအိုင်တို့လည်း ပြည့်လျှံရေကို
ပုတ်ချသက်လျော့စေ၍ ညီညာပြန့်ဖြူးစေသည်။ ကြာမျိုးစုံ၊ ပန်းမျိုးစုံတို့ကလည်း

ပွင့်၏။ ထိုသို့ တလောကလုံး မြူးကြွချိန်တွင် နက္ခတ်ပျော်ပွဲသဘင်ကို ဆင်ယင်
ကျင်းပကြမြဲဖြစ်သည်။

…ညဖက်တွင် မီးပွဲသဘင် ဆင်ယင်ရေးအတွက် မုခ်ဦး၊ မုခ်နန်းများ ဆောက်လုပ်ကြသည်။

ပုံစံအမျိုးမျိုးဖြင့် မီးပုံးများ ဆွဲချိတ်ကြသည်။ ပွဲလမ်းသဘင် အမျိုးမျိုးအတွက် ပြင်ဆင်ထားကြသည်။ ၀တ်ကောင်းစားလှများ ၀တ်ဆင်ထားကြသည်။
တန်ဆောင်တိုင် နက္ခတ်ပွဲသဘင်ကြီးကို ၀ှဲချီး ဆင်နွဲကြမည်။


…ဤကဲ့သို့ အဖက်ဖက်မှ သာယာချိန်တွင် စိတ်ကူးစိတ်သန်းများသည်လည်း ပွင့်လန်းလာတတ်သည်။
ဖခင်ကြီး ကွယ်လွန်ချိန်မှစ၍ စိတ်ဒုက္ခ အမှောင်ကျနေခဲ့ရသော အဇာတသတ်အဖို့

စိတ်ကူးအလင်းရောင်ကလေး တချက် ၀င်လာသည်။

…မင်းပရိယာယ် ဆိုသည်မှာ များပြားလှစွာ၏။ ပေါ်လာသော စိတ်ကူးအလင်းရောင်ကလေးကို
အသုံးချရေး အတွက် ပရိယာယ်တကွက် ဆင်ဖို့လိုသည်။ မိမိပရိယာယ်အတိုင်း
အကွက်ဝင်လာလျှင် အမှားမှ အမှန်သို့၊ အမှောင်မှ အလင်းသို့ ကူးပြောင်းခွင့်
ကြုံရပေမည်။

…ဟုတ်လှပေပြီ……. အချိန်ကြာမြင့်စွာကပင် မခေါ်ဘဲထားခဲ့သော ဘုရင့်ညီလာခံကို
ယနေ့ည ခေါ်စေဟု အမိန့်ပေးလိုက်သည်။ ညီလာခံသို့ မှူးမတ်စုံညီ
တက်ရောက်ရမည်ဟုလည်း ထပ်ဆင့်အမိန့်ထုတ်လိုက်သည်။


…မထုတ်၍ မဖြစ်ပေ။ ညီလာခံဆိုလျှင် ပပြားပင် အမတ်များသာ ရှေ့တန်းမှ ရောက်လာ၍
ဆရာဇီဝက စသော ဗုဒ္ဓဖက်တော်သားများသည် ရှောင်ဖယ်ဖယ် လုပ်နေတတ်ကြသည်။


…နက္ခတ်သဘင်ကြီး၏ အရှိန်ဖြင့် ယနေ့ည ဘုရင့်ညီလာခံသည် ခါတိုင်းထက် စည်ကား
မြိုင်ဆိုင်လှပေသည်။ ညီလာခံ မခေါ်ခဲ့သည်မှာ ကြာပြီဖြစ်၍လည်း ကြိုးစား၍
တက်ကြသည်။ အသစ်ဆုံး အလွင်ဆုံး အ၀တ်များဖြင့်လည်း တောက်ပလျက်ရှိသည်။

…ညီလာခံသည် အချင်းချင်း နှုတ်ဆက်သံ၊ ပြောဆိုသံများဖြင့် တလှုပ်လှုပ် တရွရွ
တကျွက်ကျွက် တစီစီ ရှိနေရာမှ ဘုရင်ထွက်ကြွလာသောအခါ မီးကို ရေနှင့်
သတ်လိုက်သကဲ့သို့ ငြိမ်၍သွားသည်။ မှူးကြီးမတ်ရာတို့ တောက်ပစွာ
ဝတ်စားလာကြသော်လည်း ဘုရင်မူကား သာမန်ဝတ်လဲတော်မျှဖြင့်ပင် ထွက်ကြွတော်မူ
လာသည်ကို တွေ့ကြရသည်။ မျက်နှာတော်မှာလည်း မသာယာလှပေ။



…ဘုရင်သည် ရာဇပုလ္လင်တွင် ထိုင်မိလျှင် ထိုင်မိချင်း ညီလာခံသို့
မျက်လုံးတချက် ဝေ့ခြုံ၍ ကြည့်လိုက်သည်။ ညီလာခံတွင် ခါတိုင်းကဲ့သို့ပင်
မာလောနွယ် အမတ်တို့သာ တက်ရောက်လာကြသလော။

