“ရှိတာ ဒုက္ခလား၊ မရှိတာ ဒုက္ခလား၊
အများက မရှိတာ ဒုက္ခတဲ့၊
ပညာရှင်တွေကတော့ ရှိတာ ဒုက္ခလို့ဆိုပါတယ်”၊၊
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မှာနေစဉ် ညတစ်ညတွင် နတ်သားတစ်ယောက် ရောက်လာပြီး၊ ဘုရား ရှင်ကို လူ့ဘ၀ လူတစ်ယောက်အတွက် နှစ်သက်ရခြင်း၏ အကြောင်း၊ ချမ်းသာရခြင်း၏ အကြောင်း များကို လျှောက်ထားလေသည်၊၊
မြတ်စွာဘုရား လောကမှာ “သားသ္မီးများများ ရှိသူဟာ သားသ္မီးကြောင့် နှစ်သက်ရပါတယ်၊ ချမ်းသာရ ပါတယ်၊၊ ကျွဲနွားများများ ရှိသူဟာလည်း ကျွဲနွားတို့ကြောင့် နှစ်သက်ရပါတယ်၊ ချမ်းသာရပါတယ်၊၊ လူသားတို့မှာ ချမ်းသာ၏တည်ရာ“ဥပဓိ”ဆိုတာ ရှိရပါတယ်၊“ဥပဓိ”မရှိတဲ့သူဟာ မနှစ်သက်ရ၊ မချမ်း သာပါဘူး”
ဒီနေရာမှာ “ဥပဓိ”ဆိုတဲ့ ပါဠိစကားလုံးလေးရဲ့ အနက်အဓိပ္ပါယ်က“တည်ရာ”လို့ အဓိပ္ပါယ်ရပါတယ်၊ ဘာရဲ့တည်ရာလဲဆိုတော့ ချမ်းသာရဲ့တည်ရာပါ၊၊ ချမ်းသာခြင်းဟာ ဘယ်မှာတည်တာလဲဆိုတော့ သားသ္မီးများမှာ တည်ပါတယ်၊၊ ကျွဲနွားများမှာလည်း တည်ပါတယ်၊ ရတနာရွှေငွေ ပစ္စည်းများမှာလည်း တည်ပါတယ်၊၊
ရှေးခေတ်က စက်မှုမထွန်းကားသေးတော့ လယ်ယာလုပ်ကိုင်ကြတဲ့နေရာနဲ့၊ တစ်မြို့ကနေ တစ်မြို့ကို ခရီးသွားတဲ့အခါမှာ ကျွဲနွားနဲ့ ကထားတဲ့ လှည်းစသည်တွေနဲ့ သွားကြရပါတယ်၊၊ ဒါကြောင့် ကျွဲနွားများများ ရှိသူဟာ လယ်ယာလုပ်ကိုင်စားလို့ရတဲ့အတွက် ချမ်းသာရတယ်၊ လှည်းစတဲ့ယဉ်အ ဖြစ် သုံးလို့ရတဲ့အတွက်လည်း ချမ်းသာရတယ်ပေါ့၊၊ ဒီနေ့ခေတ်မှာတော့ စက်မှုထွန်းကားလာ တော့ ကားကောင်းကောင်း ရှိတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းတခုလို့ ဆိုရမှာပါ၊၊
နတ်သားတစ်ယောက်က မြတ်စွာဘုရားကို လျှောက်ထားတဲ့ သူရဲ့အမြင်အရ ချမ်းသာခြင်းရဲ့အကြောင်း များဖြစ်ပါတယ်၊၊ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင်လည်း ဒီနတ်သားလျှောက်တာလေးဟာ အမှန်ပါ ပဲ၊၊ သားသ္မီးမရှိတဲ့ မိသားစုဆိုတာ ခြောက်ခြောက် ကပ်ကပ်နဲ့ တကယ်ကိုပျင်းစရာ ကောင်းပါတယ်၊ ပျော်စရာ မရှိဘူးပေါ့၊၊ ကားလေးမှ မရှိပြန်ရင်လည်း ဘယ်မှသွားမဖြစ်နဲ့ ပျော်စရာနည်းပါး ပါတယ်၊၊ ရ တနာ ရွှေငွေစတဲ့ ပစ္စည်းဥစ္စာမရှိတဲ့သူများသည်လည်း မချမ်းသာကြရပါဘူး၊၊
