ကြုံရမဲ့သင့်ကြမ္မာ
ဘဝနေနည်း သုတရှာမှီးသူဟာ ကြားမြင်သုတနှင့်ပြည့်စုံသူတစ်ယောက်ရှိတဲ့နေရာကို ကြီးစွာလုံ့လပြုပြီး အရောက်သွားရမယ်။ (ဝေဏှုဒါသ)
ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန်း တစ်ပါးရှိဖူးတယ်။ ပကတိသဘောအရ ဓုတင်အကျင့်တွေကိုကျင့်၊ ဝိနည်းလေးစားပြီး သီလရှိတယ်။ တစ်နေ့မှာ အခြားရွာက မထေရ်တစ်ပါး ကြွလာတယ်။ နောက်ကြွ မထေရ်ကို ကျောင်းဒကာက ဆွမ်းကျွေး လှိုက်လှဲပျူငါပြု တဲ့အခါ ဒီရဟန်း စဉ်းစားတယ် 'အယံ ကုဋုမ္ဗိကော ပရိဘိန္နော၊ သစာယံ ဘိက္ခု ဣမသ္မိံ ဝိဟာရေ ဝသိဿသတိ၊ န မံ ဧသ ကိသ္မိဉ္စိ ဂဏယိဿတိ = ငါ့ဒကာ တော့ သူ့ဖက်ကို ပါနေပြီ။ ဒီကိုယ်တော် ဒီကျောင်းမှာ ဆက်နေ ရင်တော့ ဒီဒကာ ငါ့ကို ထည့်တောင်တွက်မှာ မဟုတ်တော့ဘူး'လို့ စဉ်းစားပြီး နောက်ရောက်ကိုယ်တော်နှင့် သူ့ဒကာ ရင်းနှီးမသွားအောင် အဆက်ဖြတ်ထားတယ်။ ဧည့်ကိုယ်တော် မကြာခင် ထွက်သွားအောင် လုပ်ဖို့လဲ အကွက်ချောင်းနေတယ်။ ညနေမှာ ကျောင်းကို ဒကာ ရောက်လာပြီး အရုဏ် ဆွမ်းစားပင့်တယ်။ ဧည့်သည့်ကိုယ်တော်ကို မေးတဲ့အခါ 'ဒီဘုန်းကြီးက အစောကြီး ကျိန်းတယ်။ သူက လူနဲ့သိပ် စကား မပြောဘူး။ အခန်းထဲမှာ ဘာလုပ်နေတယ် မသိပါဘူး'လို့ မနှစ်မြို့တဲ့ဟန်နဲ့ ကွယ်ရာမှာ သူ့ဒကာကိုပြောပြီး
တွေ့ခွင့်မရအောင် လုပ်ထားလိုက်တယ်။ နောက်နေ့နံနက် ကျောင်းဒကာအိမ်ကို အရုဏ်ဆွမ်းစားသွားတဲ့အခါ ဌာနေ ရဟန်းဟာ နောက်ရောက်မထေရ်ကို မနှိုးဘဲ တိတ်တိတ်ကလေး အိပ်ရာက ထသွားတယ်။ 'ဧည့်သည် ကိုယ်တော်ကော ဘုရား'လို့ ဒကာက မေးတဲ့အခါ 'ကိုယ့်ဒကာမိသားစုမို့ ပွင့်ပွင့်လင်းလင်း ပြောရအုံးမယ်၊ ဒီကိုယ်တော် မနေ့က ခင်ဗျာ့အိမ်မှာ အစားကောင်းတွေ စားလာလို့ အိပ်နေလိုက်တာ သိုးနေတာပဲ။ ဒီမနက် နှိုးတောင်မရဘူး၊ ဒါနဲ့ ထားပစ်ခဲ့ရတယ်' လို့ ပြန်ပြောတယ်။ ဒါပေမဲ့ --နောက်ရောက် ဧည့်သည်မထေရ်ဟာ သာမန်မဟုတ်ဘူး။ တကယ့် ဓုတင်ဆောင်ရဟန္တာကြီး။ သို့တစေ အဲဒီအညတရ ရဟန်းက ခန့်မှန်း မြော်မြင်နိုင်တဲ့ ပညာမရှိတော့ ဧည့်သည် မထေရ်ရဲ့ အရည်အချင်းကို မသိရှာဘူး။ ဓုတင်ဆောင်ပုဂ္ဂိုလ်ကိုပင် မသိရကောင်းလားလို့ မေးစရာရှိတယ်။ ဘယ်သိပါ့မလဲ။ တကယ့် ဓုတင်ဆောင်ပုဂ္ဂိုလ်ဟာ မိမိရဲ့အကျင့်ကို သူတစ်ပါး မသိအောင်နေတာကိုး။ အဲဒီလိုနေတာကို စာလို ဓုတင်္ဂအပ္ပိစ္ဆာလို့ ခေါ်တယ်။ ဒီဝေါဟာရကို နားလည်အောင် ပြောရရင် အကျင့်မြတ်ကိုမကြွားဝါခြင်းလို့ ဆိုနိုင်အံ့ ထင်ပါရဲ့။
ဓုတင်္ဂအပ္ပိစ္ဆာကို သရုပ်ဖော်တဲ့ ကျမ်းဂန်လာဖြစ်ရပ်
တွေက အတုယူစရာ ကောင်းလှပါတယ်။ သုသာန် ဓုတင်ဆောင် မဟာကုမာရ မထေရ်ဟာ အနှစ် ၆ဝ သုသာန်မှာ ဓုတင်ဆောက်တည်ခဲ့ပေမဲ့ ဘယ်သူမှ မသိခဲ့ဘူးတဲ့။ 'သုသာန်မှာ နှစ် ၆ဝ ကြာ၊ မပြတ်မလပ် နေထိုင်ခဲ့တဲ့ငါ၊ ငါမှတစ်ပါး မည်သူမျှမသိ၊ သြ မြင့်မြတ်တဲ့ ဓုတင်ဆောင် မထေရ်မြတ်ကြီး ဖြစ်ပါ၏' လို့ ကျမ်းဂန်မှာ စာတင် ခံရတဲ့ ပုဂ္ဂိုလ်ထူးကြီးဖြစ်ပါတယ်။ သီဟိုဠ်ကျွန်းက စေတိယတောင်မှာ ညီအစ်ကို ရဟန်း
နှစ်ပါး သီတင်းသုံးကြသတဲ့။ တစ်နေ့ ညီငယ်ဖြစ်သူက ဒါယကာ တစ်ယောက်လာလှူတဲ့ ကြံပိုင်းလေးကို ယူလာရင်း နောင်တော်မထေရ်ကို သုံးဆောင်ပါအုံးဘုရားလို့ လျှောက်တယ်။ 'နေပစေတော့'လို့ နောင်တော်က ငြင်းတယ်။ အဲဒီအချိန်မှာ နောင်တော်မထေရ်ဟာ ဆွမ်းဘုဉ်းပေးပြီးလို့ ခံတွင်းသုတ်သင်နေတဲ့ အချိန်။ ဒီတော့ ညီတော်က 'နောင်တော် ဧကာသနိက် (တစ်ထိုင်တည်းနှင့် အပြီးစားတဲ့) ဓုတင်ကို ဆောက်တည်နေပါသလားလို့ မေးတယ်။ နောင်တော်က ခဏစဉ်းစားရင်း 'အင်း ကြံပိုင်းကို စား
ကြည့်သေးတာပေါ့၊ ယူခဲ့လေ'လို့ ညီတော်ပြောတဲ့ ဓုတင်ကို မိမိဆောက်တည်နေကြောင်း ညီတော်ကို မသိစေချင်တာနဲ့ အနှစ်ငါးဆယ် ဆောက်တည်ထားတဲ့ ဓုတင်အကျင့်ကို ဖျက်ပြီး စကားလွှဲပြောလိုက်တယ် (အံ-ဋ္ဌ ၁၊ ၅၉)။
သူတော်ကောင်း အစစ်ဟာ မိမိဓုတင်ကျင့်နေတာကို လူတွေ၊ အထူးသဖြင့် မိမိကိုကြည်ညိုနေတဲ့လူတွေ သိ
အောင် လုပ်ပြလေ့မရှိပါဘူး။ အကျင့်မြတ်ဆိုတာ မိမိ အတွက်ပဲ မဟုတ်လား။ မိမိကို အထင်ကြီးအောင် သူ