…ဟုတ်ပြီ….ဆရာဇီဝကကို နောက်နားတနေရာတွင် တွေ့ရသည်။ တွေ့ရသောကြောင့်
ဘုရင့်မျက်နှာတော်တွင် ပြုံးကွက်လေးတကွက် ဖြစ်ပေါ်သွားသည်ကိုမူကား မှူးမတ်များ
သတိမထားမိလိုက်ကြ။


…အဇာတသတ်သည် ညီလာခံ စလျှင် စခြင်းပင် မိမိရည်မှန်းထားသော ဇာတ်ကွက်ကို စတင်လိုက်သည်။


“ မှူးကြီးမတ်ကြီးတို့…..ယခုအခါတွင် နက္ခတ်ပွဲသဘင်ကြီးကို အမှီပြု၍ တနိုင်ငံလုံး

ရွှင်မြူးလျက်ရှိကြသော်လည်း ငါကိုယ်တော်မြတ်မှာမူ ဖခမည်းတော်
ကွယ်လွန်သည့်အချိန်မှစ၍ ရွှေစိတ်တော် မရွှင်နိုင် မလန်းနိုင် ဖြစ်နေရသည်။
ယင်းသို့ ဖြစ်နေရသည်ကို အဘယ်ပညာရှိများသည် ပြေပျောက်အောင် ကြံဆောင်
ကုစွမ်းနိုင် ပါအံ့နည်း၊ လျှောက်ထားကြစမ်းပါ၊ မှူးကြီးမတ်ကြီးတို့…”


…ဘုရင်သည် အမိန့်ရှိရင်းဖြင့် ဆရာဇီဝကထံသို့သာ မျက်နှာတော် ကွက်ကနဲ ကွက်ကနဲ ရောက်သွားသည်။


…ဘုရင့်အမေးတော် ဆုံးသည်နှင့် တပြိုက်နက် အမတ်ကြီးတစ်ပါးက လက်နှစ်ဖက်ကို ရုတ်တရက်
မြှောက်ပြီး ဦးအောင် လျှောက်တင်လိုက်၏။


…“မှန်လှပါ…..ကျွန်တော်မျိုးတို့ဆရာ ပူရဏကဿပသည် အတိတ်၊ ပစ္စပ္ပန်၊ အနာဂတ်တည်းဟူသော

ဘ၀သုံးပါးလုံးကို သိမြင်သူ ဖြစ်ပါသည်။ ထိုဆရာသည် အရှင်၏ အပူကို ဖြေဖျောက်ခြင်းငှါ
စွမ်းနိုင်ပါလတ္တံ့ဘုရား…”


…ဘုရင့်မျက်နှာတော်သည် ပြောင်းလဲ၍ မသွားပေ။ မပြောင်းလဲရုံမဟုတ်။ အလိုမကျဟန်ဖြင့် ဦးခေါင်းကို
တဖက်သို့ အနည်းငယ်စောင်းသွားသည်ကိုပင် တွေ့ရသည်။


…ထိုအခါ အခြားအမတ်တယောက်က လျှောက်ထားပြန်သည်။


…“မှန်လှပါ…..ကျွန်တော်မျိုးတို့ဆရာ ကေသကမ္ဗလသည် လောကခြင်းရာ အားလုံးကို
အပိတ်အဖုံးမရှိ သိမြင်သူ ဖြစ်ပါသည်။ ထိုဆရာကို ချဉ်းကပ်တော်မူပါ
အရှင်ဘုရား…”


…ဘုရင့်ဦးခေါင်းသည် စောင်းငဲ့နေရာမှ အနည်းငယ်မျှပင် လှည့်၍ မလာပေ။ ယင်းသို့လျှင်

ဆရာနာဋပုတ္တ၏ အမတ်က၄င်း၊ ဆရာပကုဓကစ္စာယန၏ အမတ်က၄င်း မိမိတို့ဆရာများဖက်သို့
မဲဆွယ်စကားများ လျှောက်တင် ကြသည်။


…ဆရာတွေ ပေါများ လှချေသည်။ စိန်ကောင်း ကျောက်ကောင်းရောင်းရာတွင်
ဆေးရိုးသည်တွေက ကန့်လန့် ကန့်လန့် လုပ်လျက်ရှိချေသည်။ အချိန်သာကြာ၍
လိုရင်းသို့ မရောက်နိုင်ပေ။ သူရို့လျှောက်တင်ချက် တွေကိုသာ ကြားနာနေရလျှင်
ဆုံးနိုင်တော့မည် မဟုတ်ပေ။