နတ်သားပြောတဲ့ ချမ်းသာခြင်းရဲ့ အကြောင်းများကို အနှစ်ချုပ်ကြည့်ရင် လောကမှာ ဥပဓိရှိသူများသည် ချမ်းသာကြရတယ်၊၊ ဥပဓိမရှိသူဟာ မချမ်းသာသူလို့ ကောက်ချက်ချနိုင်ပါတယ်၊၊ ဥပဓိဆိုတာ--ချမ်းသာခြင်းအားလုံးရဲ့ တည်ရာဖြစ်တဲ့ သားသ္မီး၊ ကားစတဲ့ အသုံးပြုစရာ ယဉ်နှင့်၊ ရတနာ ရွှေငွေ တို့ကိုခေါ်ပါတယ်၊၊ ထပ်ပြီး အသေးစိတ်ကြည့်ရ ရင်--သားသ္မီးကြောင့် မိဘတွေချမ်းသာ ကြရတယ်၊ ကား ကောင်းကောင်းရှိလို့ ကားပိုင်ရှင်တွေ ချမ်းသာ ကြရတယ်၊ ရတနာ ရွှေငွေပေါတဲ့ သူဌေးတွေ ချမ်းသာကြရတယ်လို့ ဆိုလိုတာပါ၊၊
နတ်သားက မြတ်စွာဘုရားကို Theory တစ်ခုကို တင်ပြ ဆွေးနွေးနေတာ ဖြစ်ပါတယ်၊၊ နတ်သား ဆွေးနွေးတင်ပြနေစဉ်မှာ မြတ်စွာဘုရားက တစ်စုံတစ်ရာ မထောက်ခံသလို ငြင်းပယ်ခြင်းလည်း မပြုပါဘူး၊၊ အလေးအနက် နတ်သားရဲ့ တင်ပြချက်ကို သုံးသပ်နေခဲ့ပါတယ်၊၊ နတ်သား ဆွေးနွေး တင်ပြအပြီးမှာတော့ မြတ်စွာဘုရားရှင်က ဤကဲ့သို့ တဖန်ပြန်ပြီး ဆွေးနွေးတော်မူပါတယ်၊၊
နတ်သား လောကမှာ“သားသ္မီးများများရှိသူဟာ သားသ္မီးကြောင့် ပူပန်ရတယ်၊ ဆင်းရဲရတယ်၊၊ ကျွဲနွား များများ ရှိသူဟာလည်း ကျွဲနွားကြောင့် ပူပန်ရတယ်၊ ဆင်းရဲရတယ်၊၊ လူသားတို့မှာ ဆင်းရဲခြင်းရဲ့ တည် ရာ“ဥပဓိ”ဆိုတာရှိတယ်၊၊ အဲဒီ“ဥပဓိ”ရှိနေသူဟာ ပူပန်ရတယ်၊ ဆင်းရဲ ရတယ်၊၊”
အယူအဆနှစ်ခုက လုံးဝဆန့်ကျင်နေတာကို တွေ့ရမှာဖြစ်ပါတယ်၊၊ နတ်သား ယူဆတာက သားသ္မီးနှင့် ကျွဲနွား(ကား)၊ ရွှေငွေရတနာဥစ္စာရှိမှ လောကမှာ ချမ်းသာသူဖြစ်ပြီး၊ ဘုရားရှင် ယူဆတာက သားသ္မီး နှင့်ကျွဲနွား (ကား)၊ ဥစ္စာမရှိသူသာ လောကမှာ ချမ်းသာသူလို့ ဖြစ်နေပါတယ်၊၊