တစ်ပါးကို အထင်သေးအောင် ရည်ရွယ်ချက်နှင့် ဓုတင် ကျင့်ပြတာမျိုးက အကျင့်စစ်မှမဟုတ်ဘဲ။ ကျမ်းဂန်မှာ အဲဒီလိုလုပ်တာကို မာယာ(လှည့်ပတ်တာ) သာဌေယျ (ကောက်ကျစ်တာ)လို့ ခေါ်တယ်။ လူရှေ့မှာ ငြိမ်ဆိတ်ဆိတ် မျက်စိကိုမှိတ် ဘုရားလိုနေပြပြီး စိတ်ထဲက ဣဿာ(မနာလို) မစ္ဆရိယ(ဝန်တို) လွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ဒီပုဂ္ဂိုလ်မျိုးဟာ 'မုဠှေသု လဘတေ လာဘံ = လူပြိန်းတွေနဲ့ ပေါင်းရင် ဘုန်းကြီး လာဘ်ရွှင်တယ်' ဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူတွေဖြစ်တယ်။ သီဟိုဠ်ခေတ်က သေသောက်ကြူး (အရက်သမား) တစ်ယောက်ဟာ မထေရ်တစ်ပါးနှင့်တွေ့ပြီး ဘုန်းကြီးဝတ်တယ်။ မထေရ်နောက်ကလိုက်ရင်း ရွာတစ်ရွာရောက်တော့ ဒကာလင်မယားနှစ်ယောက် ဆောက်လုပ်ထားတဲ့ သင်္ခမ်း ကျောင်းငယ်မှာ သီတင်းသုံးနေရစ်တယ်။ ပရိယတ္တိ(ဗုဒ္ဓ ဟောကြားတဲ့ ကျမ်းဂန်စာပေ)ကို ကောင်းစွာ မသင်ကြားခဲ့
ရရှာတဲ့ ဒီတောထွက် (ဝုဍ္ဎပဗ္ဗဇိတ = အရွယ်လွန်မှ ဘုန်ကြီး ဝတ်လာသူ) ကိုယ်တော်ဟာ သဒ္ဓါတရား အားကောင်းပြီး အသိပညာနည်းတဲ့ ဒကာလင်မယား အထင်ကြီးအောင် နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ ဒကာလင်မယားခမျာ တောထွက်ကို ကြည်ညိုပြီး အမှားဆုံးမတာကို ခံယူမိတဲ့အတွက် မင်းပြစ် မင်းဒဏ်လဲသင့် သေလွန်တဲ့အခါလဲ ငရဲသို့ရောက်ရတယ်(သီဟဠဝတ္ထုပကရဏ၊ ဓုလီပါပဝတ္ထု)။ ပညာမဲ့
ဘုန်းကြီးရဲ့ မာယာ သာဌေယျကြောင့် ကိုးကွယ်သူတို့ ဒုက္ခရောက်ရပုံကို စပ်မိလို့ပြောပြလိုက်တာပါ။
ဤဖြစ်ရပ်ပါ ကျောင်းဒကာက လူဆင် (ဒါဆိုဒါပဲ၊ ဟိုဟာကို မလိုဘူးဆိုတဲ့လူ) တော့ မဟုတ်ဘူး။ အမြော်အမြင်ရှိတယ်။ မိမိကိုယ်တော်ကိုလဲ ကောင်းကောင်း ဆွမ်းပြုစုတယ်။ အဲဒီနောက် ဆွမ်းဟင်းလျာတွေကို ကောင်းစွာ ပြင်ဆင်ပြီး 'ဦးဇင်းဘုရား၊ ဧည့်ကိုယ်တော်က ခရီးပန်းလာလို့
မနိုးတာဖြစ်ပါလိမ့်မယ်။ ဒီဆွမ်းဟင်းတွေကို ထည့်ယူသွားပြီး ကျွေးပါဘုရား'လို့ ဆရာကိုယ်တော်ကို လျှောက်တယ်။ကိုယ်တော်ကလဲ ပေါ်တင်ကြီးတော့ မငြင်းပါဘူး။ သပိတ် ထဲထည့်ပြီး ဧည့်သည်အတွက် ဆွမ်းဟင်းတွေကို သယ်ယူခဲ့တယ်။ ပြဿနာက ဒီကစပြီး ပိုကြီးကျယ်သွားခဲ့တာပဲ။ သယ်ယူလာရင်းနဲ့ အညတရရဟန်း စဉ်းစားလိုက်ပုံ 'သစေ သော ဘိက္ခု ဣမံ ပါယာသံ ပိဝိဿတိ၊ ဂီဝါယံ ဂဟေတွာ နိက္ကဍ္ဎိယမာနောပိ န ဂမိဿတိ = ဒီရဟန်းကြီး ဒီလို အစားကောင်းကောင်းကို စားမိပြီးရင် ဒီကျောင်းက