…မိမိအကွက်ဆင်ထားသော ဆရာဇီဝကကမူ တုတ်တုတ်မျှ မလုပ်။ နေနိုင်အားပါပေသည်။

နေလည်း နေသင့်ပါ၏။ မိမိ၏ စော်ကား မှားယွင်းမှုက ရှိနေသည် မဟုတ်ပါလော။


…ဘုရင်သည် စိတ်မရှည်နိုင်တော့သည့်အဟန်ဖြင့်…

…“ဘယ့်နှယ့်တုံး ဆရာဇီဝက” ဟု အမည်တပ်၍ လှမ်းမိန့်လိုက်ရသည်။
…“သူများတကာတွေက မိမိတို့ ဆရာများ၏ အစွမ်းကို လျှောက်တင်ကြသည်မှာ နားမဆံ့မျှ ရှိချေပြီ။
သင့်မှာတော့ လျှောက်တင်ရန် မရှိပြီလော။ ကိုးကွယ်သည့်ဆရာ မရှိပြီလော…”

…မအောင့်နိုင်တော့၍ စကားဦး သန်းလိုက်ရသည်။


…ထိုအခါမှ ဆရာဇီဝကက ကိုယ်ဟန်ကိုပြင်၍ လက်အုပ်ချီလိုက်သည်။ ထိုလက်အုပ်မှာ

ဘုရင်သို့ ချီခြင်းမဟုတ်။ ဗုဒ္ဓ ရှိတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ ရည်မှန်း၍ ချီခြင်းဖြစ်သည်။


….ထို့နောက် အောက်ပါအတိုင်း လျှောက်တင်လေသည်။

…“မှန်လှပါ…..ကျွန်တော်မျိုး၏ ဆရာသည် သူတပါးတို့ ဆရာများကဲ့သို့ တော်စွလျော်စွ ဆရာမဟုတ်ပါ။

သီလ၊ သမာဓိ၊ ပညာဂုဏ်၌ တစုံတယောက်နှင့်မျှ တူတော် မမူသော အသဒိသအစစ် ဖြစ်ကြီးဖြစ်၍ အရှင့်
ခမည်းတော်ကိုယ်တိုင် ကိုးကွယ်သော ဆရာပါတည်း။ အရှင်မင်းမြတ် ဆည်းကပ် ကိုးကွယ်ပါလျှင်

ဖြစ်လတ်သော စိတ္တဇဝေဒနာသည် လျင်စွာ သက်သာရာ ရပါလိမ့်မည်ဘုရား…”


…ထိုစကားကိုပင် လိုချင်လှ၍ အကွက်ဆင်ခဲ့သော အဇာတသတ်၏ မျက်နှာတော်သည် နေထိကြာကဲ့သို့ လန်းပွင့်သွားသည်။ အမူအရာသည်လည်း လှုပ်ရှား မြူးကြွလာသည်။

…“ကောင်းပြီ ဆရာဇီဝက…..ငါ့အား ဘုရားရှင်ထံတော်သို့ ပို့ပါဘိ၊ ယခုပင် ဝေဠုဝန် ကျောင်းတော်သို့ သွားရောက်ကြကုန်အံ့၊ ဆင်မြင်းရထား ဗိုလ်ခြေများကို ခမ်းနားစွာ ယခုပင် စီစဉ်လေလော့…”

…ဘုရင်သည် အမိန့်တော် ချမှတ်ပြီးနောက် ညီလာခံကို ရုပ်သိမ်းလိုက်သည်။
…ထို့ကြောင့် ရာဇဂြိုလ်၏ တန်ဆောင်မုန်းလပြည့် နက္ခတ်ပွဲသဘင်ကြီးသည် ဗုဒ္ဓကျောင်းတော်သို့ ဘုရင်ကြွချီတော်မူသည့် အခမ်းအနားကြောင့် ပို၍ စည်ကားလာ၏။

…ဘုရားရှင်သည် အဇာတသတ် အမှူးရှိသော ပရိသတ်အား သာမညဖလသုတ္တန်ကို ဟောကြားတော်မူသည်။ ထိုဒေသနာတော်ကြောင့် ဗီဇမညံ့သော အဇာတသတ်အဖို့ မဂ်ဖိုလ်ကို ရဘွယ်ရှိသော်လည်း အဖကို သတ်မိသော
ကြီးမားသည့် ကံကြောင့် ရတနာသုံးပါးကို ယုံကြည်သည့် ဥပသကာ အဖြစ်ဖြင့်သာ တင်းတိမ်ရရှာသည်။

…ယင်းသို့လျှင် အဇာတသတ် ဘုရင်အား မိုက်မှောင် ပယ်ခွင်း၍ အလင်းသို့ ရောက်စေခဲ့သည့်နေ့သည်ကား တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သတည်း.........။


…(၁၉၆၇) ခုနှစ်ထုတ် ဘဘဦးကြီးမောင်၏ ဗုဒ္ဓစာပန်းချီ ဘာသာရေးစာစုမှ ကမ္ဘာသစ် သူငယ်ချင်းများအတွက် မျှဝေပေးပါသည်။


…သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၍ ကျန်းမာပျော်ရွှင်ကြပါစေ…


မေတ္တာဖြင့်…

အေးအေးမိုးမိကူး

(၅.၁၁.၂၀၁၀)