လက်ရှိနေ့စဉ်ဘ၀မှာ တကယ်ဖြစ်နေတာနဲ့ ယှဉ်ကြည့်ရင် ဘယ်အယူအဆက မှန်တယ်ဆိုတာကို သိရမှာ ဖြစ်ပါတယ်၊၊ သားသ္မီးကြောင့် ဖြစ်ပေါ်တတ်တဲ့ ချမ်းသာမှုနဲ့ သားသ္မီးကြောင့် ဖြစ်ပေါ်တတ်တဲ့ ဆင်းရဲမှု ဘယ်ဟာပိုများလဲဆိုတာကို မိဘဖြစ်သူများအားလုံး သိကြမှာပါ၊၊ မြန်မာစကားမှာတော့ သားယောကျာင်္းရှိတဲ့ မိဘများအတွက် “ငယ်စဉ်က သား၊ ကြီးသော် ကျား”လို့ ဆိုထားတာက သတိပေးနေပါတယ်၊၊ သ္မီးမိန်းကလေးရှိတဲ့ မိဘများအတွက်တော့ “ငယ်က သ္မီး၊ ကြီးတော့ မီး”လို့ ဆို ထား ပြန်ပါတယ်၊၊ ယနေ့ခေတ်မှာပေါ်နေတဲ့ စကားတစ်ခုကလည်း သားသ္မီးနှင့် ပတ်သက်တဲ့ မိဘတွေရဲ့ ခံစားမှုကို ထင်ဟပ်ဖော်ပြနေပါသေးတယ်၊ “သားသ္မီး ရတနာ မဟုက်ဘူး၊ သားသ္မီးရတာ နာ”ပါတဲ့၊(ရတာ- နာ)၊၊
ရှေးခေတ်က ပေါ်ခဲ့တဲ့ သားသ္မီးနဲ့ ဆက်စပ်တဲ့ မိဘများခံစားချက် ဆိုရိုးစကားများရော၊ ယနေ့ခေတ်မှာ ပေါ်နေတဲ့ ဆိုရိုးစကားများကိုရော ကောက်ချက်ချကြည့်ရင် သားသ္မီးကြောင့် မိဘများစိတ်ချမ်းသာရ သည်ထက် စိတ်ဆင်းရဲကြရသည်က ပိုများကြောင်း တွေ့နိုင်ပါတယ်၊၊ တကယ်ကြ မိဘများဟာ သားတစ်ယောက် သ္မီးတစ်ယောက် လူလောကထဲရောက်လာဖို့အတွက် အသက်နဲ့ရင်းခဲ့ကြတာပါ၊၊ မိဘများရဲ့ တခြားကျေးဇူးတွေကတော့ ပြောနေရင်-“ရွှေဖလားပေါ် ငွေအနားကွတ် ”ဆိုသလိုဖြစ်နေ မှာပါ၊၊ မိဘများကျေးဇူးကို အပြည့်စုံပြောနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး၊၊ ဒါကြောင့်လည်း မိဘကျေးဇူးကို မြင်းမိုရ်တောင်နဲ့ တင်စားတာတို့၊ မဟာပထ၀ီမြေကြီးနဲ့ တင်စားတာတို့ကို စာပေများမှာတွေ့ရပါတယ်၊၊ ဤမျှကျေးဇူးရှိခဲ့တဲ့ မိဘများသည် သားသ္မီးကြောင့် သူတို့ဘ၀အရွယ်ရင့်မှာ ထပ်ပြီး စိတ်ဆင်းရဲကြရ အုံးမယ်ဆိုရင် အရပ်စကားတစ်ခုလိုပဲ “မတန်ဘူး” လို့ပြောရမလိုပါပဲ၊၊ ဒီလိုသားသ္မီးမျိုးများ ရှိထားတဲ့ မိဘများဟာ ဒုက္ခအသီး သီးတတ်တဲ့ သစ်ပင်ကို စိုက်ထားမိသလို ဖြစ်နေမလားပါ၊၊