ကန်ထုတ်တောင်ထွက်မှာ မဟုတ်တော့ဘူး' တဲ့။ ဒါနဲ့ လူသူ မသိအောင် လက်စဖျောက်တဲ့အနေနှင့် မီးလောင်မြေတစ်နေရာမှာ ကျင်းတူးပြီး သပိတ်ထဲက ဆွမ်းတွေအားလုံး မြေမြှုပ်ပစ်ခဲ့တယ်။ ကျောင်းကိုရောက်တော့ ဧည့်သည် ရဟန်းကို မတွေ့ရတော့ဘူး။ ဒီတော့မှ စောစောက ဣဿာ မစ္ဆရိယစိတ် မွှန်နေတာတွေ ပျောက်သွားပြီး ငါလုပ်ခဲ့တာကို သူသိလို့ထွက်သွားတာ၊ ရဟန္တာဖြစ်မှာပဲလို့ မိမိ လုပ်ခဲ့တာအပေါ် ရင်ထုမနာဖြစ်တယ်။ 'သြ ငါဟာ တကယ့်ပညာရှင် ရဟန္တာပုဂ္ဂိုလ်နှင့် အတူတူနေခဲ့ရပေမဲ့ မိမိမပိုင်တဲ့ ကျောင်းစုတ်ကို ရဟန္တာအရှင်မြတ်က မိမိထံကလုယူမှာကို ကြောက်လို့ ရဟန္တာကို ပြစ်မှားမိပြီ'။
အမြော်အမြင်ရှိသူဟာ ပညာရှိပုဂ္ဂိုလ်တစ်ယောက်နှင့် တစ်ခဏလောက် တွေ့လိုက်ရရင် အသိပညာရယူဖို့ အဆင်သင့် ဖြစ်သွားတယ်။ ဟင်းအရသာကို လျှာက သိသလိုပဲ(နီတိကျမ်း)။ ရဟန္တာကို ပြစ်မှားမိတဲ့ ဒီအညတရရဟန်းငယ်ဟာ ကွယ်လွန်တဲ့အခါ ငရဲရောက်ရတဲ့အပြင် ဘဝပေါင်းများစွာ ဆင်းရဲမပြည့်စုံတဲ့ ဘဝမှာဖြစ်ရတယ်။ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အခါ ကောသလ တိုင်းက တံငါရွာတစ်ခုမှာ မွေးဖွားလာတယ်။ ကံခေတဲ့ ကလေး။ ဒီကလေးရဲ့ အကုသိုလ်ကြောင့် ဒီကျေးရွာ မီးလောင် ရေလွှမ်းတယ်။ မိခင်ဒုက္ခရောက်တယ်။ ဒါနဲ့မွေးပြီးတဲ့အခါ မိခင်က လက်ထဲခွက်တစ်ခု ထည့်ပေးခဲ့ပြီး စွန့်ပစ်တယ်။ ထူးခြားချက်က ဒီသူငယ်က ဒီဘဝမှာ ရဟန္တာဖြစ်မဲ့ ကုသိုလ်ထူးရှိနေတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက မည်
သည့်နည်းနှင့်မျှ ရဟန္တာမဖြစ်ဘဲ အသက်မသေနိုင်ဘူးလို့ ကျမ်းဂန်မှာဆိုတယ်။ အသက် ခုနစ်နှစ်အရွယ်မှာ ကျီးကန်း ငှက်လို အမှိုက်ပုံထဲက အစားအစာကို ရှာစားနေခိုက် အရှင်သာရိပုတ္တရာနှင့်တွေ့တယ်။
အရှင်မြတ်က 'ဟေ့ ကောင်လေး၊ လာစမ်းပါအုံး' ဆိုတော့ ရောက်လာပြီး အရှင်မြတ်ကို ရှိခိုးပြီးထိုင်နေတဲ့အခါ