ကျွဲနွားကြောင့် မည်မျှစိတ်ဆင်းရဲ ရတယ်ဆိုတာကိုတော့ မြို့ကြီးသားတို့ သိကြမှာမဟုက်ပါဘူး၊ ကျေး တောအရပ်က လယ်သမား ယာသမားကြီးတွေတော့ သိကြပါတယ်၊၊ ကျွဲနွားနေရာမှာ အစားဝင် လာတဲ့ ကားကြောင့် ဒုက္ခဖြစ်ကြရတာကိုတော့ ကားရှိသူတိုင်း အသိပါ၊၊ ကားရှိလို့ သွားချင်ရာ အလွယ်တကူ သွားလာနိုင် အဆင်ပြေပေမဲ့ ဒီကားကြောင့်ပဲ အချုတ်ရောက်ရ ဂတ်ရောက်ရ၊ အဆင်မသင့်ရင် ထောင်ထဲအထိ စံကြရတဲ့ ဒုက္ခအကြီးစားများကို ကားပိုင်ရှင်တို့ လက်တွေ့သိ နေကြပါတယ်၊၊
ရတနာ ရွှေငွေကြောင့် ပိုင်ရှင်များ ချမ်းသာရသည်ထက် စိတ်ဆင်းရဲရပုံများကတော့ ပတ်ဝန်းကျင်မှာ မကြားချင် မမြင်ချင်မှ အဆုံးပါပဲ၊၊ တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းရှိလေ ဒုက္ခများလေပါပဲ၊၊ စိန်ထည်ပစ္စည်း များကို တစိမ်းလက်ထဲအပ်မိလို့ စိတ်ဆင်းရဲရရုံမက အသက်ကိုပါ ရန်ရှာခံရတာကို အရှင် အင်တာနက် သတင်းများမှာ ဖတ်လိုက်ရပါတယ်၊၊ ဒါတွေဟာ အများထင်နေကြတဲ့ “ပစ္စည်းဥစ္စာကြောင့် ဘ၀ ချမ်းသာတယ်”ဆိုတဲ့ အယူအဆကို မမှန်ကန်ကြောင်း သက်သေပြချက်တွေ ဖြစ်နေပါတယ်၊၊
အနှစ်ချုပ်ကြည့်ရရင် ဘ၀တစ်ခုမှာ ချမ်းသာတယ်ဆိုတာ သားသ္မီးကြောင့် မဟုက်သလို၊ ပစ္စည်းဥစ္စာ ရတနာကြောင့်လည်း မဟုက်ဘူးဆိုတဲ့ အဖြေကိုရပါတယ်၊၊ ဒီလိုသာဆိုရင် သားသ္မီးဆိုတာ မိဘအ တွက် ဒုက္ခသက်သက်လားလို့ မေးရမလိုဖြစ်နေပါတယ်၊ အဲလိုလည်း မဟုက်ပါဘူး၊၊ သိင်္ဂါလသုတ်မှာ မြတ်စွာဘုရားရှင်က မိဘတာဝန်ငါးမျိုးနှင့် သားသ္မီးများ တာဝန်ငါးမျိုးဆိုတာကို သင်ပြပေးထားပါ တယ်၊၊
သားသ္မီးများသည် မိမိတို့ရဲ့ မိဘအပေါ်မှာ ကျေရမဲ့တာဝန်ငါးမျိုးကို ကျေအောင်ကြိုးစား ကြမယ်ဆိုရင် မိဘများအမှန်တကယ် စိတ်ချမ်းသာကြရမှာပါ၊၊
သားသ္မီးများရဲ့ တာဝန်ငါးမျိုးကို လေ့လာကြည့်ရ အောင်ပါ---
(၁) ကျွေးမွေးစောင့်ရှောက်ရခြင်း (ဘတော နေ ဘရိဿာမိ)
(၂) ၀တ်ကြီး၊ ၀တ်ငယ်ပြုပေးရခြင်း ( ကိစ္စံ နေသံ ကရိဿာမိ)
(၃) အမျိုးကို စောင့်စည်းရခြင်း (ကုလ၀ံသံ ဌပေဿာမိ)
(၄) အမွေခံထိုက်တဲ့ သားသ္မီးဖြစ်အောင် နေတတ်ရခြင်း ( ဒါယဇ္ဇံ ပဋိပဇ္ဇာမိ)
(၅) မိဘများ ကွယ်လွန်ပြီးသောအခါ ကုသိုလ်ပြု၍ အမျှပေးဝေရခြင်း (ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမိ)
အထက်မှာ တင်ပြထားတဲ့ သားသ္မီးတာဝန်ငါးမျိုးကို ရှေးခေတ်ပညာရှင်များက မြန်မာကဗျာလေး ဖွဲ့သီထားတာကို မြန်မာကလေးတိုင်းပင် အလွတ်ရနေကြပါတယ်---
ကျွေးမွေး မပြက်၊
ဆောင်ရွက် စီမံ၊
မွေခံထိုက်စေ၊
လှုမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ၊၊
သားသ္မီးတာဝန်ငါးမျိုးကိုသာ သားသ္မီးတိုင်း ကျေအောင်ကြိုးစားကြမယ်ဆိုရင် အပေါ်မှာတုန်းက တင်ပြထားခဲ့ စာဆိုများကို ဤကဲ့သို့ ပြောင်းလွဲရမှာ ဖြစ်ပါတယ်--
သားယောကျာင်္းလေးရှိတဲ့ မိဘများအတွက် “ငယ်က သား၊ ကြီးတော့ အား”လို့ ဂုဏ်ယူနိုင်ပြီး၊ သ္မီးမိန်းကလေး ရှိကြတဲ့ မိဘများအတွက်တော့ “ငယ်က သ္မီး၊ ကြီးတော့ ထီး”လို့ အားကိုးကြရမှာ ဖြစ်ပါတယ်၊၊
သားသ္မီးများ အနေဖြင့် မိမိတိုရဲ့ တကယ့်လက်ဦးကျေးဇူးရှင် မိဘများကို မိမိကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေဘဲ၊ မိမိကို အကြောင်းပြုပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေနိုင်ကြမယ်ဆိုရင် တကယ်ကို မင်္ဂလာရှိတဲ့ သားသ္မီးအလိမ္မာများ ဖြစ်လာမှာ အသေအခြာပါ၊၊ တကယ်ကြ သားသ္မီးဖြစ်ကြတဲ့ မိမိကိုယ်တိုင်လည်း တနေ့မှာ မိဘနေရာရောက်လာမှာကို သတိပြုကြရမှာ ဖြစ်ပါတယ်၊၊ မိမိကို မိမိမွေးဖွားသန့်စင်မည့် သားသ္မီးက ဒုက္ခပေးမှာကို သားသ္မီး မမွေးဖွားသေးတဲ့ အပျို လူပျိုများပင် သဘောကြနိုင်ကြမယ် မဟုက်ပါဘူး၊၊
အရှင့်ရဲ့ စာဖတ်ညီကို မောင်နှစ်မများအားလုံး မိဘကို အားဖြစ်စေတဲ့ သားရတနာများ၊ မိဘကို အရိပ်မိုးပေးတဲ့ သ္မီးအလိမ္မာ ရတနာလေးများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ တိုက်တွန်း၊ ဆုတောင်းရင်း “သားသ္မီးကြောင့်…”ဆိုတဲ့ စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊
အရှင်ကေ၀လ(အလင်း စက်)
(၁၇.၉.၂၀၁၀)
(မှတ်ချက်/ နန္ဒတိသုတ်၊ သံ၊၊ သိင်္ဂါလသုတ်၊ ပါထိက၀င်္ဂ ပါဠိ၊ ဒီ၊၊ တို့ကို ကိုးကား၍ ဤစာတမ်းကို ရေး သားပါသည်၊၊)
ဦးဇဋိ (၂)
1 year ago