အရှင်မြတ်က ဇာတိရပ်ရွာ မိဘတွေကို မေးတယ်။ ဒီကောင်လေးက ဖြစ်ရပ်စုံပြောတဲ့အခါ အရှင်မြတ်က သနားကရုဏာဖြစ်ပြီး 'ဒါဖြင့် မင်း ကိုရင် လုပ်မလား'လို့ မေးတယ်။ 'တပည့်တော်လိုကောင်ကို ဘယ်သူက သင်္ကန်း စည်းပေးမှာလဲဘုရား' ဆိုတော့ အရှင်မြတ်ကြီးက 'ငါစည်း ပေးမှာပေါ့' လို့ ဆိုတယ်။ ဒါနဲ့ ကျောင်းကို ခေါ်သွားပြီး ဆံပင်ရိတ်၊ ရေချိုးပေးပြီး သင်္ကန်းစည်းပေးထားလိုက်တယ်။ အသက်နှစ်ဆယ် ပြည့်တဲ့အခါ ရဟန်းပြုပြီး လောသက တိဿမထေရ်ဖြစ်လာတယ်။ ဆွမ်းခံလို့ မရဘူး။ လာဘ်လာဘ အလွန်နည်းပါးတယ်။ တစ်ချိန်မှာ ဝိပဿနာတရား ပွားများရင်း ရဟန္တာဖြစ်သွားတယ်။ ထူးခြားတာက ရဟန္တာဖြစ်ပေမဲ့ ဆွမ်းခံလို့မရဘူး။ နေ့တိုင်း ဆွမ်းဝအောင်မစားရတာရယ်၊ ကောင်းကောင်း မစားရတာရယ်ကြောင့် ပရိနိဗ္ဗာန်ပြုမဲ့နေ့ကို ရောက်လာတယ်။ ဘဝဆုံးမဲ့နေ့မှာ အရှင်သာရိပုတ္တရာဟာ အရှင်လောသကတိဿ နှင့်အတူ ဆွမ်းခံဝင်တယ်။ ဒီနေ့မှာအရှင်သာရိပုတ္တရာလဲ သာဝတ္ထိမြို့သားတွေရဲ့ လက်အုပ်ချီ
ကန်တော့တာတောင် မခံရဘူးတဲ့။ ဒါနဲ့ အရှင်သာရိပုတ္တရာက လောသကကို ကျောင်းပြန်ခိုင်းပြီး တစ်ပါး
တည်းဆွမ်းခံထွက်တယ်။ အရှင်သာရိပုတ္တရာက မိမိကိုလှူလို့ ကျန်တဲ့ဆွမ်းဟင်းတွေကို အရှင်လောသကထံ သွားပြီး လှူခိုင်းတယ်။ အရှင်လောသကထံ ဆွမ်းဟင်း ယူလာသူတွေ လမ်းမှာတင်မေ့ပြီး ကိုယ်ဟာကိုယ် စားမိလိုက်လို့ အရှင်လောသကဆီ မရောက်ဘူး။ အရှင်သာရိပုတ္တရာက ကျောင်းကို ပြန်ရောက်တော့
အရှင်လောသကကို ဆွမ်းဘုဉ်းပေးပြီးပြီလားလို့ မေးတော့ နောက်တော့ ဘုဉ်းပေးရမှာပေါ့ဘုရား လို့ဆိုတယ်။ ဆွမ်းမဘုဉ်းပေးရသေးမှန်း သိသဖြင့် အရှင်သာရိပုတ္တရာဟာ ကောသလနန်းတော်သွားပြီး စတုမဓု အလှူခံပြီး သပိတ်ကို ကိုင်ကျွေးမှသာ ဝအောင်စားနိုင်တယ်။ ဒီနေ့မှာပဲ အရှင်လောသက ပရိနိဗ္ဗာန်စံတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် သင်္ဂြိုဟ်ဈာပနပြုပေးပြီး ဓာတ်တော်များကို စေတီတည်ထားပါသတဲ့ (ဇာ-ဋ္ဌ ၁၊ ၂၅၅)။
Ashin Kelasa
1651 E Manhatton Dr
Tempe, AZ 85282, USA